အခန်း ၃၈၀
Vol. 38 Ch. 380
အခန်း ၃၈၀ အမြင့်ဆုံးနတ်ဘုရားအမြုတေနှင့် မျက်စိတစ်မှိတ်အတွင်း ပျက်စီးခြင်း
ပင်မနတ်ဘုရားအမြုတေ၏ ဆွဲဆောင်မှုကို မည်သူကမျှ တည်ငြိမ်စွာ ရင်ဆိုင်နိုင်စွမ်း မရှိကြပေ။ သားအဖများ ရန်သူဖြစ်သွားကြသလို၊ ဇနီးမောင်နှံများလည်း အချင်းချင်း သတ်ဖြတ်ကြသည်။ ထို မြွေလူသား အဘိုးအိုနှင့် အဘွားအိုတို့က အကောင်းဆုံး သာဓကပင် ဖြစ်သည်။
သူတို့သည် တစ်ယောက်နှင့်တစ်ယောက် နှစ်ပေါင်းများစွာ အတူတကွ ဖြတ်သန်းလာခဲ့ကြပြီး အခက်အခဲများစွာကို အတူရင်ဆိုင်ကျော်ဖြတ်ခဲ့ကြသော်လည်း ယခုအခါတွင်မူ ထိုအရာများ အားလုံးက ပင်မနတ်ဘုရားအမြုတေလောက် အရေးမကြီးတော့ပေ။
"တော်ကြပါတော့ ခင်ဗျားတို့ နှစ်ယောက်... လမ်းလေး နည်းနည်းလောက် ဖယ်ပေးပါဦး..."
မြွေလူသား အဘိုးအိုနှင့် အဘွားအိုတို့ အချင်းချင်း အကြီးအကျယ် ငြင်းခုံနေကြစဉ် တစ်စုံတစ်ယောက်က ထိုမြင်ကွင်းကို ဆက်ကြည့်မနေနိုင်တော့ဘဲ သူတို့နှစ်ဦးကြားသို့ ထူးဆန်းစွာ ဝင်ရောက်လာကာ ပင်မနတ်ဘုရားအမြုတေကို လုယူသွားလေသည်။
မြွေလူသား အကြီးအကဲနှစ်ဦးလုံး မျက်နှာပျက်သွားကြပြီး အသံလာရာဘက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင် ဒေါသမီးတောက်များ တောက်လောင်နေပြီး ထိုသူ၏ ဘောင်းဘီထဲသို့ ဗုံးတစ်လုံးထည့်ကာ ဖောက်ခွဲပစ်ချင်နေသည့် အမူအရာမျိုး ဖြစ်နေသည်။
"သေနာကောင် သူခိုး... ငါ့ရဲ့ ပင်မနတ်ဘုရားအမြုတေကို ပြန်ပေးစမ်း..."
မြွေလူသား အကြီးအကဲနှစ်ဦးလုံး ဒေါသအထွတ်အထိပ်သို့ ရောက်ရှိသွားကြပြီး လက်ဝါးနှစ်ဖက်လုံးကို အားကုန်လွှဲ၍ ရိုက်ချလိုက်ကြသည်။ ထိုသူကို အသားစိမ်းငါးစိမ်းဖြစ်အောင် ရိုက်သတ်ပြီးမှသာ သူတို့၏ ရင်ထဲမှ အမုန်းတရားများကို ဖြေဖျောက်နိုင်မည်ဟု ထင်ရသည်။
"ဒီ ပင်မနတ်ဘုရားအမြုတေ တစ်ခုလေးကြောင့် ခင်ဗျားတို့ ဇနီးမောင်နှံတောင် ရန်သူတွေ ဖြစ်သွားကြပြီပဲ... ဒါက ဘဝရဲ့ အကြီးမားဆုံးသော ကြေကွဲစရာ ကိစ္စကြီး တစ်ခုပါပဲ... ဒါကြောင့် ခင်ဗျားတို့အတွက် ကောင်းဖို့ ရည်ရွယ်ပြီး ဒီ ပင်မနတ်ဘုရားအမြုတေကို ကျွန်တော် သိမ်းထားပေးလိုက်ပါ့မယ်..."
ထိုသူမှာ အခြားသူမဟုတ်ဘဲ မုန်လဲ့ပင် ဖြစ်သည်။ မုန်လဲ့က နေရာရွှေ့ပြောင်းခြင်း မှော်ပညာကို အသုံးပြုကာ ကီလိုမီတာ အနည်းငယ် အကွာသို့ ချက်ချင်း ရောက်ရှိသွားပြီး သူ၏ လက်ထဲရှိ ပင်မနတ်ဘုရားအမြုတေကို သေချာ ကြည့်ရှုနေသည်။ သူ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
"ဖွဲ့စည်းတည်ဆောက်ပုံကတော့ အဆင့်နိမ့်လောက၊ အလယ်အလတ်လောကတွေရဲ့ လောကနှလုံးသားတွေနဲ့ အများကြီး ဆင်တူတယ်... ဒါပေမဲ့ စွမ်းအားကတော့ သူတို့ထက် အများကြီး ပိုပြီး ကြီးမားနေတာပဲ..."
မုန်လဲ့က တီးတိုးရေရွတ်လိုက်သည်။
"အဲဒါကတော့ သေချာတာပေါ့... အဆင့်မြင့်လောကရဲ့ လောကနှလုံးသား ဖွဲ့စည်းပုံထဲမှာ အခြေခံနိယာမတရား ၁၀ မျိုးနဲ့ မူလစွမ်းအား ၁၀ မျိုး အပြင် အမြင့်ဆုံးနိယာမတရား ၅ မျိုးနဲ့ အမြင့်ဆုံးစွမ်းအား ၅ မျိုးပါ ပါဝင်သေးတယ်လေ..."
မိုလော့က မုန်လဲ့၏ ဘေးတွင် ပေါ်လာပြီး ရှင်းပြလိုက်သည်။
"နိယာမတရား ၁၅ မျိုးနဲ့ စွမ်းအား ၁၅ မျိုး ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အရာဆိုတော့ ဘယ်လောက်တောင် အစွမ်းထက်မလဲဆိုတာ မင်း စဉ်းစားကြည့်လို့ ရပါတယ်... ကောလာဟလတွေအရ ဆိုရင်တော့..."
"ဘာတွေအရ ဆိုရင်လဲ..."
မုန်လဲ့က သံသယဖြစ်စွာ မေးလိုက်သည်။
"အပြည့်အစုံ ဖြစ်နေတဲ့ အဆင့်မြင့်လောကရဲ့ လောကနှလုံးသားက အမြင့်ဆုံးနတ်ဘုရားအမြုတေနဲ့ ညီမျှတယ် တဲ့... အကယ်၍ အဲဒီ လောကနှလုံးသားကို ပေါင်းစပ်နိုင်တဲ့သူသာ ရှိခဲ့မယ်ဆိုရင် စကြဝဠာကြီး တစ်ခုလုံးမှာ အမြင့်ဆုံးဖြစ်တဲ့ အမြင့်ဆုံးနတ်ဘုရား တစ်ပါးရဲ့ စွမ်းအားကို ပိုင်ဆိုင်နိုင်လိမ့်မယ် တဲ့..."
မိုလော့က ပြုံးစိစိဖြင့် ပြောလိုက်သည်။
"အမြင့်ဆုံးနတ်ဘုရား..."
မုန်လဲ့ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။
အဆင့်နိမ့် အဆင့် ပင်မနတ်ဘုရား၊ အလယ်အလတ် ပင်မနတ်ဘုရား၊ အဆင့်မြင့် ပင်မနတ်ဘုရား၊ အမြင့်ဆုံး အုပ်စိုးရှင် စသည်တို့၏ အထက်တွင် အမြင့်ဆုံးနတ်ဘုရား ဆိုသည်မှာ ရှိနေသေးသည်။ အမြင့်ဆုံးနတ်ဘုရား တစ်ပါးက မည်မျှတောင် အစွမ်းထက်မည်ဆိုသည်ကို စိတ်ကူးနှင့်ပင် မှန်းဆကြည့်နိုင်သည်။
အပြည့်အစုံ ဖြစ်နေသော အဆင့်မြင့်လောက၏ လောကနှလုံးသားက အမြင့်ဆုံးနတ်ဘုရားအမြုတေနှင့် ညီမျှသည် ဟုတ်လား။
မုန်လဲ့၏ မျက်လုံးများ တောက်ပသွားသည်။
"ဝမ်းနည်းစရာ ကောင်းတာက အပြည့်အစုံ ဖြစ်နေတဲ့ အဆင့်မြင့်လောကရဲ့ လောကနှလုံးသား ဆိုတာ လုံးဝ မရှိနိုင်တာပဲ... အဲဒါက ဘာကို ဆိုလိုတာလဲဆိုတော့ စကြဝဠာကြီးထဲမှာ အမြင့်ဆုံးနတ်ဘုရား ဆိုတာ လုံးဝ ပေါ်လာမှာ မဟုတ်ဘူး ဆိုတဲ့ သဘောပဲ..."
မိုလော့က ထပ်မံ၍ ပြုံးကာ ပြောလိုက်သည်။
"ဒါကလည်း အဓိပ္ပာယ် တစ်မျိုးနဲ့ ဟန်ချက်ညီအောင် ထိန်းထားတာလို့ ပြောလို့ရတာပေါ့လေ..."
"ဖြစ်နိုင်ပါတယ်..."
မုန်လဲ့က ပြုံးလိုက်ပြီးနောက် ဆက်မေးလိုက်သည်။
"မိုလော့... ဒီ ပင်မနတ်ဘုရားအမြုတေက အဆင့်နိမ့် အဆင့် ပင်မနတ်ဘုရားအမြုတေလား... အလယ်အလတ် ပင်မနတ်ဘုရားအမြုတေလား... ဒါမှမဟုတ် အဆင့်မြင့် ပင်မနတ်ဘုရားအမြုတေလား..."
"မဟုတ်ဘူး... မဟုတ်ဘူး... မင်း ပြောတာ မှားနေပြီ..."
မိုလော့က အလျင်အမြန် ပြင်ပေးလိုက်သည်။
"ပင်မနတ်ဘုရားတွေမှာသာ အားနည်းတာ၊ အားကြီးတာ ဆိုပြီး ကွဲပြားမှု ရှိပေမယ့် ပင်မနတ်ဘုရားအမြုတေမှာတော့ အဆင့်အတန်း ခွဲခြားမှု ဆိုတာ မရှိဘူး..."
"ပင်မနတ်ဘုရားအမြုတေ တစ်ခုစီတိုင်းရဲ့ အလေးချိန်နဲ့ အရွယ်အစားက လုံးဝ အတိအကျ တူညီကြတယ်... ပင်မနတ်ဘုရား တစ်ပါးရဲ့ စွမ်းအား ကြီးမားမှုက သူ့ရဲ့ အမြင့်ဆုံးနိယာမတရားကို နားလည်နိုင်စွမ်း အပေါ်မှာပဲ မူတည်တယ်..."
"တိတိကျကျ ပြောရရင် ဒီလိုမျိုး..."
"ပင်မနတ်ဘုရားအမြုတေကို ပေါင်းစပ်ထားပြီး အမြင့်ဆုံးနိယာမတရားကို လုံးဝ နားမလည်တဲ့ ပင်မနတ်ဘုရားက အားအနည်းဆုံး အဆင့်နိမ့် အဆင့် ပင်မနတ်ဘုရား ဖြစ်တယ်..."
"ပင်မနတ်ဘုရားအမြုတေကို ပေါင်းစပ်ထားပြီး အမြင့်ဆုံးနိယာမတရားကို အနည်းငယ် နားလည်ထားတဲ့ ပင်မနတ်ဘုရားက နည်းနည်း ပိုအားကောင်းတဲ့ အလယ်အလတ် ပင်မနတ်ဘုရား ဖြစ်တယ်... အမြင့်ဆုံးနိယာမတရားကို နက်နက်ရှိုင်းရှိုင်း နားလည်ထားတဲ့ ပင်မနတ်ဘုရားက အဆင့်မြင့် ပင်မနတ်ဘုရား ဖြစ်တယ်..."
"ပင်မနတ်ဘုရားအမြုတေကို ပေါင်းစပ်ထားပြီး အမြင့်ဆုံးနိယာမတရား တစ်ခုကို အပြည့်အဝ နားလည်သွားတဲ့ ပင်မနတ်ဘုရားကတော့ အမြင့်ဆုံး အုပ်စိုးရှင် ဖြစ်တယ်..."
"ကောင်းပြီလေ..."
မုန်လဲ့က နှုတ်ခမ်းမဲ့လိုက်သည်။ ပင်မနတ်ဘုရား တစ်ပါး၏ စွမ်းအားက အမြင့်ဆုံးနိယာမတရားကို နားလည်နိုင်စွမ်း အပေါ်တွင် မူတည်သည်ဆိုသည်ကို သူ အစောကြီးကတည်းက သိထားပြီး ဖြစ်သည်။ သူ မထင်မှတ်ထားသည်မှာ ပင်မနတ်ဘုရားအမြုတေများနှင့် လုံးဝ သက်ဆိုင်မှု မရှိခြင်းပင် ဖြစ်သည်။
ပင်မနတ်ဘုရားအမြုတေတွေ အားလုံးက လုံးဝ အတိအကျ တူညီကြတယ် ဟုတ်လား
"မင်းက အမြင့်ဆုံးနိယာမတရား ၄ မျိုးကို နားလည်ထားတယ်လေ... နည်းနည်းစီပဲ ဆိုပေမယ့် နားလည်ထားတယ်လို့ သတ်မှတ်လို့ ရပါတယ်... အကယ်၍ အခုချက်ချင်းသာ ဒီ ပင်မနတ်ဘုရားအမြုတေကို ပေါင်းစပ်လိုက်မယ်ဆိုရင် မင်းက အလယ်အလတ် ပင်မနတ်ဘုရား အဖြစ်ကို ချက်ချင်း ရောက်သွားလိမ့်မယ်..."
မိုလော့က နှုတ်ခမ်းသပ်ကာ ပြုံးစိစိဖြင့် ပြောလိုက်သည်။
"ဒါကြောင့် မြန်မြန် ပေါင်းစပ်လိုက်ပါတော့..."
မုန်လဲ့က ခေါင်းညိတ်လိုက်ပြီးနောက် ဆက်မေးလိုက်သည်။
"နတ်ဘုရား မဖြစ်သေးတဲ့သူက ပင်မနတ်ဘုရားအမြုတေကို ပေါင်းစပ်လို့ ရလား..."
မိုလော့က ထိုစကားကို ကြားသောအခါ လုံးဝ မတွေဝေဘဲ ဖြေလိုက်သည်။
"နတ်ဘုရား မဖြစ်သေးရင် နတ်ဘုရားအမြုတေ မရှိဘူးလေ... နတ်ဘုရားအမြုတေတောင် မရှိဘဲနဲ့ ပင်မနတ်ဘုရားအမြုတေကို ဘယ်လိုလုပ် ပေါင်းစပ်လို့ ရမှာလဲ..."
"ဒါဆိုရင်တော့ အရမ်း နှမြောစရာကောင်းတာပဲ... ဒါကြီးကို ငါ ပေါင်းစပ်လို့ မရဘူး..."
မုန်လဲ့က အလွန် နှမြောတသဖြစ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
"ပင်မနတ်ဘုရားအမြုတေကို ပေါင်းစပ်လို့ မရဘူး... ဘာအဓိပ္ပာယ်လဲ..."
မိုလော့ အနည်းငယ် ကြောင်အမ်းသွားပြီးနောက် ရုတ်တရက် သဘောပေါက်သွားသည်။
"မင်း... မင်းက နတ်ဘုရား မဖြစ်သေးဘူးလို့ ပြောချင်တာလား..."
"အင်း..."
မုန်လဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
"..."
မိုလော့ အလွန်အမင်း အံ့ဩတုန်လှုပ်သွားပြီး မုန်လဲ့ကို မိစ္ဆာသရဲ တစ်ကောင်အလား ကြောင်အမ်းအမ်း ကြည့်နေမိသည်။ အတန်ကြာမှသာ သူ၏ ပါးစပ်မှ စကားတစ်ခွန်း ထွက်ကျလာသည်။
"မင်းက တကယ်တော့ ဘယ်လို သတ္တဝါဆန်းကြီးလဲ... နတ်ဘုရားတောင် မဖြစ်သေးဘူး တဲ့လား..."
"ငါက ငါပါပဲ... အရောင်မတူတဲ့ မီးရှူးမီးပန်းလေး တစ်ခုပေါ့..."
မုန်လဲ့က ညင်သာစွာ ပြုံးလိုက်ပြီး ပင်မနတ်ဘုရားအမြုတေကို လက်တစ်ဖက်လှန်ကာ သိမ်းဆည်းလိုက်သည်။ ထိုအချိန်မှာပင် ပြင်းထန်သော လေပြင်းတစ်ချက် တိုက်ခတ်လာရာ မုန်လဲ့က ကိုယ်ကို ယိမ်းကာ အလျင်အမြန် ရှောင်တိမ်းလိုက်သည်။
လှည့်ကြည့်လိုက်သောအခါ မန်လော်ဧကရာဇ်မ ဖြစ်နေသည်။
"ပင်မနတ်ဘုရားအမြုတေကို ပေးစမ်း..."
မန်လော်ဧကရာဇ်မ၏ နှုတ်ခမ်းထောင့်တွင် သွေးကွက်များ ရှိနေသေးသော်လည်း သူမ၏ ကိုယ်ပေါ်ရှိ တိုက်ခိုက်လိုစိတ်များနှင့် မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်များက လျော့မသွားဘဲ ပို၍ပင် ပြင်းထန်လာကာ မုန်လဲ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။
"ပင်မနတ်ဘုရားအမြုတေကို ပေးစမ်း..."
မြွေလူသား အကြီးအကဲနှစ်ဦးလည်း ရောက်ရှိလာကြသည်။
"သစ္စာဖောက်တွေ... နောက်မှ နင်တို့နဲ့ ရှင်းမယ်..."
မန်လော်ဧကရာဇ်မက ထိုနှစ်ဦးကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီးနောက် သူမ၏ အကြည့်ကို မုန်လဲ့ဆီသို့ ပြန်လည် ရွှေ့ပြောင်းလိုက်သည်။ ဤသည်မှာ ပင်မနတ်ဘုရားအမြုတေ၏ ဆွဲဆောင်မှုပင် ဖြစ်သည်။ မန်လော်ဧကရာဇ်မကိုပင် ရန်ငြိုးများကို ယာယီ မေ့ပျောက်သွားစေနိုင်သည်။
မြွေလူသား အကြီးအကဲနှစ်ဦး အနည်းငယ် အနေရခက်သွားကြသော်လည်း ယခုအချိန်တွင်မူ ထိုအရာများကို ဂရုမစိုက်နိုင်တော့ပေ။ သူတို့က မုန်လဲ့ကို ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်နေကြပြီး သူတို့၏ သတ်ဖြတ်လိုစိတ်များမှာ အပြင်သို့ပင် လျှံထွက်လာတော့မတတ် ဖြစ်နေသည်။
သူတို့သည် မုန်လဲ့ကို အလွန်အမင်း မုန်းတီးနေကြသည်။ ပင်မနတ်ဘုရားအမြုတေမှာ သူတို့လက်ထဲသို့ ရောက်နေပြီဖြစ်သော်လည်း မုန်လဲ့က ပြန်လည် လုယူသွားသဖြင့် သူတို့မှာ အချည်းနှီး ဝမ်းသာခဲ့ရသည်။
ဒီရန်ငြိုးက အရမ်း ကြီးမားလွန်းတယ်
"ပင်မနတ်ဘုရားအမြုတေကို လိုချင်တာလား... ဘာအခွင့်အရေးနဲ့လဲ..."
မုန်လဲ့က ထိုသုံးဦးကို စိတ်ဝင်တစား ကြည့်ကာ မေးလိုက်သည်။
"ပင်မနတ်ဘုရားအမြုတေက ငါတို့ ကန္တာရ မန်လော် မြွေလူသားမျိုးနွယ်စုရဲ့ ပစ္စည်းပဲ... ပါးနပ်မယ်ဆိုရင် အခုချက်ချင်း ထုတ်ပေးလိုက်စမ်း... အဲဒီလိုမှ မဟုတ်ရင် မင်း ပွန်ပေသဲကန္တာရထဲမှာပဲ အသက်ပျောက်ပြီး ဒီ တောကန္တာရထဲမှာ ထာဝရ အိပ်စက်သွားရလိမ့်မယ်..."
မန်လော်ဧကရာဇ်မက အေးစက်စွာ ပြောလိုက်သည်။
"ဟဲဟဲ... ခင်ဗျားတို့ရဲ့ နယ်မြေထဲမှာ ပေါ်လာတာနဲ့တင် ခင်ဗျားတို့ရဲ့ ပစ္စည်း ဖြစ်သွားတာလား... ဒီစကားက တော်တော်လေး ပရမ်းပတာနိုင်တယ်နော်”
မုန်လဲ့က ပြုံး၍ ပြောလိုက်သည်။
"ဒါဆိုရင်လည်း ကျွန်တော် တရားဝင် ကြေညာလိုက်မယ်... အခုကစပြီး ပွန်ပေသဲကန္တာရ တစ်ခုလုံးက ကျွန်တော့်ရဲ့ နယ်မြေ ဖြစ်သွားပြီ... ခင်ဗျားတို့ ကန့်ကွက်စရာ ရှိလား..."
"ရိုင်းစိုင်းလိုက်တာ..."
"သေချင်နေတာလား..."
"သေနာကောင်..."
ထိုသုံးဦးစလုံး ဒေါသအထွတ်အထိပ်သို့ ရောက်ရှိသွားကြသည်။
သူတို့သည် အားကုန်သုံး၍ တိုက်ခိုက်လိုက်ကြသည်။
"မြွေဘုရင်ရဲ့ အာဏာစက်..."
မန်လော်ဧကရာဇ်မက တိုးတိတ်စွာ ဟိန်းဟောက်လိုက်ရာ သူမ၏ ပတ်လည်တွင် ကြီးမားလှသော ရွှေရောင်မြွေကြီးတစ်ကောင်၏ ပုံရိပ် ပေါ်ထွက်လာပြီးနောက် အကောင်အထည် ပေါ်လာကာ မုန်လဲ့ကို ကိုက်ဖြတ်ရန် ပြေးဝင်လာသည်။
"အရိပ်ပုန်း မြွေလက်..."
မြွေလူသား အဘိုးအို၏ ညာဘက်လက်မောင်းက အရှည်ကြီး ထွက်လာပြီးနောက် ခရမ်းရောင် စပါးကြီးမြွေ တစ်ကောင်အဖြစ် ပြောင်းလဲကာ မုန်လဲ့ကို မျိုချရန် ပြေးဝင်လာသည်။
"မြွေဆိုးတွေရဲ့ ဖျက်ဆီးခြင်း..."
မြွေလူသား အဘွားအိုက လက်ခုပ်တီးလိုက်ရာ သူမ၏ အင်္ကျီလက်ရုံထဲမှ လေဆာသေနတ် တစ်လက်အလား မရေမတွက်နိုင်သော မြွေဆိုးများ ပန်းထွက်လာပြီး မုန်လဲ့ကို ရက်စက်စွာ ကိုက်ဖြတ်ရန် ပြေးဝင်လာကြသည်။
"ကလေးကစားစရာတွေပါ..."
မုန်လဲ့က ညာလက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး လက်ညှိုးကို ညင်သာစွာ ခေါက်လိုက်ရာ သူ၏ လက်ချောင်းကြားမှ အရောင်သုံးမျိုး ရောယှက်နေသော ရေခဲလှိုင်းများ ပန်းထွက်လာပြီးနောက် အရပ်ရှစ်မျက်နှာသို့ ချက်ချင်း ပြန့်နှံ့သွားသည်။
"ဒိုင်း..."
အရောင်သုံးမျိုး ရေခဲလှိုင်းများက သာမန်မျှသာ ဖြစ်ပုံရသော်လည်း ရွှေရောင်မြွေကြီး၊ ခရမ်းရောင် စပါးကြီးမြွေနှင့် မရေမတွက်နိုင်သော မြွေဆိုးများနှင့် ထိတွေ့သွားသောအခါ အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပြသသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေရောင်မြွေကြီး၊ ခရမ်းရောင် စပါးကြီးမြွေနှင့် မရေမတွက်နိုင်သော မြွေဆိုးများ အားလုံး အေးခဲသွားကြပြီး ရေခဲရုပ်တုများအဖြစ် လေထဲတွင် ရပ်တန့်သွားကာ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
"ဘာ..."
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
မန်လော်ဧကရာဇ်မနှင့် မြွေလူသား အကြီးအကဲနှစ်ဦးလုံး မျက်နှာပျက်သွားကြပြီး သူတို့၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပြည့်နှက်နေသည်။ သူတို့က အမြင့်ဆုံး အုပ်စိုးရှင် အဆင့်သို့ ချဉ်းကပ်နေပြီဖြစ်သော ထိပ်တန်းအဆင့် အစွမ်းထက်သူများ ဖြစ်ကြသည်။ သူတို့သုံးဦး ပူးပေါင်းတိုက်ခိုက်မှုကို မည်သူကများ တောင့်ခံနိုင်မည်နည်း။
သို့သော် မုန်လဲ့က သူတို့၏ တိုက်ခိုက်မှုများကို မျက်စိတစ်မှိတ်အတွင်း အလွယ်တကူ ဖျက်ဆီးပစ်လိုက်သည်။ ဤသည်မှာ မည်မျှတောင် အစွမ်းထက်သနည်း။
"ဒီလောက် စွမ်းအားလေးနဲ့များ ပင်မနတ်ဘုရားအမြုတေကို လိုချင်နေတာလား... အသတ်ခံရပြီး မျိုးနွယ်စု တစ်ခုလုံး ပျက်စီးသွားမှာကို မကြောက်ဘူးလား…”