အခန်း ၃၅၄
Vol. 36 Ch. 354
အခန်း ၃၅၄။ အခြေခံနိယာမ ၅ မျိုးပေါင်းစပ်ခြင်း
လူအများစုမှာ မှော်ပညာပါရမီ မရှိကြပေ။
လူတစ်စုလောက်ကသာ မှော်ပညာပါရမီ ပါလာကြသော်လည်း တစ်မျိုး သို့မဟုတ် နှစ်မျိုးလောက်သာ ဖြစ်လေသည်။
သုံးမျိုးပါလာသူမှာ အလွန်ရှားပါးပြီး လေးမျိုးဆိုလျှင် ပို၍ပင် နည်းပါးသွားသေးသည်။ ငါးမျိုးဆိုလျှင်တော့ လုံးဝကို လက်ချိုးရေတွက်၍ရလောက်အောင် ရှားပါးလွန်းလှပေသည်။
အမြင့်ဆုံးနိယာမတရားကို နားလည်သဘောပေါက်ရန် လိုအပ်သော တိကျသည့် မှော်ပညာပါရမီငါးမျိုးလုံးကို ပိုင်ဆိုင်ထားသူဆိုလျှင်တော့ ပို၍ပို၍ ပို၍ပင် နည်းပါးသွားတော့သည်။
ထို့အပြင် အခြားသော အကြောင်းအရင်းများလည်း ရှိသေးသည်။ ဥပမာ ပါရမီရှိသော်လည်း ကျင့်ကြံခွင့်မရခြင်း သို့မဟုတ် လမ်းခုလတ်တွင် သေဆုံးသွားခြင်း စသည်တို့ ဖြစ်လေသည်။
ထိုအကြောင်းအရင်းများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေခြင်းကြောင့် အမြင့်ဆုံးနိယာမတရားကို နားလည်သဘောပေါက်ထားသော ပြီးပြည့်စုံသောအဆင့် ရောက်ရှိသူများမှာ အလွန်တရာ ရှားပါးလွန်းလှပေသည်။
ကျယ်ပြောလှသော စကြဝဠာကြီးတစ်ခုလုံးကို ခြုံကြည့်လျှင်ပင် လက်တစ်ဖက်စာထက် မပိုနိုင်ပေ။
"ကောင်းကင်က လူတွေကို အမြဲတမ်း လမ်းစလေးတစ်ခု ချန်ထားပေးတယ်လို့ ဆိုကြတယ်... သာမန်သက်ရှိတွေအတွက် ပြီးပြည့်စုံတဲ့အဆင့် ပင်မနတ်ဘုရား ဖြစ်လာနိုင်မယ့် အခွင့်အရေးကို ဖန်တီးပေးထားတယ်ဆိုပေမယ့် ဒီအခွင့်အရေးက အရမ်းကို မျှော်လင့်ချက် နည်းပါးလွန်းလှတယ်..."
ဒိုဒိုလာက သက်ပြင်းချကာ ပြောလိုက်လေသည်။ မုန်လဲ့ကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
"ဟုတ်တယ်... အရမ်းကို မျှော်လင့်ချက် နည်းပါးလွန်းတယ်... အောင်မြင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပါပဲ... ဒါကိုကြည့်ရင် အချိန်ကာလနတ်ဘုရားဆိုတာ တကယ်ကို ကြီးမြတ်တဲ့ တည်ရှိမှုတစ်ခုပဲ..."
ဒိုဒိုလာက နှာခေါင်းရှုံ့လိုက်လေသည်။ ၎င်း၏မျက်နှာပေါ်တွင် ငါ အစောကြီးကတည်းက ပြောထားသားပဲ အချိန်ကာလနတ်ဘုရားက အရမ်း အစွမ်းထက်တယ်လို့ မင်းကမှ မယုံတာ ငါက ဘာလုပ်တတ်နိုင်မှာလဲ ဟူသော အမူအရာမျိုး ပေါ်လွင်နေလေသည်။ မုန်လဲ့က ရယ်မောလိုက်လေသည်။
"ဒိုဒိုလာ... အခု ငါက ပြီးပြည့်စုံတဲ့အဆင့်နဲ့ ယှဉ်နိုင်နေပြီလေ... အချိန်ကာလနတ်ဘုရားရဲ့ ပိုင်ဆိုင်မှုတွေကို ငါ့ဆီ ပေးသင့်ပြီ မဟုတ်ဘူးလား..."
"မင်းက စမ်းသပ်မှုမှ မအောင်မြင်သေးတာ..."
ဒိုဒိုလာက မစဉ်းစားဘဲ ချက်ချင်း ငြင်းဆန်ရန် ပြင်လိုက်သော်လည်း မုန်လဲ့က ကြားဖြတ်ပြောလိုက်လေသည်။
"အဆင်ပြေနေချိန်မှာ ကူညီတာထက် ဒုက္ခရောက်နေချိန်မှာ ကူညီတာက ပိုပြီး အကျိုးရှိတယ်လေ... ငါ ပင်မနတ်ဘုရား ဖြစ်လာမှ မင်းက အချိန်ကာလနတ်ဘုရားရဲ့ ပိုင်ဆိုင်မှုတွေကို လာပေးမယ်ဆိုရင် ငါက အရေးတယူ လုပ်ချင်မှ လုပ်တော့မှာ..."
၎င်းမှာ အမှန်တရားပင် ဖြစ်လေသည်။ အချိန်ကာလနတ်ဘုရားက မည်မျှပင် အစွမ်းထက်သည် ဆိုစေကာမူ သူက အဆင့်နိမ့် အဆင့် ပင်မနတ်ဘုရားနှင့် ညီမျှသော အလယ်အလတ် ရှေးဟောင်းနတ်ဘုရားအဆင့်သာ ရှိသေးလေသည်။ သူ၏ ကြွယ်ဝချမ်းသာမှုက မည်မျှများ ရှိနိုင်မည်နည်း။
အလွန်ဆုံး အဆင့်နိမ့် အဆင့် ပင်မနတ်ဘုရားနှင့် တန်းတူသာ ရှိမည်ဖြစ်သည်။ ထိုပိုင်ဆိုင်မှုများက ယခုလက်ရှိ မုန်လဲ့အတွက်တော့ အလွန်များပြားလှပေသည်။
သို့သော် မုန်လဲ့က ဆက်တိုက် တိုးတက်လာမည်ဆိုလျှင် ဤပိုင်ဆိုင်မှုများကလည်း တန်ဖိုး ကျဆင်းသွားမည်သာ ဖြစ်သည်။
အကယ်၍ တစ်နေ့နေ့တွင် မုန်လဲ့က အလယ်အလတ် ပင်မနတ်ဘုရား သို့မဟုတ် အဆင့်မြင့် ပင်မနတ်ဘုရားအထိ ဖြစ်လာမည်ဆိုလျှင် အချိန်ကာလနတ်ဘုရား၏ ပိုင်ဆိုင်မှုများကို သူက လုံးဝ ဂရုစိုက်တော့မည် မဟုတ်ပေ။
သာယာချိန်တွင် ပန်းထပ်ဆင်ပေးခြင်းထက် ဆင်းရဲချိန်တွင် မီးသွေးပေးခြင်းက ပို၍ တန်ဖိုးရှိသည် မဟုတ်ပါလော။ ယခုအချိန်က သူ့ကို ပေးရန် အသင့်တော်ဆုံး အချိန်ပင် ဖြစ်လေသည်။
ဒိုဒိုလာက ဉာဏ်ကောင်းသူတစ်ယောက် ဖြစ်ရာ ဤစကား၏ အဓိကအချက်ကို ချက်ချင်း သဘောပေါက်သွားပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေသည်။
"ကောင်းပြီလေ... အခုတော့ မင်းက ငါ့ကိုတောင် ခြိမ်းခြောက်ရဲနေပြီပေါ့..."
"ခြိမ်းခြောက်တယ်... ဒါက ဘယ်လိုစကားမျိုးလဲ... အမှန်တရားကို ရှင်းပြနေတာပါ..."
မုန်လဲ့က လက်ယမ်းလိုက်လေသည်။
"ဟွန့်... ငါ့ကို လာမလိမ်နဲ့... မင်း ခြိမ်းခြောက်တာကို ငါ မကြိုက်ပေမယ့် မင်းပြောတာ အဓိပ္ပာယ်ရှိတယ်ဆိုတာတော့ ငါ ဝန်ခံပါတယ်... ဒါကြောင့်..."
မုန်လဲ့၏ မျက်လုံးများ တောက်ပသွားလေသည်။
"ဒါကြောင့် အချိန်ကာလနတ်ဘုရားရဲ့ ပိုင်ဆိုင်မှုတွေကို မင်းကို ပေးဖို့ ငါ ဆုံးဖြတ်လိုက်ပြီ... ဒါပေမဲ့ မပေးခင်မှာ မင်းကို ပြောပြချင်တာလေး တစ်ခုရှိတယ်... အချိန်ကာလနတ်ဘုရားက အချိန်ကာလ နိယာမတရားကို ထိန်းချုပ်နိုင်တယ်လေ... သူ အကျွမ်းကျင်ဆုံးက ရတနာရှာဖွေတာနဲ့ ရတနာတိုက်တွေကို လုယက်တာပဲ... ဒါကြောင့် သူ့ရဲ့ ပိုင်ဆိုင်မှုတွေက မင်း ထင်ထားတာထက် အများကြီး ပိုများတယ်..."
"ဟီးဟီး... ပိုများလေ ပိုကောင်းလေပေါ့..."
မုန်လဲ့၏ မျက်လုံးများက ပို၍ တောက်ပလာလေသည်။
ဒိုဒိုလာက နှုတ်ခမ်းကို တွန့်လိုက်ပြီးနောက် မြေပြင်ပေါ်ရှိ မြက်ခင်းပြင်က အက်ကွဲသွားကာ လျှို့ဝှက်ခန်းတစ်ခု ပေါ်လာလေသည်။ ထိုအထဲတွင် သေသပ်လှပသော သေတ္တာငယ်လေးတစ်ခု ရှိနေလေသည်။
မုန်လဲ့က သေတ္တာကို ဖမ်းဆွဲလိုက်ပြီး အလောတကြီး ဖွင့်ကြည့်လိုက်ရာ ထိုအထဲတွင် လေဟာနယ်လက်စွပ်တစ်ကွင်း ငြိမ်သက်စွာ ရှိနေသည်ကို တွေ့လိုက်ရလေသည်။ မုန်လဲ့က လက်စွပ်ကို ကောက်ယူလိုက်ပြီး သူ၏ နတ်ဘုရားဝိညာဉ်အာရုံကို လွှတ်ထုတ်လိုက်လေသည်။
"ဘာ..."
မုန်လဲ့ တစ်ယောက် လုံးဝ အံ့အားသင့်သွားလေသည်။
"ဘယ်လိုလဲ... လန့်သွားပြီလား..."
ဒိုဒိုလာက ၎င်း၏ အကြံအစည် အောင်မြင်သွားသကဲ့သို့ ပြုံးနေလေသည်။ မုန်လဲ့က ခဏတာမျှ စကားမပြောနိုင်ဘဲ ဖြစ်သွားပြီးနောက် ဒိုဒိုလာကို ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်လေသည်။
"ဒိုဒိုလာ... မင်း ငါ့ကို လှည့်စားတယ်..."
"ဘာကို လှည့်စားတာလဲ... ဒီစကားကတော့ နည်းနည်း လွန်သွားပြီနော်..."
ဒိုဒိုလာလည်း ဒေါသထွက်သွားလေသည်။
"မလွန်ပါဘူး..."
မုန်လဲ့က လေဟာနယ်လက်စွပ်ထဲရှိ ပစ္စည်းကို ထုတ်ယူလိုက်လေသည်။ ထိုအရာက အရောင်ငါးမျိုး တောက်ပနေသော ပုံစံမကျသည့် သလင်းကျောက် အပိုင်းအစလေး တစ်ခုသာ ဖြစ်လေသည်။
"အချိန်ကာလနတ်ဘုရားရဲ့ ပိုင်ဆိုင်မှုဆိုတာ ဒီနိယာမတရား အပိုင်းအစလေး တစ်ခုတည်းလား... မင်း ဘာလုပ်နေတာလဲ..."
မုန်လဲ့ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
"အာ... ဟုတ်သားပဲ... ငါ့ရဲ့ မှတ်ဉာဏ်ကတော့ အရမ်းအရေးကြီးတဲ့ ကိစ္စကြီးကို ဘယ်လိုများ မေ့သွားရတာလဲ... တကယ် အရိုက်ခံသင့်တယ်... အရိုက်ခံသင့်တယ်..."
ဒိုဒိုလာက အနည်းငယ် ကြောင်အမ်းသွားပြီးနောက် နောင်တရသလိုမျိုး ပြောလိုက်လေသည်။
"မင်းမှာ ဘာပြောစရာ ရှိသေးလဲ..."
မုန်လဲ့၏ မျက်နှာမှာ အလွန် ကြည့်ရဆိုးနေပြီး ဒိုဒိုလာ၏ လှည့်စားခြင်းကို အပြည့်အဝ ခံလိုက်ရသည်ဟု ခံစားနေရလေသည်။
"သေချာ နားထောင်... အချိန်ကာလနတ်ဘုရား မင်းအတွက် ချန်ထားခဲ့တဲ့ ပိုင်ဆိုင်မှုတွေက ဒီနိယာမတရား အပိုင်းအစလေး တစ်ခုတည်းတော့ လုံးဝ မဟုတ်ပါဘူး... ဒါပေမဲ့ ကျန်တဲ့ ပိုင်ဆိုင်မှုတွေက ငါ့ဆီမှာ မရှိဘူး..."
ဒိုဒိုလာ၏ မျက်နှာအမူအရာမှာ အလေးအနက် ဖြစ်သွားလေသည်။
"မင်းဆီမှာ မရှိဘူး ဟုတ်လား... ဘာအဓိပ္ပာယ်လဲ..."
မုန်လဲ့ အံ့အားသင့်သွားလေသည်။
"အဲဒီတုန်းက အချိန်ကာလနတ်ဘုရားက အဲဒီကြောက်စရာကောင်းတဲ့ တည်ရှိမှုကြီးရဲ့ လိုက်လံသတ်ဖြတ်တာကို ခံရတော့ သူ တစ်သက်လုံး ရှာဖွေစုဆောင်းထားခဲ့တဲ့ ပိုင်ဆိုင်မှုတွေ အဲဒီလူရဲ့ လက်ထဲ ရောက်သွားမှာကို စိုးရိမ်လို့ နေရာခွဲပြီး ဝှက်ထားခဲ့တာလေ... ပိုင်ဆိုင်မှုတွေကို သုံးစု ခွဲပြီး နေရာသုံးနေရာမှာ ဝှက်ထားခဲ့တာ... အစုတစ်ခုစီက အလယ်အလတ် ပင်မနတ်ဘုရား တစ်ပါးရဲ့ တစ်သက်တာ ပိုင်ဆိုင်မှုတွေလောက် ရှိတယ်..."
ဒိုဒိုလာက လေးနက်သော အသံဖြင့် ရှင်းပြလိုက်လေသည်။
"ဒီလောက်တောင် များတာလား..."
မုန်လဲ့၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။
"အဲဒီတုန်းက အချိန်ကာလနတ်ဘုရား ဘာလို့ လိုက်လံသတ်ဖြတ်ခံခဲ့ရလဲဆိုတာ မင်း သိလား... ဘာလို့လဲဆိုတော့ အချိန်ကာလနတ်ဘုရားက အဆင့်မြင့်လောကရဲ့ မျိုးစေ့ကို ခိုးယူသွားတာအပြင် အဲဒီတည်ရှိမှုကြီးရဲ့ ရတနာတိုက်ကိုပါ အကုန်လုံး လုယက်သွားလို့ပဲ... ပြီးတော့ အဲဒီတည်ရှိမှုကြီးဆိုတာက အဆင့်မြင့် ပင်မနတ်ဘုရား တစ်ပါးလေ..."
ဒိုဒိုလာက ခပ်ဖွဖွ နှာခေါင်းရှုံ့လိုက်လေသည်။ မုန်လဲ့က လေပြင်းတစ်ချက် ရှူသွင်းလိုက်မိလေသည်။
"အချိန်ကာလနတ်ဘုရားက အဆင့်မြင့် ပင်မနတ်ဘုရားရဲ့ ပိုင်ဆိုင်မှုတွေကိုပါ ခိုးယူရဲတယ် ဟုတ်လား... သူ့ရဲ့ သတ္တိကတော့ တကယ်ကို ကြီးမားလွန်းတယ်..."
"ဒါကြောင့် သူ သေသွားတာပေါ့... မင်းလည်း သင်ခန်းစာ ယူထား... သူလိုမျိုး အဆုံးသတ် မသွားစေနဲ့..."
ဒိုဒိုလာ၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုအချို့ ပေါ်လာလေသည်။
"စိတ်ချပါ ငါက သေရမှာကို အရမ်းကြောက်တယ်... လုံလောက်တဲ့ စွမ်းအား မရှိသေးသရွေ့ ငါ့ထက် အစွမ်းထက်တဲ့သူကို ဘယ်တော့မှ သွားပြီး ရန်မစဘူး... ဒါနဲ့ အဲဒီ ပိုင်ဆိုင်မှု သုံးစုကို ဘယ်နေရာတွေမှာ ဝှက်ထားတာလဲ..."
"ကျန်တဲ့ နေရာနှစ်ခုက အရမ်းဝေးတယ် အခုတော့ မပြောသေးဘူး... မင်းနဲ့ အနီးဆုံး တစ်နေရာကတော့ လျှပ်စီးနတ်ဘုရားလောကရဲ့ အိုလံပတ်စ် တောင်တန်းမှာ ဝှက်ထားတယ်..."
"လျှပ်စီးနတ်ဘုရားလောက..."
မုန်လဲ့ ချက်ချင်း မျက်မှောင်ကြုတ်သွားလေသည်။
"လျှပ်စီးနတ်ဘုရားလောကမှာ ရှိနေတယ်ဆိုတော့ နည်းနည်းတော့ ပြဿနာရှိတယ်... ဒါပေမဲ့ ကိစ္စမရှိပါဘူး... ငါ ရုပ်ဖျက်ပြီးသွားရင် အဲဒီပိုင်ဆိုင်မှုတွေကို တိတ်တဆိတ် ယူလာနိုင်လောက်မှာပါ..."
ဒိုဒိုလာက ခေါင်းညိတ်လိုက်လေသည်။ မုန်လဲ့က သွေးမျိုးဆက် အများအပြားကို ပိုင်ဆိုင်ထားသဖြင့် လျှပ်စီးနတ်ဘုရားလောကသို့ တိတ်တဆိတ် ဝင်ရောက်သွားပါက မည်သူက သူ့ကို မှတ်မိနိုင်မည်နည်း။
"ဒီအဆုံးအစမရှိသောလောက ခရီးစဉ် ပြီးတာနဲ့ ငါ လျှပ်စီးနတ်ဘုရားလောကကို သွားပြီး အဲဒီရတနာတွေကို သွားယူမယ်..."
မုန်လဲ့၏ မျက်လုံးများက တောက်ပနေလေသည်။ အလယ်အလတ် ပင်မနတ်ဘုရား တစ်ပါး၏ တစ်သက်တာ ပိုင်ဆိုင်မှု ဆိုသည်မှာ အလွန် များပြားလွန်းလှရာ သူ မည်သို့မျှ လက်လွတ်ခံမည် မဟုတ်ပေ။
"မသွားခင်မှာ မင်း အရင်ဆုံး အချိန်ကာလ နိယာမတရားကို နားလည်သဘောပေါက်အောင် လုပ်ရမယ်... ပိုင်ဆိုင်မှု သုံးစုလုံးက အချိန်ကာလ လေဟာနယ်မုန်တိုင်းထဲမှာ ဝှက်ထားတာ... မင်းသာ အချိန်ကာလ နိယာမတရားကို မပိုင်နိုင်ဘူးဆိုရင် အဲဒီပိုင်ဆိုင်မှုတွေကို ယူလို့ရမှာ မဟုတ်ဘူး..."
ဒိုဒိုလာက ထိုနိယာမတရား အပိုင်းအစကို လက်ညှိုးထိုးပြလိုက်လေသည်။
"အချိန်ကာလ နိယာမတရားကို နားလည်သဘောပေါက်ရမယ် ဟုတ်လား..."
မုန်လဲ့က ထိုနိယာမတရား အပိုင်းအစကို ကြည့်လိုက်လေသည်။ အရောင်ငါးမျိုး တောက်ပနေသဖြင့် ၎င်းမှာ အခြေခံနိယာမတရားငါးမျိုး ပေါင်းစပ်ထားသော အပိုင်းအစတစ်ခု ဖြစ်ကြောင်း သိသာလှပေသည်။ မုန်လဲ့က ထိုအရောင်များကို ကြည့်ပြီး အချိန်ကာလ နိယာမတရားကို ဖန်တီးပေးမည့် လျှပ်စီး မီး လေ အလင်း အမှောင် ဟူသော အခြေခံနိယာမတရားငါးမျိုး ပေါင်းစပ်ထားသည့် အပိုင်းအစ ဖြစ်ကြောင်း ချက်ချင်း သိလိုက်လေသည်။
"ဒီအခြေခံနိယာမတရား ငါးမျိုး ပေါင်းစပ်ထားတဲ့ အပိုင်းအစက ရတနာတွေကို ဖွင့်ဖို့ သော့ချက်ပဲ... ဒီအခြေခံနိယာမတရား ငါးမျိုးကို အပြည့်အဝ နားလည်သဘောပေါက်ပြီး အချိန်ကာလ နိယာမတရားကို ဖန်တီးနိုင်မှသာ အဲဒီပိုင်ဆိုင်မှု သုံးစုကို ယူနိုင်ဖို့ အခွင့်အရေး ရှိမှာပါ..."
ဒိုဒိုလာက ဖြည်းညင်းစွာ ရှင်းပြလိုက်လေသည်။
"နိယာမတရား အပိုင်းအစ ရှိနေသရွေ့ အရာအားလုံးက လွယ်ကူသွားပါပြီ..."
မုန်လဲ့က ရယ်မောလိုက်ပြီးနောက် စနစ်ကို အမိန့်ပေးလိုက်လေသည်။
"စနစ်... ဒီနိယာမတရား အပိုင်းအစထဲက အခြေခံနိယာမတရား ငါးမျိုး ပေါင်းစပ်ထားတဲ့ နိယာမတရားကို လုယူစမ်း..."
သူက ဤနိယာမတရား အပိုင်းအစကို အချိန်ယူပြီး ဖြည်းဖြည်းချင်း နားလည်သဘောပေါက်အောင် လုပ်၍ ရသော်လည်း အလွန် နှေးကွေးလွန်းမည် ဖြစ်သည်။ ထို့ကြောင့် တိုက်ရိုက် လုယူလိုက်ခြင်းက ပိုကောင်းပေမည်။ စူပါ လုယူခြင်း စနစ်က အရာအားလုံးကို လုယူနိုင်သည်ဟု မုန်လဲ့ ယုံကြည်လေသည်။
"အသိပေးချက်... လုယူမည့် ပစ်မှတ် အခြေခံနိယာမတရား ငါးမျိုး ပေါင်းစပ်ထားသော နိယာမတရား အပိုင်းအစ... ပစ်မှတ်၏ အရာဝတ္ထု အခြေခံနိယာမတရား ငါးမျိုး ပေါင်းစပ်ထားသော နိယာမတရား..."
စနစ်က အေးစက်စက် ဖြေကြားလိုက်လေသည်။
"အသိပေးချက်... လုယူမည့် ကုန်ကျစရိတ် နတ်ဘုရားသလင်းကျောက် ခြောက်ခု... လုယူမည်လား..."
"လုယူမယ်..."
ထူးဆန်းသော စွမ်းအင်တစ်ခုက နိယာမတရား အပိုင်းအစကို လွှမ်းခြုံသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အပိုင်းအစထဲမှ အရောင်ငါးမျိုး တောက်ပနေသော အလင်းတန်းများမှာ တိတ်တဆိတ် ပျောက်ကွယ်သွားလေသည်။
ထို့နောက် နိယာမတရား အပိုင်းအစမှာ အဖြူရောင် အမှုန့်များအဖြစ် ပြောင်းလဲသွားပြီး သဲဖြူများအလား မုန်လဲ့၏ လက်ချောင်းများကြားမှ မြေပြင်ပေါ်သို့ ကျဆင်းသွားလေသည်။
တစ်ချိန်တည်းမှာပင် အခြေခံနိယာမတရားငါးမျိုး ပေါင်းစပ်ထားသော နိယာမတရားများနှင့် ပတ်သက်သည့် သတင်းအချက်အလက် လှိုင်းလုံးကြီးတစ်ခုက ရုပ်ရှင်ပြသနေသကဲ့သို့ မုန်လဲ့၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာလေသည်။ မုန်လဲ့လည်း ထိုအချက်အလက်များကို အလျင်အမြန် လေ့လာမှတ်သားလိုက်လေသည်။
နိယာမတရားများကို နားလည်သဘောပေါက်ခြင်းနှင့် ပတ်သက်၍ ပြောရမည်ဆိုပါက မုန်လဲ့မှာ အလွန် ထူးဆန်းသော သူတစ်ယောက် ဖြစ်လေသည်။ အခြေခံနိယာမတရား ဆယ်မျိုးလုံးကို သူ နားလည်သဘောပေါက်ထားလေသည်။ ဤအချက်တစ်ခုတည်းနှင့်ပင် ကျယ်ပြောလှသော စကြဝဠာကြီးတစ်ခုလုံးတွင် ပြိုင်ဘက်ကင်း ဖြစ်နေပေပြီ။
ထို့အပြင် သူက နှစ်မျိုးပေါင်းစပ် နိယာမတရား ဒါဇင်ပေါင်းများစွာ သုံးမျိုးပေါင်းစပ် နိယာမတရား လေးမျိုးနှင့် လေးမျိုးပေါင်းစပ် နိယာမတရား နှစ်မျိုးကိုပါ နားလည်သဘောပေါက်ထားသေးလေသည်။
သို့သော်လည်း ဤမျှများပြားသော နိယာမတရားများကို နားလည်သဘောပေါက်ထားသော်လည်း အခြေခံနိယာမတရားငါးမျိုး ပေါင်းစပ်ထားသော နိယာမတရားကိုတော့ မုန်လဲ့ တစ်ခါမျှ မကြုံဖူးသေးပေ။ ယခု ကြုံတွေ့လာရပြီဖြစ်ရာ သေချာပေါက် ဂရုတစိုက် လေ့လာရမည် ဖြြုစ်လေသည်။
"မြန်မြန်... တန်ဖိုးကြီး ရတနာက ဟိုဘက်မှာ ရှိတယ်... မြန်မြန်လုပ်... တခြားသူတွေ အရင် ရမသွားစေနဲ့..."
ထိုအချိန်တွင် မဖိတ်ခေါ်ထားသော ဧည့်သည်တစ်စု ရောက်ရှိလာလေသည်။ သူတို့မှာ အမြင့်ပေ ရာနှင့်ချီ ရှိပြီး ရွှေရောင်သံချပ်ကာများကို ဝတ်ဆင်ထားကာ ဆင်ခေါင်းနှင့် လူကိုယ်ပိုင်ဆိုင်ထားပြီး လက်ထဲတွင် ဧရာမ ပုဆိန်ကြီးများနှင့် ကြေးဝါတူကြီးများကို ကိုင်ဆောင်ထားကြလေသည်။
သူတို့ တစ်ယောက်ချင်းစီဆီမှ ကြမ်းတမ်းရက်စက်သော အရှိန်အဝါများ ထွက်ပေါ်နေပြီး လူသားပုံစံ ဧရာမ ဆင်ကြီးများနှင့် အလားသဏ္ဍာန် တူလှပေသည်။
"ရတနာတွေကော... ရတနာတွေ ဘယ်မှာလဲ..."
ဤဆင်လူသားများက အနီးသို့ လျင်မြန်စွာ ရောက်ရှိလာပြီး ရတနာများကို မတွေ့ရဘဲ လူသားပုံစံ ပြန်လည်ပြောင်းလဲထားသော မုန်လဲ့ကိုသာ တွေ့လိုက်ရသောအခါ အားလုံး ဒေါသထွက်သွားကြလေသည်။
"သေစမ်း... အလောတကြီး လာခဲ့တာတောင် တခြားသူ အရင်ဦးသွားပြီ... သူ့ကို သတ်... ရတနာတွေကို ပြန်လု... ပြီးရင် ဒီနေရာကနေ ချက်ချင်း ထွက်သွားကြစို့... သတ်..."
ယခုအချိန်၌ မုန်လဲ့မှာ နက်နဲလှသော အခြေခံနိယာမတရားငါးမျိုး ပေါင်းစပ်ခြင်းထဲတွင် နစ်မြုပ်နေသဖြင့် သူ၏ အရှိန်အဝါများ လုံးဝ ပျောက်ကွယ်နေပြီး သာမန်လူတစ်ယောက်အလား မည်သည့်စွမ်းအားကိုမျှ ထုတ်လွှတ်ခြင်း မရှိပေ။
ထို့ကြောင့် ဆင်လူသားများက တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြလေသည်။ သူတို့က ဧရာမ ပုဆိန်ကြီးများနှင့် ကြေးဝါတူကြီးများကို ဝှေ့ယမ်းကာ မုန်လဲ့ကို အလျင်အမြန် သတ်ပစ်ပြီးနောက် ဤနေရာမှ ချက်ချင်း ထွက်ခွာရန် ရည်ရွယ်ထားကြလေသည်။
ဧရာမ ပုဆိန်ကြီးများနှင့် ကြေးဝါတူကြီးများကဲ့သို့သော လက်နက်ကြီးများက မုန်လဲ့၏ ကိုယ်ပေါ်သို့ တဝုန်းဝုန်း ကျရောက်လာသော်လည်း မုန်လဲ့ကို နည်းနည်းလေးမျှ မထိခိုက်စေနိုင်ပေ။ သို့သော်လည်း မုန်လဲ့ကိုတော့ အိပ်မက်ထဲမှ လန့်နိုးသွားစေခဲ့လေသည်။
"သေနာကောင်တွေ..."
မုန်လဲ့က နက်နဲလှသော အခြေခံနိယာမတရားငါးမျိုး ပေါင်းစပ်ခြင်းထဲတွင် နစ်မြုပ်နေခြင်း ဖြစ်လေသည်။ ဤနိယာမတရားများကို နားလည်သဘောပေါက်သွားပါက ငွေအနည်းငယ် သုံး၍ ရာခိုင်နှုန်းပြည့်သည်အထိ အလွယ်တကူ မြှင့်တင်နိုင်မည် ဖြစ်လေသည်။
ထိုသို့ မြှင့်တင်ပြီးပါက သူက အခြေခံနိယာမတရားငါးမျိုးကို အပြည့်အဝ နားလည်သဘောပေါက်သွားပြီး ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်လေသည်။ ပြီးပြည့်စုံသော နတ်ဘုရားခန္ဓာကိုယ်နှင့် ပြီးပြည့်စုံသော အဆင့်။ မုန်လဲ့က အစစ်အမှန် ပြီးပြည့်စုံသော တည်ရှိမှုတစ်ခု ဖြစ်လာမည် ဖြစ်လေသည်။
ဘယ်လောက်တောင် လှပတဲ့ အရာလဲ။ ဒါပေမဲ့ အခုတော့ သူ့ကို လာနှောင့်ယှက်လိုက်ကြပြီ။ မုန်လဲ့၏ ရင်ထဲတွင် အရာအားလုံးကို ဖျက်ဆီးပစ်ချင်သော ကမ္ဘာကြီးကို ဖျက်ဆီးပစ်ချင်သော ဆန္ဒများ ပေါ်ပေါက်လာလေသည်။
"သေနာကောင်တွေ... ငါ့ရဲ့ ကောင်းမွန်တဲ့ အချိန်လေးကို လာနှောင့်ယှက်ရဲတယ်... သေဖို့သာ ပြင်ထားကြ... အကုန်လုံး သေကြစမ်း..."
ကြမ်းတမ်းလှသော အရှိန်အဝါကြီးက ဧရာမ လှိုင်းလုံးကြီးတစ်ခုအလား ပေါက်ကွဲထွက်လာပြီး ကျယ်လောင်သော မိုးခြိမ်းသံကြီးများနှင့်အတူ သူ့ကို တိုက်ခိုက်နေသော ဆင်လူသားများ အားလုံး လွင့်စင်သွားကြလေသည်။
ဆင်လူသားများ အားလုံး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ သွေးများ အဆက်မပြတ် ပန်းထွက်လာပြီး အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြလေသည်။
"အရမ်း... အရမ်းကို ကြောက်စရာကောင်းတဲ့ အရှိန်အဝါပဲ... သေစမ်း... ငါတို့ အမှားလုပ်မိပြီ... ပြေး... မြန်မြန်ပြေး... သူက အရမ်းကို အစွမ်းထက်လွန်းတယ်..."
ဤအဆင့်ထိ ကျင့်ကြံလာနိုင်သူများ ဖြစ်ရာ မည်သူကမျှ အရူးများ မဟုတ်ကြပေ။ မုန်လဲ့ဆီမှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားမိလိုက်သည်နှင့် သူတို့က မုန်လဲ့ကို လုံးဝ ယှဉ်ပြိုင်နိုင်မည် မဟုတ်ကြောင်း သိလိုက်ကြလေသည်။ ထို့ကြောင့် ခြေကုန်သုတ်၍ ထွက်ပြေးကြတော့သည်။
"ပြေးချင်တယ် ဟုတ်လား... သေဖို့သာ ပြင်ထားကြ..."
နတ်ဘုရားနယ်မြေ ပျံ့နှံ့သွားပြီး ဆင်လူသားများ အားလုံးကို မျက်စိတစ်မှိတ်အတွင်း ပိတ်လှောင်လိုက်လေသည်။ မုန်လဲ့က ယင်ကောင်များကို ရိုက်သတ်သကဲ့သို့ သူ၏ လက်ဝါးဖြင့် အဆက်မပြတ် ရိုက်ချလိုက်လေသည်။
အရိုးများ ကျိုးကြေသွားသံနှင့်အတူ ဆင်လူသားများ အားလုံး၏ ခန္ဓာကိုယ်များမှာ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်သွားလေတော့သည်။