အခန်း ၃၈၇
Vol. 39 Ch. 387
အခန်း ၃၈၇ သလင်ကျောက်အနှစ်
မည်သည့်ကမ္ဘာတွင်မဆို ဒုတိယမျိုးဆက်များမှာ အထူးအဖွဲ့အစည်းတစ်ခု ဖြစ်ကြသည်။ သူတို့တွင် ကြီးမားလှသော စွမ်းအားများ ရှိချင်မှ ရှိမည်ဖြစ်ပြီး အပျော်အပါး လိုက်စားရုံမှလွဲ၍ မည်သည့်အရာကိုမျှ တတ်ကျွမ်းချင်မှ တတ်ကျွမ်းလိမ့်မည်ဖြစ်သည်။
သို့သော် ထိုအဖွဲ့အစည်းကို မည်သူကမျှ ရန်မစရဲကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့တွင် သာမန်လူများ မပိုင်ဆိုင်နိုင်သော ကြီးမားလှသည့် အားကိုးရာကြီးတစ်ခု ရှိနေသောကြောင့်ပင်ဖြစ်သည်။ ထိုအားကိုးရာကား အဖေ ဟူသော အမည်နာမပင် ဖြစ်သည်။
၎င်းမှာ သူတို့၏ မျက်နှာများပွင့်လန်းကာ အရက်ဆိုင်များတွင် အပျော်အပါးလိုက်စားခြင်း၊ ရက်စက်ကြမ်းကြုတ်စွာ အနိုင်ကျင့်ခြင်း၊ ထင်ရာစိုင်းခြင်း၊ မောက်မာဝင့်ကြွားခြင်း၊ သူတစ်ပါးထက် အဆင့်အတန်းမြင့်သည်ဟု ခံယူခြင်းနှင့် ငါ့ကံကြမ္မာကို ငါ့အဖေကသာ ဖန်တီးတယ် ဟူသော သူတို့၏ အကြီးမားဆုံး အားကိုးရာပင် ဖြစ်သည်။
ဤကမ္ဘာတွင်လည်း ဒုတိယမျိုးဆက်များမှာ အလွန် ခန့်ညားလှသည်။ အထူးသဖြင့် ပင်မနတ်ဘုရား၏ သားသမီးများဆိုလျှင် ကျယ်ပြောလှသော စကြဝဠာကြီး တစ်ခုလုံးတွင် အခန့်ညားဆုံး ဒုတိယမျိုးဆက်များပင် ဖြစ်သည်။ မည်သူမဆို သူတို့ကို တွေ့လျှင် ရိုရိုသေသေ ဆက်ဆံကာ ချော့မော့ပြီး အလိုလိုက်ထားရမည် ဖြစ်သည်။
'မလေးမစား လုပ်ရဲတယ်ပေါ့လေ... သတ်ပစ်မယ်...'
ယခုလည်း နိဟော့ခ် ပင်မနတ်ဘုရား၏ သားဖြစ်သူ ဤဒုတိယမျိုးဆက်လေးမှာ အလွန် ဂုဏ်ယူဝင့်ကြွားနေပြီး ထွက်ပေါ်လာပုံကပင် အလွန်တရာ ခမ်းနားကြီးကျယ်လှပေသည်။
"မြို့တော်ဝန်ကြီး..."
"မြို့တော်ဝန်ကြီး ရောက်လာပြီ..."
"မြို့တော်ဝန်ကြီးက အရမ်း ချောတာပဲ..."
ပတ်ဝန်းကျင်မှ တီးတိုးရေရွတ်သံများ ထွက်ပေါ်လာပြီး နတ်သမီးအချို့၏ မျက်ဝန်းများတွင် ထူးခြားသော အလင်းတန်းများ တောက်ပလာကာ သူတို့၏ လှပသော မျက်လုံးများထဲတွင် ကြည်ညိုလေးစားမှုများ ပြည့်နှက်နေသည်။ ထို အရူးအမူးဖြစ်နေသော မျက်နှာထားများက အဝတ်အစားများချွတ်ကာ မြို့တော်ဝန်၏ ကုတင်ပေါ်သို့ တက်သွားချင်နေသည့်အလား ဖြစ်နေပြီး မြို့တော်ဝန်က သူတို့ကို သဘောမကျမည်ကိုသာ စိုးရိမ်နေကြပုံရသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ပူဟာမန်နှင့် အခြားသူများက မနာလိုဝန်တိုစွာဖြင့် ပြောလိုက်ကြသည်။
"ပင်မနတ်ဘုရားရဲ့ သား ဆိုတဲ့ ဂုဏ်ပုဒ်လေးကို အားကိုးပြီး ဂုဏ်ယူဝင့်ကြွားနေတဲ့ အချောင်သမားလေး တစ်ယောက်ပါကွာ... ဘာတွေများ ဒီလောက် အထင်ကြီးစရာ ရှိလို့လဲ... သူက ငါတို့ သခင်ရဲ့ ဖိနပ်ကိုတောင် သယ်ပေးဖို့ မတန်ပါဘူး..."
"ဟုတ်တယ်..."
၎င်းမှာ စပျစ်သီး မစားရသဖြင့် ချဉ်သည်ဟု ပြောနေခြင်းပင် ဖြစ်သည်။ သို့သော် မတတ်နိုင်ပေ။ မနာလိုဝန်တိုခြင်းနှင့် အမုန်းတရားများ ဆိုသည်မှာ သာမန်လူများ၏ ကိုယ်ပိုင်အခွင့်အရေး မဟုတ်ပေ။ နတ်ဘုရားများတွင်လည်း ခံစားချက်များ ရှိပြီး သူတို့လည်း မနာလိုဖြစ်တတ်ကာ အမုန်းတရားများ ရှိကြသည်။
မုန်လဲ့ကတော့ ဘာမှမပြောဘဲ တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။
"ဂါး..."
ခြေ ၆ ချောင်း ရွှေရောင်ဆင်သစ် ၉ ကောင်က ဖြည်းညင်းစွာ ရပ်တန့်သွားပြီးနောက် ကောင်းကင်သို့ မော့ကာ ဟိန်းဟောက်လိုက်ကြသည်။ ဟိန်းဟောက်သံများက လေထုထဲသို့ ပြန့်နှံ့သွားပြီး ပင်မနတ်ဘုရား၏ သား ရောက်ရှိလာကြောင်း ကြေညာနေသည့်အလား ဖြစ်နေသည်။
ဟိန်းဟောက်သံများ ငြိမ်သက်သွားသောအခါ ခေါင်းတွင် ခရမ်းရွှေရောင် နဂါးချိုများ ပါရှိပြီး ရွှေရောင် သံချပ်ကာကို ဝတ်ဆင်ထားသော ချောမောလှပသည့် လူငယ်တစ်ဦးက နဂါးရထားလုံးထဲမှ ပျံထွက်လာပြီး နတ်ဘုရားများ အားလုံးရှေ့တွင် ပေါ်လာသည်။
"ဝါး... မြို့တော်ဝန်ကြီး ထွက်လာပြီ..."
ဗီးနပ်စ် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ နတ်သမီး အများအပြားမှာ စူးရှစွာ အော်ဟစ်လိုက်ကြပြီး လူငယ်လေးများကို ကြိုက်နှစ်သက်သော အရူးအမူး မိန်းကလေးများအလား စိတ်လှုပ်ရှားလွန်းသဖြင့် သတိလစ်မတတ် ဖြစ်သွားကြသည်။
ထိုအထဲမှ နတ်သမီးတစ်ပါးက အဆိုးဆုံးပင် ဖြစ်သည်။ သူမက လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကာ မျက်နှာပေါ်တွင် အချစ်ရူးလေး တစ်ယောက်အလား အမူအရာမျိုးဖြင့် ပြောလိုက်သည်။
"ငါ သဘောကျတဲ့ ယောက်ျားပီသလိုက်တာ... ရှင်က အရမ်းကို ခန့်ညားလွန်းတယ်... ရှင် ဘယ်နေရာမှာပဲ ရှိနေပါစေ... အမှောင်ထဲက ပိုးစုန်းကြူးလေး တစ်ကောင်လို အရမ်းကို ထင်ရှားပြီး ထူးခြားနေတာပဲ..."
"ရှင့်ရဲ့ ချောမောတဲ့ ရုပ်ရည်... မာနကြီးတဲ့ နှုတ်ခမ်းမွေးလေး... ခန့်ညားတဲ့ ထွက်ပေါ်လာပုံနဲ့ ခြေ ၆ ချောင်း ရွှေရောင်ဆင်သစ် ၉ ကောင်က ကျွန်မကို အရမ်းကို ဆွဲဆောင်သွားတာပဲ..."
မုန်လဲ့ကဲ့သို့သော အဆင့်အတန်းသို့ ရောက်ရှိလာပါက အကြားအာရုံမှာ သာမန်ထက် များစွာ သာလွန်လှပေရာ ထိုနတ်သမီး၏ အရူးအမူး ဖွင့်ဟဝန်ခံသံကို သဘာဝကျကျပင် ကြားလိုက်ရသည်။ မုန်လဲ့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
'တကယ့်ကို ပါရမီရှင်ပဲ...'
သို့သော် လေးစားရပါသော မြို့တော်ဝန်ကြီးကတော့ ထိုအရူးအမူး နတ်သမီး၏ ဖွင့်ဟဝန်ခံသံကို ကြားနိုင်မည် မဟုတ်ပေ။ သူက အေးစက်သော အကြည့်များဖြင့် လူတိုင်းကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အထင်သေးလှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာကာ တောင်ကြားရှေ့သို့ ဆင်းသက်သွားသည်။
"မြို့တော်ဝန်ကြီးကို ဂါရဝပြုပါတယ်..."
တောင်ကြားကို စောင့်ကြပ်နေသော မြို့စောင့်တပ်ဖွဲ့ဝင်များက ဒူးတစ်ဖက် ထောက်ကာ အရိုအသေပေးလိုက်ကြသည်။ သူတို့၏ လှုပ်ရှားမှုများမှာ ညီညာလွန်းပြီး အနည်းငယ်မျှပင် ယိမ်းယိုင်မှု မရှိရာ ကျွမ်းကျင်စွာ လေ့ကျင့်ထားကြောင်း သိသာလှပေသည်။
"သတ္တုတွင်းကို သေချာ စစ်ဆေးပြီးပြီလား..."
ဗီးနပ်စ် က အေးဆေးစွာ မေးလိုက်သည်။
"ပမာဏ ဘယ်လောက်ရှိလဲ..."
"မြို့တော်ဝန်ကြီး... သေချာ စစ်ဆေးပြီးပါပြီ..."
ခေါင်းဆောင်ဖြစ်ဟန်တူသော မြို့စောင့်တပ်ဖွဲ့ဝင် တစ်ဦးက ရိုသေစွာ ဖြေကြားလိုက်သည်။
"စုစုပေါင်း ပမာဏက ၁.၆ ထရီလီယံတန် ကနေ ၂.၃ ထရီလီယံတန် ကြားမှာ ရှိမယ်လို့ ခန့်မှန်းရပါတယ်... အရည်အသွေးကလည်း အလွန်ကောင်းမွန်ပြီး အဆင့်မြင့် နတ်ဘုရားသလင်းကျောက်တွေ ဖြစ်ပါတယ်... ပြီးတော့..."
"ပြီးတော့ ဘာဖြစ်လဲ..."
ဗီးနပ်စ် က မျက်ခုံးပင့်လိုက်သည်။
"ကျွန်တော်တို့က သတ္တုတွင်းရဲ့ အလယ်ဗဟိုမှာ သလင်းကျောက်အနှစ်တွေ ရှိနေတာကို တွေ့ခဲ့ရပါတယ်... အရေအတွက် အတိအကျ ဘယ်လောက်ရှိမလဲ ဆိုတာကိုတော့ စစ်ဆေးနေတုန်းပါ... ဒါပေမဲ့ အရေအတွက်က နည်းမှာ မဟုတ်ဘူးလို့ ထင်ပါတယ်..."
ခေါင်းဆောင်က ရိုသေစွာ ပြောလိုက်သည်။
"သလင်းကျောက်အနှစ်..."
ဗီးနပ်စ် ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်သော အမူအရာများ ပေါ်လာသည်။
"ကောင်းတယ်... အရမ်းကောင်းတယ်... နောက် ၂ နှစ်နေရင် အဖေ့ရဲ့ မွေးနေ့ရောက်တော့မှာဆိုတော့ ဘာလက်ဆောင်ပေးရမလဲလို့ စဉ်းစားနေတာ... အခုတော့ အဆင်ပြေသွားပြီ... ဒီ သလင်းကျောက်အနှစ်တွေကိုသာ ပေးလိုက်ရင် အဖေ အရမ်း သဘောကျမှာ သေချာတယ်..."
"မြို့တော်ဝန်ကြီးကို ဂုဏ်ပြုပါတယ်..."
ခေါင်းဆောင်က အခြေအနေကို ကြည့်ကာ အလျင်အမြန် မြှောက်ပင့်ပြောဆိုလိုက်သည်။
"ဟားဟားဟား... ဂုဏ်ပြုဖို့ ကောင်းပါတယ်..."
ဗီးနပ်စ် က လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဒီတစ်ကြိမ် နတ်ဘုရားသလင်းကျောက် သတ္တုတွင်းကို တွေ့ရှိခဲ့တာရော သလင်းကျောက်အနှစ်တွေကို တွေ့ရှိခဲ့တာရော မင်းတို့ရဲ့ အားထုတ်မှုတွေကြောင့်ပဲ... အားလုံးကို ဆုချမယ်..."
"ကျေးဇူးတင်ပါတယ် မြို့တော်ဝန်ကြီး..."
ခေါင်းဆောင်မှာ အလွန် ဝမ်းသာသွားသည်။
"အင်း..."
ဗီးနပ်စ် က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
"အခုချက်ချင်း အလုပ်စလိုက်တော့... ငါက သလင်းကျောက်အနှစ်တွေကို မြန်မြန် မြင်ချင်နေပြီ..."
"မြို့တော်ဝန်ကြီးရဲ့ အမိန့်ကို နာခံပါမယ်..."
ခေါင်းဆောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"လူတွေ လာကြ... အခုချက်ချင်း သတ္တုတွင်းကို စတူးကြ..."
"ဟုတ်ကဲ့ပါ..."
အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် သတ္တုတွင်း အလုပ်သမားများက တောင်ကြားထဲသို့ ဝင်ရောက်ကာ စတင် တူးဖော်ကြတော့သည်။ သို့သော် အလုပ်သမား အရေအတွက်ကို မြင်သောအခါ ဗီးနပ်စ် က မျက်မှောင်ကြုတ်လိုက်သည်။
"ဒီလောက် လူနည်းနည်းလေးနဲ့ ဘယ်တော့မှ သလင်းကျောက်အနှစ်ကို ရမှာလဲ..."
"မြို့တော်ဝန်ကြီး... ၂ လလောက် နေရင်တော့ သလင်းကျောက်အနှစ်ကို ရမယ်လို့ ခန့်မှန်းရပါတယ်..."
ခေါင်းဆောင်က ရိုသေစွာ ဖြေကြားလိုက်သည်။
"၂ လ... အရမ်း ကြာလွန်းတယ်..."
ဗီးနပ်စ် က ခေါင်းခါလိုက်သည်။
"အခုချက်ချင်း အလုပ်သမားတွေ ထပ်ခေါ်လိုက်... ငါက ၃ ရက် အတွင်းမှာ သလင်းကျောက်အနှစ်ကို မြင်ချင်တယ်... မှတ်ထား... ၃ ရက်... တစ်နာရီလေးတောင် နောက်ကျလို့ မရဘူး..."
"ဟုတ်ကဲ့ပါ... မြို့တော်ဝန်ကြီး..."
ခေါင်းဆောင်မှာ ချက်ချင်း ချွေးပြန်သွားသည်။ ၂ လ ကြာမည့် အလုပ်ကို ၃ ရက် အတွင်း ပြီးအောင် လုပ်ခိုင်းခြင်းမှာ ငရဲပြည်တွင် အလုပ်လုပ်ရသကဲ့သို့ ခက်ခဲလှရာ ခေါင်းဆောင်မှာ စားပွဲကို ရိုက်ကာ အလုပ်ထွက်ချင်စိတ်များပင် ပေါက်လာသည်။
သို့သော် သူ မလုပ်ရဲပေ။
သူက အဆင့်မြင့်နတ်ဘုရား နှောင်းပိုင်းအဆင့်ရှိသော အစွမ်းထက်သူ တစ်ယောက်ဖြစ်ပြီး နိဟော့ခ် နတ်ဘုရားမျိုးနွယ်စုတွင်လည်း အရေးပါသော လူတစ်ယောက် ဖြစ်သော်လည်း ဗီးနပ်စ် ကိုတော့ လုံးဝ ရန်မစရဲပေ။
'ဒီ ပင်မနတ်ဘုရားရဲ့ သားက အရမ်းကို ရက်စက်ကြမ်းကြုတ်ပြီး အကြင်နာကင်းမဲ့လွန်းတယ်... သူသာ အာခံရဲရင် သူ့ရဲ့ အဆုံးသတ်က အရမ်းကို ဆိုးရွားသွားလိမ့်မယ်...'
'ဒါပေမဲ့ ပြဿနာက ၃ ရက် ဆိုတဲ့ အချိန်တိုလေး အတွင်းမှာ ဒီလောက် အလုပ်သမား အများကြီးကို ဘယ်ကနေ သွားရှာရမှာလဲ...'
ဗီးနပ်စ် ဧရာမနဂါးမြို့တော်ကနေ ဒီနေရာကို လာဖို့တောင် ၂ ရက် ကြာပေသည်။ အသွားအပြန် ဆိုလျှင် ၄ ရက်တောင် ကြာမည်ဖြစ်ရာ ၃ ရက် ဆိုတဲ့ အချိန်ကို ကျော်သွားပြီ ဖြစ်သည်။
ခေါင်းဆောင်၏ အကြည့်များက ရောက်ရှိနေကြသော နတ်ဘုရားများဆီသို့ အလိုအလျောက် ကျရောက်သွားပြီးနောက် ကောင်းကင်သို့ ပျံတက်ကာ နတ်ဘုရားများရှေ့သို့ ရောက်ရှိသွားသည်။
"မိတ်ဆွေတို့... ဘယ်သူတွေက သတ္တုတူးဖို့ ကူညီပေးနိုင်မလဲ... ဈေးနှုန်း မျှတပါတယ်... တစ်ရက်ကို နတ်ဘုရားသလင်းကျောက် ၁၀ ခု ပေးပါမယ်..."
'သတ္တုတွင်း အလုပ်သမား လုပ်ရမယ်ပေါ့လေ...'
ရောက်ရှိနေသော အဆင့်နိမ့်နှင့် အလယ်အလတ် နတ်ဘုရား အချို့မှာ သတ္တုတွင်း အလုပ်သမားအဖြစ် အလုပ်လုပ်ကာ အကျိုးအမြတ် ရယူရန် လာခဲ့ကြခြင်း ဖြစ်ရာ သဘာဝကျကျပင် ငြင်းဆန်မည် မဟုတ်ဘဲ ဝမ်းသာအားရ လက်ခံလိုက်ကြသည်။
သို့သော် ခေါင်းဆောင်မှာ မျက်မှောင်ကြုတ်နေဆဲ ဖြစ်သည်။ ဤလူ အရေအတွက်က မလုံလောက်ပေ။ လုံးဝ မလုံလောက်ပေ။ ပိုမိုများပြားသော အလုပ်သမားများ လိုအပ်သေးသည်။
"နောက်ထပ် လူ မရှိတော့ဘူးလား..."
ခေါင်းဆောင်က ထပ်မေးလိုက်သည်။
အခြား နတ်ဘုရားများကတော့ စိတ်ဝင်စားပုံ မရကြပေ။ သူတို့က ပွဲကြည့်ရန် သို့မဟုတ် အကျိုးအမြတ် တစ်ခုခု ရလိုရငြား လာခဲ့ကြခြင်း ဖြစ်ပြီး သတ္တုတူးရန် စိတ်ဝင်စားခြင်း မရှိကြပေ။
ပြီးတော့ သတ္တုတူးတာက တစ်ရက်ကို နတ်ဘုရားသလင်းကျောက် ၁၀ ခု ဆိုတာက အရမ်း နည်းလွန်းပေသည်။ အဆင့်နိမ့်နှင့် အလယ်အလတ် နတ်ဘုရားတွေလောက်ပဲ လက်ခံနိုင်မည်ဖြစ်ကာ သူတို့က ဒီလောက် ပိုက်ဆံလေးကို ဂရုမစိုက်ကြပေ။
"ဘာလဲ... လူ မရှိတော့ဘူးလား..."
ခေါင်းဆောင်၏ မျက်နှာက မှုန်ကုပ်သွားသည်။
"မိတ်ဆွေတို့... ဒါက ကျွန်တော်တို့ ဗီးနပ်စ် ဧရာမနဂါးမြို့တော်မှာ တွေ့တဲ့ ပထမဆုံး နတ်ဘုရားသလင်းကျောက် သတ္တုတွင်းပဲ... အဓိပ္ပာယ် အရမ်း ကြီးမားပါတယ်... ဒါကြောင့် မိတ်ဆွေတို့က နတ်ဘုရားသလင်းကျောက်တွေကို တူးဖော်ဖို့ ကူညီပေးကြမယ်လို့ မျှော်လင့်ပါတယ်... ဒါက ကျွန်တော်တို့ ဗီးနပ်စ် ဧရာမနဂါးမြို့တော်အတွက် အကျိုးပြုတာပါပဲ..."
ယခုတစ်ကြိမ်တွင် အဆင့်မြင့်နတ်ဘုရား အချို့က စိတ်ဝင်စားသွားကြပြီး သတ္တုတူးရန် သဘောတူလိုက်ကြသည်။ သို့သော် ခေါင်းဆောင် လိုအပ်သော အရေအတွက်နှင့် နှိုင်းယှဉ်ပါက များစွာ ကွာခြားနေသေးသည်။
ခေါင်းဆောင် ဒေါသထွက်သွားသည်။
'ကောင်းပြီလေ... မျက်နှာသာ ပေးနေတာကို အတင့်ရဲနေကြတယ်ပေါ့... ငါက အကျိုးအကြောင်းပြပြီး ပြောနေတာကို မင်းတို့က မျက်နှာသာ မပေးဘူးဆိုတော့ တကယ်ကို အနိုင်ကျင့်ရာ ကျလွန်းတယ်...'
ထိုအရာကို တွေးမိသောအခါ ခေါင်းဆောင်က ချက်ချင်း ပေါက်ကွဲထွက်သွားပြီး အဆင့်မြင့်နတ်ဘုရား နှောင်းပိုင်းအဆင့်ရှိသော သူ၏ ကြောက်မက်ဖွယ် နတ်ဘုရားအရှိန်အဝါကြီးကို ထုတ်လွှတ်ကာ ရှေ့ရှိ နတ်ဘုရားများကို ရိုင်းစိုင်းစွာ ဖိအားပေးလိုက်သည်။
"နောက်ထပ် ကူညီပေးမယ့်သူ ရှိသေးလား..."
ဤသည်မှာ တိုက်ရိုက် ခြိမ်းခြောက်ခြင်းပင် ဖြစ်သည်။ ဤလုပ်ရပ်က ရှက်စရာကောင်းသော်လည်း အကျိုးသက်ရောက်မှုကတော့ အံ့ဩစရာကောင်းလောက်အောင် ကောင်းမွန်သည်။ အင်အားမရှိဘဲ စွမ်းအားနည်းပါးသော အဆင့်မြင့်နတ်ဘုရား အများစုမှာ ခေါင်းဆောင်၏ အရှိန်အဝါကို မခံနိုင်တော့ဘဲ တောင်ကြားထဲသို့ ဝင်ရောက်ကာ သတ္တုတူးကြရတော့သည်။
အင်အားကြီးမားပြီး နတ်ဘုရားမျိုးနွယ်စုကြီးများမှ လာသော အစွမ်းထက်သူ အနည်းငယ်သာ ခေါင်းဆောင်၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်ဘဲ နေနိုင်ကြသည်။
ခေါင်းဆောင်ကလည်း ထိုအစွမ်းထက်သူများကို ရန်မစရဲပေ။ သူ၏ အကြည့်များက ထိုအစွမ်းထက်သူများ အပေါ်မှ ဖြတ်သွားပြီးနောက် နောက်ဆုံးတွင် မုန်လဲ့တို့ အုပ်စုပေါ်သို့ ကျရောက်သွားသည်။ သူတို့က သူစိမ်းများဖြစ်ပြီး တစ်ခါမျှ မမြင်ဖူးသူများ ဖြစ်သည်။
'ကောင်းပြီလေ... ဘယ်ချောင်ကနေ ထွက်လာမှန်းမသိတဲ့ ကောင်တွေကများ ငါ့ရဲ့ အမိန့်ကို ဆန့်ကျင်ရဲတယ်ပေါ့... တကယ် သေချင်နေတာပဲ...'
"လူတိုင်းက အသိဉာဏ် မြင့်မားကြတယ်... မင်းတို့ အုပ်စုကလွဲရင်ပေါ့... သစ်ငုတ်တိုကြီးတွေလို ရပ်နေကြတာ... မင်းတို့က မြို့တော်အတွက် အကျိုးမပြုချင်ဘူးလား..."
ခေါင်းဆောင်က မုန်လဲ့တို့ကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"မပြုချင်ဘူး…”