အခန်း ၃၈၈
Vol. 39 Ch. 388
အခန်း ၃၈၈ ဘောရစ် ကို သတ်ဖြတ်ခြင်းနှင့် မြို့တော်ဝန်ကို ဂရုမစိုက်ခြင်း
"မင်းတို့တွေ ဒီမှာ ဘာရပ်လုပ်နေတာလဲ... မြို့တော်အတွက် အကျိုးမပြုချင်ဘူးလား..."
ခေါင်းဆောင်က မုန်လဲ့တို့ကို အေးစက်စွာ စိုက်ကြည့်ကာ ခြိမ်းခြောက်လိုက်သည်။
သူ ဆုံးဖြတ်ချက် ချပြီးသွားပြီ။ မုန်လဲ့တို့သာ ဆက်ပြီး ခေါင်းမာနေမည်ဆိုပါက သူတို့ကို သတ်ပစ်ရန် ဝန်လေးနေမည် မဟုတ်ပေ။ နာမည်မသိသော လူကုံထံလေး အနည်းငယ်မျှသာ ဖြစ်ရာ သတ်ပစ်လိုက်ရုံဖြင့် ဘာပြဿနာမှ မရှိပေ။
ထို့အပြင် ကျန်သည့် နတ်ဘုရားများကိုပါ ကြောက်လန့်သွားစေပြီး သတ္တုတူးရာတွင် ပိုမို ကြိုးစားလာအောင် လုပ်နိုင်မည်ဖြစ်သည်။
'ဒီကောင်တွေတော့ ကံဆိုးပြီပဲ...'
'တကယ်ကို အခြေအနေ မကြည့်တတ်တဲ့ ကောင်တွေပဲ...'
'ဘောရစ် က ဒီလောက် ခြိမ်းခြောက်နေတာကိုတောင် သူတို့က အေးဆေးနေရဲတယ်... တကယ့် လူမိုက်တွေပဲ...'
အခြားသော နတ်ဘုရားများက မုန်လဲ့တို့ကို ကြည့်ကာ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာနေကြသည်။ သူတို့က ဗီးနပ်စ် ဧရာမနဂါးမြို့တော်ရှိ နတ်ဘုရားမျိုးနွယ်စုကြီးများမှ ဆင်းသက်လာသူများ ဖြစ်ရာ မြို့စောင့်တပ်ဖွဲ့ခေါင်းဆောင် ဘောရစ် ၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်နိုင်သော်လည်း ဤကောင်တွေက ဘာကောင်တွေမို့လို့များ သူတို့ကို လာတုပရဲတာလဲ။
တကယ်ကို ကိုယ့်အဆင့်ကိုယ် မသိတဲ့ ကောင်တွေပဲ။
'ဒီကောင်တွေ တကယ် လူမိုက် မဟုတ်ဘူးဆိုရင် အခုချက်ချင်း သတ္တုသွားတူးသင့်တယ်... အဲဒီလိုမှ မဟုတ်ရင်တော့ လူဆိုးကြီး ဘောရစ် က သူတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး...'
သို့သော် မည်သူကမျှ ထင်မှတ်မထားသော အရာမှာ ခေါင်းဆောင် ဘောရစ် ၏ တောင်းဆိုချက်ကို မုန်လဲ့က လုံးဝ မတွေးတောဘဲ ငြင်းဆိုလိုက်ခြင်းပင် ဖြစ်သည်။
"ငါတို့က ပွဲလာကြည့်တာ... မင်းအတွက် အလုပ်လာလုပ်ပေးတာ မဟုတ်ဘူး... ငါတို့ကို သတ္တုတူးခိုင်းရအောင် မင်း ခေါင်းကို မြည်းကန်ထားလို့လား..."
ထိုစကားကို ကြားသောအခါ လူတိုင်းက မုန်လဲ့ကို မိစ္ဆာသရဲ တစ်ကောင်ကို ကြည့်နေသည့်အလား ကြည့်နေမိကြသည်။
'ဒီကောင်က တော်တော် သတ္တိကောင်းနေပါလား... ဘောရစ် ကိုတောင် ဒီလို စကားမျိုး ပြောရဲတယ်...'
ဘောရစ် ဆိုသည်မှာ ဗီးနပ်စ် ဧရာမနဂါးမြို့တော်၏ မြို့စောင့်တပ်ဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး ဗီးနပ်စ် မြို့တော်ဝန်၏ လက်အောက်တွင် အစွမ်းအထက်ဆုံး နတ်ဘုရားတစ်ပါး ဖြစ်သည်။ ထို့အပြင် သူက မျက်တောင်မခတ်ဘဲ လူသတ်ရဲသော လူဆိုးကြီး တစ်ယောက်လည်း ဖြစ်သည်။
ဗီးနပ်စ် မြို့တော်ဝန် လုပ်ချင်သော မကောင်းမှုများ အားလုံးကို သူက တာဝန်ယူ လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။ လူသတ်ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း ဆိုသည့် စကားလုံးများပင် သူ့ကို ဖော်ပြရန် မလုံလောက်တော့ပေ။
သို့သော် ယခု သူ့ရှေ့မှ ဤလူက... ဘယ်ချောင်ကနေ ထွက်လာမှန်းမသိတဲ့ နာမည်မရှိတဲ့ ကောင်လေး တစ်ယောက်က ဘောရစ် ကို ဒီလို စကားမျိုး ပြောရဲတယ်... သူက ဘောရစ် ရဲ့ ဒေါသကို မကြောက်ဘူးလား။
ပင်မနတ်ဘုရား၏ သားဖြစ်သူ ဗီးနပ်စ် မှာ အစက တောင်ကြားကိုသာ စိတ်ဝင်တစား ကြည့်နေပြီး ဤဘက်ရှိ အခြေအနေများကို ဂရုမစိုက်ခဲ့ပေ။ သူ့အတွက်တော့ သတ္တုတွင်းထဲရှိ သလင်းကျောက်အနှစ်များကသာ အရေးပါပြီး အခြားလူများမှာ ဘာမှ မဟုတ်ပေ။
သို့သော် မုန်လဲ့၏ စကားကို ကြားလိုက်ရသောအခါ ဗီးနပ်စ် လည်း အနည်းငယ် မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်မိပြီး သူ၏ ရင်ထဲတွင် အနည်းငယ် အံ့ဩသွားသည်။
'ဒီကောင်က တော်တော် မိုက်မဲပါလား...'
"ဒုက္ခ.. ဒုက္ခပဲ... ဒီတစ်ခါတော့ သေချာပေါက် သေရတော့မယ်..."
လူအုပ်ထဲရှိ အီမိုရီ ဖီးလ်မိုး မှာ မြေကြီးပေါ်သို့ ပစ်ကျမတတ် ဖြစ်သွားပြီး သူ၏ ရင်ထဲတွင် ထိတ်လန့်မှုများနှင့် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်သွားသည်။
ဘောရစ် ကိုတောင် ဒီလို ပြန်ပြောရဲတယ် ဆိုတော့ မုန်လဲ့က သူ့ကိုယ်သူ အသက်ရှင်ရတာပင်ပန်းတယ်လို့ ထင်နေတာလား။
"သေနာကောင်... သူ ငါ့ကိုပါ ဒုက္ခပေးတော့မယ်..."
အီမိုရီ ဖီးလ်မိုး က ရင်ထဲမှ အော်ဟစ်လိုက်သည်။
သူ ထင်ထားသည့်အတိုင်းပင် ဘောရစ် ၏ မျက်လုံးများထဲတွင် ဒေါသမီးတောက်များ တောက်လောင်လာပြီး သူ၏ ကိုယ်ပေါ်မှ ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေနိုင်သော ကြောက်မက်ဖွယ် နတ်ဘုရားအရှိန်အဝါကြီးတစ်ခု ပေါက်ကွဲထွက်လာကာ ဒေါသတကြီး ရယ်မောလိုက်သည်။
"ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်... ငါ့ကိုများ ဒီလို လာပြောရဲတယ်... သတ္တိ တော်တော်ကောင်းနေပါလား... သေစမ်း..."
ဘောရစ် က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး အားကုန်လွှဲ၍ လက်သီးဖြင့် ထိုးချလိုက်သည်။ သူက ခွန်အားအပြည့် သုံးလိုက်ခြင်းဖြစ်ရာ မုန်လဲ့ကို အသားစိမ်းငါးစိမ်းဖြစ်အောင် ရိုက်သတ်ရန် ရည်ရွယ်ထားကြောင်း သိသာလှပေသည်။
"ဒုက္ခပဲ..."
အီမိုရီ ဖီးလ်မိုး က ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မကြည့်ရက်တော့သဖြင့် မျက်လုံးကို မှိတ်ထားလိုက်သည်။ သို့သော် သူ၏ နားထဲတွင် ပူဟာမန် ၏ လှောင်ပြောင်သံကို ကြားလိုက်ရသည်။
"မျက်လုံးကို ဘာလို့ မှိတ်ထားတာလဲ... မင်းက အရမ်း သတ္တိကြောင်တာပဲ... မျက်လုံးကို သေချာ ဖွင့်ပြီး ကြည့်စမ်းပါ..."
"..."
အီမိုရီ မနေနိုင်တော့ဘဲ မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ မယုံကြည်နိုင်စရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
ဒေါသတကြီး ပြေးဝင်လာသော ဘောရစ် ကို မုန်လဲ့က ရှောင်တိမ်းခြင်း မရှိဘဲ ညာလက်ကို ပေါ့ပေါ့ပါးပါး ဆန့်ထုတ်လိုက်သည်။
"ဖက်..."
လူတိုင်း၏ မျက်လုံးထဲတွင် ကမ္ဘာဖျက်မတတ် ကြောက်မက်ဖွယ်ကောင်းသော လက်သီးကြီးကို မုန်လဲ့က ပေါ့ပေါ့ပါးပါး ဖမ်းဆုပ်လိုက်ရာ လက်သီး၏ အရှိန်အဟုန်များ အားလုံး ချက်ချင်း ပျောက်ကွယ်သွားပြီး အခြေအနေမှာ ရုတ်တရက် ငြိမ်သက်သွားတော့သည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
အီမိုရီ ဖီးလ်မိုး ကြောင်အမ်းသွားသည်။
ပွဲကြည့်နေသော နတ်ဘုရားများ အားလုံး ကြောင်အမ်းသွားကြသည်။
ဘောရစ် လည်း ကြောင်အမ်းသွားသည်။
ဗီးနပ်စ် ပင်လျှင် အံ့ဩသွားသော အမူအရာ ပေါ်လာသည်။ သာမန်လူလေး တစ်ယောက်က ဘောရစ် ၏ တိုက်ခိုက်မှုကို ဤမျှ လွယ်လွယ်ကူကူ ဖမ်းဆုပ်နိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
"ငါ့ကို သတ်ချင်တဲ့သူ အများကြီး ရှိတယ်... မင်းက ဘယ်နေရာက ပါလာတာလဲ..."
မုန်လဲ့က ခေါင်းခါလိုက်ပြီး ပေါ့ပေါ့ပါးပါး အားစိုက်လိုက်ရာ ဘောရစ် ၏ လက်သီးမှာ အမှုန့်ဖြစ်သွားတော့သည်။
"အာ..."
ဘောရစ် က စူးရှစွာ အော်ဟစ်လိုက်ပြီး မုန်လဲ့ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်ရင်း တုန်ရီသော အသံဖြင့် မေးလိုက်သည်။
"မင်း... မင်းက တကယ်တော့ ဘယ်သူလဲ..."
"ငါ ဘယ်သူလဲ ဟုတ်လား... မင်း သိဖို့ မတန်ပါဘူး..."
မုန်လဲ့က ညာလက်ကို ဆန့်ထုတ်ကာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
"ဝုန်း..."
မီတာ သောင်းချီ ကြီးမားလှသော လက်ဝါးကြီးတစ်ခု ကောင်းကင်ယံမှ ရုတ်တရက် ထွက်ပေါ်လာပြီး ဘောရစ် အပေါ်သို့ အားကုန် ဖိချလိုက်သည်။ ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်အလား ဖြစ်နေသည်။
"မလုပ်ပါနဲ့..."
ဘောရစ် မှာ အလွန်အမင်း ထိတ်လန့်သွားပြီး မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်သည်။
"မြို့တော်ဝန်ကြီး... ကျွန်တော့်ကို ကယ်ပါဦး..."
"ရပ်လိုက်စမ်း..."
ဗီးနပ်စ် က အလျင်အမြန် တားဆီးလိုက်သည်။ ဘောရစ် က သူ၏ လက်ပါးစေ ဖြစ်ရာ ဤအတိုင်း အသေခံခိုင်း၍ မဖြစ်ပေ။
သို့သော် မုန်လဲ့က သူ၏ စကားကို လုံးဝ ဂရုမစိုက်ပေ။ ကြီးမားလှသော လက်ဝါးကြီးက အရှိန်မလျှော့ဘဲ ဆက်လက် ကျဆင်းလာကာ ဘောရစ် ၏ မျှော်လင့်ချက်မဲ့သော အော်ဟစ်သံများကြားတွင် သူ့ကို လွှမ်းခြုံသွားတော့သည်။
"ဝုန်း..."
လက်ဝါးကြီးက ကောင်းကင်မှ ကျဆင်းလာပြီး ပန်းလုံတောင်တန်း၏ တောင်ထိပ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ တောင်တန်းကြီး တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခတ်သွားသည်။
ဖုန်တောကြီးတစ်ခု ထလွင့်သွားပြီး မြေကြီးများ လှုပ်ခတ်သွားသည်။
"ဘာဖြစ်တာလဲ..."
"ဘာတွေ ဖြစ်နေတာလဲ..."
"ငလျင်... ငလျင်လှုပ်နေတယ်..."
"မြန်မြန် ထွက်ကြ..."
"ရွှမ်း... ရွှမ်း... ရွှမ်း..."
ရုတ်တရက် လှုပ်ခတ်မှုကြောင့် သတ္တုတွင်းထဲသို့ ဝင်ရောက်သွားသော နတ်ဘုရားများ အားလုံး အလန့်တကြား ဖြစ်သွားကြပြီး လန့်ဖျပ်နေသော ယုန်ငယ်လေးများအလား တောင်ကြားထဲမှ အလျင်အမြန် ပြေးထွက်လာကြသည်။
"ခုနက ဘာတွေ ဖြစ်သွားတာလဲ..."
"ဟိုမှာ ကြည့်စမ်း..."
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်ရာ လူတိုင်းက ထိုနေရာသို့ အလျင်အမြန် ကြည့်လိုက်ကြသည်။ သူတို့က တောင်ထိပ်ပေါ်တွင် ဧရာမ တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။ ထိုတွင်းကြီးမှာ လက်ဝါးပုံစံဖြစ်ပြီး အလွန် နက်ရှိုင်းလှသည်။
"ထူးဆန်းလိုက်တာ... ဒီမှာ ဘယ်တုန်းက လက်ဝါးပုံစံ တွင်းကြီး ရှိနေတာလဲ... ငါတို့ ရောက်စက မရှိပါဘူး..."
လူတိုင်း သံသယဖြစ်နေကြစဉ် လူကို အေးခဲသွားစေနိုင်လောက်အောင် အေးစက်လှသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ငါ ခုနက မင်းကို ရပ်ဖို့ ပြောတယ်လေ... ဘာလို့ မရပ်တာလဲ..."
"ဒါက... မြို့တော်ဝန်ကြီးရဲ့ အသံပဲ..."
လူတိုင်းက အလျင်အမြန် ကြည့်လိုက်ကြရာ မြို့တော်ဝန်မှာ ရေခဲတမျှ အေးစက်သော မျက်နှာထားဖြင့် လူငယ်တစ်ဦးကို ဒေါသတကြီး စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်နှာမှာ တောင်ရိုးစွန်းဒေသမှ ရေခဲတမျှ အေးစက်နေသည်။
"မြို့တော်ဝန်ကြီးက ဘာဖြစ်လို့လဲ..."
"ဘာလို့ နတ်ဘုရားတစ်ပါးကို ရုတ်တရက် ဒေါသထွက်နေရတာလဲ..."
"အဲဒီကောင်က ဘယ်သူလဲ..."
လူတိုင်း၏ ရင်ထဲတွင် သံသယများ ပြည့်နှက်နေကြသည်။
ယခုအချိန်တွင် ဗီးနပ်စ် မှာ အလွန် ဒေါသထွက်နေသည်။ ဘောရစ် အသတ်ခံလိုက်ရသဖြင့် ဒေါသထွက်နေသည် ဆိုသော်လည်း ထိုမျှအထိတော့ မဟုတ်ပေ။ မုန်လဲ့က သူ၏ အမိန့်ကို ဖီဆန်လိုက်ခြင်းကသာ သူ့ကို ဤမျှ ဒေါသထွက်သွားစေခြင်း ဖြစ်သည်။
သူက ပင်မနတ်ဘုရား၏ သားတစ်ယောက် ဖြစ်ရာ နတ်ဘုရားမျိုးနွယ်စု အတွင်းမှာပင် လူနည်းစုမှလွဲ၍ မည်သူကမျှ သူ့ကို ငြင်းဆန်ရဲမည် မဟုတ်ကြောင်း သိထားရမည် ဖြစ်သည်။
အကြီးအကဲများပင်လျှင် သူ့ကို မငြင်းဆန်ရဲပေ။
ဗီးနပ်စ် ဧရာမနဂါးမြို့တော်တွင်မူ သူက အမြင့်ဆုံးသော အာဏာရှင် ဖြစ်ပြီး သူ၏ စကားမှာ အတည်ပင် ဖြစ်သည်။ သူ၏ အမိန့်က ဥပဒေဖြစ်ပြီး သူ၏ ဆန္ဒက အမြင့်ဆုံးသော ဆုံးဖြတ်ချက်ပင် ဖြစ်သည်။ သူ၏ စကားက ဥပဒေပင် ဖြစ်သည်။
‘ဘယ်သူကများ ဖီဆန်ရဲမှာလဲ’
'ဘယ်သူမှ မဖီဆန်ရဲဘူး’
'ဖီဆန်တဲ့သူ... သေရမယ်’
သို့သော် ယခုလေးတင် သူ့ရှေ့မှ ဘယ်ချောင်က ထွက်လာမှန်းမသိသော ဤလူက သူ၏ အမိန့်ကို ဖီဆန်လိုက်သည်။ သို့မဟုတ် သူ၏ အမိန့်ကို လုံးဝ ဂရုမစိုက်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
'လုံးဝ ခွင့်မလွှတ်နိုင်ဘူး’
'လုံးဝ ခွင့်လွှတ်လို့ မရဘူး’
ဗီးနပ်စ် ၏ အေးစက်သော အကြည့်များကို မြင်လိုက်ရသောအခါ အီမိုရီ ဖီးလ်မိုး မှာ ရင်ထဲတွင် ထိတ်လန့်သွားပြီး ပူဟာမန်နှင့် အခြားသူများပင်လျှင် ကြီးမားလှသော ဖိအားကို ခံစားလိုက်ရသည်။ ရှေ့ရှိ ဤလူက အစွမ်းမထက်သော်လည်း ပင်မနတ်ဘုရား၏ သား ဖြစ်သည်။
ပင်မနတ်ဘုရား
ဤစကားလုံး နှစ်လုံးတည်းနှင့်တင် လူကို အသက်ရှူမဝအောင် ဖိအားပေးနိုင်စွမ်း ရှိသည်။
"မင်း ရပ်ခိုင်းတိုင်း ငါက ရပ်ရမှာလား... မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ…”