← Chapters

အခန်း ၄၀၉

Vol. 41 Ch. 409

အခန်း ၄၀၉

Vol. 41 Ch. 409

အခန်း ၄၀၉ ထာဝရဝိညာဉ်နှင့် ရွှေရောင်သစ်ပင်ကြီး

အဆင့်မြင့် ပင်မနတ်ဘုရားနှင့် အဆင့်နိမ့် ပင်မနတ်ဘုရား အဆင့်ရှိ ဝိညာဉ်များမှာ လုံးဝကို ကွဲပြားခြားနားသော အလွှာနှစ်ခု ဖြစ်ကြသည်။ အကယ်၍ မုန်လဲ့သည် ယခင်က အာကာသအုပ်စိုးသူ၏ ဝိညာဉ်ကို ဖျက်ဆီးပစ်ရန် ယုံကြည်မှု မရှိခဲ့လျှင်တောင် ယခုအချိန်တွင်တော့ ထိုဝိညာဉ်ကို အဆုံးသတ်ပစ်ရန် ရာနှုန်းပြည့် သေချာနေပြီ ဖြစ်သည်။

အကြောင်းရင်းမှာ အုပ်စိုးသူနှင့် အဆင့်မြင့် ပင်မနတ်ဘုရားကြားရှိ ကွာဟချက်မှာ အထွတ်အထိပ် နိယာမတရား တစ်ဝက်မျှသာ ရှိသော်လည်း မုန်လဲ့ကမူ အထွတ်အထိပ် နိယာမတရား နှစ်ခုကိုပင် အပြည့်အဝ နားလည်ထားသောကြောင့် ဖြစ်သည်။

"သေမင်းမျက်လုံး... သတ်..."

မုန်လဲ့က မျက်ခုံးနှစ်ခုကြားရှိ သေမင်းမျက်လုံးကို ဖွင့်လိုက်သည်။ အရောင်သုံးမျိုး ကွန့်မြူးနေသော နတ်ဘုရားအလင်းတန်းများက မျက်လုံးထဲမှ ထိုးထွက်လာပြီး အာကာသအုပ်စိုးသူ၏ ပင်မနတ်ဘုရားအမြုတေဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။

အရောင်သုံးမျိုး ကွန့်မြူးနေသော အလင်းတန်းများက ပင်မနတ်ဘုရားအမြုတေကို ဖောက်ထွင်းဝင်ရောက်သွားကာ အာကာသအုပ်စိုးသူ၏ ဝိညာဉ်ကို လွှမ်းခြုံလိုက်သည်။ ထို့နောက် အာကာသအုပ်စိုးသူ၏ ဝိညာဉ်ကို ရူးသွပ်စွာ စုပ်ယူကာ ခွာချနေတော့သည်။

"ကျစ်..."

အာကာသအုပ်စိုးသူမှာ အလွန်အမင်း ထိတ်လန့်သွားပြီး ရူးသွပ်စွာ ရုန်းကန်လာသည်။

မုန်လဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အချိန်ကာလရပ်တန့်ခြင်းကို အသုံးပြုလိုက်ရာ အာကာသအုပ်စိုးသူမှာ လုံးဝ လှုပ်ရှား၍ မရတော့ချေ။

ခုခံမှု မရှိတော့သဖြင့် မုန်လဲ့သည် အားစိုက်ထုတ်စရာ မလိုဘဲ အာကာသအုပ်စိုးသူ၏ ဝိညာဉ်ကို ပင်မနတ်ဘုရားအမြုတေထဲမှ ဆွဲထုတ်လိုက်ပြီး သေမင်းမျက်လုံးထဲသို့ ဖမ်းယူလိုက်သည်။

သေမင်းမျက်လုံး အတွင်းရှိ 'အမှုန့်ကြိတ်စက်' က ဖမ်းယူလာသော ဝိညာဉ်ကို ရူးသွပ်စွာ အမှုန့်ကြိတ်နေသည်။ ထိုအချိန်တွင် မုန်လဲ့သည် အုပ်စိုးသူဝိညာဉ်၏ အစွမ်းထက်မြက်မှုကို အမှန်တကယ် ခံစားလိုက်ရသည်။ 'အမှုန့်ကြိတ်စက်' က မည်မျှပင် ကြိတ်ချေ ဖျက်ဆီးနေပါစေ အာကာသအုပ်စိုးသူ၏ ဝိညာဉ်မှာ စေးကပ်သော သကြားလုံး တစ်လုံးအလား အနည်းငယ်မျှပင် ပျက်စီးသွားခြင်း မရှိပေ။

"ထာဝရစွမ်းအင်ရဲ့ ပြုပြင်ပြောင်းလဲမှုကို ခံထားရတဲ့ ဝိညာဉ်က ဒီလောက်တောင် ခိုင်မာတာလား..."

မုန်လဲ့မှာ အနည်းငယ် အံ့အားသင့်သွားသည်။

"ဒါပေါ့..."

မိုလော့က ညင်သာစွာ ပြုံးလိုက်ပြီး ရှင်းပြသည်။

"ထာဝရစွမ်းအင်က အထွတ်အထိပ် နိယာမတရား... အထွတ်အထိပ် နိယာမတရား စွမ်းအားတို့လိုပဲ ထာဝရ မပျက်စီးနိုင်တဲ့ ဒြပ်စင်ပဲ... ထာဝရစွမ်းအင်ရဲ့ ပြုပြင်ပြောင်းလဲမှုကို ခံထားရတဲ့ ဝိညာဉ်နဲ့ နတ်ဘုရားခန္ဓာကိုယ်တွေဟာ ထာဝရစွမ်းအင်ရဲ့ ဂုဏ်သတ္တိတွေကို ပိုင်ဆိုင်သွားတာပဲ... မယုံရင် ကြည့်လိုက်..."

မိုလော့က အာကာသအုပ်စိုးသူ၏ နတ်ဘုရားခန္ဓာကိုယ်ကို လက်ညှိုးထိုးပြကာ ပြုံး၍ ပြောလိုက်သည်။

"ခုနကပဲ အာကာသအုပ်စိုးသူရဲ့ ခေါင်းက မင်းရဲ့ အာကာသဓားကြီးနဲ့ အခုတ်ခံလိုက်ရတာလေ... ဒါပေမဲ့ အခု ခဏလေး အတွင်းမှာပဲ သူ့ရဲ့ ခေါင်းက အရင်တိုင်း ပြန်ဖြစ်သွားပြီ... ပြင်းထန်တဲ့ ဒဏ်ရာ ရခဲ့တဲ့ ပုံစံတောင် မပေါ်တော့ဘူး..."

မုန်လဲ့က မော့ကြည့်လိုက်ရာ အရင်တိုင်း ပြန်ဖြစ်နေသော ခေါင်းကို တကယ်ပင် မြင်တွေ့လိုက်ရသည်။ မျက်နှာပြင်မှာ ချောမွေ့နေပြီး ဒဏ်ရာရထားသည့် အရိပ်အယောင် လုံးဝ မတွေ့ရချေ။

"တကယ်ကို ထူးဆန်းလွန်းတယ်... ဒါပေမဲ့ နည်းလမ်း မရှိတာတော့ မဟုတ်ပါဘူး..."

မုန်လဲ့က သက်ပြင်းချကာ ပြောလိုက်သည်။

"မင်းမှာ အာကာသအုပ်စိုးသူရဲ့ ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်တဲ့ နည်းလမ်း ရှိလို့လား..."

မိုလော့က အံ့ဩတကြီး မေးလိုက်သည်။

"စမ်းကြည့်ရင် သိမှာပေါ့..."

မုန်လဲ့က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး စနစ်ကို အမိန့်ပေးလိုက်သည်။

"စနစ်... အာကာသအုပ်စိုးသူရဲ့ ဝိညာဉ်ထဲမှာ ရှိနေတဲ့ ထာဝရစွမ်းအင်ကို လုယူပေး..."

စနစ်၏ အသံက အေးစက်စွာ ထွက်ပေါ်လာသည်။

"လုယူရမည့် ပစ်မှတ်... အာကာသအုပ်စိုးသူ၏ ဝိညာဉ်... ပစ်မှတ်ထားသော ဒြပ်စင်... ထာဝရစွမ်းအင်... ခန့်မှန်း ကုန်ကျစရိတ်... နတ်ဘုရားသလင်းကျောက် ၅ ကွာဒရီလီယံ... လုယူမည်လားဟု မေးပါရစေ..."

မုန်လဲ့မှာ ရင်ထဲတွင် ဆဲရေးတိုင်းထွာချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာသည်။ ကုန်ကျစရိတ် သက်သာစေရန်အတွက် သူသည် အစကတည်းက အာကာသအုပ်စိုးသူ၏ ပင်မနတ်ဘုရားအမြုတေကို လုယူခိုင်းခြင်း မပြုခဲ့ပေ။ ဈေးနှုန်း အလွန်အမင်း ကြီးမြင့်နေမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

သို့သော် ရလဒ်ကမူ အာကာသအုပ်စိုးသူ၏ ဝိညာဉ်ကို ခွာယူထုတ်ပြီးချိန်အထိ ဈေးနှုန်းက အလွန်အမင်း ကြီးမြင့်နေဆဲပင် ဖြစ်သည်။ ဤသည်မှာ ရိုးသားသူကို အနိုင်ကျင့်နေခြင်း မဟုတ်ပါလော။

အာကာသအုပ်စိုးသူ၏ ဝိညာဉ်ကို မသတ်ဘဲ လွှတ်ပေးလိုက်ရမည် ဆိုလျှင်တောင် ဤမျှလောက် များပြားသော ငွေကြေးကို အကုန်အကျခံကာ ထာဝရစွမ်းအင်ကို လုယူမည် မဟုတ်ဟုပင် သူ တွေးလိုက်မိသည်။

"လုယူမည်လားဟု မေးပါရစေ..."

"လုယူမယ်..."

မမြင်ရသော နေရာမှ လျှို့ဝှက်ဆန်းကြယ်လှသည့် ကြီးမားသော စွမ်းအားကြီး တစ်ခုက အာကာသအုပ်စိုးသူ၏ ဝိညာဉ်အပေါ်သို့ သက်ရောက်လာပြီး ဝိညာဉ်တစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။ ထို့နောက် ဝိညာဉ်ထဲရှိ ထာဝရစွမ်းအင်များကို တစ်စစီ ဖြည်းညင်းစွာ ခွာယူနေတော့သည်။

ထိုလုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် အာကာသအုပ်စိုးသူမှာ ရုန်းကန်ခြင်းနှင့် အော်ဟစ်ခြင်းများ လုံးဝ မရှိခဲ့ပေ။ အကြောင်းမှာ သူ၏ အချိန်များ ရပ်တန့်နေသောကြောင့် ဖြစ်၏။

မိနစ်အနည်းငယ်ခန့် ကြာမြင့်ပြီးနောက် ဝိညာဉ်ထဲရှိ ထာဝရစွမ်းအင်များ အားလုံး လုယူခံလိုက်ရပြီ ဖြစ်ကြောင်း စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။

"ထာဝရစွမ်းအင် တစ်ခု ရရှိပါသည်... ပေါင်းစပ်မည်လားဟု မေးပါရစေ..."

"ပေါင်းစပ်မယ်... ဝိညာဉ်ထဲကို ပေါင်းစပ်ပေး..."

စကားအဆုံးတွင် မုန်လဲ့သည် အရောင်အဆင်း မရှိ၊ အနံ့အရသာ မရှိ၊ အပူအအေး မရှိသော လုံးဝ ထူးခြားသည့် ခံစားချက်မရှိသည့် စွမ်းအင်တစ်ခု သူ၏ ဝိညာဉ်ထဲသို့ စီးဝင်လာကြောင်း ခံစားလိုက်ရသည်။

ထို့နောက် ဝိညာဉ်သည် မသိသာသော ပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်သွားသည်။ ပိုမို အစွမ်းထက်လာခြင်း မရှိသလို ပိုမို သိပ်သည်းလာခြင်းလည်း မရှိပေ။ ပြောင်းလဲသွားကြောင်းကိုပင် ခံစား၍မရနိုင်ချေ။ လုပ်ငန်းစဉ် တစ်ခုလုံးမှာ အရက်ထဲသို့ ရေရောလိုက်သည့်အလား အသံတိတ် ပြီးဆုံးသွားလေသည်။

"ဒါ ထာဝရစွမ်းအင်ကို ပေါင်းစပ်လိုက်တာလား... ဘာခံစားချက်မှတောင် မရှိဘူး..."

မုန်လဲ့က ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

ထိုအချိန်မှာပင် သန့်စင်လှသော ဝိညာဉ်စွမ်းအင် တစ်ခုက သူ၏ အသိစိတ်ပင်လယ်ထဲသို့ ရုတ်တရက် စီးဝင်လာပြီး မုန်လဲ့၏ ဝိညာဉ်ထဲသို့ ပေါင်းစပ်သွားသည်။ ထိုအခါမှသာ အာကာသအုပ်စိုးသူ၏ ဝိညာဉ်မှာ သေမင်းမျက်လုံး၏ ကြိတ်ချေမှုကြောင့် လုံးဝ အမှုန့်ဖြစ်သွားပြီ ဖြစ်ကြောင်း မုန်လဲ့ သတိပြုမိလိုက်တော့သည်။

"အာကာသအုပ်စိုးသူအား သတ်ဖြတ်နိုင်မှုကြောင့် အထွတ်အထိပ် နတ်ဘုရားသလင်းကျောက် ၂ ခု ရရှိပါသည်..."

စနစ်၏ အသိပေးသံက ထွက်ပေါ်လာသည်။

မုန်လဲ့က ပြုံးလိုက်သည်။ ထာဝရစွမ်းအင် မရှိတော့သဖြင့် အာကာသအုပ်စိုးသူ၏ ဝိညာဉ်မှာ ထာဝရ မပျက်စီးနိုင်သော ဂုဏ်သတ္တိများ မရှိတော့ဘဲ သေမင်းမျက်လုံးက အလွယ်တကူပင် ကြိတ်ချေဖျက်ဆီးပစ်နိုင်ခဲ့လေပြီ။

"ထာဝရစွမ်းအင်က တကယ်ကို ကြောက်စရာကောင်းတာပဲ... ဒါပေမဲ့ အာကာသအုပ်စိုးသူကို သတ်လိုက်တာကနေ အထွတ်အထိပ် နတ်ဘုရားသလင်းကျောက် ၂ ခုတောင် ရလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး... တကယ်ကို မျှော်လင့်မထားတဲ့ ကိစ္စပဲ..."

အထွတ်အထိပ် နတ်ဘုရားသလင်းကျောက် ၂ ခု ဆိုသည်မှာ နတ်ဘုရားသလင်းကျောက် ၂၀ ကွာဒရီလီယံနှင့် ညီမျှသည်။ အရင်က သုံးခဲ့သော ၁၀ ကွာဒရီလီယံကို ပြန်ရသည့်အပြင် နောက်ထပ် ၁၀ ကွာဒရီလီယံပါ အမြတ်ထွက်သွားသေးတော့ တကယ့်ကို ကြီးမားလှသော ဝင်ငွေတစ်ခု ဖြစ်လာသည်။ မုန်လဲ့က ကိုယ်ရေးအချက်အလက်များကို တစ်ချက် ကြည့်ရှုလိုက်သည်။

ကြွယ်ဝချမ်းသာမှု - ၂၂၇၀၉ ထရီလီယံ နတ်ဘုရားသလင်းကျောက်။

"နတ်ဘုရားသလင်းကျောက် ၂၀ ကွာဒရီလီယံကျော် ရှိနေပြီဆိုတော့ အသက်နိယာမတရား... ဖျက်ဆီးခြင်းနိယာမတရားနဲ့ သေမင်းနိယာမတရားတို့ကို နားလည်ဖို့ လုံလောက်သွားပြီ... လူသတ်ပြီး ပစ္စည်းလုတာက ချမ်းသာဖို့အတွက် အကောင်းဆုံး နည်းလမ်းပဲ ဆိုတာ တကယ် မှန်တာပဲ..."

မုန်လဲ့က ရင်ထဲတွင် ချီးကျူးလိုက်ပြီး အာကာသအုပ်စိုးသူ၏ ပင်မနတ်ဘုရားအမြုတေနှင့် နတ်ဘုရားခန္ဓာကိုယ်ကို သိမ်းဆည်းလိုက်သည်။ ထိုပင်မနတ်ဘုရားအမြုတေကို ကမ္ဘာမြေနတ်ဘုရားလောက၏ ပင်မနတ်ဘုရားအမြုတေ ၁၁ ခုနှင့် အတူတူ ထားရှိလိုက်ပြီး နတ်ဘုရားခန္ဓာကိုယ်ကိုမူ အချိန်ကာလရဲတိုက် အတွင်းရှိ ရွှေရောင်သစ်ပင်ငယ်လေးထံသို့ ပစ်ပေးလိုက်သည်။

အကယ်၍ အခြား နတ်ဘုရားခန္ဓာကိုယ်သာ ဆိုလျှင် မုန်လဲ့ လုံးဝ ဂရုစိုက်မည် မဟုတ်သော်လည်း အာကာသအုပ်စိုးသူ၏ နတ်ဘုရားခန္ဓာကိုယ်မှာမူ ထာဝရစွမ်းအင်များ ပါဝင်နေသဖြင့် မုန်လဲ့က အထူးတလည် အာရုံစိုက်နေမိသည်။ ဤလျှို့ဝှက်ဆန်းကြယ်လှသော ရွှေရောင်သစ်ပင်ငယ်လေးက ထာဝရစွမ်းအင်ကို မြိုချနိုင်စွမ်း ရှိမရှိ သူ သိချင်နေခဲ့၏။

ယခင်က မရေမတွက်နိုင်သော နတ်ဘုရားများ၏ အလောင်းများကို မြိုချခဲ့ပြီးနောက် ယခုအခါတွင် ရွှေရောင်သစ်ပင်ငယ်လေးမှာ မီတာ ၁၀၀ ခန့် မြင့်မားသော သစ်ပင်ကြီး တစ်ပင်အဖြစ်သို့ ကြီးထွားလာခဲ့ပြီ ဖြစ်သည်။

အကိုင်းအခက်များ ဝေဆာနေပြီး ရွှေစင်ဖြင့် ပြုလုပ်ထားသည့်အလား တောက်ပနေသော ရွှေရောင်သစ်ပင်ကြီးမှာ အဖိုးတန်ပြီး ခမ်းနားလှသော အနုပညာ လက်ရာတစ်ခုကဲ့သို့ မြင့်မြတ်သော အရှိန်အဝါများကို ထုတ်လွှတ်နေလေသည်။

'ဂလု... ဂလု...'

အာကာသအုပ်စိုးသူ၏ နတ်ဘုရားခန္ဓာကိုယ်ကို အာရုံခံမိသည်နှင့် တစ်ပြိုင်နက် ရွှေရောင်သစ်ပင်ကြီး၏ အမြစ်များက လျင်မြန်စွာ တိုးထွက်လာကြသည်။

'ဖောက်... ဖောက်... ဖောက်...'

ထို့နောက် ဖျက်ဆီး၍မရနိုင်သော အာကာသအုပ်စိုးသူ၏ နတ်ဘုရားခန္ဓာကိုယ် ကာကွယ်မှုကို အလွယ်တကူပင် ဖောက်ထွင်းဝင်ရောက်သွားကာ ထိုအထဲရှိ အသက်စွမ်းအင် အနှစ်သာရများကို စတင် မြိုချတော့၏။

အုပ်စိုးသူ အဆင့်ရှိသော နတ်ဘုရားခန္ဓာကိုယ်ထဲတွင် အလွန်တရာ များပြားလှသော အသက်စွမ်းအင် အနှစ်သာရများ ပါဝင်နေသည်မှာ သဘာဝပင် ဖြစ်ရာ ရွှေရောင်သစ်ပင်ကြီးမှာ မျက်စိဖြင့် မြင်တွေ့နိုင်လောက်အောင် လျင်မြန်သော အမြန်နှုန်းဖြင့် ကြီးထွားလာတော့သည်။

မီတာ ၁၁၀၊ မီတာ ၁၂၀၊ မီတာ ၁၃၀။

ထိုအချိန်မှာပင် အာကာသအုပ်စိုးသူ၏ နတ်ဘုရားခန္ဓာကိုယ်မှာလည်း လျင်မြန်စွာ ခြောက်သွေ့သွားလေသည်။

၁၀ မိနစ်ခန့် ကြာမြင့်ပြီးနောက် လုံးဝ ခြောက်သွေ့နေသော အရေခွံ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လေပြေလေး တိုက်ခတ်လိုက်သည်နှင့် အမှုန့်များအဖြစ် ပြောင်းလဲကာ လေထဲသို့ လွင့်စင်သွားတော့၏။ အခြား အလောင်းများနှင့် ဘာမှ မကွာခြားတော့ချေ။

"အာကာသအုပ်စိုးသူရဲ့ နတ်ဘုရားခန္ဓာကိုယ်က ဒီလိုပဲ ပျောက်ကွယ်သွားတာလား... ထာဝရ မပျက်စီးနိုင်တဲ့ အကြွင်းမဲ့ ထာဝရ ဖြစ်တည်မှု ဆိုတာ မဟုတ်ဘူးလား... အဲဒီအထဲက ထာဝရစွမ်းအင်တွေကော ဘယ်ရောက်သွားလဲ..."

မုန်လဲ့မှာ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ အာကာသအုပ်စိုးသူ၏ နတ်ဘုရားခန္ဓာကိုယ် ကာကွယ်မှု မည်မျှ အစွမ်းထက်ကြောင်းကို သူ ကိုယ်တိုင် နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရပြီး ဖြစ်သည်။

ရွှေရောင်သစ်ပင်ငယ်လေးက ထိုခန္ဓာကိုယ်ကို အလွယ်တကူ ဖောက်ထွင်းနိုင်သည်ကိုပင် ထားလိုက်ပါတော့မည်။ ထာဝရစွမ်းအင်များကော ထာဝရ မပျက်စီးနိုင်သော ဂုဏ်သတ္တိများကော လုံးဝ မရှိတော့ချေ အားလုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သို့မဟုတ် အသုံးမဝင်တော့ခြင်းပင် ဖြစ်ပေလိမ့်မည်။

"ရွှေရောင်သစ်ပင်လေး ရှေ့မှာ အာကာသအုပ်စိုးသူရဲ့ နတ်ဘုရားခန္ဓာကိုယ်က တခြား နတ်ဘုရားတွေရဲ့ အလောင်းတွေနဲ့ ဘာမှ မကွာခြားတော့ဘူးပဲ... ဒါက တကယ်တော့ ဘာသစ်ပင်လဲ..."

မုန်လဲ့၏ ရင်ထဲတွင် ရွှေရောင်သစ်ပင်လေး၏ ဇာစ်မြစ်ကို သိချင်စိတ်များ ပိုမို ပြင်းထန်လာခဲ့သည်။ ဝမ်းနည်းစရာကောင်းသည်မှာ သူ့ကို အဖြေပေးနိုင်မည့်သူ မရှိဘဲ သူ ကိုယ်တိုင်သာ ဖြည်းဖြည်းချင်း လေ့လာစူးစမ်းရမည် ဖြစ်၏။

"ထားလိုက်ပါတော့... နောက်မှပဲ ဆက်ကြည့်ရအောင်..."

ဝိညာဉ်အာရုံများကို အချိန်ကာလရဲတိုက် ထဲမှ ရုပ်သိမ်းလိုက်ပြီးနောက် မုန်လဲ့က နောက်ထပ် အမိန့်များကို ဆက်တိုက် ပေးလိုက်တော့သည်။

"စနစ်... အသက်နိယာမတရားကို မြှင့်တင်ပေး... စနစ်... ဖျက်ဆီးခြင်းနိယာမတရားကို မြှင့်တင်ပေး... စနစ်... သေမင်းနိယာမတရားကို မြှင့်တင်ပေး…”

All Chapters