← Chapters

အခန်း ၃၉၉

Vol. 40 Ch. 399

အခန်း ၃၉၉

Vol. 40 Ch. 399

အခန်း ၃၉၉ တံဆိပ်ခတ်နှိပ်ခြင်းကို ဖျက်ဆီးခြင်းနှင့် အနက်ရောင် ဖီးနစ် မိစ္ဆာဘိုးဘေး

အမြီးတစ်သောင်း မြွေဟောက်ကြီး။

အဆင့်နိမ့် လောကတစ်ခုစာလောက် ကြီးမားလှသော ခန္ဓာကိုယ်။

ခေါင်းပေါင်း တစ်သောင်း... အမြီးပေါင်း တစ်သောင်း။

ဤသည်မှာ မည်မျှတောင် ကြီးမားလှသော သက်ရှိကြီးနည်း။

သို့သော်လည်း မိုလော့၏ အမြင်တွင်မူ အမြီးတစ်သောင်း မြွေဟောက်ကြီး ဆိုသည်မှာ အလွန်တရာ ကြီးမားသော သက်ရှိတစ်ခု မဟုတ်သေးချေ။ အစွမ်းအထက်ဆုံး ဟင်းလင်းပြင် သားရဲကြီးများ မည်သို့ ပုံစံမျိုး ရှိမည်ကို မုန်လဲ့ လုံးဝ စိတ်ကူးမယဉ်နိုင်အောင် ဖြစ်နေရ၏။

"နောင်တစ်ချိန်ကျရင် ဟင်းလင်းပြင် သားရဲကြီးတွေရဲ့ အစစ်အမှန် ပုံသဏ္ဍာန်ကို တွေ့မြင်ခွင့်ရဖို့ မျှော်လင့်ပါတယ်..."

မုန်လဲ့၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက် ရောင်ခြည်များ တောက်ပနေ၏။

"အခွင့်အရေး ရလာမှာပါ..."

မုန်လဲ့သည် ဒုတိယမြောက် သေတ္တာကို ဆက်လက် ဖွင့်ကြည့်လိုက်သည်။

သေတ္တာအဖုံးကို ဖွင့်လိုက်သည်နှင့် တစ်မီတာခန့် ရှည်လျားသော ကျိုးနေသည့် ဓားတစ်လက်ကို တွေ့လိုက်ရ၏။

ဓားသွားမှာ သုံးလက်မခန့် ကျယ်ပြီး မျက်နှာပြင်ပေါ်တွင် အေးစက်သော အလင်းတန်းများ ဖြာထွက်နေသည်။ မုန်လဲ့ မြင်လိုက်ရုံနှင့်ပင် အရိုးထဲထိ စိမ့်ဝင်သွားလောက်အောင် အေးစက်မှုကို ခံစားလိုက်ရ၏။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ဓားမှာ တစ်ဝက်သာ ကျန်ရှိတော့ခြင်း ဖြစ်သည်။

မုန်လဲ့သည် ဓားသွားကို ကိုင်ကာ သူ၏ လက်ချောင်းပေါ်သို့ ညင်သာစွာ ပွတ်ဆွဲလိုက်ရာ လက်သည်းခွံတစ်ခု ပြတ်ထွက်သွားတော့၏။

မုန်လဲ့ အလွန်အမင်း အံ့ဩသွားရသည်။

သူ၏ ခန္ဓာကိုယ်မှာ အဆင့်နိမ့် ပင်မနတ်ဘုရားတစ်ပါးနှင့် ယှဉ်နိုင်ပြီး လက်သည်းများမှာလည်း အလွန်တရာ မာကျောလှပေသည်။

သို့သော် ဤကျိုးနေသော ဓားက လွယ်လွယ်ကူကူပင် ဖြတ်တောက်နိုင်ခဲ့ရာ ၎င်း၏ ထက်မြက်မှုမှာ မည်မျှတောင် အစွမ်းထက်ကြောင်းကို သိရှိနိုင်ပေသည်။

"ဒါက ပျက်စီးနေတဲ့ အဆင့်မြင့် ပင်မနတ်ဘုရား လက်နက်တစ်ခုပဲ... တစ်ဝက်ပဲ ကျန်တော့ပေမဲ့ သူ့ရဲ့ ထက်မြက်မှုက အဆင့်မြင့် ပင်မနတ်ဘုရား လက်နက် အဆင့်မှာပဲ ရှိနေသေးတယ်..."

မိုလော့က ရှင်းပြလိုက်၏။

"အင်း..."

မုန်လဲ့သည် ကျိုးနေသော ဓားကို သိမ်းဆည်းလိုက်ပြီး နောက်ထပ် သေတ္တာတစ်ခုကို ထပ်မံ ဖွင့်လိုက်သည်။

"ဝုန်း..."

သေတ္တာအဖုံး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် မျက်စိကျိန်းမတတ် တောက်ပလှသော အနီရောင် အလင်းတန်းများ ဖြာထွက်လာခဲ့၏။

ထို့အပြင် သွေးဆာနေပြီး အလွန်တရာ ဆိုးသွမ်းကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြီးတစ်ခုကလည်း လျင်မြန်စွာ ပြန့်နှံ့လာပြီး ဤလောကငယ်လေးတစ်ခုလုံးကို မျက်စိတစ်မှိတ်အတွင်း လွှမ်းခြုံသွားတော့သည်။

မုန်လဲ့မှာ အလွန်တရာ အစွမ်းထက်သူတစ်ဦးဖြစ်သဖြင့်သာ ဤအရှိန်အဝါကို ခံနိုင်ရည်ရှိခြင်း ဖြစ်သည်။

အကယ်၍ ပူဟာမန်နှင့် အခြားသူများသာ ဆိုလျှင် ဤသွေးဆာပြီး ဆိုးသွမ်းလှသော အရှိန်အဝါကြောင့် အသိစိတ်လွတ် ကာ မိစ္ဆာ အဖြစ်သို့ပင် ပြောင်းလဲသွားနိုင်ချေ ရှိပေသည်။

"ဒါက..."

မုန်လဲ့က အလျင်အမြန်ပင် လှမ်းကြည့်လိုက်ရာ သေတ္တာ၏ အလယ်ဗဟိုတွင် အသက်ဝင်နေသော နှလုံးသားတစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။

အံ့ဩစရာကောင်းသည်မှာ အထီးကျန်စွာ တည်ရှိနေသော နှလုံးသားလေးတစ်ခု မျှသာ ဖြစ်သော်လည်း ၎င်းသည် အလွန်တရာ လှုပ်ရှားသက်ဝင်ကာ ခုန်ပေါက်နေခြင်းပင် ဖြစ်သည်။

၎င်းက အသက်ရှင်နေဆဲ ဖြစ်သည်။

"ဒါက မိစ္ဆာဘိုးဘေးရဲ့ နှလုံးသားပဲ..."

မိုလော့က တစ်ချက်ကြည့်လိုက်ပြီး ရှင်းပြလိုက်၏။

"ဒီအရှိန်အဝါကို ကြည့်ရတာ သွေးမိစ္ဆာ ဘိုးဘေးရဲ့ နှလုံးသား ဖြစ်ဖို့များတယ်... နတ်ဘုရားနဲ့ မိစ္ဆာတွေရဲ့ တိုက်ပွဲမှာ ခုတ်ချခံခဲ့ရတာ ဖြစ်မယ်..."

မိစ္ဆာဘိုးဘေး... မိစ္ဆာများကြားတွင် ပင်မနတ်ဘုရားနှင့် တန်းတူ ဖြစ်သည်။

သွေးမိစ္ဆာ ဘိုးဘေးဆိုလျှင်တော့ သွေးမိစ္ဆာများ၏ ဘိုးဘေးပင် ဖြစ်လေသည်။

"ဒါကြောင့် နိဟော့ခ် ပင်မနတ်ဘုရားရဲ့ စုဆောင်းမှုထဲမှာ ပါဝင်နေတာကိုး... သွေးမိစ္ဆာ ဘိုးဘေးရဲ့ နှလုံးသား ဖြစ်နေလို့ပဲ..."

မုန်လဲ့က မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားရ၏။

တတိယမြောက် သေတ္တာကို ထပ်မံ ဖွင့်လိုက်သည်။

အနီရောင် တောက်တောက်နှင့် သေမင်းအရှိန်အဝါများ ဖြာထွက်နေသော တံစဉ်တစ်လက်ကို တွေ့လိုက်ရ၏။

မုန်လဲ့သည် ထိုတံစဉ်ကို မြင်မြင်ချင်းပင် ချက်ချင်း မှတ်မိသွားသည်။ အဘယ်ကြောင့်ဆိုသော် သူနှင့် အလွန် ရင်းနှီးကျွမ်းဝင်နေသောကြောင့် ဖြစ်၏။

"ဒါ သေမင်းတံစဉ်ပဲ..."

မိုလော့က ပြုံး၍ ရှင်းပြလာလေသည်။

"ပြီးတော့ ပင်မနတ်ဘုရား လက်နက် အဆင့်ရှိတဲ့ သေမင်းတံစဉ်ပဲ... ဒီပစ္စည်းက မင်းအတွက် အသုံးဝင်လောက်တယ်..."

"တကယ်ကို အသုံးဝင်တာပဲ..."

မုန်လဲ့သည် သေမင်းတံစဉ်ကို ထုတ်ယူကာ ချက်ချင်းပင် ပေါင်းစပ်လိုက်ပြီး မိမိ၏ လက်နက်အဖြစ်သို့ ပြောင်းလဲလိုက်လေသည်။

ယခင်က သုံးခဲ့သော သေမင်းတံစဉ်ကိုမူ သိုလှောင်လက်စွပ်ထဲသို့ ထည့်ကာ သိမ်းဆည်းလိုက်၏။ ထိုလက်နက်မှာ အားနည်းလွန်းနေပြီဖြစ်ရာ ဖယ်ရှားပစ်သင့်လေပြီ။

စတုတ္ထမြောက် သေတ္တာ၏ မျက်နှာပြင်ပေါ်တွင်မူ နိယာမတရား သင်္ကေတများ အပြည့် ရေးဆွဲထားသည်ကို တွေ့လိုက်ရ၏။

မုန်လဲ့၏ ကောင်းကင်နှင့်မြေကြီး နိယာမတရားများကို နားလည်နိုင်စွမ်းဖြင့် ထိုသင်္ကေတများ၏ အဓိပ္ပာယ်ကို ချက်ချင်းပင် သိရှိသွားခဲ့သည်။

ထိုသင်္ကေတများ၏ လုပ်ဆောင်ချက်မှာ တစ်ခုတည်းသာ ရှိလေသည်။ ၎င်းမှာ တံဆိပ်ခတ်နှိပ်ခြင်းပင် ဖြစ်၏။

"ဒီအထဲမှာ ဘာကို တံဆိပ်ခတ်နှိပ်ထားတာလဲ..."

မုန်လဲ့သည် နိယာမတရား တံဆိပ်ကို ဖယ်ရှားလိုက်လေသည်။

"ဝုန်း..."

သေတ္တာမှာ ချက်ချင်းပင် လှုပ်ရမ်းလာပြီး ပို၍ပို၍ ပြင်းထန်လာခဲ့၏။ အတွင်းမှ တစ်စုံတစ်ခုက သေတ္တာကို အဆက်မပြတ် တိုက်ခိုက်နေပြီး အပြင်သို့ ထွက်လာရန် ကြိုးစားနေသည့်အလား ဖြစ်နေသည်။

"ဟင်..."

မုန်လဲ့နှင့် မိုလော့တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြပြီး နှစ်ယောက်စလုံး၏ မျက်လုံးများထဲတွင် အံ့ဩမှုများ ပေါ်လာခဲ့၏။

"ဒီသေတ္တာထဲမှာ ဘာကို တံဆိပ်ခတ်နှိပ်ထားတာလဲ..."

"သာမန်တော့ မဟုတ်လောက်ဘူး..."

"အလကား ပြောနေပြန်ပြီ... ပင်မနတ်ဘုရား ကိုယ်တိုင် တံဆိပ်ခတ်နှိပ်ထားတာကို သာမန် ဖြစ်ပါ့မလား..."

"ဘုန်း..."

တံဆိပ်ခတ်နှိပ်ခြင်း မရှိတော့သဖြင့် သေတ္တာမှာ လုံးဝ ခံနိုင်ရည်မရှိတော့ချေ။

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ သေတ္တာမှာ ပေါက်ကွဲထွက်သွားပြီး အနက်ရောင် မီးတောက်တစ်ခု အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာတော့၏။

"ဟားဟားဟား..."

"ထွက်လာရပြီ..."

"ငါ ထွက်လာရပြီကွ..."

"ဟားဟားဟား..."

အနက်ရောင် မီးတောက်မှာ အပေါ်အောက် ခုန်ပေါက်နေပြီး တစ်ခါတစ်ရံ စုစည်းသွားကာ တစ်ခါတစ်ရံ ပြန့်ကျဲသွား၏။

ထို့အပြင် အလွန်တရာ စိတ်လှုပ်ရှား ဝမ်းသာနေသော ရယ်မောသံများကိုပါ ထုတ်လွှတ်နေပြီး သူ၏ ရင်ထဲရှိ ပျော်ရွှင်မှုများကို အရူးတစ်ယောက်အလား ဖော်ပြနေလေသည်။

"ဒါ ဘာအကောင်ကြီးလဲ..."

မုန်လဲ့က မိုလော့ကို လှမ်းကြည့်ကာ မေးလိုက်၏။

"သူ့ရဲ့ အရှိန်အဝါကို ကြည့်ရတာ ပင်မနတ်ဘုရားတစ်ပါး ဖြစ်ဖို့ သေချာတယ်..."

မိုလော့က ခပ်ဟဟ ပြုံး၍ ရှင်းပြလာလေသည်။

"သူ့ရဲ့ အရှိန်အဝါကို အကဲခတ်ကြည့်ရသလောက်တော့ အနက်ရောင် ဖီးနစ် ဖြစ်ဖို့များတယ်..."

"အနက်ရောင် ဖီးနစ်..."

မုန်လဲ့ တစ်ချက် ကြောင်အမ်းသွားရ၏။

"မိစ္ဆာတွေထဲက အနက်ရောင် ဖီးနစ်လား..."

"ဟုတ်တယ်..."

အခြေအနေမှာ မိုလော့ ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်လေသည်။

ခဏတာ စိတ်လှုပ်ရှား ဝမ်းသာပြီးနောက် အနက်ရောင် မီးတောက်မှာ တည်ငြိမ်သွားပြီး ငါးမီတာခန့် မြင့်မားကာ တစ်ကိုယ်လုံး အနက်ရောင် လွှမ်းနေသော ဖီးနစ်ငှက်ကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတော့၏။

၎င်း၏ ပုံသဏ္ဍာန်မှာ ငရဲမီးလျှံ ဖီးနစ်ငှက်နှင့် အလွန် ဆင်တူသော်လည်း အရှိန်အဝါမှာမူ လုံးဝ ကွဲပြားခြားနားလှပေသည်။

ငရဲမီးလျှံ ဖီးနစ်ငှက်၏ အရှိန်အဝါမှာ ခမ်းနားကြီးကျယ်ပြီး ဆိုးသွမ်းခြင်း မရှိချေ။

သို့သော် ဤအနက်ရောင် ဖီးနစ်ငှက်၏ အရှိန်အဝါမှာမူ ဆိုးသွမ်းခြင်းနှင့် သွေးဆာခြင်းများ ပြည့်နှက်နေ၏။

ဤအချက်ကို သူတို့နှစ်ကောင်၏ မီးတောက်များမှတစ်ဆင့် သိရှိနိုင်ပေသည်။

ငရဲမီးလျှံ ဖီးနစ်ငှက်၏ ငရဲမီးလျှံ နတ်ဘုရား မီးတောက်မှာ အလွန်တရာ ပူပြင်းလှပြီး ရန်သူကို အရှင်လတ်လတ် လောင်ကျွမ်းစေနိုင်၏။

သို့သော် ဤအနက်ရောင် ဖီးနစ်ငှက်၏ မီးတောက်မှာမူ အလွန်တရာ အေးစက်လှပေသည်။

တစ်ခုက ပူပြင်းပြီး တစ်ခုက အေးစက်နေ၏။ လုံးဝ ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်ပင် ဖြစ်လေသည်။

ထို့အပြင် နောက်ထပ် ကွာခြားချက်တစ်ခုလည်း ရှိသေး၏။

ငရဲမီးလျှံ ဖီးနစ်ငှက်မှာ ငရဲပြည်တွင် နေထိုင်သော်လည်း ၎င်းသည် နတ်ဘုရားသားရဲတစ်ကောင်ဖြစ်ပြီး ကျင့်စဉ်များမှာလည်း နတ်ဘုရားများ၊ နတ်ဘုရားသားရဲများနှင့် လုံးဝ အတူတူပင် ဖြစ်သည်။

အနက်ရောင် ဖီးနစ်ငှက်မှာမူ မိစ္ဆာတစ်ကောင်ဖြစ်ပြီး အခြားသော မိစ္ဆာများကို မျိုချခြင်းဖြင့်သာ စွမ်းအားကို မြှင့်တင်လေ့ရှိ၏။

တစ်ကောင်က နတ်ဘုရားသားရဲ ဖြစ်ပြီး တစ်ကောင်က မိစ္ဆာ ဖြစ်လေသည်။

"မင်းက ငါ့ကို ကယ်တင်ပေးလိုက်တာလား..."

အနက်ရောင် ဖီးနစ်ငှက်က မုန်လဲ့၏ အရှေ့သို့ ပျံသန်းလာပြီး သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် အထက်အောက် ကြည့်ရှုကာ အံ့ဩတကြီး မေးလိုက်၏။

"မင်းက ဘယ်လိုလုပ် ဒီနေရာကို ရောက်နေတာလဲ... နိဟော့ခ် ကော ဘယ်ရောက်သွားလဲ..."

"ငါက မင်းကို ကယ်တင်ပေးလိုက်တာပဲ..."

မုန်လဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်၏။

"နိဟော့ခ် ကတော့ သေသွားပြီလေ..."

"သေသွားပြီ..."

အနက်ရောင် ဖီးနစ်ငှက်မှာ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး အလွန်အမင်း အံ့ဩတကြီး ရေရွတ်လိုက်၏။

"သူက ဘယ်လိုလုပ် သေသွားမှာလဲ... သူက ပင်မနတ်ဘုရားတစ်ပါးလေ... ဘယ်သူက သူ့ကို သတ်နိုင်မှာလဲ... ဒါမှမဟုတ် နတ်ဘုရားနဲ့ မိစ္ဆာတွေရဲ့ တိုက်ပွဲ ထပ်ဖြစ်နေပြန်ပြီလား..."

"နတ်ဘုရားနဲ့ မိစ္ဆာတွေရဲ့ တိုက်ပွဲ မဖြစ်ပါဘူး... ငါ သူ့ကို သတ်လိုက်တာပါ..."

မုန်လဲ့က ပေါ့ပေါ့ပါးပါးပင် ရှင်းပြလိုက်၏။

"ငါ မင်းကို ကယ်တင်ပေးခဲ့တယ်ဆိုတော့... မင်း ငါ့ကို ဘယ်လို ကျေးဇူးဆပ်မလဲ..."

"မင်းက သူ့ကို သတ်လိုက်တယ်..."

အနက်ရောင် ဖီးနစ်ငှက်၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပေါ်လာခဲ့ပြီး မုန်လဲ့ကို စူးစိုက်ကြည့်ကာ ရုတ်တရက် အော်ဟစ်လိုက်လေသည်။

"မင်း လိမ်နေတာ... မင်းက ဘာမှမဟုတ်တဲ့ အဆင့်နိမ့် ပင်မနတ်ဘုရားတစ်ပါးပဲဥစ္စာ... နိဟော့ခ် ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ... ပြောစမ်း... မင်းက တကယ်တော့ ဘယ်သူလဲ... ဘာလို့ ဒီကို ရောက်နေတာလဲ..."

"ယုံချင်ယုံ မယုံချင်နေ..."

မုန်လဲ့က ဆက်လက်၍ ရှင်းပြနေရန် စိတ်ကူးမရှိချေ။

"ပြောစမ်း... ငါ့ကို ဘယ်လို ကျေးဇူးဆပ်မလဲ... မင်းရဲ့ ကျေးဇူးဆပ်မှုက ငါ့ကို မကျေနပ်စေဘူးဆိုရင်... မင်းကို အဲဒီ သေတ္တာအစုတ်ထဲ ပြန်ထည့်ပေးဖို့ ငါ ဝန်လေးနေမှာ မဟုတ်ဘူးနော်..."

"ဟီးဟီး... ကျေးဇူးဆပ်မယ် ဟုတ်လား... ဆိုးသွမ်းလှတဲ့ မိစ္ဆာတစ်ကောင်ဆီကနေ ကျေးဇူးဆပ်တာကို လိုချင်နေတယ်ပေါ့..."

အနက်ရောင် ဖီးနစ်ငှက်က လှောင်ပြောင်လိုက်လေသည်။

"မင်းက ကျေးဇူးဆပ်တာကို လိုချင်တယ်ဆိုရင်... ငါ သေချာပေါက် ကျေးဇူးဆပ်ပေးရမှာပေါ့... အလွန် အေးစက်သော မီးတောက်..."

စကားဆုံးသည်နှင့် တစ်ပြိုင်နက် ၎င်း၏ ပါးစပ်ထဲမှ အနက်ရောင် မီးနဂါးကြီးတစ်ကောင် ပေါက်ကွဲထွက်လာပြီး မုန်လဲ့ကို လောင်ကျွမ်းပစ်ရန် အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာတော့၏။

"သေချင်နေတာပဲ..."

မုန်လဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ မျက်ဝန်းများထဲမှ ငွေရောင်အလင်းတန်းများ ဖြာထွက်လာခဲ့ရာ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာသော အနက်ရောင် မီးနဂါးကြီးမှာ လေထဲတွင်ပင် ရုတ်တရက် ရပ်တန့်သွားတော့၏။

ထို့နောက် မုန်လဲ့က လက်ချောင်းကို ညင်သာစွာ ခေါက်လိုက်ရာ ငရဲမီးလျှံ လှံတစ်ချောင်း ထွက်ပေါ်လာပြီး အနက်ရောင် ဖီးနစ်ငှက်ဆီသို့ ပြေးဝင်သွားလေသည်။

"ငရဲမီးလျှံ နတ်ဘုရား မီးတောက်... မင်းက အဲဒီ လူယုတ်မာတွေနဲ့ အမျိုးတော်နေတာကိုး..."

အနက်ရောင် ဖီးနစ်ငှက်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး တောင်ပံများကို ခတ်ကာ ပြန်လည် တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။

သို့သော် ၎င်း၏ ခန္ဓာကိုယ်မှာ လုံးဝ လှုပ်ရှား၍မရတော့ကြောင်းကို အလွန်အမင်း အံ့ဩစွာ တွေ့လိုက်ရသည်။ တောင်ပံများကို ခတ်၍မရ... ပါးစပ်ကို ဟ၍မရ... ခေါင်းကို လှည့်၍မရ... လုံးဝ လှုပ်ရှား၍ မရတော့ချေ။

"ဘာဖြစ်တာလဲ..."

အနက်ရောင် ဖီးနစ်ငှက်မှာ အလွန်အမင်း အံ့ဩတုန်လှုပ်သွားရ၏။

"ဘာမှမဟုတ်တဲ့ အဆင့်နိမ့် မိစ္ဆာဘိုးဘေးတစ်ကောင်ကများ ငါ့ရှေ့မှာ လာပြီး ရိုင်းစိုင်းရဲတယ်ပေါ့လေ..."

မုန်လဲ့က လှောင်ပြောင်လိုက်ပြီး သူ၏ ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ငရဲမီးလျှံ လှံမှာ အနက်ရောင် ဖီးနစ်ငှက်၏ ရင်ဘတ်ကို မျက်စိတစ်မှိတ်အတွင်း ဖောက်ထွင်းသွားပြီးနောက် ပြင်းထန်သော မီးတောက်များအဖြစ် ပြောင်းလဲကာ ရူးသွပ်စွာ လောင်ကျွမ်းသွားတော့၏။

"အား..."

မုန်လဲ့၏ ငရဲမီးလျှံ နတ်ဘုရား မီးတောက်မှာ အမြင့်ဆုံး မှော်ပညာ အဖြစ်သို့ တက်လှမ်းသွားခဲ့သည်မှာ ကြာမြင့်ခဲ့လေပြီ။

ထို့အပြင် ရွှေရောင် မူလ ခန္ဓာကိုယ်... သစ်သား မူလ ခန္ဓာကိုယ်နှင့် မိုးကြိုး မူလ ခန္ဓာကိုယ်တို့၏ အစွမ်းများကြောင့် ငရဲမီးလျှံ နတ်ဘုရား မီးတောက်မှာ အဆက်မပြတ် ပိုမို အစွမ်းထက်လာခဲ့၏။

ယခုအခါတွင်မူ ထိုမီးတောက်မှာ အကြိမ်ကြိမ် ရှင်သန်ပြန်လည်မွေးဖွားခဲ့သော ငရဲမီးလျှံ ဖီးနစ်ငှက်၏ မီးတောက်များထက်ပင် အဆပေါင်းများစွာ ပိုမို အစွမ်းထက်နေလေပြီဖြစ်ရာ အနက်ရောင် ဖီးနစ်ငှက်က မည်သို့ ခံနိုင်ရည် ရှိမည်နည်း။

All Chapters