အခန်း ၃၃၃
Vol. 34 Ch. 333
အခန်း ၃၃၃။ နယ်စား ကိုယ့်ကိုကိုယ် ဖောက်ခွဲခြင်း နှင့် များပြားသော အကျိုးအမြတ်
အမည်းရောင် လှံတံ ဒါဇင်ပေါင်းများစွာ က လေဟာနယ် ဝဲကတော့ ထဲသို့ ဝင်ရောက်သွားသောအခါ ထူထဲသော ရေခဲနံရံ အတွင်းမှ ရေခဲမိစ္ဆာ နယ်စား ၏ နာကျင်စွာ အော်ဟစ်သံများ ချက်ချင်း ထွက်ပေါ်လာလေသည်။
ထို့နောက် ရေခဲနံရံ မှာ ချက်ချင်း ပျောက်ကွယ်သွားပြီး ရေခဲမိစ္ဆာ နယ်စား ၏ ဝမ်းဗိုက် တွင် ငရဲမီးလျှံ များ လောင်ကျွမ်းနေသည်ကို တွေ့လိုက်ရကာ တောမီး တစ်ခုအလား အခြား အစိတ်အပိုင်းများသို့ လျင်မြန်စွာ ကူးစက်သွားလေသည်။
"သေနာကောင်"
ရေခဲမိစ္ဆာ နယ်စား မျက်နှာ အလွန် ပျက်သွားပြီး တစ်ကိုယ်လုံးမှ အအေးလှိုင်းများ ထွက်ပေါ်လာကာ ဝမ်းဗိုက်ပေါ်ရှိ မီးတောက်များ အများစုကို ချက်ချင်း ဖယ်ရှားလိုက်သော်လည်း အရိုးထဲထိ စွဲကပ်နေသော မီးတောက် အနည်းငယ် ကတော့ ကိုယ်ပေါ်တွင် ဆက်လက် ကပ်နေဆဲ ဖြစ်လေသည်။
"ရေခဲမိစ္ဆာ နယ်စား... အလကား အားထုတ်မနေပါနဲ့တော့... မင်းရဲ့ ကံကြမ္မာ က အဆုံးအဖြတ် ပေးပြီးသား ဖြစ်သွားပါပြီ" မုန်လဲ့ က အေးဆေးစွာ ပြုံးလိုက်ပြီး ကောင်းကင်ယံ အပြည့် ရှိနေသော အမည်းရောင် လှံတံ များကို ပြိုင်တူ ပစ်ခတ်လိုက်လေသည်။
"ခွပ်... ခွပ်... ခွပ်..."
ဤတစ်ကြိမ်တွင်တော့ ရေခဲမိစ္ဆာ နယ်စား သည် မကာကွယ်နိုင်တော့ဘဲ အမည်းရောင် လှံတံ များက သူ့ ကိုယ်ပေါ်သို့ ထိမှန်သွားကာ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များ အဖြစ် ပြောင်းလဲပြီး ရူးသွပ်စွာ လောင်ကျွမ်းလာလေသည်။
"ဝုန်း..."
ရေခဲမိစ္ဆာ နယ်စား မှာ ချက်ချင်း မီးတောက် လူသား တစ်ယောက် အဖြစ် ပြောင်းလဲသွားပြီး ကိုယ်တွင်းရှိ မိစ္ဆာ အရှိန်အဝါ များကို ရူးသွပ်စွာ အသုံးပြုကာ ငရဲမီးလျှံ များကို ဖယ်ရှားရန် ကြိုးစားသော်လည်း... အလကားပင် ဖြစ်လေသည်။
အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် ပိုမို ပြင်းထန်လာသော မီးတောက်များက သူ့ကို လုံးဝ လွှမ်းခြုံသွားလေသည်။
ရေခဲမိစ္ဆာ နယ်စား က နာကျင်စွာ အော်ဟစ်နေပြီး ငရဲ မှ တစ္ဆေ တစ်ကောင် ငိုကြွေးနေသကဲ့သို့ ဖြစ်နေသဖြင့် ကြားရသော မိစ္ဆာ များ အားလုံး တစ်ကိုယ်လုံး ကြက်သီးများ ထလာပြီး အလွန် ကြောက်လန့်သွားကြလေသည်။
"နယ်စားကြီး... ရှုံးသွားပြီလား"
သန်းဆယ်ချီ သော ရေခဲမိစ္ဆာ နယ်မြေစောင့်တပ် များ မှာ တစ်ကိုယ်လုံး တုန်ရီနေပြီး သူတို့ မျက်စိရှေ့ရှိ မြင်ကွင်းကို လုံးဝ မယုံနိုင်အောင် ဖြစ်နေကြလေသည်။
သူတို့ မျက်လုံးထဲတွင် အမြဲတမ်း အနိုင်ရနေပြီး ရေခဲမိစ္ဆာ နယ်မြေ ၏ အစွမ်းအထက်ဆုံး နယ်စားကြီး... ရှုံးသွားပြီ တဲ့လား။
"နယ်စားကြီး က သူ့ လက်ထဲမှာ ရှုံးသွားတယ် တဲ့လား... တကယ်ကို မယုံနိုင်စရာပဲ"
တိုက်ပွဲကို စောင့်ကြည့်နေသော မိစ္ဆာ နတ်ဘုရား များ နှင့် မဟာ မိစ္ဆာနတ်ဘုရား များ ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေပြီး အလွန် အံ့အားသင့်နေကြလေသည်။
ရေခဲမိစ္ဆာ နယ်စား က နယ်စား နေရာ မှာ နှစ်ပေါင်း ၄ သောင်း ကျော် နေလာခဲ့ပြီး အဲဒီ အချိန် အတွင်းမှာ စိန်ခေါ်မှု ပေါင်းများစွာ ကို ရင်ဆိုင်ခဲ့ရပေမယ့် အမြဲတမ်း အနိုင်ရခဲ့တာလေ... ဒါပေမဲ့ ဒီနေ့တော့... နောက်ဆုံးမှာ ရှုံးသွားပြီ။
"ရေခဲမိစ္ဆာ နယ်မြေ ရဲ့ ကောင်းကင်... ပြောင်းလဲသွားပြီ... အခု ကစပြီး ရေခဲမိစ္ဆာ နယ်မြေ တစ်ခုလုံး က သူ့ရဲ့ နေရာ ဖြစ်သွားတော့မယ်"
"အား..."
ရေခဲမိစ္ဆာ နယ်စား ၏ အော်ဟစ်သံများ က ဆက်လက် ထွက်ပေါ်နေဆဲ ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ငရဲမီးလျှံ များ က ဆက်လက် လောင်ကျွမ်းနေကာ သူ၏ မိစ္ဆာ ခန္ဓာကိုယ် ကို နည်းနည်းချင်းစီ ပြာအဖြစ် လောင်ကျွမ်းသွားစေလေသည်။
ထိုနာကျင်မှုများမှာ ပြောပြ၍ပင် မရနိုင်လောက်အောင် ဖြစ်ပြီး အလယ်အလတ် မဟာ မိစ္ဆာနတ်ဘုရား တစ်ပါး ဖြစ်သော ရေခဲမိစ္ဆာ နယ်စား ပင်လျှင် ခံနိုင်ရည် မရှိတော့ပေ။
"မုန်လဲ့... ဂုဏ်ယူပါတယ်"
ဒိုဒိုလာ က ပြုံးကာ ပြောလိုက်သည်။ "အခု ကစပြီး... မင်း က ရေခဲမိစ္ဆာ နယ်မြေ ရဲ့ နယ်စား အသစ် ဖြစ်သွားပြီ"
"ထပ်တူ ပါပဲ"
မုန်လဲ့ က ပြုံးလိုက်ပြီး ပတ်ဝန်းကျင်ရှိ မိစ္ဆာ နတ်ဘုရား များ၊ မဟာ မိစ္ဆာနတ်ဘုရား များ၊ ရေခဲမိစ္ဆာ နယ်မြေစောင့်တပ် များကို တစ်ချက် ကြည့်လိုက်လေသည်။ ယခုအခါ အောင်ပွဲ ၏ အသီးအပွင့် များကို ခံစားရမည့် အချိန် ရောက်လာပြီ ဖြစ်လေသည်။
"အသက်ရှင်ခွင့်... အသက်ရှင်ခွင့် ပေးပါ"
ရေခဲမိစ္ဆာ နယ်စား က နောက်ဆုံးတွင် မခံနိုင်တော့ဘဲ အသံပြာကြီးဖြင့် အသက်ရှင်ခွင့် တောင်းလာလေသည်။ "ငါ့ကို... အသက်ရှင်ခွင့် ပေးပါ... ငါ... ငါ မင်းကို အညံ့ခံပါ့မယ်..."
"အညံ့ခံမယ် ဟုတ်လား"
မုန်လဲ့ က ခေါင်းခါလိုက်ပြီး "နောက်ကျသွားပြီ" ဟု ပြောလိုက်သည်။
"သေနာကောင်"
ရေခဲမိစ္ဆာ နယ်စား ၏ ရင်ထဲတွင် အမုန်းတရားများ ပြည့်နှက်သွားလေသည်။ သူက အလယ်အလတ် မဟာ မိစ္ဆာနတ်ဘုရား ကြီး တစ်ပါး ဖြစ်ပြီး တကယ် အညံ့ခံဖို့ တောင်းပန်နေတာတောင် မုန်လဲ့ က ငြင်းပယ်လိုက်တယ် တဲ့လား... ဒါက တကယ်ကို လွန်လွန်းနေပြီ။
"ငါ့ကို အသက်ရှင်ခွင့် မပေးရင်... မင်းလည်း ကောင်းကောင်း နေရမှာ မဟုတ်ဘူး... ငါနဲ့ အတူတူ သေလိုက်စမ်း... သေနာကောင်"
ရေခဲမိစ္ဆာ နယ်စား က ရူးသွပ်စွာ ဟိန်းဟောက်လိုက်ပြီး ဧရာမ မိစ္ဆာ ခန္ဓာကိုယ် ကြီး က ရုတ်တရက် လေထိုးထားသော ပူဖောင်း တစ်လုံးအလား ကြီးထွားလာကာ ရူးသွပ်စွာ ကြီးထွားလာလေသည်။
"မကောင်းတော့ဘူး... သူ ကိုယ့်ကိုကိုယ် ဖောက်ခွဲတော့မယ်"
တိုက်ပွဲကို စောင့်ကြည့်နေသော မဟာ မိစ္ဆာနတ်ဘုရား ၁၀ ပါး ကျော် လည်း ထိုမြင်ကွင်းကို မြင်သောအခါ မျက်နှာ အလွန် ပျက်သွားပြီး နောက်သို့ လှည့်ကာ ချက်ချင်း ထွက်ပြေးကြလေသည်။
သန်းဆယ်ချီ သော ရေခဲမိစ္ဆာ နယ်မြေစောင့်တပ် များနှင့် တိုက်ပွဲကို စောင့်ကြည့်နေသော မိစ္ဆာ နတ်ဘုရား များ လည်း အလွန် ကြောက်လန့်သွားကြပြီး ခြေထောက် နှစ်ချောင်းလောက် ထပ်မပါလာတာကိုပဲ နောင်တရနေကြကာ အဝေးသို့ အလျင်အမြန် ထွက်ပြေးကြလေသည်။
သို့သော် သူတို့ က နောက်ကျသွားပြီ ဖြစ်လေသည်။ 'ဘုန်း' ဆိုသော အသံကြီး တစ်ခု နှင့်အတူ ရေခဲမိစ္ဆာ နယ်စား ၏ ခန္ဓာကိုယ် ကြီး ပေါက်ကွဲထွက်သွားပြီး ဟိုက်ဒရိုဂျင် ဗုံး သန်း ၁၀၀ လောက် ပြိုင်တူ ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားလေသည်။
"ဝုန်း..."
လေဟာနယ် မှာ ချက်ချင်း ကွဲအက်သွားပြီး ဧရာမ အမည်းရောင် အပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာကာ အမည်းရောင် အပေါက်ကြီး မှာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ကျယ်ပြန့်လာပြီး ကီလိုမီတာ တစ်သန်း ပတ်လည် ကို လျင်မြန်စွာ လွှမ်းခြုံသွားလေသည်။
အောက်ရှိ ရေခဲမိစ္ဆာ မြို့တော် လည်း ကံဆိုးသွားပြီ ဖြစ်လေသည်။
အမည်းရောင် အပေါက်ကြီး က အဆောက်အအုံ များကို မျိုချသွားသည်၊ မိစ္ဆာ များကို မျိုချသွားသည်၊ လမ်းများကို မျိုချသွားသည်၊ သစ်တော များကို မျိုချသွားသည်... မျိုချနိုင်သော အရာ အားလုံးကို မျိုချသွားလေသည်။
ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီး မှာ အသံများ ပျောက်ကွယ်သွားသည်၊ အရောင်အသွေး များ ပျောက်ကွယ်သွားသည်၊ အသက်ဝင် လှုပ်ရှားမှု များ ပျောက်ကွယ်သွားသည်၊ အသက်စွမ်းအင် များ ပျောက်ကွယ်သွားသည်... မျက်စိရှေ့တွင် အဆက်မပြတ် ကျယ်ပြန့်နေသော အမည်းရောင် အပေါက်ကြီး တစ်ခုတည်းကိုသာ တွေ့မြင်ရလေသည်။
အချိန်မည်မျှ ကြာသွားသည် မသိ၊ ကျယ်ပြန့်နေသော အမည်းရောင် အပေါက်ကြီး မှာ နောက်ဆုံးတွင် ရပ်တန့်သွားပြီး မိနစ် အနည်းငယ် အကြာတွင် အမည်းရောင် အပေါက်ကြီး လုံးဝ ပျောက်ကွယ်သွားကာ ကောင်းကင်ယံ မှာ ပြန်လည် ရှင်းလင်းသွားလေသည်။
သို့သော် အသက်ရှင် ကျန်ရစ်သော မဟာ မိစ္ဆာနတ်ဘုရား များ က မျက်စိရှေ့ရှိ မြင်ကွင်းကို မြင်သောအခါ အားလုံး အံ့အားသင့်သွားကြလေသည်။
အဆုံးအစမရှိ ကျယ်ပြောလှသော ရေခဲမိစ္ဆာ မြို့တော် ၏ အလယ်ဗဟိုတွင် ကီလိုမီတာ သန်းပေါင်းများစွာ ကျယ်ဝန်းသော ဧရာမ တွင်းကြီး တစ်ခု ဖြစ်ပေါ်နေပြီး တွင်းကြီး မှာ ဥက္ကာခဲ ဝင်တိုက်ထားသော တွင်းကြီးအလား ဖြစ်နေကာ သက်ရှိ တစ်ကောင်မှ မရှိ၊ အသက်ရှင်နေသော အရာ တစ်ခုမှ မရှိဘဲ မီးလောင်ကျွမ်းထားသော မြေကြီးများနှင့် မှန်များအလား ဖြစ်နေသော ကျောက်တုံး များကိုသာ တွေ့မြင်ရလေသည်။
အရင်က ကောင်းကင်ယံတွင် ရှိနေခဲ့သော သန်းဆယ်ချီ သော ရေခဲမိစ္ဆာ နယ်မြေစောင့်တပ် များနှင့် မိစ္ဆာ နတ်ဘုရား အများအပြား၊ ထို့အပြင် မြေကြီးပေါ်ရှိ မိစ္ဆာ မရေမတွက်နိုင်အောင် လည်း အားလုံး ပျောက်ကွယ်သွားကြလေသည်။
"ဘယ်... ဘယ်လို ဖြစ်ပြီး ဒီလို ဖြစ်သွားရတာလဲ"
မဟာ မိစ္ဆာနတ်ဘုရား တစ်ပါး မျက်လုံးများ ပြူးကျယ်သွားလေသည်။ ရေခဲမိစ္ဆာ နယ်မြေစောင့်တပ် တွေ အကုန် သေသွားပြီ၊ ရေခဲမိစ္ဆာ မြို့တော် ရဲ့ အလယ်ဗဟို လည်း တွင်းကြီး တစ်ခု ဖြစ်သွားပြီ... ခုနက မိစ္ဆာ ဘယ်နှစ်ကောင် သေသွားလဲ။
မိစ္ဆာ ဘယ်နှစ်ကောင် သေသွားလဲ ဆိုတာကိုတော့ မုန်လဲ့ လည်း မသိပေ။ သူ အခု အလွန် မကျေမနပ် ဖြစ်နေပြီး အရမ်းကို မကျေမနပ် ဖြစ်နေလေသည်။ ရေခဲမိစ္ဆာ နယ်စား က ကိုယ်တိုင် ဖောက်ခွဲသွားတာ ဆိုတော့ သူ ကိုယ်တိုင် သတ်လိုက်တာ မဟုတ်ဘူးလေ... အဲဒါကြောင့် သူ ရမယ့် ပိုက်ဆံ တွေ... ပျောက်သွားပြီ။
ဒါက ဘယ်လို သောက်ကျိုးနည်း လဲ။
"အဆင့်မြင့် နတ်ဘုရား အလယ်အလတ် အဆင့် ရှိတဲ့ အလယ်အလတ် မဟာ မိစ္ဆာနတ်ဘုရား ကြီး တစ်ပါး လေ... ငါ ပိုက်ဆံ ဘယ်လောက်တောင် ဆုံးရှုံးသွားလဲ"
မုန်လဲ့ က သူ၏ ရင်ထဲတွင် သွေးထွက်နေသကဲ့သို့ ခံစားနေရပြီး နောက်ထပ် စိုးရိမ်စရာ တစ်ခုလည်း ရှိနေသေးလေသည်။ ခုနက ပေါက်ကွဲမှု က နယ်စား အိမ်တော် ကိုပါ လွှမ်းခြုံသွားတာ ဆိုတော့... နယ်စား အိမ်တော် ရဲ့ ရတနာတိုက် ရော အဆင်ပြေပါ့မလား။
မုန်လဲ့ က ကီလိုမီတာ သန်းပေါင်းများစွာ ကျယ်ဝန်းသော ဧရာမ တွင်းကြီး ကို ကြည့်ရင်း ရင်ထဲ အလွန် လေးလံသွားလေသည်။ နယ်စား အိမ်တော် တောင် ပေါက်ကွဲသွားပြီ ဆိုတော့... ရတနာတိုက် အသက်ရှင် ကျန်ရစ်ဖို့ ရာခိုင်နှုန်း က...
"ဒိုဒိုလာ... ခုနက မင်း ဘာလို့ သူ ဖောက်ခွဲတာကို မတားလိုက်တာလဲ" မုန်လဲ့ က အနည်းငယ် အပြစ်တင်လိုက်လေသည်။
"တားရမယ် ဟုတ်လား... မင်း စွမ်းနိုင်ရင် သွားတားလေ"
ဒိုဒိုလာ က ဒေါသတကြီး ပြောလိုက်သည်။ "အလယ်အလတ် မဟာ မိစ္ဆာနတ်ဘုရား တစ်ပါး က ကိုယ်တိုင် ဖောက်ခွဲတာကို... ဘယ်သူက တားနိုင်မှာလဲ... ငါ့မှာ အဲဒီလောက် စွမ်းရည် မရှိဘူး... ငါ့ အသက် လေး လွတ်လာတာကိုပဲ ကျေးဇူးတင်နေပြီ"
မုန်လဲ့ နှုတ်ခမ်းမဲ့လိုက်ပြီး ဧရာမ တွင်းကြီး ၏ အလယ်ဗဟိုသို့ ချက်ချင်း နေရာရွှေ့ပြောင်းသွားလေသည်။ တွင်းကြီး ထဲတွင် ဘာမှ မရှိတော့ဘဲ နယ်စား အိမ်တော် ကို မပြောနှင့်... ပုရွက်ဆိတ် တစ်ကောင်တောင် မရှိတော့ပေ။
ရတနာတိုက် လည်း သေချာပေါက် ပျက်စီးသွားပြီ ထင်တယ်။
"ဒိုဒိုလာ... နယ်စား အိမ်တော် ရဲ့ ရတနာတိုက် ကို မြန်မြန် ရှာပေးပါဦး" မုန်လဲ့ က အလျင်အမြန် တောင်းဆိုလိုက်လေသည်။
ယခုအခါ သူ မျှော်လင့်နိုင်သည်မှာ ရတနာတိုက် က အခြား လောက တစ်ဝက် တွင် ရှိနေပြီး နယ်စား အိမ်တော် တွင် မရှိနေရန်သာ ဖြစ်လေသည်။ အဲဒီလိုမှ မဟုတ်ရင်တော့... တကယ်ကို အချည်းနှီး ဖြစ်သွားပြီ။
"ကောင်းပြီလေ"
ဒိုဒိုလာ က သဘောတူလိုက်ပြီး နတ်ဘုရားဝိညာဉ် စွမ်းအား များကို ဖြန့်ကြက်ကာ ရှာဖွေနေလေသည်။ မုန်လဲ့ လည်း ရှာဖွေနေလေသည်။
ဒါပေမဲ့ နှမြောစရာ ကောင်းတာက… ဒီဘက်မှာ မရှိဘူး…..ဟိုဘက်မှာ လည်း မရှိဘူး….အရှေ့ဘက်မှာ လည်း မရှိဘူး…..အနောက်ဘက်မှာ လည်း မရှိဘူး
"ဟင်... အဲဒါ က ဘာလဲ"
ဒိုဒိုလာ ရုတ်တရက် အံ့ဩတကြီး ပြောလိုက်ပြီး မြေကြီး ထဲမှ အဖြူရောင် သလင်းကျောက် တစ်ခု ကို လက်ဖြင့် လှမ်းဆွဲယူလိုက်ရာ ၎င်းအတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ များကို ခံစားနေရလေသည်။
"ဒီအရှိန်အဝါ က..."
ဒိုဒိုလာ က ချက်ချင်း ပြုံးလိုက်ပြီး "မုန်လဲ့... ငါ ရေခဲမိစ္ဆာ နယ်စား ရဲ့ မိစ္ဆာအမြုတေ ကို ရှာတွေ့သွားပြီ" ဟု ပြောလိုက်သည်။
"မိစ္ဆာအမြုတေ လား"
မုန်လဲ့ တစ်ကိုယ်လုံး တုန်ရီသွားပြီး မိစ္ဆာအမြုတေ ကို အလျင်အမြန် ယူကာ စစ်ဆေးကြည့်လိုက်ရာ ၎င်းအတွင်းမှ ရေခဲမိစ္ဆာ နယ်စား ၏ နတ်ဘုရားဝိညာဉ် အရှိန်အဝါ ကို တကယ်ပင် ခံစားလိုက်ရသဖြင့် အလွန် ဝမ်းသာသွားလေသည်။ ရေခဲမိစ္ဆာ နယ်စား မသေသေးဘူးပဲ။
"ကိုယ်တိုင် ဖောက်ခွဲလိုက်လို့ ပျက်စီးမှု တွေ အများကြီး ဖြစ်သွားပေမယ့်... မိစ္ဆာအမြုတေ ဆိုတာ က မိစ္ဆာ စွမ်းအား၊ နတ်ဘုရားဝိညာဉ်၊ နိယာမ အရင်းအမြစ် တွေ စုစည်းထားတဲ့ အရာ ဆိုတော့ အရမ်း ခိုင်မာတယ်... ကိုယ်တိုင် ဖောက်ခွဲတာနဲ့ မပျက်စီးနိုင်ဘူး"
ဒိုဒိုလာ က ပြုံးကာ ရှင်းပြလိုက်သည်။
မုန်လဲ့ က အဆက်မပြတ် ခေါင်းညိတ်လိုက်ပြီး နတ်ဘုရားဝိညာဉ် စွမ်းအား များကို ထုတ်လွှတ်ကာ မိစ္ဆာအမြုတေ အတွင်းသို့ ထိုးဖောက် ဝင်ရောက်ပြီး စစ်ဆေးကြည့်လိုက်ရာ မိစ္ဆာအမြုတေ က လုံးဝ အထိအခိုက် မရှိသဖြင့် ရေခဲမိစ္ဆာ နယ်စား ၏ နတ်ဘုရားဝိညာဉ် မှာလည်း ဘာမှ မဖြစ်နိုင်ဘဲ အလွန်ဆုံး အိပ်ပျော်သွားရုံသာ ရှိမည် ဖြစ်လေသည်။
မုန်လဲ့ စစ်ဆေးလိုက်သည်နှင့် အမျှ ရေခဲမိစ္ဆာ နယ်စား ၏ နတ်ဘုရားဝိညာဉ် မှာ တဖြည်းဖြည်း နိုးထလာပြီး ကြောက်မက်ဖွယ်ကောင်းသော အမုန်းတရားများနှင့် ရူးသွပ်သော ဟိန်းဟောက်သံများ ချက်ချင်း ထွက်ပေါ်လာလေသည်။
"သေနာကောင်... မင်းက ငါ့ကို ကိုယ်တိုင် ဖောက်ခွဲတဲ့ အထိ ဖြစ်အောင် လုပ်တယ်၊ ငါ့ရဲ့ မိစ္ဆာ ခန္ဓာကိုယ် ကို ဖျက်ဆီးတယ်... ငရဲ ကို ရောက်သွားရင်တောင် မင်းကို ငါ အလွတ်မပေးဘူး"
"ဟီးဟီး... မသေသေးရင် ကောင်းတာပေါ့"
မုန်လဲ့ နှုတ်ခမ်းကို သပ်လိုက်ပြီး နတ်ဘုရားဝိညာဉ် စွမ်းအား များကို ရူးသွပ်စွာ ထုတ်လွှတ်ကာ ရေခဲမိစ္ဆာ နယ်စား ၏ နတ်ဘုရားဝိညာဉ် ကို အဆက်မပြတ် တိုက်ခိုက်ပြီး လုံးဝ သတ်ဖြတ်ရန် ကြိုးစားနေလေသည်။
နတ်ဘုရားများ၊ မိစ္ဆာများ အတွက် နတ်ဘုရားဝိညာဉ် ကသာ အဓိက ဖြစ်ပြီး နတ်ဘုရားဝိညာဉ် မသေသေးသရွေ့ သေဆုံးသည်ဟု မသတ်မှတ်နိုင်ဘဲ ဝိညာဉ် လုံးဝ ပျောက်ကွယ်သွားမှသာ တကယ့် သေဆုံးခြင်း ဖြစ်လေသည်။
ထို့ကြောင့် မုန်လဲ့ က ရေခဲမိစ္ဆာ နယ်စား ကို နောက်တစ်ကြိမ် ထပ်သတ်ရမည် ဖြစ်လေသည်။
"အား... အား... အား..."
ရေခဲမိစ္ဆာ နယ်စား က နာကျင်စွာ အော်ဟစ်နေသော်လည်း မိစ္ဆာ ခန္ဓာကိုယ် မရှိတော့သဖြင့် သူ၏ နတ်ဘုရားဝိညာဉ် မှာ အမြစ်မရှိသော ရေ တစ်ခုအလား ဖြစ်နေကာ မုန်လဲ့၏ တိုက်ခိုက်မှုကို လုံးဝ မခံနိုင်ဘဲ တဖြည်းဖြည်း ပြိုကွဲလာလေသည်။
နောက်ဆုံးတွင်တော့...
"အသိပေးချက်... ရေခဲမိစ္ဆာ နတ်ဘုရား ၁ ကောင် သတ်ဖြတ်ခြင်း အောင်မြင်ပါသည်... နတ်ဘုရား သလင်းကျောက် ၆၂ သန်း ရရှိပါသည်"
"ဟားဟား... ပေးဆပ်ရင် အကျိုးအမြတ် ပြန်ရမှာပဲ... ဒီလိုဆိုတော့ တကယ် နေလို့ကောင်းသွားပြီ”