အခန်း ၃၆၄
Vol. 37 Ch. 364
အခန်း ၃၆၄ ပြီးပြည့်စုံသောအဆင့် ခြောက်ပါးနှင့် လနတ်ဘုရားမ
ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအရှိန်အဝါကြီးက ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားပြီး နတ်ဘုရားမများ၏ ဝိညာဉ်များကို ရက်စက်စွာ ဖိနှိပ်လိုက်လေသည်။
သူမတို့၏ သွယ်လျသော ခန္ဓာကိုယ်လေးများမှာ ပြင်းထန်စွာ တုန်ရီသွားကြပြီး ရင်ထဲတွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြလေသည်။
"ပြီးပြည့်စုံတဲ့အဆင့်..."
"ဒါက ပြီးပြည့်စုံတဲ့အဆင့်ပဲ..."
ထိုအချိန်မှာပင် နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက လေဟာနယ် တံခါးပေါက်ထဲမှ ထွက်ပေါ်လာပြီး ကောင်းကင်ယံတွင် ရပ်တန့်သွားလေသည်။ ဆင်ခေါင်းနှင့် လူကိုယ် ပိုင်ဆိုင်ထားပြီး တစ်ကိုယ်လုံးတွင် ရွှေရောင် သံချပ်ကာကို ဝတ်ဆင်ထားလေသည်။
အရပ်ပေ ရာနှင့်ချီ မြင့်မားပြီး လက်ထဲတွင် ဧရာမ ပုဆိန်ကြီးကို ကိုင်ဆောင်ထားလေသည်။ သူ၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော နတ်ဘုရားအရှိန်အဝါမှာ အရင်တစ်ယောက်ထက် နည်းနည်းလေးမျှ မညံ့ပေ။
သို့သော် ဤမျှနှင့် မပြီးသေးပေ။ နောက်ထပ် လူရိပ်အနည်းငယ်က လေဟာနယ် တံခါးပေါက်ထဲမှ ပျားအုံကို တုတ်နှင့်ထိုးလိုက်သကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် ထွက်ပေါ်လာကြလေသည်။
လူတိုင်းဆီမှ ထွက်ပေါ်နေသော နတ်ဘုရားအရှိန်အဝါများက ကောင်းကင်ယံအထိ ထိုးဖောက်နေလေသည်။
"သဘာဝနတ်ဘုရားမကို တိုင်တည်ပါတယ်..."
"ဒီ ဒီလောက်များတဲ့ ပြီးပြည့်စုံတဲ့အဆင့်တွေ..."
"ခြောက်ယောက်တောင်..."
"မယုံနိုင်စရာပဲ..."
"လုံးဝကို မယုံကြည်နိုင်စရာပဲ..."
"စိတ်ကူးနဲ့တောင် ပုံဖော်လို့ မရဘူး..."
နတ်ဘုရားမများ တစ်အုပ်လုံး အသည်းအေးမတတ် ကြောက်လန့်သွားကြလေသည်။
ပြီးပြည့်စုံသောအဆင့် ဆိုသည်မှာ မည်သို့သော တည်ရှိမှုမျိုး ဖြစ်သနည်း။ သူတို့က ကျယ်ပြောလှသော စကြဝဠာကြီး တစ်ခုလုံးတွင် ပင်မနတ်ဘုရားများ ပြီးလျှင် အမြင့်ဆုံးသော တည်ရှိမှုများ ပင် ဖြစ်လေသည်။
ပြိုင်ဘက်ကင်းသော စွမ်းအားများနှင့် အလွန် မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားကြလေသည်။
စဉ်းစားကြည့်ရုံနှင့် သိနိုင်ပေသည်။ နတ်ဘုရားမျိုးနွယ်စု တစ်ခုတွင် ပြီးပြည့်စုံသောအဆင့် တစ်ယောက် ထွက်ပေါ်လာသည်နှင့် ထိုမျိုးနွယ်စုက နယ်မြေတစ်ခုကို စိုးမိုးနိုင်စွမ်း ရှိသွားပြီ ဖြစ်လေသည်။
ပင်မနတ်ဘုရားများကို သွားမစသရွေ့ ထိုနတ်ဘုရားမျိုးနွယ်စုက မျိုးဆက်ပေါင်းများစွာတိုင်အောင် ထာဝရ ကြီးပွားတိုးတက်နေမည် ဖြစ်လေသည်။
ဤကဲ့သို့သော တည်ရှိမှုများမှာ ပုံမှန်အချိန်များတွင် နဂါးတစ်ကောင်အလား အစအနပင် ရှာမရတတ်သော်လည်း ယခုအခါတွင် တစ်ပြိုင်နက်တည်း ခြောက်ယောက်တောင် ထွက်ပေါ်လာခြင်းက လူကို သေမတတ် လန့်သွားစေနိုင်ပေသည်။
"သေချာပေါက် သေပြီ..."
"အဲဒီကောင်ကတော့ လုံးဝ သေပြီပဲ..."
"သူက ဒီ ပြီးပြည့်စုံတဲ့အဆင့် ခြောက်ယောက်ရဲ့ လက်ထဲမှာ အပိုင်းပိုင်း အဆွဲဖြဲခံရပြီး လုံးဝ သေရတော့မှာ..."
နတ်ဘုရားမများက တီးတိုးရေရွတ်လိုက်ကြလေသည်။ နတ်ဘုရားမျိုးနွယ်စုကြီးများ၏ လက်စားချေမှုက ရောက်ရှိလာပြီဖြစ်ကြောင်း သူမတို့ သဘောပေါက်လိုက်ကြလေသည်။
ပြီးပြည့်စုံသောအဆင့် ခြောက်ယောက် ကိုယ်တိုင် ကိုယ်ကျ ထွက်ပေါ်လာပြီဖြစ်ရာ မုန်လဲ့မှာ မသေချင်လျှင်တောင် ခက်ခဲနေပြီ ဖြစ်လေသည်။
"အက်ဘီနီဇာ အဒေါ့ဖ်ဖတ်စ် ဘန်းဆိုက် မင်းတို့ ရောက်လာကြပြီလား..."
ပထမဆုံး ထွက်ပေါ်လာသော ခမ်းနားထည်ဝါသည့် လူသန်ကြီး ဂါယာနော့စ် က အခြားသော ပြီးပြည့်စုံသောအဆင့် ငါးယောက်ကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။ သူ၏ အသံက မိုးခြိမ်းသံအလား လေဟာနယ်ထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။
"အင်း..."
လူငါးယောက်က ပေါ့ပေါ့ပါးပါး ပြန်ထူးလိုက်ကြပြီးနောက် သူတို့၏ အကြည့်များ အားလုံးက အယ်လ်ဖ်နတ်ဘုရားမနှင့် အခြားသူများဆီသို့ တပြိုင်နက် ကျရောက်သွားလေသည်။ ထို့နောက် အေးစက်စက် မေးလိုက်လေသည်။
"မင်းတို့က သဘာဝနတ်ဘုရားမျိုးနွယ်စုက လူတွေလား..."
"ဟုတ် ဟုတ်ပါတယ် သခင်ကြီးတို့..."
ချော်ရည်နတ်ဘုရားမက ခါးညွှတ်ကာ ပြန်ဖြေလိုက်လေသည်။
"အဆုံးအစမရှိတဲ့လောကကို ဝင်သွားတဲ့ သူတွေ အကုန်လုံး သေကုန်ပြီလို့ ကြားတယ် မင်းတို့က ဘာလို့ မသေသေးတာလဲ..."
ဂါယာနော့စ် က မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။ သူက လျှပ်စီးနတ်ဘုရားလောကရှိ သီအိုဒို တိုက်တန်နတ်ဘုရားမျိုးနွယ်စု၏ တစ်ဦးတည်းသော ပြီးပြည့်စုံသောအဆင့် ဖြစ်ပြီး ဂရက် သီအိုဒို ၏ ဖခင်လည်း ဖြစ်လေသည်။
"သခင်ကြီး ဒါ ဒါက..."
ချော်ရည်နတ်ဘုရားမက အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေပြီး ရင်ထဲတွင် အလွန်အမင်း ထိတ်လန့်နေလေသည်။ ဟုတ်ပေသည်။ အဆုံးအစမရှိသောလောကသို့ လာရောက်ခဲ့ကြသော အစွမ်းထက်သူများ အားလုံး သေကုန်ကြပြီဖြစ်သော်လည်း သူမတို့ကတော့ အနည်းငယ်မျှပင် မထိခိုက်ဘဲ အကောင်းပကတိ အသက်ရှင်နေကြလေသည်။
ဒီကိစ္စကို ဘယ်လို ရှင်းပြရမလဲ။ မုန်လဲ့က အယ်လ်ဖ်နတ်ဘုရားမ ဒိုင်ယာနာ ၏ မျက်နှာကို ထောက်ပြီး သူမတို့ကို အသက်ရှင်ခွင့် ပေးခဲ့သည်ဟု ပြောရမည်လား။ အကယ်၍ ထိုသို့ ပြောလိုက်ပါက ပြီးပြည့်စုံသောအဆင့် ခြောက်ယောက်က ဒိုင်ယာနာ အပေါ် ဒေါသပုံချလာနိုင်ပြီး ဒိုင်ယာနာ အန္တရာယ် ရှိသွားနိုင်ပေသည်။
"ဘာဖြစ်လို့လဲ..."
ဂါယာနော့စ် ၏ မျက်နှာမှာ အနည်းငယ် မည်းမှောင်သွားလေသည်။
ထိုအချိန်တွင် နူးညံ့သိမ်မွေ့သော အသံလေးတစ်ခု ထွက်ပေါ်လာလေသည်။
"ဂါယာနော့စ် သားဖြစ်သူက သူများ သတ်တာကို ခံလိုက်ရလို့ ငါတို့ သဘာဝနတ်ဘုရားမျိုးနွယ်စု အပေါ်ကို ဒေါသ လာပုံချချင်နေတာလား..."
ချော်ရည်နတ်ဘုရားမ တစ်ကိုယ်လုံး တုန်ရီသွားပြီး ရောက်လာသူကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်လေသည်။
"သခင်မ အယ်လွန်း ကို ဂါရဝပြုပါတယ်..."
"သခင်မ အယ်လွန်း ကို ဂါရဝပြုပါတယ်..."
အခြားသော နတ်ဘုရားမများ အားလုံးလည်း အလျင်အမြန် ခါးညွှတ်ကာ အရိုအသေပေးလိုက်ကြလေသည်။
ရောက်ရှိလာသူမှာ အဖြူရောင် ပိုးသားဂါဝန်ကို ဝတ်ဆင်ထားပြီး အလွန် လှပချောမောသော မျက်နှာလေးကို ပိုင်ဆိုင်ထားလေသည်။ သူမ၏ အရှိန်အဝါမှာ အလွန် အေးချမ်းပြီး နူးညံ့သိမ်မွေ့လှပေသည်။ သူမမှာ သဘာဝနတ်ဘုရားမျိုးနွယ်စု၏ ပြီးပြည့်စုံသောအဆင့် လနတ်ဘုရားမ အယ်လွန်း ပင် ဖြစ်လေသည်။
အယ်လွန်း က နတ်ဘုရားမများ အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး သူမတို့ အားလုံး အကောင်းပကတိ ရှိနေသည်ကို မြင်သောအခါမှ သက်ပြင်းတစ်ချက် ချလိုက်လေသည်။
"မင်းတို့ ဘာမှမဖြစ်တာ ကောင်းပါတယ် အားလုံး ထကြတော့..."
"ကျေးဇူးတင်ပါတယ် သခင်မ အယ်လွန်း..."
နတ်ဘုရားမများ အားလုံး ကျေးဇူးတင်စကား ပြောလိုက်ကြပြီး မတ်တပ်ရပ်လိုက်ကြလေသည်။ ထို့နောက် သူမတို့ အားလုံးက လနတ်ဘုရားမ၏ အနောက်သို့ တပြိုင်နက် ပျံသန်းသွားကြလေသည်။ သူမ၏ အနောက်တွင် နေမှသာ သူမတို့က လုံခြုံမှုကို အနည်းငယ် ခံစားရပုံ ပေါ်လေသည်။
"သခင်မ အယ်လွန်း သခင်မက ဘယ်လိုလုပ် ရောက်လာတာလဲ..."
ချော်ရည်နတ်ဘုရားမက သံသယဖြစ်စွာ မေးလိုက်လေသည်။
"မလာလို့မှ မဖြစ်တော့တာ နတ်ဘုရားလောက တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေပြီလေ..."
လနတ်ဘုရားမက ခပ်ဖွဖွ ခေါင်းခါလိုက်လေသည်။
"နတ်ဘုရားမျိုးနွယ်စုကြီးတွေက အဆုံးအစမရှိတဲ့လောကကို စေလွှတ်လိုက်တဲ့ အစွမ်းထက်သူတွေ အကုန်လုံး အသတ်ခံလိုက်ရတယ် ဆိုတဲ့ သတင်းက နတ်ဘုရားလောက အနှံ့ကို ပျံ့နှံ့သွားခဲ့ပြီ ပင်မနတ်ဘုရားကြီးက မင်းတို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်လို့ ငါ့ကို မြန်မြန် လွှတ်လိုက်တာပဲ မင်းတို့ ဘာမှမဖြစ်လို့ တော်သေးတာပေါ့..."
ချော်ရည်နတ်ဘုရားမ၏ ရင်ထဲတွင် အလွန် ကျေးဇူးတင်သွားလေသည်။ နတ်ဘုရားလောကကြီးများ အားလုံး တုန်လှုပ်သွားသည် ဆိုသည်ကိုတော့ သူမ အနည်းငယ်မျှ မအံ့ဩပေ။ ဤကိစ္စကြီးက အလွန်တရာ တုန်လှုပ်ဖွယ် ကောင်းလွန်းလှသည် မဟုတ်ပါလော။ ဤမျှကြီးမားသော ကိစ္စကြီး ဖြစ်ပွားခဲ့သည်ကိုတောင် နတ်ဘုရားမျိုးနွယ်စုကြီးများက တည်ငြိမ်နေနိုင်သေးသည်ဆိုပါက သရဲတစ္ဆေခြောက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
"ငါ့သားက သူများ သတ်တာကို ခံလိုက်ရတယ် လူသတ်သမားက တကယ်ကို ရူးသွပ်ပြီး မောက်မာလွန်းတယ်..."
ဂါယာနော့စ် ၏ မျက်နှာမှာ ခံစားချက် ကင်းမဲ့နေလေသည်။
"အခု ငါက အဲဒီသေနာကောင် လူသတ်သမားကို ရှာပြီး ငါ့ရဲ့ ဒေါသမီးတွေ ငြိမ်းသွားအောင် အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်နေတာ အယ်လွန်း ငါက ဒီကလေးမလေးတွေကို အခက်တွေ့အောင် လုပ်မှာ မဟုတ်ပါဘူး ဒါပေမဲ့ သူတို့က ငါ့ရဲ့ မေးခွန်း အနည်းငယ်ကိုတော့ ဖြေပေးရလိမ့်မယ် ဒီတောင်းဆိုချက်က မလွန်ဘူး မဟုတ်လား..."
"တကယ်တော့ ငါ့မှာလည်း သံသယဖြစ်စရာတွေ အများကြီး ရှိနေတယ်..."
လနတ်ဘုရားမက ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး ချော်ရည်နတ်ဘုရားမကို ကြည့်ကာ မေးလိုက်လေသည်။
"အူကာနာ အဲဒီလူသတ်သမားက လူသတ်ရတာကို ဝါသနာပါပြီး အဆုံးအစမရှိတဲ့လောကကို လာတဲ့ အစွမ်းထက်သူတွေ အကုန်လုံးကို သတ်ပစ်ခဲ့တယ်လို့ ကြားတယ် နတ်ဘုရားလောကက နတ်ဘုရားတွေ မိစ္ဆာတွေနဲ့ မသေမျိုးတွေ အကုန်လုံး အသတ်ခံခဲ့ရတာကို သူက ဘာလို့ မင်းတို့ကိုတော့ လွှတ်ပေးခဲ့တာလဲ..."
ထိုစကားကို ကြားသောအခါ ဂါယာနော့စ် အက်ဘီနီဇာ နှင့် အဒေါ့ဖ်ဖတ်စ် အစရှိသော ပြီးပြည့်စုံသောအဆင့် ခြောက်ယောက်လုံးက ချော်ရည်နတ်ဘုရားမကို တပြိုင်နက် လှမ်းကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် သံသယများ ပြည့်နှက်နေလေသည်။
ပြီးပြည့်စုံသောအဆင့် ခုနစ်ယောက်လုံး၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသောအခါ ချော်ရည်နတ်ဘုရားမမှာ ကြီးမားသော ဖိအားများကို ခံစားလိုက်ရသော်လည်း သတ္တိမွေးကာ ပြန်ဖြေလိုက်လေသည်။
"သခင်မ အဲဒါက ဒိုင်ယာနာ နဲ့ သက်ဆိုင်နေနိုင်ပါတယ်..."
"ဒိုင်ယာနာ..."
လနတ်ဘုရားမ အနည်းငယ် အံ့အားသင့်သွားပြီး အယ်လ်ဖ်နတ်ဘုရားမကို သံသယဖြစ်စွာ ကြည့်ကာ မေးလိုက်လေသည်။
"အဲဒါက မင်းနဲ့ ဘာဆိုင်လို့လဲ..."
အယ်လ်ဖ်နတ်ဘုရားမက ခါးသီးစွာ ပြုံး၍ ဖြေလိုက်လေသည်။
"သခင်မ အယ်လွန်း မုန်လဲ့က ကျွန်မ အုပ်စိုးထားတဲ့ ကောင်းကင်ယံတိုက်ကြီး ဆိုတဲ့ အဆင့်နိမ့်လောကလေး တစ်ခုကနေ ထွက်လာတာပါ အဲဒီတုန်းက သူက ရွှေရောင်မူလနတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာကို တွေ့လိုက်ရလို့ သူ့ကို ကျွန်မတို့ သဘာဝနတ်ဘုရားအုပ်စုထဲ ဝင်ဖို့ ဖိတ်ခေါ်ချင်ခဲ့တာ ဒါကြောင့် နှုတ်ဆက်လက်ဆောင်အနေနဲ့ ကောင်းကင်ယံတိုက်ကြီးကို သူ့ကို လက်ဆောင်အဖြစ် ပေးလိုက်တာပါ အဲဒီကျေးဇူးကို ထောက်ထားပြီး မုန်လဲ့က ကျွန်မတို့ကို အခက်မတွေ့အောင် လွှတ်ပေးလိုက်တာ ဖြစ်နိုင်ပါတယ်..."
လနတ်ဘုရားမက ညင်သာစွာ ခေါင်းညိတ်လိုက်လေသည်။ သဘာဝနတ်ဘုရားအုပ်စုကို နတ်ဘုရားမအုပ်စုဟု ခေါ်ဆိုကြသော်လည်း နတ်သားများ လုံးဝ မရှိသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ အမှန်တကယ်တော့ သဘာဝနတ်ဘုရားအုပ်စုက အလွန် ထူးချွန်သော ပါရမီရှင် နတ်သားများကိုလည်း မိမိတို့၏ အင်အားစုအတွင်းသို့ ခေါ်ယူလေ့ ရှိကြလေသည်။
အကယ်၍ မုန်လဲ့က ရွှေရောင်မူလနတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်ဆိုပါက အမှန်တကယ်ပင် တွေ့မြင်ရခဲသော ပါရမီရှင်တစ်ယောက် ဖြစ်ရာ ဒိုင်ယာနာ က သူ့ကို သဘာဝနတ်ဘုရားအုပ်စုထဲသို့ ခေါ်ယူချင်သည်မှာ လုံးဝ သဘာဝကျလေသည်။
"ဒိုင်ယာနာ သူက ရွှေရောင်မူလနတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ပါရမီရှင်ဆိုရင် ဘာလို့ အဲဒီအကြောင်းကို ငါ့ကို တစ်ခါမှ မပြောပြခဲ့တာလဲ..."
လနတ်ဘုရားမက နောက်တစ်ကြိမ် သံသယဖြစ်စွာ မေးလိုက်လေသည်။ ပါရမီရှင်များကို စည်းရုံးသိမ်းသွင်းရာတွင် သူတို့ အားနည်းနေချိန်က အသင့်တော်ဆုံး ပင် ဖြစ်လေသည်။ အားနည်းလေလေ သိမ်းသွင်းရ လွယ်ကူလေလေ ဖြစ်လေသည်။
မုန်လဲ့ကော ဘယ်လိုလဲ အဆင့်မြင့်နတ်ဘုရား နှောင်းပိုင်းအဆင့်များကိုပင် လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်နေပြီ ဖြစ်လေသည်။ ဤမျှ အစွမ်းထက်နေသည်ကို ဒိုင်ယာနာ က အဘယ်ကြောင့် တစ်ခါမျှ မပြောပြခဲ့သနည်း သူမက မုန်လဲ့ကို အစောကြီးကတည်းက မိတ်ဆက်ပေးသင့်သည် မဟုတ်ပါလော။
"သခင်မ အယ်လွန်း ကျွန်မက မိတ်မဆက်ပေးချင်လို့ မဟုတ်ပါဘူး သူ့ရဲ့ ကြီးထွားလာတဲ့ အရှိန်က အရမ်းကို မြန်ဆန်လွန်းနေလို့ပါ..."
အယ်လ်ဖ်နတ်ဘုရားမက အကြိမ်ကြိမ် ခါးသီးစွာ ပြုံးလိုက်လေသည်။
"ကျွန်မ ထင်ထားတာထက်ကို အများကြီး ပိုမြန်နေတာ ကျွန်မ သူ့ကို မိတ်ဆက်ပေးဖို့ အချိန်မရလိုက်ခင်မှာတင် သူက အခုလိုမျိုး အစွမ်းထက်တဲ့ အနေအထားကို ရောက်သွားတာပါ..."
"အရမ်း မြန်တယ်..."
လနတ်ဘုရားမ အနည်းငယ် ကြောင်အမ်းသွားလေသည်။ ဘယ်လောက်တောင် မြန်လို့လဲ ၃ စက္ကန့်လောက်လား။
"သခင်မ အယ်လွန်း သူက ဒီနှစ်မှ အသက် ၄၅ နှစ်တောင် မပြည့်သေးဘူးလေ..."
အယ်လ်ဖ်နတ်ဘုရားမက ခါးသီးစွာ ပြုံး၍ ပြောလိုက်လေသည်။
"အသက် ၄၅ နှစ်..."
"ပေါက်ကရတွေ လာပြောမနေနဲ့..."
"အဓိပ္ပာယ်မရှိတာ..."
လနတ်ဘုရားမ စကားမပြောရသေးမီမှာပင် ဂါယာနော့စ် နှင့် အခြား ပြီးပြည့်စုံသောအဆင့် ခြောက်ယောက်က အရင်ဆုံး လှောင်ပြောင်လိုက်ကြလေသည်။
"အဲဒီသေနာကောင်က အဆင့်မြင့်နတ်ဘုရား နှောင်းပိုင်းအဆင့်တွေနဲ့ အဆင့်မြင့် မဟာမိစ္ဆာနတ်ဘုရားတွေကိုတောင် လွယ်လွယ်ကူကူ သတ်ပစ်နိုင်နေတာကို ဘယ်လိုလုပ် အသက် ၄၅ နှစ်တောင် မပြည့်သေးတာ ဖြစ်နိုင်မှာလဲ မင်းက ငါတို့ရဲ့ ဉာဏ်ရည်ကို စော်ကားနေတာလား..."
"ဒိုင်ယာနာ ဒီလိုကိစ္စမျိုးကို ပေါက်ကရ လျှောက်နောက်လို့ မရဘူးနော်..."
လနတ်ဘုရားမလည်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်လေသည်။
အယ်လ်ဖ်နတ်ဘုရားမက အလျင်အမြန် ပြောလိုက်လေသည်။
"သခင်မ အယ်လွန်း ကျွန်မက သခင်မကို ဘယ်လိုလုပ် ဒီလိုမျိုး လာနောက်ရဲမှာလဲ မုန်လဲ့က ဒီနှစ်မှ အသက် ၄၅ နှစ်တောင် မပြည့်သေးတာ အမှန်ပါပဲ ကျွန်မရဲ့ နတ်ဘုရားဝိညာဉ်ကို တိုင်တည်ပြီး သစ္စာဆိုရဲပါတယ်..."
နတ်ဘုရားဝိညာဉ်ကို တိုင်တည်ပြီး သစ္စာဆိုသည် ဟုတ်လား
လနတ်ဘုရားမ တိတ်ဆိတ်သွားလေသည်။
ပြီးပြည့်စုံသောအဆင့် ခြောက်ယောက်လုံးလည်း တိတ်ဆိတ်သွားကြလေတော့သည်။