← Chapters

အခန်း ၄၃၀

Vol. 43 Ch. 430

အခန်း ၄၃၀

Vol. 43 Ch. 430

အခန်း ၄၃၀ စည်းမျဥ်းနိယာမတရား

တစ်ယောက်က ပျံသန်းထွက်ပြေးနေပြီး တစ်ယောက်က နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။

မီးခိုးရောင်အရိုးစုနှင့် မုန်လဲ့တို့၏ လိုက်တမ်းပြေးတမ်း ကစားပွဲမှာ အဆက်မပြတ် ဖြစ်ပွားနေခဲ့သည်။ မည်မျှကြာအောင် ရှေ့ဆက်သွားခဲ့မိမှန်း မသိရသော်လည်း သူတို့၏ မျက်စိရှေ့တွင် အောက်ခြေမမြင်ရလောက်အောင် နက်ရှိုင်းလှသော အနက်ရောင် အက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။

မီးခိုးရောင်အရိုးစုက မုန်လဲ့ကို နောက်ပြန်လှည့်ကြည့်လိုက်ပြီး စူးရှစွာ ရယ်မောလိုက်ကာ ထိုအက်ကွဲကြောင်းကြီးထဲသို့ ခေါင်းစိုက်ဆင်းသွားတော့သည်။

"မုန်လဲ့... ခဏနေဦး"

မိုလော့က မုန်လဲ့ကို လှမ်းတားလိုက်သည်။

"ဒီနေရာက အမှောင်ချောက်နက်ကြီးပဲ... မီးခိုးရောင်အရိုးစုက မင်းကို ဒီနေရာရောက်အောင် တမင်သက်သက် မျှားခေါ်လာတာဆိုတော့ သေချာပေါက် လျှို့ဝှက်အကြံအစည် တစ်ခုခု ရှိနေမှာ အသေအချာပဲ"

"ဒါက အမှောင်ချောက်နက်ကြီး ဆိုတာလား... ငါ ရောက်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ"

မုန်လဲ့က မျက်ခုံးပင့်လိုက်သည်။

"အမှောင်ချောက်နက်ကြီးက အောက်ခြေမမြင်ရလောက်အောင် နက်ရှိုင်းတဲ့အပြင် အရမ်းလည်း အန္တရာယ်များတယ်... မီးခိုးရောင်အရိုးစုရဲ့ အကြံအစည်ထဲ သက်ဆင်းမသွားရအောင် မင်း အထဲမဝင်တာ အကောင်းဆုံးပဲလို့ ငါ အကြံပေးချင်တယ်"

မိုလော့က သတိပေးလိုက်လေသည်။

"သူက တကူးတကကြီး ငါ့ကို ဒီအထိရောက်အောင် မျှားခေါ်လာမှတော့... ငါသာ အထဲမဝင်လိုက်ရင် သူ့ကို စိတ်ပျက်သွားစေမှာပေါ့"

မုန်လဲ့က ညင်သာစွာ ခေါင်းခါရမ်းလိုက်ပြီး အမှောင်ချောက်နက်ကြီးထဲသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။ သူက မီးခိုးရောင်အရိုးစု မည်သို့သော အကြံအစည်များ ကြံစည်နေစေကာမူ အနည်းငယ်မျှ ကြောက်ရွံ့နေခြင်း မရှိပေ။ ပြီးပြည့်စုံပြီး အကြွင်းမဲ့ အစွမ်းထက်လှသော စွမ်းအား၏ ရှေ့မှောက်တွင် မည်သို့သော လျှို့ဝှက်အကြံအစည်မျိုးမဆို စက္ကူကျားတစ်ကောင်မျှသာ ဖြစ်လေသည်။ ဤသည်မှာ မုန်လဲ့၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပင် ဖြစ်သည်။

"ကောင်းပြီလေ... အဲဒါဆိုရင်လည်း ဂရုစိုက်ပြီး သွားပါ"

တားဆီး၍ မရနိုင်မှန်း သိလိုက်ရသောအခါ မိုလော့လည်း ဆက်လက်၍ မတိုက်တွန်းတော့ပေ။

အမှောင်ချောက်နက်ကြီးထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင် တစ်ခုလုံးမှာ မျက်စိသူငယ် အာရုံသူငယ် ဖြစ်သွားရလောက်အောင် အကြွင်းမဲ့ အမှောင်ထုကြီးထဲသို့ နစ်မြုပ်သွားတော့သည်။ နေရာအညွှန်းပြစရာ မှီငြမ်းစရာ အရာတစ်ခုမျှ မရှိသဖြင့် မုန်လဲ့ပင်လျှင် မည်သည့်နေရာသို့ ဆက်သွားရမည်မှန်း မသိတော့ချေ။

သို့သော် ကံကောင်းထောက်မစွာဖြင့် မီးခိုးရောင်အရိုးစု၏ တဖျပ်ဖျပ် လင်းလက်နေသော သရဲမီးတောက်လေးမှာ အမှောင်ထုထဲရှိ တစ်ခုတည်းသော အလင်းရောင် အရင်းအမြစ် ဖြစ်နေပြီး မုန်လဲ့ ရှေ့ဆက်သွားရမည့် လမ်းကို ပြသနေလေသည်။

တစ်လျှောက်လုံး နက်ရှိုင်းစွာ ဝင်ရောက်လာလေလေ ပတ်ဝန်းကျင်မှာ ပိုမို၍ မှောင်မိုက်လာလေလေ ပိုမို၍ တိတ်ဆိတ်ငြိမ်သက်လာလေလေ ပိုမို၍ အေးစက်လာလေလေ ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များမှာလည်း ပိုမို၍ ပါးလွှာလာလေလေ ဖြစ်သည်။ အရေးအကြီးဆုံးမှာ နိယာမတရားများပင် တဖြည်းဖြည်း ပါးလွှာလာပြီး အထွတ်အထိပ် နိယာမတရားများပင် ချွင်းချက် မဟုတ်ချေ။

မည်မျှလောက်အထိ နက်ရှိုင်းစွာ ဝင်ရောက်လာမိမှန်း မသိရသော်လည်း မီးခိုးရောင်အရိုးစုက ရုတ်တရက် ရပ်တန့်သွားပြီး မုန်လဲ့ကို လှည့်ကြည့်လာလေသည်။

"ဆက်မသွားတော့ဘူးလား"

မုန်လဲ့က ညင်သာစွာ ပြုံးလျက် မေးလိုက်သည်။

"ဒီထက်ပိုပြီး နက်နက်ရှိုင်းရှိုင်း ဝင်သွားဖို့ မလိုအပ်တော့ဘူး"

မီးခိုးရောင်အရိုးစုက မေးရိုးကို ဟကာပိတ်ကာဖြင့် စူးရှသော ရယ်သံကြီးကို ထုတ်လွှတ်လိုက်လေသည်။

"မင်းက တကယ်ကို သတ္တိကောင်းတာပဲ... ငါ မင်းကို မျှားခေါ်လာမှန်း သိသိကြီးနဲ့တောင် နောက်ကနေ ရဲရဲဝံ့ဝံ့ လိုက်လာရဲသေးတယ်"

"တကယ်လို့ မင်းသာ ကျားရိုင်းတစ်ကောင် ဖြစ်နေမယ်ဆိုရင်... သဘာဝကျကျ ငါလည်း နည်းနည်းပါးပါးတော့ ကြောက်ရွံ့ရမှာပေါ့... ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက မင်းက ကျားရိုင်းတစ်ကောင် မဟုတ်နေဘူး"

မုန်လဲ့က ခေါင်းခါရမ်းလိုက်လေသည်။

"မင်းက အလွန်ဆုံးရှိလှ သိုးလေးတစ်ကောင်သာသာပဲ ရှိတာပါ"

"သိုးလေးတစ်ကောင် ဟုတ်လား... ဟားဟားဟား"

မီးခိုးရောင်အရိုးစုက အနည်းငယ်မျှ ဒေါသထွက်သွားခြင်း မရှိဘဲ စူးရှစွာ ရယ်မောလိုက်လေသည်။

"တကယ်တမ်း ကျားရိုင်းတစ်ကောင်လား သိုးလေးတစ်ကောင်လား ဆိုတာ... စမ်းသပ်ကြည့်ပြီးမှပဲ သိနိုင်မှာ မဟုတ်ဘူးလား"

"မင်းပြောတာလည်း ဟုတ်တာပါပဲ"

မုန်လဲ့က ငြင်းဆန်ခြင်း မပြုပေ။

"လူခေါ်လိုက်တော့လေ... မင်းရဲ့ အကူအညီပေးမယ့်သူတွေ အကုန်လုံးကို ခေါ်ထုတ်လိုက်ပါ... မင်းတို့လို ရှေးဟောင်း မိစ္ဆာအိုကြီးတွေမှာ ဘယ်လို စွမ်းရည်တွေ ရှိလဲဆိုတာ ငါ့ကို မြင်ဖူးခွင့် ပေးစမ်းပါ"

"မင်းကို မသတ်ခင်လေးမှာ ဒီနေရာအကြောင်းကို အရင် မိတ်ဆက်ပေးပါရစေဦး... ဒီနေရာကို အမှောင်ချောက်နက်ကြီးလို့ ခေါ်တယ်... ပြီးခဲ့တဲ့ ခေတ်ကာလရဲ့ သံသရာပျက်သုဉ်းမှုကြီး ရောက်လာတဲ့အချိန်တုန်းက ငါတို့တွေ အပြင်းအထန် တိုက်ခိုက်ခဲ့ကြလို့ ကျန်ရစ်ခဲ့တဲ့ နေရာလေးပေါ့"

မီးခိုးရောင်အရိုးစုက ပြုံးလျက် ပြောလာသည်။

"ခေတ်ကာလအသစ် ရောက်လာတဲ့အခါမှာ ဒီနေရာကို စကြဝဠာရဲ့ နိယာမတရားတွေက ပြန်လည် ပြုပြင်မွမ်းမံခဲ့ပေမယ့်... ကျန်ရစ်ခဲ့တဲ့ လောကဖန်တီးခြင်း နိယာမတရားတွေက အရမ်းကို သိပ်သည်းလွန်းနေတော့... ခေတ်ကာလအသစ် ကိုယ်တိုင်တောင် အပြည့်အဝ မဖျက်ဆီးပစ်နိုင်ခဲ့ဘဲ... နောက်ဆုံးတော့ ဒီလိုပုံစံမျိုး ဖြစ်လာခဲ့ရတာပဲ"

"ဒီလိုကိုး"

မုန်လဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

"ခေတ်ကာလအသစ် ကိုယ်တိုင်တောင် ပြန်လည် မပြုပြင်နိုင်တဲ့ စစ်မြေပြင်ဆိုတော့... ဟိုးအရင်တုန်းက မင်းတို့ရဲ့ တိုက်ပွဲက ဘယ်လောက်တောင် ပြင်းထန်ရက်စက်ခဲ့မလဲဆိုတာ ငါ တွေးကြည့်လို့ ရပါတယ်"

"ဒါကတော့ သဘာဝပါပဲ"

မီးခိုးရောင်အရိုးစုက စူးရှစွာ ရယ်မောလိုက်လေသည်။

"ဟိုးအရင် တိုက်ပွဲတုန်းက ငါ စကြဝဠာရဲ့ မူလအရင်းအမြစ်ကို လုယူမှာကို တားဆီးဖို့အတွက်... ပြီးခဲ့တဲ့ ခေတ်ကာလက သိုင်းပညာရှင် အားလုံး ကိုယ်တိုင် ကိုယ်ကျ ထွက်လာခဲ့ကြတာလေ... စုစုပေါင်း အထွတ်အထိပ် နတ်ဘုရား ၉ ပါးနဲ့ အထွတ်အထိပ် အုပ်စိုးသူ ၄၃ ပါးတို့က သူတို့ရဲ့ အသက်တွေကို စတေးပြီးတော့... နောက်ဆုံးမှာ ငါ့ကို အောင်အောင်မြင်မြင် တားဆီးနိုင်ခဲ့ကြတယ်"

"အထွတ်အထိပ် နတ်ဘုရား ၉ ပါးနဲ့ အထွတ်အထိပ် အုပ်စိုးသူ ၄၃ ပါး ဟုတ်လား"

မုန်လဲ့မှာ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားရလေသည်။

"ပြီးခဲ့တဲ့ ခေတ်ကာလက အစွမ်းထက်တဲ့ သူတွေက တကယ်ကို ကြောက်စရာကောင်းတာပဲ"

"ပြီးခဲ့တဲ့ ခေတ်ကာလရဲ့ အခြေအနေက နည်းနည်း ထူးခြားနေလို့ပါ"

မီးခိုးရောင်အရိုးစုက ရှင်းပြလေသည်။

"ခေတ်ကာလရဲ့ အလယ်လောက်မှာ... စကြဝဠာပြင်ပက သက်ရှိတစ်ကောင်ရဲ့ အလောင်းက စကြဝဠာထဲကို မတော်တဆ ပြုတ်ကျလာခဲ့တယ်... အဲဒီကနေစပြီး ပြီးခဲ့တဲ့ ခေတ်ကာလရဲ့ သက်ရှိတွေ အားလုံးက ကြီးမားတဲ့ ဆင့်ကဲပြောင်းလဲမှုတွေ ဖြစ်ပေါ်လာခဲ့ပြီး... နောက်ပိုင်းမှာ အထွတ်အထိပ် နတ်ဘုရား ၉ ပါးနဲ့ အထွတ်အထိပ် အုပ်စိုးသူ ၄၃ ပါးတို့ ထွက်ပေါ်လာခဲ့ရတာပဲ"

"စကြဝဠာပြင်ပက သက်ရှိရဲ့ အလောင်း ဟုတ်လား"

မုန်လဲ့၏ ခန္ဓာကိုယ် တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားရလေသည်။

"ဒီလိုဆိုတော့... ကျယ်ပြောလှတဲ့ စကြဝဠာကြီးရဲ့ အပြင်ဘက်မှာ တခြားသက်ရှိတွေ တကယ်ပဲ ရှိနေတာပေါ့"

"ရှိကောင်း ရှိနိုင်ပါတယ်"

မီးခိုးရောင်အရိုးစုက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

"စကြဝဠာကြီးရဲ့ အပြင်ဘက်မှာ တိတိကျကျ ဘယ်လို မြင်ကွင်းမျိုး ရှိနေလဲဆိုတာ ငါလည်း သေချာ မသိပါဘူး... ဘာလို့လဲဆိုတော့ ငါ့လောက် အစွမ်းထက်တဲ့သူတောင် ကျယ်ပြောလှတဲ့ စကြဝဠာကြီးရဲ့ အပြင်ဘက်မှာ အသက်ရှင်ရပ်တည်နိုင်ဖို့ မဖြစ်နိုင်လို့ပဲ... ဒါပေမဲ့ အဲဒီသက်ရှိရဲ့ အလောင်းကတော့ စကြဝဠာ ပြင်ပက အခြေအနေတွေကို အတိုင်းအတာ တစ်ခုအထိတော့ ထင်ဟပ်ပြသနေနိုင်တာ အမှန်ပဲ"

"အဲဒီအလောင်းကရော အခု ဘယ်ရောက်သွားပြီလဲ"

မုန်လဲ့က ထပ်မံ မေးမြန်းလိုက်သည်။

"သေချာပေါက် အားလုံးက ခွဲဝေယူငင်သွားကြတာပေါ့"

မီးခိုးရောင်အရိုးစုက စူးရှစွာ ပြောဆိုလေသည်။

"အဲဒီအလောင်းကို ရရှိပြီးသွားတဲ့နောက်မှာ... ပြီးခဲ့တဲ့ ခေတ်ကာလက အစွမ်းထက်တဲ့သူ အများအပြားရဲ့ စွမ်းအားတွေက တစ်ဟုန်ထိုး တိုးတက်သွားခဲ့ကြတာ... အဲဒီလိုမှ မဟုတ်ရင် သူတို့က ငါ့ကို ဘယ်လိုလုပ် တားဆီးနိုင်ပါ့မလဲ"

"ဒါဆိုရင်တော့ မင်းရဲ့ ကံက တကယ်ကို ဆိုးလွန်းတာပဲ"

ထိုစကားကို ကြားလိုက်ရသောအခါ မုန်လဲ့မှာ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်မိတော့သည်။

"ငါ့ရဲ့ ကံတရားက အမြဲတမ်း ဆိုးနေခဲ့တာချည်းပဲလေ"

မီးခိုးရောင်အရိုးစုက သက်ပြင်းတစ်ချက် ချလိုက်လေသည်။

"ပြီးခဲ့တဲ့ ခေတ်ကာလတုန်းက အဲဒီသက်ရှိရဲ့ အလောင်းကြောင့် ငါ့အကြံအစည်တွေ အကုန် ပျက်စီးခဲ့ရသလို... ဒီခေတ်ကာလမှာလည်း မင်းလိုမျိုး ထူးဆန်းတဲ့ကောင် ထွက်ပေါ်လာပြန်ရော... ငါ့ကို စကြဝဠာထဲမှာ ကံအဆိုးဆုံး ကောင်လို့ ပြောရင်တောင် လွန်မယ် မထင်ဘူး"

"တကယ်ကို ကံဆိုးတာပဲ"

မုန်လဲ့မှာ ဆွံ့အသွားကာ အသံတိတ် ရယ်မောလိုက်မိသည်။

"ဒါပေမဲ့... ဒါက ငါ့အတွက်တော့ နောက်ဆုံး အခွင့်အရေးပဲ"

မီးခိုးရောင်အရိုးစု၏ အသံမှာ ရုတ်တရက် အေးစက်သွားလေသည်။

"ဘာပဲဖြစ်ဖြစ် ငါ ဘယ်တော့မှ လက်မလျှော့ဘူး... ဘယ်သူကမှ ငါ့ရဲ့ အကြံအစည်တွေကို လာဖျက်ဆီးတာကို လုံးဝ ခွင့်မပြုနိုင်ဘူး"

"အပိုစကားတွေ ဒီလောက်တောင် အများကြီး ပြောပြီးမှ... နောက်ဆုံးတော့ တကယ့် အဓိက အကြောင်းအရာကို ရောက်လာပြီပေါ့"

မုန်လဲ့က သူ၏ လက်ချောင်းများကို ညင်သာစွာ ပွတ်သပ်လိုက်လေသည်။

"ရိုးရိုးသားသား ပြောရရင်... ခေတ်ကာလ နှစ်ခုတိုင်တိုင် အသက်ရှင်နေထိုင်လာခဲ့တဲ့ မင်းဆီမှာ... တကယ်တမ်း ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ နည်းလမ်းတွေ ရှိနေလဲဆိုတာကို အခု ငါ အရမ်း မြင်တွေ့ချင်နေပြီ"

"မင်း မကြာခင် မြင်တွေ့ရပါလိမ့်မယ်"

မီးခိုးရောင်အရိုးစုက ခပ်တိုးတိုး ဟိန်းဟောက်လိုက်လေသည်။

"စလိုက်ကြစို့"

သူ၏ စကားသံ အဆုံးတွင် ထူးဆန်းလှသော နိယာမတရား လှိုင်းဂယက်တစ်ခုက လေဟာနယ် တစ်ခုလုံးကို ရုတ်တရက် လွှမ်းခြုံသွားတော့သည်။

ဤလှိုင်းဂယက်မှာ အလွန်စိမ်းသက်နေပြီး လုံးဝ အသစ်စက်စက် ဖြစ်နေသော နိယာမတရား တစ်မျိုး ဖြစ်နေလေသည်။ ထို့အပြင် ၎င်း၏ အဆင့်အတန်းမှာလည်း အလွန်တရာ မြင့်မားလွန်းလှပြီး အထွတ်အထိပ် နိယာမတရားများကို အပြည့်အဝ ကျော်လွန်ကာ အခြားသော နယ်ပယ်တစ်ခုသို့ ရောက်ရှိနေလေပြီ။

ဤအရာမှာ လောကဖန်တီးခြင်း နိယာမတရား ဖြစ်ကြောင်း မုန်လဲ့၏ ရင်ထဲတွင် ချက်ချင်း သဘောပေါက်လိုက်သည်။ သေချာပေါက်ကို လောကဖန်တီးခြင်း နိယာမတရားပင် ဖြစ်လေသည်။ မည်သည့် လောကဖန်တီးခြင်း နိယာမတရား အမျိုးအစား ဖြစ်သည်ကိုတော့ မုန်လဲ့ သေချာ မခံစားမိသော်လည်း သေချာပေါက် ကံကြမ္မာ နိယာမတရား မဟုတ်ကြောင်းကိုတော့ သူ အသေအချာ ပြောနိုင်လေသည်။

"မုန်လဲ့... အဲဒါက စည်းမျဉ်းနိယာမတရားပဲ... စည်းမျဉ်းတွေရဲ့ စွမ်းအားကို သတိထားဦး"

မိုလော့က ကျယ်လောင်စွာ အော်ဟစ် သတိပေးလိုက်လေသည်။

"စည်းမျဉ်းနိယာမတရား ဟုတ်လား"

မုန်လဲ့၏ ရင်ထဲတွင် ထိတ်လန့်သွားရလေသည်။ ဒါက စည်းမျဉ်းနိယာမတရားပေါ့လေ။

"ကောင်လေး... မင်း ခံစားမိလိုက်ပြီလား"

မီးခိုးရောင်အရိုးစုက စူးရှစွာ ရယ်မောလိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများမှာ ရုတ်တရက် အလျင်အမြန် မြင့်တက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အထွတ်အထိပ် အုပ်စိုးသူအဆင့်ကို ကျော်လွန်သွားကာ အထွတ်အထိပ် နတ်ဘုရား အဆင့်သို့ ရောက်ရှိသွားတော့သည်။

အနိမ့်ဆုံးအဆင့် အထွတ်အထိပ် နတ်ဘုရား။ အလယ်အလတ်အဆင့် အထွတ်အထိပ် နတ်ဘုရား။ အမြင့်ဆုံးအဆင့် အထွတ်အထိပ် နတ်ဘုရား။ ပြီးပြည့်စုံသောအဆင့် အထွတ်အထိပ် နတ်ဘုရား။

မီးခိုးရောင်အရိုးစု၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများမှာ နောက်ဆုံးတွင် ပြီးပြည့်စုံသောအဆင့် အထွတ်အထိပ် နတ်ဘုရား အဆင့်သို့ ရောက်ရှိသွားပြီး ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားကြီးက ဟိန်းဟောက် ပေါက်ကွဲထွက်လာကာ အရပ်လေးမျက်နှာသို့ အတားအဆီးမဲ့ ရိုက်ခတ်သွားတော့သည်။ မုန်လဲ့ ကိုယ်တိုင်ပင်လျှင် ယှဉ်ပြိုင်၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားကြီးတစ်ခုကို ခံစားလိုက်ရလေသည်။

"ဒီလို ခံစားချက်မျိုးပဲ... ဒီလို ခံစားချက်မျိုးပဲကွ"

မီးခိုးရောင်အရိုးစုက အားရပါးရ ရယ်မောလိုက်လေသည်။

"ကောင်လေး... မင်း သိလား... ခေတ်ကာလ အသစ်က ငါတို့လို ခေတ်ဟောင်းက မိစ္ဆာအိုကြီးတွေအပေါ်မှာ လုံးဝကို ရက်စက်လွန်းတယ်"

"ငါတို့တွေ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်တွေကို စုပ်ယူခွင့် မရှိဘူး... စကြဝဠာရဲ့ နိယာမတရားတွေကို ထုတ်ယူ သုံးစွဲခွင့် မရှိဘူး... ကိုယ့်ကိုယ်ကိုယ် သန်မာလာအောင် ကျင့်ကြံခွင့်လည်း မရှိဘူး... ငါတို့ရဲ့ စွမ်းအားတွေကို အုပ်စိုးသူအဆင့်မှာပဲ အမြဲတမ်း ဖိနှိပ်ထားခံရတာ"

"အဲဒါက စကြဝဠာရဲ့ စည်းမျဉ်းတွေပဲ... တခြားတစ်မျိုး ပြောရမယ်ဆိုရင်... အဲဒါက စည်းမျဉ်းနိယာမတရားပဲကွ"

"ကံကောင်းထောက်မစွာနဲ့ ဒီနေရာက အမှောင်ချောက်နက်ကြီး ဖြစ်နေလို့ပေါ့... ဒီနေရာက စကြဝဠာရဲ့ စည်းမျဉ်းတွေ အားအနည်းဆုံး နေရာပဲ... အမှောင် ရဲ့ စည်းမျဉ်းနိယာမတရား ထွက်ပေါ်လာတဲ့အချိန်မှာ... ဒီအားနည်းနေတဲ့ စကြဝဠာရဲ့ စည်းမျဉ်းတွေကို တိုက်ရိုက်ကို ခြေဖျက်ပစ်နိုင်သွားတာ... အခု ငါ့ကို ဘယ်အရာကမှ ဖိနှိပ်ထားနိုင်ခြင်း မရှိတော့ဘူး... ငါ့ရဲ့ စွမ်းအားတွေက အထွတ်အထိပ် အခြေအနေကို အပြည့်အဝ ပြန်လည် ရောက်ရှိသွားပြီ... ပြီးပြည့်စုံတဲ့အဆင့် အထွတ်အထိပ် နတ်ဘုရား ဆိုတာ ငါ့ရဲ့ အစွမ်းအထက်ဆုံး အချိန်က စွမ်းအားတွေပဲ"

မီးခိုးရောင်အရိုးစုက မုန်လဲ့ကို ကြည့်ကာ စူးရှစွာ ရယ်မောလျက် ပြောလိုက်လေသည်။

"ကောင်လေး... တုန်လှုပ်သွားပြီလား... ကြောက်ရွံ့သွားပြီလား... ထိတ်လန့်သွားပြီလား"

မုန်လဲ့က မျက်လုံးကို လှန်ပြလိုက်ပြီး စပ်စုချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။

"မင်း ခုနက အမှောင် ရဲ့ စည်းမျဉ်းနိယာမတရားလို့ ပြောလိုက်တယ်နော်... ဒီလိုဆိုတော့ မင်းရဲ့ နောက်ထပ် အဖော်တစ်ယောက် နာမည်က အမှောင် ပေါ့... ပြီးတော့ သူက စည်းမျဉ်းနိယာမတရားကို နားလည်သဘောပေါက်ထားတာပေါ့"

"မင်း..."

မုန်လဲ့က သူ၏ အစွမ်းအထက်ဆုံး အခြေအနေသို့ ပြန်လည် ရောက်ရှိနေမှုကို လျစ်လျူရှုထားပြီး အမှောင် ဆိုသူကိုသာ ပို၍ စိတ်ဝင်စားနေကြောင်း မြင်လိုက်ရသောအခါ မီးခိုးရောင်အရိုးစုမှာ အနည်းငယ် ဒေါသထွက်သွားရလေသည်။

"ကောင်လေး... မင်းရဲ့ ရိုင်းစိုင်းမှုနဲ့ မာနကြီးမှုတွေအတွက် မင်း အရမ်းကို ကြီးမားတဲ့ တန်ဖိုးကို ပြန်ပေးဆပ်ရလိမ့်မယ်"

သို့သော် မုန်လဲ့က သူ့ကို အနည်းငယ်မျှပင် ဂရုမစိုက်ချေ။ ကံကြမ္မာ နိယာမတရားကို ဖြန့်ကျက်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် အမှောင်ချောက်နက်ကြီး တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ အမှောင် ဆိုသူက စည်းမျဉ်းနိယာမတရားကို ထုတ်လွှတ်လိုက်ပြီ ဆိုမှတော့ သူက သေချာပေါက် ဒီအနီးအနားမှာပဲ ရှိနေရမည် ဖြစ်သည်။ သူ့ကို ရှာရမည်။ သေချာပေါက်ကို ရှာတွေ့အောင် ရှာရမည်။

"တွေ့ပြီ"

မုန်လဲ့၏ မျက်ဝန်းများထဲတွင် စူးရှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး နေရာ၌ပင် ချက်ချင်း ပျောက်ကွယ်သွားလေသည်။ နောက်တစ်ကြိမ် ပြန်လည် ထွက်ပေါ်လာချိန်တွင်တော့ အမှောင်ချောက်နက်ကြီး၏ ပို၍ နက်ရှိုင်းသော နေရာသို့ ရောက်ရှိနေပြီ ဖြစ်ပြီး ပြိုင်ဘက်ကင်းအောင် ကြီးမားလှသော အနက်ရောင် သက်ရှိကြီး တစ်ကောင်၏ ရှေ့မှောက်သို့ ရောက်ရှိနေလေပြီ။

၎င်းမှာ နဂါးနှင့်တူသလိုလို မြွေနှင့်တူသလိုလို ရှိသော ဧရာမ သတ္တဝါကြီး တစ်ကောင် ဖြစ်လေသည်။ သူ့ထံတွင် ဧရာမ နဂါးကြီး တစ်ကောင်၏ ဦးခေါင်း၊ ဧရာမ နဂါးကြီး တစ်ကောင်၏ ချွန်ထက်သော ဂျိုများနှင့် ဧရာမ နဂါးကြီး တစ်ကောင်၏ တောင်ပံများ ရှိနေသော်လည်း စပါးကြီးမြွေ တစ်ကောင်နှင့်တူသော ခန္ဓာကိုယ်ကြီး ရှိနေပြီး ကိုယ်လုံးတစ်ခုလုံးကို အနက်ရောင် နဂါးအကြေးခွံများဖြင့် ဖုံးလွှမ်းထားလေသည်။

သူ၏ ခန္ဓာကိုယ်ကြီးမှာ အလင်းနှစ် ဆယ်ဂဏန်းကျော်အထိ ရှည်လျားပြီး အလယ်အလတ်အဆင့် လောကတစ်ခုထက်ပင် အဆပေါင်း မရေမတွက်နိုင်အောင် ပိုမို ကြီးမားနေလေသည်။

"လေဟာနယ် ဧရာမ သားရဲ... အမှောင် ဧရာမ သားရဲကြီးလား"

မိုလော့၏ အသံက ထွက်ပေါ်လာလေသည်။

"ဟင့်အင်း... ဒီအရှိန်အဝါက... ဒီအရှိန်အဝါက... သူပဲ... အဲဒီကောင်ပဲ... သူလည်း မသေသေးဘူးကိုး"

"အဲဒီကောင် ဟုတ်လား"

မုန်လဲ့က မျက်ခုံးပင့်လိုက်လေသည်။

"မိုလော့... မင်းက မျက်စိရှေ့က ကောင်ကို သိနေတာလား"

"တကယ်လို့ ငါ အာရုံခံမိတာသာ မမှားဘူးဆိုရင်... သူက ငါ့ရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ အမှောင် ဧကရာဇ် ဖြစ်ရမယ်"

မိုလော့က အချိန်ကာလ မျှော်စင်ထဲမှ ပျံသန်းထွက်လာပြီး အနက်ရောင် အရိပ်တစ်ခုအဖြစ် စုစည်းသွားကာ မျက်စိရှေ့ရှိ အနက်ရောင် ဧရာမ သားရဲကြီးကို အသေအလဲ စိုက်ကြည့်နေလေသည်။

"အမှောင်... မင်းလား"

"မိုလော့"

အနက်ရောင် ဧရာမ သားရဲကြီးက လူစကားကို ပြောဆိုလိုက်ရာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျယ်လောင်လှသော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာလေသည်။

"တကယ်ပဲ မင်းကိုး"

မိုလော့က ချက်ချင်းပင် ပြုံးလိုက်လေသည်။

"မင်းလို ကောင်မျိုးက အသက်ရှင်နေသေးတယ် ဆိုတာ ငါ ထင်သားပဲ... ဟိုးအရင်တုန်းက မင်းက ငါတို့အားလုံးထဲမှာ အစွမ်းအထက်ဆုံးပဲ... ဒီလို အလွယ်တကူ သေသွားစရာ အကြောင်းမှ မရှိတာ"

"မိုလော့... အခု အတိတ်ကို ပြန်ပြောနေဖို့ အချိန် မဟုတ်ဘူး"

အနက်ရောင် ဧရာမ သားရဲကြီး၏ အသံမှာ ခေါင်းလောင်းကြီး တစ်လုံးအလား ကျယ်လောင်နေလေသည်။

"ငါတို့နဲ့ ပူးပေါင်းပြီး ဒီကောင်ကို အရင် သတ်ကြရအောင်"

"ဟင့်အင်း... အမှောင်... မင်းက ဒီလို လျှို့ဝှက်အကြံအစည်သမားနဲ့ သွားပူးပေါင်းလို့ မရဘူး"

မိုလော့က ချက်ချင်း ခေါင်းခါရမ်းလိုက်သည်။

"မင်း မေ့သွားပြီလား... ဒီသေနာကောင်ကြောင့်သာ မဟုတ်ရင် ငါတို့တွေ ဒီလို အဆုံးသတ်မျိုးနဲ့ ရင်ဆိုင်ရစရာ အကြောင်း မရှိဘူး... မင်း တိုက်ခိုက်သင့်တာက သူ့ကိုပဲ... မုန်လဲ့ကို မဟုတ်ဘူး"

"မိုလော့... ငါတို့ရဲ့ ခေတ်ကာလက ကုန်ဆုံးသွားခဲ့ပြီ... အခု ငါတို့က ခေတ်ကာလအသစ်ရဲ့ စည်းမျဉ်းတွေအောက်မှာ သေမတတ် ဖိနှိပ်ခံနေရတယ်... လူလည်း မဟုတ် သရဲလည်း မဟုတ်ဘဲ မျှော်လင့်ချက် မရှိ အဆုံးသတ် မရှိနဲ့ လူသူကင်းမဲ့ပြီး မှောင်မိုက်တဲ့ ချောင်ကြိုချောင်ကြားမှာ ပုန်းအောင်းပြီး သေမထူး နေမထူး အသက်ဆက်နေရတာပဲ"

အနက်ရောင် ဧရာမ သားရဲကြီးက ဖြည်းညင်းစွာ ပြောဆိုလာလေသည်။

"ဒီအတိုင်း ဆက်ပြီး ဖြစ်နေခွင့် ပေးထားမယ်ဆိုရင်... ငါတို့က ဒီခေတ်ကာလ ကုန်ဆုံးတဲ့အထိ ဒုက္ခခံ အသက်ရှင်နေရုံတင် မကဘူး... နောက်ထပ် ခေတ်ကာလ ကုန်ဆုံးတဲ့အထိတောင် ဒုက္ခခံ အသက်ရှင်နေရဦးမှာ... နောက်ဆုံးကျမှသာ ဒီလို ဝမ်းနည်းစရာကောင်းတဲ့ ဘဝကြီးကို စိတ်ပျက်လက်ပျက်နဲ့ အဆုံးသတ်သွားရမှာပဲ"

မိုလော့မှာ တိတ်ဆိတ်သွားရလေသည်။ အမှောင် ပြောသည့်အတိုင်းပင် ဖြစ်သည်။ သူတို့နှင့် သက်ဆိုင်သော ခေတ်ကာလမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပြီး ခေတ်ကာလအသစ်၏ ဖိနှိပ်မှုအောက်တွင် သူတို့အတွက် မည်သည့် မျှော်လင့်ချက်မှ မရှိတော့ချေ။

"ဒီအရာတွေ အားလုံးကို ပြောင်းလဲပစ်ဖို့ဆိုရင်... စကြဝဠာရဲ့ မူလအရင်းအမြစ်ကို ပေါင်းစပ်ပြီး စကြဝဠာသခင် ဖြစ်လာဖို့ပဲ ရှိတော့တယ်... ပြီးတော့မှ စကြဝဠာရဲ့ စည်းမျဉ်းတွေကို အသစ် ပြန်ရေးရမယ်"

အနက်ရောင် ဧရာမ သားရဲကြီးက ဆက်လက် ပြောဆိုလေသည်။

"မိုလော့... ဒါက ငါတို့အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ... မင်း နားလည်လား"

"အမှောင်... မင်းပြောတာတွေကို ငါ အကုန် နားလည်ပါတယ်"

မိုလော့က ခါးသက်စွာ ပြုံးလိုက်လေသည်။

"ဒါပေမဲ့ မင်း အောင်မြင်မှာ မဟုတ်ဘူး... မင်းနဲ့ ဒီကျိန်စာသင့် အရိုးစုစုတ်လေး ပူးပေါင်းရင်တောင်မှ မုန်လဲ့ရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး... သူကမှ သံသရာပျက်သုဉ်းမှုကြီးကို အဆုံးသတ်ပေးနိုင်မယ့် အဖြစ်နိုင်ဆုံးသူပဲ... အမှောင်... ငါ့စကားကို နားထောင်ပြီး ရပ်တန်းက ရပ်လိုက်ပါတော့"

"မိုလော့... မင်း ဘယ်လောက်ပဲ ပြောပြော... မင်းက ကလေးလေး တစ်ယောက်ဆီမှာ ခိုကပ်နေချင်ပေမယ့်... ငါနဲ့တော့ မပူးပေါင်းချင်ဘူး ဆိုတဲ့ သဘောပေါ့"

အနက်ရောင် ဧရာမ သားရဲကြီး၏ အသံမှာ အေးစက်သွားလေသည်။

"မဖြစ်နိုင်မှန်း သိသိကြီးနဲ့ အတင်း လုပ်နေတာက... ကိုယ့်သေတွင်း ကိုယ်တူးနေတာနဲ့ ဘာမှ မကွာဘူး"

မိုလော့က သက်ပြင်းတစ်ချက် ချလိုက်လေသည်။

"အဲဒါဆိုရင် ဘာမှ ဆက်ပြောမနေနဲ့တော့"

အနက်ရောင် ဧရာမ သားရဲကြီးက အေးစက်စွာ ပြောဆိုလိုက်လေသည်။

"မင်းရဲ့ သခင်လေး ခြေရင်းမှာသာ ဆက်ပြီး ဝပ်တွားနေလိုက်တော့... သူ့ကို ငါ ကိုယ်တိုင် သတ်ပြမယ်"

"ငါ့ကို ကိုယ်တိုင် သတ်မယ် ဟုတ်လား"

မုန်လဲ့က အထင်သေးစွာဖြင့် ဝင်ပြောလိုက်လေသည်။

"မင်းရဲ့ တစ်ပိုင်းတစ်စ စည်းမျဉ်းနိယာမတရားလေးကို အားကိုးပြီးတော့လား"

"ကောင်လေး... သေစမ်း"

အနက်ရောင် ဧရာမ သားရဲကြီးက ခပ်တိုးတိုး ဟိန်းဟောက်လိုက်ပြီး နေမင်းကြီးထက်ပင် ကြီးမားလှသော သွေးရောင် မျက်လုံးကြီး နှစ်လုံးထဲမှ ထူးဆန်းလှသော သွေးရောင် အလင်းတန်းများ ဖြာထွက်လာကာ လှိုင်းလုံးကြီးများအလား စည်းမျဉ်း လှိုင်းဂယက်များက မုန်လဲ့ကို ဝန်းရံသွားတော့၏။

"ငါ အမိန့်ပေးတယ်... ငါ့ရှေ့မှာ နိယာမတရားတွေ အားလုံး မဖြစ်မနေ ပျောက်ကွယ်ရမယ်"

"ငါ အမိန့်ပေးတယ်... မင်းကို အဆုံးအစမရှိတဲ့ အမှောင်ထုက ချုပ်နှောင်ရမယ်"

အနက်ရောင် ဧရာမ သားရဲကြီး၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် မုန်လဲ့သည် သူ၏ ပတ်ဝန်းကျင်ရှိ မူလကတည်းက အားနည်းနေသော စကြဝဠာ နိယာမတရားများ ချက်ချင်း ပျောက်ကွယ်သွားကြောင်း ခံစားလိုက်ရသည်။ အထွတ်အထိပ် နိယာမတရားများပင် ချွင်းချက် မဟုတ်ချေ။

ထို့နောက် အရပ်လေးမျက်နှာရှိ အမှောင်ထုထဲမှ ရှင်းပြ၍ မရနိုင်သော ချုပ်နှောင်မှု စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး မုန်လဲ့၏ ကိုယ်ပေါ်သို့ ချက်ချင်း ဖိနှိပ်လာတော့၏။ မုန်လဲ့က အနည်းငယ် ရုန်းကန်ကြည့်လိုက်ရာ ဤချုပ်နှောင်မှု စွမ်းအားမှာ အလွန် ကြီးမားလှပြီး ရုန်းထွက်၍ မရနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။

"ဒါက စည်းမျဉ်းနိယာမတရားလား"

မုန်လဲ့မှာ အလွန်အမင်း အံ့ဩသွားရသည်။ ဤသည်မှာ သူ ပထမဆုံးအကြိမ်အဖြစ် စည်းမျဉ်းနိယာမတရား၏ အစွမ်းကို ခံစားဖူးခြင်းပင် ဖြစ်လေသည်။

စည်းမျဉ်းနိယာမတရားသည် တိုက်ရိုက် သတ်ဖြတ်နိုင်သော စွမ်းအား မရှိကောင်း မရှိနိုင်သော်လည်း ၎င်းက စည်းမျဉ်း သတ်မှတ်ချက်များကို ပြောင်းလဲပစ်နိုင်စွမ်း ရှိလေသည်။ ဥပမာအားဖြင့် မီးက လူကို သေအောင် လောင်ကျွမ်းနိုင်သော်လည်း စည်းမျဉ်း ပြောင်းလဲမှု ခံရပြီးနောက်တွင် မီးက လူကို အေးခဲ သေဆုံးသွားစေနိုင်လေသည်။

နောက်ထပ် ဥပမာအနေဖြင့် စွမ်းအားက အရာဝတ္ထုများ၏ လှုပ်ရှားမှုကို ပြောင်းလဲစေနိုင်သော အကြောင်းရင်း ဖြစ်သော်လည်း စည်းမျဉ်း ပြောင်းလဲမှု ခံရပြီးနောက်တွင် စွမ်းအားသည် အရာဝတ္ထုများ၏ လှုပ်ရှားမှုကို မပြောင်းလဲစေနိုင်တော့ချေ။

အပိုမဆိုရလျှင် စကြဝဠာ၏ စည်းမျဉ်းများမှာ နေရာတိုင်းတွင် ရှိနေပြီး အရာအားလုံးကို လွှမ်းမိုး အုပ်ချုပ်ထားကာ အတိတ် ပစ္စုပ္ပန် အနာဂတ် ကာလသုံးပါးလုံးကို လွှမ်းခြုံထားပြီး အရပ်ဆယ်မျက်နှာသို့ ပျံ့နှံ့နေကာ အစအဆုံး အကန့်အသတ်မရှိ တည်ရှိနေလေသည်။

စကြဝဠာ၏ စည်းမျဉ်းကို မည်သို့ သတ်မှတ်ထားသနည်း ဆိုသည်က စကြဝဠာတစ်ခု၏ ပုံသဏ္ဌာန်ကို အဆုံးအဖြတ် ပေးမည် ဖြစ်သည်။

ဂြိုဟ်များအဖြစ် တည်ရှိမည်လား လောကများအဖြစ် တည်ရှိမည်လား သိပ္ပံနည်းကျ ယဉ်ကျေးမှု တိုးတက်မည်လား မှော်ပညာနည်းကျ ယဉ်ကျေးမှု တိုးတက်မည်လား ဆိုသည်ကို ဆုံးဖြတ်ပေးမည် ဖြစ်ရာ စည်းမျဉ်းနိယာမတရား မည်မျှ အစွမ်းထက်ကြောင်းကို တွေ့မြင်နိုင်ပေသည်။

အနက်ရောင် ဧရာမ သားရဲကြီးက ထပ်မံ စကားဆိုလာပြန်သည်။

"ငါ အမိန့်ပေးတယ်... မင်းကို အဆုံးအစမရှိတဲ့ အမှောင်ထုက မျိုချပစ်ရမယ်"

မုန်လဲ့သည် အရပ်လေးမျက်နှာရှိ အမှောင်ထုထဲမှ ပြိုင်ဘက်ကင်းသော စုပ်ယူမှု စွမ်းအားကြီးတစ်ခု ထွက်ပေါ်လာပြီး သူ၏ အသက်စွမ်းအင်များကို ရူးသွပ်စွာ စုပ်ယူနေကြောင်း ချက်ချင်း ခံစားလိုက်ရသည်။

အမှောင်ထုသည် မူလက လူကို မချုပ်နှောင်နိုင်သလို သက်ရှိများ၏ အသက်စွမ်းအင်များကိုလည်း မစုပ်ယူနိုင်ချေ။ သို့သော် စည်းမျဉ်းနိယာမတရား၏ ပြောင်းလဲမှုကြောင့် ချုပ်နှောင်ခြင်းနှင့် စုပ်ယူခြင်း စွမ်းရည်များကို ရရှိသွားခြင်း ဖြစ်လေသည်။ ဤသည်မှာ စည်းမျဉ်းနိယာမတရား၏ အစွမ်းထက်မှုပင် ဖြစ်လေသည်။ မွေးရာပါ နိယာမတရားများကို ပြောင်းလဲပစ်ခြင်း။ စည်းမျဉ်း သတ်မှတ်ချက် အသစ်များ ဖန်တီးခြင်း။

"တကယ်ကို ကောင်းမွန်တဲ့ စည်းမျဉ်းနိယာမတရားပါလား"

မုန်လဲ့က အနက်ရောင် ဧရာမ သားရဲကြီးကို လောဘတကြီး စိုက်ကြည့်လိုက်လေသည်။

"အမှောင် ဧကရာဇ်... မင်းရဲ့ စည်းမျဉ်းနိယာမတရားက တကယ်ကို အံ့မခန်း ချီးကျူးစရာ ကောင်းလှပါတယ်... ဒါပေမဲ့ ဝမ်းနည်းစရာပဲ"

"ဘာကို ဝမ်းနည်းတာလဲ"

အနက်ရောင် ဧရာမ သားရဲကြီးက အေးစက်စွာ မေးလိုက်သည်။

"နောက်တစ်စက္ကန့်ကျရင် အဲဒါ ငါ့ဟာ ဖြစ်သွားတော့မှာမို့လို့ ဝမ်းနည်းတာလေ"

မုန်လဲ့က အော်ဟစ် ရယ်မောလိုက်ပြီး စနစ်ကို ခေါ်ထုတ်ကာ လုယူရန် အမိန့်ပေးရန် ပြင်လိုက်စဉ်...

အနက်ရောင် ဧရာမ သားရဲကြီး၏ ကိုယ်ပေါ်မှ ဧရာမ အနီရောင် အလင်းလုံးကြီးတစ်ခု ရုတ်တရက် ပြုတ်ကျလာပြီး စနစ်၏ အသံကလည်း ထွက်ပေါ်လာလေသည်။

"ဒင်... ပြုတ်ကျလာသော ပစ္စည်းကို တွေ့ရှိပါသည်... ကောက်ယူမည်လား"

မုန်လဲ့မှာ ကြောင်အမ်းသွားရသည်။

"ကောက်ယူမယ်"

"ဒင်... ကောက်ယူမှု အောင်မြင်ပါသည်... နိယာမတရား အစအန တစ်ခုကို ရရှိပါသည်... ပေါင်းစပ်မည်လား"

"နိယာမတရား အစအန ဟုတ်လား... ဖြစ်နိုင်တာက"

မုန်လဲ့မှာ တစ်ကိုယ်လုံး တုန်လှုပ်သွားရလေသည်။

"ပေါင်းစပ်မယ်"

ရွှတ်... အလွန် ကြီးမားလှသော အချက်အလက်များက အသိစိတ်ပင်လယ်ထဲသို့ မျက်စိတစ်မှိတ်အတွင်း ဝင်ရောက်လာရာ မုန်လဲ့က စိတ်ကို အလျင်အမြန် စုစည်းကာ လေ့လာမှတ်သားတော့၏။ လေ့လာပြီးနောက်တွင် မုန်လဲ့၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ထွက်ပေါ်လာတော့သည်။

All Chapters