← Chapters

အခန်း ၃၈၆

Vol. 39 Ch. 386

အခန်း ၃၈၆

Vol. 39 Ch. 386

အခန်း ၃၈၆ ခြေ ၆ ချောင်း ရွှေရောင်ဆင်သစ်နှင့် ပင်မနတ်ဘုရား၏သား

'အရင်က အကောင်းကြီး ရှိနေတာကို ငါရောက်လာတာနဲ့ ဘာလို့ ထွက်ပြေးသွားကြတာလဲ... ဘာအခြေအနေလဲ...'

မုန်လဲ့၏ စိတ်အစဉ်တွင် များစွာသော သံသယများ ဖြစ်ပေါ်လာရ၏။

သူသည် ထွက်ပြေးနေသူများထဲမှ အဆင့်မြင့်နတ်ဘုရားတစ်ပါးကို ဖမ်းဆီးကာ အခြေအနေအရပ်ရပ်ကို မေးမြန်းလိုက်လေသည်။

"အရှင်... ပန်းလုံတောင်တန်းမှာ နတ်ဘုရားသလင်းကျောက် သတ္တုတွင်းတစ်ခု တွေ့ထားတယ်လို့ ကြားရပါတယ်... ပြီးတော့ သတ္တုတွင်းရဲ့ ပမာဏကလည်း မနည်းဘူးတဲ့... အကြမ်းဖျင်း ခန့်မှန်းချက်အရ တန်ချိန် ၁ ထရီလီယံလောက် ရှိတယ်လို့ ပြောကြတယ်..."

အဆင့်မြင့်နတ်ဘုရားမှာ အလွန်အမင်း ထိတ်လန့်နေပြီး သိသမျှကို အလျင်အမြန် ဖွင့်ဟဝန်ခံလာလေသည်။

"မြို့တော်ဝန်က မြို့စောင့်တပ်ဖွဲ့ကို လွှတ်ပြီး သွားရောက်စစ်ဆေးခိုင်းထားတယ်... ကျွန်တော်က ဒီအတိုင်း သွားကြည့်မလို့ပါ..."

"တန်ချိန် ၁ ထရီလီယံရှိတဲ့ နတ်ဘုရားသလင်းကျောက် သတ္တုတွင်း..."

မုန်လဲ့၏ တစ်ကိုယ်လုံး တုန်လှုပ်သွားရပြီး သူ၏ မျက်ဝန်းအိမ်အတွင်း၌ စူးရှသော အလင်းတန်းတစ်ခု လက်ဖြာသွားခဲ့၏။

"မိုလော့... တန်ချိန် ၁ ထရီလီယံရှိတဲ့ နတ်ဘုရားသလင်းကျောက် သတ္တုတွင်းကနေ နတ်ဘုရားသလင်းကျောက် ဘယ်လောက်လောက် ထွက်နိုင်လဲ..."

"နတ်ဘုရားသလင်းကျောက် ၁ တန်မှာ နတ်ဘုရားသလင်းကျောက် ၁၀၀၀၀ လောက် ရှိတယ်..."

မိုလော့က အေးဆေးတည်ငြိမ်စွာပင် ပြန်လည်ဖြေကြားလာလေသည်။

"တန်ချိန် ၁ ထရီလီယံ ဆိုတော့ နတ်ဘုရားသလင်းကျောက် ၁၀ ကွာဒရီလီယံလောက် ရမှာပေါ့... ဒါက သတ္တုတွင်း အသေးစားလေး တစ်ခုပါ..."

"နတ်ဘုရားသလင်းကျောက် ၁၀ ကွာဒရီလီယံ..."

မုန်လဲ့၏ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားရပြန်သည်။

"သတ္တုတွင်း အသေးစားလေး တစ်ခုကနေတောင် နတ်ဘုရားသလင်းကျောက် ၁၀ ကွာဒရီလီယံလောက် ထွက်နိုင်တယ်ဆိုတော့ ဒီထက်ပိုကြီးတဲ့ သတ္တုတွင်းကြီးတွေ ဆိုရင် ဘယ်လိုလုပ်မလဲ..."

မုန်လဲ့၏ စိတ်အစဉ်၌ ရုတ်တရက် အလင်းပွင့်သွားခဲ့၏။

နတ်ဘုရားများထံတွင် နတ်ဘုရားသလင်းကျောက်များ ရှိနေသည်မှာ မှန်ကန်သော်လည်း ထိုပမာဏမှာ နတ်ဘုရားသလင်းကျောက် သတ္တုတွင်းကြီးများနှင့် နှိုင်းယှဉ်ပါက မည်သို့မျှ မပြောပလောက်ချေ။

ထို့ကြောင့် နတ်ဘုရားသလင်းကျောက်များကို လုယက်ရန် အကောင်းဆုံးသော နေရာမှာ နတ်ဘုရားများထံမှ မဟုတ်ဘဲ ကြွယ်ဝချမ်းသာလှသော နတ်ဘုရားသလင်းကျောက် သတ္တုတွင်းကြီးများပင် ဖြစ်လေသည်။

'ကျွတ်... ငါ မှားတွေးမိသွားတယ်...'

မုန်လဲ့သည် သူ၏ နဖူးကို ခပ်ဖွဖွ ရိုက်လိုက်ပြီးနောက် ထိုအဆင့်မြင့်နတ်ဘုရားအား လှမ်း၍ မေးလိုက်သည်။

"မင်း နာမည် ဘယ်လိုခေါ်လဲ..."

"အရှင်... ကျွန်တော့် နာမည် အီမိုရီ ဖီးလ်မိုး ပါ..."

အဆင့်မြင့်နတ်ဘုရားက အလွန်တရာ ရိုသေကျိုးနွံစွာဖြင့် ပြန်လည်ဖြေကြားလေသည်။

"ငါ့ကို ပန်းလုံတောင်တန်းဆီ ခေါ်သွား..."

မုန်လဲ့သည် ပြီးပြည့်စုံသောအဆင့် နတ်ဘုရားလက်နက်တစ်ခုကို ပေါ့ပေါ့ပါးပါးပင် ထုတ်ယူလိုက်၏။

"ဟိုရောက်ရင် ဒါက မင်းဟာပဲ..."

"ဟုတ်ကဲ့ပါ အရှင်..."

အီမိုရီ ဖီးလ်မိုး၏ တစ်ကိုယ်လုံး တုန်လှုပ်သွားရပြီးနောက် အလျင်အမြန်ပင် ခေါင်းညိတ်ပြလိုက်လေသည်။

"လမ်းပြ..."

ပန်းလုံတောင်တန်းမှာ ဗီးနပ်စ် ဧရာမနဂါးမြို့တော်၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး အလင်းနှစ် ၂၀၀ ကျော် ကွာဝေးလေသည်။

ဗီးနပ်စ် ဧရာမနဂါးမြို့တော်နှင့် အဝေးကွာဆုံးသော တောင်တန်းတစ်ခု ဖြစ်ပြီး အလွန် ကြီးမားနက်ရှိုင်းကာ လူသူအရောက်အပေါက် နည်းပါးသောကြောင့် နတ်ဘုရားများ သွားလာလေ့ သိပ်မရှိချေ။

သို့သော် ယနေ့တွင်မူ ပန်းလုံတောင်တန်း၌ နတ်ဘုရားသလင်းကျောက် သတ္တုတွင်းတစ်ခု တွေ့ရှိကြောင်း သတင်းများ ပျံ့နှံ့သွားသဖြင့် ဗီးနပ်စ် ဧရာမနဂါးမြို့တော် တစ်ခုလုံး ပွက်လောရိုက်သွားခဲ့ရသည်။

မြို့စောင့်တပ်ဖွဲ့ဝင်များ မြို့တွင်းရှိ နတ်ဘုရားမျိုးနွယ်စုများနှင့် သာမန် နတ်ဘုရားများ အားလုံးသည် ပန်းလုံတောင်တန်းဆီသို့ အုံနှင့်ကျင်းနှင့် သွားရောက်နေကြလေပြီ။

အချို့က သွားရောက်စစ်ဆေးရန် ဖြစ်ပြီး အချို့က ပွဲကြည့်ရန် ဖြစ်ကာ အချို့ကမူ အကျိုးအမြတ် တစ်ခုခု ရလိုရငြား သွားရောက်ကြခြင်း ဖြစ်ပေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အမျိုးအစားပေါင်းစုံသော ယာဉ်ပျံများမှာ ကောင်းကင်ယံကို ဖုံးကွယ်သွားသည်အထိ များပြားလှပြီး ပန်းလုံတောင်တန်းဆီသို့ အပြေးအလွှား ဦးတည်သွားနေကြ၏။

မုန်လဲ့သည်လည်း ယာဉ်ပျံတစ်စင်းကို ထုတ်ယူလိုက်ပြီး ပူဟာမန်နှင့် အခြားသူများကို အပြင်သို့ ထုတ်ပေးလိုက်သည်။

ထို့နောက် သူတို့အားလုံးသည် လူအုပ်ကြီးနှင့် ရောနှောကာ ပန်းလုံတောင်တန်းဆီသို့ ပျံသန်းသွားကြလေသည်။

ဤယာဉ်ပျံမှာ သူ လုယက်ရရှိထားခြင်း ဖြစ်၏။

ယခုအခါ သူ့ထံတွင် အခြားအရာများ မရှိသော်လည်း အမျိုးအစားပေါင်းစုံသော နတ်ဘုရားလက်နက်များမှာမူ မရေမတွက်နိုင်အောင် များပြားလှပေသည်။

လုယက်ရရှိထားသော နတ်ဘုရားသလင်းကျောက်များနှင့် နိယာမတရား မူလသလင်းကျောက်များကို စနစ်ထဲသို့ ထည့်သွင်းကာ ကိန်းဂဏန်းများအဖြစ် ပြောင်းလဲလိုက်ပြီး အလောင်းများကိုမူ အချိန်ကာလမျှော်စင်ထဲရှိ ရွှေရောင်သစ်ပင်လေးထံသို့ ပစ်ပေးလိုက်သည်။

နတ်ဘုရားလက်နက်များကိုမူ သိမ်းဆည်းထားရုံသာ ရှိလေသည်။

အချိန်ကြာလာသည်နှင့်အမျှ မုန်လဲ့၏ လက်ထဲတွင် နတ်ဘုရားလက်နက်များက နတ်ဘုရားလက်နက်ဆိုင် တစ်ဆိုင် ဖွင့်၍ရလောက်အောင်ပင် စုပုံများပြားလာခဲ့ပြီ ဖြစ်သည်။

၂ ရက် ကြာပြီးနောက် လူအုပ်ကြီးမှာ သွားရောက်ရမည့် နေရာသို့ ရောက်ရှိသွားကြလေသည်။

အဆုံးအစမရှိအောင် ရှည်လျားလှသော တောင်တန်းကြီးမှာ မြေပြင်ပေါ်တွင် ဝပ်တွားနေသော ဧရာမနဂါးကြီး တစ်ကောင်အလား ကောင်းကင်အစွန်းတိုင်အောင် ရှည်လျားခန့်ညားနေ၏။

ပန်းလုံတောင်တန်း၏ တောင်ကြားတစ်ခုတွင် လူအများအပြား စုဝေးနေကြသည်။

မုန်လဲ့သည် လူအုပ်ကြီးနှင့်အတူ ထိုနေရာသို့ ရောက်ရှိသွားသောအခါ တောင်ကြားတစ်ခုလုံး တူးဆွခံထားရသည်ကို တွေ့လိုက်ရလေသည်။

တူးဖော်ထားသော ဧရာမ တွင်းကြီးထဲမှ သိပ်သည်းလှသော နတ်ဘုရားစွမ်းအားများ ထွက်ပေါ်လာရာ ယာဉ်ပျံပေါ်ရှိ လူများ အားလုံး၏ စိတ်အစဉ်မှာ လှုပ်ရှားသွားကြရ၏။

"အရမ်းကို သိပ်သည်းတဲ့ နတ်ဘုရားစွမ်းအားပဲ..."

"ဒါက နတ်ဘုရားသလင်းကျောက် သတ္တုတွင်းလား..."

ပူဟာမန်နှင့် အခြားသူများက ခေါင်းပြူထွက်လာကြပြီး စိတ်ဝင်တစား ကြည့်ရှုနေကြလေသည်။

"အရှင်... ဒီနေရာက ပန်းလုံတောင်တန်းပါပဲ..."

အီမိုရီ ဖီးလ်မိုး က ရိုသေကျိုးနွံစွာဖြင့် လျှောက်တင်လိုက်၏။

"သွား... ဆင်းကြည့်ကြရအောင်..."

မုန်လဲ့သည် ယာဉ်ပျံကို သိမ်းဆည်းလိုက်ပြီး လူအုပ်ကြီးကို ခေါ်ဆောင်ကာ တူးဖော်ထားသော တောင်ကြားဆီသို့ ပျံသန်းသွားလေသည်။

တစ်ပြိုင်နက်တည်းမှာပင် အတူလိုက်ပါလာသော လူအုပ်ကြီးကလည်း အနီးသို့ ရောက်ရှိလာကြသည်။

အနီးသို့ ရောက်ရှိသွားသောအခါ ကောင်းကင်ယံသို့ တောက်ပသော အလင်းတန်းများ ဖြာထွက်နေပြီး စိန်ပွင့်များအလား အရောင်များ ကွန့်မြူးနေသည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။

အလွန် လှပလွန်းလှပေသည်။

တွင်းထဲတွင် သတ္တုတွင်း ရှိနေသည်မှာ သေချာလှလေသည်။

"သတ္တုတွင်း ရှိတယ်..."

"ပန်းလုံတောင်တန်းမှာ တကယ်ပဲ သတ္တုတွင်း ရှိနေတာပဲ..."

နတ်ဘုရားများ အားလုံး စိတ်လှုပ်ရှားသွားကြပြီး တစ်ယောက်တစ်ပေါက် ငြင်းခုံဆွေးနွေးနေကြလေသည်။

ဤနတ်ဘုရားသလင်းကျောက် သတ္တုတွင်းမှာ လူအများစုနှင့် သိပ်ပြီး မသက်ဆိုင်သော်လည်း သူတို့အနေဖြင့် သွယ်ဝိုက်သောနည်းဖြင့် အကျိုးအမြတ် ရရှိနိုင်သေး၏။

သတ္တုတူးဖော်ရန် လူလိုသည် မဟုတ်ပါလား။

သူတို့က သတ္တုတွင်း အလုပ်သမားများအဖြစ် အလုပ်လုပ်ပြီး အကျိုးအမြတ် ရယူနိုင်သေးသည်ပင်။

"အရှင်... သတင်းက အမှန်ပါပဲ..."

အီမိုရီ ဖီးလ်မိုး ကလည်း သူ၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ဘဲ ပြောဆိုလာလေသည်။

"ပန်းလုံတောင်တန်းမှာ တကယ်ပဲ သတ္တုတွင်း ရှိနေတာပဲ... တန်ချိန် ၁ ထရီလီယံလောက် ရှိတဲ့ နတ်ဘုရားသလင်းကျောက် သတ္တုတွင်းကြီးဆိုတော့ ဘယ်လောက်တောင် ချမ်းသာမလဲ..."

"သတ္တုတွင်း ရှိနေတာ ကောင်းတယ်..."

မုန်လဲ့မှာ အလွန် ဝမ်းသာသွားပြီး အနီးကပ် သွားရောက်ကြည့်ရှုရန် ပြင်လိုက်သည်။

သို့သော် တောင်ကြားကို စောင့်ကြပ်နေသူများက ချက်ချင်းပင် တားဆီးလာကြ၏။

"ဒီနေရာက သတ္တုတွင်းနယ်မြေ ဖြစ်တဲ့အတွက် အပြင်လူတွေ ဝင်ခွင့်မပြုဘူး..."

မုန်လဲ့၏ မျက်ခုံးအစုံမှာ တွန့်ကွေးသွားရလေသည်။

"အရှင်... သူတို့က မြို့စောင့်တပ်ဖွဲ့ဝင်တွေပါ..."

အီမိုရီ ဖီးလ်မိုး က အလျင်အမြန်ပင် တိုးတိုးလေး ရှင်းပြလာ၏။

"မြို့စောင့်တပ်ဖွဲ့ ဆိုတာက ဗီးနပ်စ် မြို့တော်ဝန်ရဲ့ လက်ပါးစေတွေပါ... ဗီးနပ်စ် ဧရာမနဂါးမြို့တော်ရဲ့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးကို တာဝန်ယူရတဲ့ သူတွေပေါ့... အခု ပန်းလုံတောင်တန်းက နတ်ဘုရားသလင်းကျောက် သတ္တုတွင်းကို သူတို့က အပိုင်စီးဖို့ လုပ်နေတာ သေချာတယ်..."

"အပိုင်စီးမယ် ဟုတ်လား... ဟဲဟဲ..."

မုန်လဲ့က ခပ်ဟဟ ရယ်မောလိုက်သည်။

ထိုအချိန်မှာပင် အဝေးဆီမှ ခက်ထန်ပြင်းရှလှသော နဂါးဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာပြီး ရှားပါးလှသော သားရဲ ၉ ကောင် ရုတ်တရက် ပျံသန်းလာကြလေသည်။

ထိုသားရဲများမှာ နဂါးခေါင်းနှင့် ခြင်္သေ့ကိုယ်ထည် ရှိကြပြီး ရွှေရောင် နဂါးအကြေးခွံများ ဖုံးလွှမ်းနေ၏။

ဝမ်းဗိုက်တွင် ခြေ ၆ ချောင်း ပါရှိပြီး ကျောဘက်တွင် ရွှေရောင် တောင်ပံများ ပါရှိကာ ကောင်းကင်သို့ မော့၍ ဟိန်းဟောက်နေကြသည်။

တကယ့်ကို ခန့်ညားပြီး ကြီးကျယ်လှပေသည်။

မုန်လဲ့က ထိုသားရဲ ၉ ကောင်၏ အမျိုးအစားကို ချက်ချင်း သိလိုက်၏။

ခြေ ၆ ချောင်း ရွှေရောင်ဆင်သစ်များပင် ဖြစ်သည်။

ခြေ ၆ ချောင်း ရွှေရောင်ဆင်သစ်များတွင် ဧရာမနဂါးနှင့် ဆင်သစ် နတ်ဘုရားသားရဲတို့၏ သွေးမျိုးဆက်များ ပါဝင်ပြီး အလွန်အမင်း အစွမ်းထက်ကာ လျှပ်စီးအလား လျင်မြန်လှသဖြင့် အကောင်းဆုံး ယာဉ်များအဖြစ် သတ်မှတ်ခံထားရသည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ခြေ ၆ ချောင်း ရွှေရောင်ဆင်သစ်များက အလွန် အစွမ်းထက်လွန်းလှရာ လုံလောက်သော စွမ်းအားမရှိပါက သူတို့ကို ယာဉ်အဖြစ် အသုံးပြုရန်မှာ မဖြစ်နိုင်သည့်အပြင် သူတို့၏ သတ်ဖြတ်ခြင်းကိုပင် ခံရနိုင်ချေ ရှိလေသည်။

ထို့ကြောင့် ခြေ ၆ ချောင်း ရွှေရောင်ဆင်သစ်များကို တွေ့မြင်ရရန်မှာ အလွန် ခဲယဉ်းလှရာ ယခုကဲ့သို့ ၉ ကောင် တစ်ပြိုင်နက်တည်း ပေါ်လာခြင်းမှာ ဆိုဖွယ်ရာပင် မရှိတော့ချေ။

သို့သော် ပို၍ အံ့ဩစရာကောင်းသည်မှာ ခြေ ၆ ချောင်း ရွှေရောင်ဆင်သစ် ၉ ကောင်၏ လည်ပင်းတွင် သံကြိုး ၉ ချောင်း ချည်နှောင်ထားပြီး ထိုသံကြိုးများ၏ နောက်တွင် ရွှေစစ်စစ်ဖြင့် ပြုလုပ်ထားသော ရွှေရောင် နဂါးရထားလုံးကြီး တစ်ခုကို ဆွဲယူလာခြင်းပင် ဖြစ်သည်။

ဆင်သစ် ၉ ကောင်က ရထားလုံးကို ဆွဲလာသည်တဲ့လား။

"ဘယ်သူလဲ... ဒီလောက်တောင် ဂုဏ်ယူဝင့်ကြွားနေတာ..."

ဘာဘရူးစ် က သံသယဖြစ်စွာဖြင့် မေးလိုက်လေသည်။

"ဟုတ်တယ်... အရမ်းကို ဂုဏ်ယူဝင့်ကြွားလွန်းတယ်..."

ပူဟာမန် ကလည်း ဝင်ပြောလိုက်၏။

"ဒါပေမဲ့ ခြေ ၆ ချောင်း ရွှေရောင်ဆင်သစ် ၉ ကောင်က ရထားလုံးကို ဆွဲလာတာကတော့ တကယ်ပဲ ခမ်းနားကြီးကျယ်တာ အမှန်ပဲ... အပြင်ထွက်ရင် တော်တော်လေး မျက်နှာပန်းလှမှာပဲ..."

"ဒါပေါ့..."

လူတိုင်းက တစ်ယောက်တစ်ပေါက် ဝေဖန်နေကြစဉ် အီမိုရီ ဖီးလ်မိုး မှာ အလွန်အမင်း ထိတ်လန့်နေပြီး အလျင်အမြန် ပြောလာလေသည်။

"အားလုံးပဲ... တိုးတိုး ပြောကြပါ... တခြားသူတွေ ကြားသွားရင် ကျွန်တော်တို့ ဒုက္ခရောက်ကုန်လိမ့်မယ်..."

"အီမိုရီ... ဒီကောင်က ဘယ်သူမို့လို့ မင်းက ဒီလောက်တောင် ကြောက်နေရတာလဲ..."

လူတိုင်းက သံသယဖြစ်စွာ မေးလိုက်ကြ၏။

"ကျွန်တော်တို့ရဲ့ ဗီးနပ်စ် ဧရာမနဂါးမြို့တော်မှာ မြို့တော်ဝန်ကလွဲရင် ဘယ်သူကများ ဒီလို ဂုဏ်ယူဝင့်ကြွားနိုင်မှာလဲ..."

အီမိုရီ ဖီးလ်မိုး က ခါးသက်သက် ပြုံးရင်း ပြောလိုက်လေသည်။

"မြို့တော်ဝန်လောက်လေးနဲ့များ ဘာတွေ ဒီလောက် ထူးဆန်းနေရတာလဲ..."

ဘာဘရူးစ် က နှာခေါင်းရှုံ့လိုက်၏။

"ငါတို့ သခင်နဲ့ ယှဉ်လိုက်ရင် သူက ဘာမှ မဟုတ်ဘူး..."

"ငါ ထင်တာတော့ ဒီ ခြေ ၆ ချောင်း ရွှေရောင်ဆင်သစ် ၉ ကောင်ကို ငါတို့ သခင်အတွက် လုယူသင့်တယ်... မြို့တော်ဝန်လောက်လေး စီးတာက အရမ်း နှမြောစရာကောင်းတယ်..."

"ဟုတ်တယ်..."

အခြားသူများကလည်း အနည်းငယ် မကျေမနပ် ဖြစ်နေကြလေသည်။

သခင်က ပြီးပြည့်စုံသောအဆင့်ကို ကျော်လွန်နေသော အစွမ်းထက်သူကြီး ဖြစ်သော်လည်း ဤမျှ တိတ်တဆိတ် နေထိုင်နေသည်။ သို့သော် ပြီးပြည့်စုံသောအဆင့်ပင် မဟုတ်သော သူတစ်ယောက်က ဤမျှ ဂုဏ်ယူဝင့်ကြွားနေသည်မှာ အလွန် မကျေနပ်စရာ ကောင်းလှပေသည်။

အီမိုရီ ဖီးလ်မိုး မှာ အလွန်အမင်း ခါးသီးစွာ ပြုံးလိုက်ပြီး ပြောလာပြန်၏။

"အားလုံးပဲ... ခင်ဗျားတို့ မသိလို့ပါ... ကျွန်တော်တို့ရဲ့ ဗီးနပ်စ် ဧရာမနဂါးမြို့တော်ရဲ့ မြို့တော်ဝန်က သာမန်လူ မဟုတ်ဘူး..."

"သာမန်လူ မဟုတ်ဘူး ဟုတ်လား..."

"စွမ်းအား အရမ်း ကြီးလို့လား..."

"နိဟော့ခ် နတ်ဘုရားမျိုးနွယ်စုရဲ့ အရေးပါတဲ့ သူလား..."

လူတိုင်းက သံသယဖြစ်စွာဖြင့် ဆက်တိုက် မေးလိုက်ကြလေသည်။

"ကျွန်တော်တို့ မြို့တော်ဝန်ရဲ့ နာမည်က ဗီးနပ်စ် နိဟော့ခ် လို့ ခေါ်တယ်... သူ့ရဲ့ စွမ်းအားက သိပ်မကြီးပါဘူး... သာမန် အဆင့်မြင့်နတ်ဘုရား အလယ်အလတ်အဆင့်လောက်ပဲ ရှိတာပါ... ဒါပေမဲ့ သူက ကြီးမြတ်လှတဲ့ နိဟော့ခ် ပင်မနတ်ဘုရားရဲ့ အငယ်ဆုံးသားလေ... သိပ်ပြီး မျက်နှာသာ မပေးခံရပေမယ့် နိဟော့ခ် ဧရာမနဂါးနတ်ဘုရားမျိုးနွယ်စုမှာတော့ အဆင့်အတန်း အရမ်း မြင့်တယ်..."

အီမိုရီ ဖီးလ်မိုး က စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။

"ချီးပဲ..."

"ပင်မနတ်ဘုရားရဲ့ သား တဲ့လား..."

"ဒါကြောင့် ဒီလောက်တောင် ဂုဏ်ယူဝင့်ကြွားနေတာကိုး..."

"မိုက်တယ်..."

"ငါ လက်ခံတယ်…”

All Chapters