← Chapters

အခန်း ၄၂၃

Vol. 43 Ch. 423

အခန်း ၄၂၃

Vol. 43 Ch. 423

အခန်း ၄၂၃ အညံ့ခံခြင်း

တင်းမာလှသော ဤအချိန်တွင် ထိုအသံက မိုးကြိုးပစ်ချလိုက်သကဲ့သို့ အသက်အုပ်စိုးသူနှင့် သေခြင်းအုပ်စိုးသူတို့၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

နှစ်ယောက်သား ပြိုင်တူ လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် လေထဲ၌ လွင့်မျောနေသော မုန်လဲ့ကို တွေ့လိုက်ရသည်။ သူက သူတို့ကို ကြည့်ကာ ပြုံးနေလေသည်။

"မုန်လဲ့..."

အသက်အုပ်စိုးသူ၏ မျက်နှာမှာ ပြင်းထန်စွာ ပျက်ယွင်းသွားသည်။

"မင်းပါလား..."

သေခြင်းအုပ်စိုးသူက မျက်ခုံးပင့်လိုက်သည်။

"ကောင်လေး မင်းက တကယ်ကို သတ္တိရှိတာပဲ ဒီအထိတောင် လိုက်လာရဲတယ်ပေါ့ ရောက်လာမှတော့ ပြန်မသွားပါနဲ့တော့..."

"စိတ်ချပါ ငါ ပြန်မသွားပါဘူး..."

မုန်လဲ့က လက်ကာပြလိုက်ပြီး ညင်သာစွာ ပြုံးလိုက်သည်။

"အထွတ်အထိပ် ကောင်းကင်ဘုံက မဆိုးပါဘူး ငါ ဒီမှာပဲ အပြီးနေတော့မလို့..."

"အပြီးနေမယ် ဟုတ်လား ထာဝရ အိပ်စက်ရတော့မှာပါ..."

သေခြင်းအုပ်စိုးသူက အသက်အုပ်စိုးသူကို ဂရုမစိုက်တော့ဘဲ ကောင်းကင်ဘုံ စွမ်းအားကို ထုတ်ယူကာ မုန်လဲ့ထံသို့ ဖိနှိပ်လိုက်သည်။

"ကောင်လေး အပြီးအပိုင် နေရစ်ခဲ့လိုက်တော့..."

'ဝုန်း...'

လှိုင်းလုံးကြီးများအလား ကောင်းကင်ဘုံ စွမ်းအားများက မျက်စိတစ်မှိတ်အတွင်း ဝင်ရောက်လာပြီး မုန်လဲ့၏ ကိုယ်ပေါ်သို့ အဟုန်ပြင်းစွာ ရိုက်ခတ်သွားတော့၏။

ဤအချိန်တွင် သေခြင်းအုပ်စိုးသူသည် အထွတ်အထိပ် ကောင်းကင်ဘုံ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပြသလိုက်ခြင်း ဖြစ်သည်။ သူ ထုတ်ယူလိုက်သော ကောင်းကင်ဘုံ စွမ်းအားမှာ မည်သည့် လောကစွမ်းအားထက်မဆို သာလွန်ရုံသာမက ယခင်က အုပ်စိုးသူ သုံးပါးနှင့် ပင်မနတ်ဘုရား လေးဆယ့်သုံးပါး ပေါင်းစည်း၍ ထုတ်ယူခဲ့သော ကောင်းကင်ဘုံ စွမ်းအားထက်ပင် အများကြီး ပိုမို အစွမ်းထက်နေလေသည်။ ကြောက်စရာ အကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

"အသားပြားလေး ဖြစ်သွားလိုက်တော့ ကောင်လေး..."

သေခြင်းအုပ်စိုးသူ၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

"ငါက ကောင်းကင်ဘုံ စွမ်းအားရဲ့ ငါးဆယ်ရာခိုင်နှုန်းကို ထုတ်ယူထားပြီးပြီ ဘယ်သူမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး အထွတ်အထိပ် နတ်ဘုရား တစ်ပိုင်းအဆင့် ဖြစ်နေရင်တောင်မှ အသားပြားလေး ဖြစ်သွားရမှာပဲ အသားစင်းကောလေး ဖြစ်သွားရမှာပဲ ဟားဟားဟား..."

"မင်း စိတ်ပျက်သွားရမှာပဲ..."

အဟုန်ပြင်းစွာ ဝင်ရောက်လာသော ကောင်းကင်ဘုံ စွမ်းအားများကို ရင်ဆိုင်ရာတွင် မုန်လဲ့က ရှောင်ရှားခြင်း မရှိဘဲ နေရာ၌ပင် ရပ်နေကာ လှိုင်းလုံးကြီးများအလား ကောင်းကင်ဘုံ စွမ်းအားများ သူ့ကိုယ်ပေါ်သို့ ရိုက်ခတ်လာခြင်းကို ခံယူလိုက်သည်။

"သေခါနီးတာတောင် ပါးစပ်က အာကျယ်နေတုန်းပဲ..."

သေခြင်းအုပ်စိုးသူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မုန်လဲ့ အသားပြားလေး ဖြစ်သွားမည့် မြင်ကွင်းကို ကြိုတင် မြင်ယောင်နေမိသည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ အပြုံးက မျက်နှာပေါ်တွင် အေးခဲသွားတော့သည်။

ဖိအား၏ ဗဟိုချက်တွင် ရှိနေသော မုန်လဲ့သည် ရေလယ်က ကျောက်ဆောင်ကြီး တစ်ခုအလား မားမားမတ်မတ် ရပ်တည်နေသည်။ လှိုင်းလုံးကြီးများ ရိုက်ခတ်နေသော်လည်း ဖိအားများ ရစ်ပတ်နေသော်လည်း ကောင်းကင်ဘုံ စွမ်းအားများ ဖိနှိပ်နေသော်လည်း သူက အကောင်းပကတိ ရပ်တည်နေပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုကို ဆင်မြန်းကာ တည်ငြိမ်စွာ ရှိနေလေသည်။ လေပြေလေး တိုက်ခတ်သွားသကဲ့သို့သာ ဖြစ်နေပြီး အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိချေ။

"မဖြစ်နိုင်ဘူး ဒါ မဖြစ်နိုင်ဘူး..."

သေခြင်းအုပ်စိုးသူသည် သူ၏ မျက်စိရှေ့မှ မြင်ကွင်းကို လက်ခံနိုင်စွမ်း မရှိဖြစ်နေပြီး အသက်အုပ်စိုးသူမှာလည်း သရဲတစ္ဆေ တစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ အလွန်အမင်း အံ့ဩထိတ်လန့်နေလေသည်။

အထွတ်အထိပ် ကောင်းကင်ဘုံတွင် စုစုပေါင်း ပင်မနတ်ဘုရား အမြုတေ လေးဆယ့်ရှစ်ခု ရှိပြီး ၎င်းတို့က ပင်မနတ်ဘုရား လေးဆယ့်လေးပါးနှင့် အုပ်စိုးသူ လေးပါးကို ဖန်တီးပေးခဲ့သည်။

မုန်လဲ့ ရရှိသွားသော နှစ်ခု ဖျက်ဆီးခြင်းအုပ်စိုးသူ၏ တစ်ခုနှင့် သူမကိုယ်တိုင်၏ တစ်ခုတို့ကို ဖယ်လိုက်ပါက ကျန်ရှိသော ပင်မနတ်ဘုရား အမြုတေ လေးဆယ့်လေးခုလုံးကို သေခြင်းအုပ်စိုးသူက ပေါင်းစပ်ထားခြင်း ဖြစ်သည်။

ဤမျှလောက် များပြားသော ပင်မနတ်ဘုရား အမြုတေများကို ပေါင်းစပ်ထားသဖြင့် သေခြင်းအုပ်စိုးသူသည် အထွတ်အထိပ် ကောင်းကင်ဘုံကို ထိန်းချုပ်ရာတွင် စိတ်ကူးမယဉ်နိုင်လောက်သော အဆင့်အထိ ရောက်ရှိနေပြီ ဖြစ်သည်။

ဆိုလိုသည်မှာ သေခြင်းအုပ်စိုးသူသည် အထွတ်အထိပ် ကောင်းကင်ဘုံကို လုံးဝ ပေါင်းစပ်လုနီးပါး ဖြစ်နေပြီ ဖြစ်ပြီး သူ ထုတ်ယူနိုင်သည့် အထွတ်အထိပ် ကောင်းကင်ဘုံ စွမ်းအားမှာလည်း အလွန်တရာ ကြောက်မက်ဖွယ် ကောင်းနေပြီ ဖြစ်သည်။

ဤမျှလောက် များပြားသော အထွတ်အထိပ် ကောင်းကင်ဘုံ စွမ်းအားသည် မည်မျှလောက် အဖျက်စွမ်းအား ရှိမည်ကို အသက်အုပ်စိုးသူ စိတ်ကူးပင် မယဉ်နိုင်သော်လည်း အထွတ်အထိပ် နတ်ဘုရား တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်မှာ အသေအချာပင်။

သို့သော် သူမကို ယုံကြည်နိုင်စွမ်း မရှိအောင် ဖြစ်သွားစေသည်မှာ ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအား အောက်တွင် မုန်လဲ့က အကောင်းပကတိ ရှိနေပြီး ကောင်းကင်ဘုံ စွမ်းအားကို အနည်းငယ်မျှပင် ဂရုစိုက်ပုံမပေါ်ခြင်းပင် ဖြစ်သည်။

"သူက အထွတ်အထိပ် နတ်ဘုရားအဆင့်ကို တက်လှမ်းသွားပြီလား..."

အသက်အုပ်စိုးသူက တိုးတိတ်စွာ ရေရွတ်လိုက်သည်။

"ဒါပေမဲ့ အထွတ်အထိပ် နတ်ဘုရား ဖြစ်သွားရင်တောင် ကောင်းကင်ဘုံ စွမ်းအားရဲ့ ငါးဆယ်ရာခိုင်နှုန်းအောက်မှာ ဒီလောက် အကောင်းပကတိ ရှိနေဖို့ မဖြစ်နိုင်ဘူးလေ..."

မုန်လဲ့ မည်မျှအထိ အစွမ်းထက်နေကြောင်းကို အသက်အုပ်စိုးသူ စိတ်ကူးပင် မယဉ်နိုင်တော့ချေ။

"မြင်ပြီလား သေခြင်းအုပ်စိုးသူ မင်းရဲ့ အကြီးမားဆုံး အားထားရာက ငါ့ကို ဘာမှ လုပ်လို့မရဘူး အခု ငါ့ကို ပြောပြစမ်း မင်း ငါ့ကို ဘယ်လို သတ်ဦးမလဲ..."

မုန်လဲ့က သေခြင်းအုပ်စိုးသူကို ပြုံးစစဖြင့် ကြည့်လိုက်သည်။

"ကောင်လေး မင်း အရမ်း မာနမကြီးနဲ့..."

သေခြင်းအုပ်စိုးသူ၏ မျက်လုံးများ နီရဲသွားသည်။

"ကောင်းကင်ဘုံ စွမ်းအား ငါးဆယ်ရာခိုင်နှုန်းက မင်းကို ဘာမှ မလုပ်နိုင်ရင် ကိုးဆယ်ရာခိုင်နှုန်း ထုတ်ယူမယ် မင်း ကောင်းကင်ဘုံ စွမ်းအား ကိုးဆယ်ရာခိုင်နှုန်းကို ခံနိုင်ရည် ရှိမယ်လို့ ငါ မယုံဘူး သေစမ်း သေစမ်း သေလိုက်စမ်း..."

မုန်လဲ့ထံသို့ ဖိနှိပ်လာသော ကောင်းကင်ဘုံ စွမ်းအားမှာ ထပ်မံ တိုးပွားလာသည်။ ခြောက်ဆယ်ရာခိုင်နှုန်း ခုနစ်ဆယ်ရာခိုင်နှုန်း ရှစ်ဆယ်ရာခိုင်နှုန်း မျက်စိတစ်မှိတ်အတွင်းမှာပင် ကိုးဆယ်ရာခိုင်နှုန်းအထိ တိုးပွားသွားပြီး ကောင်းကင်ဘုံ စွမ်းအား ကိုးဆယ်ရာခိုင်နှုန်းလုံးက မုန်လဲ့၏ ကိုယ်ပေါ်သို့ အဟုန်ပြင်းစွာ ရိုက်ခတ်သွားတော့၏။

အကယ်၍ အခြားလူ တစ်ယောက်သာ ဆိုလျှင် အထွတ်အထိပ် အုပ်စိုးသူ ဖြစ်နေလျှင်တောင် အသားပြားလေး ဖြစ်သွားမည် ဖြစ်သည်။

သို့သော် မုန်လဲ့မှာတော့ အကောင်းပကတိ ရှိနေသည်။

သူက နေရာ၌ပင် မတ်မတ်ရပ်နေပြီး ဖိအားများ ရိုက်ခတ်လာခြင်းကို ခံယူနေသော်လည်း သူကိုယ်တိုင်ကတော့ လုံးဝ တုန်လှုပ်ခြင်း မရှိချေ။ ကိုးဆယ်ရာခိုင်နှုန်းနှင့် ငါးဆယ်ရာခိုင်နှုန်း ကောင်းကင်ဘုံ စွမ်းအားမှာ အနည်းငယ်မျှပင် ကွာခြားပုံ မပေါ်ချေ။

"ဘာလို့ ဒီလို ဖြစ်ရတာလဲ..."

သေခြင်းအုပ်စိုးသူက ခေါင်းခါရမ်းနေပြီး သူ၏ မျက်စိရှေ့မှ မြင်ကွင်းကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေသည်။ သူ၏ မျက်စိရှေ့မှ မြင်ကွင်းကို သူ လုံးဝ လက်မခံနိုင်ချေ။

"သေခြင်းအုပ်စိုးသူ မင်းမှာ ဒီလောက်လေးပဲ အစွမ်းအစ ရှိတာလား အကယ်၍ ဒီလောက်လေးပဲ ဆိုရင်တော့ စိတ်မကောင်းစရာပဲ မင်းရဲ့ ဆန္ဒတွေက အချည်းနှီး ဖြစ်သွားရပြီ..."

မုန်လဲ့က သေခြင်းအုပ်စိုးသူကို ကြည့်ကာ ပြောလိုက်သည်။

"စကားမစပ် သတိပေးလိုက်ဦးမယ် ကောင်းကင်ဘုံ စွမ်းအားက အစွမ်းထက်ပေမယ့် နောက်ဆုံးတော့ မင်းရဲ့ ကိုယ်ပိုင် စွမ်းအား မဟုတ်ဘူးလေ အလွယ်တကူ အလုယူခံရနိုင်တယ် ဒီလိုမျိုးပေါ့..."

ပြောရင်းနှင့် မုန်လဲ့က သူ၏ စိတ်ဆန္ဒကို အနည်းငယ် လှုပ်ရှားလိုက်ရာ ပတ်ဝန်းကျင်ရှိ ကောင်းကင်ဘုံ စွမ်းအားများကို သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာစေပြီး သေခြင်းအုပ်စိုးသူထံသို့ အဟုန်ပြင်းစွာ ဖိနှိပ်လိုက်သည်။

"မင်းလည်း ကောင်းကင်ဘုံ စွမ်းအားကို ထုတ်ယူနိုင်တယ် ဟုတ်လား မင်းက အာကာသအုပ်စိုးသူနဲ့ ဘီဟီမော့သ် ပင်မနတ်ဘုရားရဲ့ အမြုတေကို ပေါင်းစပ်ထားလို့ပဲ ဖြစ်ရမယ် ဒါကြောင့် ကောင်းကင်ဘုံ စွမ်းအားကို ထုတ်ယူနိုင်တာပေါ့..."

သေခြင်းအုပ်စိုးသူက ဟိန်းဟောက်လိုက်သည်။

"ဒါပေမဲ့ မင်းက ငါ့ဆီကနေ အထွတ်အထိပ် ကောင်းကင်ဘုံကို ထိန်းချုပ်နိုင်စွမ်း လုယူနိုင်မယ်လို့ ထင်နေတာလား ကိုယ့်အဆင့်ကိုယ် မသိဘူး..."

ပြောရင်းနှင့် သူကလည်း ကောင်းကင်ဘုံ စွမ်းအားကို စတင် ထုတ်ယူလိုက်သည်။ သို့သော် ဤအချိန်တွင် သူ အလွန်အမင်း ထိတ်လန့်သွားရသည်မှာ သူသည် အထွတ်အထိပ် ကောင်းကင်ဘုံကို ထိန်းချုပ်နိုင်စွမ်း လုံးဝ ဆုံးရှုံးသွားခြင်းပင် ဖြစ်သည်။ ကောင်းကင်ဘုံ စွမ်းအားများက သူ၏ အမိန့်ကို လုံးဝ မနာခံတော့ချေ။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

သေခြင်းအုပ်စိုးသူက ဒေါသတကြီး အော်ဟစ်လိုက်ပြီး အသိစိတ်ပင်လယ်ထဲရှိ ပင်မနတ်ဘုရား အမြုတေများကို ရူးသွပ်စွာ လှုံ့ဆော်ကာ ကောင်းကင်ဘုံ စွမ်းအားကို ထုတ်ယူရန် ကြိုးစားလေသည်။

သို့သော် အချည်းနှီးပင် ဖြစ်သည်။ အသိစိတ်ပင်လယ်ထဲရှိ ပင်မနတ်ဘုရား အမြုတေများမှာ ဓာတ်ခဲကုန်နေသော အရုပ်တစ်ရုပ်အလား အထွတ်အထိပ် ကောင်းကင်ဘုံနှင့် အဆက်အသွယ် လုံးဝ ပြတ်တောက်သွားပြီး သေခြင်းအုပ်စိုးသူက မည်မျှပင် လှုံ့ဆော်စေကာမူ အနည်းငယ်မျှပင် တုံ့ပြန်ခြင်း မရှိတော့ချေ။

"ဘာလို့ ဒီလို ဖြစ်ရတာလဲ..."

သေခြင်းအုပ်စိုးသူမှာ လုံးဝ ရူးသွပ်သွားတော့၏။

'ဝုန်း...'

လှိုင်းလုံးကြီးများအလား ကောင်းကင်ဘုံ စွမ်းအားများက မျက်စိတစ်မှိတ်အတွင်း ဝင်ရောက်လာပြီး သေခြင်းအုပ်စိုးသူ၏ ကိုယ်ပေါ်သို့ အဟုန်ပြင်းစွာ ဖိချလိုက်သည်။

ဤကြောက်မက်ဖွယ်ကောင်းသော ဖိအားအောက်တွင် သေခြင်းအုပ်စိုးသူမှာ မျက်စိ နား နှာခေါင်း ပါးစပ်တို့မှ သွေးများ ပန်းထွက်လာပြီး အရိုးများ ကျိုးကြေကာ ကျောကုန်းများ ကုန်းသွားပြီး ဒူးများ ကွေးကျသွားကာ နေရာ၌ပင် ဒူးထောက်ကျသွားတော့၏။

"သေစမ်း သေစမ်း သေစမ်း..."

သေခြင်းအုပ်စိုးသူက ရူးသွပ်စွာ ဟိန်းဟောက်နေပြီး မတ်တတ်ရပ်ရန် ကြိုးစားသော်လည်း လုံးဝ မဖြစ်နိုင်ချေ။

"မြင်ပြီလား သေခြင်းအုပ်စိုးသူ..."

မုန်လဲ့က သေခြင်းအုပ်စိုးသူ၏ ရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားပြီး အထက်စီးမှ ကြည့်ကာ ပြောလိုက်သည်။

"ကိုယ့်စွမ်းအား မဟုတ်ရင် အလွယ်တကူ အလုခံရနိုင်တယ် ဆိုတာကိုလေ..."

"ဘာလို့လဲ..."

သေခြင်းအုပ်စိုးသူက မုန်လဲ့ကို ရူးသွပ်စွာ စိုက်ကြည့်နေသည်။

"အကြောင်းရင်း အတိအကျကိုတော့ ငါလည်း သေချာ မသိဘူး..."

မုန်လဲ့က ညင်သာစွာ ခေါင်းခါလိုက်သည်။

"ငါက အရမ်း အစွမ်းထက်လွန်းလို့ နေမှာပေါ့..."

"အရမ်း အစွမ်းထက်လွန်းလို့ ဟုတ်လား ဟားဟားဟား..."

သေခြင်းအုပ်စိုးသူက သနားစရာကောင်းအောင် ရယ်မောလိုက်သည်။ နှာခေါင်း မျက်လုံး ပါးစပ်တို့မှ သွေးများ အဆက်မပြတ် ပန်းထွက်နေသဖြင့် သူ၏ ပုံစံမှာ အလွန်တရာ သနားစရာ ကောင်းနေလေသည်။

"မသေခင်လေးတော့ ငါ့ကို ပြောပြလို့ ရမလား မင်း အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ စကြဝဠာ အထွတ်အထိပ် နတ်ဘုရားလား ဒါမှမဟုတ် ဟုန်မုန် လောကဖန်တီးခြင်း နတ်ဘုရားလား..."

"ငါ မသိဘူး..."

မုန်လဲ့က ခေါင်းခါလိုက်သည်။

"ငါကိုယ်တိုင်လည်း ဘယ်အဆင့်ကို ရောက်နေလဲဆိုတာ သေချာ မသိဘူး အထွတ်အထိပ် နတ်ဘုရားထက် နည်းနည်းလေး ပိုပြီး အစွမ်းထက်နေတာလည်း ဖြစ်နိုင်တယ် တိတိကျကျတော့ ငါလည်း မပြောတတ်ဘူး..."

"မသိဘူး ဟုတ်လား..."

သေခြင်းအုပ်စိုးသူက အနည်းငယ်မျှပင် အံ့ဩခြင်း မရှိချေ။

"ဒီဆာရေး ဆီကို သွားလိုက်ပါ သူက ပြီးခဲ့တဲ့ ခေတ်ကာလကတည်းက အသက်ရှင်လာခဲ့တဲ့ မိစ္ဆာအိုကြီးဆိုတော့ သတင်းအချက်အလက် အများကြီး သိမှာ သေချာတယ်..."

"ဖျက်ဆီးခြင်းအုပ်စိုးသူ ဟုတ်လား..."

မုန်လဲ့က အဝေးဆီသို့ လှည့်ကြည့်လိုက်သည်။

"ဒီကောင်က ရုတ်တရက်ကြီး ဒီလောက်တောင် အစွမ်းထက်လာတယ်ဆိုတော့ ကြီးမားတဲ့ လျှို့ဝှက်ချက် တစ်ခုခု ရှိနေမှာ အသေအချာပဲ ခဏနေရင် သူ့ဆီ သွားပြီး ကောင်းကောင်း မေးကြည့်ရမယ် မင်းကတော့..."

မုန်လဲ့က သေခြင်းအုပ်စိုးသူကို ပြန်ကြည့်လိုက်သည်။

"မင်းကို သတ်တာ မသတ်တာက ငါ့အတွက် သိပ်ပြီး အရေးမကြီးပါဘူး ထားလိုက်ပါတော့ မင်းက ဒီခေတ်ကာလရဲ့ သက်ရှိ တစ်ယောက် ဖြစ်နေတာကို ထောက်ထားပြီး ငါ မင်းကို အသက်ရှင်ခွင့် ပေးမယ် ဘာဆက်လုပ်ရမလဲ ဆိုတာ မင်း သိမှာပါနော်..."

"မင်း ငါ့ကို မသတ်ဘူးလား..."

သေခြင်းအုပ်စိုးသူမှာ ကြောင်အမ်းသွားသည်။

"မင်း သေချင်လို့လား..."

မုန်လဲ့က တည်ငြိမ်စွာ ပြန်မေးလိုက်သည်။

သေခြင်းအုပ်စိုးသူမှာ အလွန်အမင်း ဝမ်းသာသွားပြီး ဘာမျှ ထပ်မပြောတော့ဘဲ သူ၏ နတ်ဘုရားဝိညာဉ် အရင်းအမြစ်ကို ထုတ်ယူကာ မုန်လဲ့၏ ရှေ့သို့ ရိုသေလေးစားစွာ ဆက်သလိုက်သည်။

"ကျွန်တော် အညံ့ခံပါပြီ..."

"နတ်ဘုရားဝိညာဉ် အရင်းအမြစ် တစ်ခုတည်းနဲ့ မလုံလောက်သေးဘူး..."

မုန်လဲ့က သေခြင်းအုပ်စိုးသူ၏ မျက်ခုံးကြားကို ညင်သာစွာ ထိုးလိုက်ရာ အသံတိတ် ပေါက်ကွဲသံ တစ်ခုနှင့်အတူ လင်းလက်တောက်ပနေသော သလင်းကျောက် တစ်ခု ထွက်ပေါ်လာသည်။

ဤသလင်းကျောက်မှာ စက်လုံးပုံသဏ္ဌာန် ရှိပြီး မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပြည့်နှက်နေသည်။ ၎င်းမှာ ပင်မနတ်ဘုရား အမြုတေပင် ဖြစ်လေသည်။ တိတိကျကျ ပြောရလျှင် ၎င်းမှာ ပင်မနတ်ဘုရား အမြုတေ လေးဆယ့်လေးခု ပေါင်းစပ်ထားသော လောကနှလုံးသားပင် ဖြစ်လေသည်။

မုန်လဲ့က လက်ဖြင့် ညင်သာစွာ ညှစ်လိုက်ရာ သလင်းကျောက်မှာ ပြန်လည် ကွဲအက်သွားပြီး ပင်မနတ်ဘုရား အမြုတေ လေးဆယ့်လေးခု အဖြစ်သို့ ပြန်လည် ရောက်ရှိသွားတော့သည်။ သေခြင်းအုပ်စိုးသူမှာ ချက်ချင်းပင် ပါးစပ်မှ သွေးများ ပန်းထွက်လာတော့၏။

"ဒါက မင်းအတွက်ပဲ..."

မုန်လဲ့က ထိုအထဲမှ ပင်မနတ်ဘုရား အမြုတေ တစ်ခုကို သေခြင်းအုပ်စိုးသူထံ ပစ်ပေးလိုက်ပြီး ကျန်ရှိသော လေးဆယ့်သုံးခုပေါ်မှ သေခြင်းအုပ်စိုးသူ၏ နတ်ဘုရားဝိညာဉ် အမှတ်အသားများကို ဖျက်ဆီးပစ်ကာ သိမ်းဆည်းလိုက်သည်။

ထို့နောက် သေခြင်းအုပ်စိုးသူ၏ နတ်ဘုရားဝိညာဉ် အရင်းအမြစ်ကို လုံးဝ ပေါင်းစပ်လိုက်လေသည်။

"အထွတ်အထိပ် ကောင်းကင်ဘုံဆိုတဲ့ ဒီလောက် ကြီးမားတဲ့ ကိတ်မုန့်ကြီးကို မင်း တစ်ယောက်တည်း စားလို့ ဘယ်ဖြစ်မလဲ တခြားသူတွေကိုလည်း ခွဲပေးရဦးမယ်လေ ဟုတ်တယ် မဟုတ်လား..."

မုန်လဲ့က သေခြင်းအုပ်စိုးသူကို ကြည့်ကာ ပြောလိုက်သည်။

"ဟုတ် ဟုတ်ကဲ့ပါ အရှင်သခင်က အရမ်း ဉာဏ်ပညာ ကြီးမားလှပါတယ်..."

သေခြင်းအုပ်စိုးသူက မည်သို့ ကန့်ကွက်ရဲမည်နည်း။

"ကောင်းတယ်..."

မုန်လဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး အသက်အုပ်စိုးသူဘက်သို့ လှည့်ကြည့်လိုက်သည်။

"မင်းကော..."

"ကျွန်မလည်း အညံ့ခံပါပြီ..."

အသက်အုပ်စိုးသူက အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ မုန်လဲ့၏ ခြေရင်းတွင် တိုက်ရိုက် ဒူးထောက်လိုက်ပြီး သူမ၏ နတ်ဘုရားဝိညာဉ် အရင်းအမြစ်ကို ဆက်သလိုက်သည်။

"လိမ္မာတယ်..."

မုန်လဲ့က အသက်အုပ်စိုးသူ၏ နတ်ဘုရားဝိညာဉ် အရင်းအမြစ်ကို ပေါင်းစပ်လိုက်ပြီးနောက် ဆက်ပြောသည်။

"သွားတော့ အထွတ်အထိပ် ကောင်းကင်ဘုံက ပင်မနတ်ဘုရား လေးဆယ့်လေးပါးနဲ့ နတ်ဘုရားမျိုးနွယ်စု လေးဆယ့်လေးခုရဲ့ ရတနာတိုက်တွေကို ဒီကို ယူလာခဲ့ကြ မင်းတို့ အုပ်စိုးသူ လေးပါးရဲ့ လက်အောက်က နတ်ဘုရားမျိုးနွယ်စု ရတနာတိုက်တွေကိုလည်း မမေ့နဲ့ဦးနော်..."

"ဟုတ်ကဲ့ပါ အရှင်သခင်..."

အသက်အုပ်စိုးသူနှင့် သေခြင်းအုပ်စိုးသူတို့က အရိုအသေပေးပြီး နေရာရွှေ့ပြောင်းကာ ထွက်ခွာသွားကြသည်။ တစ်ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် သူတို့ ပြန်ရောက်လာကြပြီး အာကာသ လက်စွပ်များကို ဆက်သကြလေသည်။

"မြန်သားပဲ..."

မုန်လဲ့က ချီးကျူးလိုက်ပြီး အာကာသ လက်စွပ်များကို လှမ်းယူလိုက်သည်။

သိမ်းစရာရှိတာ သိမ်း။

ပစ်စရာရှိတာ ပစ်။

ကောင်းကင်ဘုံ နတ်ဘုရားမျိုးနွယ်စု ဆိုသည့်အတိုင်း နတ်ဘုရားမျိုးနွယ်စု လေးဆယ့်ရှစ်ခု၏ ချမ်းသာကြွယ်ဝမှုမှာ စိတ်ကူးမယဉ်နိုင်လောက်အောင်ပင် ဖြစ်လေသည်။ အားလုံး သိမ်းဆည်းပြီးနောက် မုန်လဲ့၏ ချမ်းသာကြွယ်ဝမှုမှာ အထွတ်အထိပ် နတ်ဘုရားသလင်းကျောက် ၅၀၀ ထပ်မံ တိုးပွားလာပြီး စုစုပေါင်း ချမ်းသာကြွယ်ဝမှုမှာ သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသော အထွတ်အထိပ် နတ်ဘုရားသလင်းကျောက် ၁၀၀၀ အထိ ရောက်ရှိသွားခဲ့လေပြီ။

ဤသည်မှာ တကယ့်ကို သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသော ဖြစ်ရပ်ပင် ဖြစ်လေသည်။

ဤမျှလောက် များပြားသော ငွေကြေးများ ရှိနေပြီ ဖြစ်ရာ သေချာပေါက် သုံးစွဲရမည် ဖြစ်သည်။

"စနစ် ငါ့ရဲ့ ဝိညာဉ်ကို အဆင့်မြှင့်တင်ဖို့ အထွတ်အထိပ် နတ်ဘုရားသလင်းကျောက် ဘယ်လောက် လိုအပ်လဲ..."

"ဒင် ပိုင်ရှင်၏ လက်ရှိ ဝိညာဉ်မှာ အထွတ်အထိပ် အုပ်စိုးသူ အဆင့်နှင့် ညီမျှပါသည် အဆင့်မြှင့်တင်ပြီးပါက စကြဝဠာ အထွတ်အထိပ် နတ်ဘုရား အဆင့်နှင့် ညီမျှသွားပါမည် ခန့်မှန်း ကုန်ကျစရိတ် အထွတ်အထိပ် နတ်ဘုရားသလင်းကျောက် ၅၀၀ အဆင့်မြှင့်တင်မည်လားဟု မေးပါရစေ..."

စနစ်က အေးစက်စွာ မေးလိုက်သည်။

"အထွတ်အထိပ် နတ်ဘုရားသလင်းကျောက် ၅၀၀ ဟုတ်လား ထားလိုက်ပါတော့..."

မုန်လဲ့က ငြင်းပယ်လိုက်သည်။

ယခု သူ၏ ချမ်းသာကြွယ်ဝမှုမှာ အထွတ်အထိပ် နတ်ဘုရားသလင်းကျောက် ၁၀၀၀ အထိ ရောက်ရှိနေပြီ ဖြစ်သော်လည်း ဤပမာဏသည် နတ်ဘုရားမျိုးနွယ်စု ၁၄၈ ခုကို လုယူပြီးမှ စုဆောင်းရရှိထားခြင်း ဖြစ်သည်။ နောင်တွင် ချမ်းသာကြွယ်ဝမှု တိုးပွားရန်အတွက် သရဲလောက၊ မိစ္ဆာလောက၊ ငရဲလောကနှင့် အမှောင်ကမ္ဘာတို့ကို သွားရောက် လုယူမှသာ ရနိုင်မည် ဖြစ်သည်။

ထိုသို့မဟုတ်ပါက ချမ်းသာကြွယ်ဝမှု ရရှိရန် အလွန် ခက်ခဲမည် ဖြစ်သည်။ မိစ္ဆာလောက စသည့် နေရာများကို အကုန် လုယူလျှင်တောင် မည်မျှ ရရှိနိုင်မည်နည်း။

အထွတ်အထိပ် နတ်ဘုရားသလင်းကျောက် ၁၀၀၀ လား။

သို့မဟုတ် ထိုထက်ပိုများသော အထွတ်အထိပ် နတ်ဘုရားသလင်းကျောက် ၂၀၀၀ လား။

သို့သော် ထိုထက်တော့ များနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် လောလောဆယ်တော့ ချွေတာသုံးစွဲရမည် ဖြစ်သည်။

"သွားကြစို့ ဖျက်ဆီးခြင်းအုပ်စိုးသူဆီကို သွားကြမယ်…”

All Chapters