အခန်း ၄၀၅
Vol. 41 Ch. 405
အခန်း ၄၀၅ အုပ်စိုးသူကို ဖျက်ဆီးခြင်းနှင့် တစ်ပါးပြီးတစ်ပါး သေဆုံးသွားကြခြင်း
မုန်လဲ့ အလွန်အမင်း ဒေါသထွက်နေပြီ ဖြစ်သည်။
သူ ဤလောကသို့ ရောက်ရှိလာခဲ့သည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ဆွေမရှိ မျိုးမရှိ တစ်ကောင်ကြွက် ဖြစ်နေဆဲ ဖြစ်သည်။ သူ၏ ဘေးတွင် ရင်းနှီးသော သူငယ်ချင်းဆို၍ ဤလူအနည်းငယ်သာ ရှိခဲ့သည်။
ယခုမူ ထိုသူငယ်ချင်း အနည်းငယ်ပင် လုံးဝ သုံးစားမရတော့သည့် အခြေအနေသို့ ရောက်သွားခဲ့ပြီ ဖြစ်ရာ သူ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ မည်သို့ ငြိမ်ခံနေနိုင်မည်နည်း။
"ခွေးကောင်တွေ... မင်းတို့ အကုန်လုံး သေဖို့သာ ပြင်ထားကြတော့..."
မုန်လဲ့က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ မျက်ဝန်းများထဲမှ တောက်ပလှသော ငွေရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး အလွန်အေးစက်သော အသံဖြင့် စကားလုံး လေးလုံးကို ရေရွတ်လိုက်၏။
"အာကာသ ချုပ်နှောင်ခြင်း..."
"ဝုန်း..."
သူ၏ အကြည့်များ ကျရောက်ရာ နေရာတစ်ခွင်လုံးရှိ လေဟာနယ်မှာ မျက်စိတစ်မှိတ်အတွင်း ချုပ်နှောင်ခံလိုက်ရသည်။ ပင်မနတ်ဘုရား ခုနစ်ပါးမှာ သူတို့၏ ခန္ဓာကိုယ်များ လုံးဝ လှုပ်ရှား၍မရတော့ဘဲ လက်များ ခြေများမှာလည်း အမိန့်မနာခံတော့ကြောင်း အလွန်အမင်း ထိတ်လန့်စွာ တွေ့ရှိလိုက်ကြရ၏။
"ကျစ်..."
"ဒါ အာကာသ နိယာမတရားပဲ..."
"သူ တကယ်ပဲ အာကာသ နိယာမတရားကို နားလည်ထားတာ ကိုး..."
"မြန်မြန်... အမြန်ဆုံး ပင်မနတ်ဘုရားစွမ်းအားတွေကို ထုတ်သုံးကြ..."
ပင်မနတ်ဘုရား ခုနစ်ပါးမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြပြီး ပင်မနတ်ဘုရား အမြုတေများကို အမြန်ဆုံး အသက်သွင်းကာ ကမ္ဘာမြေ နတ်ဘုရားလောကကြီး၏ စွမ်းအားများကို ထုတ်ယူသုံးစွဲလိုက်ကြသည်။
ကမ္ဘာမြေ နတ်ဘုရားလောက အတွင်းတွင် ကမ္ဘာမြေ နတ်ဘုရားလောကကြီး၏ စွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှရာ ထိုစွမ်းအားများ၏ အကူအညီဖြင့် သူတို့၏ ချုပ်နှောင်ခံထားရသော ခန္ဓာကိုယ်များမှာ တဖြည်းဖြည်း လှုပ်ရှားနိုင်လာတော့၏။
သို့သော် ပင်မနတ်ဘုရား ခုနစ်ပါး သက်ပြင်းချနိုင်ရန်ပင် အချိန်မရလိုက်ချေ။ မုန်လဲ့က ရေခဲ နတ်ဘုရားမျိုးနွယ်စု၏ ပင်မနတ်ဘုရား ချီအာတက် ၏ ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"မင်းက ဖက်တီးကို သတ်ခဲ့တာလား..."
"မင်း... မင်း ဘာလုပ်မလို့လဲ..."
ရေခဲ နတ်ဘုရားမျိုးနွယ်စု၏ ပင်မနတ်ဘုရားမှာ လုံးဝ ဝိညာဉ်လွင့်မတတ် ထိတ်လန့်သွားပြီး လောကကြီး၏ စွမ်းအားများကို အစွမ်းကုန် အသုံးပြုကာ မုန်လဲ့နှင့် ဝေးရာသို့ ထွက်ပြေးရန် ကြိုးစားတော့၏။
သူသည် နိဟော့ခ် ကဲ့သို့ပင် အဆင့်နိမ့် ပင်မနတ်ဘုရား တစ်ပါးသာ ဖြစ်သည်။ အဆင့်နိမ့် ပင်မနတ်ဘုရားများကို ကြက်ကလေး ငှက်ကလေးများအလား သတ်ဖြတ်နိုင်သော မုန်လဲ့ကဲ့သို့ ကြောက်မက်ဖွယ် လူသတ်သမားကြီးကို ရင်ဆိုင်ရချိန်တွင် သူ မည်သို့ မကြောက်ရွံ့ဘဲ နေနိုင်မည်နည်း။
"ဖက်တီးကို သတ်ရဲတယ်ဆိုတော့... မင်းက အကြိမ် တစ်သောင်းလောက် သေရင်တောင် မတန်ဘူး..."
မုန်လဲ့၏ မျက်လုံးများမှာ ရေခဲတမျှ အေးစက်နေ၏။
"မင်း ဖက်တီးအပေါ် လုပ်ခဲ့တဲ့ နာကျင်မှုတွေ အားလုံးကို... မင်း ကိုယ်တိုင် အပြည့်အဝ ပြန်ခံစားစေရမယ်..."
စကားမဆုံးမီမှာပင် မုန်လဲ့၏ လက်တစ်ဖက်က ရေခဲ နတ်ဘုရားမျိုးနွယ်စု၏ ပင်မနတ်ဘုရား၏ နဖူးပေါ်သို့ ညင်သာစွာ ကျရောက်သွားပြီးနောက် အားကုန် နှိုက်ယူလိုက်ရာ သူ၏ ပင်မနတ်ဘုရား အမြုတေကြီးမှာ အပြင်သို့ ထွက်လာတော့၏။
သနားစရာ ရေခဲ နတ်ဘုရားမျိုးနွယ်စု၏ ပင်မနတ်ဘုရားမှာ ရူးသွပ်စွာ ရုန်းကန်နေသော်လည်း အနည်းငယ်မျှပင် မလှုပ်ရှားနိုင်ဘဲ သူ၏ ပင်မနတ်ဘုရား အမြုတေကြီး အနှိုက်ခံရသည်ကို နာကျင်မှုများစွာဖြင့် ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း အခြား ပင်မနတ်ဘုရားများမှာ ကြောက်လန့်လွန်း၍ တစ်ကိုယ်လုံး တုန်ယင်လာကြ၏။
ဘာဒို့စ် ပင်မနတ်ဘုရားက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"လူယုတ်မာ... ပင်မနတ်ဘုရားကို သတ်တာက အရမ်း ကြီးမားတဲ့ အပြစ်ကြီးဆိုတာ မင်း သိလား... မင်းက ပင်မနတ်ဘုရား သုံးပါးကိုတောင် သတ်ခဲ့ပြီးပြီ... အခု ရပ်တန့်လိုက်မယ်ဆိုရင် အချိန်မီသေးတယ်... မဟုတ်ရင်တော့ အုပ်စိုးသူ လေးပါးက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး..."
"ပါးစပ်ပိတ်ထားစမ်း..."
မုန်လဲ့က လှည့်ပင်မကြည့်ဘဲ လေထဲသို့ လက်တစ်ဖက် ဝှေ့ယမ်းကာ ပါးချလိုက်ရာ ဘာဒို့စ် ပင်မနတ်ဘုရား၏ မျက်နှာမှာ ဖြူရော်သွားပြီး ရှောင်တိမ်းရန် ကြိုးစားလိုက်၏။ သို့သော် သူမ၏ ခန္ဓာကိုယ်မှာ ရွှံ့နွံထဲ ကျွံနေသည့်အလား လေးလံလွန်းနေပြီး အနည်းငယ်မျှပင် လှုပ်ရှား၍မရကြောင်း တွေ့ရှိလိုက်ရသည်။
"ငါက အဆင့်မြင့် ပင်မနတ်ဘုရား တစ်ပါးလေ... လောကကြီးရဲ့ စွမ်းအားတွေကို အသုံးပြုတာတောင် သူ့ရဲ့ အာကာသ နိယာမတရားကို မခုခံနိုင်ဘူးလား..."
ဘာဒို့စ် ပင်မနတ်ဘုရားမှာ အလွန်အမင်း အံ့ဩထိတ်လန့်သွားခဲ့ရ၏။
"အပြည့်အဝ နားလည်ထားတဲ့ အာကာသ နိယာမတရားက ဒီလောက်တောင် ကြောက်စရာကောင်းတာလား..."
အပြည့်အဝ နားလည်ထားသော အမြင့်ဆုံး နိယာမတရား တစ်ခုက မည်မျှတောင် အစွမ်းထက်သနည်း။
ဘာဒို့စ် ပင်မနတ်ဘုရား ကိုယ်တိုင်လည်း မသိရှိပါချေ။ အဘယ်ကြောင့်ဆိုသော် သူမသည် အသက် နိယာမတရား၏ ၅၀ ရာခိုင်နှုန်းကိုသာ နားလည်ထားပြီး တောင်တစ်ဝက်တွင်သာ ရောက်ရှိနေသေးရာ တောင်ထိပ်မှ မြင်ကွင်းကို မည်သို့ မြင်တွေ့နိုင်မည်နည်း။
ထို့ကြောင့် ယခုကဲ့သို့ အာကာသ နိယာမတရားဖြင့် ချုပ်နှောင်ခံရချိန်တွင် ဘာဒို့စ် ပင်မနတ်ဘုရားမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားရ၏။ သူမ နားလည်ထားသော အသက် နိယာမတရား ၅၀ ရာခိုင်နှုန်းမှာ ဤမျှလောက် လုံးဝ ကြောက်စရာမကောင်းပါချေ။
"မင်း... မင်း ဘာလုပ်မလို့လဲ..."
"လွှတ်... ငါ့ကို လွှတ်ပေးစမ်း..."
"အုပ်စိုးသူ လေးပါးက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး..."
အခြားတစ်ဖက်တွင် ပင်မနတ်ဘုရား အမြုတေ အနှိုက်ခံလိုက်ရသော ရေခဲ နတ်ဘုရားမျိုးနွယ်စု၏ ပင်မနတ်ဘုရားမှာ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေပြီး သေလုမတတ် အော်ဟစ်နေတော့၏။ သူ လုံးဝ မသေချင်ပါချေ။ ယခင်က ပင်မနတ်ဘုရား သုံးပါးကဲ့သို့သော အဖြစ်ဆိုးမျိုးကို လုံးဝ မကြုံတွေ့ချင်ပေ။
"ဖက်တီး ခံစားခဲ့ရတဲ့ နာကျင်မှုတွေကို... သေချာ ခံစားကြည့်လိုက်စမ်းပါ... သေနာကောင်ရဲ့..."
မုန်လဲ့၏ ဝိညာဉ်စွမ်းအားများက ရေတံခွန်ကြီးတစ်ခုအလား ပေါက်ကွဲထွက်လာပြီး ပင်မနတ်ဘုရား အမြုတေထဲသို့ ဝင်ရောက်သွားကာ ရေခဲ နတ်ဘုရားမျိုးနွယ်စု ပင်မနတ်ဘုရား၏ ဝိညာဉ်ကို ရူးသွပ်စွာ တိုက်ခိုက်တော့၏။
ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံကြီးက လေဟာနယ် တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားပြီး ကြားရသူတိုင်း၏ ကျောရိုးများကိုပင် စိမ့်တက်သွားစေသည်။ ကြီးမြတ်လှသော ပင်မနတ်ဘုရား တစ်ပါးက ဤမျှလောက် သနားစရာကောင်းအောင် အော်ဟစ်နေသည်ဆိုတော့... မည်မျှတောင် နာကျင်နေမည်နည်း။
"အား... အား..."
ရေခဲ နတ်ဘုရားမျိုးနွယ်စု ပင်မနတ်ဘုရား၏ အော်ဟစ်သံမှာ ဆယ်မိနစ်ခန့် ကြာမြင့်ပြီးနောက်မှ တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့၏။
ထိုအချိန်ပမာဏမှာ ဖက်တီး ခံစားခဲ့ရသည်ထက် သုံးလေးဆခန့် ပိုမို ကြာမြင့်လေသည်။ ထို့နောက်မှ မုန်လဲ့က သူ၏ ဝိညာဉ်ကို လုံးဝ ဖျက်ဆီးပစ်လိုက်ပြီး ရေခဲ နတ်ဘုရားမျိုးနွယ်စု၏ ပင်မနတ်ဘုရားကို အပြီးတိုင် သတ်ပစ်လိုက်တော့သည်။
"မင်းက... ပူဟာမန် ကို ဝိညာဉ်ဖတ်ရှုခဲ့တာလား..."
မုန်လဲ့က မီးဖီးနစ် နတ်ဘုရားမျိုးနွယ်စု၏ ပင်မနတ်ဘုရား ဝါလ်ဒီ ၏ ရှေ့တွင် ထွက်ပေါ်လာပြီး အေးစက်စွာ မေးလိုက်၏။
"မသတ်... ငါ့ကို မသတ်ပါနဲ့..."
မီးဖီးနစ် နတ်ဘုရားမျိုးနွယ်စု၏ ပင်မနတ်ဘုရားမှာ မျက်နှာတစ်ခုလုံး ဖြူရော်နေပြီး အသနားခံနေတော့သည်။
"ငါ့ရဲ့ အပြစ်တွေကို ဆေးကြောဖို့ ဘာမဆို လုပ်ပါ့မယ်... ကျေးဇူးပြုပြီး ငါ့ကို အသက်ရှင်ခွင့် ပေးပါနော်..."
"အခုမှ အသနားခံနေတာလား... နောက်ကျသွားပြီ..."
မုန်လဲ့က အရင်နည်းလမ်းအတိုင်းပင် မီးဖီးနစ် နတ်ဘုရားမျိုးနွယ်စု၏ ပင်မနတ်ဘုရား အမြုတေကို နှိုက်ယူလိုက်ပြီး သူ၏ ဝိညာဉ်ကို တိုက်ခိုက်ကာ ရိုင်းစိုင်းစွာ ဝိညာဉ်ဖတ်ရှုတော့၏။
နောက်ထပ် ဆယ်မိနစ်ကျော်ခန့် သနားစရာကောင်းသော အော်ဟစ်သံများ ထွက်ပေါ်လာပြန်သည်။
"မိစ္ဆာ... သူက တကယ့် မိစ္ဆာကြီးပဲ..."
"ပင်မနတ်ဘုရားတွေကို ဒီလို ရက်ရက်စက်စက် သတ်ဖြတ်နေတာ... သူ အုပ်စိုးသူ လေးပါးရဲ့ စီရင်ချက်နဲ့ အပြစ်ပေးတာကို မကြောက်ဘူးလား..."
"အရှင် ဘာဒို့စ်... အုပ်စိုးသူ လေးပါးကို မြန်မြန် အကြောင်းကြားပြီး လာကယ်ခိုင်းပါတော့... မဟုတ်ရင် ဒီမိစ္ဆာကြီးက ငါတို့ အကုန်လုံးကို သတ်ပစ်လိမ့်မယ်..."
ဘာဒို့စ် ပင်မနတ်ဘုရားလည်း အလွန်အမင်း ထိတ်လန့်နေခဲ့၏။ အစပိုင်းက သူမသည် မုန်လဲ့ကို လုံးဝ မကြောက်ရွံ့ခဲ့သော်လည်း အပြည့်အဝ နားလည်ထားသော အာကာသ နိယာမတရား၏ ကြောက်မက်ဖွယ် စွမ်းအားကို ကိုယ်တိုင် ခံစားလိုက်ရပြီးနောက်တွင် သူမသည် မုန်လဲ့၏ ပြိုင်ဘက် လုံးဝ မဟုတ်ကြောင်းကို သိရှိသွားခဲ့လေပြီ။
အကယ်၍ မုန်လဲ့သာ ဆက်လက် သတ်ဖြတ်နေမည်ဆိုလျှင် သူမကဲ့သို့ အဆင့်မြင့် ပင်မနတ်ဘုရား တစ်ပါးလည်း သေချာပေါက် အသတ်ခံရမည်မှာ အမှန်ပင် ဖြစ်သည်။
"ဟုတ်တယ်... အုပ်စိုးသူ လေးပါးကို မြန်မြန် ခေါ်မှ ရမယ်... သူတို့ပဲ ငါတို့ကို ကယ်တင်နိုင်မှာ..."
ဘာဒို့စ် ပင်မနတ်ဘုရားက ရွှေရောင် သစ်ရွက်လေးကို အမြန် ထုတ်ယူကာ ပင်မနတ်ဘုရားစွမ်းအားများကို ထည့်သွင်းပြီး ကြီးမြတ်လှသော အသက် အုပ်စိုးသူကို အော်ဟစ်ခေါ်လိုက်လေသည်။
"ဝုန်း..."
ကြီးမားခမ်းနားလှသော ပုံရိပ်ကြီး ထပ်မံ ထွက်ပေါ်လာပြန်၏။ ၎င်းမှာ အသက် အုပ်စိုးသူပင် ဖြစ်သည်။
"ကြီးမြတ်လှတဲ့ အသက် အုပ်စိုးသူ... ကျွန်မတို့ကို မြန်မြန် လာကယ်ပါဦး... ဒီကြောက်စရာကောင်းတဲ့ မိစ္ဆာကြီးက ကျွန်မတို့ကို သတ်နေပါတယ်..."
ဘာဒို့စ် ပင်မနတ်ဘုရားက အသံကုန်ဟစ်ကာ အော်ဟစ်လိုက်၏။
"ဟင်..."
အသက် အုပ်စိုးသူက မျက်မှောင်ကြုတ်သွားပြီး ညင်သာသောအကြည့်ဖြင့် မုန်လဲ့ကို လှမ်းကြည့်လိုက်လေသည်။ မုန်လဲ့က ဝိညာဉ်ဖတ်ရှုနေသည်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာမှာ အေးစက်သွားပြီး ပြောလိုက်၏။
"ပင်မနတ်ဘုရားတွေကို ဒီလောက်တောင် ရက်ရက်စက်စက် သတ်ဖြတ်ရဲတယ်ပေါ့... အခုချက်ချင်း ရပ်လိုက်စမ်း..."
"မင်းက ဘာကောင်မို့လို့လဲ..."
မုန်လဲ့က အသက် အုပ်စိုးသူကို မျက်စောင်းထိုးကာ ကြည့်လိုက်သည်။
"ရိုင်းစိုင်းလိုက်တာ..."
ဘာဒို့စ် ပင်မနတ်ဘုရားက အော်ဟစ်လိုက်၏။
"ဒီအရှင်က ကြီးမြတ်လှတဲ့ အသက် အုပ်စိုးသူပဲ... မင်းက သူမကိုတောင် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံရဲတယ်ပေါ့လေ..."
"အသက် အုပ်စိုးသူ ဟုတ်လား..."
မုန်လဲ့က လှောင်ပြောင်လိုက်သည်။
"အသက် အုပ်စိုးသူ ကိုယ်တိုင် လာမယ်ဆိုရင်တော့ မင်းကို နည်းနည်းပါးပါး မျက်နှာသာ ပေးကောင်း ပေးနိုင်လိမ့်မယ်... အခုက ဝိညာဉ်ပုံရိပ်လေး တစ်ခုတည်းနဲ့... ထွက်သွားစမ်း..."
စကားဆုံးသည်နှင့် တစ်ပြိုင်နက် မုန်လဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းကြီးတစ်ခု ပေါက်ကွဲထွက်လာပြီး အသက် အုပ်စိုးသူ၏ ဝိညာဉ်ပုံရိပ်မှာ ချက်ချင်းပင် အမှုန့်ဖြစ်သွားကာ လေထဲသို့ လွင့်စင်သွားတော့၏။
"ဒါ..."
ဘာဒို့စ် ပင်မနတ်ဘုရားမှာ ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့ရသည်။ မုန်လဲ့ ဤမျှလောက် သတ္တိကောင်းမည်ဟု သူမ လုံးဝ ထင်မထားခဲ့ချေ။
အသက် အုပ်စိုးသူ၏ ဝိညာဉ်ပုံရိပ်ကိုတောင် ဖျက်ဆီးပစ်ရဲသည် ဆိုတော့... ဤသည်မှာ သတ္တိကောင်းရုံမျှသာ မဟုတ်တော့ဘဲ လုံးဝ ရူးသွပ်နေခြင်းပင် ဖြစ်သည်။
အဲဒါက ကြီးမြတ်ပြီး အမြင့်မြတ်ဆုံး ဖြစ်တဲ့ အသက် အုပ်စိုးသူ လေ...
"အုပ်စိုးသူ လေးပါးလုံးကို ခေါ်လိုက်ပါ..."
မုန်လဲ့က ဘာဒို့စ် ပင်မနတ်ဘုရားကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်၏။
"သူတို့ အကုန်လုံး ရောက်လာတာ အကောင်းဆုံးပဲ... ငါ တစ်ယောက်ချင်းစီ လိုက်ရှာနေစရာ မလိုတော့ဘူး..."
စကားအဆုံးတွင် မုန်လဲ့က သူ၏ ဝိညာဉ်ဖတ်ရှုခြင်းကို ဖြည်းညင်းစွာ ဆက်လက် လုပ်ဆောင်နေပြီး ရောက်လာတော့မည့် အုပ်စိုးသူ လေးပါးနှင့် အခြား ပင်မနတ်ဘုရားများကို လုံးဝ ဂရုမစိုက်ချေ။
ဤမြင်ကွင်းက ဘာဒို့စ် ပင်မနတ်ဘုရားကို အလွန်အမင်း ဒေါသထွက်သွားစေသော်လည်း သူမ ဘာမှမတတ်နိုင်ပေ။ မုန်လဲ့က အလွန်တရာ အစွမ်းထက်လွန်းလှပြီး သူမကို လုံးဝ မျှော်လင့်ချက်မဲ့သွားစေ၏။
"မင်းက... ဆာနီရယ် ကို ဝိညာဉ်ဖတ်ရှုခဲ့တာလား..."
"မင်းက... ဆာလက်စ် ကို ဝိညာဉ်ဖတ်ရှုခဲ့တာလား..."
"မင်းက... ဘာဘရူးစ် ကို ဝိညာဉ်ဖတ်ရှုခဲ့တာလား..."
မီးဖီးနစ် နတ်ဘုရားမျိုးနွယ်စု၏ ပင်မနတ်ဘုရား ပြီးနောက်... ဧရာမ ဆင် နတ်ဘုရားမျိုးနွယ်စု ပင်မနတ်ဘုရား၊ သဘာဝ နတ်ဘုရားမျိုးနွယ်စု ပင်မနတ်ဘုရား၊ ဘီဟီမော့သ် နတ်ဘုရားမျိုးနွယ်စု ပင်မနတ်ဘုရား၊ သန့်ရှင်းသော ပိုးတောင်မာ နတ်ဘုရားမျိုးနွယ်စု ပင်မနတ်ဘုရားတို့လည်း တစ်ယောက်ပြီး တစ်ယောက် ဝိညာဉ်ဖတ်ရှုခံရပြီး သေဆုံးသွားကြလေသည်။
အဆင့်နိမ့် ပင်မနတ်ဘုရား ဖြစ်စေ၊ အလယ်အလတ်အဆင့် ပင်မနတ်ဘုရား ဖြစ်စေ အားလုံးမှာ မုန်လဲ့၏ လက်အောက်တွင် အသက်ပေးလိုက်ကြရ၏။ နောက်ဆုံးတွင်တော့ ဘာဒို့စ် ပင်မနတ်ဘုရား တစ်ပါးတည်းသာ ကျန်ရှိတော့သည်။
"အခု မင်း အလှည့်ပဲ..."
မုန်လဲ့က ဘာဒို့စ် ပင်မနတ်ဘုရား၏ ရှေ့သို့ ရောက်လာခဲ့၏။
"ငါ့ကို သတ်လိုက်ပါ... ဒါပေမဲ့ အုပ်စိုးသူ လေးပါးက ငါ့အတွက် သေချာပေါက် ကလဲ့စားချေပေးလိမ့်မယ်..."
ဘာဒို့စ် ပင်မနတ်ဘုရားသည် ပင်မနတ်ဘုရား ၆ ပါး အသတ်ခံရသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီးနောက်... ထိတ်လန့်ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ ကြောက်ရွံ့ခြင်း၊ မကျေနပ်ခြင်း အားလုံးကို ခံစားခဲ့ရပြီး ယခုအခါတွင်မူ အားလုံးကို လက်လွှတ်လိုက်ပြီ ဖြစ်ပုံရ၏။
"ငါက အုပ်စိုးသူ လေးပါးကို ကြောက်မယ်လို့ မင်း ထင်နေတာလား…”