အခန်း ၃၄၇
Vol. 35 Ch. 347
အခန်း ၃၄၇။ ဧရာမတိုက်တန်
နောက်ဆုံးတွင် မုန်လဲ့က ခေါင်းသုံးလုံးဘုရင်မကို လက်အောက်ငယ်သားအဖြစ် သိမ်းသွင်းလိုက်ပြီး ကျဆင်းနေသောဧကရာဇ်ကိုတော့ အပြီးတိုင် သတ်ပစ်လိုက်လေသည်။ ဤလောကတွင် မုန်လဲ့၏မျက်နှာကို ကန်ပြီးနောက် အသက်ရှင်ခွင့်ရမည့်သူဟူ၍ မရှိပေ။
"ဒီကောင်က တော်တော်ချမ်းသာတာပဲ..."
မုန်လဲ့က ကျဆင်းနေသောဧကရာဇ်၏ လေဟာနယ်လက်စွပ်ကို စစ်ဆေးကြည့်ရှုလိုက်ရာ အတွင်းရှိ ရတနာများအပေါ် အလွန်ကျေနပ်သွားလေသည်။ စစ်ဆေးမှုပြီးဆုံးသွားသောအခါ မုန်လဲ့က ခေါင်းသုံးလုံးဘုရင်မဆီသို့ လှည့်ကြည့်လိုက်သည်။
"မင်းရဲ့ လေဟာနယ်လက်စွပ်ကို ငါ့ဆီပေးစမ်း..."
"ဟုတ်ကဲ့ပါ သခင်..."
ခေါင်းသုံးလုံးဘုရင်မမှာ အလွန်နှမြောတသဖြစ်နေသော်လည်း သူမ၏ လေဟာနယ်လက်စွပ်ကို လိမ္မာကျိုးနွံစွာ ဆက်သလိုက်ရလေသည်။ မုန်လဲ့က လက်စွပ်အတွင်းရှိ ပစ္စည်းများကို စိတ်ကြိုက် ရှာဖွေ၊ လုယက်၊ ခေါင်းပုံဖြတ်ခြင်းတို့ကို ခံလိုက်ရတော့သည်။
လိုချင်သမျှ သိမ်းဆည်းပြီးနောက် မုန်လဲ့က လေဟာနယ်လက်စွပ်ကို ခေါင်းသုံးလုံးဘုရင်မထံ ပြန်ပေးလိုက်လေသည်။
ခေါင်းသုံးလုံးဘုရင်မက သူမ၏ နတ်ဘုရားဝိညာဉ်အာရုံဖြင့် တစ်ချက်ကြည့်လိုက်ရာ ဟာလာဟင်းလင်းဖြစ်နေသော လေဟာနယ်လက်စွပ်ကိုသာ မြင်လိုက်ရသဖြင့် သွေးအန်မတတ် ဖြစ်သွားရလေသည်။
အရမ်းရက်စက်လွန်းလှသည်။ မိစ္ဆာသလင်းကျောက် အနည်းငယ်သာ ချန်ထားပေးခဲ့ပြီး ကျန်တာအကုန်လုံး ပြောင်သလင်းခါသွားလေပြီ။ ဒါက တကယ့်ကို သွေးစုပ်ခေါင်းပုံဖြတ်တဲ့ လူဆိုးကြီးပါပဲလား။
"ဒီသေနာကောင်..."
ခေါင်းသုံးလုံးဘုရင်မ၏ ရင်ထဲတွင် သွေးများယိုစီးနေသကဲ့သို့ ခံစားနေရပြီး ရင်ထဲမှ အမုန်းတရားများကို ဖြေဖျောက်ရန်အတွက် မုန်လဲ့ကို တူဖြင့်သာ ထုသတ်ပစ်ချင်စိတ်များ ပေါက်ဖွားနေလေသည်။
သို့သော်လည်း သူမ မလုပ်ရဲပေ။ သူမ၏ နတ်ဘုရားဝိညာဉ်အရင်းအမြစ်က မုန်လဲ့၏လက်ထဲတွင် ရှိနေသဖြင့် မုန်လဲ့ကို ရန်စရဲပါက အဆုံးသတ်က သေ ဆိုသော စကားလုံးတစ်လုံးတည်းသာ ရှိလေသည်။
"မင်း ငါ့ကို ဆဲနေတာလား..."
မုန်လဲ့က ပြုံးစိစိဖြင့် မေးလိုက်သည်။
"မ... မဆဲပါဘူး..."
ခေါင်းသုံးလုံးဘုရင်မမှာ ကြောက်လန့်တကြား တစ်ကိုယ်လုံး တုန်ရီသွားပြီး ခေါင်းကို အမြန်ခါယမ်းကာ ငြင်းဆိုလိုက်လေသည်။
"ဒီတစ်ခါပဲ ခွင့်လွှတ်မယ် နောက်တစ်ခါ မရှိစေနဲ့..."
မုန်လဲ့က သူမကို တစ်ချက်ကြည့်လိုက်သည်။
"သွားတော့ သရဲတစ္ဆေမိစ္ဆာနိုင်ငံ၊ ကျဆင်းနေသောအင်ပါယာနဲ့ မင်းတို့ရဲ့ ငရဲခေါင်းသုံးလုံးနိုင်ငံတွေက ရတနာတိုက်တွေကို ငါ့ဆီ ယူဆောင်လာခဲ့စမ်း မှတ်ထား ရတနာတစ်စုံတစ်ရာကိုများ ဝှက်ထားရဲမယ်ဆိုရင် မင်းဘဝ ဘယ်လောက်တောင် စုတ်ပြတ်သတ်သွားမလဲဆိုတာကို သိစေရမယ်..."
"ဟုတ်ကဲ့ပါ သခင်..."
ခေါင်းသုံးလုံးဘုရင်မ တစ်ကိုယ်လုံး တုန်ရီသွားပြီး အမိန့်ကို အမြန်ဆောင်ရွက်ရန် ထွက်ခွာသွားလေသည်။
"ခမ်းနားကြီးကျယ်တဲ့ ခေါင်းသုံးလုံးဘုရင်မကြီးတောင် ဒီလိုအဆုံးသတ်သွားရတယ်ပေါ့..."
ဒိုဒိုလာက ခေါင်းသုံးလုံးဘုရင်မ၏ ကျောပြင်ကို ကြည့်ရင်း မနေနိုင်ဘဲ ရေရွတ်လိုက်လေသည်။
"သနားစရာလည်းကောင်း သက်ပြင်းချစရာလည်း ကောင်းလိုက်တာ..."
"အစွမ်းထက်သူတွေပဲ ကြီးစိုးတဲ့လောကမှာ ဘာမဆို ဖြစ်သွားနိုင်တာပဲ အသားကျသွားရင် ရပါပြီ..."
မုန်လဲ့က နေရာတစ်ခုကို ရှာ၍ တင်ပျဉ်ခွေထိုင်ချလိုက်လေသည်။ တစ်ဖက်တွင် အမှောင်ကောင်းကင် ပွင့်လာမည့်အချိန်ကို စောင့်ဆိုင်းနေပြီး အခြားတစ်ဖက်တွင်တော့ အလယ်အလတ်မဟာမိစ္ဆာနတ်ဘုရားများ၏ နတ်ဘုရားဝိညာဉ်များကို ဖျက်ဆီးကာ ပိုက်ဆံရှာနေလေသည်။
"ရေခဲမိစ္ဆာမဟာနတ်ဘုရား တစ်ကောင်ကို သတ်ဖြတ်ခြင်း အောင်မြင်ပါတယ် နတ်ဘုရားသလင်းကျောက် ၆၃ သန်း ရရှိပါတယ်..."
"ငရဲခေါင်းသုံးလုံးခွေး တစ်ကောင်ကို သတ်ဖြတ်ခြင်း အောင်မြင်ပါတယ် နတ်ဘုရားသလင်းကျောက် ၆၂.၅ သန်း ရရှိပါတယ်..."
စနစ်၏ အသိပေးသံများက အဆက်မပြတ် ထွက်ပေါ်နေလေသည်။ မိစ္ဆာအမြုတေ တစ်ခုပြီးတစ်ခုအတွင်းမှ နတ်ဘုရားဝိညာဉ်များ ဖျက်ဆီးခံလိုက်ရပြီး မုန်လဲ့၏ ကြွယ်ဝချမ်းသာမှုများကလည်း ရူးသွပ်မတတ် ဆက်လက်တိုးပွားလာလေသည်။
မုန်လဲ့က မိစ္ဆာအမြုတေ သုံးရာကျော်အတွင်းရှိ နတ်ဘုရားဝိညာဉ်များကို အတိအကျ ဖျက်ဆီးပြီးသွားချိန်တွင် ရှေ့ရှိ ကျောက်ဆောင်ကမ်းပါးယံထံမှ လှုပ်ရှားမှုတစ်ခု ထွက်ပေါ်လာလေသည်။
"ဝုန်း..."
ကျောက်ဆောင်ကမ်းပါးယံ၏ အလယ်ဗဟိုမှ အမည်းရောင်အလင်းတန်းများ ရုတ်တရက် ဖြာထွက်လာပြီး အမြင့် ဆယ်ကျန်း၊ အကျယ် ဆယ်ကျန်းရှိသော အမည်းရောင် တံခါးပေါက်ကြီးတစ်ခု ထွက်ပေါ်လာလေသည်။ ပြဇာတ်စင်ပေါ်မှ ကန့်လန့်ကာကြီးတစ်ခုနှင့် အလားသဏ္ဍာန် တူလှပေသည်။
"အမှောင်ကောင်းကင် ပွင့်လာပြီပဲ..."
မုန်လဲ့၏ စိတ်ဝိညာဉ်များ တက်ကြွလာပြီး ကျောက်ဆောင်ကမ်းပါးယံ အလယ်ဗဟိုရှိ အမည်းရောင်ကောင်းကင်ကြီးဆီသို့ ချက်ချင်း လှမ်းကြည့်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် လာရောက်ကြည့်ရှုနေကြသော မိစ္ဆာပရိသတ်များကြားတွင်လည်း ဆူညံပွက်လောရိုက်သွားကြလေသည်။
"ပွင့်လာပြီဟေ့..."
"အမှောင်ကောင်းကင်ကြီး နောက်ဆုံးတော့ ပွင့်လာပြီပဲ..."
"ဒီတစ်ခါ ဘယ်သူတွေ ဝင်နိုင်မလဲ..."
"အလယ်အလတ် မဟာမိစ္ဆာနတ်ဘုရားတွေ အကုန်လုံး အသတ်ခံလိုက်ရပြီ သရဲတစ္ဆေမိစ္ဆာဘုရင်ကြီးနဲ့ ကျဆင်းနေသောဧကရာဇ်တို့လည်း သေသွားသလို ခေါင်းသုံးလုံးဘုရင်မလည်း အညံ့ခံလိုက်ရပြီဆိုတော့ ဒီတစ်ခါ ဘယ်သူတွေ ဝင်ခွင့်ရနိုင်ဦးမလဲ..."
မိစ္ဆာများကြားတွင် အချင်းချင်း တီးတိုးပြောဆိုနေကြလေသည်။
"ဒါက အမှောင်ကောင်းကင် ဆိုတာပဲ..."
ဒိုဒိုလာက မုန်လဲ့၏ ပခုံးပေါ်တွင် ထွက်ပေါ်လာပြီး ၎င်း၏မျက်လုံးများမှ တောက်ပသောအလင်းတန်းများ ဖြာထွက်နေလေသည်။
ထိုတံခါးပေါက်၏ တစ်ဖက်ခြမ်းမှာ အဆုံးအစမရှိသောဘုရင်ကြီး တစ်ချိန်က သန့်စင်ခဲ့ဖူးသည့် ကမ္ဘာလောကဆီသို့ ဦးတည်သွားရာ လမ်းကြောင်းပင် မဟုတ်ပါလော။ အဆုံးအစမရှိသောဘုရင် ဆိုသည့် စကားလုံးကပင် ၎င်း၏ရင်ထဲတွင် လိုလားတောင့်တမှုများကို ဖြစ်ပေါ်စေရန် လုံလောက်နေပေပြီ။
"ဒိုဒိုလာ အဆုံးအစမရှိသောလောကမှာ လောကအရှင်သခင် မရှိဘူးဆိုတာ မင်း သေချာရဲ့လား..."
မုန်လဲ့က ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ ထပ်မံအတည်ပြုမေးမြန်းလိုက်လေသည်။
"ငါလည်း သေချာတော့ မသိဘူး ဒါပေမဲ့ ရှိဖို့ ရာခိုင်နှုန်းတော့ သိပ်မများပါဘူး..."
ဒိုဒိုလာက ပြုံးလိုက်သည်။
"ငါ့ရဲ့ အလိုအလျောက်သိစိတ်က အမြဲတမ်း မှန်ကန်လေ့ရှိတယ် ငါ့ကို ယုံကြည်လိုက်စမ်းပါ..."
"တကယ်လို့ ဒီတစ်ခါ မမှန်ခဲ့ဘူးဆိုရင် ငါ အန္တရာယ်တွင်းထဲ ကျသွားမှာပေါ့..."
မုန်လဲ့က မျက်စောင်းတစ်ချက် ထိုးလိုက်လေသည်။ ဒါက အသက်အန္တရာယ်နဲ့ သက်ဆိုင်နေတဲ့ ကိစ္စကြီးလေ အလိုအလျောက်သိစိတ်ကို ယုံကြည်ရမယ်တဲ့လား။ အရမ်း ကလေးဆန်လွန်းနေပြီ။
"စိတ်ချပါ တကယ်လို့ အဆုံးအစမရှိသောလောကမှာ လောကအရှင်သခင် တကယ်ရှိနေရင်တောင် မင်းဘေးကင်းအောင် ငါ ကာကွယ်ပေးနိုင်ပါတယ် ငါက ကမ္ဘာလောကကြီးတွေကို ဖောက်ထွင်းပြီး နေရာရွှေ့ပြောင်းနိုင်တဲ့ မှော်ပညာကို တတ်မြောက်ထားတယ်ဆိုတာ မင်း မေ့သွားပြီလား..."
ဒိုဒိုလာက အေးဆေးစွာ ပြုံးလိုက်လေသည်။
"အဆိုးဆုံးအခြေအနေဖြစ်လာရင် ထွက်ပြေးလိုက်ရုံပေါ့ လောကအရှင်သခင်က ငါ့ကို ဘာလုပ်နိုင်မှာလဲ..."
"အလယ်အလတ်လောကစွမ်းအားရဲ့ ပိတ်လှောင်မှုအောက်မှာ မင်းရဲ့ နေရာရွှေ့ပြောင်းခြင်းမှော်ပညာက ထွက်ပြေးနိုင်သေးလို့လား..."
မုန်လဲ့က အနည်းငယ် အံ့အားသင့်သွားလေသည်။
"ကမ္ဘာလောကကို ဖောက်ထွင်းတယ်ဆိုတဲ့ စကားကို မင်းက နောက်နေတယ်ထင်လို့လား..."
ဒိုဒိုလာက နှာခေါင်းရှုံ့လိုက်သည်။
"ပင်မနတ်ဘုရားစွမ်းအား မဟုတ်ဘူးဆိုရင် အလယ်အလတ်လောကစွမ်းအားက ဒီ နေရာရွှေ့ပြောင်းခြင်းမှော်ပညာကို လုံးဝ ပိတ်လှောင်ထားနိုင်မှာ မဟုတ်ဘူး..."
"မင်း အဲဒီလိုပြောတော့မှပဲ ငါလည်း လုံးဝ စိတ်အေးသွားတော့တယ်..."
မုန်လဲ့က သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။
"တော်ပြီ အပိုစကားတွေ ပြောမနေနဲ့တော့ ဝင်မှာလား မဝင်ဘူးလား..."
ဒိုဒိုလာက မနေနိုင်တော့ဘဲ အလျင်စလို တိုက်တွန်းလိုက်လေသည်။
"သွားမယ်..."
မုန်လဲ့က နေရာမှ မတ်တတ်ထရပ်လိုက်ပြီး အမည်းရောင်အလင်းတန်း ကန့်လန့်ကာကြီးအတွင်းသို့ ခုန်ဝင်သွားလေသည်။
"သူ ဝင်သွားပြီ..."
"သခင်ကြီး ဝင်သွားပြီဟေ့..."
"သူ ငါတို့ကို ဂရုမစိုက်ဘူးပဲ..."
"ဒီလိုဆိုတော့..."
လာရောက်ကြည့်ရှုနေကြသော မိစ္ဆာများထဲတွင် အရူးတစ်ယောက်မျှ မပါပေ။ မုန်လဲ့က အမှောင်ကောင်းကင်အတွင်းသို့ ဝင်ရောက်သွားသည့် အခိုက်အတန့်လေးမှာပင် သူတို့အားလုံး အမှောင်ကောင်းကင်ဆီသို့ ပြိုင်တူ ပြေးဝင်သွားကြလေသည်။
အရင်တုန်းကဆိုလျှင် အမှောင်ကောင်းကင်ကို အင်ပါယာကြီးသုံးခုက ထိန်းချုပ်ထားသဖြင့် သူတို့လို သာမန်မိစ္ဆာများအတွက် လုံးဝ အခွင့်အရေး မရှိခဲ့ပေ။ သူတို့က ပွဲကြည့်ပရိသတ်အဖြစ် လာရောက်အားပေးရုံသာ တတ်နိုင်ခဲ့လေသည်။ သို့သော်လည်း ယနေ့တွင်တော့ အခွင့်အရေးကြီး ရောက်လာပြီဖြစ်ရာ မည်သူက လက်လွှတ်ခံပါမည်နည်း။
"ငါ့ဟာပဲ ဒီနေရာက ငါ့နေရာပဲ..."
"ဖယ်စမ်း..."
"ငါ့ကို ဘယ်သူ တားရဲလဲ တားတဲ့ကောင် အသေပဲ..."
"အား..."
လာရောက်ကြည့်ရှုနေကြသော မိစ္ဆာများမှာ လုံးဝ ရူးသွပ်သွားကြလေသည်။ ကျန်ရှိနေသေးသော နေရာ ၃၅ နေရာကို လုယူရန်အတွက် သွေးထွက်သံယို ရက်စက်ကြမ်းကြုတ်လှသော ပြိုင်ပွဲကြီးတစ်ခု စတင်သွားလေတော့သည်။
သေချာသည်မှာ မုန်လဲ့ကတော့ ဤမြင်ကွင်းများကို မြင်တွေ့နိုင်မည် မဟုတ်ပေ။ အမှောင်ကောင်းကင်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် သူက လေဟာနယ်ဥမင်လိုဏ်ခေါင်းတစ်ခု အတွင်းသို့ ရောက်ရှိသွားလေသည်။
အလင်းရောင်တိုက်ကြီးမှ သရဲတစ္ဆေတိုက်ကြီးဆီသို့ ဦးတည်နေသော လေဟာနယ်အက်ကွဲကြောင်းနှင့် မတူညီသည်မှာ ဤလေဟာနယ်ဥမင်လိုဏ်ခေါင်းက အလွန်တည်ငြိမ်နေပြီး အရောင်အသွေးစုံလင်လှသော အိပ်မက်ဆန်သည့် စင်္ကြံလမ်းလေးတစ်ခုနှင့် အလားသဏ္ဍာန် တူလှပေသည်။
ထိုလမ်းပေါ်တွင် လျှောက်လှမ်းနေရချိန်၌ ကြမ်းတမ်းလှသော လေဟာနယ်မုန်တိုင်းများကို မခံစားရသလို လေဟာနယ်လေပြင်းများကိုလည်း မမြင်တွေ့ရပေ။ အလွန် တည်ငြိမ်အေးချမ်းနေပြီး သူ၏ ယခင်ဘဝက ဥမင်လိုဏ်ခေါင်းတစ်ခုထဲတွင် လမ်းလျှောက်နေရသကဲ့သို့ ခံစားရလေသည်။
"မုန်လဲ့ ဒီလေဟာနယ်လမ်းကြောင်းက သဘာဝအတိုင်း ဖြစ်တည်လာတဲ့ပုံ မပေါ်ဘူး..."
ဒိုဒိုလာက လျင်မြန်စွာပင် ကောက်ချက်ချလိုက်လေသည်။
"လူဖန်တီးထားတဲ့ ပုံစံမျိုး ပိုပေါက်နေတယ်..."
"လူဖန်တီးထားတာ ဟုတ်လား..."
မုန်လဲ့က အံ့အားသင့်သွားလေသည်။
"လူစွမ်းအားနဲ့ လေဟာနယ်ဥမင်လိုဏ်ခေါင်းတစ်ခုကို ဖန်တီးထားတာလား ဘယ်သူကများ ဒီလိုစွမ်းအားမျိုးကို ပိုင်ဆိုင်ထားတာလဲ..."
"လက်ချိုးရေတွက်လို့ ရလောက်အောင် နည်းပါးလှပါတယ်..."
ဒိုဒိုလာက သက်ပြင်းချလိုက်သည်။
"အခုတော့ အဆုံးအစမရှိသောလောက ဆိုတာ တကယ်ပဲ အဆုံးအစမရှိသောဘုရင်ကြီး တစ်ချိန်က သန့်စင်ခဲ့ဖူးတဲ့ လောကတစ်ခု ဖြစ်တယ်ဆိုတာကို ငါ နည်းနည်း ယုံကြည်လာပြီ..."
"အင်း..."
မုန်လဲ့က အရှိန်ကို မြှင့်တင်လိုက်လေသည်။ ဆယ်မိနစ်ခန့် အကြာတွင်တော့ နောက်ဆုံး၌ လမ်းဆုံးသို့ ရောက်ရှိသွားလေသည်။ မျက်စိရှေ့တွင် အလင်းရောင်တစ်ခု လက်ကနဲဖြစ်သွားပြီးနောက် လုံးဝ အသစ်စက်စက်ဖြစ်သော ကမ္ဘာလောကတစ်ခုဆီသို့ ရောက်ရှိသွားလေတော့သည်။
မီးခိုးရောင် ကောင်းကင်နှင့် မီးခိုးရောင် မြေကြီးတို့ ပတ်ဝန်းကျင်၌ တည်ရှိနေလေသည်။ သစ်ပင်ပန်းမန်များနှင့် တောင်တန်းများကလည်း မီးခိုးရောင်ပင် ဖြစ်လေသည်။ မျက်စိတစ်ဆုံး မြင်တွေ့နေရသမျှ အရာအားလုံးက မှိုင်းညို့နေသော မီးခိုးရောင်များသာ ဖြစ်ကြပြီး ဒေါသတကြီး စီးဆင်းနေသော မြစ်ပြင်များနှင့် အဆုံးအစမရှိ ကျယ်ပြောလှသော လွင်ပြင်ကြီးများကလည်း မီးခိုးရောင် သမ်းနေလေသည်။
"အရမ်းကို ပျင်းစရာကောင်းတဲ့ ကမ္ဘာကြီးပဲ..."
မုန်လဲ့က မနေနိုင်ဘဲ မှတ်ချက်ပြုလိုက်လေသည်။
"အပြင်ပန်းကိုပဲ မကြည့်နဲ့ဦး..."
ဒိုဒိုလာက ပြောလိုက်သည်။
"ဒီလောကရဲ့ မှော်ဒြပ်စင်တွေနဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ နိယာမတရားတွေကို သေချာ အာရုံခံကြည့်စမ်းပါ..."
"ဟင်..."
မုန်လဲ့က သေချာစွာ အာရုံခံကြည့်လိုက်ရာ ချက်ချင်းပင် အလွန်အံ့အားသင့်သွားရလေသည်။
"မှော်ဒြပ်စင်တွေက သရဲတစ္ဆေတိုက်ကြီးထက်တောင် ပိုပြီး သိပ်သည်းနေပါလား အနည်းဆုံး ဆယ်ဆလောက်တော့ ပိုပြီး သိပ်သည်းမယ်ထင်တယ်..."
"ပြီးတော့ ကောင်းကင်နဲ့မြေကြီးရဲ့ နိယာမတရားတွေကလည်း အရမ်းကို ရှင်းလင်းလွန်းတယ် ဒီလိုနေရာမျိုးမှာသာ ကျင့်ကြံမယ်ဆိုရင် ဝက်တစ်ကောင်တောင် မြင့်မြတ်သောသားရဲအဆင့်ကို ရောက်သွားနိုင်တယ်..."
သူက သရဲတစ္ဆေတိုက်ကြီးမှ ယခုလေးတင် ရောက်ရှိလာခြင်းဖြစ်ရာ မုန်လဲ့၏ နှိုင်းယှဉ်စရာ ပေတံက သရဲတစ္ဆေတိုက်ကြီးပင် ဖြစ်လေသည်။ ကောင်းကင်တိုက်ကြီးကဲ့သို့သော အဆင့်နိမ့်လောကမျိုး မဟုတ်ပေ။ ထို့ကြောင့်လည်း မုန်လဲ့တစ်ယောက် ဤမျှ အံ့အားသင့်နေရခြင်း ဖြစ်ပေသည်။
ဤကမ္ဘာလောက၏ မှော်ဒြပ်စင်များက သရဲတစ္ဆေတိုက်ကြီးထက် အနည်းဆုံး ဆယ်ဆခန့် ပိုမိုသိပ်သည်းနေပြီး ကောင်းကင်နှင့်မြေကြီး၏ နိယာမတရားများကလည်း သရဲတစ္ဆေတိုက်ကြီးထက် အများကြီး ပို၍ ရှင်းလင်းပြတ်သားနေလေသည်။
"အလယ်အလတ်လောကတွေ အချင်းချင်းတောင် ကွာဟချက်က ဒီလောက်ကြီးမားတာလား..."
မုန်လဲ့က အနည်းငယ် မယုံနိုင်သလို ဖြစ်နေလေသည်။
"ဒါက အရမ်း ပုံမှန်ပါပဲ..."
ဒိုဒိုလာက ပြောလိုက်သည်။
"ဒီလောကမှာ လုံးဝ တူညီတဲ့ ကမ္ဘာလောကနှစ်ခုဆိုတာ မရှိဘူး အလယ်အလတ်လောကတွေ အချင်းချင်းဆိုရင်တောင် ကြီးမားတဲ့ ကွာဟချက်တွေ ရှိနေနိုင်တယ်လေ..."
"အင်း..."
မုန်လဲ့ကလည်း ထိုကိစ္စအပေါ် ဆက်လက်၍ ခေါင်းစားမနေတော့ဘဲ လုံးဝအသစ်စက်စက်ဖြစ်သော ဤအလယ်အလတ်လောကကြီးကို ဆက်လက်စူးစမ်းလေ့လာလိုက်လေသည်။
မှော်ဒြပ်စင်များနှင့် ကောင်းကင်နှင့်မြေကြီး၏ နိယာမတရားများမှလွဲ၍ ဆွဲငင်အား၊ လေဟာနယ်၏ တည်ငြိမ်မှုအခြေအနေနှင့် နတ်ဘုရားဝိညာဉ်အာရုံအပေါ် သက်ရောက်သည့် ဖိနှိပ်မှုစွမ်းအားတို့ကတော့ သရဲတစ္ဆေတိုက်ကြီးနှင့် သိပ်ပြီး ကွာခြားမှုမရှိလှပေ။
အကြမ်းဖျင်း နားလည်သဘောပေါက်သွားပြီးနောက် မုန်လဲ့က ပိုမိုအသုံးဝင်သော သတင်းအချက်အလက်များကို ရရှိနိုင်ရန်အတွက် ပိုမိုနက်ရှိုင်းစွာ လေ့လာစူးစမ်းရန် ရည်ရွယ်လိုက်လေသည်။ အလွယ်ကူဆုံးနှင့် အတိုက်ရိုက်ဆုံးနည်းလမ်းမှာ သေချာပေါက် ဤကမ္ဘာလောက၏ ဒေသခံသက်ရှိများကို ရှာဖွေခြင်းပင် ဖြစ်လေသည်။
နတ်ဘုရားဝိညာဉ်အာရုံကို ဖြန့်ကြက်လိုက်ရာ ကီလိုမီတာ သန်းဆယ်ချီအထိ လွှမ်းခြုံသွားလေသည်။ ဤအကွာအဝေးအတွင်းရှိ မည်သည့်အရာကမျှ ပုန်းကွယ်နေ၍ မရနိုင်တော့ဘဲ မုန်လဲ့၏ ဦးနှောက်ထဲတွင် ရှင်းလင်းပြတ်သားစွာ ပေါ်လာလေသည်။
"ထူးဆန်းလိုက်တာ ဘာလို့ အဆုံးအစမရှိသော သားရဲကြီးတွေချည်းပဲ ဖြစ်နေရတာလဲ..."
မုန်လဲ့က တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်သည်။
"ထားလိုက်ပါတော့ အဆုံးအစမရှိသော သားရဲကြီးတစ်ကောင်ကို အရင်ရှာပြီး သတင်းအချက်အလက် နည်းနည်းလောက် စုံစမ်းကြည့်ရတာပေါ့..."
ထိုသို့တွေးလိုက်မိသည်နှင့် မုန်လဲ့က အနီးဆုံးရှိ အဆုံးအစမရှိသော သားရဲအုပ်ကြီး၏ ကောင်းကင်ထက်သို့ တိုက်ရိုက် နေရာရွှေ့ပြောင်းသွားလေတော့သည်။
အဆုံးအစမရှိသော သားရဲ ဆိုသည်မှာ သရဲတစ္ဆေတိုက်ကြီးမှ အစွမ်းထက်သူများက ဤကမ္ဘာလောကရှိ သားရဲများကို ပေးထားသော အမည်နာမပင် ဖြစ်လေသည်။ အခြေခံအားဖြင့် အခြားလောကများမှ သားရဲများ၊ မှော်သားရဲများနှင့် သိပ်ပြီး ကွာခြားမှုမရှိလှဘဲ အားလုံးက သားရဲအမျိုးအစားများသာ ဖြစ်ကြလေသည်။
မုန်လဲ့၏ မျက်စိရှေ့တွင် ပေါ်လာသည်မှာ နွားပုံစံ ဧရာမသားရဲကြီးများ တစ်အုပ်ပင် ဖြစ်လေသည်။ ၎င်းတို့က ကျန်းတစ်သောင်း အမြင့်ရှိသော ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကြပြီး ဝမ်းဗိုက်အောက်တွင် ခြေထောက် ၆ ချောင်း၊ ခေါင်းပေါ်တွင် ဦးချို ၉ ချောင်း ပေါက်နေကာ အမွေးအမျှင်များက သံမဏိအပ်များအလား ထောင်မတ်နေလေသည်။
အရေအတွက်က အကောင်တစ်ရာဝန်းကျင်ခန့်သာ ရှိပြီး သိပ်မများလှသော်လည်း စွမ်းအားကတော့ အလွန်ပြင်းထန်လှပေသည်။ အားအနည်းဆုံး အကောင်ကပင် မဟာမိစ္ဆာဘုရင်အဆင့် ရှိနေပြီး ထိုအထဲမှ ဘုရင်ဖြစ်သူဆိုလျှင် မိစ္ဆာနတ်ဘုရားအဆင့်နှင့်ပင် ညီမျှနေလေသည်။
"တောရိုင်းနွား ဧရာမသားရဲတစ်အုပ်ကတောင် ဒီလောက် အစွမ်းထက်နေတယ်ဆိုတော့ တကယ့်ကို အဆုံးအစမရှိသောလောက ဆိုတဲ့အတိုင်းပဲ..."
မုန်လဲ့က ချီးကျူးလိုက်ပြီး လေထဲမှနေ၍ လှမ်းဆွဲလိုက်ရာ တောရိုင်းနွားအုပ်ထဲမှ အစွမ်းအထက်ဆုံးအကောင်ကို ဖမ်းဆွဲလိုက်ပြီး ၎င်း၏ မှတ်ဉာဏ်များကို ဖတ်ရှုရန် ပြင်ဆင်လိုက်လေသည်။
"ဝုန်း..."
မထင်မှတ်ထားစွာပင် ထိုအချိန်၌ မလှမ်းမကမ်းရှိ လေဟာနယ်အတွင်းမှ လေဟာနယ်တံခါးပေါက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး အစွမ်းထက်သူတစ်အုပ်က ထိုတံခါးပေါက်အတွင်းမှ အလုအယက် ထွက်ပေါ်လာကြလေသည်။
အရပ်အမောင်းက ကျန်းတစ်သောင်းခန့် ရှိပြီး ကြွက်သားများ အပြိုင်းပြိုင်းထနေကာ အချို့က လျှပ်စီးများ လွှမ်းခြုံထားပြီး အချို့က မီးတောက်များ ရစ်ပတ်နေကြလေသည်။
"ဧရာမတိုက်တန်တွေလား..."
ဤလူစုကို မြင်တွေ့လိုက်ရပြီး သူတို့ကိုယ်ပေါ်မှ အရှိန်အဝါများကို ခံစားလိုက်ရချိန်တွင် မုန်လဲ့က သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို ချက်ချင်း အကဲဖြတ်နိုင်လိုက်လေသည်။ ၎င်းတို့မှာ ဧရာမတိုက်တန် တစ်အုပ်ပင် ဖြစ်လေသည်။ သို့မဟုတ် တိုက်တန်နတ်ဘုရားမျိုးနွယ်စုဟု ဆိုရမည်လော။
"ဒီနေရာက အဆုံးအစမရှိသောလောက ဆိုတာလား..."
"လေထုက အရမ်း ညစ်ညမ်းတာပဲ..."
"မှော်ဒြပ်စင်တွေကလည်း အရမ်းကို ပါးလွှာလွန်းတယ်..."
"ပြီးတော့ ကောင်းကင်နဲ့မြေကြီးရဲ့ နိယာမတရားတွေကလည်း အရမ်းကို ဝေဝါးနေတာပဲ..."
ဧရာမတိုက်တန်ကြီးများကလည်း အဆုံးအစမရှိသောလောကသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
တစ်ယောက်ပြီးတစ်ယောက် အဆုံးအစမရှိသောလောကကို အကဲခတ်ကြည့်ရှုနေကြပြီး သူတို့၏ စကားလုံးများထဲတွင် အထင်သေးမှုများနှင့် အပြစ်ရှာလိုမှုများ ပြည့်နှက်နေလေသည်။
"အားလုံးပဲ ညည်းညူမနေကြနဲ့တော့ အရင်ဆုံး ဒီလောကရဲ့ တိကျတဲ့ သတင်းအချက်အလက်တွေကို သိရအောင် နည်းလမ်းရှာကြစမ်း..."
ခရမ်းရောင်လျှပ်စီးများ ရစ်ပတ်နေသော ခေါင်းဆောင်ဖြစ်သူ ဧရာမတိုက်တန်ကြီးက အော်ဟစ်လိုက်လေသည်။
"ဟုတ်ကဲ့ပါ အကြီးအကဲ ဂရက်ဂ်..."
အခြားသော ဧရာမတိုက်တန်များက နားလည်ကြောင်း ပြသလိုက်ကြပြီး ခေါင်းလှည့်ကာ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ကြလေသည်။ ထို့နောက် မလှမ်းမကမ်းတွင်ရှိနေသော မုန်လဲ့ကို မြင်တွေ့သွားကြပြီး အားလုံး၏မျက်လုံးများ တောက်ပသွားကြလေသည်။
"ဟင် ဒီမှာ လူတစ်ယောက် ရှိနေတယ်..."
"ဒါက အဆုံးအစမရှိသောလောကရဲ့ ဒေသခံများလား..."
"သူ့ဆီကနေ အသုံးဝင်တဲ့ သတင်းအချက်အလက်တွေကို သေချာပေါက် စုံစမ်းလို့ရမှာပဲ..."
"အဲရစ် သူ့ကို ဒီကို ခေါ်လာခဲ့ မှတ်ထား အသေမသတ်မိစေနဲ့ဦး..."
"ဟုတ်ကဲ့ပါ အကြီးအကဲ ဂရက်ဂ်..."
မီးတောက်များ လွှမ်းခြုံထားသော မီးတိုက်တန်တစ်ယောက်က ရိုသေစွာဖြင့် အမိန့်ကို လက်ခံလိုက်ပြီးနောက် မုန်လဲ့ဆီသို့ ပျံသန်းလာလေသည်။
"ကောင်လေး ငါ့ဆီကို လာခဲ့စမ်း..."
အဲရစ်ဟုခေါ်သော မီးတိုက်တန်က စကားအပိုမပြောတော့ဘဲ ကြက်ပေါက်လေးတစ်ကောင်ကို ဖမ်းဆွဲသကဲ့သို့ မုန်လဲ့ဆီသို့ လှမ်းဆွဲလိုက်လေတော့သည်။