← Chapters

အခန်း(၃၃၉-၃၄၁)

Vol. 24 Ch. 339-341

အခန်း(၃၃၉-၃၄၁)

Vol. 24 Ch. 339-341

အပိုင်း(၃၃၉) ကမ္ဘာကိုဆင်းသက်လာသော ဧကရာဇ်တစ်ပါးလို၊ အဆုံးအဖြတ်အင်အား တည်ဆောက်ပြီးပြီ

အဋ္ဌမမြောက်နန်းဆောင်သခင် ပေါ်ထွက်လာခြင်းက နယ်စပ်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ဒေါသကို ဆွပေးလိုက်သည်။

နံနက်ခင်းအလင်းနယ်ပယ် ရာနှင့်ချီက မျက်စိတစ်မှိတ်အတွင်းရောက်ရှိလာပြီး အရှေ့တွင်တန်းစီကာ ကျန်းထန်ကို ရင်ဆိုင်ရန် အဆင်သင့်ရပ်နေကြလေသည်။

လီကွမ်ယန်၏ ပထမဆုံးတိုက်ခိုက်မှု ရှုံးနိမ့်သွားသောအခါ နှစ်ဖက်အင်အား ကွာဟချက်က အလွန်ပင် ကြီးမားနေကြောင်း ချက်ချင်း သဘောပေါက်သွားလေသည်။ လက်ရှိ ထောက်လှမ်းရေးသတင်းများအပေါ် အခြေခံ၍ နဝမမြောက်နန်းဆောင်သခင်သည် ကောင်းကင်ထောက်တိုင်နယ်ပယ် အလယ်အလတ်အဆင့်တွင် ရှိသည်ဟု ခန့်မှန်းထားရာ ကျန်းထန်က နဝမမြောက် နန်းဆောင်သခင်ထက်မနိမ့်ပါးဘဲ ကောင်းကင်ထောက်တိုင် နယ်ပယ် နှောင်းပိုင်းအဆင့်တွင် ရှိနေနိုင်ချေ အလွန်များလေသည်။

နန်းဆောင်သခင်(၁၀)ဦးကို သူတို့၏ခွန်အားအလိုက် အဆင့်သတ်မှတ်ပြီး နေရာချထားခြင်း ဖြစ်သည်၊ ၎င်းမှာ ငြင်းခုံ၍မရသော အမှန်တရားတစ်ခုပင်။

"ကျန်းထန်က ကောင်းကင်ထောက်တိုင်နယ်ပယ် နှောင်းပိုင်းအဆင့်က ကျွမ်းကျင်သူတစ်ယောက် ဖြစ်ဖို့အရမ်းများတယ်။ စုချင်ချိုး၊ ဝူတျဲ၊ မင်းတို့နှစ်ယောက် ဝမ်ရှန်ကျားနဲ့ နတ်ဘုရားမြို့တော်ရဲ့ အရှင်သခင်ကို သွားရှာလိုက်။ ငါ သူ့ကို ဒီမှာထိန်းထားမယ်။" လီကွမ်ယန် ချက်ချင်းပြောလိုက်သည်။

သူက အလွန်ရှင်းလင်းသောအသိစိတ်ရှိပြီး လူသားဧကရာဇ်ခေတ်မှ အသက်ရှင်ကျန်ရစ်ခဲ့သောသူ တစ်ဦး၏ စစ်မှန်သောတန်ဖိုးကို သိလေသည်။ အကယ်၍ သူသာ ခေတ်တစ်ခုကိုလွှမ်းမိုးခဲ့သော ထိပ်တန်း အစွမ်းထက်သူ တစ်ဦး မဟုတ်ပါက မည်သို့ ယနေ့တိုင် အသက်ရှင်ကျန်ရစ်နိုင်မည်နည်း။

ဝူတျဲ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "ကျွန်မ တစ်ယောက်တည်း သွားမယ်။ ချင်ချိုး၊ နင် ဒီမှာနေခဲ့။ မှတ်ထား။ အခြေအနေက အရေးကြီးလာရင် ဧကရာဇ် ပေးထားခဲ့တဲ့ ဓားအဆောင်ကို ချက်ချင်းချေမွလိုက်။"

"ငါ သိပါတယ်။ စိတ်မပူပါနဲ့။" စုချင်ချိုးက ဓားအဆောင်ကို တိတ်ဆိတ်စွာ ထုတ်ယူပြီး သူ၏ လက်ဖဝါးထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။

လီကွမ်ယန်က ဓားရှည်ကိုမြှောက်ကာ အော်ဟစ်လိုက်သည်။

"စစ်သည်တော်တို့။ ငါ့အမိန့်ကို နာခံကြ။ ရန်သူကို ရင်ဆိုင်ဖို့ အဆင်သင့်ပြင်ထား။"

"ဒီတိုက်ပွဲက အချိန်ကိုက်ပဲ။ နောက်ဆုံးတိုက်ပွဲမတိုင်ခင် ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူ တစ်ယောက်ကို ဝိုင်းရံပြီးသတ်နိုင်တာက မင်းနဲ့ငါ့အတွက် ဂုဏ်ယူစရာပဲ။ ဒါက စစ်ပွဲအတွက် အစမ်းလေ့ကျင့်မှု တစ်ခုလည်း ဟုတ်တယ်။"

"သတ်။"

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဟုန်ဝူကမ္ဘာသို့ အကူအညီပေးရန် အခြားကမ္ဘာများမှ ထွက်ပေါ်လာကြပြီး ကျင့်ကြံသူအုပ်စုများသည် ကျယ်ပြောလှသော သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ လှိုင်းလုံးများပြီး လှိုင်းလုံးများ ဝင်ရောက်လာကြလေသည်။

နံနက်ခင်းအလင်းနယ်ပယ်အောက်ရှိ ကျင့်ကြံသူများသည် ကောင်းကင်တိုက်ပွဲတွင် မပါဝင်နိုင် ကြသော်လည်း သူတို့ကို ဝိုင်းရံပြီးသတ်ဖြတ်၍မရနိုင်ဟု မဆိုလိုပေ။

လူအင်အား လုံလုံလောက်လောက်နှင့် အဆင့်မြင့်အခင်းအကျင်းဖြင့်ဆိုလျှင် ကောင်းကင်ထောက်တိုင်နယ်ပယ် စစ်ဗိုလ်ချုပ် တစ်ဦးတည်းပင်လျှင် တစ်ယောက်ချင်း ယှဉ်ပြိုင်နိုင်စွမ်း ရှိလေသည်။

အချိန်တိုလေး အတွင်းမှာပင် ကျင့်ကြံသူများ၏ မြင့်မားသော လှုပ်ရှားနိုင်စွမ်းကြောင့် ကျင့်ကြံသူ သုံးသန်းကျော် စုဝေးရောက်ရှိလာကြပြီး ကောင်းကင်ယံကို ပြည့်နှက်သွားလေသည်။

"သတ်။"

"သတ်။ ကောင်းကင်ထောက်တိုင်နယ်ပယ်ရဲ့ သွေးနဲ့အတူ ယဇ်ပူဇော်ကြစို့။"

လီကွမ်ယန်၏ စကားများကြောင့် အားတက်သွားကာ ကျင့်ကြံသူများက ဟိန်းဟောက်လိုက်ကြပြီး သူတို့၏သွေးစွမ်းအင်များက ကြယ်များကိုချေမှုန်းနိုင်ပြီး စကြဝဠာကိုဆုတ်ဖြဲနိုင်သည့် အစီအရင် တိမ်တိုက်များ အဖြစ် စုစည်းသွားကြလေသည်။

"အခင်းအကျင်း ဖွဲ့စည်းကြ။ ဧကရာဇ်အဆင့် နဂါးဆင်အခင်းအကျင်း။" စုချင်ချိုးကိုယ်တိုင် ကျင့်ကြံသူ အယောက်တစ်သိန်း ပါဝင်သော စစ်တပ်ကိုဦးဆောင်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

အသက်သုံးလေးရှိုက် အချိန်အတွင်းမှာပင် သူ့နောက်ရှိ ကျင့်ကြံသူ တစ်သိန်းသည် သတ်မှတ်ထားသော နေရာများတွင် တန်းစီလိုက်ကြပြီး ဝိညာဉ်စွမ်းအားများကို အစီအရင်ထဲသို့ ပို့လွှတ်လိုက်ကြသည်။ လူတိုင်း၏ ခေါင်းပေါ်တွင် နဂါးခေါင်း၊ ဆင်ကိုယ်လုံးနှင့် မြွေအမြီးပါရှိသော နတ်ဘုရားသားရဲတစ်ကောင် ပုံပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ထုတ်လွှတ်ကာ ကျန်းထန်ကို ဟိန်းဟောက်လိုက်လေသည်။

၎င်းတင် မကသေးပေ။

ကျင့်ကြံသူသုံးသန်း ပါဝင်သော စစ်တပ်ကြီးသည် ကောင်းကင်ထောက်တိုင်နယ်ပယ်နှင့် အဆုံးမရှိ နီးစပ်သော ဧကရာဇ်အဆင့်အချင်းအကျင်း (၃၀)ကျော်ကို ဖွဲ့စည်းလိုက်ကြသည်။

နဂါးများနှင့်မြွေများ ကောင်းကင်သို့ ပျံတက်သွားသည်။ ဇာမဏီငှက်များ ပြာများထဲမှ ရုန်းထွက်လာ၏။ ဒဏ္ဍာရီလာသားရဲများသည် ကောင်းကင်ဘုံတွင် လှည့်လည်သွားလာနေသည်။ နတ်ဘုရားဓားများသည် ကောင်းကင်ယံကို ဖြတ်သန်းလင်းလက်သွား၏။ သာယာနာပျော်ဖွယ်ဂီတသံများ လွင့်ပျံနေသည်...

တစ်ဖက်တွင်လည်း လီကွမ်ယန်သည် အလားအလာများကို နှိုးဆွပေးနိုင်သော အဆင့်မြင့်ဆေးလုံး တစ်လုံးကို မျိုချလိုက်လေသည်။ သူ၏သွေးကြောများ ပြင်းပြင်းထန်ထန် လောင်ကျွမ်းသွားပြီး သူ၏ မျက်လုံးများတွင် သွေးများပြည့်နှက်နေကာ အရှိန်အဝါသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာပြီးနောက် သူ၏လက်ထဲရှိ ဓားရှည်သည် ထက်မြက်ပြီး ရက်စက်ကြမ်းကြုတ်နေလေသည်။

လီကွမ်ယန်၏နောက်တွင် ဧကရာဇ်အဆင့် အစီအရင်၏ ထူးဆန်းသောဖြစ်ရပ်များ လိုက်ပါလာပြီး သန်းနှင့်ချီသော စစတ်ပ်ကြီးကို ဦးဆောင်လာသကဲ့သို့ လေဟာနယ်တွင်လက်ချကာ တစ်ဦးတည်း ရပ်နေသော ကျန်းထန်ဆီသို့ လျှောက်လှမ်းသွားလေသည်။

"သတ်။"

လီကွမ်ယန် ဟိန်းဟောက်လိုက်ပြီး သူ၏ဓားဖြင့် ကောင်းကင်ကို ခုတ်ပိုင်းလိုက်ရာ နဂါးငွေ့တန်းသည် ကောင်းကင်ဘုံကိုးထပ်မှ ကျဆင်းလာသကဲ့သို့ ဖြစ်နေလေသည်။ ဓား၏အလင်းရောင်သည် စကြဝဠာ တစ်ဝက်ကို ဖုံးလွှမ်းသွားပြီး ဟုန်ဝူကမ္ဘာတစ်ခုလုံးသည် နက်ရှိုင်းပြီး ကန့်လန့်ဖြတ်အက်ကွဲကြောင်းကြီးတစ်ခုဖြင့် အလယ်မှနေ၍ နှစ်ခြမ်းကွဲသွားလေသည်။

"အိုး။"

ကျန်းထန်သည် မျက်လုံးများကို အနည်းငယ်မြှောက်ကာ တိုးညင်းစွာ ရယ်မောလိုက်သည်။

နောက်အခိုက်အတန့်တွင် ကျန်းထန်၏အပြုံး ပျောက်ကွယ်သွားပြီး လက်ငါးချောင်းကို ဆုပ်လိုက်ရာ နတ်ဘုရား သို့မဟုတ် နတ်ဆိုးတစ်ပါး ပြန်လည် မွေးဖွားလာသကဲ့သို့ သူသည် ပြိုင်ဖက်ကင်းသောလက်သီးရာ တစ်ခုကို ထုတ်လွှတ်လိုက်ရာ ၎င်းက ဓား၏အစွန်းကို ချက်ချင်း ချေမှုန်းပစ်လိုက်လေသည်။

"တောရိုင်းမြေဆိုတာတွေ၊ မဟာကျင်းတိုင်းပြည်ဆိုတာတွေက၊ ဒီလောက်ပါပဲ။"

"ငါက တန်ခိုးရှင်၊ ကောင်းကင်၊ မြေကြီးနဲ့ လူသားအဆင့်သတ်မှတ်ချက် စာရင်းကို ပြုစုရတဲ့နေရာမှာ အမြဲတမ်း တရားမျှတခဲ့ပြီးတော့ ဘယ်သူ့ကိုမှ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ အသရေဖျက်တာမျိုး မလုပ်ခဲ့ဘူး။ ဥပမာအနေနဲ့ မင်းကိုပြောရရင် လီကွမ်ယန်... မင်းက တန်ခိုးရှင်အဆင့်သတ်မှတ်ချက်စာရင်းမှာ ပါဖို့တောင် အရည်အချင်း မပြည့်မီပါဘူး။ ဘာလို့လဲဆိုတော့ မင်းက..."

"အားနည်းလွန်းလို့ပဲ။"

ကျန်းထန်က အစွမ်းထက်၊နက်ရှိုင်းသော ရုပ်ပိုင်းဆိုင်ရာခွန်အားကိုအားကိုးကာ ဓားအလင်းတန်းများ၏ တိုက်ခိုက်မှုများကို ဖောက်ထွင်းဝင်ရောက်သွားလေသည်။ မည်သည့်တာအိုနိယာမများကိုမျှ အသုံးပြုရန်ပင် ပျင်းရိနေပြီး လီကွမ်ယန်၏ရှေ့သို့ တိုက်ရိုက်ပြေးဝင်သွားသည်။ သူ လီကွမ်ယန်၏မျက်နှာကို ဖြတ်ရိုက်လိုက်ရာ သွားများအားလုံး ကျိုးကြေသွားပြီး လွင့်စင်သွားစေလေသည်။

"တောရိုင်းမြေစုစည်းထားတဲ့ တပ်ဖွဲ့ဝင်သန်းဆယ်နဲ့ချီတောင် ကောင်းကင်ကြည့်ဆောင်ရှေ့မှာတော့ ရထားကိုတားဖို့ကြိုးစားနေတဲ့ ပုရွက်ဆိတ်တစ်ကောင်လို ရယ်စရာကောင်းပြီး ကလေးဆန်လွန်းတယ်။"

ဝုန်း။

ကျန်းထန်သည် ယခင်ကမရှိဖူးသော ပေါက်ကွဲထွက်သည့်စွမ်းအားကို ပြသလိုက်ရာ အားလုံးကို ထိတ်လန့်သွားစေပြီး သူ၏ပြိုင်ဖက်ကင်းသောထက်မြက်မှုကို မည်သူမျှ တည့်တည့်မကြည့်ရဲကြပေ။ သူက အိုမင်းနေပုံရသော အသွင်အပြင် ရှိသော်လည်း သွေးနှင့်စွမ်းအင်များသည် ကောင်းကင်ဘုံများကို လင်းထိန်သွားစေပြီး ဧကရာဇ်အဆင့် အခင်းအကျင်းများမှ ဖန်တီးထားသော ထူးဆန်းသည့်ဖြစ်ရပ်များကို ဆုတ်ဖြဲပစ်လိုက်လေသည်။

"တကယ်တော့ ရွှေခေတ်ရဲ့ပါရမီရှင်ဆိုတဲ့ဘွဲ့နဲ့ ထိုက်တန်တဲ့ စွမ်းဆောင်နိုင်ရည်ရှိတဲ့လူတွေ တောရိုင်းမြေမှာ ရှိမရှိကြည့်ဖို့ အဲဒီအကြောင်းအကျိုးဆက်စပ်နေတဲ့ ကြိုးမျှင်ကို ငါ တမင်ချန်ထားခဲ့တာ။ ရလဒ်က မျှော်လင့်မထားပေမယ့် မဆိုးပါဘူး။"

"ဒါပေမဲ့ အထင်မလွဲနဲ့။"

"ငါက ကျန်းထန်။ လူသားဧကရာဇ်ခေတ်က ပြိုင်ဖက်ကင်း ပါရမီရှင်တစ်ယောက်ပဲ။ ငါ့ခေတ်ကို ငါ လွှမ်းမိုးခဲ့ပြီးတော့ ရွှေခေတ်ရဲ့ ပါရမီရှင်တစ်ယောက်လည်း ဖြစ်ခဲ့တယ်။ ငါက မင်းတို့ထက် ခေတ်တစ်ခုလုံး စောနေတယ်။"

"မင်းတို့က ဘာအခွင့်အရေးနဲ့ ငါ့ကို ဝိုင်းရံတိုက်ခိုက်ရတာလဲ။။"

ကျန်းထန်သည် သိုးအုပ်ထဲသို့ ဝင်ရောက်လာသော ကြမ်းကြုတ်သည့် နဂါးတစ်ကောင်ကဲ့သို့ ရမ်းကားစွာ သတ်ဖြတ်နေလေသည်။ သူက တားဆီး၍မရနိုင်သော အရှိန်အဟုန်ဖြင့် ရွေ့လျားနေပြီး သူ့ကို အနည်းငယ်မျှပင် မတားဆီးနိုင်ပေ။ သူ ပြုလုပ်သမျှ လှုပ်ရှားမှုတိုင်းက အသက်တစ်ခုကို နှုတ်ယူရန် ရည်ရွယ်လေသည်။

မဟာမိတ် တပ်ဖွဲ့ဝင်သုံးသန်းသည် ဖရိုဖရဲဖြစ်သွားပြီး ဧကရာဇ်အဆင့် အခင်းအကျင်းများ အကြိမ်ကြိမ် ချေမှုန်းခံခဲ့ရလေသည်။

ပြင်းထန်သောမိစ္ဆာမီးတောက်များ မြင့်တက်လာပြီး ကောင်းကင်ဘုံများနှင့် နယ်ပယ်များကို မည်းမှောင်၍ သွားစေလေသည်။

"ဟားဟားဟား..."

"နှစ်တစ်သောင်း။ နှစ်သောင်းချီအောင် အမှောင်ထဲမှာ ပုန်းအောင်းနေခဲ့ရပြီးနောက် ငါ နောက်ဆုံးတော့ စိတ်တိုင်းကျ သတ်ဖြတ်နိုင်ပြီ။"

"တကယ်လို့ တောရိုင်းမြေက ဒီလောက်ပဲဆိုရင် ငါ့အမြင်မှာတော့ ဒီလိုရှုပ်ထွေးတဲ့ အကြံအစည်တွေ လုပ်နေစရာ မလိုဘူး။ ငါတစ်ယောက်တည်းနဲ့တင် သူတို့အားလုံးကို အနိုင်ယူနိုင်တယ်၊ အဲဒီအချိန်-နေရာလွတ် ဓားသူတော်စင်ဆိုတဲ့သူအပါအဝင်ပေါ့။"

ကျန်းထန်က ပိုမိုရဲရင့်လာပြီး ယုံကြည်မှုရှိရှိဖြင့် တိုက်ခိုက်နေလေသည်။

လီကွမ်ယန်ပင်လျှင် သူ၏ရှေ့တွင် ကလေးတစ်ယောက်နှင့် ဘာမှ မကွာခြားပေ။ လက်သီးအနည်းငယ် အထိုးခံရပြီးနောက် လီကွမ်ယန်၏အရိုးများ ကျိုးသွားပြီး အရွတ်များစုတ်ပြဲသွားကာ သေလုနီးပါး ဖြစ်သွာ၏။

သူ၏သွေးများက ကောင်းကင်ယံကို ပန်းထွက်သွားသည်။

လီကွမ်ယန်၏ ကျိုးပဲ့နေသောဓား ပြုတ်ကျသွားပြီး သူက လေထဲသို့ လွင့်စင်သွားလေသည်။

"ကောင်းကင်စစ်ဗိုလ်ချုပ်က ဒီလိုနဲ့ပဲ ရှုံးနိမ့်သွားပြီလား။" တစ်စုံတစ်ယောက်က မယုံကြည်နိုင်စွာဖြင့် မှင်တက်လျက် မေးလိုက်သည်။

"အရမ်းကို အစွမ်းထက်တာပဲ။ ဒါက တန်ခိုးရှင်အဆင့်သတ်မှတ်ချက် နံပါတ်(၁၀)ရဲ့ ခွန်အားလား။ ဧကရာဇ်ရဲ့ တကယ့် စစ်မှန်တဲ့ခွန်အားက တန်ခိုးရှင်အဆင့်သတ်မှတ်ချက်မှာ ဖော်ပြထားသလို အဆင့်(၁၅)မှာပဲ ရှိနေတာများလား။"

"အဲဒီလိုသာဆိုရင် တောရိုင်းမြေက ကောင်းကင်မဟာမိတ်အဖွဲ့ကို ဘာနဲ့ သွားတိုက်မှာလဲ။ ငါတို့တွေ အသက်တွေကိုစတေးပြီး တိုက်ရင်တောင် လုံလောက်မှာ မဟုတ်ဘူး။"

ကျင့်ကြံသူသုံးသန်းသည် သတ်ဖြတ်ခံရပြီး ရှုံးနိမ့်ကာ ဆုတ်ခွာခဲ့ရလေသည်။

စုချင်ချိုးကြီးကြပ်နေသော ဧကရာဇ်အဆင့် အခင်းအကျင်းက ဆက်လက်၍ မတောင့်ခံနိုင်တော့ဘဲ နောက်ထပ် လက်သီးရာတစ်ခုကို ခံရပြီးနောက် ကျိုးကြေသွားလေသည်။

ဖွပ်...

"အရမ်းစွမ်းလွန်းတယ်။ တကယ့်ပြိုင်ဘက်ကင်းပဲ။" စုချင်ချိုး၏မျက်လုံးများတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေလေသည်။ ဧကရာဇ်က ဤသို့သောရန်သူမျိုးကို အနိုင်ယူနိုင်မနိုင်ကို သူ မသေချာတော့ပေ။

ဓားအဆောင်ကို ချေမွရမလား ဆိုသည်ကို သူ တွန့်ဆုတ်နေမိသည်။

ခေတ်တစ်ခုကို ဦးဆောင်တဲ့ ထိပ်တန်းပါရမီရှင်၊ မျိုးဆက်တစ်ခုပြီးတစ်ခု ပြိုင်ဖက်ကင်းတဲ့သူ။ ဒီလိုရန်သူမျိုးကို ဧကရာဇ်တောင်မှ ယှဉ်နိုင်မှာ မဟုတ်ဘူး။

စုချင်ချိုးသည် ဧကရာဇ် ထိခိုက်မည်ကို စိုးရိမ်သဖြင့် ဓားအဆောင်ကိုချေမွရန် တွန့်ဆုတ်နေခဲ့သည်။ ရုတ်တရက် သူ လန့်နိုးသွားပြီး နှုတ်ခမ်းများတွင် ခါးသီးသောအပြုံးတစ်ခု ပေါ်လာလေသည်။

"ဘယ်အချိန်ကစပြီးတော့ ရန်သူက ဒီလောက်အစွမ်းထက်လာလို့ ဧကရာဇ်အပေါ် ငါ့ရဲ့ယုံကြည်မှု ပျောက်ဆုံးသွားရတာလဲ။"

"ထားလိုက်ပါတော့။ ဧကရာဇ်မင်းမြတ်။ ကျွန်မ ရှင့်ကို ယုံကြည်ဖို့ရွေးချယ်လိုက်ပြီ။ ပြီးတော့ မျှော်လင့်ပါတယ်..."

"ချင်ချိုးက သခင်လေးကို အန္တရာယ်မပေးခဲ့ပါဘူး။"

စုချင်ချိုးက မျက်လုံးများကိုမှိတ်ကာ ဓားအဆောင်ကို ပြတ်သားစွာ ချေမွလိုက်လေသည်။

ဓားအဆောင်ကို မချေမွရဲခဲ့ခြင်းမှာ အကယ်၍ ရှုံးနိမ့်မှုက ရှောင်လွှဲ၍မရလျှင် တာဝန်ကိုပခုံးထမ်းပြီး ဆက်လက်အသက်ရှင်ရမည့်သူက ဧကရာဇ်သာ ဖြစ်ရမည်ဟု သူ ခံစားရ၍ပင်။ အချိန်လုံလုံလောက်လောက် ရရှိလျှင် တစ်နေ့တွင် သူက လောကကြီးကို မှောက်လှန်ပစ်နိုင်ပြီး သမိုင်းတစ်လျှောက် ရန်သူများအားလုံးကို အနိုင်ယူနိုင်လိမ့်မည်။

ယခု သူက ၎င်းကို ချေမွလိုက်၏။

ငါ ဧကရာဇ်ကို ယုံကြည်ချင်တယ်။ အရင်တုန်းကလိုမျိုးပဲ။

သူ လုပ်ရမည့်အရာက အမိန့်ကိုနာခံရန်၊ အစေခံတစ်ယောက်၏တာဝန်ကို ကျေပွန်ရန်နှင့် ဧကရာဇ်၏ ခွင့်ပြုချက်မရှိဘဲ သူ့အတွက် ဆုံးဖြတ်ချက်များ မချရန်ပင်။

"ဟမ်။"

"အချိန်-နေရာလွတ်တာအို။ မင်းက မုန့်ချင်ကျိုးကို ခေါ်နေတာလား။" ကျန်းထန်က ရပ်တန့်သွားပြီး ရုတ်တရက် သူ၏အကြည့်ကို စုချင်ချိုးအပေါ် စူးစိုက်လိုက်ကာ တည်ငြိမ်စွာ ပြုံးလိုက်သည်။

"ကောင်းပြီလေ။ ငါကလည်း အချိန်-နေရာလွတ် ဓားသူတော်စင်က ဘယ်လောက်တောင် တော်သလဲ ဆိုတာကို ကြည့်ချင်နေတာနဲ့ အတော်ပဲ။"

"သူ ကျိဝူရွှမ်ကို အနိုင်ယူနိုင်ခဲ့တာက ကျိဝူရွှမ် အသုံးမကျလို့ပဲ။ ဒါပေမဲ့ ငါက မတူဘူး။ ငါက အားနည်းချက်တွေနဲ့ ချို့ယွင်းချက်တွေအားလုံးကို ပြင်ဆင်ဖို့၊ ပြီးပြည့်စုံတဲ့အခြေအနေကို ရောက်ဖို့အတွက် ခေတ်တစ်ခုလုံး အချိန်ယူခဲ့တာ။ တူညီတဲ့နယ်ပယ်မှာဆိုရင် ကျိဝူရွှမ်ဆယ်ယောက်တောင် ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။"

သူ စကားပြောနေစဉ် ကျန်းထန်သည် ရင်ဘတ်ကို ကော့လိုက်ပြီး သူ၏မျက်လုံးများ ရုတ်တရက် ထက်မြက်လာလေသည်။

"ဒါပေမဲ့ မင်းက ငါ့နှာခေါင်းအောက်မှာ ပြဿနာရှာရဲတယ်ပေါ့။ မင်း သေချင်နေတာပဲ။"

ကျန်းထန်သည် စုချင်ချိုး၏သရုပ်မှန်မှာ အချိန်-နေရာလွတ် ဓားသူတော်စင်၏အစေခံ ဖြစ်ကြောင်းကို မှတ်မိသွားလေသည်။

တကယ်လို့ ငါသာ သူ့ကိုသတ်လိုက်ရင် မုန့်ချင်ကျိုးရဲ့စရိုက်အရဆိုရင် ရူးသွပ်သွားနိုင်တယ်။

"သေစမ်း။"

ကျန်းထန်က လေထဲတွင် ခုန်တက်သွားပြီး စုချင်ချိုး၏ရှေ့သို့ ရောက်ရှိလာကာ ဤပုရွက်ဆိတ်ကို ချေမွရန် အဆင်သင့်ဖြစ်နေလေသည်။

ရုတ်တရက်။

ထူးဆန်းသော လှိုင်းဂယက်များ ကောင်းကင်နှင့်မြေကြီးကြားတွင် ရိုက်ခတ်လာလေသည်။

ကျန်းထန် မျက်မှောင် အနည်းငယ်ကြုတ်လိုက်ပြီး သေချာပေါက်သေရမည့် ကြောက်မက်ဖွယ် ကြိုတင်နိမိတ်တစ်ခုကို အာရုံခံလိုက်မိသဖြင့် နောက်ဆုတ်ပြီး ထွက်ပြေးရန် ပြင်လိုက်လေသည်။

ဝီ။

အချိန်အဆုံးသတ်မှနေ၍ ဘယ်ဆီကမှန်းမသိ လက်ချောင်းတစ်ချောင်း ပေါ်ထွက်လာပြီး ဟုန်ဝူကမ္ဘာကို ဖောက်ထွင်းဝင်ရောက်လာလေသည်။ ဤကောင်းကင်ကို ဖုံးကွယ်ထားသော လက်ချောင်းသည် စကြဝဠာ တစ်ခုလုံးထက်ပင် ပိုကြီးမားနေလေသည်။ ခမ်းနားထည်ဝါလှ၏။

လက်ဗွေရာများကို ကောင်းကင်ထောက်တိုင်တစ်တိုင်လို ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။ ခန္ဓာကိုယ် တစ်ခုလုံးသည် ရွှေဝါရောင်ရှိပြီး မျက်နှာပြင်ပေါ်တွင် ဧကရာဇ်သင်္ကေတများ ထွင်းထုထားလေသည်။

ဝုန်း။

တစ်ခဏချင်းမှာပင်။

ကမ်းရိုးတန်းနယ်စပ် တစ်လျှောက်ရှိ ကမ္ဘာကြီးထောင်ပေါင်းများစွာ ဟုန်ဝူကမ္ဘာသို့ အကူအညီပေးရန် သွားနေသော ကျင့်ကြံသူများနှင့် အရှုပ်အထွေးများကိုအခွင့်ကောင်းယူကာ ပင်လယ်ကိုဖြတ်၍ ကောင်းကင်ပြည်နယ်သို့သွားရန် စီစဉ်ထားသော မရိုးသားသည့်ရည်ရွယ်ချက်ရှိသူများအားလုံးက ဤအချိန်တွင် မှင်တက်သွားကြလေသည်။

လမ်းခရီးတွင်။

ဝူတျဲသည် ချုံးမိန်နှင့် ဝမ်ရှန်ကျားတို့နှင့်အတူ ခြေလှမ်းများ ရပ်တန့်သွားပြီး သူတို့၏မျက်လုံးများတွင် ရိုသေကြောက်ရွံ့မှုများ ပြည့်နှက်နေလေသည်။ ဝိညာဉ်အနက်ရှိုင်းဆုံးအထိ ရိုက်ခတ်သွားသော တုန်လှုပ်မှုပင်။

ပြိုင်ဘက်ကင်း။

၎င်းကိုဖော်ပြရန် အခြားစကားလုံး မရှိပေ။ ၎င်းကို ရိုးရှင်းစွာ ဖော်ပြရန် "ပြိုင်ဖက်ကင်း"ဟူသော စကားလုံးတစ်လုံးတည်းကိုသာ အသုံးပြုနိုင်သည်။ မည်သည့်ဖော်ပြချက်မဆို ဖြူဖျော့ပြီး အားနည်းနေမည် ဖြစ်ကာ မျက်စိရှေ့မှ မြင်ကွင်းကြောင့် ဖြစ်ပေါ်လာသောတုန်လှုပ်မှုကို မည်သည့်စကားလုံးကမှ ဖမ်းယူနိုင်မည် မဟုတ်ပေ။

"အဲဒါ ဧကရာဇ်ပဲ..." တဖြည်းဖြည်းနှင့် တစ်စုံတစ်ယောက်က သတိပြန်လည်လာရန် ရုန်းကန်နေရပြီး မျက်နှာမှာ ဖြူရော်နေသော်လည်း သူ၏အသံမှာ ရူးသွပ်မှုနှင့် စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နှက်နေကာ အော်ဟစ်လိုက်သည်။

"အဲဒါက ဧကရာဇ်ပဲ။"

ဤလုပ်ရပ်တစ်ခုတည်းက ရုတ်ရုတ်သဲသဲ ဖြစ်ပေါ်စေခဲ့သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများ အံ့အားသင့်သွားကြပြီး ဒူးမထောက်ဘဲ မနေနိုင်ခဲ့ကြပေ။ ကမ်းရိုးတန်းနယ်စပ် တစ်လျှောက်ရှိ ကျင့်ကြံသူ သန်းဆယ်ချီတို့က ဤမြင်ကွင်းကြောင့် လုံးဝလွှမ်းမိုးခံလိုက်ရသဖြင့် အစုလိုက်အပြုံလိုက် ဒူးထောက်ကျသွာ၏။

...

...

"ငါ့ရဲ့ ငြိမ်းချမ်းတဲ့ကျင့်ကြံမှုကို နှောင့်ယှက်တဲ့သူတွေဟာ သေဖို့ထိုက်တန်တယ်။"

မုန့်ချင်ကျိုး၏ အေးစက်သောအသံက ဟင်းလင်းပြင်မှ ပဲ့တင်ထပ်လာလေသည်။

ကောင်းကင်ကို ဖုံးကွယ်ထားသော လက်ချောင်းသည် ကျန်းထန်ကို ရိုက်ခတ်သွားပြီး သူ့ကို စကြဝဠာ၏ အောက်ခြေသို့ တွန်းချလိုက်လေသည်။ အလွန်အမင်းမြန်ဆန်သော အမြန်နှုန်းကြောင့် ကျန်းထန်သည် ကောင်းကင်ကို ဖောက်ထွင်းဝင်ရောက်လာသောလက်ချောင်းကို လက်နှစ်ဖက်ဖြင့် မနည်းထောက်ထားရပြီး သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ ပွတ်တိုက်မှုကြောင့် မီးပွားများလွင့်စင်နေကာ သူသည် သွေးများကို အဆက်မပြတ် အန်ထုတ်နေလေသည်။

"မဟုတ်ဘူး။ ငါ သေတော့မယ်။ ဒီလို ဆက်ပြီးတော့ အတင်းအကျပ်လုပ်နေရင် ငါ သေချာပေါက် သေလိမ့်မယ်။"

ကျန်းထန်၏မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး သူ၏နှလုံးသားကို မာကျောအောင် လုပ်ကာ ဂုဏ်သိက္ခာကို ဂရုမစိုက်တော့ဘဲ တာအို နိယာမများကို အသုံးပြုရန် ဆုံးဖြတ်လိုက်လေသည်။

[ရှေးဟောင်းနတ်ဘုရားလမ်းစဉ် - ကောင်းကင်နှင့်မြေကြီး၏နိယာမများကိုလိုက်နာခြင်း]

ဖန်ဆင်းခြင်း၏ ကနဦးခေတ်မှ မွေးဖွားလာသော စစ်မှန်သည့် ရှေးဟောင်းနတ်ဘုရားစွမ်းအား [ကောင်းကင်နှင့်မြေကြီး၏နိယာမ]။

ကျန်းထန်၏ခန္ဓာကိုယ် ဖောင်းကားလာပြီး သူ၏ခြေထောက်များသည် စကြဝဠာ၏အောက်ခြေကို ချက်ချင်းဆောင့်နင်းလိုက်ကာ ၎င်းကို တိုက်ရိုက်ကန်ချလိုက်ပြီး လက်ချောင်းများကိုထောက်ထားကာ အပေါ်သို့ မတင်ရန် ရုန်းကန်နေလေသည်။

ဝုန်း။

ဟုန်ဝူကမ္ဘာသည် ရုတ်တရက် ကျိုးကြေသွားပြီး နှစ်ပိုင်းကွဲသွားလေသည်။

ချုံးမိန်သည် လက်ကိုဝှေ့ယမ်းကာ နေရာလွတ်နေရာပြောင်းရွှေ့ခြင်းကို အသုံးပြု၍ အတွင်းရှိ ကျင့်ကြံသူ အားလုံးကို အပြင်သို့ တိုက်ရိုက်ရွှေ့ပြောင်းပေးလိုက်လေသည်။

နောက်အခိုက်အတန့်တွင် ဟုန်ဝူကမ္ဘာ ပေါက်ကွဲသွားလေ၏။

ကျန်းထန်သည် ပေါက်ကွဲမှု၏ဗဟိုချက်တွင် ရှိနေပြီး ကမ္ဘာတစ်ခုလုံး၏ ဖျက်ဆီးမှုကို အထိအခိုက်မရှိ ခံနိုင်ရည်ရှိကာ သူ၏လက်ချောင်းများကို ဆက်လက် ထောက်ထားဆဲ ဖြစ်လေသည်။

ထွီး။

ချလွမ်။

"မင်း ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နေရတာလဲ။ လွန်ခဲ့တဲ့လဝက်ကတောင် မင်းက..."

ကျန်းထန်၏အရိုးများ ကျိုးသွားပြီး အရွတ်များ တစ်လက်မချင်းစီ ပြတ်တောက်သွားကာ ရွှေရောင်သွေးများက သူ၏နှုတ်ခမ်းထောင့်များမှ အဆက်မပြတ် စီးကျနေလေသည်။

[ပြိုင်ဘက်ကင်းရွှေရောင်ခန္ဓာ]

တာအိုဝါဒ၏ အန္တိမ သဘာဝလွန်စွမ်းအား။ ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်ပြီး ရှေးခေတ်ကာလမှ ဆင်းသက်လာသည်။

အပြစ်အနာအဆာကင်းပြီး ချိုးဖျက်၍မရနိုင်ပေ။

သူက ဆက်လက်တောင့်ခံထားဆဲဖြစ်ပြီး ရှေးခေတ်ကာလမှ ဖန်ဆင်းခြင်းနှင့် ဝေးကွာသောအတိတ်မှ အမျိုးမျိုးသော တားမြစ်ထားသည့် သဘာဝလွန်စွမ်းအားများကို အဆက်မပြတ် ထုတ်လွှတ်နေလေသည်။ ကျန်းထန်သည် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်တာအိုကို လိုက်နာခဲ့ပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်သည် ရှေးခေတ် မွေးရာပါနတ်ဘုရားများနှင့်နတ်ဆိုးများနှင့် ယှဉ်နိုင်ကာ ကောင်းကင်တာအိုက ဖန်ဆင်းထားသော နတ်ဘုရားများနှင့်ပင် လက်တစ်ကမ်း အကွာအဝေးမှ တိုက်ခိုက်နိုင်ပြီး သူတို့ကို နှစ်ပိုင်းဆုတ်ဖြဲကာ သူတို့၏ နတ်ဘုရားသွေးကို သောက်သုံးနိုင်လေသည်။

ကျန်းထန်သည် ကျိဝူရွှမ်နှင့် တူညီသောအဆင့်တွင် တိုက်ခိုက်ရန် တစ်ချိန်က သူ၏ကျင့်ကြံမှုအဆင့်ကို ဖိနှိပ်ထားခဲ့သည်။ သရေကျပြီး အဆုံးသတ်ခဲ့သော်လည်း ကျိဝူရွှမ်၏ ပြိုင်ဖက်ကင်းသော တာအိုနှလုံးသား မထိခိုက်စေရန် ကျိဝူရွှမ်ကိုအနိုင်ပေးခဲ့ကြောင်း သူ၏နှလုံးသားထဲတွင် သိလေသည်။

ထို့ကြောင့် ကျန်းထန်သည် အချိန်-နေရာလွတ်ဓားသူတော်စင်ကို အနိုင်ယူနိုင်သည်ဟု ယုံကြည်ခဲ့သည်။ လောကတွင် အထက်မြက်ဆုံး အချိန်-နေရာလွတ်ဓားပင် သူ့ကိုမသတ်နိုင်လောက်။ အကြောင်းမှာ သူတို့သည် တူညီသောအဆင့်တွင် ရှိနေပြီး သူက အဆင့်တူတွင် ပြိုင်ဖက်ကင်းသောကြောင့်ပင်။

"ဘာလို့လဲ၊။ ဘာလို့ ဒီလိုဖြစ်ရတာလဲ..."

ကျန်းထန်က မိမိ၏အသက် လွင့်နေသည်ကို ခံစားလိုက်ရပြီး သူ၏ [ပြိုင်ဘက်ကင်းရွှေရောင်ခန္ဓာ]သည် ဝန်ထုပ်ဝန်ပိုးကို ဆက်လက်မခံနိုင်တော့ဘဲ သူ၏အရေပြားကိုဖုံးအုပ်ထားသော ရွှေရောင် အတားအဆီးကို အက်ကွဲသွားစေလေသည်။

သူ ရရှိခဲ့သည့် တစ်ခုတည်းသောတုံ့ပြန်မှုမှာ အေးစက်သော အသံတစ်ခုပင်။

"ခင်ဗျားက အားနည်းလွန်းတယ်။"

ချက်ချင်းပင်။

ရုတ်တရက် စွမ်းအားများပေါက်ကွဲလာပြီး လက်ချောင်းက အောက်ဘက်တည့်တည့်သို့ ဖောက်ထွင်း ဝင်ရောက်သွားလေသည်။

ကျန်းထန်၏အသားများ ချေမွခံလိုက်ရပြီး အရိုးများနှင့်ကြွက်သားများသည် သွေးနှင့်အသားများဖြင့် ရစ်ပတ်သွားကာ အိုင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

အဋ္ဌမမြောက် နန်းဆောင်သခင် သေဆုံးသွားလေပြီ။

တစ်ခဏမျှ လူတိုင်း တိတ်ဆိတ်သွားကြပြီး ပြိုင်ဖက်ကင်းသည်ဟုထင်ရသော ကျန်းထန်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် မျက်စိတစ်မှိတ်အတွင်း ချေမှုန်းခံလိုက်ရသည်ကို ကြည့်နေခဲ့သည်။ နောက်ဆုံးတွင် နားကန်းလောက်အောင် ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာ၏။

"ဧကရာဇ်က ပြိုင်ဖက်ကင်းပြီးတော့ ဘယ်တော့မှ မရှုံးနိမ့်ဘူး။"

"တန်ခိုးရှင်အဆင့်သတ်မှတ်ချက် အဆင့်(၁၅)က ဧကရာဇ်ရဲ့ တကယ့်စစ်မှန်တဲ့ခွန်အားကို ကိုယ်စားပြုတယ်လို့ ဘယ်သူကများ ပြောရဲသေးလဲ။ နံပါတ်(၁၀)နေရာမှာရှိတဲ့ ကျန်းထန်ဟာ အဝေးကနေ လက်ချောင်းလေးတစ်ချောင်းတည်းနဲ့တင် ချေမွခံလိုက်ရပြီ။ ဒါက ဧကရာဇ်ရဲ့ တကယ့်စွမ်းအားပဲ။"

"ကမ္ဘာလောကကို ဆင်းသက်လာတဲ့ ဧကရာဇ်တစ်ပါးလိုပဲ။ ရှေးဟောင်း လူသားဧကရာဇ်နဲ့ယှဉ်နိုင်တဲ့ အုပ်ချုပ်သူတစ်ပါး မွေးဖွားလာခဲ့ပြီ။"

"ဧကရာဇ် သက်တော်ရာကျော်ရှည်ပါစေ။ မဟာကျင်းတိုင်းပြည် ထာဝရတည်တံ့ပါစေ။"

ဝူတျဲသည် တစ်ခဏမျှ တွေးဝေသွားပြီး ချင်းလျန်တောင်တွင် သူနှင့် ဧကရာဇ်တို့ ပထမဆုံးအကြိမ် လုံးဝရိုးသားခဲ့ကြသည်ကို ပြန်လည် သတိရသွားလေသည်။ ထိုစဉ်က သူသည် ပင်လယ်လွှမ်းနယ်ပယ်တွင်သာ ရှိနေသေးသည်...

မျက်စိတစ်မှိတ်အတွင်း သူ၏ခေတ်ကာလထက် စောနေသော ထိပ်တန်းပါရမီရှင်တစ်ဦး၊ နှစ်ပေါင်း ထောင်နှင့်ချီ ကြံစည်နေခဲ့သော လက်မည်းကြီးသည် လက်ချောင်းလေးတစ်ချောင်းတည်းဖြင့် အမြစ်ပြတ် သုတ်သင်ခံလိုက်ရလေပြီ။

ပြန်တွေးကြည့်လျှင် မနေ့ကလို ခံစားရ၏...

"ဟားဟားဟား။" ပြင်းထန်သောဒဏ်ရာများ ရရှိထားသော်လည်း လီကွမ်ယန်သည် ကောင်းကင်ဘုံများ တစ်လျှောက် ပဲ့တင်ထပ်သွားသော မိုးခြိမ်းသံကဲ့သို့ ရယ်မောလိုက်လေသည်။ သူသည် အဝေးတွင် မှင်တက်စွာ ရပ်နေသော ဝမ်ရှန်ကျားကို ကြည့်ကာ အော်ဟစ်လိုက်သည်။

"အဘိုးကြီးဝမ်... မင်းကို ငါ ဘာပြောခဲ့လဲ။ ဧကရာဇ်မုန့်ဟာ ခေတ်ကာလရဲ့ ရွေးချယ်မှုပဲ။ မင်းအတွက် ငါရွေးချယ်ပေးခဲ့တဲ့ ရွေးချယ်မှုက ဘယ်လောက်မှန်ကန်လဲဆိုတာ တစ်နေ့ကျရင် မင်း နားလည်လာလိမ့်မယ်လို့။"

"သူ့ကို ကြည့်ဦး။ ဧကရာဇ်ရဲ့စွမ်းအားက တားဆီးလို့မရဘူး။ သူက ကမ္ဘာကြီးကို လွှမ်းမိုးတော့မယ်။။"

"ငါ မင်းကို မလိမ်ခဲ့ဘူးနော်။ ဟားဟားဟား..."

ဝမ်ရှန်ကျားသည် ဘောလုံးတစ်လုံး လည်ချောင်းတွင် တစ်ဆို့နေသကဲ့သို့ ခံစားလိုက်ရသည်။ သူ တစ်ခုခု ပြောချင်သဖြင့် ပါးစပ်ကို ကျယ်ကျယ်ဟလိုက်သော်လည်း စိတ်က လုံးဝ ဗလာကျင်းနေလေသည်။

အဋ္ဌမမြောက်နန်းဆောင်သခင်က... အဲဒီလိုပဲ သေသွားပြီလား။

ဖြန်း။

ဝမ်ရှန်ကျားသည် သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ပါးပြင်ကို ပြင်းပြင်းထန်ထန် ရိုက်လိုက်လေသည်။ လောင်ကျွမ်းနေသောနာကျင်မှုက ၎င်းက ထင်ယောင်ထင်မှားတစ်ခု မဟုတ်ကြောင်း သူ့ကို ပြောပြနေသည်။ ၎င်းမှာ အစစ်အမှန်ပင်။

"ဥပေဒသတွေ ချမှတ်ပြီးသွားပြီလား၊။ ပြီးတော့ ခေတ်သစ်တစ်ခု စတင်တော့မှာလား။"

"ပြီးတော့ နောက်ကမ်းခြေကိုရောက်ဖို့ ခေတ်သစ်ရဲ့သင်္ဘောပေါ်မှာ ငါ ရွက်လွှင့်ရမယ်..."

ဝမ်ရှန်ကျားသည် စိတ်လှုပ်ရှားစွာဖြင့် တုန်ရီနေပြီး မျက်နှာကိုအုပ်ကာ နှုတ်ခမ်းများ အလိုအလျောက် တွန့်ကွေးသွားလေသည်။ လီကွမ်ယန်ကဲ့သို့ပင် သူက ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်လေသည်။

တကယ်တမ်းတွင် ယနေ့အထိ သူသည် မုန့်ချင်ကျိုးပြောခဲ့သော အဓိပ္ပာယ်မရှိသည့် စကားများကို မယုံကြည်ခဲ့ပေ။ သူ့ကို မဟာကျင်းတိုင်းပြည်၏ ကျိုးပဲ့နေသောသင်္ဘောကို တစ်လျှောက်လုံး လိုက်ပါလာစေ၍ လီကွမ်ယန်အား စွဲလမ်းနေသည်ဟုဆိုကာ မကြာခဏ ကျိန်ဆဲခဲ့လေသည်။

သို့သော် ယခု ကြည့်ရသည်မှာ...

ထိုစဉ်က သူ၏ ရွေးချယ်မှုသည် အရေးကြီးဆုံးဆုံးဖြတ်ချက် ဖြစ်ကောင်း ဖြစ်လိမ့်မည်။

"ဟုတ်တယ်။ လီကွမ်ယန်... မင်းက မှန်ကန်တဲ့ရွေးချယ်မှုကို လုပ်ခဲ့တယ်။"

"ငါ မင်းကို ယုံကြည်တယ်။ ဒီတစ်ကြိမ်တော့ ငါ မင်းကို လုံးဝ ယုံကြည်တယ်။ မင်းရဲ့ ယုံကြည်အောင် သိမ်းသွင်းနိုင်တာကို င ခံရတာ ဒါ ပထမဆုံးအကြိမ်ပဲ။"

...

အပိုင်း(၃၄၀) နောက်ဆုံးအနိုင်ရရှိသူ၊ အန္တိမအချိန်-နေရာလွတ်

အဋ္ဌမမြောက်နန်းဆောင်သခင် ကျန်းထန် သေဆုံးသွားကြောင်း သတင်းသည် ထိုနေ့မှာပင် တောရိုင်းမြေနှင့် ကောင်းကင်ပြည်နယ် တစ်လျှောက်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ရှေးခေတ်ကာလကတည်းက အသက်ရှင်ကျန်ရစ်ခဲ့သည့် အလွန်အစွမ်းထက်သောသူတစ်ဦးအား အချိန်-နေရာလွတ် ဓားသူတော်စင်က လက်ချောင်းလေးတစ်ချောင်းတည်းဖြင့် ချေမွသတ်ဖြတ်လိုက်ခြင်းသည် ပင်လယ်အောက်ခြေတွင် ကြီးမားသော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေသည့် ရေအောက်ဗုံးတစ်လုံနှင့် တူနေလေသည်။

တောရိုင်းမြေ၏စိတ်ဓာတ်ခွန်အားမှာ ယခင်နှင့်မတူ အမြင့်ဆုံးသို့ ရောက်ရှိသွားတော့သည်။

တန်ခိုးရှင်၊ ကောင်းကင်၊ မြေကြီးနှင့် လူသားအဆင့် သတ်မှတ်ချက်များက အချိန်-နေရာလွတ် ဓားသူတော်စင်ကို သိက္ခာချနေသည်ဟူသော ကောလာဟလများကို ချေပလိုက်ပြီ ဖြစ်သည်။ အဆင့်(၁၀) ရှိသော သူကို အဆင့်(၁၅)ရှိသော သူက အဝေးမှနေ၍ အနိုင်ယူလိုက်သည်။ ပြောစရာ ဘာရှိတော့မည်နည်း။

ကောင်းကင်ပြည်နယ်။

ကောင်ကင်မဟာမိတ်အဖွဲ့။

ခမ်းနားကြီးကျယ်သော နန်းတော်သည် ဂုဏ်သရေရှိ ဧည့်သည်တော်များဖြင့် ပြည့်နှက်နေလေသည်။ စားပွဲရှည်တွင် မိသားစု(၅)ခု၏ ဘိုးဘေးများ၊ ကောင်းကင်ကြည့်ဆောင်၏ နန်းဆောင်သခင်အချို့၊နှင့် ဂိုဏ်း(၁၈)ခု၏ မဏ္ဍိုင်များအပါအဝင် ကောင်းကင်မဟာမိတ်အဖွဲ့၏ ဆုံးဖြတ်ချက်ချမှတ်သည့် အဖွဲ့ဝင်များ အားလုံး နေရာယူထားကြလေသည်။

ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူ အယောက်(၃၀) ရှိသည်။

စားပွဲ၏ထိပ်ဆုံးတွင် တတိယမြောက်နန်းဆောင်သခင်ဖြစ်သော ဝမ်ရွှင် ရှိနေပြီး သူ၏နောက်တွင် ကောင်းကင်ကြည့်ဆောင်၏ နန်းဆောင်သခင်များ၊ ထို့နောက် ကျိဝူရွှမ်နှင့် မျိုးနွယ်စု(၅)ခုနှင့် ဂိုဏ်း(၁၈)ခုမှ အဆင့်မြင့်အရာရှိများ ရှိလေသည်။

ဤအချိန်တွင် လူတိုင်း၏အမူအရာ လေးနက်နေပြီး လေထုမှာ တင်းမာနေလေသည်။

ဝမ်ရွှင်က ပြောလိုက်သည်။

"အဋ္ဌမမြောက်နန်းဆောင်သခင်ဟာ နှစ်တစ်သောင်းကြာ ကျင့်ကြံခဲ့တယ်။ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် တာအိုက လောကမှာ အကျယ်ပြန့်ဆုံးသော အဓိကတာအိုတွေထဲက တစ်ခုပဲ။ ကျန်းထန်က ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တာအိုရဲ့ ရှေ့ဆောင်တစ်ဦး ဖြစ်တယ်။ သူက နံနက်ခင်းအလင်းနယ်ပယ်မှာ ရှိနေစဉ်ကတည်းက ရုပ်ပိုင်းဆိုင်ရာသူတော်စင်အဆင့်ကို ရောက်ရှိခဲ့ပြီးသား။ အဲဒီလိုလူမျိုးကို အချိန်-နေရာလွတ် ဓားသူတော်စင်က ချေမွပစ်လိုက်တယ်။"

"ဒါက အဓိပ္ပာယ်တစ်ခုတည်းပဲ ရှိတယ်။ အချိန်-နေရာလွတ် ဓားသူတော်စင်ဟာ ကောင်းကင်နယ်ပယ် အောက်မှာ ပြိုင်ဖက်ကင်း ဖြစ်လာတော့မယ်။ ရေစီးကြောင်းကို သတ်မှတ်လိုက်ပြီ။ ပြီးတော့ အချိန်-နေရာလွတ်ရဲ့ နိယာမတွေကို ကျော်လွန်သွားပြီ။"

လူတိုင်း တိတ်ဆိတ်သွားကြ၏။

ဒီလူငယ်လေးရဲ့ တိုးတက်လာမှုက အံ့သြစရာပါပဲ။ တစ်နှစ်အတွင်း သူက ပင်လယ်လွှမ်းနယ်ပယ်ကနေ ကောင်းကင်နယ်ပယ်အောက်မှာ ပြိုင်ဖက်ကင်း ဖြစ်လာခဲ့တယ်။

ကျိဝူရွှမ် ဖြူရော်နေပြီး သူ၏နဖူးကိုကိုင်ထားကာ တံတောင်ဆစ်များကို စားပွဲပေါ်တင်ထားပြီး မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေကာ သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

"ကောင်းကင်နယ်ပယ်အောက်မှာ ပြိုင်ဖက်ကင်းတယ်..."

"သူ့ကို မီအောင်လိုက်ဖို့ ငါ့မှာ ဘာမျှော်လင့်ချက်မှမရှိတော့ဘူး။"

အချိန်-နေရာလွတ် ဓားသူတော်စင်၏ သတင်းကို နောက်တစ်ကြိမ် ကြားရသောအခါ ကျိဝူရွှမ်သည် အနက်ရောင်ဝတ်လူငယ်လေးကသူ့ကို ဓားတစ်ချက်တည်းဖြင့် ခေါင်းဖြတ်လိုက်သည့် ထိုနေ့ကို ပြန်လည်၍ သတိရမိပြီး သေလုနီးပါးခံစားခဲ့ရမှုသည် သူ၏မှတ်ဉာဏ်ထဲတွင် ရှင်းလင်းစွာ ကျန်ရှိနေသေးသည်။

လူတိုင်းမျက်မှောင်ကြုတ်ကာ တက်ကြွမှုနှင့် ပြိုင်ဖက်ကင်းသော တာအိုနှလုံးသား ပျောက်ဆုံးသွားပြီး လမ်းလျှောက်နေသော အလောင်းကောင်နှင့် တူနေသည့် ကျိဝူရွှမ်ကိုကြည့်ကာ သူတို့၏ စိတ်ပျက်မှုကို မဖုံးကွယ်နိုင်ခဲ့ကြပေ။

လီတိုင်ယွမ် အသက်ပြင်းပြင်းရှူလိုက်ပြီး ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်သကဲ့သို့ သူ၏ လက်သီးများကိုဆုပ်ကာ ပြတ်သားစွာ ပြောလိုက်သည်။

"ကျွန်မတို့ ထပ်ပြီး အချိန်ဆွဲလို့မရတော့ဘူး။ အဆုံးအဖြတ်တိုက်ပွဲကို အခုချက်ချင်း စတင်ရမယ်။"

"မဖြစ်ဘူး။" လုံမိသားစု၏ မိခင်ကြီးက ချေပပြီး ပြောလိုက်သည်။ "ကောင်းကင်ပြည်နယ်ရဲ့ ကံကြမ္မာက မကြာသေးခင်ကမှ ပေါင်းစည်းထားတာ ဖြစ်ပြီးတော့ တည်ငြိမ်ဖို့ အချိန်လိုအပ်တယ်။ အမြဲတမ်း စစ်ဖြစ်နေတဲ့ တောရိုင်းမြေတွေနဲ့မတူဘဲ ကောင်းကင်ပြည်နယ်က အမြဲတည်ငြိမ်ခဲ့တယ်။ ကောင်းကင်ထောက်တိုင်နယ်ပယ်ရဲ့ တံခါးဝမှာ ပိတ်မိနေတဲ့ နံနက်ခင်းအလင်းနယ်ပယ်က ကျင့်ကြံသူတွေ အများကြီး ရှိတယ်။ သူတို့က ကံကြမ္မာရဲ့ အာဟာရကိုပဲ လိုအပ်တယ်။ အလွန်ဆုံး တစ်လ၊နှစ်လအတွင်းမှာ နောက်ထပ် ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူတွေ မွေးဖွားလာလိမ့်မယ်။"

လင်းမိသားစုခေါင်းဆောင်က ခေါင်းညိတ်လိုက်ပြီး ထိုသဘောထားကို ထပ်မံပြောဆိုလေသည်။

"လုံမိခင်ကြီးပြောတာ မှန်တယ်။ ပါရမီရှင်တွေ ရှားပါးပြီး မျိုးဆက်သစ်တွေမရှိတဲ့ တောရိုင်းမြေနဲ့ ယှဉ်ရင် ကောင်းကင်ပြည်နယ်မှာ ပိုကြီးမားတဲ့ အလားအလာ ရှိတယ်။ ကံကြမ္မာရဲ့ အကျိုးသက်ရောက်မှုတွေ အပြည့်အဝ ဖြစ်ပေါ်လာတာနဲ့ ကောင်းကင်ထောက်တိုင် ကျင့်ကြံသူအရေအတွက်ကို အနည်းဆုံး နှစ်ဆလောက် တိုးလာစေနိုင်တယ်။ အဲဒီအချိန်ကျရင် ကောင်းကင်ထောက်တိုင် ကျင့်ကြံသူအယောက်(၆၀)၊(၇၀)လောက်က တာဝန်ယူထားရင် အချိန်-နေရာလွတ်ဓားသူတော်စင် ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သူ့အတွက် သူတို့ကို ရင်ဆိုင်ဖို့ ခက်ခဲလိမ့်မယ်။"

ကောင်းကင်ပြည်နယ်သည် နောက်ထပ် နံနက်ခင်းအလင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့် ကျင့်ကြံသူများက အရေးကြီးသော ခြေလှမ်းကိုလှမ်းပြီး ကောင်းကင်ထောက်တိုင်တွင် နေရာယူမည့်အချိန်ကို စောင့်ဆိုင်းရင်း အဆုံးအဖြတ်တိုက်ပွဲ ရောက်ရှိလာမည့်အချိန်ကို အချိန်ဆွဲနေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း။

လီတိုင်ယွမ်က လက်ကို စားပွဲပေါ်သို့ ပြင်းပြင်းထန်ထန်ရိုက်ချလိုက်ပြီး မတ်တတ်ရပ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"အဲဒါ အလုပ်ဖြစ်မယ် ထင်နေလား။"

"အချိန်-နေရာလွတ်ဓားသူတော်စင် တိုးတက်လာတဲ့ အမြန်နှုန်းကို ရှင်တို့အားလုံး မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ပြီးပြီ။ တခြား ဘာကိုမှမပြောဘဲနေရင်တောင် လွန်ခဲ့တဲ့နှစ်လက သူ ကောင်းကင်ပြည်နယ်ကို ပထမဆုံး ရောက်လာတုန်းက မျက်နှာဖုံးစွပ်ပြီး သူ့ကိုယ်သူ ဖုံးကွယ်ထားဖို့ လိုအပ်သေးတယ်။ နဝမမြောက် နန်းဆောင်သခင်ကို မနည်းသတ်နိုင်ဖို့ ဘိုးဘေးအနည်းငယ်ကို စုစည်းပြီး သူတို့ရဲ့စွမ်းအားတွေကို ထုတ်သုံးဖို့ သူ လိုအပ်ခဲ့တယ်။ အခု ဘယ်လောက်ကြာသွားပြီလဲ။ သူက အဋ္ဌမမြောက်နန်းဆောင်သခင်ကို လက်ချောင်းလေး တစ်ချောင်းတည်းနဲ့ ချေမွနိုင်နေပြီ။ တကယ်လို့ သူ့ကိုသာ နောက်ထပ် လအနည်းငယ် အချိန်ပေးလိုက်ရင် တောရိုင်းမြေကမ္ဘာ့က မဟာမိတ်အဖွဲ့ရဲ့ တိုက်ပွဲမျိုး ထပ်ဖြစ်လာလောက်တယ်။"

"အချိန်-နေရာလွတ် ဓားသူတော်စင်က တိုက်ပွဲတစ်ပွဲတည်းမှာတင် ကောင်းကင်ထောက်တိုင် စစ်သည်တော် အယောက်(၁၀၀)ကို သတ်ပစ်လိုက်တဲ့အခါ ရှင်တို့ ဘာလုပ်မလဲ ကြည့်ကြတာပေါ့။"

"နောက်နှစ်လကြာရင် သူက ကောင်းကင်ထောက်တိုင်နယ်ပယ်မှာ ရှိနေဦးမလားဆိုတာတောင် မသေချာဘူး။"

လီတိုင်ယွမ် အံကြိတ်လိုက်သည်။ အနက်ရောင်ဝတ်လူငယ်လေးအပေါ် သူ၏ ခံစားချက်များသည် အလွန်ပင် ရှုပ်ထွေးနေလေသည်။ သူ၏ခန္ဓာကိုယ်ကို နဝမမြောက်နန်းဆောင်သခင် ဝင်ပူးခဲ့စဉ်က မှတ်ဉာဏ်များသည် သူ၏နှလုံးသားထဲတွင် ထွင်းထုထားဆဲ ဖြစ်လေသည်။

အကယ်၍ ထိုလူသာ မရှိခဲ့ပါက သူ အသက်ရှင်နိုင်မည် မဟုတ်ပေ။

အချိန်အတော်ကြာပြီးနောက်။

လီတိုင်ယွမ်၏ လှပသောမျက်လုံးများ မာထန်သွားလေသည်။ သူ တွေးမိသွားပြီ။ လက်ရှိ လီတိုင်ယွမ်က ယခင်ကဲ့သို့ ပေါ့ပေါ့ပါးပါး ကောင်မလေး မဟုတ်တော့ဘဲ မိသားစု၏ကံကြမ္မာနှင့် မရေမတွက်နိုင်သောလူများ၏ မျှော်လင့်ချက်များကို ပခုံးထမ်းထားရသည့် လီမိသားစု၏ခေါင်းဆောင် ဖြစ်နေလေပြီ။ စိတ်ခံစားမှုများအားလုံးကို နောက်တန်းသို့ ပို့ထားရမည် ဖြစ်သည်။

သူ၏စိတ်ခံစားမှုက သူကိုယ်တိုင်နှင့် မသက်ဆိုင်ပေ။ လီမိသားစုနှင့်သာ သက်ဆိုင်၏။

"တတိယမြောက်နန်းဆောင်သခင်၊ လီမိသားစုတစ်ခုလုံးကိုယ်စား ကျွန်မ အကြံပြုချင်တာကတော့... ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ကြီးမားတဲ့အင်အားတွေအားလုံးကို စုစည်းပြီး အချိန်-နေရာလွတ် ဓားသူတော်စင်ကို ဝိုင်းရံတိုက်ခိုက်ကြဖို့ပါ။ တကယ်လို့... နတ်ဘုရားတွေနဲ့ ပူးပေါင်းရမယ်ဆိုရင်တောင်မှပေါ့။"

"ကျွန်မအမြင်အရဆိုရင် အချိန်-နေရာလွတ်ဓားသူတော်စင်ဟာ ကောင်းကင်တာအိုလို့ခေါ်တဲ့အရာတွေ နတ်ဘုရားတွေ ဒါမှမဟုတ် ရှေးဟောင်းလျှို့ဝှက်ချက်တွေထက် ပိုကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုပါ။ ကျွန်မတို့ အစွမ်းကုန် ကြိုးစားရမယ်။ အရာအားလုံးကို စွန့်စားပြီး သူ့ကို သတ်ရမယ်။။"

"ထပ်ပြီး တွန့်ဆုတ်နေလို့ မဖြစ်တော့ဘူး။" လီတိုင်ယွမ်က ကျယ်လောင်စွာ ပြောလိုက်သည်။

ဝမ်ရွှင်က မျက်လုံးများကိုမှိတ်လျက် နားထောင်နေပြီး ထို့နောက်မှသာ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကာ ပြုံးလျက် ပြောလိုက်သည်။

"လီမိသားစုခေါင်းဆောင်၊ မင်းက ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ဖို့ ပိုပြီး သင့်တော်မယ် ထင်တယ်။"

သူ၏ အံ့အားသင့်ဖွယ်စကားကြောင့် လူတိုင်း၏အမူအရာ သိသိသာသာ ပြောင်းလဲသွားလေသည်။

အသက်(၁၀၀)ပင် မပြည့်သေးသော နံနက်ခင်းအလင်းနယ်ပယ် ကောင်မလေးတစ်ယောက်က ကောင်းကင်မဟာမိတ်အဖွဲ့ ရဲခေါင်းဆောင် ဖြစ်မှာလား။

အခြားသူများ ကန့်ကွက်မှုမပြုခင်မှာပင်။

ဝမ်ရွှင်က ဆက်ပြောသည်။

"မျိုးနွယ်စု(၅)ခုနဲ့ ဂိုဏ်း(၁၈)ခုဟာ ငြိမ်းချမ်းစွာ နေထိုင်လာခဲ့တာ ကြာနေပြီ။ သွေးနဲ့မီးတောက်တွေရဲ့ နှစ်ခြင်းကိုခံစားခဲ့ရပြီးတဲ့တိုင်အောင် လူအများစုဟာ ထိုးထွင်းသိမြင်မှု သိပ်မရခဲ့ဘူး။ ကောင်းကင်ပြည်နယ်ဟာ စစ်ပွဲတွေနဲ့ပြည့်နေတဲ့ တောရိုင်းမြေကို အတိတ်ကငြိမ်းချမ်းမှုအတွက် မကြာခဏ လှောင်ပြောင်တတ်ပေမယ့် ငြိမ်းချမ်းရေးက လူတွေကို ပျင်းရိစေပြီးတော့ ဆုံးဖြတ်ချက်တွေ မချနိုင်အောင်လုပ်တယ် ဆိုတာကို သူတို့ သိပ်မသိကြဘူး။"

ဤအချက်သို့ ရောက်သောအခါ ဝမ်ရွှင်သည် လုံနှင့် လင်းမိသားစုများကို အပြုံးဖြင့် တစ်ချက်ကြည့်ကာ ပြောလိုက်သည်-

"ဥပမာအနေနဲ့ ပြောရရင် ချူမိသားစုက ကျိမိသားစုရဲ့ ဘိုးဘေးတွေကို ချုံခိုတိုက်ခိုက်ပြီး တိုက်ပွဲ တစ်ပွဲတည်းနဲ့တင် ကျိမိသားစုရဲ့ ဘိုးဘေးသုံးယောက်ကို သုတ်သင်ပစ်လိုက်တဲ့အချိန်မှာ ပြီးတော့ ကျိဝူရွှမ်ကို အချိန်-နေရာလွတ်ဓားသူတော်စင်က သတ်ပစ်လိုက်တဲ့အချိန်မှာ တကယ်လို့ အဲဒါက တောရိုင်းမြေက တခြား တိုင်းပြည်တွေသာဆိုရင် မထင်ရှားဆုံး တိုင်းပြည်ငယ်လေးတစ်ခု ဖြစ်ရင်တောင်မှ သူတို့က ထကြွပြီး တိုက်ခိုက်ဖို့၊ ပြီးတော့ ဧရာမ ကျိမိသားစုကြီးကို လုံးဝဝါးမျိုဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး။"

"ဒါပေမဲ့ မင်းတို့ကတော့ ဘာမှမလုပ်ဘဲ ဘေးကနေ ကြည့်နေဖို့ ရွေးချယ်ခဲ့တယ်။ လူတစ်ယောက်တောင် ထွက်ရပ်ဖို့ မရဲခဲ့ဘူး။"

"ဒါပေမဲ့ တောရိုင်းမြေကတော့ ကွာခြားတယ်။ သူတို့ဟာ နှစ်ထောင်ပေါင်းများစွာ စစ်ပွဲတွေကို ကြုံတွေ့ခဲ့ရတယ်။ အဆင့်မြင့်အရာရှိတွေကနေ သာမန်ပြည်သူတွေအထိ၊ သူတို့ရဲ့မိသားစုတွေဟာ တိုင်းပြည်အပေါ် မှီခိုနေရပြီး တိုင်းပြည်ကို ဖျက်ဆီးလို့မရဘူးဆိုတာကို သူတို့ သိကြတယ်။ နတ်ဘုရားတွေ ရှင်သန်ထမြောက်လာရင်တောင်မှ သူတို့က သူတို့ရဲ့လက်နက်တွေကိုမြှောက်ပြီး ခုတ်ပိုင်းရဲတယ်။"

"အတိတ်တုန်းက ကပ်ဘေးနတ်ဘုရား မြေကြီးပေါ် ဆင်းသက်လာတဲ့အချိန်မှာ တောရိုင်းမြေက နံနက်ခင်းအလင်းနယ်ပယ် အဘိုးအိုတစ်ယောက်ကနံနက်ခင်းအလင်းနယ်ပယ်ကျင့်ကြံမှုနဲ့ တစ်ယောက်တည်း တားဆီးခဲ့တယ်။ ပြီးတော့ ကောင်းကင်ကြည့်ဆောင်က နှစ်ပေါင်းများစွာ စောင့်ကြည့်လေ့လာခဲ့ပြီးတဲ့အချိန်မှာ တောရိုင်းမြေက ပြည်သူတွေဟာ ရှေးဟောင်းဘိုးဘေးတွေရဲ့ စိတ်ဆန္ဒတွေကို ရရှိထားတယ်ဆိုတာ တွေ့ခဲ့ရတယ်။ မိသားစုတိုင်းရဲ့ဘိုးဘေးကြီးတွေဟာ သူတို့သေရမယ့်အချိန်ကို ရောက်လာတိုင်း အနာဂတ်မျိုးဆက်တွေအတွက် ခြိမ်းခြောက်မှုတချို့ကို ဖယ်ရှားပေးဖို့ ရန်သူတိုင်းပြည်နဲ့အတူတူ သေဆုံးဖို့ သီးသန့်နေထိုင်ရာကနေ ထွက်လာဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး။"

ဝမ်ရွှင်သည် နှုတ်ခမ်းများတွင် မှေးမှိန်သောအပြုံးတစ်ခု ပေါ်လာလျက် ဆက်ပြောနေလေသည်။ ထိုအပြုံးက လှောင်ပြောင်မှုနှင့် အထင်အမြင်သေးမှုတို့ကို ဖုံးကွယ်ထားလေသည်။

မျိုးနွယ်စု(၅)ခုနှင့် ဂိုဏ်း(၁၈)ခုမှ ခေါင်းဆောင်များသည် အစပိုင်းတွင် ဒေါသထွက်နေခဲ့ကြသော်လည်း သူတို့ ပိုနားထောင်လေ ပိုရှက်လာလေဖြစ်ပြီး တဖြည်းဖြည်းနှင့် အားလုံး ခေါင်းငုံ့သွားကြလေသည်။

ဝမ်ရွှင် ရယ်ပြီး ပပြောလိုက်သည်။

"အဲဒီနေ့က ကျိမိသားစု ဝိုင်းရံခံရချိန်မှာ ကောင်းကင်ကြည့်ဆောင်က ဘာလို့ ချက်ချင်း အကူအညီ သွားမပေးခဲ့တာလဲဆိုတာ မင်းတို့ သိလား။"

တက်ရောက်လာသူများထဲတွင် အစကနေအဆုံးထိ စကားတစ်ခွန်းမျှ မပြောခဲ့သော ချူရှီရန်လည်း ပါဝင်လေသည်။ သူက ကျိဝူရွှမ်နှင့် အလားတူအခြေအနေမျိုးတွင် ရှိနေပြီး ဝိညာဉ် ဆွဲထုတ်ခံလိုက်ရသကဲ့သို့ ဗလာကျင်းနေသော မျက်လုံးများ ရှိနေလေသည်။

ထိုစကားကို ကြားသောအခါ ချူရှီရန်သည် သူ၏ခေါင်းကို ဖြည်းညှင်းစွာ မော့လာပြီး အခြားမိသားစု ခေါင်းဆောင်သုံးဦးကို အေးစက်စွာ စူးစိုက်ကြည့်ကာ စကားတစ်ခွန်းမျှမဆိုဘဲ လှောင်ပြောင်လိုက်လေသည်။

"ဘယ်သူမှ မမေးဘူးလား။"

ဝမ်ရွှင်သည် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ဒါဆိုရင် မင်းတို့မှာ ခန့်မှန်းချက်တချို့ ရှိရမယ်။ ဒါပေမဲ့ မင်းတို့ အဲဒါတွေကို မယုံရဲဘူး။"

"ဟုတ်တယ်။"

"ကောင်းကင်ကြည့်ဆောင်က စောင့်နေတာ။ ဧကရာဇ်နန်းတော်ရဲ့ မဏ္ဍိုင်လေးခုကို အမွေဆက်ခံတဲ့ မိသားစုတွေမှာ ကောင်းကင်ကိုဆန့်ကျင်တိုက်ခိုက်ပြီး နတ်ဘုရားတွေကို နှင်ထုတ်ခဲ့တဲ့ သူတို့ရဲ့ဘိုးဘေးတွေလို ရဲစွမ်းသတ္တိနဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းတွေ ရှိသေးလားဆိုတာကို ငါတို့ ကြည့်ချင်တယ်။ တကယ်လို့ မိသားစု(၄)ခု ပူးပေါင်းပြီး ကျိမိသားစုကို လုံးဝဖျက်ဆီးပစ်နိုင်ရင် ကောင်းကင်ကြည့်ဆောင်က နောက်ထပ် ဧကရာဇ်တစ်ပါးကို ရွေးချယ်ပြီး ကောင်းကင်ပြည်နယ်ရဲ့ကံကြမ္မာကို မိသားစု(၄)ခုကြားမှာ ခွဲဝေပေးပြီးတော့ ရှေးခေတ်ကာလရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ရရှိဖို့နဲ့ ဧကရာဇ်ခေတ်ကို အကောင်အထည်ဖော်ဖို့ မင်းတို့ကို ကူညီပေးလိမ့်မယ်။"

"နှမြောစရာပဲ။"

"မင်းတို့က သတ္တိကြောင်လွန်းတယ်။"

ဤစကားများသည် မိုးကြိုးပစ်သကဲ့သို့ ဖြစ်သွားပြီး မိသားစု(၄)ခု၏ ခေါင်းဆောင်များနှင့် သူတို့၏ ဘိုးဘေးများကို ပြင်းထန်စွာ တုန်ခါသွားစေကာ ဝမ်ရွှင်ကို မယုံကြည်နိုင်စွာ စူးစိုက်ကြည့်နေကြလေသည်။

အဲဒါ တကယ်ပဲလား။

လုံမိသားစု၏ မိခင်ကြီးက မေးလိုက်သည်။ "ဘာလို့ စောစောမပြောတာလဲ။"

ယခုတစ်ကြိမ်တွင်တော့ ဝမ်ရွှင် ရှင်းပြစရာ မလိုတော့ပေ။ ပဉ္စမမြောက်နန်းဆောင်သခင်ဖြစ်သော ရှန်ကွမ်းပီယွီက အေးစက်စွာ ပြောလိုက်သည်။

"ရှင်တို့က မျှော်လင့်ချက် မရှိတော့ဘူး။ အခုအချိန်အထိ နားမလည်သေးဘူးလား။ ကောင်းကင်ကြည့်ဆောင် မြင်ချင်တာက မိသားစု(၄)ခုရဲ့ စစ်မှန်တဲ့ရဲစွမ်းသတ္တိနဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းပဲ၊ အားသာချက် အားနည်းချက်တွေကို ချိန်ဆပြီး ချတဲ့ဆုံးဖြတ်ချက်တွေ မဟုတ်ဘူး။"

"လီတိုင်ယွမ်ကို မဟာမိတ်ခေါင်းဆောင်အဖြစ် ရွေးချယ်လိုက်တာဟာ သူ့မှာ ရဲစွမ်းသတ္တိနဲ့ ဆုံးဖြတ်ချက် ချနိုင်စွမ်းရှိလို့ပဲ။"

လုံမိသားစု၏ မိခင်ကြီးသည် မျက်နှာနီရဲသွားပြီး ဒေါသများအားလုံး ပျောက်ကွယ်သွားကာ ဝမ်ရွှင်ကို ကြည့်ပြီး မေးလိုက်သည်။ "အဲဒီလိုလား။ မဟာမိတ် ခေါင်းဆောင်။"

ဝမ်ရွှင်က လက်ကိုဝှေ့ယမ်းကာ မတ်တတ်ရပ်ပြီး ပြောလိုက်သည်။

"ငါ့ကို မဟာမိတ်ခေါင်းဆောင်လို့ မခေါ်နဲ့။ အခုကစပြီး လီတိုင်ယွမ်က ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ပဲ။ ပြီးတော့ ငါက သူ့ရဲ့အမိန့်တွေကို နာခံရမယ်။"

သူ စကားပြောနေစဉ် ဝမ်ရွှင်သည် လီတိုင်ယွမ်ကို ကိုယ်တိုင် ထူပေးလိုက်ပြီး ခေါင်းဆောင်နေရာသို့ ခေါ်ဆောင်သွားကာ သူ၏ပခုံးကိုဖိပြီး ပင်မထိုင်ခုံတွင် တည်ငြိမ်စွာ ထိုင်စေလိုက်သည်။

"ကောင်းကင်ကြည့်ဆောင်ရဲ့ တတိယမြောက်ခန်းမသခင် ဝမ်ရွှင်က ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ကို ဂါရဝပြုပါတယ်။" ဝမ်ရွှင်က သူ၏လက်များကိုယှက်ကာ နှုတ်ဆက်သည့်အနေဖြင့် နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။

ထိုအရာကို မြင်သောအခါ လူတိုင်း မတ်တတ်ရပ်ပြီး ဦးညွှတ်လိုက်ကြသည်။

"မဟာမိတ်ခေါင်းဆောင်ကို နှုတ်ခွန်းဆက်ပါတယ်။"

အချို့လူများက သဘောမတူလျှင်ပင် ဝမ်ရွှင်ကိုယ်တိုင်က လီတိုင်ယွမ်ကို ထောက်ခံပြီး သူ၏အညံ့ခံမှုကို ပြသနေသည်ကိုမြင်သောအခါ အခြားသူများသည် သူတို့၏ထင်မြင်ချက်များကို သူတို့ဘာသာ သိမ်းထားရုံမှလွဲ၍ တခြားမတတ်နိုင်ခဲ့ပေ။

လီတိုင်ယွမ်သည် အိပ်မက်တစ်ခု မက်နေသကဲ့သို့ ဖြစ်နေပြီး အနည်းငယ် တွေဝေသွားသော်လည်း တည်ငြိမ်မှုကို လျင်မြန်စွာ ပြန်လည်ရရှိသွားကာ အမူအရာမှာ အေးစက်ပြီး တင်းမာနေလျက် ပြောလိုက်သည်။

"ဒီလိုတွေ မလိုပါဘူး။"

"ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ အရှင်သခင်တို့၊ ရှင်တို့ရဲ့ အသိအမှတ်ပြုမှုအတွက် ကျေးဇူးတင်ပါတယ်။ မျှော်လင့်ချက်တွေအတိုင်း ကျွန်မ ကြိုးစားနေထိုင်သွားပါမယ်။ တတိယမြောက်နန်းဆောင်သခင်က မဟာမိတ် ခေါင်းဆောင်အဖြစ်ကနေ နှုတ်ထွက်သွားပြီဆိုတော့ ရှင်က ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ဒုတိယ မဟာမိတ် ခေါင်းဆောင်အဖြစ် တာဝန်ယူရပါမယ်။ ကျွန်မရဲ့ အတွေ့အကြုံနဲ့အမြင်က ကန့်သတ်ချက် ရှိနေသေးတယ်။ ပြီးတော့ ရှင့်ရဲ့ လမ်းညွှန်မှုလိုအပ်တဲ့ ကိစ္စတချို့ ရှိပါသေးတယ်။"

ဝမ်ရွှင်က လက်ယှက်ကာ ပြုံးလျက် ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ။"

ထိုင်ခုံအောက်တွင် ကျိဝူရွှမ်သည် တောက်ပနေသော လီတိုင်ယွမ်ကို တစ်ချက်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။ ၎င်းသည် အနည်းငယ် မျက်စိကျိန်းမတတ် ဖြစ်နေသည်ကို သူ တွေ့လိုက်ရသော်လည်း သူ စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ သူက လက်သီးများကိုဆုပ်ထားရုံသာ တတ်နိုင်ပြီး သူ၏လက်သည်းများမှာ လက်ဖဝါးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေလေသည်။

အဲဒါ ငါ့နေရာ ဖြစ်သင့်တာ...

ကောင်းကင်ပြည်နယ်မှာ လပေါင်းများစွာကြာအောင် ဖြစ်ပွားခဲ့တဲ့ ပရမ်းပတာ အခြေအနေတွေက နောက်ဆုံးတော့ လီတိုင်ယွမ်အတွက် အကျိုးရှိသွားလိမ့်မယ်လို့ ဘယ်သူကများ ထင်ထားမှာလဲ။

"အားလုံး ထိုင်ကြပါ။ ကျွန်မ ကြေညာဖို့ကိစ္စ နှစ်ခု ရှိတယ်။" လီတိုင်ယွမ်သည် လူတိုင်းကို ထိုင်ရန် လက်ဟန်ပြလိုက်ပြီး အားလုံးထိုင်ပြီးနောက်တွင် သူက အေးစက်စွာ ပြောလိုက်သည်-။

"ပထမဆုံးလုပ်ရမှာက ကျိဝူရွှမ်ကို လူငယ်မဟာမိတ်ခေါင်းဆောင်ရာထူးကနေ ဖယ်ရှားဖို့ပါပဲ။ သူက ဒီအရေးကြီးတဲ့ တာဝန်ကိုယူဖို့ မသင့်တော်ဘူးလို့ ကျွန်မထင်တယ်။"

စကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားရုံသာ ရှိသေးသည်။

ကျိဝူရွှမ်သည် အံ့အားသင့်စွာ မော့ကြည့်လိုက်ပြီး သူ့ကို စူးစိုက်ကြည့်နေလေသည်။

လူငယ်မဟာမိတ်ခေါင်းဆောင် ရာထူးကို ဖျက်သိမ်းမယ် ဟုတ်လား။

ဘယ်လောက်တောင် အရှက်ရစရာ ကောင်းလိုက်လဲ။ တစ်ချိန်က ငါ့ရှေ့မှာ တုန်ရီနေခဲ့ပြီး ငါ့အမိန့်နဲ့ ပြေးစရာမြေမရှိတဲ့အထိ လိုက်လံဖမ်းဆီးခံခဲ့ရတဲ့ အဲဒီအရေးမပါတဲ့ ဘယ်သူမှမဟုတ်တဲ့ကောင်မလေးက အခု ငါ့ကံကြမ္မာကို ဆုံးဖြတ်နိုင်တယ်ပေါ့။

"မဖြစ်ဘူး။" ဝမ်ရွှင်က ရုတ်တရက် ပြောလိုက်သည် "တခြားဘယ်ကိစ္စမှာမဆို မင်းရဲ့ ဆုံးဖြတ်ချက်ကို ငါ လိုက်နာနိုင်တယ်။ ဒါပေမဲ့ ဒီကိစ္စမှာတော့ မဟုတ်ဘူး။"

ထိုစကားကို ကြားသောအခါ လီတိုင်ယွမ် အံ့အားသင့်သွားလေသည်။ သူက ကျိဝူရွှမ်နှင့် ဝမ်ရွှင်တို့ကို နက်နက်ရှိုင်းရှိုင်း တစ်ချက် ကြည့်လိုက်သော်လည်း ထပ်မံ မေးခွန်းထုတ်ခြင်းမရှိဘဲ ဆက်ပြောလိုက်သည်။

"ဒါဆိုရင် ဒီကိစ္စကို ထားလိုက်ကြတာပေါ့။"

"ဒုတိယအချက်ကတော့ အဆုံးအဖြတ်တိုက်ပွဲကို အခုချက်ချင်း စတင်ဖို့ပဲ။ အချိန်-နေရာလွတ် ဓားသူတော်စင်ကို ဝိုင်းရံပြီးချေမှုန်းပစ်ကြမယ်။"

လီတိုင်ယွမ်က ပြောလိုက်သည်။

"အချိန်-နေရာလွတ် ဓားသူတော်စင်ဟာ အရှိန်အဟုန်ရရှိနေပြီ ဖြစ်ပေမယ့် ကောင်းကင်ကြည့်ဆောင်ရဲ့ နန်းဆောင်သခင်တွေ ကောင်းကင်မဟာမိတ်အဖွဲ့ထဲမှာ ရှိနေတော့ ကြီးမားတဲ့ပေးဆပ်မှုတွေနဲ့ ဖြစ်ရင်တောင်မှ သူ့ကိုသတ်ဖို့ နည်းလမ်းတိုင်း ရှိနေပြီ။"

ဝမ်ရွှင်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။ "ငါ သဘောတူတယ်။ အချိန်-နေရာလွတ်ဓားသူတော်စင်က အဋ္ဌမမြောက်နန်းဆောင်သခင်ကို လက်ချောင်းလေးတစ်ချောင်းတည်းနဲ့ ချေမွပစ်နိုင်ခဲ့တယ်ဆိုတာကြောင့် အထင်မလွဲပါနဲ့။ အဲဒါကို ငါလည်း လုပ်နိုင်ပါတယ်။"

"တစ်နည်းအားဖြင့် ပြောရရင် သူက ဝိုင်းရံပြီးသတ်ဖြတ်လို့မရလောက်အောင် အစွမ်းထက်နေတာ မဟုတ်ပါဘူး။"

ကောင်းကင်မဟာမိတ်အဖွဲ့ထဲက မည်သူမှ ခေါင်းဆောင်၏အမိန့်ကို မနာခံ၍ မရပေ။

နောက်တစ်ခု ရှိသေးသည်။ အဆုံးအဖြတ်တိုက်ပွဲအတွက် အစီအစဉ်များကို ဆွေးနွေးရန်ပင်။

အစည်းအဝေးသည် သုံးရက်နှင့် သုံးညကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် လူတိုင်း ပြုံးရွှင်နေကာ ယုံကြည်မှု အပြည့် ရှိနေကြလေသည်။

အချိန်-နေရာလွတ် ဓားသူတော်စင်ကို သတ်နိုင်ရန် ၉၉% ယုံကြည်မှု ရှိနေသည်။

ကောင်းကင်ကြည့်ဆောင်က စုဆောင်းထားသော ထောက်လှမ်းရေးသတင်းများကြောင့် လူတိုင်က အချိန်-နေရာလွတ်ဓားသူတော်စင်၏ တိုက်ခိုက်ရေးအကွက်မျိုးစုံကို အပြည့်အဝသိရှိထားပြီး သက်ဆိုင်ရာ တန်ပြန်တိုက်ခိုက်ရေးအစီအမံတွေကို ပြင်ဆင်ထားပြီး ဖြစ်သည်။

"ခေါင်းဆောင်ရဲ့ပါရမီက တကယ်ကို ချီးကျူးစရာပါပဲ။" လုံမိခင်ကြီးက ပြောလိုက်သည်။

လင်းမိသားစုခေါင်းဆောင်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ "တတိယမြောက်နန်းဆောင်သခင်ရဲ့ ဆုံးဖြတ်ချက်က ကောင်းပါတယ်။ မဟာမိတ်ခေါင်းဆောင်အဖြစ် တာဝန်ယူဖို့ တကယ်ကို အရည်အချင်း ပြည့်မီတယ်။ ကျုပ် ခင်ဗျားကို လေးစားပါတယ်။"

ရက်အနည်းငယ် ကြာပြီးနောက် လူတိုင်းက လီတိုင်ယွမ်၏ဉာဏ်ရည်၊ အမြင်ကျယ်မှုနှင့် ပြတ်သားမှုတွေအပေါ် နားလည်မှုအသစ်တစ်ခု ရရှိသွားခဲ့ကြသည်။

သုံးရက်အတွင်းမှာတင် သူတို့က မျိုးနွယ်စု(၅)ခုနှင့် ဂိုဏ်း(၁၈)ခု၏ အဆင့်မြင့်အရာရှိအားလုံးကို ဆွဲဆောင်နိုင်ခဲ့သည်။

လီတိုင်ယွမ်သည် မည်သည့်ပျော်ရွှင်မှုမျှမပြသဘဲ လေးနက်စွာ ပြောလိုက်သည်။ "အားလုံးပဲ သတိထားပါ။ ဒီဝိုင်းရံတိုက်ခိုက်မှု က သေချာပေါက် အောင်မြင်မယ်လို့ ထင်နေပေမယ့် ကျွန်မအမြင်မှာတော့ အောင်မြင်မှုနှုန်းက ၃၀%ထက် နည်းတယ်။ ပြီးတော့ ကျွန်မတို့ ပြန်ပြီးအသတ်ခံရနိုင်ချေတောင် ရှိတယ်။"

ထိုစကားကို ကြားသောအခါ သူ့ကို အမြဲတမ်းထောက်ခံခဲ့သော ဝမ်ရွှင်ပင် အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။ "ဘာကို ဆိုလိုတာလဲ။"

လီတိုင်ယွမ် ခေါင်းခါလိုက်သည်။

"ဘယ်လို ပြောရမလဲတော့ မသိဘူး။ စိတ်ထင်တာပဲ ဖြစ်လိမ့်မယ်။"

"ကျွန်မတို့ရဲ့ ဝိုင်းရံနှိမ်နင်းရေးအစီအစဉ်က အချိန်-နေရာလွတ်ဓားသူတော်စင်မှာ ဝှက်ဖဲတွေမရှိဘူးဆိုတဲ့ ယူဆချက်အပေါ် အခြေခံထားတာ။ ဒါပေမဲ့ မမေ့ပါနဲ့။ သူက မျှော်လင့်မထားတဲ့ အံ့ဖွယ်အမှုတွေကို မကြာခဏ ဖန်တီးလေ့ရှိတဲ့ လူတစ်ယောက်။ သာမန်အသိဉာဏ်ကို ကျော်လွန်တဲ့ လူတစ်ယောက်ကို လောကီစံနှုန်းတွေနဲ့ အကဲဖြတ်တာက တကယ်တော့ အရမ်းမိုက်မဲပါတယ်။"

"လွန်ခဲ့တဲ့တစ်နှစ်ကျော်ကတည်းက အချိန်-နေရာလွတ်ဓားသူတော်စင်ရဲ့ စောင့်ကြည့်မှတ်တမ်းတွေကို ကျွန်မ သေချာဖတ်ပြီးပြီ။ ကျွန်မ ရှင်တို့ကို မေးမယ်။ သူ မွေးဖွားကတည်းက ဘယ်အင်အားစု ဒါမှမဟုတ် ရန်သူကများ သူ့ကို မျှော်လင့်ချက်မဲ့တဲ့အခြေအနေထိ တွန်းပို့ဖူးလို့လဲ။ သူ လုံးဝကို မျှော်လင့်ချက်မဲ့သွားပြီး အသေအလဲ တိုက်ခိုက်ရတဲ့ အခြေအနေမျိုး ရောက်ဖူးလို့လား။"

"မရှိဖူးဘူး။"

"ဒါကြောင့် ကျွန်မရဲ့ဆုံးဖြတ်ချက်က အချိန်-နေရာလွတ်ဓားသူတော်စင်ဟာ ကြောက်စရာကောင်းတဲ့ ဝှက်ဖဲတစ်ခုကို ဖုံးကွယ်ထားတာ သေချာတယ်။ ဘာလို့လဲဆိုတော့ သူက အမြဲတမ်း အားကိုးစရာတစ်ခုခု ရှိနေသလိုမျိုး တည်ငြိမ်ပြီး အေးဆေးနေတတ်လို့ပဲ။ အဲဒါက ဒီအတွက် အကောင်းဆုံး သက်သေပဲ။"

ဝမ်ရွှင်က တွေးတောစွာ ခေါင်းညိတ်လိုက်သည်။

အချိန်အတော်ကြာပြီးနောက်။

ဝမ်ရွှင်က ပြောလိုက်သည်။

"နားလည်ပြီ။"

"အကြောင်းတစ်ခုခုကြောင့် နောက်မှ ဂိုဏ်းချုပ်ဆီကို ဆက်သွယ်ပြီးတော့ ဒီတစ်ကြိမ် တိုက်ပွဲမှာ အနိုင်ရဖို့အတွက် ကောင်းကင်တာအို ပြန်လည်နိုးထလာဖို့ အရင်းအနှီး ပေးရရင်တောင်မှ အချိန်မရွေး အကူအညီပေးဖို့ ငါ တောင်းဆိုလိုက်မယ်။"

"ကျေးဇူးတင်ပါတယ်။" လီတိုင်ယွမ်က ကျေးဇူးတင်သည့်အနေဖြင့် လက်ကိုယှက်လိုက်သည်။

သူ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ရှေးခေတ်ကာလမှ အသက်ရှင်ကျန်ရစ်ခဲ့သော သူတစ်ဦးသည် ဤမျှနှိမ့်ချပြီး အခြားသူများ၏အမြင်များကိုလက်ခံရန် ပွင့်လင်းလိမ့်မည်ဟု ဘယ်သောအခါမှ မတွေးထင်ခဲ့ပေ။ ၎င်းမှာ ခေါင်းမာပြီး၊ မျက်ကန်းမောက်မာကာ၊ အရာအားလုံးကို အထင်အမြင်သေးတတ်သူ တစ်ဦးအဖြစ် သူ စိတ်ကူးယဉ်ထားသည့် ပုံရိပ်နှင့် အလွန်ကွာခြားနေလေသည်။

လီတိုင်ယွမ်က ဖြစ်ပျက်နေသည်များကို သဘောပေါက်သွားလေသည်။

ဤအရာများက ခေတ်နှစ်ခေတ်ကို ဖြတ်ကျော်ပြီး အထွတ်အထိပ်တွင် ရပ်တည်ခဲ့သည့် အစွမ်းထက်သူ တစ်ဦး ပိုင်ဆိုင်သင့်သည့် အခြေခံအကျဆုံး အရည်အသွေးများပင်။

ထိုအချိန်တွင်ပင်။

ဝမ်ရွှင်၏အပြုံး ပျောက်ကွယ်သွားပြီး ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ရာ သူ၏အကြည့်သည် တောရိုင်းမြေဆီသို့ စူးစိုက်နေလေသည်။ သူ၏အမူအရာသည် ယခင်ကထက် ပိုမိုလေးနက်နေပြီး ယခင်က တည်ငြိမ်မှုအားလုံး ပျောက်ကွယ်သွားလေသည်။

ထို့အပြင်။

သူ အနည်းငယ် ထိတ်လန့်နေပုံရသည်။

"ဒု-မဟာမိတ်ခေါင်းဆောင်၊ ဘာဖြစ်လို့လဲ။" လုံမိခင်ကြီးက နားမလည်နိုင်စွာ မေးလိုက်သည်။

ဝမ်ရွှင်၏မျက်ဆံများ ပြင်းထန်စွာ တုန်ခါသွားပြီး သူ၏အသံမှာ အက်ရှနေလျက် ပြောလိုက်သည်။

"တစ်ခုခု ဖြစ်သွားပြီ။"

တစ်ခုခု ဖြစ်သွားပြီ ဟုတ်လား။

လူတိုင်း တွေဝေသွားပြီး လုံးဝ စိတ်ရှုပ်ထွေးသွားကြလေသည်။

လီတိုင်ယွမ်က ပထမဆုံး တုံ့ပြန်ခဲ့ပြီး လေးနက်စွာ မေးလိုက်သည်။ "အချိန်-နေရာလွတ် ဓားသူတော်စင် အကြောင်းလား။"

ဝမ်ရွှင် ခေါင်းညိတ်လိုက်ပြီး နှုတ်ခမ်းများ ဖြူရော်သွားကာ ပြောလိုက်သည်။

"သူက ကောင်းကင်ထောက်တိုင်နယ်ပယ်ရဲ့အထွတ်အထိပ်ကို ရောက်သွားပြီ။"

"အချိန်-နေရာလွတ် မဟာတာအိုဟာ [အန္တိမ]နယ်ပယ်ကို ရောက်ရှိသွားပြီ။ ဒါက ကောင်းကင်တာအိ ကို သတိပေးလိုက်သလို ဖြစ်သွားပြီး အချိန်မတိုင်ခင် နိုးထလာစေတယ်။ ကောင်းကင်တာအိုက... ပြန်နိုးထလာဖို့ အချိန်မှတ်နေပြီ။”

...အပိုင်း(၃၄၁) ကောင်းကင်ပြည်နယ်ကို စစ်ကြေညာခြင်း၊ နောက်ဆုံးအခန်း စတင်ပြီ

[အန္တိမ]နယ်ပယ်။

ကောင်းကင်တာအိုသည် ပြန်လည်နိုးထမှုအတွက် နောက်ဆုံးအချိန်မှတ်ခြင်းသို့ ဝင်ရောက်နေလေပြီ...

ကမ္ဘာပျက်မတတ်သတင်းတစ်ခု ပါဝင်သော စကားတစ်ခွန်းတည်းက ယခင်က သဟဇာတဖြစ်ပြီး ပျော်ရွှင်စရာကောင်းသောလေထုကို တိတ်ဆိတ်ပြီးဖိနှိပ်မှုများပြည့်နှက်နေသော အခြေအနေသို့ ပြောင်းလဲ၍ သွားစေခဲ့သည်။

လီတိုင်ယွမ်က မေးလိုက်သည်။ "ဒု-မဟာမိတ် ခေါင်းဆောင်၊ [အန္တိမ]ဆိုတာ ဘာကိုကိုယ်စားပြုသလဲလို့ မေးပါရစေ။ ကောင်းကင်နယ်ပယ်ရဲ့ လှုပ်ရှားမှုတွေက ကောင်းကင်တာအိုကို သတိပေးဖို့ အခွင့်အရေးတစ်ခုပဲ ရှိတယ်။ ဒါပေမဲ့ အဲဒါက လုံးဝသေချာတာတော့ မဟုတ်ဘူးလို့ ရှင် တစ်ခါက ပြောဖူးတယ်။ ဒါပေမဲ့လည်း အချိန်-နေရာလွတ်ရဲ့တာအိုဟာ [အန္တိမ]အဆင့်ကို ရောက်သွားတဲ့အခါ၊ ကောင်းကင်တာအိုက ချက်ချင်းပဲ အာရုံခံမိသွားတယ်။ ဒါက တာအိုမှာ [အန္တိမ] အဆင့်ကို ဖောက်ထွင်းဝင်ရောက်တာက ကောင်းကင်နယ်ပယ်ထက် ပိုပြီးတန်ဖိုးရှိတယ်လို့ ဆိုလိုတာလား။"

မျိုးနွယ်စု(၅)ခုနှင့် ဂိုဏ်း(၁၈)ခုမှ အချို့လူများတွင်လည်း သံသယများ ရှိနေကြသည်။

အသေအချာပင်။ လီယဲ့၊ ချူရှီရန်နှင့် အခြားသော ကောင်းကင်ထောက်တိုင် ဘိုးဘေးများမှလွဲ၍ သူတို့၏ အမူအရာများသည် ယခင်ကထက် ပို၍ မှုန်မှိုင်းနေလေသည်။

ဝမ်ရွှင်သည် သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီး ရှင်းပြလိုက်သည်။

"အချိန်-နေရာလွတ်တာအိုက တားမြစ်ထားတဲ့တာအိုတစ်ခု ဖြစ်ပြီးတော့ ကောင်းကင်တာအိုက အဲဒါကို လက်မခံဘူး။ ဒါကြောင့် နှစ်သန်းပေါင်းရာချီတဲ့အထိ ဘယ်သက်ရှိသတ္တဝါကမှ အဲဒီထဲကို အမှတ်မထင် ဝင်ရောက်နိုင်ခြင်း မရှိခဲ့ဘူး။ တကယ်လို့ တစ်ယောက်ယောက်က ဝင်ရောက်သွားခဲ့ရင်တောင် သူတို့က ကောင်းကင်တာအိုရဲ့ ချက်ချင်းဖယ်ရှားပစ်တာကို ခံရလိမ့်မယ်။"

"ဒါပေမဲ့ အချိန်-နေရာလွတ်ဓားသူတော်စင် မွေးဖွားလာတဲ့ အချိန်ကိုက်က အရမ်းလိမ္မာပါးနပ်တယ်။ သူက ကောင်းကင်တာအို အိပ်မောကျနေတဲ့အချိန်နဲ့ တိုက်ဆိုင်နေခဲ့တယ်။ အဲဒါက ခေတ်အဆက်ဆက်မှာ ရှားပါးတဲ့အရာတစ်ခုပဲ။ ဒါကြောင့်မို့လို့ သူက ဒီနေ့အထိ လွတ်လွတ်လပ်လပ် အသက်ရှင်နိုင်ခဲ့တာ။ အဲဒီလိုသာ မဟုတ်ရင် သူ အချိန်-နေရာလွတ်ရဲ့ မဟာတာအိုပေါ်ကို စတင်ခြေချခဲ့တဲ့နေ့မှာတင် ကောင်းကင်တာအိုရဲ့ ဖျက်ဆီးပစ်တာကို ခံရလိမ့်မယ်။"

"[အန္တိမ]အဆင့်ကို ဖောက်ထွင်းဝင်ရောက်တာက ကျင့်ကြံသူဟာ အဲဒီလမ်းကြောင်းရဲ့အဆုံးသတ်၊ တာအိုရဲ့ အမြင့်ဆုံးကန့်သတ်ချက်ကို ရောက်ရှိသွားပြီဆိုတာကို ကိုယ်စားပြုတယ်။ တားမြစ်ထားတဲ့ တာအိုက သူ့ရဲ့အဆုံးသတ်ကို ရောက်သွားတာကို စိတ်ကူးကြည့်နိုင်လား..."

ပထမဆုံးအကြိမ်အဖြစ် ဝမ်ရွှင်သည် နက်ရှိုင်းသောကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

အချိန်-နေရာလွတ် မဟာတာအိုဟာ အဆုံးသတ်ကို ရောက်သွားတဲ့အခါ အဲဒါက ဘယ်လောက်တောင် အစွမ်းထက်တယ် ဆိုတာကို လောကမှာ ဘယ်သူမှ စိတ်ကူးမယဉ်နိုင်ဘူး။ သမိုင်းတစ်လျှောက်လုံး မုန့်ချင်ကျိုးက ဒါကို အောင်မြင်ခဲ့တဲ့ ပထမဆုံးပုဂ္ဂိုလ်ပဲ။

ထိုစကားများကို ကြားသောအခါ ကောင်ကင်မဟာမိတ်၏ အဆင့်မြင့်ဆုံးဖြတ်ချက်ချမှတ်သည့် အသိုင်းအဝိုင်းတစ်ခုလုံးရှိ လူတိုင်းက အလွန်ရှုပ်ထွေးသော စိတ်ခံစားမှုများ ရှိနေကြလေသည်။

အချို့က စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပြီး အချို့က ထိတ်လန့်နေကာ အချို့မှာ သူတို့၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များပင် ရှိနေကြသည်...

ကျိဝူရွှမ်၏ နောက်ဆုံးမျှော်လင့်ချက်ရောင်ခြည်လေး မျက်စိတစ်မှိတ်အတွင်း ငြိမ်းသက်သွားလေသည်။ ရေနစ်နေသောကြွက်တစ်ကောင်ကဲ့သို့ သူသည် ထိုင်ခုံပေါ်သို့ လဲကျသွားပြီး ခန္ဓာကိုယ်ပျော့ခွေကာ အားနည်းနေပြီး အရိုးများအားလုံး ဆွဲထုတ်ခံလိုက်ရသကဲ့သို့ ဖြစ်နေလေသည်။ သူ၏နှုတ်ခမ်းများတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာလေသည်။

"ငါ သိတယ်။ ငါ သိနေခဲ့တယ်။ ငါ လုံးဝ ရှုံးနိမ့်သွားတဲ့နေ့ကစပြီးတော့ ဘယ်သူမှ သူ့ရဲ့အရှိန်အဟုန်ကို မတားဆီးနိုင်တော့ဘူး။"

"ဒီရွှေခေတ်ရဲ့ကံကြမ္မာက ငါ့လက်ထဲမှာတစ်ဝက်၊ သူ့လက်ထဲမှာတစ်ဝက် ရှိနေတယ်။ အခုတော့ ငါ ရှုံးနိမ့်သွားပြီ။ ပြီးတော့ မုန့်ချင်ကျိုးက ကံကြမ္မာရဲ့ မျက်နှာသာပေးမှုတွေအားလုံးကို ရရှိသွားပြီဆိုတော့ အခု သူ့ကို ဘယ်သူက တားဆီးနိုင်မှာလဲ..."

"အဲဒါ မဖြစ်နိုင်ဘူး။"

ကျိဝူရွှမ်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ "ကျုပ် ကောင်းကင်ကြည့်ဆောင်ကနေ နှုတ်ထွက်ချင်တယ်။ ကျုပ်က လူသားဧကရာဇ်ရဲ့ဆက်ခံသူ မဟုတ်တော့ဘူး။ ကျေးဇူးပြုပြီး တခြားတစ်ယောက်ကို ရွေးချယ်ပါ။ ကျုပ်... ပင်ပန်းနေပြီ။ ပြီးတော့ တောရွာလေးတစ်ခုမှာ အနားယူချင်တယ်။"

"တစ်ဘဝလုံး ရုန်းကန် တိုက်ခိုက်ခဲ့ရတယ်။ တစ်ဘဝလုံး သတ်ဖြတ်ခဲ့ရတယ်။ နောက်ဆုံးတော့ အဲဒါတွေ အားလုံးက အဓိပ္ပာယ်မဲ့နေသလိုပဲ။"

ထိုသို့ပြောပြီးနောက် ကျိဝူရွှမ် မတ်တတ်ရပ်ကာ ဤလေဝဲ၏ဗဟိုချက်မှ ထွက်ပြေးချင်သဖြင့် ထွက်ခွာသွားလေသည်။

ရှန်ကွမ်းပီယွီသည် သူ၏လမ်းကို ပိတ်ဆို့လိုက်ပြီး အေးစက်စွာ တစ်ချက်ကြည့်လိုက်ကာ သူ၏ မျက်လုံးများတွင် ဖုံးကွယ်၍မရနိုင်သော အထင်အမြင်သေးမှုများ ပြည့်နှက်နေလေသည်။

"လမ်းဖယ်ပေး။" ကျိဝူရွှမ်က အေးစက်စွာ ပြောလိုက်သည်။

ရုတ်တရက်။

ဝမ်ရွှင်က ပြောလိုက်သည်။

"မင်း သွားလို့ မရဘူး။"

"ကောင်းကင်ကြည့်ဆောင်ကို မင်း ကြိုက်သလိုဝင်ပြီး ကြိုက်သလိုထွက်သွားလို့ရတဲ့ အရာတစ်ခုလို့ မင်း ထင်နေတာလား။ မင်းက ထာဝရလုပ်ငန်းစဉ်ကြီးမှာ အရေးကြီးတဲ့ အချိတ်အဆက် တစ်ခုပဲ။ ဒုတိယ လူသားဧကရာဇ်အဖြစ် ကြေညာခံရတဲ့နေ့ကစပြီး မင်းရဲ့ဘဝဟာ ကောင်းကင်ကြည့်ဆောင်အတွက်ပဲ မြှုပ်နှံထားပြီးသား ဖြစ်သွားပြီ။ တခြား ဘာမှ... အရေးမကြီးဘူး။"

ဝမ်ရွှင် ည် ကျိဝူရွှမ်ကို အဝေးမှ လှမ်းဆွဲလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "ဒီနေ့ကစပြီး နယ်မြေနှစ်ခု ပေါင်းစည်းမယ့်နေ့အထိ မင်းက ကောင်းကင်မဟာမိတ်အဖွဲ့ထဲမှာ လိမ်လိမ်မာမာ နေပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ငါ အကျဉ်းချထားမယ်။ အဲဒီအခါကျမှ မင်းကို ငါကိုယ်တိုင် သရဖူဆောင်းပေးမယ်။"

သူ စကားပြောနေစဉ်။

ကောင်းကင်နယ်ပယ်တစ်ပိုင်းဖြစ်သော ကျိဝူရွှမ်ကို ချက်ချင်း အကျဉ်းချလိုက်ပြီး သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏ တောက်ပမှုကို မှေးမှိန်သွားစေကာ ဝိညာဉ်ကို ချိတ်ပိတ်လိုက်သဖြင့် သူ့အတွက် သေဖို့တောင် မဖြစ်နိုင်တော့ပေ။

ကျိဝူရွှမ်၏ ဆိုးရွားလှသောအဆုံးသတ်ကို မြင်သောအခါ လူတိုင်း သူတို့၏ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရပြီး ကျရှုံးသွားသူအတွက် ဝမ်းနည်းပူဆွေးမှုကို ခံစားလိုက်ရသည်။

ပြန်ကြည့်လိုက်လျှင် ကျိဝူရွှမ်သည် အာဏာရလာပြီးနောက် ကမ္ဘာ၏ထောင့်လေးထောင့်ကို ဖြတ်သန်းသွားကာ တောရိုင်းမြေနှင့် ကောင်းကင်ပြည်နယ်ကို နှိမ့်ချကြည့်ရှုခဲ့သည်။ သူ ဘယ်လောက်တောင် ခမ်းနားထည်ဝါခဲ့သလဲ။

မျှော်လင့်မထားဘဲ သူသည် ကောင်းကင်ကြည့်ဆောင်၏လက်ထဲတွင် နယ်ရုပ်လေး တစ်ရုပ်မျှသာ ဖြစ်ပြီး သူတို့ အချိန်မရွေးစွန့်ပစ်နိုင်သောသူတစ်ဦး ဖြစ်နေလေသည်။

ကျိဝူရွှမ်က ရယ်လိုက်ပြီး သူ၏အသံမှာ တိုးညင်းပြီး ဝမ်းနည်းနေလေသည်။

"နားလည်ပြီ။"

"နားလည်ပြီ..."

"လူသားဧကရာဇ်ဆိုတဲ့ဘွဲ့နာမည်က အားလုံး အလိမ်အညာတွေချည်းပဲ။ အဓိပ္ပာယ်မရှိတာတွေချည်းပဲ။ ကျုပ်က ဓားစာခံတစ်ယောက်၊ ကောင်းကင်ရဲ့အာရုံစိုက်မှုကို ရဖို့အတွက် အပြင်ကိုတွန်းထုတ်ခံရတဲ့ ရုပ်သေးရုပ် တစ်ရုပ် သက်သက်ပဲ။ ခင်ဗျားတို့က ငါ့ကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး။"

ဝမ်ရွှင်က ကောင်းကင်တာအို ပြန်လည်နိုးထလာနေပြီဖြစ်ကြောင်း အာရုံခံမိသဖြင့် သူ၏တည်ငြိမ်မှုကို ဆုံးရှုံးသွားပြီး ကျိဝူရွှမ်၏မေးခွန်းများကိုဖြေဆိုရန် ပျင်းရိနေလေသည်။

ကောင်းကင်နယ်ပယ်၏တံခါးဝကို ထိတွေ့နိုင်သူသာလျှင် အမှောင်ထုထဲမှ ကြီးမားပြီးလွှမ်းမိုးနိုင်သော ဖိအားကို ခံစားနိုင်လေသည်။

ကောင်းကင်ဘုံတွင် ကြီးမားသော အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကောင်းကင်တာအိုက မျက်လုံးများကိုဖွင့်လိုက်သော အိပ်မောကျနေသည့်ခြင်္သေ့တစ်ကောင်ကဲ့သို့ ပြန်လည် နိုးထလာလေသည်။

ကြီးမားသော အပြောင်းအလဲကြီးတစ်ခုသည် အမှောင်ထဲတွင် ဖြစ်တည်နေလေသည်။

ဝမ်ရွှင်ပင်လျှင် အနည်းငယ် အသက်ရှူမဝ ဖြစ်နေလေသည်။ သူသည် လီတိုင်ယွမ်ကို ကြည့်ကာ အခက်အခဲဖြင့် ပြောလိုက်သည်။ "မဟာမိတ်ခေါင်းဆောင်၊ အချိန်-နေရာလွတ် ဓားသူတော်စင်ဟာ ကောင်းကင်ထောက်တိုင်နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိသွားပြီ။ သူ့ရဲ့ခွန်အားဟာ ကြီးမားတဲ့ ခုန်ပျံကျော်လွှားမှုတစ်ခုကို လုပ်နိုင်ခဲ့မှာ သေချာတယ်။ အခု မင်း ဆုံးဖြတ်ချက်ချရမယ့် အချိန်ရောက်ပြီ။ တိုက်မှာလား ဒါမှမဟုတ် အချိန်ဆွဲမှာလား ဆိုတာကိုပဲ။ ကောင်းကင်မဟာမိတ်အဖွဲ့တစ်ခုလုံးက မင်းရဲ့ဆန္ဒကို လိုက်နာလိမ့်မယ်။"

လူတိုင်း လီတိုင်ယွမ်ဆီသို့ လှည့်ကြည့်လိုက်ကြသည်။

"ကျွန်မ..." လီတိုင်ယွမ်က ပါးစပ်ကို ဟလိုက်သော်လည်း သူ၏ မဟာဗျူဟာမြောက်တွေးခေါ်မှု အားလုံးသည် ဤအချိန်တွင် ရုတ်တရက်ဖြူဖျော့ပြီး အားနည်းသွားလေသည်။ သူ၏ ပုံမှန်အားဖြင့် တည်ငြိမ်သော အတွေးများသည် ပြတ်တောက်သွားပြီး စိတ်ဗလာကျင်းသွားကာ သူ၏လည်ချောင်းတွင် တစ်ခုခု တစ်ဆို့နေသကဲ့သို့ ခံစားလိုက်ရသည်။ သူ မည်မျှပင် ကြိုးစားပါစေ စကားတစ်ခွန်းမျှ မပြောနိုင်ခဲ့ပေ။

ဘာလုပ်ရမလဲ။

တိုက်မလား မတိုက်ဘူးလား။

လီတိုင်ယွမ်သည် နောက်သို့ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားပြီး ပင်မထိုင်ခုံပေါ်သို့ ဘုန်းခနဲ လဲကျသွားကာ အသက်ရှူမြန်နေလေသည်။

"တိုက်မယ်..."

"ကျွန်မတို့ တိုက်ရမယ်။"

"အခြေအနေက ဒီလိုဖြစ်လေလေ ကျွန်မတို့က နောက်ဆုတ်လို့ မရလေလေပဲ။ အတိတ်ကနဲ့ယှဉ်ရင် အချိန်-နေရာလွတ်ဓားသူတော်စင်ဟာ ပိုပိုပြီး ယုတ္တိမတန် ဖြစ်လာနေတယ်။ သူက ကပ်ဘေးတစ်ခုအတွက် ဖန်တီးခံရတဲ့ ကလေးတစ်ယောက်လိုပဲ။ ဒီရေက ပိုပြီးကြမ်းတမ်းလာလေလေ သူ့ရဲ့အရှိန်အဟုန်က ပိုပြီး အားကောင်းလာလေလေပဲ။ သူက ခေတ်ကာလရဲ့ရှေ့တန်းမှာ ရပ်တည်ပြီး ကောင်းကင်ယံဆီကို သူ့ရဲ့ဓားကို ကိုင်စွဲထားတယ်။"

"ကျွန်မတို့က ဘာမှမလုပ်ဘဲ သေဖို့စောင့်နေလို့ မရဘူး။ တကယ်လို့ သူသာ ထိပ်ဆုံးမှာရပ်တည်နေရင် ကျွန်မတို့တွေက ခေတ်သစ်တစ်ခုကို ပုံဖော်ပေးမယ့် အုတ်တွေနဲ့အုပ်ကြွပ်တွေ ဖြစ်လာလိမ့်မယ်။"

"တိုက်မယ်။"

လီတိုင်ယွမ် မတ်တတ်ရပ်ကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။

ဤအချိန်တွင် သူသည် ခေါင်းဆောင်တစ်ဦး၏ ဆွဲဆောင်မှုကို ပြသလိုက်ပြီး အခက်အခဲများနှင့် အတားအဆီးများသည် သူ့ကို ဒူးထောက်စေပြီး ကံကြမ္မာကိုအညံ့ခံအောင် မလုပ်နိုင်ခဲ့ပေ။

"ကောင်းပြီ၊ တိုက်ကြတာပေါ့။ အသက်တွေစတေးရရင်တောင်မှ အချိန်-နေရာလွတ် ဓားသူတော်စင် သေရမယ်။" ဝမ်ရွှင်က ပြောလိုက်သည်။

ယခုတစ်ကြိမ်မှာတော့ မည်သူမှ မကန့်ကွက်ခဲ့ကြပေ။

အချိန်-နေရာလွတ်ဓားသူတော်စင် တိုးတက်လာသော အမြန်နှုန်းက တကယ်အံ့သြစရာကောင်းလွန်း၍ လူတိုင်းကို စိတ်လေးလံစေသည်။

"ငါ သူ့ကို အကဲဖြတ်တာ မှားသွားတယ်။ သူက ဧကရာဇ်တစ်ပါးရဲ့ အမူအရာနဲ့ အများကြီး ဝေးကွာနေတယ်။ သူ့ရဲ့တည်ရှိမှုက ဧကရာဇ်အထွတ်အထိပ်မှာ ရှိနေတုန်းကထက် အများကြီး ပိုပြီးတော့ အစွမ်းထက်နေတယ်။" ဝမ်ရွှင်က ခေါင်းခါပြီး သက်ပြင်းချလျက် ပြောလိုက်သည်။

စကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားရုံသာ ရှိသေးသည်။

ခမ်းနားကြီးကျယ်သောအသံတစ်ခု လောကတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေသည်။

"ဒီအချိန်ကစပြီး တောရိုင်းမြေက ထာဝရကံကြမ္မာကို အဆုံးသတ်ဖို့အတွက် ကောင်းကင်ပြည်နယ်က သက်ရှိသတ္တဝါအားလုံးကို စစ်ကြေညာလိုက်တယ်။ ကံကြမ္မာရဲ့ အကြောင်းနဲ့အကျိုးတွေက ဒီတိုက်ပွဲမှာ ပေါင်းဆုံသွားလိမ့်မယ်။"

"ငါ့နာမည်က မုန့်ချင်ကျိုး၊ မဟာကျင်းတိုင်းပြည်ရဲ့ဧကရာဇ်၊ မင်းတို့ရဲ့ပါးစပ်ဖျားမှာ အချိန်-နေရာလွတ် ဓားသူတော်စင်လို့လည်း လူသိများတယ်။ ငါက နယ်မြေတစ်ခုရဲ့ကံကြမ္မာကို သယ်ဆောင်ပြီးတော့ ပွင့်လင်းပြီး လျှို့ဝှက်တဲ့အကြံအစည်တွေနဲ့ ပရိယာယ်တွေအားလုံးကို မှောက်လှန်ပစ်မယ်။ ကောင်းကင်ကြည့်ဆောင်၊ မင်းမှာ စွမ်းရည်ရှိရင် လာပြီး ငါ့ကိုလာသတ်လိုက်။ အဲဒီလိုမှမဟုတ်ရင် မင်းတို့ကို ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးပစ်မယ်။"

သူ၏အသံက နယ်မြေနှစ်ခုလုံးတွင် ပဲ့တင်ထပ်သွားကာ သက်ရှိသတ္တဝါ ဘီလီယံပေါင်းများစွာကို ရှင်းလင်းစွာ ကြားနိုင်စေခဲ့သည်။

တစ်ခဏမျှ နယ်မြေနှစ်ခုလုံး တိတ်ဆိတ်သွားပြီးနောက် ဆူညံသော အော်ဟစ်သံများဖြင့် ပေါက်ကွဲ၍ ထွက်လာလေသည်။

တောရိုင်းမြေက အဆုံးအဖြတ် တိုက်ပွဲကို အရင်စတင်လိုက်ပြီ။

သူတို့ ရူးနေတာလား။ သူတို့ ဘယ်လိုများ အဲဒီလိုလုပ်ရဲတာလဲ။

ထိုအသံ ကျဆင်းသွားသည့်အခိုက်အတန့်တွင် အစွမ်းထက်သော အရှိန်အဝါများသည် တောရိုင်းမြေ၏ ကမ်းရိုးတန်းဒေသမှ ကြယ်ကောင်းကင်ယံကို ဖောက်ထွင်းဝင်ရောက်လာပြီး ကောင်းကင်ပြည်နယ်ဆီသို့ တည့်တည့် ဦးတည်သွားလေသည်။

ကျင့်ကြံသူသန်းပေါင်းများစွာသည် သုမေရု မုန်ညင်းစေ့ကမ္ဘာမှ ခမ်းနားကြီးကျယ်သော ချီတက်မှုဖြင့် ထွက်လာကြပြီး သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်များသည် တောရိုင်းမြေ၏ကောင်းကင်ကို ဖုံးလွှမ်းသွားသော တိမ်တိုက်များအဖြစ် စုစည်းသွားကာ အဆုံးအစမရှိသော မည်းမှောင်သည့်တိမ်တိုက်များ ဖွဲ့စည်းလျက် ကောင်းကင်ပြည်နယ်ဆီသို့ လှိုင်းလုံးကြီးများကဲ့သို့ ရွေ့လျားသွားလေသည်၊ ၎င်းမှာ တောရိုင်းမြေမှနေ၍ ကြီးမားသော အမှောင်ခေတ်တစ်ခု ပေါက်ကွဲထွက်လာပြီး ကောင်းကင်ပြည်နယ်ဆီသို့ ဦးတည်သွားသကဲ့သို့ ဖြစ်နေလေသည်။

"သတ်။"

"သတ်။"

"သတ်ကြ။"

တိုက်ပွဲအော်ဟစ်သံများ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားကာ အဆုံးမရှိသော ပင်လယ်များကို ဖြတ်သန်းပြီး ကောင်းကင်ပြည်နယ်၏ ကမ်းရိုးတန်းသို့ ရောက်ရှိလာကာ လူများ၏ နားထဲတွင် မှုန်ဝါးဝါး ပဲ့တင်ထပ်နေလေသည်။

၎င်းမှာ သေခြင်းရှင်ခြင်းကို ဂရုမစိုက်သောစိတ်ဓာတ်တစ်ခုဖြစ်ပြီး ပြတ်သားသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေလေသည်။

နှစ်ထောင်ပေါင်းများစွာတိုင်အောင် တောရိုင်းမြေသည် ဖရိုဖရဲစစ်ပွဲများတွင် ပါဝင်ပတ်သက်နေခဲ့သည်။ ရှုံးနိမ့်သော တိုင်းပြည်တစ်ခု ကြုံတွေ့ရမည့် ကြောက်မက်ဖွယ်ကောင်းသော နှိပ်စက်ညှဉ်းပန်းမှုများကို လူတိုင်း ကောင်းကောင်း သိကြသည်။ တိုင်းပြည် သို့မဟုတ် အိမ်မရှိလျှင် သူတို့က ရေနစ်နေသော ခွေးတစ်ကောင်ထက် မပိုဘဲ ကျွန်ပြုခံရပြီး အမြတ်ထုတ်ခံရရန် ကံကြမ္မာ ပါလာကြသည်...

ထို့ကြောင့် စစ်ပွဲတွင် ပါဝင်ခဲ့သော တောရိုင်းမြေမှ ကျင့်ကြံသူများသည် အလွန်ပြတ်သားပြီး သေရန်ဆန္ဒကို သယ်ဆောင်ကာ ဧကရာဇ် ၏ဆန္ဒကို နာခံကြသည်။ စစ်ပွဲကို စတင်ရန်ပင်။

ကန့်ကွက်သည့်အသံ တစ်သံမျှ မရှိခဲ့ပေ။ အမိန့်များကို မေးခွန်းမထုတ်ဘဲ နာခံခဲ့ကြသည်။ သူတို့သည် အတွေးများအားလုံးကို ဧကရာဇ်နှင့်ဧကရီတို့အပေါ်တွင် ထားရှိကြပြီး ဧကရာဇ်၏ဆန္ဒကို လိုက်နာကာ သူတို့ကိုယ်သူတို့ လက်နက်များအဖြစ်အသုံးပြု၍ ညွှန်ပြထားသောအရပ်သို့ တိုက်ခိုက်ရန်သာ လိုအပ်လေသည်။

ဤစိတ်ဆန္ဒက ကြောက်စရာကောင်းလှ၏။

ကောင်းကင်ပြည်နယ်ရှိ အဖွဲ့အစည်းအသီးသီးက တွေဝေပြီး ရှုပ်ထွေးနေကြသည့်အပြင် ကြောက်ရွံ့ပြီး စိုးရိမ်ပူပန်နေကြလေသည်။

တောရိုင်းမြေကသူများ တွေးနေကြသည်ကို သူတို့ နားမလည်ခဲ့ပေ။

သူတို့က သိသိသာသာ အားနည်းနေတာကို ဘာလို့ စစ်ပွဲခရာကို မှုတ်ပြီး ပိုအားကောင်းတဲ့သူတွေကို အရင်စတင်တိုက်ခိုက်ဖို့ ရဲဝံ့ရတာလဲ။

သို့သော်လည်း ဤနားမလည်မှုသည် နက်ရှိုင်းစွာအမြစ်တွယ်နေသော ကြောက်ရွံ့မှုအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ဝမ်ရွှင်၏မျက်နှာမှာ ဖြူရော်နေပြီး သူ၏နဖူးတွင် အေးစက်သော ချွေးပေါက်လေးများ ထွက်လာကာ၊ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားလျက် ပြောလိုက်သည်။

ကြားလိုက်ကြလား။

လုံမိသားစု၏ မိခင်ကြီးသည် တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။ "ကျွန်မ ကြားလိုက်တယ်။ အချိန်-နေရာလွတ် ဓားသူတော်စင်က စစ်ကြေညာဖို့ အစပြုလိုက်ပြီ။ အဲဒါက သူမှာ အရမ်းနက်နဲတဲ့ ယုံကြည်မှု ရှိပြီးတော့ ဒီတိုက်ပွဲကိုအနိုင်ရဖို့ ဆုံးဖြတ်ထားတယ်ဆိုတာကို ပြသနေတယ်။ အချိန်-နေရာလွတ်တာအိုက [အန္တိမ]အဆင့်ကို ဖောက်ထွင်းဝင်ရောက်တာရဲ့ အကျိုးကျေးဇူးတွေက စိတ်ကူးထားတာထက် အများကြီး ပိုကြီးမားနေတာပဲ။"

ဝမ်ရွှင် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

"ပြီးတော့ တခြားသူတွေကော ဘယ်လိုလဲ။ ဒီလောက်ပဲလား။"

မျိုးနွယ်စု(၅)ခုနှင့် ဂိုဏ်း(၁၈)ခုမှ ခေါင်းဆောင်များသည် အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့က နားမလည်သော်လည်း တွေဝေစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ဝမ်ရွှင် နက်ရှိုင်းစွာ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

"တောရိုင်းမြေက သက်ရှိတွေရဲ့ အော်ဟစ်သံတွေ တိုက်ခိုက်ဖို့ သူတို့ရဲ့ဆုံးဖြတ်ချက်ကို မင်းတို့ မကြားခဲ့ဘူးလား။ သူတို့က အားနည်းသူတွေအနေနဲ့ အားကောင်းတဲ့သူတွေကို တိုက်ခိုက်နေတာ။ ပြီးတော့ သူတို့မှာ အနိုင်ရဖို့ ယုံကြည်မှု ရှိနေတယ်။ မင်းတို့ ကြောက်ရွံ့မှုကို မခံစားရဘူးလား။"

"နှစ်ထောင်ပေါင်းများစွာ စစ်ပွဲတွေ ကြုံတွေ့ခဲ့ရပြီးနောက်၊ တောရိုင်းမြေက သက်ရှိတွေဟာ လုံးဝကို အသွင်ပြောင်းသွားပြီး ရှေးဟောင်းဘိုးဘေးတွေရဲ့ စိတ်ဆန္ဒတွေကို ပိုင်ဆိုင်သွားပြီ။"

"ရှေးခေတ်ကာလက ပထမဆုံး မျိုးဆက် လူသားတွေဟာ အားနည်းပြီး ကူကယ်ရာမဲ့ ခဲ့ကြတယ်။ သူတို့မှာ ကျင့်ကြံရေး နည်းလမ်းတွေ မရှိခဲ့သလို အစွမ်းထက်တဲ့ ခေါင်းဆောင်တွေလည်း မရှိခဲ့ဘူး။ အခြား လူမျိုးစု အားလုံးက သူတို့ကို ဝက်တွေ ခွေးတွေလို မွေးမြူထားခဲ့ကြတယ်။ သူတို့ ဆာလောင်တဲ့အခါ၊ သူတို့ထဲက တစ်စုကို ကျပန်း ဖမ်းပြီး စားသောက်ကြတယ်။ နတ်ဘုရားတွေရဲ့ လှည့်စားခြင်းကို ခံခဲ့ရပြီး သူတို့ရဲ့ ဆင်းရဲဒုက္ခတွေထဲမှာ နတ်ဘုရားတွေကို ပူဇော်ပသခဲ့ကြရတယ်။ နတ်ဘုရားတွေကလည်း သူတို့ရဲ့ ကံကြမ္မာနဲ့ ယုံကြည်ကိုးကွယ်မှုတွေကို စုပ်ယူခဲ့ကြတယ်။"

"ရှေးခေတ်ကာလတုန်းက အဲဒီအုပ်ချုပ်သူတွေရဲ့အမြင်မှာ လူသားမျိုးနွယ်အတွက် တန်ဖိုးရှိတဲ့ တစ်ခုတည်းသောအရာက သူတို့ရဲ့မျိုးပွားနိုင်စွမ်းနဲ့ အရေအတွက်တိုးပွားလာနိုင်စွမ်းပဲ။ အခြားအားနည်းတဲ့ သတ္တဝါတွေနဲ့မတူဘဲ လူသားမျိုးနွယ်ဟာ မြင့်မားတဲ့ဉာဏ်ရည်ကို ပိုင်ဆိုင်ထားပြီးတော့ ယုံကြည်ကိုးကွယ်မှုနဲ့ ကံကြမ္မာကို ဖန်တီးပေးနိုင်တဲ့အတွက် သူတို့ကို ပိုပြီးအဆင့်မြင့်တဲ့ အစားအစာတစ်ခုအဖြစ် သတ်မှတ်ခဲ့တယ်။"

"အဲဒီလူအစုအဝေးကပဲ နောက်ဆုံးမှာ အခြေအနေတွေကို မှောက်လှန်ပစ်ပြီး လူမျိုးစုအားလုံးကို ဖိနှိပ်ရင်း နတ်ဘုရားတွေကို နှင်ထုတ်နိုင်ခဲ့တာ။ သူတို့ ဘာကိုအားကိုးခဲ့ကြတာလဲ။ အဲဒါက သူတို့ရဲ့ ယိမ်းယိုင်မှု မရှိတဲ့ စိတ်ဆန္ဒပဲ။ သတ္တုနဲ့ကျောက်တုံးတွေကို ဖောက်ထွင်းနိုင်ပြီး တန်ခိုးရှင်တွေနဲ့နတ်ဘုရားတွေကိုတောင် တုန်လှုပ်သွားစေနိုင်တဲ့ စိတ်ဆန္ဒတစ်ခုပဲ။"

ဝမ်ရွှင်က ထပ်မေးလိုက်သည်။ "အခု ငါတို့ ဘယ်လိုလူမျိုးတွေနဲ့ ရင်ဆိုင်ရတော့မယ်ဆိုတာ မင်းတို့ နားလည်ပြီလား..."

"သူတို့က အားနည်းသူတွေအနေနဲ့ အားကောင်းတဲ့သူတွေကိုတိုက်ခိုက်ခဲ့ပေမယ့် နောက်မဆုတ်ခဲ့ဘူး။"

"ရန်သူက သိသာထင်ရှားတဲ့အားသာချက် ရှိနေပေမဲ့ စိတ်လှုပ်ရှားနေရုံသာမက စစ်ကြေညာခဲ့ပြီး သူတို့ကို အမြစ်ပြတ်သုတ်သင်ဖို့ စိတ်အားထက်သန်နေခဲ့တယ်။"

"ဒီလိုစိတ်ဓာတ်ခွန်အားမျိုးက တကယ်ကို ကြောက်စရာကောင်းတယ်။"

"ဒါကို နားလည်ပါ။"

လူတိုင်း လုံးဝ ထိတ်လန့်သွားကြသည်။

"ဒါဆို ကျွန်မတို့ ဘာလုပ်သင့်လဲ။" လုံမိသားစု၏ မိခင်ကြီးက မျက်နှာဖြူရော်လျက် ပြောလိုက်သည်။ "ကျွန်မတို့ ရှုံးလို့ မဖြစ်ဘူး။ တကယ်လို့ ရှုံးသွားရင် ကျွန်မတို့ရဲ့ ထာဝရမိသားစုဟာ ကျွန်မလက်ချက်နဲ့ ဖျက်ဆီးခံရလိမ့်မယ်။ ပြီးတော့ ကျွန်မ မိသားစုရဲ့ အပြစ်သားတစ်ယောက် ဖြစ်လာလိမ့်မယ်။"

ဝမ်ရွှင်သည် မျက်လွှာချလိုက်ပြီး အသံနက်ဖြင့် ပြောလိုက်သည်။

"တိုက်ခိုက်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ဘူး။ မဟာမိတ်ခေါင်းဆောင်၊ ကျေးဇူးပြုပြီး စိန်ခေါ်မှုကို လက်ခံပါ။"

လီတိုင်ယွမ်သည် အခြေအနေကို တည်ငြိမ်စွာ စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ခွင့်ပြုပါတယ်။ စိန်ခေါ်မှုကို လက်ခံကြတာပေါ။"

"ကောင်းပြီ။"

ဝမ်ရွှင်သည် သူ၏ ဓမ္မပုံရိပ်ကို ထုတ်လွှတ်လိုက်ရာ ကောင်းကင်သို့ ထိုးထွက်သွားပြီး သူ၏ ထင်ယောင်ထင်မှားပုံရိပ်သည် ကောင်းကင်ယံကို ဖောက်ထွင်းသွားကာ ကျယ်လောင်သောအသံဖြင့် ကြေညာလိုက်သည်။ "အဆုံးအဖြတ်တိုက်ပွဲ စတင်ပြီ။ ကောင်းကင်မဟာမိတ်အဖွဲ့က စိန်ခေါ်မှုကို လက်ခံတယ်။"

"ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်အားလုံး၊ ငါ့အမိန့်ကို နာခံကြ။ ဒီတိုက်ပွဲမှာ ပါဝင်ဖို့အတွက် ကောင်းကင်ပြည်နယ်က ကျင့်ကြံသူအားလုံးကို ဆင့်ခေါ်လိုက်။ တိုက်ပွဲကနေ ရှောင်ပြေးရဲတဲ့ ဘယ်သူ့ကိုမဆို မညှာမတာ ကွပ်မျက်ရမယ်။"

ကောင်းကင်ပြည်နယ်မှလူသားများက တောရိုင်းမြေမှ လူသားများကဲ့သို့ ရဲစွမ်းသတ္တိနှင့် တိုက်ခိုက်လိုစိတ် မရှိကြပေ။ သူတို့ကို တိုက်ပွဲတွင် ကြီးကြပ်ကွပ်ကဲရမည်ဖြစ်ပြီး သေဒဏ်များဖြင့် အပြစ်ပေးရမည် ဖြစ်သည်။ မဟုတ်ပါက တိုက်ပွဲတွင် သတ္တိကြောင်ခြင်း၏အလေ့အထ ကျယ်ပြန့်လာပါက ကောင်းကင်ပြည်နယ်၏ အခြေအနေသည် သေချာပေါက် ပိုဆိုးလာမည် ဖြစ်သည်။

......

......

အဆုံးအဖြတ်တိုက်ပွဲ စတင်သည်နှင့်အမျှ ကောင်းကင်မဟာမိတ်အဖွဲ့တစ်ခုလုံး လှုပ်ရှားလာကြပြီး အချို့က စစ်ပွဲအတွက်ပြင်ဆင်ရန် ကမ်းရိုးတန်းသို့သွားကြကာ အခြားသူများက အင်အားစုအားလုံးကို ပါဝင်ရန် တိုက်တွန်းရန် ပြည်တွင်းသို့ အပြေးအလွှားသွားကြလေသည်။

မြင့်မားသော ကျင့်ကြံသူများသည် တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာကြပြီး ကမ်းရိုးတန်း ဒေသများကို တာဝန်ယူခဲ့ကြသည်။

သူတို့သည် ခမ်းနားသောအသွင်အပြင်ကို ဖုံးကွယ်ရန် မကြိုးစားဘဲ တောရိုင်းမြေ၏ ဦးတည်ရာကို ခြိမ်းခြောက်နေလေသည်။

လီတိုင်ယွမ်သည် ကောင်းကင်မဟာမိတ်အဖွဲ့မှ အဆင့်မြင့်အရာရှိတစ်စုကို ဦးဆောင်ကာ ကောင်းကင်ပြည်နယ်၏ ကမ်းရိုးတန်းရှိ ပြင်ဆင်ရေးဇုန်သို့ သွားရောက်ပြီး သီးသန့်ကမ္ဘာငယ်လေးတစ်ခုတွင် တိကျသောကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

စစ်ပွဲနှင့် သက်ဆိုင်သော ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးဖြစ်သည်။

လင်းမိသားစုခေါင်းဆောင်သည် နားထင်များကို ပွတ်သပ်ရင်း သက်ပြင်းချလိုက်သည်။ "ကံကောင်းလို့၊ အချိန်-နေရာလွတ်ဓားသူတော်စင်ကပေးမယ့် ခြိမ်းခြောက်မှုကို လူသိပ်များများ မသိကြဘူး။ တောရိုင်းမြေရဲ့ လူသားတွေ ပိုင်ဆိုင်ထားတဲ့စိတ်ဆန္ဒက တကယ်တော့ ဘာကိုဆိုလိုတယ်ဆိုတာကိုလည်း သူတို့ နားမလည်ဘူး။ ကောင်းကင်ပြည်နယ်က လူအများစုဟာ အရမ်းယုံကြည်မှုရှိပြီး ဒီတိုက်ပွဲမှာ အနိုင်ရမယ်လို့ ယုံကြည်နေတယ်။ အင်အားစုအသီးသီးက ဖိတ်ကြားချက်ကို လက်ခံခဲ့ကြတယ်။ စစ်ပွဲမှာ သေချာပေါက် အနိုင်ရမယ်လို့ သူတို့ ခံစားရပြီးတော့ ဘာအန္တရာယ်မှမရှိဘူးလို့ ထင်ကြလို့ အကျိုးအမြတ်တွေနဲ့ ဂုဏ်သတင်းတွေ ရဖို့အတွက် ဒီအရှုပ်အထွေးကို အခွင့်ကောင်း ယူနေတာပဲ ဖြစ်လိမ့်မယ်။"

ထိုစကားကို ကြားသောအခါ အဆင့်မြင့်အရာရှိများသည် အချင်းချင်း တစ်ချက်ကြည့်လိုက်ကြပြီး မပြုံးဘဲ မနေနိုင်ခဲ့ကြပေ။

ဒါက ဘယ်လောက်တောင် ထူးဆန်းပြီး ဆန်းကြယ်တဲ့မြင်ကွင်းမျိုးလဲ။

အထက်လူကြီးတွေက စိုးရိမ်ပူပန်ပြီး မျှော်လင့်ချက်မဲ့နေချိန်မှာ အောက်လူတွေကတော့ ယုံကြည်မှု အပြည့်နဲ့ မျက်ကန်းမောက်မာနေကြပြီး အောင်ပွဲခံဖို့နဲ့ ကြိုတင်အောင်ပွဲခံဖို့ စိတ်အားထက်သန်နေကြတယ်၊ အောင်ပွဲရပြီးရင် ပိုင်ကို ပိုကြီးတဲ့အပိုင်း ဘယ်လိုရအောင် ယူမလဲဆိုတာကိုတောင် စိတ်ကူးယဉ်နေကြလိမ့်မယ်။

"သူတို့ကို လျစ်လျူရှုလိုက်။ သူတို့ရဲ့ မျက်ကန်းမောက်မာမှုက ကောင်းပါတယ်။ ဒီလူတွေကို အမှန်တရားကို သိခွင့်ပေးပြီးတော့ သူတို့ကို ထိတ်လန့်သွားစေတာက ကျွန်မတို့အတွက် ကပ်ဘေးတစ်ခု ဖြစ်လိမ့်မယ်။" လုံမိသားစု၏ မိခင်ကြီးက ပြောလိုက်သည်။

"မဟာမိတ်ခေါင်းဆောင်၊ နတ်ဘုရားတွေနဲ့မဟာမိတ်ဖွဲ့ဖို့ ဆက်သွယ်တဲ့ကိစ္စက ဘယ်လိုနေလဲ။" တစ်စုံတစ်ယောက်က မေးလိုက်သည်။

လီတိုင်ယွမ်က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

"နတ်ဘုရားတွေက ငြင်းပယ်ခဲ့တယ်။ တစ်ယောက်ယောက်က သူတို့ကို မရန်စသရွေ့ သူတို့က အမြဲတမ်း ကြားနေအဖြစ် နေမယ်လို့ ပြတ်ပြတ်သားသား ပြောခဲ့တယ်။"

ဤအချက်သို့ ရောက်သောအခါ လီတိုင်ယွမ် စိတ်မသက်မသာ ဖြစ်သွားပြီး သက်ပြင်းချလိုက်သည်။ "နှစ်တစ်သောင်း ကြာပြီးနောက် တစ်ချိန်က အရာအားလုံးကို နှိမ့်ချကြည့်ရှုခဲ့တဲ့ နတ်ဘုရားတွေတောင် သူတို့ရဲ့ အားသာချက်တွေကို ဖုံးကွယ်တတ်အောင် သင်ယူသွားပြီ။ ဒီခေတ်က ရှေးဟောင်း လူသားဧကရာဇ်လောကကို လွှမ်းမိုးခဲ့တဲ့ အချိန်ကထက် အများကြီး ပိုခက်ခဲတယ်။"

ကောင်းကင်တာအိုက ပြန်လည်နိုးထလာနေတယ်၊ နတ်ဘုရားတွေ ပြန်လာလိမ့်မယ်။ ပြီးတော့ သမိုင်းတစ်လျှောက်လုံး အမှောင်ထဲမှာ ပုန်းအောင်းနေခဲ့တဲ့ လျှို့ဝှက်အင်အားစုတွေက စုဝေးနေကြပြီးတော့ အတိတ်က စာရင်းဟောင်းတွေ အားလုံးကို ရှင်းလင်းဖို့ ဒီခေတ်မှာ ပေါက်ကွဲထွက်လာလိမ့်မယ်။

စဉ်းစားကြည့်ရုံနှင့်တင် လူတစ်ယောက်ကို မျှော်လင့်ချက်မဲ့သွားစေရန် လုံလောက်ပေသည်။

"အဆိုးမြင်နေဖို့ မလိုပါဘူး။ ဂိုဏ်းချုပ်က လိုအပ်ရင် အကူအညီပေးမယ်လို့ ပြန်ကြားပြီးပါပြီ။" ဝမ်ရွှင် နောက်ဆုံးတွင် အနည်းငယ်ပြုံးပြလိုက်ပြီး အများကြီး ပိုပြီးသက်သောင့်သက်သာ ဖြစ်သွားပုံရသည်။

ကောင်းကင်ကြည့်ဆောင် ဂိုဏ်းချုပ်က တကယ်တမ်း မည်မျှ အစွမ်းထက်ကြောင်း သူ မသိသော်လည်း သူက အနည်းဆုံးတော့ ကောင်းကင်နယ်ပယ်ထက် မနိမ့်ပေ။

ထိုထက်ပင် ပိုမြင့်နိုင်သေးသည်။ ဧကရာဇ်နန်းတော်၏ မဏ္ဍိုင်လေးခုနှင့်ပင် ယှဉ်နိုင်၏

ဂိုဏ်းချုုပ်က သူတို့ကို ကျောထောက်နောက်ခံ ပေးထားသည့်အတွက် ဤတိုက်ပွဲက သေချာပေါက် အနိုင်ရမည်ဟု မဆိုနိုင်သော်လည်း အနည်းဆုံးတော့ အောင်ပွဲချိန်ခွင်လျှာကို သူတို့ဘက် ယိမ်းသွားစေလိမည်။

"အိုး။ တကယ်လား။" လီတိုင်ယွမ် သက်ပြင်းချပြီး ပြောလိုက်သည်။ "အဲဒါ တကယ့်သတင်းကောင်းပဲ။"

ကောင်းကင်မဟာမိတ်အဖွဲ့၏ ထိပ်တန်းအဆင့်များကြားရှိ တင်းမာနေသောလေထုမှာ သိသိသာသာ ပြေလျော့သွားလေသည်။

...

All Chapters