အခန်း ၃၇၉
Vol. 38 Ch. 379
အခန်း ၃၇၉ မန်လော်ဧကရာဇ်မနှင့် ရန်သူဖြစ်သွားသော ဇနီးမောင်နှံ။
ဤနေရာသည် အဆုံးအစမမြင်ရသော သဲကန္တာရကြီးဖြစ်သည်။ အဆုံးအစမဲ့ ကျယ်ပြောလှသော သဲပင်လယ်ကြီးဆီမှ ခြောက်ကပ်ခြင်း၊ တိတ်ဆိတ်ခြင်းနှင့် ပြင်းထန်သော အပူရှိန်တို့က ကောင်းကင်အစွန်းတိုင်အောင် ပျံ့နှံ့နေသည်။
ပွန်ပေ သဲကန္တာရကြီးပင် ဖြစ်သည်။
ကမ္ဘာမြေနတ်ဘုရားလောကကြီးတွင် အကြီးဆုံးသော သဲကန္တာရကြီး ဖြစ်သည်။
ကျယ်ပြောလှသော စကြဝဠာကြီးတစ်ခုလုံးတွင်လည်း ပြိုင်ဘက်ကင်း အကြီးမားဆုံး သဲကန္တာရကြီး ဖြစ်ပေသည်။
ယခုအချိန်တွင် ပွန်ပေသဲကန္တာရကြီး၏ ကောင်းကင်ယံထက်၌ အရောင်ဆယ်မျိုး ကွန့်မြူးနေသော နေမင်းတစ်စင်း ပေါ်ထွက်လာခဲ့သည်။
အဆုံးအစမဲ့ များပြားလှသော ရောင်စုံအလင်းတန်းများက ထိုနေမင်းဆီမှ ဖြာကျလာပြီး အဝါရောင် သဲပင်လယ်ကြီး တစ်ခုလုံးကို အရောင်အသွေးစုံလင်စွာ ဆေးခြယ်လိုက်သကဲ့သို့ ဖြစ်သွားကာ ရောင်စုံအလင်းတန်း သမုဒ္ဒရာကြီးအလား ပြောင်းလဲသွားလေသည်။
ဤကဲ့သို့ ကောင်းကင်နှင့်မြေကြီး၏ ထူးခြားသောဖြစ်စဉ်က သဲကန္တာရအတွင်း နေထိုင်သူများ၏ အာရုံကို ပထမဆုံး ဖမ်းစားသွားခဲ့သည်။ ပွန်ပေသဲကန္တာရအတွင်း နှစ်ပေါင်းများစွာ အခြေချနေထိုင်ခဲ့သော အင်အားအကြီးဆုံး အဖွဲ့အစည်းမှာ ကန္တာရ မန်လော် မြွေလူသားမျိုးနွယ်စုပင် ဖြစ်သည်။
သူတို့သည် ခန္ဓာကိုယ်အထက်ပိုင်းမှာ လူသားပုံစံဖြစ်ပြီး အောက်ပိုင်းမှာ မြွေကိုယ်ထည် ရှိကြသည်။ မွေးရာပါ ထူးချွန်သော အရည်အချင်းများ၊ အားကောင်းသော မျိုးပွားနိုင်စွမ်းနှင့် ပွန်ပေသဲကန္တာရ၏ သဘာဝပတ်ဝန်းကျင် အထောက်အပံ့တို့ကြောင့် သူတို့၏ မျိုးနွယ်စုများမှာ သဲကန္တာရ တစ်ခွင်လုံးတွင် ပြန့်ကျဲနေကြသည်။
ထို့အပြင် ပွန်ပေသဲကန္တာရအတွင်းတွင် မရေမတွက်နိုင်သော ကန္တာရအမျိုးအစား နတ်ဘုရားသားရဲများ မှီတင်းနေထိုင်ကြသဖြင့် ဤနေရာမှာ စွန့်စားသူများအတွက် ပရဒိသုဘုံတစ်ခုသဖွယ် ဖြစ်နေသည်။ နှစ်စဉ်နှစ်တိုင်း စွန့်စားသူ မြောက်မြားစွာသည် နတ်ဘုရားသားရဲများကို သတ်ဖြတ်ကာ နတ်ဘုရားသလင်းကျောက်များ ရှာဖွေရန် ဤနေရာသို့ လာရောက်ကြသည်။
ထို့ကြောင့် ရောင်စုံနေမင်းကြီး ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ကန္တာရ မန်လော် မြွေလူသားမျိုးနွယ်စုနှင့် မရေမတွက်နိုင်သော စွန့်စားသူများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားခဲ့သည်။ သူတို့သည် ထိုရောင်စုံနေမင်းကြီး၏ အမှန်တရားကို သိရှိရန်အတွက် သဲကန္တာရ၏ နေရာအနှံ့အပြားမှနေ၍ စုရုံးရောက်ရှိလာကြသည်။
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ရောင်စုံနေမင်းကြီးနှင့် နီးကပ်လာလေလေ ဖိအားက ပိုမိုပြင်းထန်လာလေလေ ဖြစ်ရာ နတ်ဘုရားများစွာမှာ လမ်းတစ်ဝက်မှပင် နောက်ဆုတ်သွားကြရသည်။ အင်အားကြီးမားသူများသာ ရှေ့ဆက်သွားနိုင်ကြသည်။
နောက်ဆုံးတွင် ရောင်စုံနေမင်းကြီး၏ အနီးသို့ အမှန်တကယ် ရောက်ရှိနိုင်သူများမှာ အဆင့်မြင့်နတ်ဘုရား နောက်ဆုံးအဆင့်ရှိသော အကြီးအကဲအဆင့် အစွမ်းထက်သူများသာ ဖြစ်ပြီး ကျန်သူများမှာမူ စိတ်ဆန္ဒရှိသော်လည်း စွမ်းအားမလုံလောက်ကြပေ။
"ပင်မနတ်ဘုရားအမြုတေ..."
"ဒါ သေချာပေါက် ပင်မနတ်ဘုရားအမြုတေရဲ့ အရှိန်အဝါပဲ..."
အလွန်လှပကျော့ရှင်းပြီး ရွှေရောင် မြွေအမြီးတစ်ခု ပါရှိသော ဆွဲဆောင်မှုရှိလှသည့် အမျိုးသမီးတစ်ဦးသည် အောက်ဘက်သို့ ရောက်ရှိလာခဲ့သည်။ သူမ၏ လှပသော မျက်ဝန်းများက ကောင်းကင်ယံထက်တွင် ချိတ်ဆွဲထားသည့် ရောင်စုံနေမင်းကြီးကို အလွန်အမင်း လိုချင်တပ်မက်စွာဖြင့် မော့ကြည့်နေသည်။
သူမကား ကန္တာရ မန်လော် မြွေလူသားများ၏ ဧကရာဇ်မဖြစ်သော မန်လော်ဧကရာဇ်မ ပင်ဖြစ်သည်။ သူမသည် မြွေလူသားမျိုးနွယ်စု၏ အင်အားအကြီးဆုံးသော တည်ရှိမှုဖြစ်ပြီး သူမ၏ စွမ်းအားမှာ အဆင့်မြင့်နတ်ဘုရား နောက်ဆုံးအဆင့်ထက် များစွာ သာလွန်ကာ ပြီးပြည့်စုံသောအဆင့်သို့ပင် ချဉ်းကပ်နေပြီ ဖြစ်သည်။
သူမ၏ အနောက်တွင်တော့ မြွေလူသား အဘိုးအိုတစ်ဦးနှင့် အဘွားအိုတစ်ဦးတို့ ပါဝင်သော အကြီးအကဲ နှစ်ဦးက သူမကို စောင့်ရှောက်ရန် လိုက်ပါလာခဲ့ကြသည်။
"ငါ ကိုယ်တော်သာ ဒီပင်မနတ်ဘုရားအမြုတေကို ပေါင်းစပ်လိုက်နိုင်ရင် အမြင့်ဆုံးမှာရှိတဲ့ ပင်မနတ်ဘုရားတစ်ပါးအဖြစ် ချက်ချင်း ရောက်ရှိသွားမှာပဲ... အဲဒီအခါကျရင် ငါတို့ရဲ့ မြွေလူသားမျိုးနွယ်စုကို ပွန်ပေသဲကန္တာရထဲကနေ ခေါ်ထုတ်သွားပြီး ကြီးကျယ်ခမ်းနားတဲ့ ခေတ်သစ်တစ်ခုကို တည်ထောင်နိုင်လိမ့်မယ်..."
"ငါ့ဟာပဲ..."
"ဒီ ပင်မနတ်ဘုရားအမြုတေက ငါ ကိုယ်တော့်ဟာပဲ..."
"ရွှမ်း..."
မန်လော်ဧကရာဇ်မသည် ရင်ထဲမှ လောဘနှင့် တပ်မက်မှုများကို ဆက်လက် မထိန်းချုပ်နိုင်တော့ဘဲ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ ရောင်စုံနေမင်းကြီးဆီသို့ ပျံသန်းသွားတော့သည်။ သို့သော် သူမထက် ပိုမြန်သော သူများ ရှိနေခဲ့သည်။
"ရွှမ်း..."
"ရွှမ်း..."
အလင်းတန်းနှစ်ခုသည် ရှေ့နောက်မခွဲခြားနိုင်လောက်အောင် တစ်ပြိုင်နက်တည်း ကောင်းကင်ယံရှိ နေမင်းကြီးဆီသို့ ပျံသန်းသွားကြသည်ကို မြင်လိုက်ရသည်။
မန်လော်ဧကရာဇ်မသည် ထိုသူနှစ်ဦးကို မြင်လိုက်ရသောအခါ ဒေါသကြောင့် မျက်နှာတစ်ခုလုံး ပုံပျက်ရှုံ့မဲ့သွားရသည်။
"အကြီးအကဲနှစ်ယောက်... နင်တို့ သတ္တိတွေ တော်တော်ကောင်းနေပါလား... ငါ ကိုယ်တော့်ရဲ့ ပစ္စည်းကိုများ လုယူရဲတယ်ပေါ့လေ..."
မှန်ပါသည်။ မန်လော်ဧကရာဇ်မ၏ ရှေ့မှ ဖြတ်ပြေးသွားသူများမှာ အခြားသူများ မဟုတ်ဘဲ သူမ ခေါ်ဆောင်လာခဲ့သော အကြီးအကဲနှစ်ဦးပင် ဖြစ်သည်။
ပုံမှန်အချိန်များတွင် သူမ၏ အမိန့်ကို နာခံကာ အလွန် သစ္စာရှိလှသော ဤအဘိုးအိုနှင့် အဘွားအိုနှစ်ဦးက ယခုလို အရေးကြီးသော အချိန်ရောက်မှ သူမကို သစ္စာဖောက်လိမ့်မည်ဟု မန်လော်ဧကရာဇ်မ အိပ်မက်ထဲတွင်ပင် ထင်မှတ်မထားခဲ့ဖူးပေ။
မန်လော်ဧကရာဇ်မသည် ဒေါသအထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
"ဝုန်း..."
မန်လော်ဧကရာဇ်မက စွမ်းအားအပြည့် အသုံးပြုလိုက်ရာ သူမ၏ အမြန်နှုန်းမှာ ရုတ်တရက် မြင့်တက်သွားပြီး အကြီးအကဲနှစ်ဦးကို မျက်စိတစ်မှိတ်အတွင်း မှီသွားခဲ့သည်။ ထို့နောက် သူတို့၏ အရှေ့မှ ပိတ်ရပ်လိုက်ပြီး သူမ၏ မျက်နှာမှာ ရေခဲတမျှ အေးစက်နေသည်။
"ငါ ကိုယ်တော်ကိုများ သစ္စာဖောက်ရဲတယ်... သေစမ်း..."
မန်လော်ဧကရာဇ်မ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ရက်စက်ကြမ်းကြုတ်သည့် သတ်ဖြတ်လိုစိတ်များကို ခံစားလိုက်ရသောအခါ မြွေလူသား အကြီးအကဲနှစ်ဦးလုံး မျက်နှာပျက်သွားကြသည်။
"ဧကရာဇ်မ... ခွင့်လွှတ်ပေးတော်မူပါ... ကျွန်တော်မျိုးတို့က ဧကရာဇ်မအတွက် ပင်မနတ်ဘုရားအမြုတေကို သွားယူပေးမလို့ပါ..."
"ဟုတ်ပါတယ် ဧကရာဇ်မ... ကျွန်မတို့က ဧကရာဇ်မ အပေါ်မှာ အမြဲတမ်း သစ္စာရှိခဲ့တာပါ... သစ္စာဖောက်ဖို့ ဆိုတာကို တစ်ခါမှတောင် မတွေးခဲ့ဖူးပါဘူး... ဧကရာဇ်မ အနေနဲ့ အမြင်ကျယ်ကျယ်နဲ့ ကျွန်မတို့ရဲ့ အခက်အခဲကို နားလည်ပေးပါ..."
မန်လော်ဧကရာဇ်မ၏ မျက်နှာမှာ အေးစက်တည်တင်းနေပြီး သူတို့နှစ်ဦးကို သတ်ဖြတ်ရန်အတွက် သူမ၏ လက်ဝါးကို မြှောက်တင်လိုက်သည်။
"စကားလှလှလေးတွေ သုံးနေတာပဲ... နင်တို့ပြောတာကို ငါ ကိုယ်တော်က ယုံမယ်လို့ ထင်နေတာလား..."
ထိုအချိန်မှာပင် မြွေလူသား အဘိုးအိုက ရုတ်တရက် အော်ဟစ်လိုက်သည်။
"ဧကရာဇ်မ... ခဏလောက် လက်လျှော့ပါဦး... တစ်ယောက်ယောက်က ပင်မနတ်ဘုရားအမြုတေဆီကို သွားနေပြီ..."
"ဘာ..."
မန်လော်ဧကရာဇ်မ၏ လှပသော မျက်နှာလေးမှာ အလန့်တကြား ဖြစ်သွားပြီး ရောင်စုံနေမင်းကြီးဆီသို့ အလျင်အမြန် လှမ်းကြည့်လိုက်သည်။
"သေလိုက်တော့..."
မြွေလူသား အဘိုးအို၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာများ ပေါ်ထွက်လာပြီး သူ၏ လက်သီးကို အားကုန်လွှဲ၍ ထိုးချလိုက်သည်။ မြွေလူသား အဘွားအိုကလည်း အလားတူပင် သူမ၏ မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်များ လက်ဖြာသွားကာ မန်လော်ဧကရာဇ်မဆီသို့ အားကုန်သုံး၍ လက်သီးဖြင့် ထိုးချလိုက်သည်။
သူတို့နှစ်ဦး၏ တိုက်ခိုက်မှုမှာ မျက်စိတစ်မှိတ်အတွင်း မြန်ဆန်လွန်းလှသည်။ မန်လော်ဧကရာဇ်မ၏ စွမ်းအားမှာ သူတို့နှစ်ဦးထက် တစ်ဆင့်ပိုမြင့်နေသော်လည်း ရုတ်တရက် အငိုက်မိသွားသဖြင့် တိုက်ခိုက်မှုကို ခံလိုက်ရလေသည်။
"ဝုန်း..."
"ဝုန်း..."
လက်သီးနှစ်လုံးသည် မန်လော်ဧကရာဇ်မ၏ ကိုယ်ပေါ်သို့ ကျရောက်သွားရာ သူမ၏ ပါးစပ်ထဲမှ သွေးများ ပန်းထွက်သွားပြီး စူးရှစွာ အော်ဟစ်လိုက်ရင်း ကြိုးပြတ်သွားသော စွန်တစ်ကောင်အလား နောက်သို့ လွင့်စင်သွားတော့သည်။
မန်လော်ဧကရာဇ်မကို တိုက်ခိုက်ပြီးသည်နှင့် အဘိုးအိုနှင့် အဘွားအိုနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ရောင်စုံနေမင်းကြီးဆီသို့ ထပ်မံ ပျံသန်းသွားကြသည်။
"သစ္စာဖောက်တွေ... သေထိုက်တဲ့ သစ္စာဖောက်တွေ..."
မန်လော်ဧကရာဇ်မက သူမ၏ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီး သွေးအချို့ကို ထပ်မံအန်ထုတ်လိုက်သည်။ ကောင်းကင်ယံရှိ အကြီးအကဲနှစ်ဦးကို ကြည့်နေသော သူမ၏ မျက်နှာမှာ ဒေါသကြောင့် ပုံပျက်ရှုံ့မဲ့နေသည်။ သူမ၏ အမူအရာက ထိုသစ္စာဖောက်နှစ်ဦးကို လက်ဖြင့် ဆွဲဖြဲပစ်ချင်နေသည့်အလား၊ သို့မဟုတ် အဝေးကြီးမှနေ၍ သေနတ်ဖြင့် ပစ်သတ်ချင်နေသည့်အလား အလွန်အမင်း ရန်လိုနေသည်။
နီးလာပြီ။
နီးကပ်လာလေပြီ။
ထိပ်တန်းအဆင့် အစွမ်းထက်သူများ ဖြစ်ကြသည့် အလျောက် မြွေလူသား အကြီးအကဲနှစ်ဦးသည် ရောင်စုံနေမင်းကြီးမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ဖိအားကြီးကို အံကြိတ်ခံရင်း ရောင်စုံနေမင်းကြီးနှင့် တဖြည်းဖြည်း နီးကပ်လာခဲ့သည်။
နောက်ဆုံးတွင်တော့...
မီတာအနည်းငယ်မျှသာ ကွာဝေးတော့သည်။
အဘိုးအိုနှင့် အဘွားအိုနှစ်ဦးလုံး ပုံသဏ္ဍာန် မသေချာသော ပင်မနတ်ဘုရားအမြုတေနှင့် ၎င်းအပေါ်ရှိ ထူးခြားလှသည့် ရောင်စုံပန်းပွင့်ပုံစံများကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ ထိုအချိန်တွင် သူတို့နှစ်ဦးလုံး၏ နှလုံးခုန်နှုန်းများမှာ ဒိန်းဒိန်းဒိုင်းဒိုင်းဖြင့် ပြင်းထန်စွာ ခုန်ပေါက်လာကြသည်။
လက်တစ်ကမ်း အကွာအဝေးပင် ဖြစ်သည်။
၎င်းမှာ အမှန်တကယ် လက်တစ်ကမ်း အကွာအဝေးလေးသာ ဖြစ်သည်။
ခြေတစ်လှမ်းမျှသာ လိုပါတော့သည်။ ထိုခြေတစ်လှမ်းကို လှမ်းလိုက်သည်နှင့် သူတို့သည် အထွတ်အထိပ်တွင်ရှိသော ပင်မနတ်ဘုရားများ ဖြစ်လာကြမည်ဖြစ်ပြီး ကမ္ဘာမြေနတ်ဘုရားလောကကြီးတွင်သာမက ကျယ်ပြောလှသော စကြဝဠာကြီးတစ်ခုလုံးတွင် အကြီးမြတ်ဆုံးသော တည်ရှိမှုများအဖြစ်သို့ ချက်ချင်း တက်လှမ်းနိုင်တော့မည် ဖြစ်သည်။
'ငါ့ဟာပဲ...'
သူတို့နှစ်ဦးလုံး ရင်ထဲမှ အော်ဟစ်လိုက်ကြပြီး နောက်ဆုံးကျန်ရှိနေသော ခွန်အားများကို အသုံးချကာ အားကုန်သုံး၍ လှမ်းဆွဲလိုက်ကြသည်။ ထိုအခိုက်အတန့်တွင် သူတို့သည် တစ်ယောက်ရှိနေခြင်းကို တစ်ယောက် လုံးဝမေ့လျော့သွားကြပြီး သူတို့၏ မျက်လုံးထဲတွင် ပင်မနတ်ဘုရားအမြုတေ တစ်ခုတည်းသာ ရှိနေတော့သည်။
"ဖက်..."
သူတို့နှစ်ဦးလုံး ပင်မနတ်ဘုရားအမြုတေကို တစ်ပြိုင်နက်တည်း ဖမ်းဆုပ်မိသွားကြသည်။ နွေးထွေးနူးညံ့သော ခံစားမှုက လက်ဖဝါးများဆီသို့ စီးဆင်းလာသောအခါ သူတို့နှစ်ဦးလုံး၏ ရင်ထဲတွင် တုန်ရီသွားကြသည်။ ပင်မနတ်ဘုရားအမြုတေကို ဖမ်းဆုပ်နိုင်ခြင်းမှာ အရာအားလုံးကို ဖမ်းဆုပ်နိုင်ခြင်းပင် ဖြစ်သည်။
၎င်းမှာ အမှန်တကယ်ကို အရာအားလုံးပင် ဖြစ်သည်။
"ငါ ပင်မနတ်ဘုရား ဖြစ်တော့မယ်..."
"ငါ ပင်မနတ်ဘုရား ဖြစ်တော့မယ်..."
သူတို့နှစ်ဦးလုံး အရူးအမူး ဝမ်းသာပျော်ရွှင်နေကြပြီးနောက် ပင်မနတ်ဘုရားအမြုတေကို မိမိဆီသို့ ဆွဲယူရန် တစ်ပြိုင်နက်တည်း အားစိုက်လိုက်ကြသည်။ သို့သော် လုံးဝ ဆွဲယူ၍မရကြောင်း အံ့ဩဖွယ် တွေ့ရှိလိုက်ရချိန်မှသာ တစ်ယောက်ကိုတစ်ယောက် ပြန်လည် သတိပြုမိသွားကြသည်။
"မိန်းမအိုကြီး... မြန်မြန် လွှတ်လိုက်စမ်း... ပင်မနတ်ဘုရားအမြုတေက ငါ့ဟာ..."
မြွေလူသား အဘိုးအိုက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ချီးပဲ... ပင်မနတ်ဘုရားအမြုတေက ငါ့ဟာ... ငါ့ဟာပဲ... နင်သာ လွှတ်ရမှာ... ငါကမှ ပင်မနတ်ဘုရား ဖြစ်လာမယ့်သူ..."
မြွေလူသား အဘွားအိုကလည်း လုံးဝ အလျှော့မပေးဘဲ ပြန်လည် အော်ဟစ်လိုက်သည်။
"မိန်းမအိုကြီး... ငါ တစ်သက်လုံး နင့်ကို အလျှော့ပေးလာခဲ့တာပဲ... ဒီနေ့တော့ ဒီတစ်ခါလေး ငါ့ကို အလျှော့ပေးလိုက်ပါတော့..."
မြွေလူသား အဘိုးအို၏ မျက်လုံးများထဲတွင် တောင်းပန်နေသော အရိပ်အယောင်များ ပေါ်လာသည်။
"ပင်မနတ်ဘုရားအမြုတေကြောင့် ဖြစ်လာတဲ့ ဂယက်က အရမ်းကြီးလွန်းတယ်... အစွမ်းထက်တဲ့သူ အများကြီး ဒီဘက်ကို လာနေကြမှာ သေချာတယ်... ငါတို့အတွက် အချိန်သိပ်မရှိတော့ဘူး... နင် မြန်မြန် လွှတ်လိုက်ပါ..."
"ဟွန့်... တစ်သက်လုံးတောင် အလျှော့ပေးလာခဲ့တာပဲ... နောက်ထပ် တစ်ခါလောက် ထပ်အလျှော့ပေးလိုက်ရင်ရော ဘာဖြစ်သွားမှာမို့လို့လဲ..."
မြွေလူသား အဘွားအိုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် သူမ၏ အသံမှာ ရုတ်တရက် အလွန်တရာ နူးညံ့သွားခဲ့သည်။
"အဘိုးကြီး... သေချာ စဉ်းစားကြည့်ပါဦး... ငါ ပင်မနတ်ဘုရား ဖြစ်တာနဲ့ နင် ပင်မနတ်ဘုရား ဖြစ်တာ ဘာကွာလို့လဲ... ပြီးတော့ ငါ နတ်ဘုရားသစ္စာ ဆိုရဲပါတယ်... ငါ ပင်မနတ်ဘုရား ဖြစ်သွားရင်တောင် နင့်ကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး... နင့်ကို ထာဝရ ကာကွယ်ပေးသွားမှာပါ..."
"မိန်းမအိုကြီး... ငါလည်း နင့်ကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ပါဘူး... ငါ သစ္စာဆိုပါတယ်..."
မြွေလူသား အဘိုးအိုက အလျင်စလို ပြောလိုက်သည်။
"အစွမ်းထက်တဲ့သူ အများကြီး အခုချက်ချင်း ရောက်လာတော့မယ်... ငါတို့အတွက် အချိန် သိပ်မကျန်တော့ဘူး... နင့်အနေနဲ့ ပင်မနတ်ဘုရားအမြုတေကို တခြားသူတွေလက်ထဲ ပါသွားတာကို ဒီအတိုင်း ကြည့်နေတော့မလို့လား..."
"ငါ မလွှတ်ဘူး... ပင်မနတ်ဘုရားအမြုတေက ငါ့ဟာ..."
"တော်ကြပါတော့ ခင်ဗျားတို့ နှစ်ယောက်... လမ်းလေးနည်းနည်းလောက် ဖယ်ပေးပါဦး…”