← Chapters

အခန်း ၄၀၁

Vol. 41 Ch. 401

အခန်း ၄၀၁

Vol. 41 Ch. 401

အခန်း ၄၀၁ မီးကြယ် ဟင်းလင်းပြင် သားရဲကြီးနှင့် အမှောင်ထု ချောက်ကမ်းပါး

နောက်ဆုံးတွင်တော့ အနက်ရောင်ဖီးနစ် ဘိုးဘေးသည် သူ၏ ဝိညာဉ်အနှစ်သာရကို လွှဲပြောင်းပေးအပ်ခဲ့ပြီး မုန်လဲ့၏ စီးတော်ယာဉ် အဖြစ်သို့ ရောက်ရှိသွားတော့သည်။

ပင်မနတ်ဘုရား အဆင့်ရှိသော စီးတော်ယာဉ် တစ်ကောင်ပင် ဖြစ်၏။

"အခုတော့ အဲဒီအရာက ဘာလဲဆိုတာ ပြောပြလို့ရပြီ မဟုတ်လား..."

မုန်လဲ့က တည်ငြိမ်စွာဖြင့် မေးလိုက်သည်။

အနက်ရောင်ဖီးနစ် ဘိုးဘေး၏ မျက်နှာပေါ်တွင် ဘဝကို စိတ်ကုန်နေသည့် အမူအရာများ အထင်းသား ပေါ်လွင်နေ၏။

"အဲဒီတုန်းက ငါက နိဟော့ခ်နဲ့ တခြား ပင်မနတ်ဘုရားတွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်တာကို ခံလိုက်ရပြီး အခုလို တံဆိပ်ခတ်နှိပ်ခံလိုက်ရတာပဲ ပြီးတော့ ဒီကို ခေါ်လာခဲ့တယ် နိဟော့ခ်က ငါ့ကို သတ်ပစ်လို့ ရနေပေမယ့် အရေးပေါ် အခြေအနေမှာ အဲဒီအရာက ငါ့ကို ကယ်တင်သွားခဲ့တာ..."

"ဆက်ပြောလေ..."

မုန်လဲ့က ပြောလိုက်၏။

"နိဟော့ခ် လို ကံကောင်းလွန်းတဲ့ ကောင်မျိုးက မတော်တဆမှုတွေ မရှိဘူးဆိုရင် သူ တစ်သက်လုံး အမြင့်ဆုံး နိယာမတရားကို နားလည်နိုင်မှာ မဟုတ်ဘူး အလယ်အလတ်အဆင့် ပင်မနတ်ဘုရား ဖြစ်ဖို့လည်း မျှော်လင့်ချက် မရှိဘူး ဆိုလိုတာက သူ့ရဲ့ ကျင့်စဉ်လမ်းကြောင်းက အဆုံးသတ်သွားပြီလို့ ပြောလို့ရတယ်..."

အနက်ရောင်ဖီးနစ် ဘိုးဘေးက လေးနက်သော အသံဖြင့် ပြောဆိုလာသည်။

မုန်လဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်၏။

"နိဟော့ခ်က တစ်သက်လုံး အဆင့်နိမ့် ပင်မနတ်ဘုရား အဖြစ်နဲ့ နေသွားရမှာကို ဘယ်လိုလုပ် ကျေနပ်နိုင်မှာလဲ ဒါကြောင့် ငါက အဲဒီအရာအကြောင်း ပြောပြလိုက်တဲ့အခါ သူ ချက်ချင်းပဲ အယုံသွင်းခံလိုက်ရတာပေါ့..."

အနက်ရောင်ဖီးနစ် ဘိုးဘေးက လှောင်ပြောင်လိုက်လေသည်။

"ငါ ထင်တဲ့အတိုင်းပဲ သူက ငါ့ကို မသတ်တော့ဘဲ အဲဒီအရာရဲ့ တည်နေရာကို ငါ့ဆီကနေ သိရဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတော့တာပဲ..."

"အဲဒီအရာက တကယ်တော့ ဘာလဲ..."

မုန်လဲ့လည်း စိတ်ဝင်စားသွားခဲ့၏။

ပင်မနတ်ဘုရား တစ်ပါးကိုပင် ဤမျှလောက် ဆွဲဆောင်နိုင်သော အရာမှာ တကယ်တော့ ဘာများဖြစ်မည်နည်း။

"ဟင်းလင်းပြင် သားရဲကြီးရဲ့ သားပေါက်လေးလေ..."

အနက်ရောင်ဖီးနစ် ဘိုးဘေး၏ စကားက အားလုံးကို အံ့ဩမှင်တက်သွားစေခဲ့သည်။

"ဟင်းလင်းပြင် သားရဲကြီးရဲ့ သားပေါက်လေး..."

မုန်လဲ့ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့၏။

"တိတိကျကျ ပြောရရင် မီးကြယ် ဟင်းလင်းပြင် သားရဲကြီးရဲ့ သားပေါက်လေးပဲ..."

အနက်ရောင်ဖီးနစ် ဘိုးဘေးမှာ အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။

"ပြီးခဲ့တဲ့ နတ်ဘုရားနဲ့ မိစ္ဆာတွေရဲ့ တိုက်ပွဲ မဖြစ်ခင်တုန်းက ငါက အလွန်အေးစက်တဲ့ ပစ္စည်းတွေကို သွားရှာရင်းနဲ့ အဲဒီ အကောင်ပေါက်လေးကို တွေ့ခဲ့တာ သူက တံဆိပ်ခတ်နှိပ်ခံထားရတာလား ဒါမှမဟုတ် အဲဒီနေရာမှာ ပိတ်မိနေတာလားတော့ မသိဘူး ဘာပဲဖြစ်ဖြစ် အပြင်ကို ထွက်လို့ မရဘူး..."

"မင်း သူ့ကို ဖမ်းမလာခဲ့ဘူးလား..."

မုန်လဲ့က သံသယဖြစ်စွာဖြင့် မေးလိုက်၏။

"အရမ်းကို ဖမ်းချင်ခဲ့တာပေါ့ ငါ သူ့ကို အရမ်း ဖမ်းချင်ခဲ့တာ..."

အနက်ရောင်ဖီးနစ် ဘိုးဘေးက သူ၏ ရင်ထဲရှိ လောဘများနှင့် တပ်မက်မှုများကို လုံးဝ ဖုံးကွယ်မထားဘဲ ပြောဆိုလိုက်သည်။

"ချန်မန် ဧကရာဇ်ရဲ့ အောင်မြင်မှုက ငါတို့ နတ်ဘုရားတွေနဲ့ မိစ္ဆာတွေအတွက် ကျင့်စဉ်လမ်းကြောင်း အသစ်တစ်ခုကို ဖွင့်လှစ်ပေးလိုက်တာပဲ ပင်မနတ်ဘုရား အမြုတေတွေ မိစ္ဆာ အမြုတေတွေ မလိုဘူး အမြင့်ဆုံး နိယာမတရားကို နားလည်ဖို့လည်း မလိုဘူး ဟင်းလင်းပြင် သားရဲကြီး သားပေါက်လေး တစ်ကောင် ရှိရုံနဲ့ လုံလောက်ပြီလေ..."

"ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက ငါက အရေးပေါ် အခြေအနေကြောင့် စစ်မြေပြင်ကို သွားလိုက်ရပြီး အဲဒီနောက်ပိုင်း ဘာမှ ထပ်မဖြစ်လာတော့တာပဲ..."

အနက်ရောင်ဖီးနစ် ဘိုးဘေး၏ အသံထဲတွင် မကျေနပ်မှုများနှင့် နှမြောတသဖြစ်မှုများ ပြည့်နှက်နေ၏။

"အကယ်၍သာ ငါ အဲဒီ မီးကြယ် ဟင်းလင်းပြင် သားရဲကြီး သားပေါက်လေးကို ရခဲ့ပြီး ဝင်ပူးနိုင်ခဲ့မယ်ဆိုရင် နောင်တစ်ချိန်ကျရင် ငါလည်း ချန်မန် ဧကရာဇ်လောက် အစွမ်းထက်လာမှာ သေချာတယ် ဟူး အခုတော့ ဘာပြောပြော အချည်းနှီးပါပဲ..."

"အဲဒီ မီးကြယ် ဟင်းလင်းပြင် သားရဲကြီး သားပေါက်လေးကို ဘယ်မှာ တံဆိပ်ခတ်နှိပ်ထားတာလဲ..."

မုန်လဲ့က အလျင်အမြန်ပင် မေးလိုက်သည်။

"အမှောင်ထု ချောက်ကမ်းပါး..."

အနက်ရောင်ဖီးနစ် ဘိုးဘေးက စကားလုံး တစ်လုံးချင်းစီကို ပီပီသသ ပြောလိုက်၏။

"အမှောင်ထု ချောက်ကမ်းပါး အဲဒါက ဘယ်နေရာလဲ..."

မုန်လဲ့ အနည်းငယ် တွေဝေသွားသည်။

အနက်ရောင်ဖီးနစ် ဘိုးဘေးမှာ မျက်လုံးများ ပြူးကျယ်သွားပြီး ကြောင်အမ်းအမ်း ဖြစ်သွားရ၏။

"မင်းက အမှောင်ထု ချောက်ကမ်းပါး ကိုတောင် မသိဘူးလား..."

"သိရင် မင်းကို မေးနေမလား..."

မုန်လဲ့က မျက်စောင်းထိုးကာ ပြောလိုက်သည်။

"မင်းက တကယ်ကို ဗဟုသုတ နည်းလွန်းတာပဲ..."

မိုလော့က ဝင်ပြောလိုက်သော်လည်း ချက်ချင်းပင် ရှင်းပြပေးလာ၏။

"အမှောင်ထု ချောက်ကမ်းပါး ဆိုတာ ဟင်းလင်းပြင် ကမ္ဘာထဲက ကြောက်စရာကောင်းတဲ့ အက်ကွဲကြောင်းကြီး တစ်ခုပဲ တချို့ကတော့ အဲဒါကို အာကာသ လမ်းကြောင်းတစ်ခုလို့ ပြောကြတယ် တချို့ကတော့ အုပ်စိုးသူအဆင့် အစွမ်းထက်သူတွေ တိုက်ခိုက်ရင်းနဲ့ ကျန်ရစ်ခဲ့တဲ့ အရာလို့ ပြောကြတယ်..."

"အဲဒါ တကယ်တော့ ဘာလဲဆိုတာကို အမျိုးမျိုး ပြောနေကြတာပဲ..."

"ဒါပေမဲ့ သေချာတာ တစ်ခုကတော့ အမှောင်ထု ချောက်ကမ်းပါးမှာ မှော်စွမ်းအင်တွေ မရှိဘူး အခြေခံ နိယာမတရားတွေလည်း မရှိဘူး ပြီးတော့ အရမ်းကို အန္တရာယ်များတယ် ပင်မနတ်ဘုရား အဆင့်ရှိတဲ့ အစွမ်းထက်သူတွေ ဝင်သွားရင်တောင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ဖို့ လုံးဝ မလွယ်ကူဘူး..."

မိုလော့က သက်ပြင်းချကာ ဆက်ပြောလာသည်။

"အမှောင်ထု ချောက်ကမ်းပါးထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေက ပတ်ဝန်းကျင်က နိယာမတရားတွေကို အဆက်မပြတ် ဖျက်ဆီးနေတယ် အဲဒါကြောင့် စကြဝဠာကြီးရဲ့ မူလစွမ်းအားတွေကတောင် အဲဒီနေရာကို ပြန်လည် မပြုပြင်ပေးနိုင်ဘူး ဒါကြောင့် အမြဲတမ်း တည်ရှိနေတာပေါ့..."

"အဲဒါက အမှောင်ထု ချောက်ကမ်းပါး ကိုး..."

မုန်လဲ့ သဘောပေါက်သွားပြီး ထပ်မံ မေးလိုက်၏။

"မိုလော့ မီးကြယ် ဟင်းလင်းပြင် သားရဲကြီးက ဘယ်လိုလဲ ချန်မန် သားရဲကြီးနဲ့ ယှဉ်ရင်ကော သူလည်း အုပ်စိုးသူအဆင့်အထိ တက်လှမ်းနိုင်လား..."

"ဘာလဲ မင်းက အဲဒီ မီးကြယ် ဟင်းလင်းပြင် သားရဲကြီး သားပေါက်လေးကို သွားရှာချင်နေတာလား..."

မိုလော့က ပြုံး၍ ပြောလိုက်လေသည်။

"နတ်ဘုရားနဲ့ မိစ္ဆာတွေရဲ့ တိုက်ပွဲ ပြီးသွားတာ နှစ်သန်းပေါင်းများစွာ ကြာနေပြီလေ အဲဒီ မီးကြယ် ဟင်းလင်းပြင် သားရဲကြီး သားပေါက်လေးက ထွက်ပြေးသွားလောက်ပြီ မထွက်ပြေးဘူးဆိုရင်တောင် သေသွားလောက်ပြီ..."

"ဒါပေမဲ့ မီးကြယ် ဟင်းလင်းပြင် သားရဲကြီးက တကယ်ကို အစွမ်းထက်တယ် သူက ထိပ်တန်း ဟင်းလင်းပြင် သားရဲကြီးရဲ့ သွေးမျိုးဆက် ပါဝင်နေတဲ့ ကြောက်စရာကောင်းတဲ့ မိစ္ဆာကောင်ကြီးပဲ နေကို စားသောက်ပြီး နေစွမ်းအင်တွေကို အပြည့်အဝ ပိုင်ဆိုင်ထားတယ် ဒါကြောင့် မီးကြယ် ဟင်းလင်းပြင် သားရဲကြီး လို့ ခေါ်တာပေါ့ သွေးမျိုးဆက်ကို ယှဉ်ကြည့်မယ်ဆိုရင် ချန်မန် သားရဲကြီးနဲ့ လုံးဝ မလျော့ဘူး..."

"အမှောင်ထု ချောက်ကမ်းပါးက ဒီကနေ ဝေးလား..."

မုန်လဲ့က ဆက်မေးလိုက်၏။

"သိပ်တော့ မဝေးပါဘူး..."

မိုလော့က ဖြေလိုက်သည်။

"အမှောင်ထု ချောက်ကမ်းပါးက စကြဝဠာရဲ့ အလယ်ဗဟိုတည့်တည့်မှာ ရှိတာလေ ကမ္ဘာမြေ နတ်ဘုရားလောကကြီး လို အဆင့်မြင့် လောကတွေက စကြဝဠာရဲ့ ဗဟိုနဲ့ အရမ်း နီးကပ်တယ်..."

"မဝေးဘူးဆိုရင် တော်သေးတာပေါ့..."

မုန်လဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်၏။

"ဒါဆိုရင် အမှောင်ထု ချောက်ကမ်းပါးကို သွားကြည့်ကြတာပေါ့..."

"ငါ ထင်တာတော့ မင်း ဒီတစ်ခေါက် အလကား သွားရလိမ့်မယ် ထင်တယ်..."

"အမှောင်ထု ချောက်ကမ်းပါးကို ခရီးသွားတယ်လို့ပဲ သဘောထားလိုက်တာပေါ့..."

ထို့နောက် မုန်လဲ့သည် အနက်ရောင်ဖီးနစ် ဘိုးဘေးကို ခေါ်ကာ လောကငယ်လေးထဲသို့ ပြန်လည် ဝင်ရောက်လာပြီး ကျန်ရှိနေသော သေတ္တာများကို ဆက်လက် စစ်ဆေးလိုက်သည်။

အမှောင်ထု ချောက်ကမ်းပါးကို သွားရမည် ဖြစ်သော်လည်း ခဏတော့ စောင့်ရဦးမည် ဖြစ်၏။

ပဉ္စမမြောက် သေတ္တာမှာ အလွန် ကြီးမားလေသည်။

အလျားက ပေတစ်ထောင်ခန့် ရှိသော်လည်း အကျယ်မှာမူ ပေတစ်ဆယ်ခန့်သာ ရှိ၏။ ရှည်လျားသေးသွယ်သော ပုံစံရှိပြီး အလွန်တရာ ထူးဆန်းနေပုံရသည်။ မုန်လဲ့က သေတ္တာအဖုံးကို ဖွင့်လိုက်ရာ အတွင်း၌ အနီရောင် တောက်တောက်နှင့် မျက်နှာပြင်တွင် မီးတောက်ပုံစံ ရစ်ခွေနေသော တိုင်ကြီးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။

"ဒါက ဘာကြီးလဲ..."

မုန်လဲ့က ထိုအနီရောင် တိုင်ကြီးကို လှမ်းကိုင်လိုက်ရာ အလွန်တရာ လေးလံနေကြောင်း ခံစားလိုက်ရသည်။ သူ၏ အဆင့်နိမ့် ပင်မနတ်ဘုရားအဆင့်ရှိသော ခန္ဓာကိုယ်ဖြင့်ပင် မတင်ရန် အလွန် ခက်ခဲနေလေသည်။

"ဒီတိုင်ကြီးက အရှည် ပေတစ်ထောင် အကျယ် ပေတစ်ဆယ်ပဲ ရှိတာလေ ဘာလို့ ဒီလောက်တောင် လေးနေရတာလဲ..."

မုန်လဲ့မှာ အလွန်အမင်း အံ့ဩသွားရ၏။

"ဒီပစ္စည်းက ဘာနဲ့ လုပ်ထားတာလဲ..."

"ဟီးဟီး မင်း ခုနကပဲ အမှောင်ထု ချောက်ကမ်းပါးကို သွားပြီး မီးကြယ် ဟင်းလင်းပြင် သားရဲကြီး သားပေါက်လေးကို သွားရှာချင်နေတာ မဟုတ်လား ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် ဒီရှေ့က ပစ္စည်းက မီးကြယ် ဟင်းလင်းပြင် သားရဲကြီးရဲ့ ချိုပဲ ဖြစ်ရမယ်..."

မိုလော့က သဘောကျစွာဖြင့် ပြောလိုက်လေသည်။

"မီးကြယ် ဟင်းလင်းပြင် သားရဲကြီးရဲ့ ချို..."

မုန်လဲ့ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့၏။

"အဲဒီတုန်းက နိဟော့ခ်က ငါ့ဆီကနေ မီးကြယ် ဟင်းလင်းပြင် သားရဲကြီး သားပေါက်လေး အကြောင်းကို သိပြီးသွားတော့ မီးကြယ် ဟင်းလင်းပြင် သားရဲကြီးနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို လိုက်ရှာခဲ့သေးတယ် ဒီချိုက သူ သေချာပေါက် ရှာဖွေစုဆောင်းထားတာ ဖြစ်မယ်..."

အနက်ရောင်ဖီးနစ် ဘိုးဘေးက ဝင်ပြောလိုက်သည်။

"ဒါဆို သေချာသွားပြီ..."

မိုလော့က ညင်သာစွာ ခေါင်းညိတ်လိုက်၏။

"သာမန်လူ တစ်ယောက်အနေနဲ့ ရတနာတစ်ခုကို လိုချင်နေပြီး မရနိုင်တဲ့အခါ အဲဒီရတနာနဲ့ ပတ်သက်တဲ့ အရာတွေကို အရူးအမူး စုဆောင်းတတ်ကြတာ သဘာဝပါပဲ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက ချိုဆိုတာ ချိုပါပဲ အသက်ရှင်နေတဲ့ မီးကြယ် ဟင်းလင်းပြင် သားရဲကြီးနဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ..."

မိုလော့က ခေါင်းခါလိုက်ပြီး ဆဋ္ဌမမြောက် သေတ္တာရှေ့သို့ ရောက်သွားကာ မုန်လဲ့ ဖွင့်မည့်အချိန်ကို စောင့်နေလေသည်။

သို့သော် သူ့ကို အံ့ဩစေသည်မှာ မုန်လဲ့က လုံးဝ လှုပ်ရှားခြင်း မရှိဘဲ မီးကြယ် ဟင်းလင်းပြင် သားရဲကြီး၏ ချိုကိုသာ စိုက်ကြည့်နေခြင်းပင် ဖြစ်၏။

"ကြည့်မနေပါနဲ့တော့ ကျိုးနေတဲ့ ချိုတစ်ခုပါပဲ..."

မိုလော့က သတိပေးလိုက်သည်။

"မြန်မြန် ဒီသေတ္တာကို ဖွင့်ကြည့်ရအောင်..."

"ချို တစ်ခုပါပဲတဲ့လား..."

မုန်လဲ့က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ အလွန်တရာ ပူပြင်းလှသော အရောင်သုံးမျိုး ကွန့်မြူးနေသည့် မီးတောက်များ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့၏။ မီးတောက်များမှာ ပိုမို များပြားလာပြီး သူ၏ တစ်ကိုယ်လုံး မီးတောက်များဖြင့် လွှမ်းခြုံသွားတော့သည်။

"ဟင်..."

"ဘာဖြစ်တာလဲ..."

"မင်း ဘာဖြစ်သွားတာလဲ..."

မိုလော့နှင့် အနက်ရောင်ဖီးနစ် ဘိုးဘေးတို့မှာ ကြောင်အမ်းအမ်း ဖြစ်သွားကြရ၏။ ကောင်းကောင်းမွန်မွန် ရှိနေရာမှ ရုတ်တရက်ကြီး မီးတွေ လောင်လာရသည့် အကြောင်းကို နားမလည်နိုင်အောင် ဖြစ်နေကြသည်။

"ရွှီး ရွှီး ရွှီး..."

သူတို့နှစ်ယောက်လုံး အံ့အားသင့်နေချိန်မှာပင် မုန်လဲ့၏ ခန္ဓာကိုယ် မျက်နှာပြင်မှ အရောင်သုံးမျိုး ကွန့်မြူးနေသော အကြေးခွံများ ထွက်ပေါ်လာခဲ့၏။

သူ၏ ခေါင်းပေါ်တွင် ချိုသုံးချောင်း ထွက်ပေါ်လာပြီး အလယ်ရှိ ချိုမှာ ဖြောင့်မတ်ချွန်ထက်နေကာ ဘေးနှစ်ဖက်ရှိ ချိုများမှာမူ အနည်းငယ် ကွေးညွတ်နေသည်။ ထို့အပြင် မျက်နှာပြင်တွင် အရောင်သုံးမျိုး ကွန့်မြူးနေသော မီးတောက်ပုံစံ ရစ်ခွေနေ၏။

"ဗြိ..."

ထို့နောက် မုန်လဲ့၏ ကျောဘက်ရှိ အင်္ကျီမှာ ရုတ်တရက် စုတ်ပြဲသွားပြီး မာကျောလှသော အကြေးခွံများ ဖုံးလွှမ်းနေသည့် တောင်ပံတစ်စုံ ထွက်ပေါ်လာကာ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ကိုပင် ဖုံးကွယ်နိုင်လောက်အောင် ကြီးမားသွားတော့၏။

ခန္ဓာကိုယ်မှာ အနည်းငယ် ကွေးညွတ်သွားပြီး လက်နှစ်ဖက်မှာ ချွန်ထက်သော လက်သည်းများ အဖြစ်သို့ ပြောင်းလဲသွားသည်။

ခြေထောက်နှစ်ဖက်မှာ ခွာများအဖြစ်သို့ ပြောင်းလဲသွားပြီး လည်ပင်းမှာ ရှည်ထွက်လာကာ တင်ပါးမှ အမြီးတစ်ခု ထွက်ပေါ်လာ၏။ ခန္ဓာကိုယ် အချိုးအစားမှာ အလွန်တရာ ပြေပြစ်လှပြီး ကြွက်သားများမှာလည်း အထင်းသား ပေါ်လွင်နေလေသည်။

"ဒါ ဒါ..."

မိုလော့နှင့် အနက်ရောင်ဖီးနစ် ဘိုးဘေးတို့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး မျက်လုံးများပင် ပြုတ်ကျမတတ် အံ့ဩမှင်တက်သွားကြတော့၏။

All Chapters