အခန်း ၄၀၆
Vol. 41 Ch. 406
အခန်း ၄၀၆ အာကာသ အုပ်စိုးသူ
"မင်းက ငါ အုပ်စိုးသူ လေးပါးကို ကြောက်မယ်လို့ ထင်နေတာလား..."
မုန်လဲ့က ဘာဒို့စ် ပင်မနတ်ဘုရားကို ငတုံးတစ်ယောက်လို ကြည့်လိုက်သည်။
"ဒီအဆင့်ထိ ရောက်လာနိုင်တဲ့သူတွေထဲမှာ ဘယ်သူမှ ငတုံး မရှိဘူးလေ... ဒါပေမဲ့ မင်းတို့ ပင်မနတ်ဘုရားတွေကတော့ ချွင်းချက်ပေါ့... မင်းတို့က ပင်မနတ်ဘုရား အမြုတေကို ကံကောင်းထောက်မစွာ ပေါင်းစပ်နိုင်ခဲ့တဲ့ ကံကောင်းသူတွေပဲကိုး..."
ဘာဒို့စ် ပင်မနတ်ဘုရား၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။
"မင်းက အုပ်စိုးသူတွေကိုတောင် ယှဉ်နိုင်တယ်ပေါ့..."
မုန်လဲ့က ညင်သာစွာ ပြုံးလိုက်ပြီး လက်ချောင်းနှစ်ချောင်းဖြင့် ညင်သာစွာ နှိုက်ယူလိုက်ရာ ဘာဒို့စ် ပင်မနတ်ဘုရား၏ ပင်မနတ်ဘုရား အမြုတေမှာ အပြင်သို့ ထွက်လာခဲ့လေပြီ။ အရောင်တလက်လက် တောက်ပနေသော ပုံစံမကျသည့် ထိုသလင်းကျောက်တုံးလေးကို ကြည့်ရင်း မုန်လဲ့ ကျေနပ်စွာ ပြုံးလိုက်မိသည်။
"ကမ္ဘာမြေ နတ်ဘုရားလောကရဲ့ ပင်မနတ်ဘုရား အမြုတေ ၁၁ ခုလုံး ငါ့လက်ထဲ ရောက်နေပြီပဲ... မိုလော့... မင်း ဘယ်လိုထင်လဲ... အခု ငါ ဒီ ပင်မနတ်ဘုရား အမြုတေ ၁၁ ခုလုံးကို ပေါင်းစပ်လိုက်ရင်... ချက်ချင်း အမြင့်ဆုံး နတ်ဘုရား တစ်ပါး ဖြစ်သွားနိုင်မလား..."
"သီအိုရီအရတော့ လုံးဝ ဖြစ်နိုင်ပါတယ်..."
မိုလော့က ယုံကြည်မှုအပြည့်ဖြင့် ဖြေကြားလိုက်သည်။
"ဒါပေမဲ့ မင်းက အခုထိ နတ်ဘုရား တစ်ပါး မဖြစ်သေးဘူးလေ... ဒါကြောင့် ပင်မနတ်ဘုရား အမြုတေတွေကို ပေါင်းစပ်လို့ မရသေးဘူး... အရင်ဆုံး နတ်ဘုရား တစ်ပါး ဖြစ်လာအောင် အရင် လုပ်ရလိမ့်မယ်..."
"နတ်ဘုရား တစ်ပါး ဖြစ်ဖို့ကတော့ အချိန်မရွေး လုပ်လို့ ရပါတယ်..."
မုန်လဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
"ငါ သိချင်တာက... ပင်မနတ်ဘုရား အမြုတေတွေကို ပေါင်းစပ်ပြီးသွားရင်... ငါ လောကဖန်တီးခြင်း နိယာမတရားကို နားလည်ဖို့ အခက်အခဲ ရှိသွားမလား ဆိုတာပဲ..."
"သေချာပေါက် သက်ရောက်မှု ရှိတာပေါ့... ဒါပေမဲ့ ကောင်းတဲ့ သက်ရောက်မှုပါ..."
မိုလော့က မဆိုင်းမတွပင် ဖြေကြားလိုက်သည်။
"မင်း နတ်ဘုရား တစ်ပါး ဖြစ်သွားတာနဲ့ မင်းရဲ့ ဝိညာဉ်က အတိုင်းအဆမရှိ အစွမ်းထက်လာလိမ့်မယ်... ဝိညာဉ် အစွမ်းထက်လာရင် လောကဖန်တီးခြင်း နိယာမတရားကို နားလည်ဖို့ ပိုပြီး လွယ်ကူသွားမှာ သေချာတယ်... ဒီအချက်ကတော့ လုံးဝ သံသယဖြစ်စရာ မလိုပါဘူး..."
"ဒါဆိုရင်လည်း နတ်ဘုရား တစ်ပါး ဖြစ်အောင် လုပ်ရတာပေါ့..."
မုန်လဲ့က ပြုံးလိုက်သော်လည်း ရုတ်တရက် မျက်လုံးများ အရောင်လဲ့သွားပြီး နှုတ်ခမ်းထောင့်တွင် ညင်သာသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဒါပေမဲ့ အခုတော့ အချိန်မရတော့ဘူး ထင်တယ်..."
"ဟင်..."
မိုလော့က မျက်ခုံးပင့်လိုက်သည်။
"ကြီးမြတ်လှတဲ့ အုပ်စိုးသူကြီး... ရောက်လာပြီလေ..."
မုန်လဲ့၏ စကားသံ မဆုံးမီမှာပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြီး တစ်ခုက အဝေးမှ လွင့်ပျံလာပြီး လေဟာနယ်မှာ အနည်းငယ် တုန်ခါသွားကာ လူတစ်ယောက်က ပေတစ်ရာခန့် အကွာတွင် ရပ်တန့်သွားခဲ့၏။
ထိုသူမှာ တောက်ပလှသော ငွေရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဝတ်ရုံပေါ်တွင် အထွတ်အထိပ် နိယာမတရား သင်္ကေတများကို ရေးထိုးထားသည်။ တောက်ပသော ငွေရောင် မျက်ဝန်းများက အေးစက်တည်ငြိမ်နေပြီး ခံစားချက် ကင်းမဲ့နေပုံရသည်။ သူ၏ အကြည့်များက ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေသော ပင်မနတ်ဘုရားများ၏ အလောင်းများကို တွေ့လိုက်ရချိန်တွင်တော့ မျက်မှောင်ကြုတ်သွားခဲ့၏။
ငါ ဒီလောက် အမြန်လာခဲ့တာတောင်... နောက်ကျသွားပြီလား...
ထို့နောက် သူ၏ အကြည့်များက မုန်လဲ့၏ လက်ထဲသို့ ရောက်ရှိသွားသည်။ ၎င်းမှာ ဘာဒို့စ် ပင်မနတ်ဘုရား၏ ပင်မနတ်ဘုရား အမြုတေပင် ဖြစ်လေသည်။
"ကြီးမြတ်လှတဲ့ အာကာသ အုပ်စိုးသူ... ကျွန်မကို ကယ်ပါဦး... ကယ်ပါဦး..."
ပင်မနတ်ဘုရား အမြုတေထဲမှ ဘာဒို့စ် ပင်မနတ်ဘုရား၏ ထိတ်လန့်တကြား အော်ဟစ်အကူအညီတောင်းသံ ထွက်ပေါ်လာခဲ့သည်။
"ဘာဒို့စ် ပင်မနတ်ဘုရား..."
အာကာသ အုပ်စိုးသူ၏ မျက်နှာမှာ လုံးဝ မည်းမှောင်သွားခဲ့၏။ ဘာဒို့စ် ပင်မနတ်ဘုရားတောင် အသတ်ခံလိုက်ရပြီ ဆိုတော့... ကမ္ဘာမြေ နတ်ဘုရားလောကထဲက တခြား ပင်မနတ်ဘုရားတွေကော ဘယ်ရောက်ကုန်ပြီလဲ။ တခြား ပင်မနတ်ဘုရားတွေရဲ့ အမြုတေတွေကော။
ဒုက္ခပါပဲ။
အာကာသ အုပ်စိုးသူ၏ ရင်ထဲတွင် လေးလံသွားခဲ့၏။ နတ်ဘုရားလောက တစ်ခုလုံးရှိ ပင်မနတ်ဘုရား အမြုတေများ အားလုံး လူတစ်ယောက်တည်း၏ လက်ထဲသို့ ရောက်သွားပါက မည်သို့ ဖြစ်လာမည်ကို သူ ကောင်းစွာ သိရှိထားသည်။ ၎င်းမှာ သူ လုံးဝ မဖြစ်စေချင်သော၊ လုံးဝ မမြင်တွေ့ချင်သော အရာပင် ဖြစ်လေသည်။
ပင်မနတ်ဘုရားများ သဘောတူစာချုပ် ဆိုသည်မှာ အဘယ်ကြောင့် ရှိနေရသနည်း။
အပေါ်ယံတွင်တော့ ပင်မနတ်ဘုရားများ အချင်းချင်း သတ်ဖြတ်ခြင်းကို တားဆီးရန် ဖြစ်သော်လည်း အဓိက ရည်ရွယ်ချက်မှာ အစွမ်းအထက်ဆုံး ပင်မနတ်ဘုရား တစ်ပါး ပေါ်ထွက်လာမည်ကို တားဆီးရန်ပင် ဖြစ်သည်။
အကယ်၍ အစွမ်းအထက်ဆုံး ပင်မနတ်ဘုရား တစ်ပါး သို့မဟုတ် ဒဏ္ဍာရီထဲမှ အမြင့်ဆုံး နတ်ဘုရား တစ်ပါး ပေါ်ထွက်လာပါက အုပ်စိုးသူ လေးပါး၏ နေရာကို သေချာပေါက် ခြိမ်းခြောက်လာမည် ဖြစ်သည်။
ဤသည်မှာ အုပ်စိုးသူ လေးပါး လုံးဝ မမြင်တွေ့ချင်သော အရာဖြစ်သဖြင့် ပင်မနတ်ဘုရားများ သဘောတူစာချုပ် ကို ဖန်တီးခဲ့ကြခြင်း ဖြစ်၏။
သို့သော် ယခုအခါတွင်တော့ အုပ်စိုးသူ လေးပါး အစိုးရိမ်ဆုံး ကိစ္စရပ်ကြီးမှာ တကယ်ပင် ဖြစ်ပေါ်လာခဲ့လေပြီ။
"သူ ပင်မနတ်ဘုရား အမြုတေတွေ အကုန်လုံးကို မပေါင်းစပ်ခင် သူ့ကို သေချာပေါက် သတ်ပစ်ရမယ်... မဟုတ်ရင် ကမ္ဘာမြေ နတ်ဘုရားလောက ရဲ့ ပင်မနတ်ဘုရား အမြုတေတွေ အကုန်လုံးကို သူ ပေါင်းစပ်ပြီးသွားတဲ့ အချိန်ကျရင်... အကျိုးဆက်က လုံးဝ စိတ်ကူးကြည့်လို့တောင် ရမှာ မဟုတ်ဘူး..."
အာကာသ အုပ်စိုးသူ၏ အကြည့်များက ဓားတစ်လက်အလား ထက်မြက်နေပြီး မုန်လဲ့ကို အေးစက်စွာ စိုက်ကြည့်ကာ မေးလိုက်သည်။
"မင်း အပြစ် မင်း သိလား..."
"အပြစ် ဟုတ်လား..."
မုန်လဲ့က ရယ်မောလိုက်သည်။
"ငါ ဘာအပြစ် လုပ်ခဲ့လဲ ဆိုတာကို တကယ် သိချင်နေတာ... ပင်မနတ်ဘုရားတွေကို သတ်တာက အပြစ်တစ်ခုလို့ သတ်မှတ်မယ် ဆိုရင်တော့... အဲဒီအပြစ်ကို ငါ အဆုံးထိ ခံယူဖို့ အသင့်ပါပဲ..."
"ရိုင်းစိုင်းလိုက်တာ..."
အာကာသ အုပ်စိုးသူမှာ လုံးဝ ဒေါသပေါက်ကွဲသွားတော့၏။
"ပြီးပြည့်စုံသောအဆင့် တစ်ယောက် ဖြစ်နေပြီး ပင်မနတ်ဘုရားတွေကို ဒီလို ရက်ရက်စက်စက် သတ်ဖြတ်နေတာ... လုံးဝ ခွင့်လွှတ်လို့ မရတဲ့ အပြစ်ကြီးပဲ... အခုချက်ချင်း အညံ့ခံလိုက်စမ်း... မဟုတ်ရင်..."
မုန်လဲ့က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"ကြီးမြတ်လှတဲ့ အာကာသ အုပ်စိုးသူကြီး... အပိုစကားတွေ ပြောမနေပါနဲ့တော့... လက်တွေ့ လုပ်ပြစမ်းပါ... အုပ်စိုးသူ လေးပါးထဲက တစ်ပါးအနေနဲ့ တခြား နတ်ဘုရားတွေအပေါ် လွှမ်းမိုးထားနိုင်တဲ့ မင်းရဲ့ အစွမ်းအစတွေကို ငါလည်း မြင်ဖူးချင်နေပြီ..."
"ဒီလောက်တောင် ခေါင်းမာနေမှတော့... သေလိုက်တော့..."
အာကာသ အုပ်စိုးသူ၏ အကြည့်များက အေးစက်သွားပြီး စကားလုံး လေးလုံးကို အေးစက်စွာ ရေရွတ်လိုက်၏။
"အာကာသ ချုပ်နှောင်ခြင်း..."
"ဝုန်း..."
အာကာသ နိယာမတရားက မျက်စိတစ်မှိတ်အတွင်း ကျဆင်းလာပြီး မုန်လဲ့၏ အပေါ်သို့ ကျရောက်သွားကာ သူ၏ ပတ်ဝန်းကျင်ရှိ လေဟာနယ် တစ်ခုလုံးကို ချုပ်နှောင်လိုက်လေသည်။ မုန်လဲ့ကိုယ်တိုင်လည်း နေရာတွင်ပင် ချုပ်နှောင်ခံလိုက်ရသည့်အလား ဖြစ်သွား၏။
"အာကာသ ဓားမြှောင်..."
အာကာသ အုပ်စိုးသူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လေဟာနယ်ထဲမှ တောက်ပလှသော ငွေရောင် အလင်းတန်းများ ဖြာထွက်နေသည့် ဓားမြှောင်တစ်လက် ထွက်ပေါ်လာပြီး မုန်လဲ့၏ ခေါင်းကို ဖြတ်ရန် အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာတော့သည်။
"အာကာသ နိယာမတရားနဲ့ ငါ့ကို တိုက်ခိုက်တာလား..."
မုန်လဲ့က ရယ်မောလုနီးပါး ဖြစ်သွားပြီး မျက်လုံးတစ်ချက် ပြူးကြည့်လိုက်ရာ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာသော အာကာသ ဓားမြှောင်မှာ လုံးဝ ပျောက်ကွယ်သွားပြီး အစကတည်းက မရှိခဲ့သည့်အလား ဖြစ်သွားတော့၏။
ထို့နောက် မုန်လဲ့က ပခုံးများကို ညင်သာစွာ တွန့်လိုက်ရာ ချုပ်နှောင်ထားသော လေဟာနယ်များလည်း လုံးဝ ပျက်စီးသွားခဲ့သည်။
အာကာသ အုပ်စိုးသူမှာ မျက်မှောင်ကြုတ်သွား၏။
"မင်းရဲ့ အာကာသ နိယာမတရား နားလည်မှုက ဒီလောက်တောင် နက်ရှိုင်းနေတာလား..."
မုန်လဲ့သည် အချိန်ကာလ နိယာမတရား နှင့် အာကာသ နိယာမတရား ကို နားလည်ထားကြောင်းကို အသက် အုပ်စိုးသူ၏ ပြောစကားအရသာ သူ သိထားခြင်း ဖြစ်ပြီး မည်မျှလောက်အထိ နားလည်ထားသည်ကိုတော့ လုံးဝ မသိရှိပါချေ။
သို့သော် ယခု ခဏတာ တိုက်ခိုက်မှုအတွင်း မုန်လဲ့သည် အာကာသ နိယာမတရားကို အလွန် နက်ရှိုင်းစွာ နားလည်ထားကြောင်း အာကာသ အုပ်စိုးသူ သိရှိသွားခဲ့လေပြီ။ အနည်းဆုံး ၅၀ ရာခိုင်နှုန်း အထက်တွင် ရှိမည်မှာ သေချာလှပေသည်။
မုန်လဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်း နားလည်ထားတာတွေ အကုန်လုံးကို ငါ နားလည်ပြီးသားပဲ... မင်း နားမလည်သေးတာတွေကိုတောင် ငါ နားလည်နေပြီ... ဒါကြောင့် ငါ့ရှေ့မှာ လာပြီး ဆရာကြီး မလုပ်စမ်းပါနဲ့..."
"ဆရာကြီး လုပ်တယ် ဟုတ်လား..."
အာကာသ အုပ်စိုးသူ၏ မျက်နှာမှာ လုံးဝ မည်းမှောင်သွားပြီး ငွေရောင် အလင်းတန်း တစ်ချက် လက်သွားကာ မုန်လဲ့၏ ရှေ့သို့ ရောက်ရှိလာခဲ့၏။ သူ၏ ညာလက်က အာကာသ ဓားမြှောင် အဖြစ်သို့ ပြောင်းလဲသွားပြီး မုန်လဲ့၏ လည်ပင်းကို အားကုန် ခုတ်ပိုင်းလိုက်လေသည်။
"လာရဲသေးတယ်ပေါ့..."
မုန်လဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"အာကာသ ပျက်သုဉ်းခြင်း..."
"ဘုန်း..."
စကားအဆုံးတွင် မုန်လဲ့၏ ရှေ့ရှိ လေဟာနယ်မှာ ရုတ်တရက် အနက်ရောင် တွင်းပေါက်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လေထု၊ မှော်စွမ်းအင်၊ အခြေခံ နိယာမတရားများနှင့် လေဟာနယ် ကိုယ်တိုင်ပင် လုံးဝ အမှုန့်ကြိတ်ခံလိုက်ရကာ အနက်ရောင် တွင်းပေါက်ကြီး တစ်ခု ဖြစ်သွားတော့၏။
အာကာသ အုပ်စိုးသူမှာ မတော်တဆ အနက်ရောင် တွင်းပေါက်ကြီးထဲသို့ ခေါင်းထိုးဝင်သွားမိရာ ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံကြီး ထွက်ပေါ်လာလေသည်။
ထို့နောက် သူသည် အလျင်အမြန်ပင် နောက်သို့ ဆုတ်ခွာလိုက်ပြီး ကီလိုမီတာ အနည်းငယ် အကွာသို့ ရောက်မှသာ ရပ်တန့်လိုက်တော့၏။
အာကာသ အုပ်စိုးသူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဝတ်ရုံရှည်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး မျက်ခုံးမွှေးများနှင့် ဆံပင်များလည်း အတော်လေး ပျက်စီးသွားခဲ့သည်ကို တွေ့လိုက်ရသည်။
အကယ်၍သာ သူသည် အာကာသ အုပ်စိုးသူ တစ်ပါး မဟုတ်ဘဲ နတ်ဘုရားခန္ဓာကိုယ် အလွန်တရာ သန်မာကြံ့ခိုင်ခြင်း မရှိပါက ယခု တိုက်ခိုက်မှုတွင် သေချာပေါက် အသက်ဆုံးရှုံးသွားမည် ဖြစ်၏။
"ရိုင်းစိုင်းလိုက်တာ..."
အာကာသ အုပ်စိုးသူ၏ မျက်လုံးများထဲမှ မီးတောက်များ ထွက်ပေါ်နေပြီး ခန္ဓာကိုယ်ပေါ်တွင် ဝတ်ရုံရှည် တစ်ထည် အမြန် ဖန်တီးကာ အုပ်ခြုံလိုက်သည်။ မုန်လဲ့ကို ကြည့်နေသော သူ၏ မျက်ဝန်းများထဲတွင် အဆုံးအစမရှိသော သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေ၏။
"နှစ်ပေါင်းများစွာ ကြာခဲ့ပြီ... မင်းက ငါ့ကို ဒီလောက် အရှက်ခွဲနိုင်တဲ့ ပထမဆုံး လူပဲ... မင်းကို အရိုးတောင် ရှာမရအောင် သတ်ပစ်မယ်..."
"ဝုန်း..."
အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြီး တစ်ခုက အာကာသ အုပ်စိုးသူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်များမှာ ကြွေပန်းကန်လုံးများအလား အက်ကွဲသွားတော့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် အာကာသ အုပ်စိုးသူကို ဗဟိုပြုကာ ကီလိုမီတာ သန်းပေါင်းများစွာ ကျယ်ဝန်းသော လေဟာနယ် တစ်ခုလုံး အနက်ရောင် တွင်းပေါက်ကြီး အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
အာကာသ အုပ်စိုးသူသည် အနက်ရောင် တွင်းပေါက်ကြီး၏ အလယ်ဗဟိုတွင် ရပ်နေပြီး သူ၏ တစ်ကိုယ်လုံးမှ တောက်ပလှသော ငွေရောင် အလင်းတန်းများ ဖြာထွက်နေကာ သူကိုယ်တိုင် ငွေရောင် အလင်းတန်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွားတော့၏။ ဤသည်မှာ အာကာသ နိယာမတရား၏ ရုပ်လုံးပေါ်လာခြင်းပင် ဖြစ်လေသည်။
"အောက်တန်းကျတဲ့ ကောင်... အခုမှ အုပ်စိုးသူ တစ်ပါးကို ရန်စမိတာ ဘယ်လောက်တောင် မိုက်မဲသလဲ ဆိုတာ မင်း သိသွားစေရမယ်..."
အာကာသ အုပ်စိုးသူက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ညာလက်ဖြင့် လေဟာနယ်ထဲသို့ လှမ်းဆွဲလိုက်ရာ အာကာသ နိယာမတရားများဖြင့် ဖွဲ့စည်းထားသော တောက်ပလှသည့် ငွေရောင် ဓားကြီးတစ်လက် ရုတ်တရက် ထွက်ပေါ်လာလေသည်။ ဓားကြီး၏ မျက်နှာပြင်တွင် ရှုပ်ထွေးနက်နဲလှသော အာကာသ နိယာမတရား သင်္ကေတများကို ရေးထိုးထား၏။
"အာကာသ ဓား... ခုတ်စမ်း..."
အာကာသ အုပ်စိုးသူက တိုးတိတ်စွာ ရေရွတ်လိုက်ရာ တောက်ပလှသော ငွေရောင် ဓားကြီးမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး နောက်တစ်စက္ကန့်တွင် မုန်လဲ့၏ ခေါင်းပေါ် သုံးလက်မ အကွာသို့ ရောက်ရှိလာတော့သည်။
ဓားကြီးက... နေရာရွှေ့ပြောင်းပြီး ရောက်လာခြင်းပင် ဖြစ်၏။
"ဒီလို တိုက်ခိုက်မှုမျိုးက ငါ့အတွက် အလကားပါပဲလို့ ငါ ပြောခဲ့တယ်လေ..."
မုန်လဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။
(TN/ အမြင့်ဆုံးနိယာမတရားကို အခုကစပြီး အထွတ်အထိပ် နိယာမတရားလို့သုံးသွားပါမယ်။)