အခန်း ၃၇၁
Vol. 38 Ch. 371
အခန်း ၃၇၁ တိမ်မည်းတိုက်ကြီးနှင့် ကမ္ဘာမြေနတ်ဘုရားလောကကြီး
"အဆုံးအစမရှိတဲ့လောက..."
ဂါယာဇု အလွန်အမင်း အံ့ဩသွားလေသည်။
"အဆုံးအစမရှိတဲ့လောကဆိုတာ သာမန် အလယ်အလတ်လောကတစ်ခု မဟုတ်ဘူးလား... ညီတော်ရှစ်ဆယ့်ရှစ်က ဘာလို့ အဲ့ဒီလို နေရာမျိုးမှာ သေသွားရတာလဲ..."
"အသေးစိတ်ကိုတော့ မသိရသေးပါဘူး..."
အကြီးအကဲချုပ်က ခေါင်းခါလိုက်သည်။
"ဒါပေမဲ့ ကျွန်တော်တို့ ရထားတဲ့ သတင်းတွေအရဆိုရင် အဆုံးအစမရှိတဲ့လောကမှာ စူပါအစွမ်းထက်သူတစ်ယောက် ပေါ်လာတယ်... သခင်ကြီး ဂါယာနော့စ်ရဲ့ သေဆုံးမှုက သူ့လက်ချက်ဖြစ်ဖို့ များတယ်..."
"စူပါအစွမ်းထက်သူ... ဘယ်သူလဲ..."
ဂါယာဇုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"အဲ့ဒီစူပါအစွမ်းထက်သူက ဘယ်သူလဲဆိုတာတော့ သေချာမသိရသေးပါဘူး... ဒါပေမဲ့ သူက အဆုံးအစမရှိတဲ့လောကမှာ ရှိနေတာတော့ သေချာပါတယ်..."
အကြီးအကဲချုပ်က ဖြည်းညင်းစွာ ပြောလိုက်သည်။
"ခေါင်းဆောင်ကြီး ကြယ်တာရာပင်လယ်ကို သွားနေတဲ့အချိန်အတွင်းမှာ အဆုံးအစမရှိတဲ့လောကဆီကို သွားတဲ့ လေဟာနယ်တံခါးပေါက် ပွင့်လာလို့ အကြီးအကဲ ဂရက်ကို အဆုံးအစမရှိတဲ့လောကဆီ လွှတ်လိုက်ပါတယ်..."
ထို့နောက် အကြီးအကဲချုပ်က ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာ အားလုံးကို အစအဆုံး ရှင်းပြလိုက်ပြီးနောက် အဆုံးသတ်လိုက်သည်။
"သခင်ကြီး ဂါယာနော့စ် တစ်ယောက်တည်း မဟုတ်ပါဘူး... ကျွန်တော် သိရသလောက်ဆိုရင် ဧရာမနဂါးနတ်ဘုရားမျိုးနွယ်စုက သခင်ကြီး အဒေါ့ဖ်ဖတ်စ် ကောင်းကင်တမန်နတ်ဘုရားမျိုးနွယ်စုက သခင်ကြီး မာရှယ် ဘီဟီးမော့သ်နတ်ဘုရားမျိုးနွယ်စုက သခင်ကြီး ဘန်းဆိုက် အစရှိတဲ့ ပြီးပြည့်စုံတဲ့အဆင့် ခုနစ်ယောက် အဆုံးအစမရှိတဲ့လောကကို သွားခဲ့ကြပြီး အခုထိ တစ်ယောက်မှ အသက်ရှင်လျက် ပြန်မလာကြသေးပါဘူး..."
"မင်း ဆိုလိုတာက ပြီးပြည့်စုံတဲ့အဆင့် ခုနစ်ယောက်လုံး အဆုံးအစမရှိတဲ့လောကမှာ သေကုန်ပြီဆိုတဲ့ သဘောလား..."
ဂါယာဇု တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရီသွားပြီး သူ၏ နားကိုပင် သူ မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။
"ဟုတ်ပါတယ် ခေါင်းဆောင်ကြီး..."
"ခေါင်းဆောင်ကြီး..."
ထိုအချိန်မှာပင် လူတစ်ယောက် ကျောင်းတော်ထဲသို့ အလျင်အမြန် ဝင်လာသည်။
"လေဟာနယ်တံခါးပေါက်ဘက်ကနေ သတင်းရပါတယ်... သဘာဝနတ်ဘုရားမျိုးနွယ်စုက သခင်မ အယ်လွန်း ကောင်းကင်တမန်နတ်ဘုရားမျိုးနွယ်စုက သခင်ကြီး မာရှယ် မီးဖီးနစ်နတ်ဘုရားမျိုးနွယ်စုက သခင်ကြီး ရိုအဲလ်နဲ့ ဘီဟီးမော့သ်နတ်ဘုရားမျိုးနွယ်စုက သခင်ကြီး ဘန်းဆိုက်တို့ ပြီးပြည့်စုံတဲ့အဆင့် လေးယောက် ပြန်ရောက်လာပါပြီ..."
"ပြန်ရောက်လာပြီ..."
အကြီးအကဲချုပ် အလွန်အမင်း အံ့အားသင့်သွားသည်။
"သူတို့လေးယောက်က ဘယ်လိုလုပ် အသက်ရှင်လျက် ပြန်ရောက်လာတာလဲ... သူတို့က သခင်ကြီး ဂါယာနော့စ်တို့လိုပဲ သေသွားပြီ မဟုတ်ဘူးလား..."
"အကြီးအကဲချုပ်... ပြီးပြည့်စုံတဲ့အဆင့် လေးယောက် တကယ်ပဲ ပြန်ရောက်လာပါပြီ..."
ထိုလူက အလျင်အမြန် ပြန်ဖြေလိုက်သည်။
"သူတို့ တကယ်ပဲ ပြန်ရောက်လာကြပြီ..."
အကြီးအကဲချုပ်က တီးတိုးရေရွတ်လိုက်သည်။
ဂါယာဇု၏ မျက်လုံးများထဲတွင် ထက်မြက်သော အလင်းတန်းတစ်ခု တောက်ပသွားပြီး အော်ဟစ်လိုက်သည်။
"အမိန့်ပေးလိုက်... နေရာရွှေ့ပြောင်းရေးအစီအရင်ကို ချက်ချင်း ပြင်ဆင်ထား... ငါ ကိုယ်တိုင် ဘီဟီးမော့သ်နတ်ဘုရားမျိုးနွယ်စုကို သွားပြီး သေချာမေးကြည့်မယ်..."
"ခေါင်းဆောင်ကြီး... လူတစ်ယောက် လွှတ်လိုက်ရင် ရပါတယ်... ခေါင်းဆောင်ကြီး ကိုယ်တိုင် သွားစရာ မလိုပါဘူး..."
အကြီးအကဲချုပ်က ပြောလိုက်သည်။
"ငါ ဆုံးဖြတ်ပြီးပြီ... ဘာမှ ဆက်မပြောနဲ့တော့..."
အလားတူ ကိစ္စရပ်များက ဧရာမနဂါးနတ်ဘုရားမျိုးနွယ်စုနှင့် ဧရာမဆင်နတ်ဘုရားမျိုးနွယ်စုတို့တွင်လည်း ဖြစ်ပွားနေသည်။ မျိုးနွယ်စုအတွင်းမှ ပြီးပြည့်စုံသောအဆင့် တစ်ယောက် သေဆုံးသွားခြင်းက ကောင်းကင်ကြီး ပြိုကျသွားသကဲ့သို့ အလွန် ကြီးမားသော ကိစ္စရပ်ကြီးတစ်ခု ဖြစ်သည်။
သို့သော် ပြင်ပလောကတွင် မည်သို့ပင် ရုတ်ရုတ်သဲသဲ ဖြစ်နေပါစေ မုန်လဲ့နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ သူက အဆုံးအစမရှိသောလောကတွင် နေထိုင်ကာ လောကဖြတ်ကျော် နေရာရွှေ့ပြောင်းခြင်းမှော်ပညာကိုသာ အာရုံစိုက် လေ့ကျင့်နေသည်။ သူ၏ နတ်ဘုရားဝိညာဉ်မှာ အဆင့်နိမ့် အဆင့် ပင်မနတ်ဘုရားအဆင့်နှင့် ညီမျှပြီး အာကာသနိယာမတရား အနည်းငယ်ကိုလည်း နားလည်သဘောပေါက်ထားရာ လောကဖြတ်ကျော် နေရာရွှေ့ပြောင်းခြင်းမှော်ပညာမှာ သူ့အတွက် လေ့ကျင့်ရန် လုံးဝ မခက်ခဲပေ။
ခြောက်လပင် မကြာလိုက်သော အချိန်အတွင်းမှာ သူက အောင်မြင်စွာ လေ့ကျင့်နိုင်သွားခဲ့သည်။
"ရွှမ်း..."
ထိုနေ့တွင် ဧကရာဇ်၏ တောင်ထိပ်ပေါ်၌ နေထိုင်နေသော မုန်လဲ့ ရုတ်တရက် ပျောက်ကွယ်သွားပြီး နောက်တစ်ကြိမ် ပြန်ပေါ်လာချိန်တွင် အဆုံးအစမရှိသောလောက၏ အပြင်ဘက်ရှိ ကျယ်ပြောလှသော လေဟာနယ်ကြီးထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။
အေးစက်ပြီး တိတ်ဆိတ်နေသော ပြင်ပလေဟာနယ်ကြီးထဲတွင် မည်သည့်အရာမျှ မရှိဘဲ ဥက္ကာခဲများစွာနှင့် လေပေါ်ပျံတိုက်ကြီးများသာ အဆုံးအစမရှိသောလောကကို ဗဟိုပြု၍ ပုံသဏ္ဍာန်မဲ့ စက်ဝိုင်းပုံစံ လည်ပတ်နေကြသည်။
နောက်တစ်စက္ကန့်တွင် မုန်လဲ့ ထပ်မံ၍ ပျောက်ကွယ်သွားပြန်ပြီး အလင်းနှစ် အနည်းငယ် ဝေးကွာသော လောကတစ်ခု၏ အရှေ့သို့ ရောက်ရှိသွားသည်။
၎င်းမှာ မီးဒြပ်စင်လောကတစ်ခု ဖြစ်ပြီး ၎င်းထဲတွင် မီးဒြပ်စင် တစ်မျိုးတည်းသာ ပြည့်နှက်နေသည်။ လောက၏ အရွယ်အစားမှာ သိပ်မကြီးမားလှဘဲ အဆင့်နိမ့်လောကတစ်ခုနှင့် ညီမျှသော်လည်း မီးဒြပ်စင်များကတော့ အလွန် သိပ်သည်းလှပေသည်။
ဤလောကကို မြင်လိုက်ရသောအခါ မုန်လဲ့၏ စိတ်ထဲတွင် မီးဒြပ်စင် သက်ရှိတစ်ခု ဖြစ်သော ဆလမန်ဒါကို သတိရသွားသည်။
ဝါးဟားဟား ဟု သူ နာမည်ပေးထားသော ထိုကောင်လေးမှာ အချိန်ကာလမျှော်စင်၏ ၉၇ လွှာတွင် အမြဲ နေထိုင်နေခဲ့သည်။ အစပိုင်းတွင် ၉၇ လွှာရှိ သိပ်သည်းလှသော မီးဒြပ်စင်များက ၎င်းအတွက် ကြီးထွားရန် လုံလောက်သော ပျော်ရွှင်ဖွယ် နေရာလေးတစ်ခု ဖြစ်ခဲ့သည်။
သို့သော် စွမ်းအားများ အဆက်မပြတ် တိုးတက်လာသည်နှင့်အမျှ ၉၇ လွှာက ဝါးဟားဟား၏ ကြီးထွားမှု လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်တော့ပေ။
ရိုးရိုးရှင်းရှင်း ပြောရမည်ဆိုလျှင် အချိန်ကာလမျှော်စင်က ၎င်း၏ ကြီးထွားမှုကို အဟန့်အတား ဖြစ်လာစေခဲ့သည်။
ယခင်က မုန်လဲ့တွင် ပိုမို ကောင်းမွန်သော နေရာ မရှိခဲ့သဖြင့် ၎င်းကို အချိန်ကာလမျှော်စင်ထဲတွင်သာ နေထိုင်စေခဲ့ခြင်း ဖြစ်သည်။ ယခု ဤမီးဒြပ်စင်လောကကို တွေ့လိုက်ရသောအခါ ဤနေရာက ကောင်းမွန်သော နေရာတစ်ခုဟု မုန်လဲ့ တွေးမိသွားပြီး ဝါးဟားဟားကို ထုတ်ပေးလိုက်လေသည်။
"ဟင်... ဒါက ဘယ်နေရာလဲ..."
အမည်းရောင် ပြင်ပလေဟာနယ်ကြီးထဲသို့ ရုတ်တရက် ရောက်လာသဖြင့် ဝါးဟားဟား၏ မျက်နှာပေါ်တွင် သံသယများ ပြည့်နှက်နေသည်။ သို့သော် မုန်လဲ့ကို မြင်လိုက်ရသောအခါ ၎င်းက ပျော်ရွှင်စွာ ပြုံးလိုက်သည်။
"မုန်လဲ့... မင်း ဘယ်လိုလုပ် ဒီရောက်နေတာလဲ..."
မုန်လဲ့က မလှမ်းမကမ်းရှိ လောကကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"ငါ ခုနလေးတင် မီးဒြပ်စင်လောကတစ်ခုကို ရှာတွေ့ခဲ့တယ်... မင်း သဘောကျမယ် ထင်လို့..."
ဝါးဟားဟားက မုန်လဲ့ လက်ညှိုးထိုးပြသော နေရာသို့ ကြည့်လိုက်ရာ အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေလေတော့သည်။
"သိပ်သည်းလိုက်တဲ့ မီးဒြပ်စင်တွေပဲ... အဲဒါ မီးဒြပ်စင်လောကပဲ..."
"သဘောကျရင် သွားတော့လေ..."
မုန်လဲ့က ပြုံး၍ ပြောလိုက်သည်။
"နောက်ပိုင်း ဒီလောကထဲမှာပဲ နေတော့... ငါ မင်းဆီ ပြန်လာလည်ပါ့မယ်..."
"မုန်လဲ့... ကျေးဇူးတင်ပါတယ်..."
ဝါးဟားဟားမှာ အစောကြီးကတည်းက စိတ်မထိန်းနိုင်တော့ဘဲ မီးတောက်တစ်ခုအဖြစ် ပြောင်းလဲကာ မီးဒြပ်စင်လောကဆီသို့ အလျင်အမြန် ပြေးဝင်သွားပြီး လောကအတားအဆီးကို ဖောက်ထွင်းကာ ဝင်ရောက်သွားလေတော့သည်။
မုန်လဲ့က ပြုံးလိုက်ပြီးနောက် ထွက်ခွာသွားလေသည်။
ဝါးဟားဟားမှာ မီးဒြပ်စင်များထဲမှ ဆလမန်ဒါတစ်ကောင်ဖြစ်ရာ အလွန် ကြီးမားသော အလားအလာကို ပိုင်ဆိုင်ထားပြီး အဆင့်တစ်ခုအထိ ကြီးထွားလာပါက ကြီးမားသော အထောက်အကူတစ်ခု ဖြစ်လာနိုင်သည်။ သို့သော် ထိုနေ့သို့ ရောက်ရှိရန် အလွန် ကြာမြင့်မည်ဖြစ်ရာ မုန်လဲ့က ထိုမျှလောက် ကြာကြာ မစောင့်နိုင်ပေ။
ထို့ကြောင့် ၎င်းကို လွှတ်ပေးလိုက်ပြီး လွတ်လပ်စွာ ကြီးထွားခွင့် ပေးလိုက်ခြင်း ဖြစ်သည်။ ၎င်း ဘယ်အဆင့်အထိ ရောက်လာမလဲ ဆိုတာကို စောင့်ကြည့်ရမည်သာ ဖြစ်သည်။
နောက်ထပ် အချိန်များတွင် မုန်လဲ့က ကျယ်ပြောလှသော လေဟာနယ်ကြီးထဲ၌ လောကဖြတ်ကျော် နေရာရွှေ့ပြောင်းခြင်းမှော်ပညာကို အသုံးပြု၍ စမ်းသပ်မှုများ ပြုလုပ်နေခဲ့သည်။ ဤအရာက အာကာသနိယာမတရား၏ အမြင့်ဆုံးမှော်ပညာတစ်ခု ဖြစ်သည့်အလျောက် နေရာရွှေ့ပြောင်းနိုင်သော အကွာအဝေးမှာ အလွန် ကြောက်စရာကောင်းလှပေသည်။
စမ်းသပ်မှု အချို့ ပြုလုပ်ပြီးနောက် မုန်လဲ့က သူ ယခုအချိန်တွင် အဝေးဆုံး နေရာရွှေ့ပြောင်းနိုင်သည့် အကွာအဝေးမှာ အလင်းနှစ်ဆယ် ဖြစ်ကြောင်း ဝမ်းသာအားရ တွေ့ရှိလိုက်ရသည်။ ဤသည်မှာ သူက မျက်စိတစ်မှိတ်အတွင်း အလင်းနှစ်ဆယ် အကွာအဝေးသို့ ရောက်ရှိသွားနိုင်ကြောင်းကို ဆိုလိုခြင်း ဖြစ်ရာ တကယ်ကို ကြောက်စရာကောင်းလှပေသည်။
ထို့နောက် မုန်လဲ့က အဆုံးအစမရှိသောလောကသို့ ပြန်သွားပြီး ထိုမှတစ်ဆင့် ငရဲပြည်တိုက်ကြီးသို့ ပြန်သွားခဲ့သည်။
ငရဲပြည်တိုက်ကြီး၏ လောကနှလုံးသားကို မသန့်စင်မီ မုန်လဲ့က အလင်းတိုက်ကြီးသို့ တစ်ခေါက် ပြန်သွားခဲ့သည်။ အတော်ကြာ ထွက်သွားခဲ့ပြီဖြစ်ရာ ပြန်လာသင့်ပြီ ဖြစ်သည်။ ငရဲပြည်တိုက်ကြီး၏ လောကနှလုံးသားကို သန့်စင်ရန်မှာ သိပ်အလျင်လိုနေသော ကိစ္စ မဟုတ်ပေ။
အလင်းတိုက်ကြီးမှာ အရင်တိုင်းပင် ဖြစ်သည်။
သူ ထွက်သွားခဲ့သော အနှစ်နှစ်ဆယ်အတွင်း ကျောင်းအုပ်ကြီး၏ ယုံကြည်ကိုးကွယ်မှုများက တိုက်ကြီး၏ ထောင့်ပေါင်းစုံသို့ ပျံ့နှံ့သွားခဲ့ပြီး သက်ရှိများ အားလုံး၏ ရင်ထဲတွင် စွဲမြဲနေကာ ယုံကြည်မှုစွမ်းအားများကို အဆက်မပြတ် ထောက်ပံ့ပေးနေကြောင်း သူ မြင်တွေ့ခဲ့ရသည်။
"ထူးဆန်းတယ်... ကျောင်းအုပ်ကြီးကော..."
မုန်လဲ့က အလင်းတိုက်ကြီးတစ်ခုလုံးကို တစ်ချက် ဝေ့ကြည့်လိုက်သော်လည်း ကျောင်းအုပ်ကြီး၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။ သူ၏ နတ်ဘုရားအာရုံက အဆုံးအစမရှိသော သမုဒ္ဒရာကြီးကို ဖြတ်ကျော်ကာ ကောင်းကင်ယံတိုက်ကြီးသို့ ရောက်ရှိသွားသောအခါမှသာ ကျောင်းအုပ်ကြီး၏ အရိပ်အယောင်ကို တွေ့လိုက်ရလေသည်။
"တခြားသူတွေလည်း အဲ့ဒီမှာ ရှိနေကြတာပဲ..."
မုန်လဲ့က ညင်သာစွာ ပြုံးလိုက်ပြီး နေရာရွှေ့ပြောင်းသွားလေသည်။
ကောင်းကင်ယံတိုက်ကြီး မုန်လဲ့အင်ပါယာ နန်းတော်။
ယခုအခါတွင် အစည်းအဝေး ခန်းမကြီးထဲ၌ လူများ ပြည့်နှက်နေသည်။
ကျောင်းအုပ်ကြီးနှင့် သူ၏ ညီမ အယ်မိုလင်တို့ ရှိနေသည်။
ပူဟာမန် ဆာနီရယ် ဘာဘရူးစ် မာဗင် လုပ်ကြံသူ နာဂျီယာ ဆယ်စီယာ ဂါရန် ပင့်ကူနတ်ဘုရားမ အမှောင်အယ်လ်ဖ် ဧကရာဇ်မ ဆာလက်စ် အစရှိသည့် မုန်လဲ့၏ လက်အောက်ငယ်သားများ အားလုံးလည်း ရှိနေကြသည်။ အံ့ဩစရာကောင်းသည်မှာ အဆီအဆိမ့်ကြိုက်သော နဂါးဝက်ကြီး ဖက်တီးပင်လျှင် ဤနေရာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
လူတစ်အုပ်လုံးက တစ်ခုခုကို ငြင်းခုန်နေကြပြီး မည်သူကမျှ အလျှော့မပေးဘဲ အခြေအတင် ဖြစ်နေကြသည်။
"မိတ်ဆွေတို့... အခွင့်အရေးဆိုတာ တစ်ခါပဲ လာတတ်တာ... ဒါက နယ်မြေသစ်တွေ ချဲ့ထွင်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ... ငါတို့သာ ဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင်ခဲ့ရင် ကြီးမားတဲ့ နယ်မြေကြီးကို ရမှာ..."
ပူဟာမန်က အသည်းအသန် ရှင်းပြနေသည်။
"သခင်သာ ဒီမှာ ရှိနေရင် ငါ့ကို သေချာပေါက် ထောက်ခံမှာပဲ..."
"နယ်မြေသစ်တွေ ချဲ့ထွင်တာက ကောင်းပါတယ်... ဒါပေမဲ့ မင်း မေ့မထားဖို့က..."
ပင့်ကူနတ်ဘုရားမက အေးစက်စက် ပြောလိုက်သည်။
"ဟိုဘက်မှာ ရှိနေတာက နတ်ဘုရားလောကကြီးဆယ်ခုထဲက တစ်ခုဖြစ်တဲ့ ကမ္ဘာမြေနတ်ဘုရားလောကကြီးနော်... ကမ္ဘာမြေနတ်ဘုရားလောကကြီးရဲ့ စွမ်းအားက ဘယ်လောက်တောင် ကြီးမားသလဲ... ငါတို့က အဆင့်မြင့်နတ်ဘုရားတွေ ဖြစ်နေပေမယ့် ဒီစွမ်းအားလေးနဲ့ ကမ္ဘာမြေနတ်ဘုရားလောကကြီးထဲမှာ ဘာမှမဟုတ်ဘူး... နာမည်တပ်ရရင် နယ်မြေသစ် ချဲ့ထွင်တာ ဖြစ်ပေမယ့် အမှန်တကယ်ကတော့ သွားပြီး အသေခံတာပဲ..."
"ရိုစ့်... မင်းရဲ့ စကားကို ငါ သဘောမတူဘူး..."
နှင်းပျံဓားသူတော်စင် ဂါရန်က ငြင်းဆိုလိုက်သည်။
"ကမ္ဘာမြေနတ်ဘုရားလောကကြီးမှာ အစွမ်းထက်သူတွေ ပေါများတာ မှန်ပေမယ့် ကမ္ဘာမြေနတ်ဘုရားလောကကြီးကလည်း အဆုံးအစမရှိအောင် ကျယ်ဝန်းတယ်လေ... ဖြန့်ကျက်လိုက်မယ်ဆိုရင် ကမ္ဘာမြေနတ်ဘုရားလောကကြီးရဲ့ အစွမ်းထက်သူတွေက အရမ်းကို ကျဲပါးသွားမှာပဲ... ငါတို့ရဲ့ စွမ်းအားက ထိပ်တန်း မဟုတ်ပေမယ့် တောင်ထွတ် အနည်းငယ်လောက်ကို နေရာယူဖို့ဆိုတာ အပြည့်အဝ လုပ်နိုင်ပါတယ်..."
"ဂါရန် ပြောတာ အဓိပ္ပာယ်ရှိတယ်..."
ဘာဘရူးစ်က ဩရှရှ အသံဖြင့် ပြောလိုက်သည်။
"မိစ္ဆာလောကရဲ့ တောင်ထွတ်တစ်ခုကတင် အခု ငါတို့ နေရာယူထားတဲ့ လောကတွေ အကုန်လုံး ပေါင်းထားတာထက် ကြီးတယ်... ကမ္ဘာမြေနတ်ဘုရားလောကကြီးမှာလည်း ဒီအတိုင်းပဲ ဖြစ်မယ်လို့ ငါ ထင်တယ်... ငါတို့သာ ကမ္ဘာမြေနတ်ဘုရားလောကကြီးရဲ့ တောင်တန်းတစ်ခုလောက်ကို နေရာယူနိုင်ခဲ့ရင် ငါတို့ ယုံကြည်မှုကို ဖြန့်ကျက်ဖို့အတွက် လုံလောက်ပါပြီ..."
"ကမ္ဘာမြေနတ်ဘုရားလောကကြီးမှာ အစွမ်းထက်သူတွေ အရမ်း ပေါများတယ်... အဲ့ဒီထဲကို မဆင်မခြင် ဝင်သွားတာက ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ထဲ တွန်းပို့လိုက်တာနဲ့ အတူတူပဲ..."
အမှောင်အယ်လ်ဖ် ဧကရာဇ်မက သက်ပြင်းချကာ ပြောလိုက်သည်။
"ကျားရဲတွင်းကို မဝင်ဘဲ ကျားသားပေါက်ကို ဘယ်လိုရနိုင်မှာလဲ... ကမ္ဘာမြေနတ်ဘုရားလောကကြီးထဲကို ဝင်ဖို့ အကောင်းဆုံး အခွင့်အရေးက ငါတို့ မျက်စိရှေ့မှာ ရှိနေပြီ... အကယ်၍ လက်လွတ်ခံလိုက်ရရင် ထာဝရ လက်လွတ်သွားတာပဲ..."
ပူဟာမန်က အသံနှိမ့်ကာ ပြောလိုက်သည်။
"မိတ်ဆွေတို့ အားလုံးက အဆင့်မြင့်နတ်ဘုရားတွေ ဖြစ်နေကြပြီလေ... နတ်ဘုရားစွမ်းအားတွေ ကုန်ခမ်းနေတဲ့ အရသာက သိပ်မကောင်းဘူး မဟုတ်လား... အခု ယုံကြည်မှုကို ဖြန့်ကျက်ပြီး ယုံကြည်မှုစွမ်းအားတွေကို စုဆောင်းဖို့ အခွင့်အရေးကောင်းကြီးတစ်ခု ရှိနေပြီ... လုံးဝ လက်လွတ်ခံလို့ မဖြစ်ဘူး..."
ထိုစကားကို ကြားသောအခါ ပင့်ကူနတ်ဘုရားမလည်း ဘယ်လို ပြန်ငြင်းရမှန်း မသိတော့ပေ။ နတ်ဘုရားစွမ်းအား ကုန်ခမ်းနေသည် ဟုတ်လား။ ကုန်ခမ်းနေရုံသာ မကဘူး လုံးဝကို ပြတ်လပ်နေတာ။
မုန်လဲ့ ပေးသနားခဲ့သော အဆင့်မြင့် နတ်ဘုရားအမြုတေကို အောင်မြင်စွာ သန့်စင်ပြီး အစွမ်းထက်သော အဆင့်မြင့်နတ်ဘုရားတစ်ပါး ဖြစ်လာခြင်းက ဝမ်းသာစရာ ကိစ္စတစ်ခု ဖြစ်သော်လည်း အားနည်းချက်တစ်ခုကတော့ နတ်ဘုရားရာထူးသာ ရှိပြီး နတ်ဘုရားစွမ်းအား လုံလုံလောက်လောက် မရှိသောကြောင့် စွမ်းအား အများကြီး လျော့ကျသွားခြင်းပင် ဖြစ်သည်။
ဤသည်မှာ တင့်ကားတွေ အမြောက်ကြီးတွေ တပ်ဆင်ထားပြီး ခဲယမ်းမီးကျောက် အလုံအလောက် မရှိသကဲ့သို့ ဖြစ်နေသည်။ လက်နက်တွေ ရှိနေပြီး အသုံးမပြုနိုင်ခြင်းပင် ဖြစ်သည်။
တကယ်ကို စိတ်ပျက်စရာ ကောင်းလှသည်။
ထို့ကြောင့် လူတိုင်းက ဤအခြေအနေကို ပြောင်းလဲချင်ကြပြီး နတ်ဘုရားစွမ်းအား ဖြည့်တင်းရန် အကောင်းဆုံး နည်းလမ်းမှာ ယုံကြည်မှုကို ဖြန့်ကျက်ပြီး ယုံကြည်မှုစွမ်းအားများကို စုဆောင်းခြင်းပင် ဖြစ်သည်။
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ လက်ရှိ ရှိနေသော လောကများက လုံးဝ မလုံလောက်ပေ။ လောက ၄၈ခု၏ ပြောင်းရွှေ့နေထိုင်မှု လုပ်ငန်းစဉ်များ ပြီးဆုံးသွားခဲ့ပြီး လောက ၄၈ခုရှိ လူဦးရေမှာ နှစ်စဉ် အရူးတစ်ယောက်အလား တိုးပွားနေသော်လည်း လုံးဝ မလုံလောက်သေးပေ။
အဆင့်မြင့်နတ်ဘုရားတစ်ပါး လိုအပ်သော နတ်ဘုရားစွမ်းအားမှာ အလွန် ကြောက်စရာကောင်းလှရာ လောက ၁၀၀လောက်ရှိ ယုံကြည်မှုနယ်မြေကသာ အဆင့်မြင့်နတ်ဘုရားတစ်ပါး၏ နတ်ဘုရားစွမ်းအား ကုန်ကျမှုကို မနည်း ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။
အားလုံးက အဆင့်မြင့်နတ်ဘုရားတွေချည်းပဲလေ... လောက ၄၈ခုက ဘယ်လိုလုပ် လောက်မှာလဲ။ ထို့ကြောင့် နယ်မြေသစ်များ ချဲ့ထွင်ရန်နှင့် အပြင်ဘက်သို့ တိုးချဲ့ရန် လိုအပ်လာသည်။ ပြဿနာကတော့...
"ဘာတွေ ဒီလောက်တောင် အသည်းအသန် ငြင်းနေကြတာလဲ..."
လူတစ်အုပ်လုံး အပြင်းအထန် ငြင်းခုန်နေကြစဉ် ရင်းနှီးနေသော အသံတစ်ခုက ကျောင်းတော်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာရာ လူတိုင်း တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရီသွားကြသည်။
"သခင်..."
"မုန်လဲ့..."
"ဆရာကြီး..."
မုန်လဲ့က ကျောင်းတော်ထဲတွင် တိတ်တဆိတ် ပေါ်လာပြီး လူတိုင်းကို ပြုံး၍ ကြည့်နေသည်။
"သခင် ရောက်လာပြီ..."
လူတိုင်း အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားကြပြီး အလျင်အမြန် အရိုအသေပေးလိုက်ကြသည်။ ကျောင်းအုပ်ကြီးပင် ဝမ်းသာလွန်းသဖြင့် မုတ်ဆိတ်မွေးများကို အဆက်မပြတ် ပွတ်သပ်နေလေသည်။
"အားလုံး ထကြတော့..."
မုန်လဲ့က လက်ယမ်းလိုက်ပြီး ပြုံး၍ မေးလိုက်သည်။
"ခုနက မင်းတို့ ဘာတွေ ငြင်းနေကြတာလဲ... ကမ္ဘာမြေနတ်ဘုရားလောကကြီးဆိုတာ ဘာလဲ..."
"သခင်... ကိစ္စက ဒီလိုပါ..."
ပူဟာမန်က ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို မနည်း ဖိနှိပ်ထားပြီး ရိုသေစွာ ပြန်ဖြေလိုက်သည်။
"လွန်ခဲ့တဲ့ လဝက်လောက်က တိမ်မည်းတိုက်ကြီးရဲ့ ကောင်းကင်ယံမှာ လေဟာနယ် အက်ကြောင်းကြီးတစ်ခု ရုတ်တရက် ပေါ်လာပါတယ်... ကျွန်တော်တို့ သွားစစ်ဆေးကြည့်တော့ အဲ့ဒီ လေဟာနယ် အက်ကြောင်းကြီးရဲ့ အနောက်ဘက်က နတ်ဘုရားလောကကြီးဆယ်ခုထဲက တစ်ခုဖြစ်တဲ့ ကမ္ဘာမြေနတ်ဘုရားလောကကြီးဆီကို သွားတဲ့ လမ်းကြောင်း ဖြစ်နေပါတယ်..."
"ကမ္ဘာမြေနတ်ဘုရားလောကကြီး..."
မုန်လဲ့ အံ့ဩသွားသည်။ တိမ်မည်းတိုက်ကြီးဆိုသည်မှာ သူ ယခင်က နေရာယူခဲ့သော လောက ၄၈ခုထဲမှ တစ်ခုဖြစ်ရာ တိမ်မည်းတိုက်ကြီးကို သူ သဘာဝကျကျပင် သိရှိထားသည်။ သို့သော် တိမ်မည်းတိုက်ကြီး၏ လေဟာနယ် အက်ကြောင်းက ကမ္ဘာမြေနတ်ဘုရားလောကကြီးဆီသို့ သွားနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
"ဟုတ်ပါတယ် သခင်..."
ပူဟာမန်က ဆက်ပြောသည်။
"ကျွန်တော်တို့ရဲ့ စစ်ဆေးချက်တွေအရ အဲ့ဒီ လေဟာနယ် အက်ကြောင်းက ကမ္ဘာမြေနတ်ဘုရားလောကကြီးဆီကို တိုက်ရိုက် ရောက်သွားတာ သေချာပါတယ်... ပြီးတော့ ကျွန်တော်တို့က ကမ္ဘာမြေနတ်ဘုရားလောကကြီးက အစွမ်းထက်သူ တချို့နဲ့တောင် တိုက်ခိုက်ခဲ့ပြီးပါပြီ…”