အခန်း ၃၈၂
Vol. 39 Ch. 382
အခန်း ၃၈၂ သေမင်းနိယာမတရားနှင့် နတ်ဘုရားအမြုတေ ပေါင်းစပ်ခြင်း
ဖရီဇာက မုန်လဲ့ကို ခေါ်ဆောင်ကာ ထွက်သွားခဲ့သည်။
သူတို့ ထွက်သွားပြီး များမကြာမီမှာပင် အလင်းတန်းများ တစ်ခုပြီးတစ်ခု အလျင်အမြန် ရောက်ရှိလာကြသည်။ အလင်းတန်းများထဲမှ ထွက်ပေါ်လာသူများမှာ အားကောင်းသော အရှိန်အဝါများကို ပိုင်ဆိုင်ထားပြီး ကောင်းကင်ယံကိုပင် တုန်လှုပ်စေနိုင်သော နတ်ဘုရားစွမ်းအားများဖြင့် ပြည့်နှက်နေကြသည်။ သူတို့အားလုံးမှာ အဆင့်မြင့်နတ်ဘုရား နောက်ဆုံးအဆင့်နှင့် ပြီးပြည့်စုံသောအဆင့် စွမ်းအားရှင်များချည်း ဖြစ်ကြသည်။
"မြွေလူသား သုံးလောင်းပဲ..."
"နတ်ဘုရားစွမ်းအား အငွေ့အသက်တွေလည်း ကျန်နေသေးတယ်..."
"ဒါ ရေခဲနတ်ဘုရားမျိုးနွယ်စုရဲ့ အငွေ့အသက်တွေပဲ..."
"ပင်မနတ်ဘုရားအမြုတေကို ရေခဲနတ်ဘုရားမျိုးနွယ်စုက လုသွားပြီ..."
"လိုက်ရှာ... ပင်မနတ်ဘုရားအမြုတေကို မရရအောင် ပြန်ရှာရမယ်..."
ထို အစွမ်းထက်သူများ အားလုံးက မြေလှန်ရှာဖွေရန် ချက်ချင်း စတင်လိုက်ကြသည်။ ပင်မနတ်ဘုရားအမြုတေကို သူတို့က လုံးဝ အလွတ်ပေးမည် မဟုတ်ကြောင်း သေချာလှသည်။
သို့သော် မည်သူကမျှ မသိလိုက်သည်မှာ ဖရီဇာက အဝေးကြီးသို့ ထွက်မသွားသေးဘဲ မုန်လဲ့ကို ခေါ်ဆောင်ကာ ကီလိုမီတာ သန်းပေါင်းများစွာ နက်ရှိုင်းသော မြေအောက်သို့ ပုန်းခိုနေခြင်းပင် ဖြစ်သည်။
"အန္တရာယ် အများဆုံးနေရာက အလုံခြုံဆုံး နေရာပဲ... ငါ ဒီမှာ ပုန်းနေရင် မင်းတို့တွေ အားလုံးက မီးခွက်အောက်က အမှောင်လို ဖြစ်နေမှာပဲ... ဘယ်သူကများ ငါ့ကို ရှာတွေ့နိုင်မှာလဲ..."
"ငါ ပင်မနတ်ဘုရားအမြုတေကို ပေါင်းစပ်ပြီး အမြင့်ဆုံးဖြစ်တဲ့ ပင်မနတ်ဘုရား ဖြစ်လာတဲ့အချိန်ကျရင် အရာအားလုံးက ပြီးဆုံးသွားလိမ့်မယ်... အဲဒီအခါကျရင် မင်းတို့ အားလုံး ငါ့ခြေရင်းမှာ ဝပ်တွားနေရလိမ့်မယ်..."
ဖရီဇာက မုန်လဲ့ကို ပိတ်လှောင်ထားသော ရေခဲလှောင်အိမ်ကို ထုတ်ယူလိုက်ပြီး အတွင်းမှ မုန်လဲ့ကို သတ်ဖြတ်ရန် ပြင်လိုက်သည်။ သို့သော် သူ လက်မလှုပ်ရှားရသေးမီ ရေခဲလှောင်အိမ်ကြီးမှာ အလိုအလျောက် အက်ကွဲသွားလေသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ဖရီဇာ ကြောင်အမ်းသွားသည်။
"ဘာလဲ... အရမ်း အံ့ဩသွားတာလား..."
မုန်လဲ့က ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
"မင်းကိုယ်မင်း ငါ့ကို တကယ်ပဲ ပိတ်လှောင်ထားနိုင်မယ်လို့ ထင်နေတာလား... အာ... မင်းကများ ငါ့ကို ပိတ်လှောင်ချင်သေးတယ်ပေါ့... မင်း ဘာတွေ စဉ်းစားနေတာလဲ..."
"ကိုးလွှာငရဲ ရေခဲ..."
ဖရီဇာက ချက်ချင်း သတိဝင်လာပြီး တိုက်ခိုက်မှုကို ပြုလုပ်ရန် ပြင်လိုက်သည်။ သို့သော် သူ၏ ကိုးလွှာငရဲ ရေခဲ ထွက်မလာသေးမီမှာပင် သူကိုယ်တိုင် နေရာမှာတင် အေးခဲသွားတော့သည်။
မုန်လဲ့ အသုံးပြုလိုက်သည်မှာလည်း ကိုးလွှာငရဲ ရေခဲပင် ဖြစ်သည်။
ကွာခြားချက်မှာ မုန်လဲ့၏ ကိုးလွှာငရဲ ရေခဲက အရောင်သုံးမျိုး ရောယှက်နေပြီး အစွမ်းထက်လှသော အမြင့်ဆုံးမှော်ပညာ ဖြစ်နေခြင်းပင် ဖြစ်သည်။ အရောင်သုံးမျိုး ကိုးလွှာငရဲ ရေခဲဖြင့် အေးခဲခံလိုက်ရပြီးနောက် ဖရီဇာက အသည်းအသန် ရုန်းကန်သော်လည်း အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ပေ။
"ကောင်လေး... သူ့ကို ဖမ်းလာပြီး ဘာလုပ်မလို့လဲ..."
မိုလော့က လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး မုန်လဲ့ကို သံသယဖြစ်စွာဖြင့် ကြည့်ကာ မေးလိုက်သည်။ သူ၏ အမြင်တွင် မုန်လဲ့က ဖရီဇာကို အခက်အခဲကြီးစွာ ဖမ်းဆီးလာစရာ မလိုဘဲ ဟန်ဆောင်ပြီး အဖမ်းခံလာခဲ့ခြင်းမှာ...
အရမ်းကို ရှုပ်ထွေးလွန်းတယ်
သူက ဖရီဇာကို တိုက်ရိုက် သတ်ပစ်လိုက်လို့ ရတာပဲကို... သူတို့ နှစ်ယောက်ရဲ့ စွမ်းအားက ကွာခြားလွန်းတယ်လေ
"ငါ ဒီလိုလုပ်တာက ငါ့ရဲ့ ရည်ရွယ်ချက် ရှိလို့ပေါ့..."
မုန်လဲ့၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ရည်ရွယ်ချက်... ဘာရည်ရွယ်ချက်လဲ..."
မိုလော့က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ သူ့ဆီမှာ ပဉ္စမမြောက် အမြင့်ဆုံးနိယာမတရား ရှိနေလို့ပဲ..."
မုန်လဲ့၏ မျက်လုံးများထဲတွင် လောဘများ ပြည့်နှက်နေသည်။
"မင်း မခံစားမိဘူးလား... ဒီကောင်က တကယ့်ကို ပြီးပြည့်စုံသောအဆင့် အစွမ်းထက်သူ အစစ်ပဲ... သူက သေမင်းနိယာမတရားရဲ့ အစွန်းအစလေးကို နားလည်ထားတယ်..."
"အဲဒီတော့ ဘာဖြစ်လဲ... အစွန်းအစလေး ဆိုတဲ့အတိုင်း နည်းနည်းလေးပဲလေ... သူ့ရဲ့ စွမ်းအားကို အခြေခံကနေစပြီး မြှင့်တင်ပေးနိုင်လောက်တဲ့အထိ မလုံလောက်ပါဘူး... သူက သာမန် ပြီးပြည့်စုံသောအဆင့်တွေထက် နည်းနည်းလေးပဲ ပိုအားကောင်းတာပါ..."
မိုလော့က နှာခေါင်းရှုံ့လိုက်သည်။ သူ၏ မျက်စိဖြင့် ဖရီဇာက သတ္တု၊ အမှောင်၊ ရေခဲ၊ လေ၊ မြေ ဆိုသည့် အခြေခံနိယာမတရား ၅ မျိုးကို ပေါင်းစပ်ပြီး သေမင်းနိယာမတရားကို နားလည်ထားကြောင်း သိသာလှပေသည်။
ဒါပေမဲ့ အဲဒါက ဘာဖြစ်လဲ
ငါ့အတွက် အသုံးမှ မဝင်တာ
"ခဏနေရင် မင်း သိလာမှာပါ..."
မုန်လဲ့က ပြုံးလိုက်ပြီး လုယက်ရန် အမိန့်ပေးလိုက်သည်။
"ဝုန်း..."
သေမင်းနိယာမတရားနှင့် ပတ်သက်သော သတင်းအချက်အလက်များက မုန်လဲ့၏ ဦးနှောက်ထဲသို့ ချက်ချင်း စီးဝင်လာရာ မုန်လဲ့က စိတ်ကို တည်ငြိမ်အောင် ထားပြီး အလျင်အမြန် နားလည်သဘောပေါက်ရန် ကြိုးစားလိုက်သည်။
အတန်ကြာသောအခါ မုန်လဲ့က အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ပြီး သူ၏ မျက်ခုံးထောင့်တွင် ဝမ်းသာပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာသည်။
"ဟားဟား... စုံသွားပြီ..."
"အမြင့်ဆုံးနိယာမတရား ၅ မျိုးလုံး အပြည့်အစုံ ဖြစ်သွားပြီ..."
"မင်း ဘာတွေ ရေရွတ်နေတာလဲ..."
မိုလော့က မုန်လဲ့ကို သံသယဖြစ်စွာဖြင့် ကြည့်ကာ မေးလိုက်သည်။
"မိုလော့... အမြင့်ဆုံးနိယာမတရားက တကယ်တော့ ဘယ်နှမျိုး ရှိတာလဲ..."
မုန်လဲ့က အဖြေမပေးဘဲ ပြန်မေးလိုက်သည်။
"အချိန်ကာလ... အာကာသ... သက်ရှိ... ဖျက်ဆီးခြင်း နဲ့ သေမင်း ဆိုတဲ့ အမြင့်ဆုံးနိယာမတရား ၅ မျိုး အပြင် တခြား အမြင့်ဆုံးနိယာမတရားတွေ ရှိသေးလား..."
မိုလော့က မုန်လဲ့ ရုတ်တရက်ကြီး ဘာကြောင့် ဒီမေးခွန်းကို မေးရသလဲဆိုသည်ကို နားမလည်နိုင်ဖြစ်သွားသော်လည်း သူက ခေါင်းခါကာ ငြင်းဆိုလိုက်သည်။
"အမြင့်ဆုံးနိယာမတရားက အဲဒီ ၅ မျိုးပဲ ရှိတယ်... တခြား ဘာမှမရှိတော့ဘူး..."
"မရှိတော့တာ ကောင်းတယ်..."
မုန်လဲ့က သက်ပြင်းချလိုက်သည်။
"ဒါက ငါ အမြင့်ဆုံးနိယာမတရား ၅ မျိုးလုံးကို အပြည့်အဝ နားလည်သွားပြီဆိုတဲ့ သဘောပဲ... အခု ငါလုပ်ရမှာက နတ်ဘုရားသလင်းကျောက်တွေ ရှာပြီး အဲဒါတွေကို အပြည့်အဝ ဖြစ်အောင် ဖြည့်တင်းဖို့ပဲ..."
"ကောင်လေး... မင်း ဘာတွေ ပွစိပွစိ ပြောနေတာလဲ... ငါကတော့ ကြားလေလေ နားမလည်လေလေပဲ..."
မိုလော့က အနည်းငယ် မကျေမနပ်ဖြစ်စွာဖြင့် ပြောလိုက်သည်။
"ဟဲဟဲ..."
မုန်လဲ့က ညင်သာစွာ ပြုံးလိုက်ပြီး သူ၏ လက်ချောင်းထိပ်တွင် ဖျော့တော့သော အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ နိယာမတရား သံကြိုးလေးတစ်ခု ဖြစ်ပေါ်လာသည်။ သွေးကင်းမဲ့နေသော လူသေကောင်၏ မျက်နှာကဲ့သို့ ဖြူရော်နေသော အရောင်မျိုး ဖြစ်သည်။
"သေ... သေမင်းနိယာမတရား..."
မိုလော့ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားပြီး သူ၏ မျက်လုံးများကို အဆက်မပြတ် ပွတ်သပ်ကာ အလန့်တကြား အော်ဟစ်လိုက်သည်။
"မင်း... မင်းက သေမင်းနိယာမတရားကို ဘယ်လိုလုပ်ပြီး နားလည်သွားတာလဲ..."
မုန်လဲ့က ဖရီဇာကို လက်ညှိုးထိုးပြလိုက်သည်။
"သူ့ဆီကနေ လုယူလာတာလေ..."
"ရှုး..."
မိုလော့သည် ထိုစကားကို ကြားသောအခါ အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။
"မင်းမှာ ဒီလို စွမ်းအားမျိုး ရှိနေတာလား... ဒါဆိုရင်... မင်း အရင်က နားလည်ခဲ့တဲ့ အမြင့်ဆုံးနိယာမတရား ၄ မျိုးကလည်း ဒီလိုပဲ ရလာတာပေါ့..."
"ဒီလိုပါပဲ..."
မုန်လဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်ပြီးနောက် ဖရီဇာကို သတ်ဖြတ်လိုက်ကာ သူ၏ အလောင်းကို အချိန်ကာလမျှော်စင်ထဲသို့ ပို့ဆောင်ပြီး ရွှေရောင်သစ်ပင်လေးဆီသို့ ပစ်ပေးလိုက်သည်။ နတ်ဘုရားအမြုတေကိုမူ ဝိညာဉ်ကို ဖျက်ဆီးပြီးနောက် အချိန်ကာလမျှော်စင်ထဲသို့ ပစ်ထည့်လိုက်သည်။
ကျောင်းအုပ်ကြီး၊ ပူဟာမန်နှင့် အခြားသူများက အချိန်ကာလမျှော်စင်၏ အထပ် ၉၉ တွင် အလွန် ပျင်းရိငြီးငွေ့စွာဖြင့် စကားပြောနေကြသည်။ သူတို့ ကမ္ဘာမြေနတ်ဘုရားလောကကြီးသို့ ရောက်ရှိလာသည့် ရက်အနည်းငယ်မှာ မုန်လဲ့နောက်သို့ လိုက်လာပြီးနောက်ပိုင်း အားလပ်ဆုံး အချိန်ဖြစ်ကြောင်း သူတို့ ကျိန်တွယ်ရဲသည်။ တစ်နေ့လုံး ဘာအလုပ်မှမရှိဘဲ အလွန် ပျင်းရိစရာ ကောင်းလှသည်။
သူတို့၏ နတ်ဘုရားစွမ်းအားများက အလွန် နည်းပါးနေပြီဖြစ်ရာ ဤကဲ့သို့ အလကား မနေချင်ကြပေ။ သူတို့က အလုပ်လုပ်ချင်ကြသည်... ယုံကြည်မှုကို ဖြန့်ကျက်ချင်ကြသည်... နတ်ဘုရားစွမ်းအားများကို ဖြည့်တင်းချင်ကြသည်... သို့သော်...
"ရွှမ်း..."
ရုတ်တရက် ကောင်းကင်ယံမှ ဖြူရော်ရော် နတ်ဘုရားအမြုတေ တစ်ခု ကျဆင်းလာပြီး ကျောင်းအုပ်ကြီး၏ လက်ထဲသို့ ရောက်ရှိသွားသည်။
အားလုံး သံသယဖြစ်နေကြစဉ် မုန်လဲ့၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
"ကျောင်းအုပ်ကြီး... ဒါက ပြီးပြည့်စုံသောအဆင့် နတ်ဘုရားအမြုတေ တစ်ခုပဲ... အဲဒါကို ပေါင်းစပ်လိုက်တော့..."
"ဘာ..."
"ပြီးပြည့်စုံသောအဆင့် နတ်ဘုရားအမြုတေ..."
ကျောက်ခဲတစ်လုံးက ရေပြင်ကို ရိုက်ခတ်သွားသကဲ့သို့ ဂယက်များ ထသွားလေသည်။
လူတိုင်း၏ အကြည့်များက ကျောင်းအုပ်ကြီး၏ လက်ထဲရှိ နတ်ဘုရားအမြုတေပေါ်သို့ တညီတညွတ်တည်း ကျရောက်သွားပြီး သူတို့၏ မျက်လုံးများထဲတွင် လောဘများ ပြည့်နှက်သွားကြသည်။ ပြီးပြည့်စုံသောအဆင့် နတ်ဘုရားအမြုတေ... ဒါက ပြီးပြည့်စုံသောအဆင့် နတ်ဘုရားအမြုတေကြီးလေ...
အဲဒါကို ပေါင်းစပ်လိုက်တာနဲ့ ပြီးပြည့်စုံသောအဆင့် အစွမ်းထက်သူကြီး ချက်ချင်း ဖြစ်သွားမှာ...
ပြီးပြည့်စုံသောအဆင့်
"ငါ့ဟာ... ဒါ ငါ့ဟာပဲ..."
ကျောင်းအုပ်ကြီး ချက်ချင်း သတိဝင်လာပြီး နတ်ဘုရားအမြုတေကို ရင်ခွင်ထဲသို့ ထည့်ကာ လူတိုင်းကို သတိထား၍ ကြည့်လိုက်သည်။ ထိုအမူအရာက သားသမီးများကို ကာကွယ်နေသော ကြက်မကြီး တစ်ကောင်နှင့်ပင် တူနေသည်။
လုယက်မယ် ဟုတ်လား။
လူတိုင်းက လုယက်မည်ကို သူ မစိုးရိမ်ပေ။ ဤသည်မှာ သဘာဝတုံ့ပြန်မှု သက်သက်သာ ဖြစ်သည်။ ပြီးပြည့်စုံသောအဆင့် နတ်ဘုရားအမြုတေက အရမ်းကို အဖိုးတန်လွန်းလှရာ သူ့ကိုပင် သတိထားမိလာစေသည်။
"ကျောင်းအုပ်ကြီး... မြန်မြန် ပေါင်းစပ်လိုက်ပါတော့..."
လူတိုင်းက အလျင်အမြန် ပြောလိုက်ကြသည်။ သူတို့က ပြီးပြည့်စုံသောအဆင့် နတ်ဘုရားအမြုတေကို အလွန် လိုချင်နေကြသော်လည်း မည်သူကမျှ မလုယက်ရဲကြပေ။
ဒါက သခင်ကိုယ်တိုင် ကျောင်းအုပ်ကြီးကို ပေးထားတာလေ... သူတို့က ဘယ်လိုလုပ် လုယက်ရဲမှာလဲ... ကိုယ့်ကိုယ်ကိုယ် သတ်သေချင်နေလို့လား
"အားလုံးပဲ မနာလို မဖြစ်ကြပါနဲ့... ရသင့်တဲ့ သူတွေ အားလုံး ရကြမှာပါ..."
မုန်လဲ့၏ အသံက ထပ်မံ ထွက်ပေါ်လာရာ လူတိုင်း၏ ရင်ထဲတွင် တည်ငြိမ်သွားစေသည်။
လူတိုင်း၏ ရင်ထဲတွင် အလွန် ပူနွေးလာကြသည်။ အရင်က အဆင့်နိမ့် နတ်ဘုရားအမြုတေ၊ ပြီးတော့ အဆင့်မြင့် နတ်ဘုရားအမြုတေ... သခင်က သူတို့ကို ဘယ်တုန်းကမှ စိတ်ပျက်အောင် မလုပ်ခဲ့ဖူးဘူး...
အခု ပြီးပြည့်စုံသောအဆင့် နတ်ဘုရားအမြုတေ ဆိုတော့လည်း သူတို့ကို စိတ်ပျက်အောင် လုပ်မှာ မဟုတ်ဘူး... ပထမတစ်ခု ရှိရင် ဒုတိယတစ်ခု တတိယတစ်ခု ဆိုတာ ရှိလာမှာပဲ...
ထိုအရာကို တွေးမိသောအခါ လူတိုင်း အလွန် မျှော်လင့်လာကြသည်။
"အစ်ကိုကြီးက ပြီးပြည့်စုံသောအဆင့် နတ်ဘုရားအမြုတေကိုတောင် ရှာနိုင်တယ်ဆိုတော့ သူက ဘယ်လောက်တောင် အစွမ်းထက်နေမလဲ..."
ဖက်တီးက ရုတ်တရက် သံသယဖြစ်စွာ မေးလိုက်သည်။
"ဒါ..."
လူတိုင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
"ပြီးပြည့်စုံသောအဆင့်..."
"မဖြစ်နိုင်လောက်ဘူး... သခင်က ပြီးပြည့်စုံသောအဆင့်လောက်ပဲ ဆိုရင် ဘယ်လိုလုပ် ပြီးပြည့်စုံသောအဆင့် အစွမ်းထက်သူတွေကို သတ်ပြီး သူတို့ရဲ့ နတ်ဘုရားအမြုတေကို ရလာနိုင်မှာလဲ..."
"ဒါလည်း ဟုတ်တာပဲ..."
"သခင်ကများ... ပင်မနတ်ဘုရားလား..."
"ပင်... ပင်မနတ်ဘုရား..."
"မ... မဖြစ်နိုင်လောက်ပါဘူး…”