အခန်း ၃၉၇
Vol. 40 Ch. 397
အခန်း ၃၉၇ အာကာသ အပြောင်းအလဲနှင့် အမြီးတစ်သောင်း မြွေဟောက်ကြီး
နိဟော့ခ် နတ်ဘုရားမျိုးနွယ်စုဝင်များ အားလုံး ဒေါသအထွတ်အထိပ်သို့ ရောက်ရှိသွားကြ၏။
ဤနေရာမှာ သူတို့၏ ဌာနချုပ် ဖြစ်သည်။ သူခိုးဓားပြများ ဆိုသည်ထက် မျိုးနွယ်စုဝင်များပင် ဤနေရာသို့ အလွယ်တကူ ခြေချဝံ့ခြင်း မရှိကြချေ။
ယခုမူ ဘယ်ချောင်ကမှန်းမသိ ပေါ်လာသော သူခိုးဓားပြများက နိဟော့ခ် ဧရာမနဂါး တောင်တန်းတွင် ထင်ရာစိုင်းကာ သူတို့၏ ရတနာသိုက်ကို လုယက်နေကြခြင်းမှာ လုံးဝ ခွင့်လွှတ်နိုင်စရာ မရှိပေ။
"သတ်..."
"ဒီလူယုတ်မာတွေကို သတ်ပစ်ကြ... ငါတို့ နယ်မြေကို လာကျူးကျော်ရင် ဘာဖြစ်မလဲဆိုတာ ပြလိုက်ကြ..."
"ဝုန်း... ဝုန်း... ဝုန်း..."
ထရီလီယံချီသော နိဟော့ခ် နတ်ဘုရားမျိုးနွယ်စုဝင်များ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ အမျိုးအစားစုံလင်လှသော တိုက်ခိုက်မှုများမှာ ကောင်းကင်ယံကို ဖြတ်သန်းလာသော ကြယ်တံခွန်များအလား မုန်လဲ့တို့အပေါ်သို့ မိုးသီးမိုးပေါက်များကဲ့သို့ ကျဆင်းလာတော့၏။
အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့် ကြောက်မက်ဖွယ် အရှိန်အဝါနှင့် ဖျက်ဆီးနိုင်စွမ်းတို့ကြောင့် ပူဟာမန်နှင့် အခြားသူများ၏ မျက်နှာများမှာ ဖြူရော်သွားကြရသည်။
'သခင်... ကယ်ပါဦး...'
ပူဟာမန်နှင့် အခြားသူများမှာ စိတ်ထဲတွင် အော်ဟစ်လိုက်ကြ၏။
ထရီလီယံချီသော တိုက်ခိုက်မှုများကို ရင်ဆိုင်ရာတွင် သူတို့၏ စွမ်းအားများ မည်မျှပင် တိုးတက်လာစေကာမူ လုံးဝ ခုခံနိုင်စွမ်း ရှိမည်မဟုတ်ချေ။ သူတို့သည် ကြီးမြတ်လှသော သခင်ကိုသာ အားကိုးရတော့မည် ဖြစ်သည်။
မုန်လဲ့သည် သူတို့၏ မျှော်လင့်ချက်များကို လုံးဝ ရိုက်ချိုးမပစ်ခဲ့ချေ။ သူ၏ မျက်ဝန်းအိမ်များမှ နူးညံ့သော ရွှေရောင်အလင်းတန်း နှစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ယံမှ ကျဆင်းလာသော ကြောက်မက်ဖွယ် တိုက်ခိုက်မှုများကို တစ်ချက် ဝေ့ကြည့်လိုက်ကာ ဖြည်းညင်းစွာ ရေရွတ်လိုက်လေသည်။
"အချိန် ရပ်တန့်..."
"ဝုန်း..."
သူ၏ အကြည့်များ ကျရောက်ရာ လေဟာနယ် တစ်ခွင်လုံးရှိ အချိန်များမှာ ချက်ချင်းပင် ရပ်တန့်သွားခဲ့၏။ ထို့ကြောင့် ကျဆင်းလာသော တိုက်ခိုက်မှုများ အားလုံးမှာလည်း လေထဲတွင်ပင် ရပ်တန့်သွားပြီး လုံးဝ လှုပ်ရှားနိုင်ခြင်း မရှိတော့ချေ။
"ဒီတိုက်ခိုက်မှုတွေကို... မင်းတို့ကိုပဲ ပြန်ပေးလိုက်မယ်..."
မုန်လဲ့၏ မျက်ဝန်းအိမ်အတွင်းရှိ နူးညံ့သော ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် အလွန်တရာ တောက်ပလှသော ငွေရောင်အလင်းတန်းများ အစားထိုး ဝင်ရောက်လာခဲ့၏။ ထို့နောက် သူက ထပ်မံ၍ ဖြည်းညင်းစွာ ရေရွတ်လိုက်ပြန်သည်။
"အာကာသ အပြောင်းအလဲ..."
နောက်တစ်စက္ကန့်တွင် မုန်လဲ့တို့ အုပ်စုမှာ မူလနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး ထရီလီယံချီသော နိဟော့ခ် နတ်ဘုရားမျိုးနွယ်စုဝင်များမှာ မုန်လဲ့တို့ ရပ်နေခဲ့သော နေရာတွင် အစားထိုး ရောက်ရှိသွားကြတော့၏။
နှစ်ဖက်စလုံး နေရာ ပြောင်းလဲသွားကြခြင်း ဖြစ်သည်။
ထို့နောက် မုန်လဲ့က အချိန် ရပ်တန့်ခြင်းကို ဖယ်ရှားလိုက်လေသည်။ ရပ်တန့်နေသော တိုက်ခိုက်မှုများမှာ ချက်ချင်းပင် ဆက်လက်၍ ကျဆင်းလာတော့၏။
"ဘာ... ဘာဖြစ်သွားတာလဲ..."
"ဟင့်အင်း... မလုပ်ပါနဲ့..."
"ပြေး... ပြေးကြ..."
"ဘုန်း... ဝုန်း..."
ပြေးမည် ဟုတ်လား...
သေချာပေါက် ပြေး၍လွတ်မည် မဟုတ်ချေ။
ကောင်းကင်ယံမှ မိုးသီးမိုးပေါက်များအလား ကျဆင်းလာသော တိုက်ခိုက်မှုများသည် နိဟော့ခ် နတ်ဘုရားမျိုးနွယ်စုဝင်များကို မျက်စိတစ်မှိတ်အတွင်း လွှမ်းခြုံသွားခဲ့၏။ သူတို့သည် မျှော်လင့်ချက်မဲ့ခြင်း... ထိတ်လန့်တုန်လှုပ်ခြင်းနှင့် မကျေနပ်ခြင်းများစွာဖြင့် မိမိတို့ ကိုယ်တိုင် ဖန်တီးခဲ့သော တိုက်ခိုက်မှုများကို ပြန်လည် ခံစားလိုက်ကြရတော့သည်။
မီးခိုးလုံးများ ထောင်းထောင်းထသွားပြီး မီးပွားများ လွင့်စင်သွား၏။ လျှပ်စီးများ လက်သွားပြီး ရေခဲတုံးများ လွင့်စင်သွားသည်။
"ဒါ... ဒါ..."
"ဘယ်လိုဖြစ်လို့ ဒီလို ဖြစ်သွားရတာလဲ..."
"သခင်... သခင် ဘယ်လိုလုပ်လိုက်တာလဲ..."
ပူဟာမန်နှင့် အခြားသူများမှာ မိမိတို့၏ တိုက်ခိုက်မှုများအောက်တွင် ပျက်စီးသွားသော နိဟော့ခ် နတ်ဘုရားမျိုးနွယ်စုဝင်များကို ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်နေကြ၏။ တစ်ဖက်လူ၏ တိုက်ခိုက်မှုများက အဘယ်ကြောင့် သူတို့ကိုယ်သူတို့ ပြန်လည် ထိမှန်သွားရသနည်း။
"ဒါက အာကာသ နိယာမတရားလေ..."
မုန်လဲ့က ခပ်ဟဟ ပြုံး၍ ရှင်းပြလိုက်သည်။
"ရန်သူနဲ့ ကိုယ့်ရဲ့ တည်နေရာကို ပြောင်းလဲလိုက်ရုံနဲ့ သူတို့ ကိုယ်တိုင် ဖန်တီးခဲ့တဲ့ တိုက်ခိုက်မှုတွေကို သူတို့ကိုယ်တိုင် ပြန်ခံရမှာပဲလေ..."
"အာကာသ နိယာမတရား..."
"ဒါကြောင့် ဒီလောက် အစွမ်းထက်နေတာကိုး..."
"ဒါက အာကာသ နိယာမတရားရဲ့ အစွမ်းကိုး..."
ပူဟာမန်နှင့် အခြားသူများမှာ ချက်ချင်းပင် သဘောပေါက်သွားကြပြီး မုန်လဲ့အပေါ် ပို၍ပင် ကိုးကွယ်ယုံကြည်လာကြတော့၏။ အရင်က အချိန် နိယာမတရား... အခုက အာကာသ နိယာမတရား...
သခင်သည် အမြင့်ဆုံးနိယာမတရား နှစ်မျိုးကို နားလည်ထားပြီးဖြစ်ရာ အလွန်တရာ အစွမ်းထက်လွန်းပြီး ကြီးမြတ်လွန်းလှပေသည်။
မီးခိုးလုံးများ တဖြည်းဖြည်း လွင့်စင်သွား၏။
လေဟာနယ်လည်း မူလအတိုင်း ပြန်လည် တည်ငြိမ်သွားသည်။
မျက်စိရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ ပူဟာမန်နှင့် အခြားသူများမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြရ၏။ မရေမတွက်နိုင်သော နိဟော့ခ် နတ်ဘုရားမျိုးနွယ်စုဝင်များ အသတ်ခံလိုက်ရလေပြီ။
အချို့မှာ အမှုန့်ဖြစ်သွားပြီး အချို့မှာ အပိုင်းပိုင်း ပြတ်တောက်သွားကြသည်။ အချို့မှာ ခန္ဓာကိုယ် တစ်ဝက်သာ ကျန်ရှိတော့ပြီး အချို့မှာမူ ခြေပြတ်လက်ပြတ် ဖြစ်ကုန်ကြ၏။ ကိုယ်အင်္ဂါ အပြည့်အစုံ ကျန်ရှိနေသူ အနည်းငယ်မှာလည်း ဒဏ်ရာအပြင်းအထန် ရရှိနေကြသည်။
မြင်ကွင်းမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။
၆၀ ရာခိုင်နှုန်းခန့်မှာ ပွဲချင်းပြီး သေဆုံးသွားကြ၏။
၃၉ ရာခိုင်နှုန်းခန့်မှာ ကိုယ်အင်္ဂါ ချို့တဲ့သွားကြသည်။
ကျန်ရှိနေသော ၁ ရာခိုင်နှုန်းခန့်သော အစွမ်းထက်သူများမှာမူ ဒဏ်ရာအနာတရ မရှိဘဲ ကျန်ရစ်ခဲ့ကြသော်လည်း ယခုအခါတွင်မူ သူတို့၏ စိတ်အစဉ်၌ ကြောက်ရွံ့မှုများသာ လွှမ်းမိုးနေတော့၏။
သူတို့သည် မုန်လဲ့တို့ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သော်လည်း မိမိတို့၏ တိုက်ခိုက်မှုများက မိမိတို့ကို ပြန်လည် လွှမ်းခြုံသွားခဲ့သည်။ ဤမြင်ကွင်းမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး ထူးဆန်းလွန်းလှပေသည်။
"ဘာလို့ ဒီလို ဖြစ်သွားရတာလဲ..."
ပြီးပြည့်စုံသောအဆင့်သို့ အဆုံးအစမရှိ နီးကပ်နေသော ထိပ်တန်း အစွမ်းထက်သူ တစ်ဦး၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး သူ၏ မျက်ဝန်းများထဲတွင် ထိတ်လန့်မှုနှင့် ဒေါသများ ပြည့်နှက်နေ၏။
ထိတ်လန့်ရခြင်းမှာ ခုနက တိုက်ခိုက်မှုက အလွန်တရာ ထူးဆန်းလွန်းသောကြောင့် ဖြစ်ပြီး ဒေါသထွက်ရခြင်းမှာမူ နိဟော့ခ် နတ်ဘုရားမျိုးနွယ်စုကြီး တစ်ခုလုံး အလွန်အမင်း ထိခိုက်ဆုံးရှုံးသွားရသောကြောင့် ဖြစ်လေသည်။
မှန်ပေသည်။
နတ်ဘုရားမျိုးနွယ်စုအတွင်းရှိ ဤမျှများပြားလှသော အစွမ်းထက်သူများမှာ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သည့် အမာခံ အင်အားစုများ ဖြစ်ပြီး နိဟော့ခ် နတ်ဘုရားမျိုးနွယ်စုက ကမ္ဘာမြေနတ်ဘုရားလောကကြီးတွင် ကြီးစိုးနိုင်ရန် အဓိက အားထားရသော အင်အားများပင် ဖြစ်၏။
ယခုအခါ ထိုအင်အားများ အားလုံးနီးပါး သေဆုံးသွားခဲ့ပြီဖြစ်ရာ သူ မည်သို့ ထိတ်လန့်ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
"မင်းတို့က တကယ်တော့ ဘယ်သူတွေလဲ..."
ထို ထိပ်တန်း အစွမ်းထက်သူက မုန်လဲ့တို့ကို ဒေါသတကြီး စိုက်ကြည့်ကာ အော်ဟစ်လိုက်လေသည်။
"မင်းတို့ ငါတို့ နိဟော့ခ် နတ်ဘုရားမျိုးနွယ်စုကို ဒီလို လာစော်ကားရဲတယ်ဆိုတော့... ပင်မနတ်ဘုရားရဲ့ လက်စားချေမှုကို မကြောက်ဘူးလား..."
"ပင်မနတ်ဘုရားရဲ့ လက်စားချေမှု ဟုတ်လား..."
မုန်လဲ့က ခပ်ဟဟ ရယ်မောလိုက်လေသည်။
"မင်းကို စိတ်ပျက်အောင် လုပ်ရတော့မှာပဲ... မင်းတို့ရဲ့ ပင်မနတ်ဘုရားက ဘယ်တော့မှ ပြန်လာနိုင်တော့မှာ မဟုတ်ဘူး..."
"ဘာပြောလိုက်တယ်..."
ထို ထိပ်တန်း အစွမ်းထက်သူမှာ ကြောင်အမ်းအမ်း ဖြစ်သွားရ၏။
မုန်လဲ့က ဆက်လက်၍ ရှင်းပြမနေတော့ဘဲ ငရဲမီးလျှံ လှံတံ တစ်ချောင်းကို ပစ်လွှတ်လိုက်ရာ ထို ထိပ်တန်း အစွမ်းထက်သူ၏ နဖူးကို မျက်စိတစ်မှိတ်အတွင်း ဖောက်ထွင်းသွားပြီး ပွဲချင်းပြီး သေဆုံးသွားစေခဲ့သည်။
"အုပ်စိုးသူ..."
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်ရှိနေသူများမှာ အလွန်အမင်း ဒေါသထွက်သွားကြပြီး မုန်လဲ့ကို အလွန်အမင်း မုန်းတီးသော အကြည့်များဖြင့် ကြည့်ကာ အော်ဟစ်လိုက်ကြ၏။
"သူ့ကို သတ်... အုပ်စိုးသူ အတွက် ကလဲ့စားချေကြ..."
သို့သော် သူတို့ မပြေးဝင်လာနိုင်မီမှာပင် သူတို့ကို ကြိုဆိုနေသည်မှာ ကောင်းကင်ယံမှ ကျဆင်းလာသော ငရဲမီးလျှံ လှံတံများပင် ဖြစ်လေသည်။ မရေမတွက်နိုင်သော အရောင်သုံးမျိုး ကွန့်မြူးနေသည့် လှံတံများမှာ မြှားမိုးများအလား ကျဆင်းလာပြီး ကျန်ရှိနေသော အစွမ်းထက်သူများကို လွှမ်းခြုံသွားတော့၏။
"ဖူး... ဖူး... ဖူး..."
လှံတံမိုး ရွာသွန်းပြီးနောက် လူတိုင်း သေဆုံးသွားကြလေပြီ။
"ကျန်တာတွေ မင်းတို့ ဘာသာ ရှင်းလိုက်ကြတော့..."
မုန်လဲ့က အမိန့်ပေးလိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။
"ဝါး... ဟားဟား..."
ပူဟာမန်နှင့် အခြားသူများမှာ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ချက်ချင်းပင် လှုပ်ရှားလိုက်ကြ၏။ နိဟော့ခ် နတ်ဘုရားမျိုးနွယ်စု၏ အစွမ်းထက်သူများ အားလုံး သေဆုံးသွားကြပြီဖြစ်သော်လည်း သူတို့၏ နတ်ဘုရားအမြုတေများနှင့် သိုလှောင်လက်စွပ်များမှာမူ ကျန်ရစ်နေခဲ့ရာ ဤအရာများ အားလုံးမှာ အဖိုးတန် ရတနာများပင် ဖြစ်လေသည်။
"မလုနဲ့..."
"ဘယ်သူမှ ငါနဲ့ မလုနဲ့..."
"ငါနဲ့ လုတဲ့သူတိုင်းကို သတ်ပစ်မယ်..."
ရတနာများကို လုယက်ယူငင်သော ပွဲတော်ကြီး စတင်သွားပြီ ဖြစ်သည်။
မုန်လဲ့ကမူ ဤတောင်တန်း၏ အမြင့်ဆုံးနေရာသို့ ဆက်လက် ထွက်ခွာသွားခဲ့၏။ နိဟော့ခ် ပင်မနတ်ဘုရား၏ ကိုယ်ပိုင် ရတနာသိုက်မှာ ထိုတောင်ထိပ်တွင် တည်ရှိလေသည်။
တောင်ထိပ်တွင် အလွန်တရာ ခမ်းနားကြီးကျယ်လှသော နန်းတော်ကြီး တစ်ခု တည်ရှိနေပြီး ၎င်းမှာ နိဟော့ခ် ပင်မနတ်ဘုရား၏ နတ်ဘုရားနန်းတော်ပင် ဖြစ်၏။
နန်းတော် အတွင်းပိုင်းမှာ အလွန်တရာ လှပခမ်းနားလှပြီး နတ်ဘုရားလောကကြီးတွင် အဖိုးတန်ဆုံးသော နတ်ဘုရားကျောက်မျက်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ နံဘေး တစ်ဖက်တစ်ချက်စီတွင် နတ်ဘုရားသားရဲ ရုပ်တု ဒါဇင်ပေါင်းများစွာကို စိုက်ထူထားပြီး အနက်ရှိုင်းဆုံး နေရာတွင်မူ အလွန်တရာ ကြီးမားခမ်းနားလှသော နတ်ဘုရား ပလ္လင်ကြီး တစ်ခု တည်ရှိနေ၏။
နတ်ဘုရားနန်းတော် တစ်ခုလုံးမှာ အလွန်တရာ ခမ်းနားကြီးကျယ်လှသော်လည်း မုန်လဲ့က ထိုအရာများကို လုံးဝ စိတ်မဝင်စားချေ။ သူသည် နတ်ဘုရား ပလ္လင်ကြီးဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်ပြီး ပလ္လင်ပေါ်ရှိ ခလုတ် တစ်ခုကို နှိပ်လိုက်လေသည်။
"ဂျလပ်... ဂျလပ်... ဂျလပ်..."
နတ်ဘုရား ပလ္လင်ရှေ့မှ အလင်းတန်းများ ထွက်ပေါ်လာပြီး နေရာရွှေ့ပြောင်းခြင်း အစီအရင် တစ်ခု ပေါ်လာ၏။
မုန်လဲ့သည် ထိုအထဲသို့ ဝင်ရောက်သွားပြီးနောက် နတ်ဘုရားနန်းတော် အတွင်းမှ ပျောက်ကွယ်သွားတော့သည်။ သူ ပြန်လည် ထွက်ပေါ်လာချိန်တွင်မူ ထူးဆန်းသော လောက တစ်ခုအတွင်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
ဤလောကမှာ သိပ်မကြီးမားလှဘဲ မျက်စိတစ်ဆုံး ကြည့်လိုက်လျှင်ပင် ကီလိုမီတာ ရာဂဏန်းခန့်သာ ရှိမည်ဟု ခန့်မှန်းရသည်။ အတွင်းပိုင်းမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး သက်ရှိ တစ်ကောင်မျှပင် မရှိချေ။
ဤလောကမှာ သာမန် လောက တစ်ခု မျှသာဖြစ်ပြီး အပြည့်အဝ ဖွံ့ဖြိုးတိုးတက်ခြင်း မရှိသေးသော လောကငယ်လေး တစ်ခုပင် မဟုတ်ချေ။ သို့သော် ၎င်းမှာ သာမန် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် နိဟော့ခ် ပင်မနတ်ဘုရား၏ ကိုယ်ပိုင် ရတနာသိုက်က ဤနေရာတွင် တည်ရှိနေသောကြောင့် ဖြစ်၏။
ကျယ်ပြောလှသော စကြဝဠာကြီးအတွင်းရှိ အကြီးမြတ်ဆုံး ပင်မနတ်ဘုရား တစ်ပါးဖြစ်သည့်အလျောက် နိဟော့ခ် ပင်မနတ်ဘုရား၏ မျက်စိကျလောက်သော ရတနာများမှာ အလွန် နည်းပါးလှပေသည်။
ထို့ကြောင့် ဤလောကအတွင်း သိမ်းဆည်းထားသော ရတနာများမှာလည်း များများစားစား မရှိဘဲ သေတ္တာ ဒါဇင်အနည်းငယ်ခန့်သာ ပုံထားသဖြင့် အနည်းငယ် အထီးကျန်ဆန်နေပုံရ၏။
မုန်လဲ့သည် အနည်းငယ် စိတ်ပျက်သွားမိသော်လည်း ပထမဆုံး သေတ္တာဆီသို့ သွားရောက်ကာ စစ်ဆေးကြည့်လိုက်သည်။ သေတ္တာကို ဖွင့်လိုက်သောအခါ အတွင်း၌ သလင်းကျောက် ဘောလုံး တစ်လုံး ရှိနေသည်ကို တွေ့လိုက်ရ၏။
"သတိပေးချက်... ကျလာတဲ့ ပစ္စည်းကို တွေ့ရှိပါတယ်... ကောက်ယူမလား..."
စနစ်၏ အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
မုန်လဲ့ အနည်းငယ် ကြောင်အမ်းသွားပြီးနောက် သလင်းကျောက် ဘောလုံး၏ ဘေးတွင် တိတ်ဆိတ်စွာ ရှိနေသော မီးခိုးရောင် အလင်းလုံးလေး တစ်လုံးကို တွေ့လိုက်ရ၏။
"ကောက်ယူမယ်..."
"သတိပေးချက်... ကောက်ယူခြင်း အောင်မြင်ပါတယ်... အမြီးတစ်သောင်း မြွေဟောက်ကြီးရဲ့ သွေးမျိုးဆက်ကို ရရှိပါတယ်... ပေါင်းစပ်မလား..."
"အမြီးတစ်သောင်း မြွေဟောက်ကြီးရဲ့ သွေးမျိုးဆက်…”