← Chapters

အခန်း ၄၂၄

Vol. 43 Ch. 424

အခန်း ၄၂၄

Vol. 43 Ch. 424

အခန်း ၄၂၄ ကံကြမ္မာ နိယာမတရားနှင့် စကြဝဠာသခင်

မည်မျှနက်မှန်း မသိရသော မြေအောက် လေဟာနယ် တစ်ခုအတွင်း ဖျက်ဆီးခြင်းအုပ်စိုးသူသည် လေဟာနယ်၏ အလယ်ဗဟိုတွင် တင်ပျဉ်ခွေထိုင်လျက် ကံကြမ္မာ နိယာမတရားကို အလျင်အမြန် နားလည်သဘောပေါက်ရန် ကြိုးစားနေသည်။

သူ၏ ကိုယ်ပေါ်မှ အရှိန်အဝါများမှာ များစွာ ပြောင်းလဲသွားခြင်း မရှိသော်လည်း ထွက်ပေါ်လာသော နတ်ဘုရားဝိညာဉ် ဖိအားများမှာမူ ပိုမို ကြောက်မက်ဖွယ်ကောင်းလာလေသည်။

တစ်ချိန်တည်းမှာပင် မှန်းဆ၍ မရနိုင်သော လွင့်မျောနေသော ရှိသလိုလို မရှိသလိုလို ဖြစ်နေသော စိတ်ကူးယဉ် အရှိန်အဝါများက သူ၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာပြီး လေဟာနယ် တစ်ခုလုံးကို လွှမ်းခြုံထားလေသည်။

မီးခိုးရောင် အရိုးစုမှာ ခေါင်းတလားထဲတွင် ရပ်လျက် မီးခိုးရောင် သရဲမီးတောက်များ တဖျပ်ဖျပ် လင်းလက်နေပြီး အဘယ်အရာကို တွေးတောနေမှန်း မသိရချေ။

"မြန်တယ် မြန်မြန် ပေါင်းစပ်အောင်မြင်တော့မယ်"

"ဒီကံကြမ္မာ နိယာမတရား အစအနလေးကို ပေါင်းစပ်လိုက်တာနဲ့ မင်းက အထွတ်အထိပ် နတ်ဘုရားအဆင့်ကို ရောက်သွားလိမ့်မယ် အဲဒီအချိန်ကျရင် ဒီခေတ်ကာလထဲက မတည်ငြိမ်မှု အကြောင်းရင်း အားလုံးကို ချေမှုန်းပြီး ငါတို့အတွက် အချိန်ဆွဲပေးဖို့ လုံလောက်သွားပြီ"

"ဒီခေတ်ကာလက ငါတို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ ဘာအမှားအယွင်းမှ ဖြစ်လို့ မရဘူး"

အချိန်မည်မျှ ကြာသွားမှန်း မသိရသော်လည်း ဖျက်ဆီးခြင်းအုပ်စိုးသူက ရုတ်တရက် မျက်လုံးဖွင့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ အလွန်တရာ နက်ရှိုင်းနေပြီး မျက်လုံးများထဲတွင် လျှို့ဝှက်ဆန်းကြယ်သော နိယာမတရား လှိုင်းဂယက်များ ထွက်ပေါ်နေလေသည်။

"အောင်မြင်သွားပြီလား"

မီးခိုးရောင် အရိုးစုက စူးရှသောအသံဖြင့် မေးလိုက်သည်။

"အောင်မြင်သွားပြီ"

ဖျက်ဆီးခြင်းအုပ်စိုးသူက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

"ဒီကံကြမ္မာ နိယာမတရား အစအနလေးကို ငါ အပြည့်အဝ ပေါင်းစပ်ပြီးသွားပြီ လုံးဝ ခြားနားတဲ့ နယ်ပယ်တစ်ခုကို ရောက်သွားပြီ အချိန်ပေးရင် ကံကြမ္မာ နိယာမတရားကို အပြည့်အဝ ထိန်းချုပ်ပြီး ကံကြမ္မာ အထွတ်အထိပ် နတ်ဘုရား ဖြစ်လာနိုင်မယ်လို့ ငါ ယုံကြည်တယ်"

"အရမ်းကောင်းတယ်"

"ကံကြမ္မာ စည်းမျဉ်းနဲ့ အချိန်ကာလ နေရာဒေသတွေက အထွတ်အထိပ် နိယာမတရား ငါးခုရဲ့ အထက်မှာရှိတဲ့ လောကဖန်တီးခြင်း နိယာမတရား သုံးခုပဲ အဲဒီထက် ပိုမြင့်တဲ့ နိယာမတရား ဆိုတာ မရှိတော့ဘူး"

မီးခိုးရောင် အရိုးစုက အလွန် ကျေနပ်သွားသည်။

"တကယ်လို့ စကြဝဠာ သန္ဓေသား တစ်ခုကို ရနိုင်ရင် ပြည့်စုံတဲ့ စကြဝဠာ တစ်ခုကို ဖန်တီးနိုင်မယ် အဲဒီနောက် စကြဝဠာရဲ့ မူလအရင်းအမြစ်ကို ပေါင်းစပ်ပြီး အထွတ်အထိပ် ရောက်တဲ့ စကြဝဠာသခင် ဖြစ်လာနိုင်တယ် ဒဏ္ဍာရီထဲက ဟုန်မုန် လောကဖန်တီးခြင်း နတ်ဘုရားနဲ့ တန်းတူ ဖြစ်သွားလိမ့်မယ်"

"ဒါပေါ့ ဒီမှာက အသင့်ရှိနေတဲ့ စကြဝဠာကြီး ရှိနေတာပဲ အဝေးကြီး သွားပြီး စကြဝဠာ အသစ် ဖန်တီးစရာ မလိုပါဘူး ဒီစကြဝဠာထဲက မတည်ငြိမ်မှု အကြောင်းရင်း အားလုံးကို ချေမှုန်းပြီး ဒီခေတ်ကာလ ကုန်ဆုံးလို့ သံသရာ ပျက်သုဉ်းမှုကြီး ရောက်လာတဲ့ အချိန်ကျရင် စကြဝဠာရဲ့ မူလအရင်းအမြစ်ကို ပေါင်းစပ်လိုက်ရုံပဲ"

စကြဝဠာရဲ့ မူလအရင်းအမြစ်ကို ပေါင်းစပ်မယ် ..စကြဝဠာသခင် ဖြစ်လာမယ် ….ဒဏ္ဍာရီထဲက ဟုန်မုန် လောကဖန်တီးခြင်း နတ်ဘုရားနဲ့ တန်းတူ ဖြစ်သွားမယ်။

ဖျက်ဆီးခြင်းအုပ်စိုးသူ၏ အကြည့်များမှာ အနည်းငယ် ပူပြင်းလာပြီး အသံထဲတွင် အဆုံးအစမရှိသော သတ်ဖြတ်လိုစိတ်များ ပါဝင်နေကာ ဖြည်းညင်းစွာ ပြောလိုက်သည်။

"မုန်လဲ့ သေကိုသေရမယ် သေခြင်းအုပ်စိုးသူ အသက်အုပ်စိုးသူ အထွတ်အထိပ် သရဲနတ်ဘုရား သေမင်းဘုရင် ဒီကောင်တွေ အကုန်လုံး သေကိုသေရမယ်"

"ဟုတ်တယ် သူတို့ သေကိုသေရမယ်"

မီးခိုးရောင် အရိုးစုက ပြောလိုက်သည်။

"မှတ်ထား ဒီခေတ်ကာလက ငါတို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ ဒီခေတ်ကာလကို လွတ်သွားရင် ငါတို့ ဘယ်တော့မှ ပြန်မထနိုင်တော့ဘူး"

"ငါ သိပါတယ်"

ဖျက်ဆီးခြင်းအုပ်စိုးသူက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

"မင်း ဆက်အိပ်လိုက်ပါဦး မုန်လဲ့ကို သွားရှင်းလိုက်ဦးမယ်"

"သွားတော့လေ"

မီးခိုးရောင် အရိုးစုက သမ်းဝေလိုက်ပြီး ခေါင်းတလားထဲသို့ ပြန်ဝင်လှဲလျောင်းလိုက်ရာ လေထဲတွင် လွင့်မျောနေသော ခေါင်းတလားအဖုံးမှာ ဖြည်းညင်းစွာ ကျဆင်းလာပြီး ပြန်လည် ပိတ်သွားတော့သည်။

ဖျက်ဆီးခြင်းအုပ်စိုးသူက ခေါင်းတလားကို တစ်ချက် ကြည့်လိုက်ပြီးနောက် လေဟာနယ်ထဲမှ ထွက်ခွာလာကာ အပေါ်သို့ ဆက်တိုက် တက်သွားလေသည်။ တစ်နာရီကျော် ကြာပြီးနောက် မြေပြင်ပေါ်သို့ ပြန်လည် ရောက်ရှိလာသည်။

"မုန်လဲ့ ငါ လာပြီ"

ဖျက်ဆီးခြင်းအုပ်စိုးသူသည် ကံကြမ္မာ လမ်းကြောင်းများကို စတင် စစ်ဆေးပြီး မုန်လဲ့၏ ခြေရာကို ရှာဖွေတော့သည်။

လူတိုင်းတွင် ကံကြမ္မာ ရှိကြသည်။ သို့မဟုတ် သက်ရှိတိုင်း၊ လောကတိုင်းတွင် မိမိတို့၏ ကိုယ်ပိုင် ကံကြမ္မာများ ရှိကြသည်။ ကံကြမ္မာဆိုသည်မှာ ရှေ့သို့ အဆက်မပြတ် ဆန့်ထွက်နေသော မျဉ်းကြောင်း တစ်ကြောင်းနှင့် တူပြီး သက်ရှိ သေဆုံးခြင်း သို့မဟုတ် လောက ပျက်စီးခြင်းမှလွဲ၍ ကံကြမ္မာ လမ်းကြောင်းများ ရပ်တန့်သွားမည် မဟုတ်ချေ။

သေချာသည်မှာ သက်ရှိ တစ်ကောင်၏ ကံကြမ္မာ လမ်းကြောင်း ဖြတ်တောက်ခံလိုက်ရပါက ထိုသက်ရှိ၏ ကံကြမ္မာ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း အဓိပ္ပာယ်ရသည်။ သွားစရာ ကံကြမ္မာ လမ်းကြောင်း မရှိတော့သဖြင့် ထိုသက်ရှိလည်း သေဆုံးသွားရမည်မှာ သေချာပေသည်။

ကံကြမ္မာ နိယာမတရားကို အနည်းငယ်မျှ နားလည်ထားရုံဖြင့် ဖျက်ဆီးခြင်းအုပ်စိုးသူသည် သက်ရှိတိုင်း၏ ကံကြမ္မာ လမ်းကြောင်းများကို မြင်တွေ့နိုင်စွမ်း ရှိလေသည်။ တစ်ချက် ဝေ့ကြည့်လိုက်ရုံဖြင့် လေဟာနယ်ထဲတွင် ထူထပ်လှသော ကံကြမ္မာ လမ်းကြောင်းများ လွင့်မျောနေသည်ကို တွေ့ရပြီး တချို့က တုတ်ခိုင်ကာ တချို့က သေးငယ်နေကြသည်။

တချို့မှာ နေမင်းကြီးကို ဖြတ်သန်းသွားသော သက်တံအလား အနီရောင်မှ ခရမ်းရင့်ရောင်သို့ ပြောင်းလဲနေပြီး ထိုသက်ရှိသည် အလွန် ကံကောင်းနေကာ အခွင့်အရေးများ အဆက်မပြတ် ရရှိနေမည် ဖြစ်ကြောင်း ဖော်ပြနေသည်။

တချို့ ကံကြမ္မာ လမ်းကြောင်းများမှာမူ ဥတိုက်တစ်ခုအလား အလွန် အန္တရာယ်များနေပြီး လေပြေလေး တိုက်လိုက်ရုံဖြင့် ပြတ်တောက်သွားနိုင်ချေ ရှိသည်။ ဤသည်က ထိုသက်ရှိသည် ကံမကောင်း အကြောင်းမလှဘဲ တစ်သက်လုံး ဒုက္ခရောက်ရမည် ဖြစ်ကြောင်း ဖော်ပြနေလေသည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် ကံဆိုးနေခြင်းပင် ဖြစ်သည်။

သေချာသည်မှာ ကံကြမ္မာ လမ်းကြောင်းများသည် တစ်ခုနှင့်တစ်ခု သီးခြားစီ တည်ရှိနေခြင်း မဟုတ်ဘဲ သက်ရှိများစွာ၏ ကံကြမ္မာ လမ်းကြောင်းများမှာ ရစ်နွယ်နေတတ်ကြသည်။ ဤသည်က ထိုသက်ရှိများသည် အချင်းချင်း ဆက်စပ်မှု ရှိကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။

ကံကြမ္မာ လမ်းကြောင်းများ မရေမတွက်နိုင်အောင် များပြားလှသော်လည်း ထိုအထဲမှ မုန်လဲ့၏ ကံကြမ္မာ လမ်းကြောင်းကို ရှာဖွေရန်မှာ သိပ်မခက်ခဲလှပေ။ မုန်လဲ့က အလွန် အစွမ်းထက်လှသဖြင့် သူ၏ ကံကြမ္မာ လမ်းကြောင်းမှာ သေချာပေါက် အလွန် တုတ်ခိုင်နေမည် ဖြစ်ရာ အတုတ်ခိုင်ဆုံး လမ်းကြောင်းကို ရှာဖွေလိုက်ရုံပင် ဖြစ်သည်။

ထိုသို့ တွေးတောရင်း ဖျက်ဆီးခြင်းအုပ်စိုးသူသည် အတုတ်ခိုင်ဆုံး ကံကြမ္မာ လမ်းကြောင်းများစွာကို အလျင်အမြန် ရှာဖွေတွေ့ရှိသွားသည်။

သို့သော် သူ စစ်ဆေးကြည့်လိုက်သောအခါ ၎င်းတို့မှာ မုန်လဲ့၏ ကံကြမ္မာ လမ်းကြောင်းများ မဟုတ်ကြောင်း တွေ့ရှိရသဖြင့် ဖျက်ဆီးခြင်းအုပ်စိုးသူမှာ အလွန် အံ့ဩသွားရသည်။ မုန်လဲ့၏ ကံကြမ္မာ လမ်းကြောင်းကို ဘာကြောင့် ရှာမတွေ့ရသနည်း။

ရှာကြည့် ….ရှာကြည့် …တစ်နေကုန် ရှာကြည့်သော်လည်း ရှာမတွေ့သေးချေ။

သို့သော် ဖျက်ဆီးခြင်းအုပ်စိုးသူသည် အဝေးဆီတွင် တံတိုင်းကြီး တစ်ခုကို တွေ့လိုက်ရသည်။ ထိုတံတိုင်းကြီးမှာ အလွန်တရာ မြင့်မားပြီး ကြီးမားလှကာ ကံကြမ္မာ လေဟာနယ် တစ်ခုလုံးနီးပါးကို နေရာယူထားသဖြင့် မည်သူမဆို ချက်ချင်း သတိထားမိနိုင်လေသည်။

ဖျက်ဆီးခြင်းအုပ်စိုးသူသည် ကံကြမ္မာ လေဟာနယ်သို့ စတင် ရောက်ရှိချိန်ကတည်းက ဤတံတိုင်းကြီးကို မြင်တွေ့ခဲ့ရသော်လည်း အရေးမပါဟု ထင်မှတ်ခဲ့ပြီး ကံကြမ္မာ လမ်းကြောင်းဟုပင် မထင်မှတ်ခဲ့ချေ။ အကြောင်းမှာ ထိုတံတိုင်းကြီးမှာ အလွန် ကြီးမား မြင့်မားလွန်းသဖြင့် ကံကြမ္မာ လမ်းကြောင်း ဖြစ်ရန် မဖြစ်နိုင်သောကြောင့်ပင်။

ဖျက်ဆီးခြင်းအုပ်စိုးသူက ဆက်လက် ရှာဖွေရာ လမ်းကြောင်းတိုင်းကို သေချာ စစ်ဆေးခဲ့ပြီး သေခြင်းအုပ်စိုးသူ၊ အသက်အုပ်စိုးသူ၊ အထွတ်အထိပ် သရဲနတ်ဘုရား၊ သေမင်းဘုရင် စသည့် စကြဝဠာထဲမှ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များ အားလုံး၏ ကံကြမ္မာ လမ်းကြောင်းများကို ရှာဖွေတွေ့ရှိခဲ့သော်လည်း မုန်လဲ့၏ ကံကြမ္မာ လမ်းကြောင်းကိုတော့ ရှာမတွေ့ခဲ့ချေ။

"ဒီကောင်မှာ ကံကြမ္မာ မရှိတာများလား"

ဖျက်ဆီးခြင်းအုပ်စိုးသူမှာ အနည်းငယ် ရူးသွပ်ချင်လာသည်။ ထိုအချိန်တွင် အဝေးဆီမှ တံတိုင်းကြီးမှာ သူ့ဆီသို့ တဖြည်းဖြည်း နီးကပ်လာသည်ကို သူ ရုတ်တရက် သတိထားမိလိုက်သဖြင့် ဖျက်ဆီးခြင်းအုပ်စိုးသူမှာ ကြောင်အမ်းသွားသည်။

"ဒီတံတိုင်းကြီးက ရွေ့လျားနေတာလား ဘာတွေ ဖြစ်နေတာလဲ"

ဖျက်ဆီးခြင်းအုပ်စိုးသူ ကြောင်အမ်းနေစဉ်မှာပင် တံတိုင်းကြီးသည် သူ၏ ရှေ့သို့ ရောက်ရှိလာပြီး သူ၏ ကံကြမ္မာ လမ်းကြောင်းနှင့် ထိတွေ့သွားတော့သည်။ ဤတံတိုင်းကြီး၏ ရှေ့တွင် သူ၏ ကံကြမ္မာ လမ်းကြောင်းမှာ နေမင်းကြီးရှေ့မှ ပိုးစုန်းကြူးလေး တစ်ကောင်အလား ဖြစ်နေကြောင်း ဖျက်ဆီးခြင်းအုပ်စိုးသူ တွေ့ရှိလိုက်ရသည်။

၎င်းတို့နှစ်ခုမှာ လုံးဝ နှိုင်းယှဉ်၍ မရနိုင်ချေ။

ကံကြမ္မာ လမ်းကြောင်းများ ထိတွေ့သွားခြင်းမှာ သက်ရှိနှစ်ဦး ဆုံတွေ့ခြင်းကို ဆိုလိုသဖြင့် ဖျက်ဆီးခြင်းအုပ်စိုးသူမှာ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး တစ်ခုခုကို သတိရသွားသည်။

"ဖြစ်... ဖြစ်နိုင်တာက..."

ထိုအချိန်တွင် လှောင်ပြောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"ဖျက်ဆီးခြင်းအုပ်စိုးသူ မင်း ဒီမှာ ဘာရပ်လုပ်နေတာလဲ ငါ လာမယ်ဆိုတာ သိလို့ စောင့်နေတာလား"

ဒီအသံက

ဖျက်ဆီးခြင်းအုပ်စိုးသူသည် ကံကြမ္မာ လေဟာနယ်ထဲမှ ချက်ချင်း ထွက်ခွာလာပြီး လက်တွေ့ ကမ္ဘာသို့ ပြန်လည် ရောက်ရှိလာသည်။ ထို့နောက် မလှမ်းမကမ်းတွင် ရပ်နေသော မုန်လဲ့ကို တွေ့လိုက်ရပြီး သူက သူ့ကို တိတ်ဆိတ်စွာ ကြည့်နေလေသည်။ သေခြင်းအုပ်စိုးသူနှင့် အသက်အုပ်စိုးသူတို့ကလည်း ခွေးနှစ်ကောင်အလား မုန်လဲ့၏ နောက်တွင် ကပ်လျက် ပါလာကြသည်။

"မင်း မင်း မင်း..."

ဖျက်ဆီးခြင်းအုပ်စိုးသူက မုန်လဲ့ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာများ ပြည့်နှက်နေပြီး အလွန်အမင်း ထိတ်လန့်နေသည်လား၊ အံ့ဩနေသည်လား မသိရချေ။ စကားကိုပင် ဖြောင့်အောင် မပြောနိုင်တော့ပေ။

"ဘယ်လိုလဲ"

မုန်လဲ့က မျက်ခုံးပင့်လိုက်သည်။

"မုန်လဲ့"

ဖျက်ဆီးခြင်းအုပ်စိုးသူက တည်ငြိမ်မှုကို ပြန်လည် ရယူလိုက်ပြီး မုန်လဲ့ကို ရူးသွပ်စွာ စိုက်ကြည့်နေသည်။ သူ၏ မျက်ဝန်းများထဲတွင် ယခင်က တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

"ဒီနေ့ မင်း သေကိုသေရမယ် မင်း သေချာပေါက် သေရမယ်"

"ငါ့ကို သတ်မယ် ဟုတ်လား မင်းကများလား"

မုန်လဲ့က ခေါင်းခါကာ ရယ်မောလိုက်ပြီး အထင်သေးစွာ ပြောလိုက်သည်။

"မင်းကို အထင်သေးတာ မဟုတ်ဘူးနော် မင်းက ငါ့ရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်သေးဘူး"

"သေစမ်း"

ဖျက်ဆီးခြင်းအုပ်စိုးသူက တိုးတိတ်စွာ ဟိန်းဟောက်လိုက်ပြီး လက်သီးတစ်ချက် အဟုန်ပြင်းစွာ ထိုးချလိုက်သည်။ လက်သီးပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော နိယာမတရား လှိုင်းဂယက်များ ထွက်ပေါ်လာပြီး မုန်လဲ့ကို ပြင်းထန်စွာ ထိုးနှက်သွားတော့၏။

အံ့ဩစရာ ကောင်းသည်မှာ ဤလက်သီးချက်သည် မည်သည့် အာကာသ လှိုင်းဂယက်ကိုမျှ မဖြစ်ပေါ်စေခဲ့သလို မည်သည့် စွမ်းအားကိုမျှလည်း မပြသခဲ့ချေ။ မုန်လဲ့ကလည်း နောက်ဆုတ်ခြင်း မရှိသလို လှုပ်ရှားခြင်းလည်း မရှိချေ။ ဤလက်သီးချက်မှာ လုံးဝ မရှိခဲ့သည့်အလား ဖြစ်နေသည်။

သို့သော် မုန်လဲ့သည် ပြင်းထန်သော တိုက်ခိုက်မှု တစ်ခုကို ခံလိုက်ရကြောင်း ခံစားလိုက်ရသည်။ အသက်အန္တရာယ် မရှိသော်လည်း သူ အနည်းငယ် အားနည်းသွားကြောင်း ခံစားလိုက်ရသည်။ ဤသည်မှာ တကယ့်ကို အားနည်းသွားခြင်း ဖြစ်ပြီး မည်သို့ ရှင်းပြရမှန်း မသိသော်လည်း အမှန်တကယ် အားနည်းသွားခြင်းပင် ဖြစ်လေသည်။

"ဒါက ဘယ်လို တိုက်ခိုက်မှုမျိုးလဲ"

မုန်လဲ့က ဖျက်ဆီးခြင်းအုပ်စိုးသူကို ယုံကြည်နိုင်စွမ်း မရှိသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ ဟုန်မုန် ခန္ဓာကိုယ်ကို ဖန်တီးပြီးကတည်းက သူ့ကို မည်သူကမျှ အနာတရ ဖြစ်အောင် မလုပ်နိုင်ခဲ့ချေ။

ဖျက်ဆီးခြင်းအုပ်စိုးသူကတော့ လုပ်နိုင်ခဲ့လေပြီ။

ထို့အပြင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား တစ်မျိုးကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

မုန်လဲ့ အနေဖြင့် မည်သို့ မအံ့ဩဘဲ နေနိုင်မည်နည်း။

"ခွေးယုတ်"

ဖျက်ဆီးခြင်းအုပ်စိုးသူမှာလည်း အလွန်အမင်း အံ့ဩနေလေသည်။ ကံကြမ္မာ စွမ်းအားများ ပါဝင်နေသော သူ၏ တိုက်ခိုက်မှုက မုန်လဲ့၏ ကံကြမ္မာကို အနည်းငယ်မျှပင် မလှုပ်ရှားနိုင်ခဲ့ကြောင်း သူ တွေ့ရှိလိုက်ရသည်။ တိတိကျကျ ပြောရလျှင် မုန်လဲ့၏ ကံကြမ္မာကို ကိုယ်စားပြုသော တံတိုင်းကြီးက အနည်းငယ်မျှသာ တုန်ခါသွားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အခြား မည်သည့် အရာမျှ မဖြစ်ပေါ်ခဲ့ချေ။

"ကျစ် မင်းရဲ့ ကံကြမ္မာက ဘာလို့ ဒီလောက်အထိ ကြောက်စရာကောင်းအောင် အစွမ်းထက်နေရတာလဲ"

ဖျက်ဆီးခြင်းအုပ်စိုးသူမှာ အနည်းငယ် စိတ်ပျက်သွားသည်။

သူက ကံကြမ္မာ စွမ်းအား အနည်းငယ်ကို နားလည်ထားသော်လည်း ၎င်းမှာ အနည်းငယ်မျှသာ ဖြစ်သည်။ မုန်လဲ့၏ ကံကြမ္မာမှာမူ တံတိုင်းကြီး တစ်ခုအလား ဖြစ်နေရာ ဤအရာကို မည်သို့ ချေမှုန်းနိုင်မည်နည်း။ သူ့တွင် ဥဒေါင်းတောင် ရွှေ့မည့် ဇွဲလုံ့လ ရှိလျှင်တောင် ဤမျှလောက် ကြီးမားသော တံတိုင်းကြီးကို လှုပ်ရှားနိုင်မည် မဟုတ်ချေ။

"ကံကြမ္မာ ဒါ ကံကြမ္မာရဲ့ စွမ်းအားများလား"

မုန်လဲ့၏ မျက်လုံးများ လင်းလက်သွားပြီး စိတ်အားထက်သန်စွာ မေးလိုက်သည်။

"မင်းက ကံကြမ္မာ နိယာမတရားကို နားလည်သွားတာလား"

"ဟုတ်တော့ကော ဘာဖြစ်လဲ"

အကယ်၍ မုန်လဲ့က ယခင်က ဤသို့ မေးခဲ့လျှင် ဖျက်ဆီးခြင်းအုပ်စိုးသူက အလွန် ဂုဏ်ယူဝင့်ကြွားနေမည်မှာ သေချာသည်။ ကံကြမ္မာ နိယာမတရားဆိုသည်မှာ အထွတ်အထိပ် နိယာမတရားများ၏ အထက်တွင်ရှိသော လောကဖန်တီးခြင်း နိယာမတရား သုံးခုထဲမှ တစ်ခု ဖြစ်ပြီး ကံကြမ္မာ နိယာမတရား အနည်းငယ်ကို နားလည်ရုံဖြင့် အထွတ်အထိပ် နတ်ဘုရား အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

ဤသည်မှာ မည်မျှလောက် ကြီးကျယ်ခမ်းနားသနည်း။

သို့သော် ယခုအချိန်တွင်မူကား ဖျက်ဆီးခြင်းအုပ်စိုးသူမှာ အနည်းငယ်မျှ ပျော်ရွှင်နိုင်စွမ်း မရှိတော့ချေ။

"ကံကြမ္မာ နိယာမတရား"

"မင်း ကံကြမ္မာ နိယာမတရားကို နားလည်သွားတာလား"

အသက်အုပ်စိုးသူမှာ အံ့ဩသွားပြီး ဖျက်ဆီးခြင်းအုပ်စိုးသူကို ယုံကြည်နိုင်စွမ်း မရှိစွာဖြင့် ကြည့်လိုက်သည်။ သေခြင်းအုပ်စိုးသူကတော့ ထိုမျှလောက် အံ့ဩခြင်း မရှိဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီဆာရေးက ပြီးခဲ့တဲ့ ခေတ်ကာလကတည်းက အသက်ရှင်လာခဲ့တဲ့ မိစ္ဆာအိုကြီး ဆိုတော့... သူ ကံကြမ္မာ နိယာမတရားကို နားလည်သွားတာ ငါ မဆန်းဘူးလို့ ထင်တယ်"

"ပြီးခဲ့တဲ့ ခေတ်ကာလ"

အသက်အုပ်စိုးသူမှာ ကြောင်အမ်းသွားသည်။

"ကံကြမ္မာ နိယာမတရား ဟားဟား ဖျက်ဆီးခြင်းအုပ်စိုးသူ ကျေးဇူးပဲကွာ"

မုန်လဲ့က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရာ သူ၏ ရယ်သံထဲတွင် ပျော်ရွှင်မှုများနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေလေသည်။

"မိုလော့... အရင်က မင်း ပြောဖူးတယ်လေ... နောက်တစ်ကြိမ် အုပ်စိုးသူ သုံးပါးနဲ့ တွေ့ရင် ငါ့ကို အံ့ဩစရာ တစ်ခု ပေးမယ် ဆိုတာ... ဒါကို ပြောတာလား"

"မင်း ခန့်မှန်းမိသွားပြီပဲ"

မိုလော့က ပြုံးစစဖြင့် ပြောလိုက်သည်။

"အရင်က မင်းနဲ့ အုပ်စိုးသူ သုံးပါး တိုက်ခိုက်ကြတုန်းက... ဖျက်ဆီးခြင်းအုပ်စိုးသူ ဆီကနေ ရင်းနှီးတဲ့ အရှိန်အဝါ တစ်ခုကို ငါ ခံစားမိခဲ့တယ်... သေချာ စောင့်ကြည့်လိုက်တော့ ဒီကောင်က ငါ သိတဲ့သူ ဖြစ်နေတယ်... သူက ပြီးခဲ့တဲ့ ခေတ်ကာလတုန်းက ပေါ်လာဖူးတယ်"

"သူက မင်းလိုပဲ ပြီးခဲ့တဲ့ ခေတ်ကာလက မိစ္ဆာအိုကြီးလား"

မုန်လဲ့က မျက်ခုံးပင့်လိုက်သည်။

"ဟင့်အင်း မတူဘူး"

မိုလော့က ခေါင်းခါလိုက်သည်။

"သူက ပြီးခဲ့တဲ့ ခေတ်ကာလရဲ့ နှောင်းပိုင်းမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့တာ ပြီးတော့ ထွက်ပေါ်လာတာနဲ့ ပြီးပြည့်စုံတဲ့ အထွတ်အထိပ် နတ်ဘုရား အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားတယ် တကယ်လို့ ငါနဲ့ ငါ့သူငယ်ချင်းတွေက အစွမ်းကုန် မတားဆီးခဲ့ရင် ဒီကောင်ရဲ့ လျှို့ဝှက်အကြံအစည် အောင်မြင်လုနီးပါး ဖြစ်သွားမှာ"

"လျှို့ဝှက်အကြံအစည် ဘာလျှို့ဝှက်အကြံအစည်လဲ"

မုန်လဲ့၏ မျက်နှာပေါ်တွင် သံသယဖြစ်မှုများ ထွက်ပေါ်လာသည်။

"စကြဝဠာရဲ့ မူလအရင်းအမြစ်ကို ပေါင်းစပ်ပြီး စကြဝဠာသခင် ဖြစ်လာမယ့် လျှို့ဝှက်အကြံအစည်လေ"

မိုလော့က ဖြည်းညင်းစွာ ရှင်းပြသည်။

"စကြဝဠာသခင် ဆိုတာ နာမည်အတိုင်းပဲ စကြဝဠာ တစ်ခုရဲ့ သခင်ကို ခေါ်တာ... စကြဝဠာသခင် ဖြစ်သွားရင် ဒဏ္ဍာရီထဲက ဟုန်မုန် လောကဖန်တီးခြင်း နတ်ဘုရားနဲ့ တန်းတူ ဖြစ်သွားပြီး... စကြဝဠာရဲ့ အပြင်ဘက်ကို တကယ် လွတ်မြောက်သွားနိုင်တယ်... သံသရာ ပျက်သုဉ်းမှုကြီးရဲ့ လွှမ်းမိုးမှုအောက်ကနေလည်း လွတ်မြောက်သွားနိုင်တယ် လို့ ပြောကြတယ်"

"ဒါ့အပြင် သံသရာ ပျက်သုဉ်းမှုကြီးကိုတောင် ထိန်းချုပ်နိုင်စွမ်း ရှိတယ်”

All Chapters