အခန်း ၃၅၀
Vol. 35 Ch. 350
အခန်း ၃၅၀။ ရန်သူနဲ့တွေ့ဆုံ ၊ နတ်ဘုရားမှအံ့အားသင့်သွားခြင်း
အန်ဘရော့စ်နှင့် အယ်လ်ဖ်နတ်ဘုရားမတို့မှာ အသံတိုးတိုးဖြင့် ရေရွတ်လိုက်ကြပြီး သူတို့၏မျက်လုံးများတွင် အံ့ဩမှုများ ဖြတ်ပြေးသွားလေသည်။ မုန်လဲ့ ဤနေရာသို့ ရောက်နေမည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
သို့သော် နောက်တစ်စက္ကန့်တွင် သူတို့နှစ်ယောက်၏ မျက်နှာအမူအရာများမှာ လုံးဝ ကွဲပြားသွားလေသည်။ အန်ဘရော့စ်၏ မျက်နှာမှာ အလွန် ကြမ်းတမ်းသွားပြီး အားပါးတရ ရယ်မောလိုက်လေသည်။
"ဖိနပ်ပေါက်မတတ် ရှာနေတာမတွေ့ဘူး တကယ်တမ်းကျတော့ အလွယ်လေး တွေ့ရတာပဲ... မထင်ထားဘူး မထင်ထားဘူး ဒီနေရာမှာ မင်းနဲ့ ပြန်တွေ့မယ်လို့... ကောင်းကင်ကြီးက ငါ့ကို ကူညီနေတာပဲ..."
အယ်လ်ဖ်နတ်ဘုရားမက သံသယဖြင့် မေးလိုက်သည်။
"အကြီးအကဲ အန်ဘရော့စ်... သူ့ကို သိလို့လား..."
အန်ဘရော့စ်က ရက်စက်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
"သိတာပေါ့ အရမ်းကို သိတာပေါ့... ဒီကောင်က လောကအရှင်သခင် ဖြစ်နေတာကို အခွင့်ကောင်းယူပြီး ငါ့ကိုယ်ပွားကို ဖျက်ဆီးခဲ့တယ် ငါ့ရတနာတွေကို လုယူခဲ့တယ် ငါ့ရဲ့ နတ်ဘုရားဝိညာဉ်ကိုလည်း ရှာဖွေခဲ့တယ်... သူနဲ့ငါက သူသေကိုယ်သေ ရန်သူတွေပဲ သူ့ကို မသတ်ရသရွေ့ ငါ စိတ်မအေးချမ်းနိုင်ဘူး..."
အယ်လ်ဖ်နတ်ဘုရားမ၏ လှပသော မျက်နှာလေးမှာ အနည်းငယ် ပြောင်းလဲသွားပြီး ပြောလိုက်လေသည်။
"အကြီးအကဲ အန်ဘရော့စ်... ဒါက မဖြစ်နိုင်ပါဘူး... သူက အလယ်အလတ်နတ်ဘုရား တစ်ပါးပဲ ရှိသေးတာလေ... ဘယ်လိုလုပ် ရှင့်ရဲ့ ကိုယ်ပွားကို ဖျက်ဆီးနိုင်မှာလဲ..."
လောကနှလုံးသားကို မုန်လဲ့အား ပေးပြီးကတည်းက အယ်လ်ဖ်နတ်ဘုရားမမှာ ကောင်းကင်ယံတိုက်ကြီးကို ထပ်ပြီး ဂရုမစိုက်တော့ပေ။
ထို့ကြောင့် နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို သူမ လုံးဝ မသိရှိခဲ့ပေ။ မုန်လဲ့နှင့် အန်ဘရော့စ်တို့၏ တိုက်ပွဲကိုလည်း သူမ မသိခဲ့ပေ။
အယ်လ်ဖ်နတ်ဘုရားမ၏ အသိထဲတွင် မုန်လဲ့မှာ အလယ်အလတ်နတ်ဘုရား တစ်ပါးအဖြစ်သာ ရှိနေဆဲ ဖြစ်လေသည်။
အန်ဘရော့စ်က အံကြိတ်ကာ ပြောလိုက်လေသည်။
"အလယ်အလတ်နတ်ဘုရား ဟုတ်လား... ဒီကောင်က ငါနဲ့ တိုက်နေတဲ့အချိန်မှာပဲ ရုတ်တရက် အဆင့်မြင့်နတ်ဘုရား အဖြစ် အဆင့်တက်သွားခဲ့တာ... ပြီးတော့ သူက လောကအရှင်သခင်လည်း ဖြစ်နေတော့ ငါ ရှုံးသွားရတာပေါ့..."
"အဲဒီအချိန်ကတည်းက ငါ ကတိပေးထားခဲ့တယ် သူ့ကို အပိုင်းပိုင်းဖြတ်ပြီး ငါ့ရင်ထဲက အမုန်းတရားတွေကို ဖြေဖျောက်မယ်လို့... ဒါပေမဲ့ သူက သူ့ကမ္ဘာထဲမှာပဲ ပုန်းနေရင် ငါလည်း ဘာမှ လုပ်လို့မရဘူးဆိုတာ ငါ သိတယ်လေ..."
"ဒါပေမဲ့ ဒီနေရာမှာ သူနဲ့ ပြန်တွေ့မယ်လို့တော့ လုံးဝ မထင်ထားခဲ့ဘူး... ကြည့်ရတာ ကောင်းကင်ကြီးက ငါ့ကို ကူညီနေတာပဲ..."
ထိုသို့ပြောပြီးနောက် အန်ဘရော့စ်က မုန်လဲ့ကို ကြည့်လိုက်ရာ သူ၏မျက်လုံးထဲမှ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများကို မဖုံးကွယ်နိုင်တော့ပေ။ မုန်လဲ့ကို သူ၏ လက်ဖဝါးပေါ်မှ သားကောင် သို့မဟုတ် နှံကောင်လေးတစ်ကောင်အဖြစ် သတ်မှတ်ထားပြီး အချိန်မရွေး ညှစ်သတ်နိုင်သည်ဟု ယုံကြည်နေလေသည်။
"ကောင်လေး အရမ်း စိတ်ပျက်နေပြီလား... အရမ်း ကြောက်နေပြီလား... အရမ်း နောင်တရနေပြီလား... အရင်က မင်းလုပ်ခဲ့တာတွေ အားလုံးအတွက် နောင်တရနေပြီ မဟုတ်လား..."
အန်ဘရော့စ်က ရက်စက်စွာ ပြုံးကာ ပြောလိုက်သည်။
"ဒါပေမဲ့ နှမြောစရာကောင်းတာက နောက်ကျသွားပြီ... လောကမှာ နောင်တရဆေး ဆိုတာ မရှိဘူး... သူ့ကို ဖမ်းလိုက်စမ်း..."
အယ်လ်ဖ်နတ်ဘုရားမက အမြန်ဝင်ပြောလိုက်လေသည်။
"အကြီးအကဲ အန်ဘရော့စ်... သူက ငါ့သူငယ်ချင်းပါ... စကားကို ကောင်းကောင်းပြောလို့ ရပါတယ်..."
အန်ဘရော့စ် အနည်းငယ် ကြောင်အမ်းသွားလေသည်။ မုန်လဲ့က အယ်လ်ဖ်နတ်ဘုရားမ၏ သူငယ်ချင်း ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ သို့သော်လည်း သူက မုန်လဲ့ကို သေချာပေါက် သတ်မည်ဖြစ်ရာ မည်သူတောင်းပန်သည်ဖြစ်စေ အလကားပင် ဖြစ်လေသည်။
"ဒိုင်ယာနာ... ဒီကောင်နဲ့ ငါက ရန်သူတွေပဲ... ငါ သူ့ကို သေချာပေါက် သတ်ရမယ်... မင်း သူ့ဘက်ကနေ ဝင်မပြောပါနဲ့... သူက တန်ဖိုးမရှိတဲ့ ကောင်ပါ..."
အန်ဘရော့စ်က ပြတ်သားစွာ ငြင်းပယ်လိုက်လေသည်။ သူကလည်း အယ်လ်ဖ်နတ်ဘုရားမကို သဘောကျနေသော်လည်း မုန်လဲ့ကို သတ်ရမည့်ကိစ္စနှင့် ယှဉ်လျှင် ထိုသဘောကျမှုက ဘာမှ မဟုတ်တော့ပေ။ ထို့အပြင် အချိန်ကာလမျှော်စင်ကလည်း မုန်လဲ့လက်ထဲတွင် ရှိနေသေးသည် မဟုတ်ပါလော။
အယ်လ်ဖ်နတ်ဘုရားမက ဆက်လက်၍ တောင်းပန်ရန် ကြိုးစားနေဆဲ ဖြစ်လေသည်။
"အကြီးအကဲ အန်ဘရော့စ်..."
သူမ၏ ဘေးတွင်ရှိသော ချော်ရည်နတ်ဘုရားမက မျက်မှောင်ကြုတ်ကာ ဝင်ပြောလိုက်လေသည်။
"ဒိုင်ယာနာ မင်းက ဒီနှစ်တွေအတွင်း နတ်ဘုရားမျိုးနွယ်စုရဲ့ သန့်ရှင်းတဲ့မြေမှာပဲ ကျင့်ကြံနေခဲ့တာ မဟုတ်လား... သူနဲ့ ဘယ်လိုလုပ် သူငယ်ချင်း ဖြစ်သွားတာလဲ... သာမန်သူငယ်ချင်းလောက်ပဲဆိုရင် သူ့အတွက် ဝင်တောင်းပန်ဖို့ မလိုပါဘူး..."
အခြားသော နတ်ဘုရားမများကလည်း အယ်လ်ဖ်နတ်ဘုရားမကို ဝင်ရောက်ဖျောင်းဖျကြလေသည်။ အန်ဘရော့စ် ဆိုသည်မှာ ဟိုက်ပယ်ရီယွန် ဧရာမနတ်ဘုရားနဂါးမျိုးနွယ်စု၏ အကြီးအကဲတစ်ယောက် ဖြစ်ရာ သူ၏ အဆင့်အတန်းက သာမန်မဟုတ်ပေ။
"ဟုတ်တယ် ဒိုင်ယာနာ သာမန်သူငယ်ချင်းလောက်လေးအတွက်နဲ့ အကြီးအကဲ အန်ဘရော့စ်ကို ရန်သူမဖြစ်စေချင်ပါဘူး..."
မုန်လဲ့ကလည်း ဝင်ပြောလိုက်လေသည်။
"နတ်ဘုရားမ မင်းရဲ့ စေတနာကို ငါ နားလည်ပါတယ်... ငါ့အတွက် ဝင်တောင်းပန်ဖို့ မလိုပါဘူး... ဒီအိမ်မြှောင်အိုကြီးကို ငါ ဂရုမစိုက်ပါဘူး..."
အယ်လ်ဖ်နတ်ဘုရားမ အနည်းငယ် ကြောင်အမ်းသွားပြီး အခြားသော နတ်ဘုရားမများ၏ မျက်လုံးများတွင်တော့ မနှစ်မြို့မှုများ ဖြတ်ပြေးသွားလေသည်။ အန်ဘရော့စ်ကို ဂရုမစိုက်ဘူး ဟုတ်လား။ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။
"ဟားဟားဟား... တကယ်ကို မာနကြီးတဲ့ ကောင်ပဲ သေရတော့မယ့် အချိန်တောင် ပါးစပ်က အာကျယ်နေသေးတယ်... ဒါပေမဲ့ ငါက မင်း ပါးစပ်အာကျယ်နေတာကို သဘောကျတယ်... ပိုကျယ်လေ ပိုကောင်းလေပဲ..."
အန်ဘရော့စ်က အားပါးတရ ရယ်မောလိုက်လေသည်။
"အရင်က မင်း မာနကြီးနေတာကို ကြည့်ပြီး ငါ ဒေါသထွက်ခဲ့ရတယ်... မင်းကို အပိုင်းပိုင်းဖြတ်ပစ်ချင်တဲ့အထိပဲ... ဒါပေမဲ့ အခုတော့ ငါ အရမ်းပျော်နေတယ်..."
"ငါ့လက်ဖဝါးပေါ်မှာ နှံကောင်လေးတစ်ကောင် ခုန်ပေါက်နေတာကို ကြည့်နေရသလိုပဲ အရမ်းကို သွက်လက်ပြီး ပျော်စရာကောင်းနေတာ... ဒါပေမဲ့ အဲဒီနှံကောင်လေးကို ငါက အချိန်မရွေး ညှစ်သတ်ပစ်လို့ ရတယ်လေ... ဟားဟား ဒီလိုခံစားချက်က တကယ်ကို အရသာရှိတာပဲ..."
"အရူးကောင်..."
မုန်လဲ့က ခေါင်းခါလိုက်သည်။
"တိုက်မယ်ဆိုရင်လည်း မြန်မြန်တိုက် ငါ အချိန်မရှိဘူး..."
"အချိန်မရှိဘူး ဟုတ်လား... ငရဲပြည်သွားဖို့ အလောတကြီး ဖြစ်နေတာလား..."
အန်ဘရော့စ်က ရက်စက်စွာ ပြုံးလိုက်သည်။
"လာစမ်း သူ့ကို ဖမ်းလိုက်စမ်း..."
"ဟုတ်ကဲ့ပါ အကြီးအကဲ..."
ခေါင်းပေါ်တွင် အမည်းရောင်ဦးချိုများ ပေါက်နေသော လူငယ်တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် မုန်လဲ့ဆီသို့ တိုက်ရိုက် ပျံသန်းလာလေသည်။ သူက အမည်းရောင် ဧရာမနဂါးတစ်ကောင် ဖြစ်ပြီး အဆင့်မြင့်နတ်ဘုရား အလယ်အလတ်အဆင့်ကို ပိုင်ဆိုင်ထားလေသည်။
"ဟူး..."
အယ်လ်ဖ်နတ်ဘုရားမက သက်ပြင်းတစ်ချက် ချလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။ မုန်လဲ့က အန်ဘရော့စ်၏ လက်ထဲသို့ ကျရောက်သွားပြီဖြစ်ရာ အသက်ရှင်ခွင့်ရရန် မဖြစ်နိုင်တော့ကြောင်း သူမ သိလိုက်လေသည်။
"နှမြောစရာပဲ ရွှေရောင်မူလနတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ပါရမီရှင်တစ်ယောက် ဒီလိုပဲ သေရတော့မယ်..."
"အကြီးအကဲ အန်ဘရော့စ်ကို ရန်စရဲတဲ့ကောင်... တကယ် သေချင်နေတာပဲ..."
အမည်းရောင်နဂါးလူငယ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး မုန်လဲ့ကို လုံးဝ ဂရုမစိုက်ပေ။ သူက အဆင့်မြင့်နတ်ဘုရား အလယ်အလတ်အဆင့်ရှိသော အမည်းရောင် ဧရာမနဂါးတစ်ကောင် ဖြစ်ရာ မကြာသေးမီကမှ အဆင့်မြင့်နတ်ဘုရားအဖြစ် အဆင့်တက်ထားသောသူတစ်ယောက်ကို သူ၏မျက်လုံးထဲတွင် အမှိုက်တစ်စကဲ့သို့သာ သဘောထားလေသည်။
"ဟားဟား..."
မုန်လဲ့က ရှောင်တိမ်းခြင်း မရှိဘဲ အမည်းရောင်နဂါးလူငယ်၏ ညာဘက်လက်သည်းက သူ၏ပခုံးပေါ်သို့ ကျရောက်လာသည့်အချိန်၌ ပခုံးကို ညင်သာစွာ တစ်ချက် လှုပ်ရှားလိုက်လေသည်။
"ဝုန်း..."
ကြီးမားလှသော ခွန်အားများ ပေါက်ကွဲထွက်လာပြီး 'ခွပ်' ဆိုသော အသံနှင့်အတူ အမည်းရောင်နဂါးလူငယ်၏ ညာဘက်လက်သည်းနှင့်အတူ ညာဘက်လက်မောင်းတစ်ခုလုံး အသားစများအဖြစ် ကြေမွသွားပြီး အသားစများ လွင့်စင်သွားလေသည်။
"အား..."
အမည်းရောင်နဂါးလူငယ်က နာကျင်စွာ အော်ဟစ်လိုက်လေသည်။
"သေလိုက်စမ်း..."
မုန်လဲ့က လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။
"ဘုန်း..."
သံတူကြီးဖြင့် ဖရဲသီးကို ထုခွဲလိုက်သကဲ့သို့ အမည်းရောင်နဂါးလူငယ်၏ ခေါင်းကြီးမှာ ပေါက်ကွဲထွက်သွားပြီး ဦးနှောက်များ လွင့်စင်သွားကာ အလွန် ကြမ်းတမ်းရက်စက်သော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေသည်။
"ဘာ..."
ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် အားလုံး တစ်ကိုယ်လုံး တုန်ရီသွားကြပြီး သူတို့၏မျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်သွားကြလေသည်။ အဆင့်မြင့်နတ်ဘုရား အလယ်အလတ်အဆင့်နှင့် ညီမျှသော အမည်းရောင်နဂါးတစ်ကောင် ခေါင်းရိုက်ခွဲခံလိုက်ရသည် တဲ့လား။ ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သေချာသည်မှာ အံ့ဩဆုံးသူများမှာ မုန်လဲ့နှင့် အရင်းနှီးဆုံးဖြစ်သည့် အန်ဘရော့စ်နှင့် အယ်လ်ဖ်နတ်ဘုရားမတို့ပင် ဖြစ်လေသည်။
"ဒန်တန်က လူငယ်မျိုးဆက်တွေထဲမှာ စွမ်းအား သိပ်မထူးချွန်ဘူး ဆိုပေမယ့် အလယ်အလတ် နဂါးဘုရင် တစ်ပါးတော့ ဖြစ်တယ်လေ... သူ့ကို ဒီလို လွယ်လွယ်လေး သတ်ပစ်လိုက်တာလား..."
အန်ဘရော့စ်မှာ မျက်လုံးများ ပြူးကျယ်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
"ဒီကောင် အဆင့်မြင့်နတ်ဘုရားအဖြစ် အဆင့်တက်တာ ဘယ်လောက်မှ မကြာသေးဘူးလေ ဒန်တန်ကို သတ်နိုင်တယ်... သူ ဘယ်လို လုပ်လိုက်တာလဲ..."
"သူ... သူက..."
အယ်လ်ဖ်နတ်ဘုရားမမှာ သူမ၏ ပါးစပ်လေးကို လက်ဖြင့် ကာထားပြီး သူမ၏ လှပသော မျက်လုံးများထဲတွင် အံ့ဩမှုများ ပြည့်နှက်နေလေသည်။ မုန်လဲ့က အလယ်အလတ်နတ်ဘုရား မဟုတ်ဘူးလား။ ဘာလို့ အခု ဒီလောက် အစွမ်းထက်နေရတာလဲ။
ချော်ရည်နတ်ဘုရားမက မျက်မှောင်ကြုတ်ကာ မယုံနိုင်သလို မေးလိုက်လေသည်။
"အန်ဘရော့စ်... သူက အခုလေးတင် အဆင့်မြင့်နတ်ဘုရားအဖြစ် အဆင့်တက်ထားတာ ဆိုတာ မင်း သေချာရဲ့လား..."
အန်ဘရော့စ်က မဖြေဘဲ မုန်လဲ့ကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။
"ခဏလေး မတွေ့ရတဲ့အချိန်အတွင်းမှာ မင်းက ဒီလောက် အစွမ်းထက်လာမယ်လို့ မထင်ထားခဲ့ဘူး... အရင်က မင်းကို အထင်သေးမိတာပဲ..."
"ဒါပေမဲ့ ဒီနေ့တော့ မင်း လွတ်မြောက်နိုင်မယ်လို့ မထင်နဲ့... အိပ်မက် မက်နေလိုက်... ငါကိုယ်တိုင် မင်းကို သတ်ပြီး အပိုင်းပိုင်းဖြတ်ပစ်မယ်... မင်းရဲ့ မိုက်မဲမှုနဲ့ အသိဉာဏ်ကင်းမဲ့မှုတွေအတွက် ကြီးမားတဲ့ တန်ဖိုးကို ပေးဆပ်စေရမယ်..."
"မင်း မျှော်လင့်ထားသလို ဖြစ်လာမှာ မဟုတ်ဘူးလို့ ထင်တယ်..."
မုန်လဲ့က အေးဆေးစွာ ပြုံးလိုက်သည်။
"ဘာလို့လဲဆိုတော့ ငါလည်း မင်းကို အလွတ်ပေးဖို့ မရည်ရွယ်ထားလို့ပဲ... စိတ်ချပါ ငါ မင်းကို တစ်ခါတည်းနဲ့ မသတ်ဘူး... အရင်ဆုံး သူတို့ကို အကုန်သတ်ပြမယ်... ပြီးမှ မင်းကို ကြောက်ရွံ့မှုနဲ့ ဒေါသတွေကြားထဲမှာ သေဆုံးသွားစေရမယ်..."
"သေလိုက်စမ်း..."
အန်ဘရော့စ်က မုန်လဲ့ဆီသို့ ကြမ်းတမ်းစွာ ပြေးဝင်လာလေသည်။
"ရွှမ်း..."
သူ၏အရှိန်မှာ အလွန်မြန်ဆန်လှပြီး အရိပ်တစ်ခု ဖြတ်ပြေးသွားသကဲ့သို့ မုန်လဲ့အရှေ့သို့ ချက်ချင်း ရောက်ရှိလာကာ လက်သီးတစ်ချက်ကို ပြင်းထန်စွာ ထိုးချလိုက်လေသည်။
လေပြင်းများ တိုက်ခတ်လာပြီး တောင်များကို ဖြိုခွဲကာ ပင်လယ်များကို မှောက်လှန်ပစ်နိုင်လောက်သည့် အားအင်များ ပါဝင်နေလေသည်။
"ဝုန်း..."
မုန်လဲ့က နေရာမှ အံ့ဩဖွယ်ကောင်းလောက်အောင် ပျောက်ကွယ်သွားပြီး အန်ဘရော့စ်၏ အားကုန်ထိုးချလိုက်သော လက်သီးချက်ကို အလွယ်တကူ ရှောင်တိမ်းသွားလေသည်။ ထို့နောက် ဧရာမနဂါးတစ်ကောင်၏ ကျောဘက်တွင် ပေါ်လာပြီး ထိုနဂါး၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်လေသည်။
"ဘယ်သူလဲ..."
၎င်းမှာ အစိမ်းရောင်နဂါးတစ်ကောင် ဖြစ်ပြီး အရှေ့ရှိ တိုက်ပွဲကို စူးစိုက်ကြည့်နေစဉ် သူ ပြန်လည်မတုံ့ပြန်နိုင်မီမှာပင် မုန်လဲ့က လက်သီးဖြင့် ထုချလိုက်လေသည်။
"ဘုန်း..."
ခေါင်းကြီး ပေါက်ကွဲထွက်သွားပြီး ဦးနှောက်များ လွင့်စင်သွားလေသည်။
"ဒုတိယ တစ်ကောင်..."
မုန်လဲ့က ကျန်ရှိနေသေးသော ဧရာမနဂါးများကို ကြည့်လိုက်လေသည်။
"သောက်ကျိုးနည်း..."
"နဂါးဘိုးဘေးကြီး ကယ်ပါဦး..."
"သူ ဒီမှာ..."
"သူ ဒန်ပီရယ် ကို သတ်လိုက်ပြီ..."
အခြားသော ဧရာမနဂါးများ အလွန် ကြောက်လန့်သွားကြပြီး အန်ဘရော့စ်မှာ ဒေါသကြောင့် အဆုတ်ပင် ပေါက်ကွဲထွက်မတတ် ဖြစ်သွားလေသည်။
မုန်လဲ့ကို မသတ်နိုင်ရုံသာမက မုန်လဲ့က ဒန်ပီရယ်ကိုပါ ထပ်သတ်သွားသေးသည်။ ဒါက တကယ်ကို ရွံရှာစရာကောင်းလွန်းလှသည်။
"သေစမ်း ငါ့လက်ထဲမှာ သေလိုက်စမ်း..."
အန်ဘရော့စ်က အဆက်မပြတ် ဟိန်းဟောက်နေပြီး ရူးသွပ်လုမတတ် ဖြစ်နေလေသည်။
"နတ်ဘုရားနယ်မြေ... ပိတ်လှောင်စမ်း..."
နတ်ဘုရားနယ်မြေ ပျံ့နှံ့သွားပြီး ကီလိုမီတာ သောင်းနှင့်ချီသော ဧရိယာကို ပိတ်လှောင်လိုက်သော်လည်း မုန်လဲ့ကိုတော့ လုံးဝ ပိတ်လှောင်နိုင်ခြင်း မရှိပေ။ မုန်လဲ့က အခြားသော ဧရာမနဂါးတစ်ကောင်၏ နောက်ကွယ်တွင် ထပ်မံပေါ်လာပြန်သည်။
"ဘုန်း..."
ခေါင်းကြီး ပေါက်ကွဲထွက်သွားပြီး ဦးနှောက်များ လွင့်စင်သွားပြန်လေသည်။
"တတိယ တစ်ကောင်..."
"သေနာကောင်... သေနာကောင်... သေနာကောင်..."
အန်ဘရော့စ်မှာ ရူးသွပ်လုမတတ် ဖြစ်နေသော်လည်း အချည်းနှီးသာ ဖြစ်လေသည်။ သူက မုန်လဲ့ကို လုံးဝ ဖမ်းဆီးနိုင်ခြင်း မရှိပေ။
"ဘုန်း..."
"စတုတ္ထ တစ်ကောင်..."
"ဘုန်း..."
"ပဉ္စမ တစ်ကောင်..."
ထိုသို့ဖြင့် မုန်လဲ့က တစ္ဆေတစ်ကောင်အလား လှုပ်ရှားသွားလာနေပြီး ပေါ်လာတိုင်း ဧရာမနဂါးတစ်ကောင်ကို သတ်ပစ်လေသည်။ ပေါ်လာတိုင်း ဧရာမနဂါးတစ်ကောင်၏ အသက်ကို နုတ်ယူသွားလေသည်။
ကျန်ရှိနေသော ဧရာမနဂါးများမှာ ကြောက်လန့်တကြား ထွက်ပြေးကြသော်လည်း အလကားပင် ဖြစ်လေသည်။ သူတို့ ဘယ်လောက်ပဲ မြန်မြန်ပြေးပြေး မုန်လဲ့၏ နေရာရွှေ့ပြောင်းခြင်းလောက် မမြန်နိုင်ပေ။
ထို့အပြင် သူတို့ ဝေးဝေးပြေးလေလေ အန်ဘရော့စ်အတွက် သူတို့ကို ကာကွယ်ရန် ပိုမိုခက်ခဲလေလေ ဖြစ်လေသည်။
ဆယ်စက္ကန့်ခန့် အကြာတွင်တော့ ဧရာမနဂါး နှစ်ဆယ်ကျော် အားလုံးကို မုန်လဲ့က သတ်ပစ်လိုက်ပြီ ဖြစ်ပြီး သွေးရဲရဲသံရဲရဲ ဖြစ်နေသော အန်ဘရော့စ်နှင့် ပါးစပ်အဟောင်းသား ဖြစ်နေကြသော နတ်ဘုရားမများသာ ကျန်ရှိတော့လေသည်။
"ဒီကောင်က တကယ့်ကို အရူးပဲ ဧရာမနဂါး ၂၇ ကောင်လုံးကို သူက သတ်ပစ်လိုက်တယ်..."
"အရူး... လုံးဝ အရူးပဲ... အန်ဘရော့စ်က သူ့ကို လွတ်ပေးမှာ မဟုတ်ဘူး... ဟိုက်ပယ်ရီယွန် ဧရာမနဂါးနတ်ဘုရား မျိုးနွယ်စုကလည်း သူ့ကို လွတ်ပေးမှာ မဟုတ်ဘူး... သူတော့ သေပြီ..."
"တစ္ဆေတစ်ကောင်လို လှုပ်ရှားနေပြီး ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့ ဒါက... နေရာရွှေ့ပြောင်းခြင်း လား... သဘာဝနတ်ဘုရားမ ကို တိုင်တည်ပါတယ် ဒီလိုမှော်ပညာမျိုးကို တတ်မြောက်ထားတဲ့သူ ရှိနေတယ်တဲ့လား..."
နတ်ဘုရားမ တစ်အုပ်လုံး လုံးဝ အံ့အားသင့်သွားကြလေသည်။ သူတို့က အစွမ်းထက်သူများကို မမြင်ဖူးကြသည် မဟုတ်သော်လည်း ဟိုက်ပယ်ရီယွန် နတ်ဘုရားမျိုးနွယ်စုကို ဤသို့ ရက်ရက်စက်စက် သတ်ဖြတ်ရဲသူကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။ ဤသည်မှာ ဟိုက်ပယ်ရီယွန် နတ်ဘုရားမျိုးနွယ်စု တစ်ခုလုံးနှင့် ရန်သူဖွဲ့လိုက်ခြင်းပင် ဖြစ်လေသည်။
"နောက်ထပ် အမြတ်ကြီး ထွက်ပြန်ပြီ..."
နတ်ဘုရားသလင်းကျောက် ၁.၅ ဘီလီယံခန့် ရရှိလိုက်သဖြင့် မုန်လဲ့က အလွန်ပျော်ရွှင်နေပြီး အန်ဘရော့စ် အရှေ့သို့ နောက်တစ်ကြိမ် ထပ်မံပေါ်လာလေသည်။
ယခုအချိန်၌ အန်ဘရော့စ်မှာ အရာအားလုံးကို ရှုံးဆုံးသွားသော လောင်းကစားသမားတစ်ယောက်အလား မျက်လုံးများ နီရဲနေပြီး ရူးသွပ်လုမတတ် ဖြစ်ကာ လုံးဝ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့နေလေပြီ။
"မင်း... သေ... ရ... မယ်..."
အန်ဘရော့စ်က ပြင်းထန်လှသော ဒေါသနှင့် အမုန်းတရားများကို မြိုသိပ်ထားရင်း မျက်စိရှေ့တွင် ပေါ်လာသော မုန်လဲ့ကို မြင်သည်နှင့် တုံ့ဆိုင်းမနေတော့ဘဲ တိုက်ရိုက် ခုန်အုပ်လိုက်လေသည်။
"လာစမ်း..."
ယခုတစ်ကြိမ်တွင်တော့ မုန်လဲ့က နေရာရွှေ့ပြောင်းခြင်းဖြင့် ရှောင်တိမ်းမသွားတော့ဘဲ လက်သီးတစ်ချက်ဖြင့် ပြန်လည်ရင်ဆိုင်လိုက်လေသည်။
"ဝုန်း..."
လက်သီးနှစ်ဖက် ဝင်တိုက်မိသွားပြီး ကြမ်းတမ်းလှသော အရှိန်လှိုင်းကြီးများ ပေါက်ကွဲထွက်သွားကာ ကီလိုမီတာ သန်းဆယ်ချီသော လေဟာနယ်မှာ မျက်စိတစ်မှိတ်အတွင်း အမည်းရောင်အပေါက်ကြီး ဖြစ်သွားလေသည်။
အမည်းရောင်အပေါက်ကြီး၏ ဗဟိုရှိ အန်ဘရော့စ်နှင့် မုန်လဲ့တို့ နှစ်ယောက်လုံးမှာလည်း နောက်သို့ ခြေလှမ်းအနည်းငယ်စီ ဆုတ်သွားကြလေသည်။
"သရေကျတယ်..."
ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် နတ်ဘုရားမများ တစ်ကိုယ်လုံး တုန်ရီသွားကြလေသည်။ ခုနက မုန်လဲ့က နဂါးလူငယ်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပြသခဲ့သော်လည်း မုန်လဲ့က အန်ဘရော့စ်ကိုပါ ယှဉ်ပြိုင်နိုင်စွမ်း ရှိလိမ့်မည်ဟု မည်သူကမျှ မထင်ထားခဲ့ကြပေ။
"မင်း ဘယ်အချိန်ကတည်းက ဒီလောက် အစွမ်းထက်သွားတာလဲ..."
ညာဘက်လက်မောင်းမှ ထွက်ပေါ်လာသော နာကျင်မှုနှင့် ထုံကျဉ်မှုများကို ခံစားလိုက်ရချိန်တွင် အန်ဘရော့စ်မှာ အနည်းငယ် သတိပြန်ဝင်လာပြီး မုန်လဲ့ကို အံ့ဩမှု၊ ဒေါသတို့ ရောထွေးနေသော မျက်နှာဖြင့် ကြည့်လိုက်လေသည်။
"ဒါလေးကို အစွမ်းထက်တယ်လို့ ခေါ်တာလား... ဝေးပါသေးတယ်..."
မုန်လဲ့က လှောင်ပြောင်လိုက်လေသည်။