အခန်း ၄၂၁
Vol. 43 Ch. 421
အခန်း ၄၂၁ အဆင့်မြင့် စွမ်းအင်နှင့် အထွတ်အထိပ် ကောင်းကင်ဘုံကို ဖျက်ဆီးခြင်း
မုန်လဲ့သည် သူ၏ အချက်အလက် ကို ကြည့်ရင်း အနည်းငယ် ကြောင်အမ်းသွားသည်။
'ရှေးဟောင်း လူသား သွေးမျိုးဆက်က... ပျောက်သွားပြီလား... ပေါင်းစပ်ထားသမျှ သွေးမျိုးဆက်တွေ အားလုံးကလည်း... ပျောက်သွားပြီလား... အဲဒီအစား... ဟုန်မုန် လူသားဆိုပြီး ဖြစ်သွားတာလား... ဟုန်မုန် လူသား... ဒါက ဘယ်လို လူမျိုးလဲ... ပြီးတော့ ဟုန်မုန် ခန္ဓာကိုယ်... ဒါကကော ဘယ်လို ခန္ဓာကိုယ် ဖွဲ့စည်းပုံမျိုးလဲ...'
မုန်လဲ့က နားထင်ကို ပွတ်လိုက်သည်။ သူ အနည်းငယ် ခေါင်းကိုက်လာသလို ခံစားရသည်။ စနစ်ကို မေးလျှင်လည်း အဖြေရမည် မဟုတ်မှန်း သေချာသဖြင့် မေးခွန်းများကို ခေတ္တ ဘေးဖယ်ထားလိုက်ရတော့သည်။
"ဒါပေမဲ့... ငါ့ရဲ့ လက်ရှိ ခန္ဓာကိုယ်က တကယ်ကို အစွမ်းထက်တယ်..."
မုန်လဲ့က လက်သီးကို ဆုပ်လိုက်ပြီး အဆုံးအစမရှိသော စွမ်းအားများကို ခံစားရင်း အနည်းငယ် ယုံကြည်နိုင်စွမ်း မရှိဖြစ်နေသည်။ ဤအဆုံးအစမရှိသော စွမ်းအားဆိုသည်မှာ စွမ်းအားများ ရုတ်တရက် တိုးပွားလာမှုကြောင့် ဖြစ်ပေါ်လာသည့် ထင်ယောင်ထင်မှား ဖြစ်မှု မဟုတ်ဘဲ တကယ့်ကို အဆုံးအစမရှိသော စွမ်းအားများပင် ဖြစ်လေသည်။ မုန်လဲ့သည် ယခုအချိန်တွင် တကယ့်ကို အဆုံးအစမရှိသော စွမ်းအားများကို ပိုင်ဆိုင်ထားလေပြီ။
လက်သီး တစ်ချက်တည်းဖြင့် တိုက်ကြီး တစ်တိုက်ကို အမှုန့်ဖြစ်အောင် ထိုးချိုးပစ်နိုင်ရုံမျှမက မိုးကြိုးနတ်ဘုရားလောက ကဲ့သို့သော အဆင့်မြင့် လောကတစ်ခုလုံးကိုပင် အမှုန့်ဖြစ်သွားအောင် ထိုးချိုးပစ်နိုင်စွမ်း ရှိလေသည်။ ဤသည်မှာလည်း ထင်ယောင်ထင်မှား ဖြစ်မှု မဟုတ်ပေ။
"မူလ နတ်ဘုရားခန္ဓာကိုယ် ဆယ်မျိုး ပေါင်းစပ်ပြီးတဲ့နောက်မှာ... ဟုန်မုန် ခန္ဓာကိုယ် ဖြစ်လာလိမ့်မယ်လို့ တကယ် မထင်ထားခဲ့ဘူး... ဒါပေမဲ့ ဒါက ကောင်းတဲ့ ကိစ္စပါပဲ..."
မုန်လဲ့က အလွန် စိတ်လှုပ်ရှားနေသည်။ ခန္ဓာကိုယ်က အကြောင်းပြချက် မရှိဘဲ ဟုန်မုန် ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားခြင်းထက် ပို၍ ပျော်စရာကောင်းသော ကိစ္စ ရှိတော့မည် မဟုတ်ချေ။
"မုန်လဲ့... မင်း ဘာဖြစ်သွားတာလဲ..."
မိုလော့၏ အနည်းငယ် အံ့ဩထိတ်လန့်နေသော အသံ ထွက်ပေါ်လာသည်။
"မင်းရဲ့ ခန္ဓာကိုယ်က ဘာလို့ ရုတ်တရက် ဒီလောက် အစွမ်းထက်လာရတာလဲ... ငါတောင် ရင်တုန်သွားရတယ်... ပြီးတော့ မင်းရဲ့ မူလ နတ်ဘုရားခန္ဓာကိုယ်ရဲ့ အရှိန်အဝါတွေကို ငါ ဘာလို့ မခံစားရတော့တာလဲ... မင်းရဲ့ ခန္ဓာကိုယ်မှာ ဘာတွေ ဖြစ်သွားတာလဲ..."
"ဒါက ပြောရမယ်ဆိုရင် နည်းနည်းတော့ ရှုပ်ထွေးတယ်... မင်း ဟုန်မုန် ခန္ဓာကိုယ် အကြောင်း ကြားဖူးလား..."
မုန်လဲ့က ခေါင်းခါလိုက်ပြီး ပြန်မေးလိုက်သည်။
"ဟုန်မုန် ခန္ဓာကိုယ်... မကြားဖူးပါဘူး..."
မိုလော့က ညင်သာစွာ ခေါင်းခါလိုက်သည်။ ဤသည်ကို မုန်လဲ့က အနည်းငယ်မျှ အံ့ဩခြင်း မရှိဘဲ ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။
"မိုလော့... ပြောရင် မင်း ယုံချင်မှ ယုံလိမ့်မယ်... ငါ ခုနက အမှောင်ဓာတ် မူလ နတ်ဘုရားခန္ဓာကိုယ်ကို ပေါင်းစပ်လိုက်ပြီးတဲ့နောက်မှာ... မူလ နတ်ဘုရားခန္ဓာကိုယ် ဆယ်မျိုးလုံး ပေါင်းစပ်သွားပြီး... လုံးဝအသစ်ဖြစ်တဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ တစ်ခု ဖြစ်လာတယ်... အဲဒါက ဟုန်မုန် ခန္ဓာကိုယ်ပဲ..."
"ဒီလို ကိစ္စမျိုးလည်း ရှိတယ်လား..."
မိုလော့မှာ အလွန်အမင်း အံ့ဩသွားရသည်။
"ဟုတ်တယ်..."
မုန်လဲ့က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
"မူလ နတ်ဘုရားခန္ဓာကိုယ် ဆယ်မျိုး ပေါင်းစပ်ပြီးတော့... ဟုန်မုန် ခန္ဓာကိုယ် ဖြစ်လာတယ် ဟုတ်လား... မူလ စွမ်းအား ဆယ်မျိုးလုံးက ပေါင်းစပ်လို့ ရတာလား... ပြီးတော့ ပေါင်းစပ်ပြီးတဲ့နောက်မှာ လုံးဝအသစ်ဖြစ်တဲ့ အရာဝတ္ထု တစ်ခု... ဟုန်မုန် စွမ်းအားဆိုတာ ဖြစ်လာတာလား..."
မိုလော့က တိုးတိတ်စွာ ရေရွတ်လိုက်သည်။
"ဒါ အမှန်ပဲ... ငါ့ခန္ဓာကိုယ်ထဲက မူလ စွမ်းအား ဆယ်မျိုးလုံး ပေါင်းစပ်သွားပြီးတဲ့နောက်မှာ... တကယ်ပဲ လုံးဝအသစ်ဖြစ်တဲ့ မီးခိုးရောင် အရာဝတ္ထု တစ်ခု ဖြစ်လာတယ်... ငါ့ရဲ့ လက်ရှိ ခန္ဓာကိုယ်က အဲဒီ မီးခိုးရောင် အရာဝတ္ထုနဲ့ အပြည့်အဝ ဖွဲ့စည်းထားတာပဲ..."
မုန်လဲ့က ခေါင်းညိတ်လိုက်ပြီးနောက် လက်ဝါးကို ဖြန့်လိုက်ရာ သာမန်မျှသာ ဖြစ်ပုံရသော မီးခိုးရောင် စွမ်းအင်လေး တစ်ခု လက်ဝါးပေါ်တွင် ထွက်ပေါ်လာသည်။
"ဒါက အဲဒီ အရာဝတ္ထုသစ်လား..."
မိုလော့က မီးခိုးရောင် စွမ်းအင်ကို စိုက်ကြည့်ရင်း တိုးတိတ်စွာ ရေရွတ်လိုက်သည်။
"အပေါ်ယံ ကြည့်ရင်တော့ ဘာမှ မထူးခြားသလိုပဲ... ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နေရတာလဲ..."
ထိုသို့တွေးမိသည်နှင့် မိုလော့က သူ၏ ဝိညာဉ်စွမ်းအားများကို ဖြန့်ကျက်ကာ မီးခိုးရောင် စွမ်းအင်ကို လွှမ်းခြုံပြီး ၎င်း၏ မူလသဘာဝကို ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားလိုက်သည်။ သို့သော် မီးခိုးရောင် စွမ်းအင်နှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ဝိညာဉ်စွမ်းအားများမှာ ချော်ရည်ပူနှင့် ထိတွေ့သွားသော ရေခဲတုံးအလား လျင်မြန်စွာ အရည်ပျော်သွားကြောင်း ခံစားလိုက်ရလေသည်။
"ကျစ်..."
မိုလော့က နာကျင်စွာ အော်ဟစ်လိုက်ပြီး ဝိညာဉ်စွမ်းအားများကို အလျင်အမြန် ရုပ်သိမ်းလိုက်ကာ မီးခိုးရောင် စွမ်းအင်ကို ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ကြည့်လိုက်သည်။
"ဘယ်လိုလုပ် ဒီလို ဖြစ်နိုင်မှာလဲ... ငါ့ရဲ့ နတ်ဘုရားဝိညာဉ်က သံသရာ ပျက်သုဉ်းမှုကြီးကိုတောင် ဖြတ်ကျော်လာခဲ့ပြီး မသေမပျောက်နိုင်တဲ့ သဘာဝကို ပိုင်ဆိုင်ထားတာလေ... ဒီမီးခိုးရောင် စွမ်းအင်က ဘယ်လိုလုပ် ငါ့ရဲ့ နတ်ဘုရားဝိညာဉ်ကို အရည်ပျော်အောင် လုပ်နိုင်ရတာလဲ..."
"မိုလော့... မင်းကို သတိပေးဖို့ မေ့သွားတယ်... ဒီမီးခိုးရောင် အရာဝတ္ထုက အထွတ်အထိပ် နိယာမတရား သံကြိုးတွေနဲ့ အထွတ်အထိပ် နိယာမတရား စွမ်းအားတွေကိုတောင် ဖျက်ဆီးပစ်နိုင်တယ်..."
မုန်လဲ့က ခေါင်းကုတ်ကာ အနည်းငယ် အားနာသော လေသံဖြင့် ပြောလိုက်သည်။
"ဘာ..."
မိုလော့မှာ လုံးဝ ဆွံ့အသွားရသည်။
"ဒါ အမှန်ပဲ..."
မုန်လဲ့က သက်ပြင်းတစ်ချက် ချလိုက်ပြီး ဘယ်ဘက်လက်ကို ဆန့်ထုတ်ကာ အချိန်ကာလ နိယာမတရား သံကြိုး တစ်ချောင်းကို ထုတ်ယူလိုက်သည်။ ထို့နောက် ရွှေရောင် အလင်းတန်းများ ဖြာထွက်နေသော အချိန်ကာလ နိယာမတရား သံကြိုးကို မီးခိုးရောင် အရာဝတ္ထုဆီသို့ ဖြည်းညင်းစွာ တိုးသွားလိုက်သည်။ ဤအချိန်တွင် အံ့ဩဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
မိုလော့က ပျက်စီး၍မရနိုင်သော အရာဝတ္ထုဟု ခေါ်ဆိုခဲ့သည့် အချိန်ကာလ နိယာမတရား သံကြိုးသည် မီးခိုးရောင် အရာဝတ္ထုနှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် အသံတိတ် အရည်ပျော်သွားတော့၏။ မုန်လဲ့က ရှေ့သို့ ဆက်တိုးသွားရာ အချိန်ကာလ နိယာမတရား သံကြိုးသည်လည်း ဆက်တိုက် အရည်ပျော်သွားပြီး နောက်ဆုံးတွင် တစ်ချောင်းလုံး အရည်ပျော် ပျောက်ကွယ်သွားတော့သည်။
မီးခိုးရောင် အရာဝတ္ထုကမူ မုန်လဲ့၏ လက်ဝါးပေါ်တွင် အေးချမ်းစွာ လွင့်မျောနေဆဲ ဖြစ်ပြီး အနည်းငယ်မျှပင် မထူးခြားဘဲ အန္တရာယ်ကင်းပုံ ပေါ်နေလေသည်။
"အရည်... အရည်ပျော်သွားတာလား..."
"အချိန်ကာလ နိယာမတရား သံကြိုးက အရည်ပျော်သွားတယ် ဟုတ်လား... ကျစ်... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
"အချိန်ကာလ နိယာမတရား သံကြိုးဆိုတာ ပျက်စီးလို့ မရတဲ့ အရာဝတ္ထုနော်... ဘယ်လိုလုပ် အရည်ပျော်သွားနိုင်မှာလဲ..."
မိုလော့မှာ အသက်ပြင်းပြင်း ရှူသွင်းနေရပြီး သူ၏ မျက်စိရှေ့မှ မြင်ကွင်းက သူ၏ အသိပညာကို လုံးဝ ပြောင်းလဲသွားစေကာ ပျက်စီး၍ မရနိုင်သော အရာဝတ္ထုများအပေါ် သူ၏ နားလည်မှုကိုလည်း လုံးဝ ဖျက်ဆီးပစ်လိုက်လေပြီ။
အထွတ်အထိပ် နိယာမတရား သံကြိုး။
အထွတ်အထိပ် နိယာမတရား စွမ်းအား။
၎င်းတို့မှာ ပျက်စီး၍ မရနိုင်သော အရာဝတ္ထုများပင် ဖြစ်သည်။
ပျက်စီး၍ မရနိုင်သော အရာဝတ္ထုဆိုသည်မှာ အဘယ်နည်း။ ဖျက်ဆီး၍ မရနိုင်သော၊ ချိုးဖျက်၍ မရနိုင်သော၊ အမှုန့်ဖြစ်အောင် လုပ်၍ မရနိုင်သော၊ ထာဝရ တည်တံ့သော၊ သံသရာ ပျက်သုဉ်းမှုကြီးကပင် ဖျက်ဆီး၍ မရနိုင်သော အရာဝတ္ထုများကို ပျက်စီး၍ မရနိုင်သော အရာဝတ္ထုများဟု ခေါ်ဆိုလေသည်။
သို့သော် ယခုအချိန်တွင်မူကား။ ပျက်စီး၍ မရနိုင်သော အရာဝတ္ထုဖြစ်သည့် အချိန်ကာလ နိယာမတရားသည် အရည်ပျော်သွားခဲ့လေပြီ။ ဤမြင်ကွင်းက တကယ်ကို ကြောက်မက်ဖွယ် ကောင်းလွန်းလှသဖြင့် မိုလော့အနေဖြင့် လုံးဝ အံ့ဩထိတ်လန့်သွားရတော့သည်။
"ငါ ခန့်မှန်းတာ မမှားဘူးဆိုရင်... ဒီမီးခိုးရောင် အရာဝတ္ထုက အထွတ်အထိပ် နိယာမတရား စွမ်းအားတွေ၊ အထွတ်အထိပ် နိယာမတရားတွေထက် ပိုပြီး အဆင့်မြင့်တဲ့ စွမ်းအင် တစ်မျိုး ဖြစ်ရမယ်..."
မုန်လဲ့က သူ၏ ဆုံးဖြတ်ချက်ကို ပြောပြလိုက်သည်။
"ဒါပဲ ဖြစ်နိုင်တယ်... ဒါပေမဲ့ ဒါက ဘာစွမ်းအင်လဲ..."
မိုလော့က တိုးတိတ်စွာ ရေရွတ်လိုက်သည်။
"ဘယ်သူက သိမှာလဲ... လောလောဆယ်တော့ သူ့ကို ဟုန်မုန် စွမ်းအားလို့ပဲ ခေါ်လိုက်ကြတာပေါ့..."
မုန်လဲ့က ညင်သာစွာ ခေါင်းခါလိုက်သည်။
"ဟုန်မုန် စွမ်းအား... မင်း နောက်ထပ် ဘာဆက်လုပ်ဖို့ အစီအစဉ် ရှိလဲ..."
မိုလော့၏ မျက်နှာမှာ ရှုပ်ထွေးနေသည်။
"အထွတ်အထိပ် ကောင်းကင်ဘုံကို အရင်သွားပြီး... ဟိုပိုးကောင်စုတ်တွေကို ရှင်းပစ်ရမယ်..."
မုန်လဲ့၏ မျက်ဝန်းများထဲတွင် အလင်းတစ်ချက် လက်သွားသည်။
"မလုပ်နဲ့..."
မိုလော့က ချက်ချင်းပင် တားမြစ်လိုက်သည်။
"အထွတ်အထိပ် ကောင်းကင်ဘုံက အုပ်စိုးသူ သုံးပါးရဲ့ နေရာလေ... သူတို့က အဲဒီမှာ သူတို့ရဲ့ အစွမ်းအထက်ဆုံး စွမ်းအားတွေကို အပြည့်အဝ ထုတ်သုံးနိုင်တယ်... မင်း လောကဖန်တီးခြင်း နိယာမတရားကို နားမလည်သေးခင်မှာ အထွတ်အထိပ် ကောင်းကင်ဘုံထဲ ဝင်ဖို့ ငါ အကြံမပြုချင်ဘူး..."
"မိုလော့... အရင်ကဆိုရင် မင်းရဲ့ အကြံပြုချက်ကို ငါ နားထောင်မှာပါ... ဒါပေမဲ့ အခုတော့... အဲဒီလို လုပ်စရာ မလိုတော့ဘူး..."
မုန်လဲ့၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားသည်။
"မင်း ဆိုလိုတာက..."
မိုလော့က မုန်လဲ့ကို အံ့ဩစွာ ကြည့်လိုက်သည်။
"ခဏနေရင် မင်း သိလာပါလိမ့်မယ်..."
မုန်လဲ့က ထူးဆန်းစွာ ပြုံးလိုက်ပြီးနောက် နေရာရွှေ့ပြောင်းခြင်း တစ်ချက်ဖြင့် အလင်းနှစ် သန်းပေါင်းများစွာကို ဖြတ်ကျော်ကာ မိုးကြိုးနတ်ဘုရားလောကမှ ထွက်ခွာလာပြီး ကျယ်ပြောလှသော လေဟာနယ်ကြီးထဲသို့ ရောက်ရှိလာသည်။ ဤသည်က မိုလော့ကို အလွန်အမင်း အံ့ဩသွားစေသည်။
"မင်း ချက်ချင်းကြီး မိုးကြိုးနတ်ဘုရားလောကကနေ ထွက်လာနိုင်တာလား... မင်း ဘယ်လိုလုပ်လိုက်တာလဲ..."
"မိုလော့... ပြောရင် မင်း ယုံချင်မှ ယုံလိမ့်မယ်..."
မုန်လဲ့က ညင်သာစွာ ပြုံးလိုက်သည်။
"ငါ့မှာ ခံစားချက် တစ်ခု ရှိတယ်... မိုးကြိုးနတ်ဘုရားလောက တစ်ခုလုံး... မဟုတ်ဘူး... မိုးကြိုးနတ်ဘုရားလောကတင် မဟုတ်ဘူး... ဒီကျယ်ပြောလှတဲ့ စကြဝဠာကြီး တစ်ခုလုံးက... ငါ့ရဲ့ နယ်ပယ်ကြီး ဖြစ်နေသလိုပဲ..."
မုန်လဲ့က ဆက်တိုက် နေရာရွှေ့ပြောင်းခြင်းများ ပြုလုပ်လိုက်ရာ အလင်းနှစ်ပေါင်းများစွာကို ဖြတ်ကျော်ပြီး အထွတ်အထိပ် ကောင်းကင်ဘုံ၏ ရှေ့သို့ ရောက်ရှိလာခဲ့လေပြီ။
ကြီးမားလှသော အထွတ်အထိပ် ကောင်းကင်ဘုံကြီးသည် စကြဝဠာ ဧရာမ သင်္ဘောကြီး တစ်စင်းအလား ကျယ်ပြောလှသော လေဟာနယ်ကြီးထဲတွင် တိတ်ဆိတ်စွာ လွင့်မျောနေသည်။ ၎င်း၏ ပတ်ဝန်းကျင်တွင် ရေတွက်၍ မရနိုင်သော ဥက္ကာခဲများနှင့် လွင့်မျောနေသော တိုက်ကြီးများ လွင့်မျောနေကြ၏။
ထိုဥက္ကာခဲများနှင့် လွင့်မျောနေသော တိုက်ကြီးများသည် အထွတ်အထိပ် ကောင်းကင်ဘုံ၏ လွှမ်းမိုးမှုအောက်တွင် သတ်မှတ်ထားသော ပတ်လမ်းကြောင်းများအတိုင်း အထွတ်အထိပ် ကောင်းကင်ဘုံကို လှည့်ပတ်နေကြရာ မရေမတွက်နိုင်အောင် များပြားလှပေသည်။
"ဒီလောက် မြန်မြန်ကြီး အထွတ်အထိပ် ကောင်းကင်ဘုံကို ရောက်လာတာလား..."
မိုလော့မှာ အံ့ဩလွန်း၍ ထုံထိုင်းနေပြီ ဖြစ်သည်။
"ကြောက်စရာပဲ... တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်..."
"ဒါက ဘာမှ မဟုတ်သေးဘူး... စိတ်လှုပ်ရှားစရာ ကောင်းတာတွေက နောက်မှ လာမှာ..."
မုန်လဲ့က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး အထွတ်အထိပ် ကောင်းကင်ဘုံ၏ လောက အကာအကွယ်ကို ရုတ်တရက် အားကုန် ထိုးချလိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခုနှင့်အတူ မီးခိုးရောင် လက်သီးစွမ်းအင် တစ်ခုက မုန်လဲ့၏ လက်သီးပေါ်မှ ထွက်ပေါ်လာပြီး အထွတ်အထိပ် ကောင်းကင်ဘုံ၏ လောက အကာအကွယ်ကို ပြင်းထန်စွာ ရိုက်ခတ်သွားတော့၏။
"ဝုန်း..."
အထွတ်အထိပ် ကောင်းကင်ဘုံ၏ လောက အကာအကွယ်မှာ ချက်ချင်းပင် ဧရာမ အပေါက်ကြီး တစ်ပေါက် ဖြစ်သွားပြီး မီးခိုးရောင် လက်သီးစွမ်းအင်မှာ ဆက်လက် ပျံ့နှံ့နေဆဲ ဖြစ်သည်။ ၎င်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် မာကျောလှသော လောက အကာအကွယ်မှာ ရေခဲပေါ်သို့ ရေနွေးပူ လောင်းချလိုက်သကဲ့သို့ လျင်မြန်စွာ အရည်ပျော် ပျက်စီးသွားတော့သည်။
နောက်ဆုံးတွင် အရာအားလုံး အမှုန့်ဖြစ်သွားရတော့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် အပေါက်ကြီးမှာ တဖြည်းဖြည်း ကြီးမားလာပြီး အလင်းနှစ် သိန်းပေါင်းများစွာ အကွာအဝေးအထိ ပျံ့နှံ့သွားကာ ဧရာမ တွင်းနက်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
ဤတွင်းနက်ကြီးသည် ဧရာမ အမာရွတ်ကြီး တစ်ခုအလား အထွတ်အထိပ် ကောင်းကင်ဘုံ၏ မျက်နှာပြင်ပေါ်တွင် ရှင်းလင်းစွာ ထွင်းထုခံလိုက်ရပြီး အလွန်တရာ သိသာထင်ရှားနေလေသည်။
"ဒါ... ဒါ... ဒါ…”