အခန်း (၃၄၂-၃၄၄)
Vol. 24 Ch. 342-344
အပိုင်း(၃၄၂) နောက်ဆုံးနာရီ၊ အရုဏ်တက်ချိန်
တောရိုင်းမြေ။
မဟာကျင်းတိုင်းပြည်။
မုန့်ချင်ကျိုးသည် လိုဏ်ဂူထဲမှထွက်လာပြီး ကြယ်ရောင်လင်းနေသော ကောင်းကင်အောက်သို့ ရောက်လာခဲ့သည်။ သူ၏ အနက်ရောင်ဝတ်ရုံသည် လေထဲတွင်လွင့်ဝဲနေပြီး လရောင်သည် သူ၏မျက်နှာပေါ်သို့ ကျရောက်ကာ သူ၏နှုတ်ခမ်းများပေါ်တွင် အေးစက်ပြီးထက်မြက်သောအပြုံးတစ်ခုကို ပေါ်လွင်စေသည်။
"နောက်ဆုံးနာရီက ကောင်းကင်ထောက်တိုင်နယ်ပယ်အထွတ်အထိပ်မှာရှိနေတဲ့သူတွေပဲ နားလည်နိုင်တဲ့ အချိန်-နေရာလွတ် ပညာရပ်တစ်ခုဖြစ်လို့ ထင်ထားတဲ့အတိုင်းပဲ သူ့ရဲ့စွမ်းအားက ကောင်းကင်ကိုတောင် ဖီဆန်နိုင်စွမ်း ရှိတယ်။"
သူသည် ၎င်းကို အကြမ်းဖျင်းစမ်းသပ်ကြည့်ခဲ့ပြီး [နောက်ဆုံးနာရီ] ကြောင့် အံ့အားသင့်သွားခဲ့သည်။
[နောက်ဆုံးနာရီ]ကို (၁၂)ပိုင်း ခွဲခြားထားပြီး အပိုင်းတစ်ပိုင်းစီက အချိန်-နေရာလွတ်၏ မတူညီသော မဟာစွမ်းအားတစ်ခုစီကို ကိုယ်စားပြုသည်။
"အရုဏ်တက်ချိန်။"
မျက်စိတစ်မှိတ်အတွင်း သူ၏နောက်တွင် နဂါးများနှင့် ဇာမဏီငှက်များကို ထွင်းထုထားသော ရှေးဟောင်းနှင့်ခေတ်သစ်သမိုင်းမှ ကြီးကျယ်ခမ်းနားသောပုဂ္ဂိုလ်ကြီးများကို မြှုပ်နှံထားပြီး အချိန်မြစ်ထဲမှ ဖန်တီးထားသော လက်တံများပါရှိသည့် စက်ဝိုင်းပုံနာရီတစ်ခု ပေါ်လာလေသည်။
နာရီက တဂျပ်ဂျပ် မြည်နေပြီး အရုဏ်တက်ချိန်ကို ညွှန်ပြနေလေသည်။
မိုင်တစ်ထောင် အချင်းဝက်အတွင်း နံနက်ခင်းအလင်းရောင်က အမှောင်ထုကို ဖောက်ထွင်းလာပြီး မုန့်ချင်ကျိုးသည် အကောင်းဆုံးအခြေအနေသို့ ရောက်ရှိသည်အထိ အချိန်သည် နောက်ပြန်စီးဆင်းသွားကာ ဆိုးရွားသော သက်ရောက်မှုအားလုံး ရှင်းလင်းသွားပြီး သူ၏အခြေအနေမှာ အကောင်းဆုံး ဖြစ်နေလေသည်။
ထိုမျှတင် မကသေးပေ။
မုန့်ချင်ကျိုး၏စကားများသည် နိမိတ်ဖတ်နေကဲ့သို့ ဖြစ်နေသည်။ "အချိန်-နေရာလွတ် သမုဒ္ဒရာစီးဆင်း။"
အချိန်-နေရာလွတ်မြစ်ထဲမှ ပုံဖော်ထားပြီး ပြိုင်ဖက်ကင်းသောထက်မြက်မှုများကို သယ်ဆောင်လာသည့် ဓားသန္ဓေသားတစ်ခုသည် ရှေ့မှဟင်းလင်းပြင်မိုင်ထောင်ချီကို ဖောက်ထွင်းသွားလေသည်။
"စွမ်းအားက အနည်းဆုံး သုံးဆလောက် တိုးလာပြီးတော့ အသက်စွမ်းအင်၊ အမြန်နှုန်း၊ ကာကွယ်မှုနဲ့ သွက်လက်မှုတွေအားလုံး တိုးတက်လာတယ်။"
"[အရုဏ်တက်ချိန်]မှာ စစ်မှန်တဲ့အကျိုးသက်ရောက်မှု နှစ်ခု ရှိတယ်။ ပထမ၊ အဲဒါက ဒဏ်ရာတွေကို ကုသပေးတယ်။ ဒုတိယ၊ အဲဒါက အချက်အလက်အားလုံးကို တိုးတက်စေတယ်။"
"တန်ဖိုးတွေကို တိုးတက်စေတယ်ဆိုတာက အချိန်နောက်ပြန်ဆုတ်တာလောက် ရိုးရှင်းတာမဟုတ်ဘူး။ အဲဒါက အတိတ်က ငါ့ရဲ့ အကောင်းဆုံးအချိန်တွေအားလုံးကို ပစ္စုပ္ပန်အခြေအနေထဲကို ယူဆောင်လာပေးတာပဲ။"
မုန့်ချင်ကျိုး နက်ရှိုင်းစွာ တွေးတောနေပုံရပြီး အကြိမ်ကြိမ်စဉ်းစားကာ တီးတိုးရေရွတ်လိုက်သည်။
"မနေ့က ငါ့ရဲ့ခွန်အားအပြည့်နဲ့ အမြန်ဆုံးခရီးသွားခဲ့တယ်လို့ ယူဆကြည့်ရအောင်။ အဲဒီအခါကျရင် အချိန်-နေရာလွတ်က အဲဒီအခိုက်အတန့်ကို ဖမ်းယူပြီး ငါ့ရဲ့ပစ္စုပ္ပန်အခြေအနေထဲကို ပေါင်းထည့်ပေးလိမ့်မယ်။ တကယ်လို့ လွန်ခဲ့တဲ့(၆)လက ငါ့ရဲ့ ခွန်အားအပြည့်ကို ထုတ်သုံးခဲ့ပြီး ငါ့ရဲ့ဖျက်ဆီးနိုင်စွမ်းက အထွတ်အထိပ်ကို ရောက်ခဲ့တယ်ဆိုရင် အချိန်-နေရာလွတ်က အဲဒီကာလတုန်းက ငါ့ကို ဖမ်းယူပြီး ငါ့ရဲ့ပစ္စုပ္ပန်အခြေအနေထဲကို ပေါင်းထည့်ပေးမယ်။ အဲဒီလိုနဲ့ ငါ့ရဲ့အထွတ်အထိပ်အခြေအနေအားလုံးကို ပစ္စုပ္ပန်မှာ ပေါင်းစပ်ပြီးတော့ ဒီအခြေအနေရဲ့ အထွတ်အထိပ်ဆုံးနဲ့ အပြည့်ဝဆုံး အခိုက်အတန့်မှာ ငါ့ကိုထားဖို့ ကြိုးစားလိမ့်မယ်။"
"အရမ်း အစွမ်းထက်တာပဲ။"
"နာရီပိုင်း တစ်ခုစီတိုင်းက တားမြစ်ထားတဲ့ စွမ်းအားတစ်ခုနဲ့ ယှဉ်နိုင်တယ်။ အပိုင်း(၁၂)ပိုင်းစလုံးရဲ့ အပြည့်အဝစွမ်းအားကတော့ စိတ်ကူးကြည့်လို့တောင် မရနိုင်ဘူး။"
မုန့်ချင်ကျိုး၏ အသက်ရှူသံ ခေတ္တမျှ မမှန်တော့ပေ။ [နောက်ဆုံးနာရီ]၏ စွမ်းအားက သူ၏ မျှော်မှန်းချက်များထက် များစွာသာလွန်နေပြီး၊၎င်းမှာ လူသားမဆန်သလောက်ပင်။
အကယ်၍ ရန်သူသာ ဤစွမ်းအားကို ပိုင်ဆိုင်ထားပါက မုန့်ချင်ကျိုးသည် စဉ်းစားကြည့်ရုံဖြင့်ပင် ခေါင်းကိုက်လာပြီး ၎င်းကို ကိုင်တွယ်ဖြေရှင်းရန် အလွန် ခက်ခဲလိမ့်မည်။
"ကောင်းကင်တာအိုက အချိန်-နေရာလွတ်ရဲ့ မဟာတာအိုကို လက်မခံနိုင်တာ အံ့သြစရာမဟုတ်ပါဘူး။ ဒီအရာကို အဆုံးအထိ ကျင့်ကြံလိုက်တဲ့အခါ လူ့လောကမှာ ပြိုင်ဖက်ကင်း ဖြစ်လာတယ်။ ဘဝက ဆီးနှင်းတွေလို အထီးကျန်နေပြီးတော့ လုပ်စရာတစ်ခုခု အမြဲတမ်း ရှာနေရတယ်။ ယောက်ျားတွေက အကြံဉာဏ် ဘုရင်တွေ အဖြစ်နဲ့ မွေးဖွားလာကြတာ။ ဘာမှ လုပ်စရာ မရှိဘူးဆိုရင် တစ်ခုခု လုပ်လိုက်လေ။ ငါက ဒီလောက်တောင် အစွမ်းထက်နေပြီပဲ။ ငါက ကောင်းကင်ကို မဆန့်ကျင်ဘူးဆိုရင်၊ အဲဒါက နှမြောစရာ မကောင်းဘူးလား။"
မုန့်ချင်ကျိုးက တစ်ခဏမျှ တိတ်တဆိတ် တွေးတောလိုက်လေသည်။
ကောင်းကင်တာအိုအကြောင်းကို ပြောလာသောအခါ သူ၏အမူအရာ ပို၍ အေးစက်လာသည်။
သူက အချိန်-နေရာလွတ်တာအို၏ [အန္တိမ]နယ်ပယ်သို့ တရားဝင် ဝင်ရောက်သွားသောအခ် ကောင်းကင်တာအို ပြန်လည်နိုးထလာနေပြီဖြစ်ကြောင်း သူ ရှင်းလင်းစွာ အာရုံခံလိုက်မိသည်။ ၎င်းအတွက် နတ်ဘုရားအာရုံ သို့မဟုတ် အခြား မည်သည့်အရာမျှ မလိုအပ်ပေ။ ကောင်းကင်နယ်ပယ်၏ တံခါးဝကို ထိတွေ့နိုင်သူများသာ ကောင်းကင်တာအို ပြန်လည်နိုးထလာခြင်းကို နားလည်မှုအချို့ ရရှိနိုင်လေသည်။
၎င်းက ဘယ်ဆီကမှန်းမသိ ရောက်လာသော ခံစားချက်တစ်ခုပင်။
ကမ္ဘာကြီးတစ်ခုလုံးမှ ထွက်ပေါ်လာသော အန္တရာယ်ပြုလိုစိတ်၊ ဒေါသများ ပြည့်နှက်နေသော ဖိနှိပ်သည့် အင်အားသည် သက်ရှိသတ္တဝါအားလုံး၏ ပခုံးများပေါ်သို့ လေးလံစွာ ဖိကျနေသည်ကို ခံစားနိုင်လေသည်။ ၎င်းမှာ အိပ်မောကျရန် အတင်းအကျပ် ဖိအားပေးခံခဲ့ရသော ကောင်းကင်တာအို၏ ဒေါသပင်။ ၎င်း နိုးထလာသည်နှင့် တစ်ပြိုင်နက် ပထမဆုံးလုပ်မည့်အရာမှာ ၎င်းကို အိပ်မောကျစေခဲ့သူများနှင့် အမိန့်မနာခံသော လူသားမျိုးနွယ် တို့ကို စာရင်းရှင်းရန်ပင် ဖြစ်သည်။
"ကောင်းကင်တာအို ပြန်နာလန်ထူဖို့ ဘယ်လောက်ကြာမလဲဆိုတာတော့ ငါ မသိဘူး။ အချိန်အကြာကြီး ယူရမယ်လို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် ငါက သေချာပေါက် ပထမဆုံး ပစ်မှတ်ထားခံရမယ့်သူ ဖြစ်လိမ့်မယ်။"
"တကယ်လို့ အချိန်-နေရာလွတ် တာအိုနိယာမ ကျင့်ကြံသူတစ်ယောက်က ဘယ်သူမှ သတိမထားမိဘဲ ဒီအဆင့်ထိ ကြီးထွားလာမယ်ဆိုရင် ကောင်းကင်တာအိုက သူ့ကို ကြံစည်ခဲ့တဲ့သူတွေကို လျစ်လျူရှုပြီး ငါ့ကို အရင်ဆုံးသတ်ပစ်လိမ့်မယ်။"
"ချီးပဲ။ ဒါက အရမ်း စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းတယ်။"
မုန့်ချင်ကျိုး ခေါင်းကုတ်လိုက်သည်။ ဤအရာသည် ကောင်းကင်ကြည့်ဆောင်ထက် အဆပေါင်း သောင်းချီ၍ ပို၍ဒုက္ခပေးနိုင်ပြီး အစွမ်းထက်လေသည်။
သူသည် ကောင်းကင်တာအို၏ ပြန်လည်နိုးထလာမှုကို အာရုံခံမိပြီး သူ၏ခွန်အား သိသိသာသာ တိုးတက်လာသောကြောင့်သာ အချက်အလက်အမျိုးမျိုးကို ထည့်သွင်းစဉ်းစားပြီးနောက် ကောင်းကင်ပြည်နယ်ကို စစ်ကြေညာရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
"ငါ အထင်မမှားဘူးဆိုရင် ကောင်းကင်ကြည့်ဆောင်ရဲ့ ဂိုဏ်းချုပ်က ကောင်းကင်တာအို အပြည့်အဝ မနိုးထခင်မှာ လှုပ်ရှားရဲမှာ မဟုတ်ဘူး။ သူကိုယ်တိုင် ဖော်ထုတ်ခံရမှာကို ကြောက်နေလိမ့်မယ်..."
"ကောင်းကင်မဟာမိတ်အဖွဲ့ကို ရှင်းလင်းပြီးတာနဲ့ နယ်မြေနှစ်ခုရဲ့ ကံကြမ္မာတွေ ပေါင်းသွားလိမ့်မယ်။ ပြီးတော့ ငါ ကောင်းကင်နယ်ပယ်ကို တက်လှမ်းမယ်။"
"အဲဒီအချိန်ကျရင် ပုန်းအောင်းနေတဲ့ ကောင်းကင်ကြည့်ဆောင် ဂိုဏ်းချုပ်ကိုရော နတ်ဘုရားတွေကိုပါ ငါ တည့်တည့်ရင်ဆိုင်နိုင်လိမ့်မယ်။"
ကြယ်ကောင်းကင်ယံအောက်တွင် သူ အချိန်အကြာကြီး လမ်းလျှောက်ခဲ့သည်။
ခွန်အားကို အတည်ပြုပြီးနောက် မုန့်ချင်ကျိုးသည် အရာများစွာကို တွေးတောခဲ့သည်။ သူသည် အချိန်-နေရာလွတ် တာအိုတွင် [အန္တိမ]အဆင့်သို့ ဖောက်ထွင်းဝင်ရောက်သွားပြီးနောက် ယခင်က သူ နားမလည်နိုင်ခဲ့သောအရာများသည် ယခုအခါ ပိုမို၍ပင် ရှင်းလင်းလာပုံရလေသည်။ သူ၏ ကောင်းမွန်သော အခြေအနေကို အခွင့်ကောင်းယူ၍ အရာများစွာကို သူ သဘောပေါက်သွားခဲ့သည်။
ထိုညမှာပင်။
ကြေညာချက်ထုတ်ပြီး စစ်ပွဲကို တရားဝင်စတင်လိုက်ပြီ ဖြစ်သော်လည်း နယ်မြေနှစ်ခုလုံးသည် ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်နေကြသည်။
သို့သော်လည်း နှစ်ဖက်စလုံးသည် အချိန်ဆွဲရန်နှင့် ပြင်ဆင်မှုများ ပြုလုပ်ရန် ရက်အနည်းငယ် လိုအပ်ပြီး ၎င်းက ငြိမ်းချမ်းရေးကာလတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
"အခုချိန်မှာတော့ တခြားကျင့်ကြံသူတွေ လေ့ကျင့်ဖို့အတွက် အချိန်စီးဆင်းမှုပိုင်နက်တစ်ခုကို ငါ ဖန်တီးပေးလို့ရတယ်။ ဒါပေမဲ့ ဒီလို ကောင်းကင်ကိုဆန့်ကျင်တဲ့လုပ်ရပ်မျိုးက နံနက်ခင်းအလင်းနယ်ပယ်ကလူ ဒါဇင်အနည်းငယ်လောက်ပဲ လက်ခံနိုင်တယ်။ ကောင်းကင်ထောက်တိုင်နယ်ပယ်အတွက်ကတော့ အလွန်ဆုံး တစ်ယောက်ပဲ လက်ခံနိုင်တယ်။"
မုန့်ချင်ကျိုးသည် တစ်ခဏမျှ စဉ်းစားပြီးနောက် နန်းတော်သို့ပြန်သွားပြီး စာကြည့်ဆောင်တွင် တုန်းဖန်လျူလီ အစီရင်ခံစာများကို စစ်ဆေးနေသည်ကို တွေ့လိုက်ရသည်။
စာကြည့်ဆောင်။
စားပွဲပေါ်ရှိ အစီရင်ခံစာများ တောင်တစ်တောင်ကဲ့သို့ ပုံနေသည်။ သေချာသည်မှာ ဤအရေးကြီးသော အချိန်အခါတွင် တိုင်းပြည်ရေးရာများ၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ ထုတ်လုပ်ရေးနှင့် လူမှုရေးစည်းကမ်းများ ကဲ့သို့သော ကိစ္စရပ်များအားလုံးကို နောက်တန်းသို့ ပို့ထားရမည် ဖြစ်သည်။ စားပွဲပေါ်ရှိ အစီရင်ခံစာများ အားလုံးသည် နယ်မြေနှစ်ခုကြား အဆုံးအဖြတ်တိုက်ပွဲအကြောင်းသာ ဖြစ်သည်။
တုန်းဖန်လျူလီသည် အနီရောင်ပိတ်ပါးလွှာဝတ်ရုံကို ဝတ်ဆင်ထားပြီး ၎င်း၏ ပိုးသားအထည်သည် ပေါ့ပါးပြီး ချောင်ချောင်ချိချိ ရှိလေသည်။ ခါးပတ်သည်တစ်ဝက် ပြုတ်နေပြီး ခန္ဓာကိုယ် ကောက်ကြောင်းများကို တစ်စိတ်တစ်ပိုင်း မြင်နေရလေသည်။ သူ၏ အနီရောင်ဆံပင်ရှည်များသည် ပခုံးပေါ်တွင် ပေါ့ပေါ့ပါးပါး ကျဆင်းနေပြီး စားပွဲပေါ်တွင် ပုံနေလေသည်။ သူ၏ လှပသော ဆောင်းဦးရေကဲ့သို့သော မျက်လုံးများသည် သဘာဝအတိုင်း ဆွဲဆောင်မှု ရှိနေသော်လည်း တစ်ဝက်မှာမူ ပျင်းရိပြီး ပင်ပန်းနေပုံ ပေါက်နေလေသည်။ သူ ဒုက္ခရောက်နေသော်လည်း အရှိန်အဝါ လျော့နည်းမသွားပေ။ သူ၏ခမ်းနားမှုသည် ကြောက်မက်ဖွယ်ကောင်းပြီး လူများကို ရိုသေကြောက်ရွံ့မှု ဖြစ်စေလေသည်။
စာကြည့်ဆောင်တွင် တုန်းဖန်လျူလီတစ်ယောက်တည်းသာ ရှိလေသည်။ စုချင်ချိုးပင်လျှင် သူ အလုပ်လုပ်နေချိန်တွင် အနားသို့ချဉ်းကပ်ခွင့် မရှိပေ။ ထို့ကြောင့် သူသည် မကြာခဏဆိုသလို အထူး ရဲတင်းသောပုံစံဖြင့် ဝတ်ဆင်လေ့ရှိသည်။ အရမ်းမကြပ်လွန်းသော ချောင်ချောင်ချိချိအဝတ်အစားများက သူ့ကို အနည်းငယ်ပို၍ သက်သောင့်သက်သာဖြစ်စေပြီး တရားဝင်လုပ်ငန်းများကို ကိုင်တွယ်ရာတွင် ပိုမို၍ အကျိုးအကြောင်း ဆင်ခြင်နိုင်ကာ တည်ငြိမ်စေလေသည်။
"အဲဒီငါးပိကောင်က တကယ်ကို မယုံနိုင်စရာပဲ။ ငါ့ကို ကြိုပြီးတိုင်ပင်တာတောင် မလုပ်ဘဲ ရုတ်တရက် စစ်ကြေညာလိုက်တယ်။ အဲဒါက အရမ်းရုတ်တရက်ဆန်လွန်းလို့ မဟာကျင်းတိုင်းပြည်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီးတော့ နန်းတွင်းအမတ်တွေနဲ့ စစ်ဗိုလ်ချုပ်တွေအားလုံး ငါ့ဆီကို အစီရင်ခံဖို့ ရောက်လာကြတယ်။"
"ဟွန်း၊ ငါက သူ့အပေါ် အရမ်းနူးညံ့ပြီးတော့ သက်ညှာလွန်းနေတဲ့ပုံပဲ။ ငါ သူ့ကို တစ်ရက်လောက် မဆုံးမပေးရင် သူက ခေါင်မိုးပေါ်တက်ပြီး အုတ်ကြွပ်တွေကို ခွာပစ်လိမ့်မယ်။ သူက တရားဝင်လက်ထပ်ထားတဲ့ ဇနီးဖြစ်တဲ့ ငါ့ကိုတောင် မလေးစားတော့ဘူး။ အရင်လုပ်ပြီးမှ နောက်မှ အသိပေးတာ။ ဘယ်လောက်တောင် အာဏာပြတာလဲ။"
တုန်းဖန်လျူလီသည် စားပွဲပေါ်တွင် ကုန်းကုန်းလေးနေကာ တရားခံတစ်ယောက် ချန်ထားခဲ့သော ရှုပ်ပွနေမှုများကို ရှင်းလင်းရန် အချိန်(၂၄)နာရီအပြည့် အလုပ်လုပ်နေရလေသည်။
တောရိုင်းမြေတစ်ခုလုံးနှင့် သမိုင်းတစ်လျှောက် ပထမဆုံး အဆုံးအဖြတ်တိုက်ပွဲတို့နှင့် သက်ဆိုင်သည့် အစီရင်ခံစာများကို ကိုင်တွယ်ဖြေရှင်းရသည့် အလုပ်ပမာဏမှာ အလွန်ပင် များပြားလှသည်။ ဤအရာများ အားလုံးသည် တုန်းဖန်လျူလီ တစ်ဦးတည်းအပေါ်သို့ ရုတ်တရက် ကျရောက်လာခဲ့သည်။ သူက မုန့်ချင်ကျိုးကို ကွာရှင်းစာတစ်စောင် ပစ်ပေါက်ရန် မတွေးခဲ့ခြင်းက သူ၏အချစ်ကို သက်သေပြသည့် အထိရောက်ဆုံး အထောက်အထားပင်။
တံခါး အပြင်ဘက်တွင်။
မုန့်ချင်ကျိုးသည် အနေရခက်စွာဖြင့် ခေါင်းကို ကုတ်လိုက်သည်။
အဲ...
လျူလီရဲ့စိတ်အခြေအနေ မကောင်းတဲ့ပုံပဲ။ အခု ဝင်သွားရင် အပြစ်ပေးခံရမလား။
လျူလီ စိတ်ဆိုးနေတာက နားလည်နိုင်ပါတယ်။ ငါက ဒီကိစ္စမှာ အမှားတစ်ခု လုပ်ခဲ့တယ်။ ငါက စွမ်းအားကို ပြသဖို့လောက်ကိုပဲ အာရုံစိုက်နေခဲ့ပြီးတော့ ဒီရှုပ်ပွနေတာတွေကိုရှင်းဖို့ လျူလီ ဘယ်လောက်တောင် အားထုတ်ရမလဲဆိုတာကို မစဉ်းစားခဲ့ဘူး။
အများကြီး စဉ်းစားပြီးနောက် မုန့်ချင်ကျိုးက တံခါးကို ခေါက်လိုက်သည်။
မကြာခဏဆိုသလို စုံတွဲများကြား သဘောထားကွဲလွဲမှုများစွာသည် အချိန်တန်လျှင် သင့်လျော်စွာ မဖြေရှင်းနိုင်ဘဲ အောင့်အီးထားသောဒေါသများမှ မြစ်ဖျားခံလေ့ရှိသည်။ နောက်ပိုင်းတွင် သူတို့ ပိုစဉ်းစားလေ ပိုဒေါသထွက်လေဖြစ်ပြီး ပဋိပက္ခဆီသို့ ဦးတည်သွားစေသည်။ လျူလီဒေါသထွက်နေစဉ်တွင် သူ၏ဒေါသကို ဖွင့်ထုတ်ခွင့်ပေးလိုက်ခြင်းက စုံတွဲကြားမှ ဆက်ဆံရေးကို အမှန်တကယ် တိုးတက်စေနိုင်ပေလိမ့်မည်။
"ဘယ်သူလဲ။" အထဲမှ တုန်းဖန်လျူလီ၏ အေးစက်သောအသံ ထွက်လာသည်။
"ကိုယ်ပါ။ မင်းရဲ့ခင်ပွန်း။" မုန့်ချင်ကျိုးသည် တုံ့ပြန်မှုကို မစောင့်ဘဲ တံခါးကို တွန်းဖွင့်လိုက်ပြီး နောက်ပြောင်သောအပြုံးဖြင့် ပိတ်လိုက်ကာ တုန်းဖန်လျူလီ၏အနားသို့ ကပ်သွားပြီး သူ၏ပခုံးများကို အနောက်မှ နှိပ်နယ်ပေးရင်း တီးတိုး ပြောလိုက်သည်။
"အချစ်လေး။ ညဥ့်နက်တဲ့အထိ အလုပ်လုပ်နေရလို့ မင်း အရမ်းပင်ပန်းနေပြီပဲ။"
တုန်းဖန်လျူလီက နောက်လှည့်လိုက်ပြီး သူ နှိပ်နယ်ပေးနေသည်ကို တားဆီးကာ သူ့ကို စူးစိုက်ပြီး ပြောလိုက်သည်။ "ဟုတ်တယ်။ ရှင်လုပ်ထားတဲ့ အရှုပ်ထုတ်တွေကို ကျွန်မ ရှင်းနေရတာပဲ။"
မုန့်ချင်ကျိုး ရယ်လိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။
ရုတ်တရက်။
တုန်းဖန်လျူလီ၏ အေးစက်သောအမူအရာ ချက်ချင်း အရည်ပျော်သွားလေသည်။ သူက မုန့်ချင်ကျိုး၏ လက်ကိုကိုင်ကာ သူ၏ပါးပြင်တွင် ကပ်ထားပြီး နူးညံ့စွာ ပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်မ ရှင့်ကို အပြစ်မတင်ပါဘူး။ အကြောင်းပြချက်တစ်ခု ရှိတယ်ဆိုတာ ကျွန်မ သိပါတယ်။ ကောင်းကင်တာအို ပြန်နာလန်ထူလာပြီဆိုတော့ ဘယ်သူမဆို စိုးရိမ်ပူပန်မိမှာပဲ။ ရှင်က ဒါကို မဟာကျင်းအတွက် လုပ်ခဲ့တာပါ။"
မုန့်ချင်ကျိုးသည် သက်သာရာရမှုနှင့် ကျေနပ်မှုကို ခံစားလိုက်ရသည်။
တုန်းဖန်လျူလီလည်း ကောင်းကင်တာအို ပြန်လည်နိုးထလာမှုကို အာရုံခံနိုင်ခြင်းကို သူ မအံ့ဩခဲ့ပေ။ ကောင်းကင်တာအိုက ရွေးချယ်ထားသော လူသားဧကရာဇ်၏ ဆက်ခံသူအနေဖြင့် သူ့တွင် ထိုးထွင်းသိမြင်မှု အချို့ ရှိနေခြင်းမှာ ပုံမှန်သာ။
"ကိုယ့်ဇနီးက အရမ်းကို နားလည်ပေးနိုင်တာပဲ။ ဒီလောက်လှနေတာ အံ့သြစရာ မဟုတ်ဘူး။ သူက အပြင်ပန်းရော အတွင်းစိတ်ပါ လှတယ်။ ဧကရီတစ်ပါး ဖြစ်လာနိုင်တာ အံ့သြစရာတော့ မဟုတ်ဘူး။ သူ့ရဲ့ သဘောထားကြီးမှုနဲ့ ဘယ်ယောကျ်ားကများ ယှဉ်နိုင်မှာလဲ။" မုန့်ချင်ကျိုးသည် အခွင့်အရေးကိုယူ၍ သူ့ကို မြှောက်ပင့်လိုက်ပြီး လက်မထောင်ပြကာ အလွန်အမင်း ချီးကျူးလိုက်လေသည်။
"အရမ်း အပျော်ကြီးမနေနဲ့ဦး။ ကျွန်မက ရှင့်ကို အပြစ်မတင်ဘူးလို့ ပြောခဲ့ပေမယ့် စိတ်မဆိုးဘူးလို့ မပြောခဲ့ဘူး။ ရှင်က မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချခဲ့တယ်။ ဒါပေမဲ့ ကျွန်မကို ကြိုပြီး အကြောင်းမကြားခဲ့တာက ရှင့်အမှားပဲ။ အဲဒါက အရမ်း မလေးစားရာကျတယ်ဆိုတာ သိလား။"
"ဒါကြောင့်..." တုန်းဖန်လျူလီက ပြုံးလိုက်သည်။
မုန့်ချင်ကျိုး မျက်ခုံးပင့်လိုက်ပြီး ရင်ဘတ်ကို ကြောက်ရွံ့မှုမရှိဘဲ ကော့လိုက်ကာ ပြိုင်ဖက်ကင်းသော မောက်မာမှုဖြင့် ပြောလိုက်သည်။ "ဒါဆို မင်း ဘာလုပ်ချင်လဲ။ ကိုယ် ဘာမဆို လက်ခံမယ်။"
ဟွန်း။
အဆုံးသတ်နာရီကို လက်ထဲမှာ ကိုင်ထားတော့ ငါ ဘယ်သူ့ကိုမှ မကြောက်ဘူး။
ငါ့မိန်းမကို ငါ မနိုင်ရင်တောင်မှ လိမ်လို့ရသေးတယ်။ အရုဏ်တ်ချိန်မှာ ငါ ခွန်အားအပြည့် ပြန်ရနိုင်ပြီး တစ်နှစ်လောက် ပြဿနာမရှိဘဲ ဆက်ကစားနိုင်တယ်။
တုန်းဖန်လျူလီ စကားပြောရန် ပြင်လိုက်စဉ် ငါးပိကောင်၏ ယုံကြည်မှုအပြည့်ရှိသော အသွင်အပြင်ကို မြင်လိုက်ရသဖြင့် သံသယ ဖြစ်သွားလေသည်။
မကြာခင်မှာပင်။
ကောင်းကင်တာအို ပြန်လည်နိုးထလာခြင်းက ငါးပိကောင်၏ အဆင့်တက်မှုနှင့် ဆက်စပ်နေနိုင်ကြောင်း သူ သံသယဝင်သွားသည်။ သူက ဖောက်ထွင်းဝင်ရောက်ပြီးနောက်တွင် မည်သို့သော စွမ်းအားမျိုးကို နားလည်သွား၍ သူ့ရဲ့ယုံကြည်မှုများကို ရှင်းပြနေသနည်း...
"ဘာတွေဖြစ်နေတာလဲ။ အဆင့်တက်သွားတာက အိပ်ရာပေါ်ကစွမ်းရည်တွေကို ပေးနိုင်တာလား။"
"အချိန်-နေရာလွတ် တာအိုနိယာမတွေက အဲဒီလောက်တောင် အစွမ်းထက်တာလား။"
အကြိမ်ကြိမ်တွန့်ဆုတ်ပြီးနောက် တုန်းဖန်လျူလီက လက်လျှော့ရန် ဆုံးဖြတ်လိုက်သည်။
သူက အိပ်ရာပေါ်မှာပင် အမြဲတမ်း ထိန်းချုပ်နိုင်သူ ဖြစ်ရမည်။ သူ့ကိုယ်သူ သနားစရာကောင်းအောင် ဘယ်တော့မှ အဖြစ်ခံမည် မဟုတ်ပေ။
"အပြစ်ပေးတဲ့အနေနဲ့ အစီရင်ခံစာတွေ စစ်ဆေးတဲ့နေရာမှာ ရှင်က ကျွန်မနဲ့အတူ နေပေးရမယ်။ စိတ်မပူပါနဲ့။ ရှင် မမြင်ရရင်တောင် ရပါတယ်။ အစီရင်ခံစာပေါ်ကစာလုံးတွေကို ရွှေရောင်မင်နဲ့ ရိုက်နှိပ်ထားလို့ ထင်ရှားနေတယ်။ မင်းရဲ့ လက်ရှိကျင့်ကြံမှုအဆင့်နဲ့ဆိုရင် အဲဒါတွေကို ထိကြည့်ရုံနဲ့ သိနိုင်တယ်။" တုန်းဖန်လျူလီ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ...
မုန့်ချင်ကျိုး ၏မျက်နှာ မည်းမှောင်သွားလေသည်။
လျူလီက ဒီလောက်ရက်စက်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။ အစီရင်ခံစာတွေကို စစ်ဆေးရတာက သေရေးရှင်ရေးတိုက်ပွဲတွေထက် အများကြီး ပိုပြီးတော့ နှိပ်စက်ရာကျတယ်။ ငါ့ရဲ့ အတိတ်ဘဝတုန်းက မိဘတွေနဲ့ဆရာတွေရဲ့မြှူဆွယ်မှုနဲ့မှ ကိုးနှစ်တာ မသင်မနေရပညာရေးကို ငါက မနည်း လိုက်မီအောင် သင်ယူနိုင်ခဲ့တာ။ ဒါက ကျောင်းသွားရတာထက် အများကြီး ပိုပြီးခေါင်းကိုက်စရာကောင်းတယ်။
"အပြစ်ပေးတဲ့ နည်းလမ်းကို ပြောင်းလို့ ရမလား။ ဥပမာအနေနဲ့ မင်း အကြိုက်ဆုံး..." မုန့်ချင်ကျိုးသည် အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
"အိပ်မက်မက်နေလိုက်။ ပြီးတော့ ကျွန်မက အဲဒီလိုမျိုးကို ဘယ်တုန်းက ကြိုက်ခဲ့လို့လဲ။ ကျွန်မကို အသရေဖျက်ဖို့ မကြိုးစားနဲ့။" တုန်းဖန်လျူလီ မျက်နှာနီရဲသွားပြီး ငါပိကောင်၏ခါးကို ပြင်းပြင်းထန်ထန် ဆိတ်လိုက်လေသည်။
မုန့်ချင်ကျိုး မျက်နှာမဲ့သွားပြီး အလျင်အမြန် ခွင့်လွှတ်ပေးရန် တောင်းပန်ကာ ရှင်းပြလိုက်သည်။
"ဟေး၊ ဟေး၊ ဟေး... မင်းက ဘယ်လိုများ ဒီလောက် အကျိုးအကြောင်း မဆီလျော်နိုင်ရတာလဲ။ မင်း အကြိုက်ဆုံး အပြစ်ပေးတဲ့ပုံစံက လူတွေရဲ့ ကြွက်သားတွေကို ဆန့်ထုတ်တာ။ သူတို့ကို ခေါက်ထားတာမျိုးလို့ ကိုယ် ပြောတာလေ။ မင်း ဘာတွေ တွေးနေတာလဲ။"
တုန်းဖန်လျူလီ ဒေါသတကြီး အံကြိတ်လိုက်ပြီး အားပိုထည့်လိုက်သည်။
အခြားရွေးချယ်စရာ မရှိတော့သဖြင့် မုန့်ချင်ကျိုးသည် လိမ်လိမ်မာမာ ထိုင်လိုက်ပြီး အစီရင်ခံစာပေါ်ရှိ လက်ရေးများကို လက်ဖြင့်ထိတွေ့ကာ မှတ်ချက်များ သို့မဟုတ် ပြင်ဆင်မှုများကို ရေးသားနေလေသည်။
အစီရင်ခံစာများကို စစ်ဆေးခြင်းသည် အတိတ်ဘဝမှ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများတွင် ဧကရာဇ် စုတ်တံတစ်ချောင်းကိုယူပြီး တစ်ချက်ကြည့်ကာ မင်ရည်ထဲစိမ်ပြီး ဖတ်ပြီးဟူသော စာလုံးကို ရေးလိုက်ရုံနှင့် ပြီးသွားသည်မျိုး မဟုတ်ပေ။
အကယ်၍ ထိုမျှလောက်သာ ရိုးရှင်းခဲ့လျှင် ပညာရှိ အုပ်ချုပ်သူအများအပြားက အသေအလဲ အလုပ်လုပ်ခဲ့ရမည် မဟုတ်ပေ။
အစီရင်ခံစာ အများစုသည် နန်းတွင်းအရာရှိများထံမှ ကန့်ကွက်လွှာများဖြစ်ပြီး ကျောင်းသားများက ပြဿနာများအတွက် ဖြေရှင်းနည်းများကို ရေးသားခြင်းနှင့် အလွန်တူလေသည်။ ဆရာတစ်ယောက်အနေဖြင့် ၎င်းတို့ကို ပြန်လည်စစ်ဆေးရန် တာဝန်ရှိသည်။ အကယ်၍ အမှားများရှိပါက ၎င်းတို့ကို ကြက်ခြေခတ်ဖြင့် မှတ်သားရုံသာမရဘဲ ပြဿနာများကိုထောက်ပြရမည် ဖြစ်သည်။ နောက်ထပ် အစီရင်ခံစာအမျိုးအစားတစ်ခုမှာ ကျောင်းသားများက ပြဿနာများကို ရှာဖွေတွေ့ရှိပြီး နန်းတွင်းသို့ အစီရင်ခံသောအခါ ဖြစ်သည်။ ဧကရာဇ်သည် အစီရင်ခံစာတစ်ခုကို လက်ခံရရှိသောအခါ ပေါ့ပေါ့တန်တန်အဖြေတစ်ခုသာ ပေး၍မရဘဲ သေချာစွာ စဉ်းစားပြီး အကောင်းဆုံးဖြေရှင်းနည်းကို ရှာဖွေရမည် ဖြစ်သည်။ အတိုချုပ်ပြောရလျှင် အစီရင်ခံစာများ စစ်ဆေးခြင်းသည် နှိပ်စက်ခြင်းနှင့်တူညီသော ပင်ပန်းနွမ်းနယ်စေသည့် အလုပ်တစ်ခု ဖြစ်သည်။
စုံတွဲသည် မီးအိမ်အလင်းရောင်အောက်တွင် တစ်ညလုံး မမောမပန်း အလုပ်လုပ်ခဲ့ကြပြီး သူတို့၏ စုတ်တံများသည် စာရွက်ပေါ်တွင် ပျံသန်းနေကာ သူတို့၏ တွေးတောစဉ်းစားသည့် သက်ပြင်းချသံများက ပြဿနာများကို ဖြေရှင်းရသည့် စိတ်လှုပ်ရှားဖွယ် အသံများနှင့် ရောနှောနေလေသည်။
နောက်နေ့ မနက်ရောက်သည်အထိပင်။
ကြက်တွန်သံက အရုဏ်တက်ချိန်ကို အသိပေးနေ၏။
ကောင်းကင်ထောက်တိုင်နယ်ပယ်၏စွမ်းအားဖြင့် စုံတွဲသည် သာမန်ဧကရာဇ်တစ်ပါးအတွက် နှစ်ပေါင်းများစွာ အချိန်ယူရမည့် အလုပ်ပမာဏကို တစ်ညတည်းဖြင့် ပြီးစီးအောင် လုပ်ဆောင်နိုင်ခဲ့ကြသည်။
ပေးဆပ်ရသည့်တန်ဖိုးမှာ သူတို့နှစ်ဦးစလုံး ပင်ပန်းနွမ်းနယ်နေခြင်း ဖြစ်သည်။ တစ်ဦးမှာ ဖြူရော်ပြီး အသက်ရှူမဝဖြစ်နေကာ အခြားတစ်ဦးမှာ မျက်လုံးများချိုင့်ဝင်နေပြီး လုံးဝ ပင်ပန်းနွမ်းနယ်နေပုံ ပေါက်နေသည်။
"ဟေး... ဒါက အတော်ဆန်းသစ်တဲ့ အတွေ့အကြုံပဲ။" မုန့်ချင်ကျိုးက ပြုံးလျက်ပြောလိုက်သည်။
တုန်းဖန်လျူလီသည် မုန့်ချင်ကျိုး၏ မျက်လုံးပိတ်ကို သိချင်စိတ်ဖြင့် ဆွဲချွတ်လိုက်ပြီး မေးလိုက်သည်။ "ငါးပိကောင်၊ ကျွန်မ တစ်ခုခုကို အမြဲတမ်း သိချင်နေခဲ့တာ။ ရှင်က ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ရောက်နေပြီဆိုတော့ ဘာလို့ မျက်မမြင် ဖြစ်နေတာကို ကုသလို့မရတာလဲ။"
သူ၏အလှတရားကို လူတိုင်းသိကြသော်လည်း အချစ်ရဆုံးသူက သူ့ကို ဘယ်သောအခါမှ မမြင်ဖူးပေ။
ရှေးခေတ်ကာလကတည်းက အမျိုးသမီးများသည် သူတို့ချစ်ရသူအတွက်သာ အလှဆင်လေ့ ရှိကြပြီး သူတို့နှလုံးသားပိုင်ရှင်၏မျက်နှာတွင် အပြုံးတစ်ခုဖြစ်ပေါ်လာစေရန် မျှော်လင့်ကြသည်။
သို့သော်လည်း ငါးပိကောင်သည် မွေးကတည်းက မျက်မမြင်ဖြစ်နေခြင်းက တုန်းဖန်လျူလီ၏ နှလုံးသားထဲတွင် နောင်တတစ်ခုအဖြစ် အမြဲတမ်း ရှိနေခဲ့သည်။
မုန့်ချင်ကျိုးသည် သူ၏အတွေးများကို မသိဘဲ မျက်လုံးများကို ညွှန်ပြကာ ရယ်မောလိုက်သည်။
"အဲဒီတုန်းက ကိုယ် မင်းကို လိမ်ခဲ့တာပါ။ ကိုယ် မမြင်ရတာက သာမန်ရောဂါ မဟုတ်ဘူး။ ချိတ်ပိတ်ထားတာ။ ကိုယ် ဘယ်တုန်းကမှ မျက်မမြင် မဖြစ်ခဲ့ဘူး။ ကိုယ့်ရဲ့ အမြင်အာရုံနဲ့ အသိစိတ်က ချိတ်ပိတ်ခံထားရရုံ သက်သက်ပါ။ တကယ်လို့ တစ်နေ့မှာ ကိုယ် ဒီချိတ်ပိတ်ထားမှုကို ချိုးဖျက်ရမယ်ဆိုရင် အဲဒါ အရင်က မကြုံဖူးတဲ့ ရန်သူတစ်ယောက်နဲ့ တွေ့ဆုံပြီးတော့ သေခြင်းရှင်ခြင်းကြား ရောက်နေလို့ ဖြစ်ရမယ်။ အဲဒါကြောင့် ကိုယ် ဒီရွေးချယ်မှုကို လုပ်ခဲ့တာ။"
ထိုစကားကို ကြားသောအခါ၊ တုန်းဖန်လျူလီ ပို၍ပင် သိချင်စိတ် ပြင်းပြသွားလေသည်။
ချိတ်ပိတ်ထားတာလား။
"ရှင့်ကို ဘယ်သူက ချိတ်ပိတ်ထားတာလဲ။"
"တခြား ဘယ်သူမှ မဟုတ်ပါဘူး၊ အတိအကျပြောရရင် ကိုယ်ကိုယ်တိုင် ဖြစ်လောက်တယ်။"
"အိုး၊ ဒါဆိုရင် ရှင့်တစ်သက်တာလုံး မျက်မမြင်အဖြစ်ဆက်နေတာ ပိုကောင်းမယ်။"
"ဟီးဟီး။ မင်းရဲ့ ကြင်နာတဲ့စကားတွေအတွက် ကျေးဇူးပါပဲ။"
...
...
သူတို့နှစ်ဦး အချိန်အတော်ကြာ အနားယူပြီးနောက် မတ်တတ်ရပ်လိုက်စဉ် မုန့်ချင်ကျိုး ရုတ်တရက် ပြောလိုက်သည်။ "ဒါနဲ့ နယ်မြေနှစ်ခုကြား အဆုံးအဖြတ်တိုက်ပွဲမတိုင်ခင် မဟာကျင်းတိုင်းပြည်ရဲ့ နံနက်ခင်းအလင်းနယ်ပယ် နှောင်းပိုင်းအဆင့်နဲ့ အထွတ်အထိပ်အဆင့် ကျင့်ကြံသူတွေအားလုံးကို စုစည်းပြီး သူတို့ကျင့်ကြံဖို့ ကူညီပေးချင်တယ်။ ဘယ်သူ သိမှာလဲ။ အဲဒါက ကောင်းကင်ထောက်တိုင် ကျင့်ကြံသူ အနည်းငယ်ကို မွေးဖွားပေးနိုင်ကောင်းပေးနိုင်လိမ့်မယ်။"
ထိုစကားကို ကြားသောအခါ တုန်းဖန်လျူလီသည် အစပိုင်းတွင် မှင်တက်သွားပြီး ထို့နောက် သူ၏ အမူအရာ ပြောင်းလဲသွားကာ အသံနက်ဖြင့် ပြောလိုက်သည်။
"တကယ်လား။"
ကောင်းကင်ထောက်တိုင် ကျင့်ကြံသူ အနည်းငယ်ကို မွေးထုတ်ပေးနိုင်ခြင်းသည် သေးငယ်သောကိစ္စ မဟုတ်ပေ။ လက်ရှိတွင် မဟာကျင်းတိုင်းပြည်၌ ကောင်းကင်ထောက်တိုင် ကျင့်ကြံသူ (၅)ဦးသာ ရှိကြောင်း သိထားရမည်။ လာမည့် နောက်ဆုံးစစ်ပွဲနှင့်ပတ်သက်၍ သူ ဘယ်သောအခါမှ အကောင်းမြင်လွန်းခြင်း မရှိခဲ့ပေ။
"တကယ်ပါ။" မုန့်ချင်ကျိုး ခေါင်းညိတ်လိုက်သည်။
တုန်းဖန်လျူလီသည် အကြိမ်ကြိမ် အတည်ပြုလိုက်သည်။ "အဲဒါက ရှင့်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘူးလို့ ကျွန်မကို ကတိပေးပါ။ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးကို တိုင်တည်ပြီး ကျိန်ဆို။"
"ဒီလောက်တောင်အရေးကြီးတဲ့ အလောင်းအစား လုပ်နေတာလား။"
"မြန်မြန်လုပ်။ တကယ်လို့ အဲဒီအတွက် ရှင် ပေးဆပ်ရမယ်ဆိုရင် ကောင်းကင်ထောက်တိုင် ကျင့်ကြံသူတွေ ပိုမွေးဖွားလာရင်တောင်အဲဒါကို မလိုချင်ဘူး။ ရှင်က ကျွန်မအတွက် အရေးအကြီးဆုံးပဲ။ ဒုတိယ အချက်အနေနဲ့ အဲဒါက မလိုအပ်ဘူး။ ကောင်းကင်ထောက်တိုင် အစောပိုင်းအဆင့် ကျင့်ကြံသူ အနည်းငယ် ပိုလာတာက ရှင် အထွတ်အထိပ်ရောက်နေတဲ့အချိန်နဲ့ မယှဉ်နိုင်ပါဘူး။"
"ကောင်းပါပြီ။ ကိုယ် ကျိန်ဆိုပါတယ်။ အလွန်ဆုံး အားစိုက်ရုံလောက်ပဲ ရှိမယ်။ နောက်ဆက်တွဲဆိုးကျိုး ဘာမှ ရှိမှာမဟုတ်ဘူး၊ အဆင်ပြေပြီလား။"
"အင်း။ အဆင်ပြေပြီ။"
...
အပိုင်း(၃၄၃) အကြောင်းအကျိုး၊ ရုပ်သေး
မွန်းတည့်ချိန်။
ပစ္စုပ္ပန်ကျေးရွာ။
ရွာသားတစ်စုသည် ရှေ့တန်းပြင်ဆင်ရေးနယ်မြေမှ သူတို့၏ရွာသို့ ပြန်လာခဲ့ကြသည်။ ရွာသားများ၏ တစ်စိတ်တစ်ပိုင်းသာ ပြန်လာခဲ့ကြပြီး သူတို့အားလုံးမှာ နံနက်ခင်းအလင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့် သို့မဟုတ် အထွတ်အထိပ် ကျင့်ကြံသူများ ဖြစ်သည်။ သေချာသည်မှာ ချင်းဖုန်ဟော်နှင့် ကျန်းစန်းဟိုင်တို့က မဟာကျင်းတိုင်းပြည်၏ မဏ္ဍိုင်နှစ်ခုအနေဖြင့် ပါဝင်ခွင့် အပြည့်အဝရှိကြလေသည်။
စုချင်ချိုး၊ ဝူတျဲ၊ လင်းလု၊ မိစ္ဆာသူတော်စင်ဝူဟွေ့၊ တာအိုဂိုဏ်းသခင်လေး ခူကျင်း၊ စန်းဝူမင်းသမီး လုချင်းလျိုနှင့် အခြားသူများကို အထင်အရှား တွေ့မြင်ရလေသည်။ သူတို့က ကောင်းကင် အဆင့်သတ်မှတ်ချက် ထိပ်တန်း(၁၀)ဦးထဲတွင် ပါဝင်ပြီး ကောင်းကင်ထောက်တိုင်နယ်ပယ်သို့ ဝင်ရောက်နိုင်ရန်အတွက် အလားအလာ အများဆုံးရှိသူများ ဖြစ်ကြသည်။
အဋ္ဌမမြောက်နန်းဆောင်သခင် ဖန်တီးခဲ့သော တန်ခိုးရှင်၊ ကောင်းကင်၊ မြေကြီးနှင့် လူသား အဆင့်သတ်မှတ်ချက်စာရင်းသည် မုန့်ချင်ကျိုးကို သိက္ခာချရန် ရည်ရွယ်ခဲ့သော်လည်း ၎င်းတွင် အမှန်တကယ် အရည်အသွေးများ ရှိနေခဲ့သည်။ သို့မဟုတ်ပါက တောရိုင်းမြေမှ ကျင့်ကြံသူများကို မုန့်ချင်ကျိုး၏ စွမ်းအားအပေါ် သံသယဖြစ်အောင် လုပ်နိုင်မည် မဟုတ်ပေ။
"သခင်လေးမုန့်... ဘာလို့ ဒီလောက် အလျင်စလို ပြန်လာရတာလဲ။" ချင်းဖုန်ဟော်က ပြုံးလျက် မေးလိုက်သည်။
ပစ္စုပ္ပန်ကျေးရွာတွင် လူတစ်ဦးအား ဘွဲ့အမည်ဖြင့် မခေါ်ဆိုနိုင်သော စည်းမျဉ်းများ ရှိသည်။ အားလုံးကို အသက်အရွယ်နှင့် အဆင့်အတန်းအရသာ လုပ်ဆောင်ရမည် ဖြစ်သည်။
ချင်းဖုန်ဟော်သည် "အရူးတစ်ယောက်ပဲ အလကားရတာကို လက်လွတ်ခံလိမ့်မယ်"ဟူသော မူဝါဒကို လိုက်နာကာ မုန့်ချင်ကျိုးကို "မုန့်မိသားစုရဲ့ကောင်လေး"နှင့် "မုန့်မိသားစုရဲ့သမက်"ဟုသာ ခေါ်ဆိုလေ့ရှိပြီး ၎င်းက ရွာသားများထံမှ ထူးဆန်းသော အကြည့်များကို ဆွဲဆောင်နိုင်ခဲ့သည်။
"ဒီအဘိုးကြီးက ဘယ်တော့မှ အတည်မပြောဘူးပဲ။" ကျန်းစန်းဟိုင် မျက်စောင်းထိုးလိုက်သည်။
မုန့်ချင်ကျိုး နွေးထွေးစွာဖြင့် ပြုံးလိုက်ပြီး ပြောသည်။
"သတင်းကောင်းပါ။ အချိန်စီးဆင်းမှုကိုနှေးကွေးစေနိုင်တဲ့ စွမ်းအားတစ်ခုကို မကြာသေးခင်ကမှ ကျုပ် နားလည်သွားတယ်။ ဒီနယ်ပယ်ထဲကတစ်ရက်က အပြင်ကမ္ဘာကတစ်နှစ်နဲ့ ညီမျှတယ်။"
"ဒါပေမဲ့ ကောင်းကင်တာအိုက အခု ပြန်နာလန်ထူလာနေပြီ။ ပြီးတော့လည်း ကမ္ဘာကြီးတစ်ခုလုံးရဲ့ ဥပေဒသတွေက ပိုပိုပြီး တည်ငြိမ်လာလိမ့်မယ်။ တကယ်လို့ ကျုပ်က ရက်အနည်းငယ်ကြာမှ ဒီတာအိုနိယာမကို ထပ်သုံးဖို့ကြိုးစားရင် အကျိုးသက်ရောက်မှုက ကျေနပ်စရာကောင်းတော့မှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ အဆုံးအဖြတ်တိုက်ပွဲမတိုင်ခင် အချိန်လေးကို အခွင့်ကောင်းယူပြီး လူတိုင်းရဲ့ခွန်အားတွေကို တတ်နိုင်သမျှ တိုးတက်အောင် ကူညီပေးဖို့ပဲ လုပ်နိုင်တော့တယ်။"
"နေရာတွေက အကန့်အသတ်ရှိလို့ မင်းတို့ကို ဦးစားပေးရွေးချယ်လိုက်တာပါ။"
သူ၏ တိုတောင်းသောစကားများက ရွာသားများ အားလုံးကို မှင်တက်သွားစေခဲ့သည်။
ပထမဆုံး အချိန်စီးဆင်းမှုကိုနှေးကွေးစေနိုင်သည့် ဧကရာဇ်၏ မယုံနိုင်လောက်အောင် စွမ်းရည်ကြောင့် သူတို့ အံ့အားသင့်သွားကြသည်။ ထို့နောက် အကင်းပါးသောရွာသားများသည် စကားလုံးများတွင် တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း သတိပြုမိသွားကြသည်။
ကျန်းစန်းဟိုင်က အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။
"ကောင်းကင်တာအိုက ပြန်နိုးထလာနေပြီ ဟုတ်လား။ အဲဒါ ဘယ်တုန်းက ဖြစ်သွားတာလဲ။"
"မနေ့ကတင်ပဲ။ အဲဒီအတွက် စိတ်မပူပါနဲ့။ လက်ရှိတိုက်ပွဲကိုပဲ အရင်အာရုံစိုက်ပါ။" မုန့်ချင်ကျိုးက သူ၏လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
ကောင်းကင်တာအို တဖြည်းဖြည်း ပြန်နာလန်ထူလာသည်နှင့်အမျှ ကမ္ဘာကြီးတစ်ခုလုံးအပေါ်တွင် ထိန်းချုပ်မှုသည် ကောင်းကင်တာအိုထံသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိသွားပြီး ယုတ္တိမတန်သောအရာများ အားလုံးသည် စည်းမျဉ်းများ၏ချည်နှောင်မှုကို ခံရမည်ဖြစ်သည်။
ဥပမာအားဖြင့် အတိတ်ဘဝမှ အွန်လိုင်းဝတ္ထုအချို့တွင် လမ်းဘေးမှ တန်ဖိုးမရှိသော အမှိုက်တစ်ခုကဲ့သို့ ထင်ရသည့် အချိန်စီးဆင်းမှုကို နှေးကွေးစေသော မဟာစွမ်းအားသည် တကယ်တမ်း လုံးဝ ကောင်းကင်ကို အာခံသည့် လုပ်ရပ်တစ်ခုဖြစ်ပြီး စည်းမျဉ်းများနှင့် သာမန်အသိဉာဏ်ကိုကျော်လွန်သည့် အရာတစ်ခုနှင့် ညီမျှလေသည်။ ထိုသို့ဆိုလျှင် ၎င်းက မည်သို့ ရိုးရှင်းနိုင်မည်နည်း။
"ဟုတ်ကဲ့ပါ။" ကျန်းစန်းဟိုင် အသက်ပြင်းပြင်းရှူလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
မကြာခင်မှာပင်။
မုန့်ချင်ကျိုးသည် လူတိုင်းကို တင်ပလ္လင်ခွေ ထိုင်စေလိုက်သည်။ သူက လေထဲသို့ လက်ညှိုးတစ်ချောင်း ညွှန်ပြလိုက်ရာ လှိုင်းဂယက်များ ပြန့်ထွက်သွားလေသည်။ အချိန်-နေရာလွတ်တာအိုက ကြိုးမျှင်များအဖြစ် စုစည်းသွားပြီး ကောင်းကင်နှင့်မြေကြီးအပြင်ဘက်ရှိ ထူးခြားသည့်နေရာတစ်ခုကို ရက်လုပ်လိုက်လေသည်။
သူသည် ဤနေရာ၏ စည်းမျဉ်းများကို ပြန်လည်သတ်မှတ်လိုက်ပြီး ဤကမ္ဘာ၏ တစ်ဦးတည်းသော အရှင်သခင် ဖြစ်လာကာ နေရာလွတ်နှင့်အချိန်အပေါ်အခြေခံ၍ ကမ္ဘာ၏မူလပုံစံအတွက် အခြေခံအုတ်မြစ်ကို ချပေးလိုက်လေသည်။
ကမ္ဘာငယ်လေး ပုံဖော်လိုက်သည့် အခိုက်အတန့်တွင် မုန့်ချင်ကျိုးသည် ဤဧရိယာ၏စည်းမျဉ်းများကို ပြောင်းလဲလိုက်ပြီး ကောင်းကင်ဘုံတစ်ရက်ကမြေကြီးတစ်နှစ် ဟူသော စီးဆင်းမှုနှုန်းသို့ ရောက်ရှိသည်အထိ အချိန်စီးဆင်းမှုကို အဆရာထောင်ချီ နှေးကွေးစေခဲ့ပြီးနောက် အသက်ရှူခြင်းကို ရပ်တန့်လိုက်လေသည်။
၎င်းတင် မကသေးပေ။
တုန်းဖန်လျူလီသည်လည်း တိုင်းပြည်ဘဏ္ဍာတိုက်မှ တန်ခိုးရှင်အဆင့် ဝိညာဥ်ကြော တစ်ဒါဇင်ကျော်နှင့် ဧကရာဇ်အဆင့် ဝိညာဉ်ကြော တစ်ခုကို ယူလာရန် လူများကို အမိန့်ပေးခဲ့ပြီး ၎င်းတို့ကို စီးဆင်းမှုနေရာထဲသို့ ပေါင်းထည့်လိုက်ရာ ထိုနေရာသည် ဝိညာဉ်စွမ်းအင်များနှင့် ထူထပ်သောမြူခိုးများဖြင့် ပြည့်နှက်သွားလေသည်။ သာမန်လူများသည် ဤနေရာတွင် ကျင့်ကြံခြင်းဖြင့် ထက်ဝက်သော အားထုတ်မှုဖြင့် ရလဒ်နှစ်ဆကို ရရှိနိုင်ပြီး လက်ရှိရောက်ရှိနေသော နံနက်ခင်းအလင်းနယ်ပယ်ကျင့်ကြံသူများကိုလည်း အကူအညီ အချို့ ပေးနိုင်သည်။
"စပြီ။"
မုန့်ချင်ကျိုးသည် လေထဲတွင် တင်ပလ္လင်ခွေထိုင်ကာ အချိန်-နေရာလွတ်ဩ မဟာတာအိုကို ကိုယ်စားပြုလျက် တရားဟောပြောနေသော ပညာရှိ သို့မဟုတ် လေးစားရသော ဆရာတစ်ဦးကဲ့သို့ပင် အန္တိမ တာအိုနိယာမများကို ရှင်းလင်းဟောပြောနေပြီး လက်ရှိရောက်ရှိနေသော ကျင့်ကြံသူများကို သူတို့၏ တာအိုနှလုံးသားများ နိုးထလာစေရန်နှင့် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသော အခြေအနေသို့ ရောက်ရှိစေရန် ကူညီပေးနေလေသည်။
အချိန်တိုလေး အတွင်းမှာပင်။
နေရာတစ်ခုလုံးအတွင်းရှိ နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူဒါဇင်နှင့်ချီက အနက်ရှိုင်းဆုံးသော ဝိညာဉ်ဉာဏ်အလင်းပွင့်မှုတွင် နစ်မြုပ်သွားကြလေသည်။
တုန်းဖန်လျူလီသည် အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက် တိတ်ဆိတ်စွာ ထွက်ခွာသွားလေသည်။ ဤနေရာသည် ကျင့်ကြံသူအရေအတွက် အများကြီးကို လက်ခံနိုင်စွမ်း မရှိပေ။ ၎င်းသည် ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ကောင်းကင်ထောက်တိုင်ပုဂ္ဂိုလ် အနည်းငယ် မွေးဖွားလာနိုင်မယ်ဆိုရင် ငါက ဆုလာဘ်အနေနဲ့ ကောင်းကင်ဘုံသို့သွားရာလမ်း တိုးတက်မှုအမှတ် တချို့ကို ရရှိလောက်တယ်။"
"ကောင်းကင်နယ်ပယ်တစ်ပိုင်ကို ရောက်ဖို့က တိုးတက်မှု ၅၀၀%လိုတယ်။ အခု လက်ရှိတိုးတက်မှုက ၄၀၀%ပဲ။ ၁၀၀% ကျန်သေးတယ်။ အဲဒါက အရမ်းဝေးတာတော့ မဟုတ်ပါဘူး။"
မုန့်ချင်ကျိုးက တိတ်ဆိတ်စွာ တွေးတောလိုက်ပြီး၊ ထို့နောက် အချိန်-နေရာလွတ်၏ မဟာတာအိုကို ဆက်လက် ဆင့်ကဲပြောင်းလဲစေခဲ့သည်။
အချိန်များ ခပ်မြန်မြန် ကုန်ဆုံးသွား၏။
တစ်ရက်မှတစ်နှစ်အထိတိုးမြှင့်ထားသော အချိန်စီးဆင်းနှုန်းထားရှိသည့် ဤနေရာတွင် မျက်စိတစ်မှိတ် အတွင်း နှစ်ဝက်ခန့် အချိန်ကုန်လွန်သွားခဲ့သည်။
ဤကာလအတွင်း။
လူများက တောရိုင်းမြေ၏ ကံကြမ္မာအကူအညီနှင့် အတားအဆီးများကို မကြာခဏ ဖောက်ထွက်သွားပြီး ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့ကြသည်။ ထိုလူများက ပါရမီပါပြီးသားသူမျာဖြစ်ရာ တိုးတက်မှုအချို့ ရရှိသည်မှာ ယုတ္တိတန်ပေသည်။
ထိုအထဲတွင်။
လူအုပ်ထဲတွင် လွယ်လွယ်ကူကူ သတိမထားမိလောက်ဘဲ သာမန်အသွင်အပြင်ရှိသော လူငယ်တစ်ဦးက ကောင်းကင်ဘုံဆီချီတက်မည့်ခရာကို အရင်ဆုံး မှုတ်လိုက်သူ ဖြစ်လာခဲ့တယ်။ သူက လမ်းပြနေခြင်းပင်။
ဤမျှော်လင့်မထားသောအဖြစ်အပျက်က မုန့်ချင်ကျိုး၏အာရုံကို ဆွဲဆောင်သွားခဲ့ပြီး အပြင်ဘက်တွင် ကင်းစောင့်နေသော လီကွမ်ယန်ကို အလျင်အမြန် ခေါ်ယူလိုက်လေသည်။ မေးမြန်းစုံစမ်းပြီးနောက် ဤသူမှာ ဒဏ္ဍာရီလာ ကောင်းကင်အဆင့်သတ်မှတ်ချက်၏ နံပါတ်(၁)ဖြစ်သော "တွမ့်ယာ" ဖြစ်ကြောင်း သိလိုက်ရ၏။
တရားဝင်ရာထူးမရှိ၊ ဂိုဏ်းမရှိ၊ အဖွဲ့အစည်းမရှိ၊ တကိုယ်တည်း ကျင့်ကြံသူတစ်ဦး။
သူ၏ နံနက်ခင်းအလင်းနယ်ပယ်အထွတ်အထိပ်ကျင့်ကြံမှုဖြင့် စစ်မှန်သောခွန်အားအတိုင်းအတာကို မည်သူမျှ မသိကြပေ။ ကောင်းကင်အဆင့်သတ်မှတ်ချက်တွင် နံပါတ်(၂)ဖြစ်သော ဝူဟွေ့သည် တစ်ခါက သူ့ကို တိုက်ခိုက်ရန် စိန်ခေါ်ခဲ့ဖူးသော်လည်း သုံးကွက်ဖြင့် ရှုံးနိမ့်သွားခဲ့ကြောင်းကိုသာ သိကြသည်။ ထိုအချိန်မှစ၍ ထိုမိစ္ဆာ သူတော်စင်သည် လုံးဝကိုနှိမ့်ချပြီး လူလုံးမပြဘဲ နေလာခဲ့လေသည်။
အချို့က ဤတကိုယ်တည်းကျင့်ကြံသူ တွမ့်ယာ၏စွမ်းအားသည် အချိန်-နေရာလွတ် ဓားသူတော်စင်၏ ဓားသုတ်သင်ရေးမဟာမိတ်အဖွဲ့မှ နံနက်ခင်းအလင်းနယ်ပယ်အဖွဲ့ဝင်တ စ်ရာ၏စွမ်းအားနှင့် ယှဉ်နိုင်သည်ဟု ခန့်မှန်းကြသည်။ သို့သော်လည်း သူက အလွန်နှိမ့်ချပြီး လူလုံးမပြဘဲနေကာ အင်အားကြီးအဖွဲ့အစည်းများ၏ အမြင်အာရုံမှ ကင်းဝေးအောင် နေထိုင်လေသည်။ အကယ်၍ ဧကရီက ကျန်းစန်းဟိုင်ကို ရှာဖွေခိုင်းပြီး ခြိမ်းခြောက်မှုနဲ့ မြှူဆွယ်မှုနည်းလမ်းတွေကို ပေါင်းစပ်အသုံးပြုကာ မဟာကျင်းတိုင်းပြည်အတွက် အနှစ်တစ်ရာ တာဝန်ထမ်းဆောင်ရန် (၁၀)နှစ်စာချုပ်တစ်ခု လက်မှတ်ရေးထိုးခိုင်းခြင်းသာ မရှိခဲ့လျှင် ထိုအချိန်အတွင်းတွင် မဟာကျင်းတိုင်းပြည်ကနေ ရရှိလာမယ့် အကျိုးအမြတ်တွေရဲ့ တစ်စိတ်တစ်ပိုင်းကို သူ ရရှိမည် ဖြစ်သည်။
တွမ့်ယာ၏မျက်ခွံများ အနည်းငယ် တုန်ခါသွားပြီး သူ၏နှုတ်ခမ်းများ ညင်သာစွာ လှုပ်ရှားသွားကာ တိုးညင်းသောအသံဖြင့် ရွတ်ဆိုလိုက်သည်။
"အကြောင်းအကျိုးဆိုတာ ရုပ်သေးပြဇာတ်တစ်ခုလိုပဲ။ အရိပ်တစ်ခု၊ အမှားနဲ့အမှန်ကို ခြယ်လှယ်တာ။ လူတွေက လောကကိုထိန်းချုပ်ဖို့ တာအိုကို အသုံးပြုတယ်။ ဒါပေမဲ့ တာအိုမှာ နာမည်မရှိသလို လူတွေကိုလည်း လှည့်စားတတ်တယ်။ ဗောဓိသတ္တသုံးထောင်၊ ကမ္ဘာသုံးထောင် မတူညီတဲ့တာအိုတွေအားလုံးက ပန်းတိုင် တစ်ခုတည်းကိုပဲ ရောက်သွားကြတာပဲ။"
"ကံကြမ္မာ၊ အကြောင်းအကျိုး..."
"ကောင်းကင်ထောက်တိုင်နယ်ပယ်ကို သက်သေပြဖို့ ကံကြမ္မာကို ငါ အသုံးချမယ်။"
စကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားသည့် အခိုက်အတန့်တွင်။
တွမ့်ယာ၏မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး သူ၏အကြည့်မှာ ကြည်လင်ပြီး တည်ငြိမ်နေကာ သူ၏အရှိန်အဝါ တဖြည်းဖြည်း မြင့်တက်လာလေသည်။ သူ မတ်တတ်ရပ်ကာ လေထဲတွင် တင်ပလ္လင်ခွေထိုင်ပြီး အချိန်-နေရာလွတ် မဟာတာအိုကို ဆင့်ကဲပြောင်းလဲစေသော အနက်ရောင်ဝတ်လူငယ်ကို ဦးညွှတ်လိုက်သည်။ ထို့နောက် သူက နေရာမှ ထွက်လာပြီး အတိဒုက္ခကို ရင်ဆိုင်ရန် လူသူကင်းမဲ့သောနေရာသို့ သွားလေသည်။
ကောင်းကင်ဘုံအတိဒုက္ခပင်။
မုန့်ချင်ကျိုးသည် တွမ့်ယာ၏ တီးတိုးရွတ်ဆိုသံများကို ခိုးနားထောင်နေခဲ့ပြီး တိတ်တဆိတ် ထိတ်လန့်သွားခဲ့သည်။
အဲဒါက အကြောင်းအကျိုးကို ကစားတဲ့ ကစားပွဲ တစ်ခုလား။ ကံကြမ္မာရဲ့ လှည့်ကွက်တစ်ခုလား။
ချီးပဲ။ ဒါက လုံးဝ တခြားအရာတစ်ခုပဲ။
"လီကွမ်ယန်... တွမ့်ယာက ဘယ်လို တာအိုနိယာမမျိုးကို ကျင့်ကြံထားလဲဆိုတာ မင်း သိလား။" ဘေးတွင် ရိုသေစွာရပ်နေသော လီကွမ်ယန်ကို မုန့်ချင်ကျိုးက မေးလိုက်သည်။
လီကွမ်ယန် ခေါင်းခါပြီး ပြောလိုက်သည်။
"မသိပါဘူး။ တွမ့်ယာက လျှို့ဝှက်ဆန်းကြယ်ပြီး လူလုံးမပြဘဲနေတတ်တယ်။ ကောင်းကင်ကြည့်ဆောင်ရဲ့ ကောင်းကင်နဲ့ မြေကြီးအဆင့်သတ်မှတ်ချက်က သူ့ကို ဖော်ထုတ်တာသာ မရှိခဲ့ရင် တောရိုင်းမြေတစ်ခုလုံးမှာ သူ့ရဲ့ အရိပ်အယောင်တောင်ရှိမှာ မဟုတ်ဘူး။"
"နောက်ပိုင်းမှာ ကျွန်တော်တို့က သူ့ရဲ့နောက်ခံကိုလည်း စုံစမ်းခဲ့ပြီးပြီ။ သူက နည်းနည်း ထူးဆန်းတယ် ဆိုတာကို တွေ့ခဲ့ရသည်။ သူက ဘယ်တော့မှ ပြဿနာ မရှာတတ်ဘူး။ တစ်ယောက်ယောက်က သူ့ခေါင်းပေါ် သေးပေါက်၊ ချီးပါချရင်တောင်မှ ကိစ္စမရှိဘူး။ သည်းခံတတ်တယ်။ အားနည်းချက်ကို သွားမထိသရွေ့တော့ပေါ့။ သေချာတာကတော့ အားနည်းချက်ကို ထိမိရင်တောင်မှ သူက ချက်ချင်း တုံ့ပြန်မှာမဟုတ်ဘူး။ သူ့ရဲ့ရန်သူတွေနဲ့ ပြိုင်ဘက်တွေက ပြီးပြည့်စုံတဲ့မတော်တဆမှုတွေ ဆက်တိုက်ဖြစ်ပြီး သေဆုံးသွားကြတာများတယ်။"
"ဥပမာအနေနဲ့ပြောရရင် အတိဒုက္ခတစ်ခုကို ခံစားနေရချိန်မှာ သာမန်မိုးကြိုးအတိဒုက္ခတစ်ခုလို့ ထင်ရတဲ့အရာက ရုတ်တရက် နတ်ဘုရားအတိဒုက္ခတစ်ခုအဖြစ် ပြောင်းလဲသွားတယ်။ ဒါမှမဟုတ် သူက သူငယ်ချင်းတစ်ယောက်နဲ့ ရင်းရင်းနှီးနှီး ယှဉ်ပြိုင်နေတုန်း သူ့သူငယ်ချင်းက ရုတ်တရက် ဒေါသထွက်ပြီး မင်း ငါ့မိန်းမနဲ့အိပ်ခဲ့တယ်လို့ ပြောပြီး သူ့ရန်သူကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ်။ ဒီလိုအဖြစ်အပျက်တွေ မရေမတွက်နိုင်အောင်ရှိတယ်။ ဒါကြောင့် လူနည်းနည်းလေးကပဲ ဒီလိုမတော်တဆမှုတွေကို သူ့လက်ချက်လို့ တွေးမိကြလိမ့်မယ်။"
ထိုစကားကို ကြားပြီးနောက် မုန့်ချင်ကျိုးက အသက်ပြင်းပြင်း ရှူလိုက်သည်။
တွမ့်ယာဖန်တီးခဲ့သော မဟာတာအိုက မည်သည့်ဖြစ်ကြောင်း သူ ခန့်မှန်းမိလောက်ပြီ ဖြစ်သည်။
တွမ့်ယာဆိုခဲ့သော စကားလုံးများက ရှင်းလင်းစွာ ညွှန်ပြနေသည်။ အကြောင်းအကျိုး၊ ကံကြမ္မာနှင့် ရုပ်သေးရုပ်။
သူက တခြားသူများ၏ ကံကြမ္မာ အကြောင်အကျိုးကို ပြောင်းလဲပစ်သည်။ လူများကို နယ်ရုပ်လို သဘောထားပြီး အရိပ်ပြဇာတ်ထဲမှ ရုပ်သေးရုပ်များလိုမျိုး သူ့၏ဇာတ်ညွှန်းအတိုင်း ပြောင်းလဲသွားသော လမ်းကြောင်းတစ်ခုပေါ် လမ်းပြပေးသည်။ တွင်းနက်ထဲ ဖြစ်စေ၊ အလင်းရောင်ဆီကို ဖြစ်စေပင်။
ကြောက်စရာကောင်းလှ၏။
ဒီလောကကြီးမှာ တကယ်ပဲ ဒီလိုနိယာမတွေ ရှိနေတာပဲ...
မဟုတ်ဘူး၊ အဲဒါ မဟုတ်သေးဘူး။
မုန့်ချင်ကျိုး ရုတ်တရက် သဘောပေါက်သွားပြီး သူ့ဘာသာ တွေးလိုက်သည်။ "လခွမ်းတဲ့မှ။ ဒါကလည်း တားမြစ်ထားတဲ့ တာအိုနိယာမတစ်ခုပဲ။ ကောင်းကင်တာအိုက လက်မခံနိုင်တဲ့ မဟာတာအိုတစ်ခု။"
"ချီးပဲ။ တွမ့်ယာက ကောင်းကင်လုပ်ရမယ့်အလုပ်ကို လုယူပြီး သူကိုယ်တိုင် လုပ်လိုက်တာပဲ..."
"ဒါကြောင့် လွတ်မြောက်သွားတဲ့ကျေးကျွန်တွေက အခု သီချင်းတွေ ဆိုနေကြတာပေါ့..."
တွမ့်ယာက [အကြောင်းအကျိုးတာအို]ကို ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသော နောက်ကွယ်မှ ရည်ရွယ်ချက်ကိုပင် သူ စိတ်ကူးကြည့်နိုင်သေးသည်။ [ကောင်းကင်တာအို၊ မင်းက အိပ်ပဲအိပ်နေပြီးတော့ ဘာအလုပ်မှ မလုပ်ဘူးပေါ့ ဟုတ်လား။ ဒါဆို ငါ လုပ်မယ်။ အကြောင်းအကျိုးတာအို၊ အသက်သွင်းစမ်း။]
ရွှေခေတ်က တကယ်ကို ထူးခြားတာပဲ။
သူရဲကောင်းတွေနဲ့ ထူးချွန်တဲ့ပုဂ္ဂိုလ်တွေ အများကြီးကို မွေးဖွားပေးခဲ့တယ်။
ထက်မြက်တယ်။
ကံကောင်းချင်တော့ တွမ့်ယာက ငါတို့ဘက်က ဖြစ်နေတာပဲ။ တကယ်လို့ သူသာ ကောင်းကင်ပြည်နယ် ကျင့်ကြံသူ ဖြစ်ခဲ့ရင် တကယ့်ကို ခေါင်းကိုက်စရာ ဖြစ်လာမှာပဲ။
"ဒီလူကို သေချာစောင့်ကြည့်ထားဖို့ ဧကရီကို ပြောလိုက်။ တွမ့်ယာကျင့်ကြံခဲ့တဲ့ တာအိုနိယာမတွေက အရမ်းရှုပ်ထွေးတယ်။" မုန့်ချင်ကျိုးက အသံနက်ဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လီကွမ်ယန်၏မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။
ဧကရာဇ်က လူတစ်ယောက်အကြောင်း ဒီလောက် အထင်ကြီးကြီးပြောတာ ဒါ ပထမဆုံးပဲ။ တွမ့်ယာက တကယ့်ကို တစ်မူထူးခြားသူတစ်ယောက်ပဲ။
"ဟုတ်ကဲ့ပါ။" လီကွမ်ယန်က ထပ်ပြီးမေးခွန်းမထုတ်ရဲတော့ဘဲ ခေါင်းညိတ်လိုက်သည်။
အချိန်နှေးထားသောနေရာထဲတွင် ရက်အနည်းငယ် ကုန်လွန်သွားခဲ့သည်။
တွမ့်ယာက တာအိုကို အောင်မြင်စွာ ပြုပြင်ပြီးသွားလေပြီ။
ကောင်းကင်ထောက်တိုင်နယ်ပယ်သို့ ရောက်ရှိသွားသော သူ၏ကျင့်ကြံမှုဖြင့် သူသည် ထိုနေရာသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။
ဤအချိန်တွင် တွမ့်ယာ၏ စိတ်အခြေအနေသည် လုံးဝအသစ် ပြန်လည်ဖြစ်သွားလေသည်။ သူ၏ အသွင်အပြင်မှာ သာမန်အတိုင်းရှိနေဆဲ ဖြစ်သော်လည်း သူ၏အရှိန်အဝါမှာ ပို၍ထိန်းချုပ်ထားနိုင်လေသည်။ သူသည် လောကကြီးတွင် လမ်းလျှောက်နေသော ပွင့်လင်းမြင်သာသည့် လူတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး အကြောင်းအကျိုး၊ ပြီးနောက် ကံကြမ္မာတို့မှ လွတ်ကင်းနေလေသည်။ အကြောင်းအကျိုး အားလုံးက သူ့အပေါ် သက်ရောက်မှု မရှိတော့ဘဲ လောကီအညစ်အကြေးများမှ သန့်စင်သွားကာ သူ့ကိုယ်သူ အသစ်ပြန်ဖြစ်စေခဲ့သည်။
အကြောင်းအကျိုး တာအိုနိယာမသည် အခြားသူများ၏ ဘဝလမ်းကြောင်းကို ခြယ်လှယ်ပြီး ပြောင်းလဲ၍ နိုင်သော်လည်း မိမိကိုယ်တိုင် အကြောင်းအကျိုးသံသရာတွင် ပိတ်မိမသွားစေရန် သတိထားရမည် ဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံသူများက လောကီအညစ်အကြေးများမှ ကင်းစင်ပြီး သန့်ရှင်းစင်ကြယ်နေရမည် ဖြစ်သည်။
"တကိုယ်တည်းကျင့်ကြံသူ တွမ့်ယာက ဧကရာဇ်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်။" တွမ့်ယာသည် ကျေးဇူးတင်သည့်အနေဖြင့် နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။
"ယဉ်ကျေးစရာ မလိုပါဘူး။" မုန့်ချင်ကျိုးက ပြုံးလျက် သူ၏လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ "ဒါနဲ့ မင်းက အကြောင်းအကျိုးတာအိုရဲ့ ကောင်းကင်ထောက်တိုင် အထွတ်အထိပ်ကို ရောက်ပြီးကတည်းက ဘယ်လောက်တောင် အကျိုးအမြတ်တွေ ရခဲ့ပြီလဲ။"
တွမ့်ယာသည် တုန်လှုပ်ခြင်း မရှိဘဲ မျက်နှာသာပေးမှု၊ အရှက်ရမှုတို့ကို ဂရုမစိုက်ပေ။ ဧကရာဇ်က သူ၏ ကျင့်ကြံမှုအကြောင်း သိနေခြင်းကို အံ့အားသင့်သည့်အရိပ်အယောင် မပြဘဲ ဂရုမစိုက်စွာ ခေါင်းညိတ်ရုံသာ ပြုလေသည်။
"ကျွန်တော် အများကြီး အကျိုးအမြတ် ရခဲ့ပါတယ်။ အားလုံးက ဧကရာဇ်မင်းမြတ်ရဲ့ အချိန်-နေရာလွတ် မဟာတာအိုကို အနက်ဖွင့်ပြမှုကနေ ဉာဏ်အလင်းပွင့်စေခဲ့လို့ပါ။ မဟုတ်ရင် ကျွန်တော့်မှာ နောက်ထပ်သုံးနှစ် အချိန်ရရင်တောင်မှ ကောင်းကင်ထောက်တိုင်အဆင့်ကို ရောက်နိုင်မှာ မဟုတ်ပါဘူး။"
မုန့်ချင်ကျိုးက မေးစေ့ကို ပွတ်သပ်လိုက်ပြီး အနည်းငယ် စိတ်ဝင်စားသွားကာ မမေးလိုက်သည်။
"အကြောင်းအကျိုးတာအိုက ငါ့ရဲ့ အချိန်-နေရာလွတ်တာအိုလိုပဲ တားမြစ်ထားတဲ့ တာအိုတစ်ခု ဖြစ်ပြီး ကောင်းကင်တာအိုက လက်မခံနိုင်ဘူးဆိုတာ၊ ပြီးတော့ ကောင်းကင်တာအိုက အခု ပြန်လည် နိုးထလာနေပြီ ဆိုတာကို မင်းသိလား။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ။"
တွမ့်ယာ၏ကိုယ်နေဟန်ထားက ရိုသေလေးစားမှုရှိပြီး လေသံမှာ တည်ငြိမ်နေလေသည်။
"ကောင်းကင်တာအိုက လောကကြီးမှာ ပရမ်းပတာအခြေအနေတွေ ဖြစ်ပေါ်နေတာကို ခွင့်ပြုထားတယ်။ ကောင်းကင်တာအိုက ဒါကို လျစ်လျူရှုထားလို့သာ ကောင်းကင်စောင့်ကြည့်သူတွေ ရှင်သန်ဖွံ့ဖြိုးဖို့အတွက် မြေဆီသြဇာကောင်းတဲ့မြေကို ထောက်ပံ့ပေးနေတာတော့။ ကျွန်တော် အသက်သုံးနှစ်အရွယ်မှာ ကျွန်တော့်ရဲ့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေနဲ့ မိဘတွေအားလုံး စစ်မီးလျှံတွေကြား သေဆုံးသွားခဲ့ကြတယ်။ အဲဒီအချိန်ကစပြီး လောကကြီးက ဒီလိုပဲဆိုတာ နားလည်ခဲ့တယ်။ ပြီးတော့ တကယ့်အဓိကအကြောင်းရင်းဖြစ်တဲ့ ကောင်းကင်တာအိုကလွဲလို့ တခြားဘယ်သူ့ကိုမှ ကျွန်တော် အပြစ်မတင်နိုင်ဘူး။ ပြည်သူတွေရဲ့ သွေးထွက်သံယို ဖြစ်မှုတွေကိုဖြစ်ပေါ်စေခဲ့တာက ကောင်းကင်တာအိုရဲ့အလိုကြောင့်ပါ။ ဒါကြောင့် ကျွန်တော် ဒီလမ်းကြောင်းပေါ် စတင်ခြေချကတည်းက သေဖို့ကို ဘယ်တော့မှမကြောက်ခဲ့ဘူး။"
မုန့်ချင်ကျိုး ခေါင်းညိတ်လိုက်ပြီး နှုတ်ခမ်းများတွင် အပြုံးတစ်ဝက်ပေါ်လာကာ ဆက်မေးလိုက်သည်။
"လူတိုင်းက မင်းကို နှိမ့်ချပြီးလူလုံးမပြဘဲနေတတ်တယ်လို့ ပြောကြတယ်။ ဒါဆို မင်းက ဘာလို့ ငါ့ကို ဒီလောက် ပွင့်ပွင့်လင်းလင်း ပြောနေရတာလဲ။"
တွမ့်ယာသည် ကူကယ်ရာမဲ့စွာဖြင့် သူ၏လက်များကို ဖြန့်ကားလိုက်သည်။ "ကျွန်တော် ဘာမှလုပ်လို့ မရပါဘူး။ ဧကရာဇ်မင်းမြတ်ဆီကနေ တစ်ခုခုကို ဖုံးကွယ်ထားဖို့ ကျွန်တော် ဘယ်လိုများ ရဲဝံ့ပါ့မလဲ။ ကျွန်တော့် အမြင်မှာတော့ ဧကရာဇ်က ကောင်းကင်စောင့်ကြည့်သူ ဒါမှမဟုတ် တခြားနတ်ဘုရားတွေထက် အများကြီး ပိုပြီးကြောက်စရာကောင်းပါတယ်။"
ထိုစကားကိုကြားသောအခါ မုန့်ချင်ကျိုး တစ်ခဏမျှ တိတ်ဆိတ်သွားလေသည်။
ထိုသို့ ဖြစ်လေလေ တွမ့်ယာကို သူ ပိုပြီး သတိထားလာလေလေပင်။ သူက ဘယ်အချိန် ရှေ့တိုးပြီး ဘယ်အချိန် နောက်ဆုတ်ရမည်ဖြစ်ကြောင်း သိသည်။ အခြေအနေကို အကဲဖြတ်ရာတွင် ကျွမ်းကျင််သည်။ မောက်မာခြင်း၊ စိတ်မရှည်ခြင်းမျိုး မရှိပေ။ ထို့ပြင် အလွန်နှိမ့်ချပြီး နေတတ်သည်။ အဓိကအချက်မှာ သူ့တွင် အရမ်းကိုထူးကဲသောပါရမီ ရှိနေခြင်းပင်။ ထိုသို့သူများက မိတ်ဆွေ ဖြစ်ရင်ဖြစ်၊ မဖြစ်လျှင် သူတို့ကို ကြိုတင် သတ်ပစ်ရပေမည်။
ဧကရာဇ် တိတ်ဆိတ်နေသည်ကို မြင်သောအခါ၊ တွမ့်ယာသည် စိုးရိမ်ပူပန်မှုတစ်ခုကို ခံစားလိုက်ရပြီး သူ၏အပြုအမူက ဧကရာဇ်၏သံသယကို နှိုးဆွလိုက်သကဲ့သို့ ဖြစ်နေကြောင်း ချက်ချင်း သဘောပေါက်သွား၏။
အိုး။
သွားပြီ။
"ဧကရာဇ်မင်းမြတ်၊ ကျွန်တော်က..." တွမ့်ယာက စကားပြောရန် ပြင်လိုက်သည်။
မုန့်ချင်ကျိုးက ပြုံးလျက် ဖြတ်ပြောလိုက်သည်။
"အကြောင်းအကျိုးတာအိုက တကယ်ကို အစွမ်းထက်ပါတယ်၊ ဒါပေမဲ့ ကြီးမားတဲ့ အပြောင်းအလဲကြီး တစခု နီးကပ်လာချိန်မှာ၊ လူတစ်ယောက်တည်းက ဒီကျယ်ပြောလှတဲ့ကမ္ဘာကြီးမှာ ရှင်သန်ဖို့ ခက်ခဲတယ်။ မင်းကို ရှင်းလင်းတဲ့လမ်းကြောင်းတစ်ခု ငါ ပြမယ်။"
တွမ့်ယာ၏နဖူးတွင် အေးစက်သော ချွေးပေါက်လေးများ ထွက်လာပြီး ရိုသေစွာ ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ညွှန်ကြားချက်တွေကိုပေးပါ၊ ဧကရာဇ်မင်းမြတ်။"
"စကားပုံထဲကလိုပေါ့၊ အရသာခံကြည့်မှပဲ အနှစ်သာရကိုသိနိုင်တယ်။ ကျင့်ကြံခြင်းက ဟင်းချက်တာနဲ့ အတူတူပဲ။ စားဖိုမှူးတစ်ယောက်အနေနဲ့ လောကမှာရှိတဲ့ အရသာရှိတဲ့အစားအစာတွေ အားလုံးကိုတောင် မြည်းစမ်းမကြည့်ဖူးရင် ဘယ်လိုလုပ် လမ်းဆုံးအထိ သွားနိုင်မှာလဲ။" မုန့်ချင်ကျိုးက ပြောလိုက်သည်။
"အကြောင်းအကျိုးကို နက်နက်ရှိုင်းရှိုင်းနားလည်မှ အကြောင်းအကျိုးကို ကျော်လွန်နိုင်လိမ့်မယ်။"
"မင်း ငါ့ကိုပြောစမ်း။ ဟုတ်လား မဟုတ်ဘူးလား။"
တွမ့်ယာ၏စိတ်များ လျင်မြန်စွာအလုပ်လုပ်နေပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူက တိုးတိုးလေး ပြောလိုက်သည်။ "ဟုတ်ပါတယ်။"
မုန့်ချင်ကျိုး အနည်းငယ်ပြုံးကာ ဆက်ပြောသည်။
"ဒါဆိုရင် မဟာကျင်းတိုင်းပြည်နဲ့ အကြောင်းအကျိုးဆက်စပ်မှုတစ်ခု ဖန်တီးဖို့ ငါ အခုပဲ မင်းကို တောင်းဆိုမယ်ဆိုရင် မင်း ဘယ်လိုထင်လဲ။"
ထိုစကားကိုကြားရာတွင် တွမ့်ယာသည် ရုတ်တရက် ခေါင်းမော့လာပြီး မျက်လုံးများ တောက်ပသွား၏။
သူ၏အားနည်းချက်သည် အကြောင်းအကျိုးပင်။ အကြောင်းအကျိုးဆက်စပ်မှုဖြင့် သူနှင့်ပတ်သက်ရန် ရဲဝံ့သူမည်သူမဆို သူ၏ အနက်ရှိုင်းဆုံး အကျိုးစီးပွားများကို ချိုးဖောက်သည်ဟု သတ်မှတ်ခံရမည် ဖြစ်သည်။
သို့သော် ဧကရာဇ်က သူ့ကို မဟာကျင်းတိုင်းပြည်နှင့် ကံကြမ္မာအရ ချိတ်ဆက်စေချင်နေသည်။ သူက ၎င်းကို ဘယ်လိုလုပ် သဘောတူနိုင်မည်နည်း
သို့သော် ဧကရာဇ်က မည်သည်ကြောင့် ထိုသို့ ပြုလုပ်ရကြောင်းကို သူ နားလည်သည်။
အကြောင်းအကျိုးတာအိုက အလွန်ပင် အန္တရာယ်များသည်။ ၎င်းက ဧကရာဇ်အတွက် ခြိမ်းခြောက်မှု သိပ်မရှိသော်လည်း ဧကရာဇ်၏နောက်ကွယ်တွင် ကာကွယ်ပေးရမည့် တိုင်းပြည်တစ်ခု ရှိနေသည်။ အကယ်၍ တစ်နေ့တွင် သူ မဟာကျင်းတွင် မရှိတော့လျှင် တွမ့်ယာကို မည်သူက ထိန်းချုပ်နိုင်မည်နည်း။
လူများ၏နှလုံးသားက ခန့်မှန်း၍ မရပေ။ အသွားနှစ်ဖက်ဓားလိုပင်။ ကောင်းကောင်း အသုံးပြုလျှင် အထောက်အကူ ဖြစ်နိုင်၏။ ညံ့ညံ့ဖျင်းဖျင်း အသုံးပြုလျှင် ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်ခုတ်မိနိုင်သည်။
"ဧကရာဇ်မင်းမြတ်၊ မဟာကျင်းကို ဘယ်တော့မှပြစ်မှားမှာမဟုတ်ဘူးလို့ ကျွန်တော် ကျိန်ဆိုပါတယ်ဒ" တွမ့်ယာက ပြောလိုက်သည်။
မုန့်ချင်ကျိုး ပြုံးနေသော်လည်း တိတ်ဆိတ်နေသည်။
တွမ့်ယာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေလေသည်။ သူ စတင် ပေါ်ထွက်လာကတည်းက မည်သူ့ကိုမှ ဤမျှလောက် သတိမထားခဲ့ဖူးပေ။ ကောင်းကင်ကြည့်ဆောင်နှင့် နတ်ဘုရားများကိုပင် သူ ဘယ်သောအခါမှ အလေးအနက် မထားခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် သူ ကြီးထွားရန် အချိန်ရသရွေ့ ဤအတားအဆီးများသည် သူ၏လမ်းကြောင်းပေါ်ရှိ အဖုအထစ်လေးများမျှသာ ဖြစ်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားသောကြောင့်ပင်။ မဟာကျင်းဧကရာဇ် တစ်ပါးတည်းသာလျှင် မြင့်မားသော တောင်ကြီးတစ်တောင်နှင့်တူပြီး သူကမူ ပုရွက်ဆိတ် တစ်ကောင်နှင့် တူလေသည်။ သူတို့ကြားက ကွာဟချက် အလွန်ပင် ကြီးမားလွန်းလှသည်။
နှစ်ခုလုံးသည် ကောင်းကင်တာအိုက လက်မခံနိုင်သော တားမြစ်ထားသည့် တာအိုနိယာမများ ဖြစ်သော်လည်း ဧကရာဇ်သည် တစ်နှစ်အတွင်း ကောင်းကင်နယ်ပယ်နှင့် ယှဉ်ပြိုင်နိုင်သည့်အဆင့်သို့ ရောက်ရှိသွားခဲ့ခြင်းက အတော်များများကို ဖော်ပြနေလေသည်။
"ကျွန်တော့်ကို စဉ်းစားခွင့်ပေးပါလား။" တွမ့်ယာက လက်ယှက်ကာ စိုးရိမ်တကြီးပြောလိုက်သည်။
နောက်ဆုံးတွင်။
မုန့်ချင်ကျိုး ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "ကောင်းပြီလေ။ ခြောက်လအတွင်း မင်းရဲ့အဖြေကို ပေးပါ။ လာမယ့်ခြောက်လအတွင်း မင်း ဒီနေရာမှာပဲ နေရမယ်။"
တွမ့်ယာက သက်ပြင်းချပြီး လက်များကိုပူးကာ ပြောလိုက်သည်။ "ဧကရာဇ်ရဲ့ သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ်။"
သူ အချိန် ခြောက်လ ရနိုင်သည်။ ၎င်းက လုံလောက်၏။ ထိုကာလအတွင်း သူက ဧကရာဇ်နှင့် ယှဉ်နိုင်မနိုင်ကို စမ်းကြည့်ချင်သည်။ အကယ်၍ လွတ်လမ်းလေး နည်းနည်းဖြစ်ဖြစ် ရှိနေမည်ဆိုလျှင် သူက မဟာကျင်းတိုင်းပြည်နှင့် ဘယ်တော့မှ မပတ်သက်ပေ။
အကြောင်းအကျိုးတာအိုသည် ကံကြမ္မာကစားပွဲ တစ်ခုပင်။ အကြောင်းအကျိုး၏ ချည်နှောင်မှုကို ခံရခြင်းက ကိုယ့်လက်ကိုယ်ခြေကို ပြန်ချည်ထားသည်နှင့် အတူတူပင်။
မည်သူမှ ၎င်းကို အလွယ်တကူ သဘောတူမည် မဟုတ်ပေ။
"စိတ်ဝင်စားစရာပဲ။" မုန့်ချင်ကျိုး၏နှုတ်ခမ်း အနည်းငယ် တွန့်ကွေးသွားလေသည်။ သူက တွမ့်ယာ၏ အတွေးများကို နားလည်လေသည်။
ကောင်းပြီလေ။
လူငယ်တွေက သင်ခန်းစာပေးဖို့ လိုတယ်၊။ မဟုတ်ရင် သူတို့က မောက်မာပြီးတော့ မိုက်မဲတဲ့သူတွေ ဖြစ်လာလိမ့်မယ်။
…
အပိုင်း(၃၄၄) ကျူးကျော်ခြင်း၊ ကံကြမ္မာနှင့်ကစားခြင်း
နောက်ထပ် တစ်လ ကုန်လွန်သွားခဲ့ပြန်လေပြီ။
တာအိုကိုသက်သေပြပြီး ကောင်းကင်ထောက်တိုင်အဖြစ် တက်လှမ်းမယ့် ဒုတိယမြောက်လူ ပေါ်လာပြီ ဖြစ်သည်။ သူက ကောင်းကင်အဆင့်သတ်မှတ်ချက် နံပါတ်(၂)ဖြစ်သော ဝူဟွေ့လည်း မဟုတ်သလို တာအိုဂိုဏ်းသခင်လေး ခူကျင်းလည်း မဟုတ်ပေ။ သူက အမြဲတမ်း တဖြည်းဖြည်းချင်း တိုးတက်လာပြီး သာမန် ပါရမီလောက်သာရှိသော လင်းလုပ်။
"အသက်နဲ့လှံက ရောယှက်နေတယ်။"
"ငါ့ရဲ့ခွန်အားကို လှံရဲ့တာအိုနဲ့ ငါ သက်သေပြမယ်။ လူသတ်ဖို့အတွက် ငါ့အသက်ကိုငါ လဲလှယ်မယ်။ ပြီးတော့ စွမ်းအားရဖို့အတွက် ငါ့ဒဏ်ရာကို လဲလှယ်မယ်။"
"သိုင်းပညာရဲ့လမ်းကြောင်းက အဆုံးအစမရှိ ကျယ်ပြောပေမယ့် အားလုံးက တာအိုနိယာမတစ်ခုတည်းနဲ့ ဆက်စပ်နေတယ်။"
လင်းလုသည် တင်ပလ္လင်ခွေထိုင်ကာ လှံကို သူ၏ပေါင်ပေါ်တွင် အလျားလိုက်တင်ထားပြီး သူ၏ အနှစ်သာရ၊ သွေး၊ ဝိညာဉ်၊ ကျင့်ကြံမှုနှင့် တာအိုအသီးအပွင့်များအားလုံးကို ဧကရာဇ်အဆင့်လှံဖြင့် ပေါင်းစပ်လိုက်လေသည်။
လှံ၏အရည်အသွေးက အလားတူပင် မြင့်တက်လာပြီး အန္တိမ ဧကရာဇ်အဆင့်သို့ မသိမသာ ရောက်ရှိသွားကာ မဟာဧကရာဇ်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့လေသည်။
ဝုန်း။
လင်းလုသည် မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏အကြည့်များတွင် လျှပ်စီးများလက်သွားပြီး သူ၏အရှိန်အဝါက လွှမ်းမိုးသွားလေသည်။
"ဧကရာဇ်၊ ကျွန်တော် တာအိုကို အောင်မြင်ပြီးတော့ ကောင်းကင်ထောက်တိုင်နယ်ပယ်ကို တက်လှမ်းတော့မှာပါ။ ကျွန်တော် အရင်ဆုံး အတိဒုက္ခကို ရင်ဆိုင်ပြီးမှ ဂါရဝပြုဖို့ ပြန်လာပါမယ်။" လင်းလုသည် အတိဒုက္ခကိုရင်ဆိုင်ရန် သူ၏စိတ်အားထက်သန်မှုကို ဖိနှိပ်ထားပြီး ပုံမှန်အတိုင်း ရိုသေစွာ ဦးညွှတ်လိုက်ကာ၊ ထို့နောက် ဟင်းလင်းပြင်ကိုဖောက်ထွင်းပြီး ကြယ်ကောင်းကင်သို့တက်လှမ်းကာ အတိဒုက္ခကို ရင်ဆိုင်လေသည်။
မုန့်ချင်ကျိုးက အတိဒုက္ခကိုကျော်လွှားရန်အတွက် မည်သည့်မှော်အသုံးအဆောင်များကိုမျှ မပေးသလို၊ မည်သည့်အကူအညီမျှလည်းမပေးဘဲ ခေါင်းညိတ်ရုံသာ ပြုလေသည်။
နောက်ဆုံးဆန်းစစ်ကြည့်လျှင် ဝိညာဉ်ကျင့်ကြံခြင်းလမ်းကြောင်းက မိမိကိုယ်ကိုသာ အားကိုးရလေ၏။
သို့သော်လည်း လင်းလု၏ သာမန်ပါရမီက ပါရမီရှင်များအားလုံးထက် သာလွန်သွားပြီး ဒုတိယမြောက် ကောင်းကင်ထောက်တိုင်နယ်ပယ်သို့ ဖောက်ထွင်းဝင်ရောက်သူ ဖြစ်လာခြင်းက သူ့အတွက် အတော်လေးကို မျှော်လင့်မထားသောအရာ ဖြစ်ခဲ့သည်။
"ကျင့်ကြံသူတစ်ယောက် ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ရောက်တဲ့အခါ အရည်အချင်းက အရေးမပါတော့ဘူး။ အရေးကြီးဆုံးအရာက တာအိုကို နားလည်သဘောပေါက်မှုနဲ့ ပြိုင်ဖက်ကင်းတဲ့ တာအိုနှလုံးသားပဲ။ နောက်ဆုံးမှာတော့ ပါရမီဟာ လူတစ်ယောက်ရဲ့အနာဂတ်ကို ကန့်သတ်ထားတဲ့ အချည်အနှောင်တစ်ခု ဖြစ်လာတယ်။"
"ကံကောင်းလို့ အတ္တကင်းမဲ့ဗုဒ္ဓက ငါ့ကို (၉)ဘဝလူဝင်စားခြင်း ပေးခဲ့လို့ ဒီချို့ယွင်းချက်ကို အနည်းငယ် ပြင်ဆင်နိုင်ခဲ့တယ်။ ပြီးတော့ ငါက ဒီခေတ်ရဲ့သူရဲကောင်းတွေကို မျက်မြင်တွေ့ခဲ့ရပြီးတော့ ရှေးဟောင်း ကျင့်ကြံသူတွေရဲ့အမူအရာကို လေးစားလာတယ်။ နတ်ဘုရားတွေရဲ့ ကြောက်မက်ဖွယ်ကောင်းမှုတွေကို ရင်ဆိုင်ခဲ့ရလို့ ပြီးပြည့်စုံတဲ့အခြေအနေကို တဖြည်းဖြည်း ရရှိလာနိုင်ခဲ့တယ်။"
ဤအရာကို တွေးပြီးနောက် မုန့်ချင်ကျိုးသည် သူ၏ ဓားအသိပိုင်နက်ကို အသုံးပြု၍ ဆက်လက် စုံစမ်းစစ်ဆေးလေသည်။
ချင်းဖုန်ဟော်သည် နံနက်ခင်းအလင်းနယ်ပယ် နှောင်းပိုင်းအဆင့်သို့ ဝင်ရောက်သွားသော်လည်း၊ အထွတ်အထိပ်သို့ရောက်ရန် အလှမ်းဝေးနေဆဲ ဖြစ်သည်။
ကျန်းစန်းဟိုင်သည် နံနက်ခင်းအလင်းနယ်ပယ်၏ အစောပိုင်းအဆင့်သို့ မနည်း ရောက်ရှိလာခဲ့သည်။ လွန်ခဲ့သည့်လအနည်းငယ်ကပင် ဤအဘိုးကြီးသည် ပင်လယ်လွှမ်းနယ်ပယ်တွင်သာ ရှိခဲ့သည်...
စုချင်ချိုးနှင့် ဝူတျဲတို့သည် ကောင်းကင်ထောက်တိုင်နယ်ပယ်သို့ ခြေတစ်လှမ်းလှမ်းထားသည့် အဆင့်တွင် ပိတ်မိနေပြီး အရေးပါသော အရာများကို နားမလည်သေးပေ။
ဆင်းရဲဒုက္ခ၊ အေးချမ်းမှုနှင့် ယိမ်းယိုင်မှုမရှိသော ဆုံးဖြတ်ချက်များက ကောင်းကင်ဘုံကို ရိုက်ခတ်နေ၏..
အရာအားလုံးက ကောင်းသောလမ်းကြောင်းဆီကို ဦးတည်နေလေသည်။
အချိန်အတော်ကြာ စောင့်မျှော်ခဲ့ရသော စနစ်၏ အသိပေးသံ ထွက်ပေါ်လာ၏။
[တွီ။ မဟာကျင်းတိုင်းပြည်၏ စွမ်းအားအဆင့် တိုးလာမှုကို ထောက်လှမ်းမိပါသည်။ ဂုဏ်ယူပါတယ် လက်ခံသူ။ ဆုလာဘ်တစ်ခု ရရှိပါတယ်]
[ဆုလာဘ် - ကောင်းကင်ဘုံသို့သွားရာလမ်း တိုးတက်မှု ၂၀%]
[လက်ရှိ ကောင်းကင်ဘုံသို့သွားရာလမ်း တိုးတက်မှုမှာ ၄၂၀%]
...
...
မုန့်ချင်ကျိုး၏ အလုံးစုံခွန်အားက နောက်တစ်ကြိမ် တိုးတက်လာပြန်သည်။
၂၀%လေးဆိုပြီး လျှော့မတွက်ပါနှင့်။ ၎င်း ယူဆောင်လာပေးသော အကျိုးကျေးဇူးက အများကြီးပင်။ နောက်ပိုင်းအဆင့်များတွင် ပိုပိုပြီးခက်ခဲလာကာ အနည်းငယ် တိုးတက်မှုကပင် မုန့်ချင်ကျိုး၏ခွန်အားကို သိသိသာသာ ခုန်ပျံကျော်လွှားသွားစေလိမ့်မည်။
ဤအသွင်ပြောင်းမှုက အလွန် တိတ်ဆိတ်စွာ ဖြစ်ပေါ်သွားသည်။
တိတ်ဆိတ်စွာပင် မုန့်ချင်ကျိုး၏ အလုံးစုံခွန်အားက နောက်တစ်ကြိမ် ရှေ့သို့ ခုန်ပျံသွားလေသည်။
ထောင့်တစ်ခုတွင် ပုန်းအောင်းနေပြီး ကျင့်ကြံနေစဉ် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ဟန်ဆောင်နေသော ပုံရိပ်တစ်ခုသည် တိတ်တဆိတ် မျက်လုံးများကိုဖွင့်ကာ အနက်ရောင်ဝတ်လူငယ်ကို အကဲခတ်လိုက်ရာ သူ၏ မျက်လုံးများတွင် အံ့အားသင့်မှုနှင့် မသေချာမှုများ တောက်ပနေလေသည်။
"တစ်ခုခု လွဲနေပြီ။ ဧကရာဇ်က ပြောင်းလဲသွားသလိုပဲ။ အဆင့်တက်တာ တစ်ခုခု လုပ်လိုက်သလိုပဲ..."
"ဒါပေမဲ့ ဧကရာဇ်က အချိန်-နေရာလွတ်ရဲ့ မဟာတာအိ ကို ဆင့်ကဲပြောင်းလဲစေနေတာပဲ ရှိသေးပြီးတော့ သူ ကျင့်ကြံနေတာကို မတွေ့ခဲ့ရဘူး။ သူ ဘယ်လိုလုပ် ဖောက်ထွင်းဝင်ရောက်သွားတာလဲ။"
တွမ့်ယာက မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် နားမလည်နိုင် ဖြစ်သွားလေသည်။
ချက်ချင်းပင်။
သူက ဤရှုပ်ထွေးသောအတွေးများကို ဘေးဖယ်ထားလိုက်ပြီး ဧကရာဇ်၏အားနည်းချက်ကို ရှာဖွေရန် အာရုံစိုက်လိုက်လေသည်။
တွမ့်ယာသည် အနက်ရောင်ဝတ်လူငယ်ကို တိတ်ဆိတ်စွာ အကဲခတ်ရင်း သူ့ဘာသာ တွေးလိုက်သည်။ "ဧကရာဇ်ရဲ့ အချိန်-နေရာလွတ် တာအိုဟာ [အန္တိမ]အဆင့်ကို ရောက်နေပြီ။ ပြီးတော့ အချိန်-နေရာလွတ်မှာလည်း အကြောင်းအကျိုး တာအိုရဲ့ အရိပ်အယောင်လေး အနည်းငယ် ပါဝင်နေတယ်။ တကယ်လို့ သူ့ကို ငါ ပစ်မှတ်ထားရင် ချက်ချင်း ဖော်ထုတ်ခံရပြီး သူ့ရဲ့ တန်ပြန်တိုက်ခိုက်တာကို ခံရမှာစိုးရတယ်။"
"ဒါဆို တခြားနည်းလမ်းရှာမှရမယ်။ သူ့ပတ်ဝန်းကျင်က လူတွေဆီက စတင်ပြီး ငါရဲ့နည်းလမ်း နည်းနည်းကို ပြသပြီးတော့ ဧကရာဇ်ကို သတိထားလာအောင် လုပ်ရမယ်။ ပြီးတော့ ငါ့ကို မဟာကျင်းနဲ့ ပူးပေါင်းဖို့ အတင်းအကျပ်လုပ်နေတာကို ရပ်တန့်အောင် လုပ်ရမယ်။ တကယ်လို့ ငါ လွန်ကျူးသွားရင် ဧကရာဇ် ဒေါသထွက်လာနိုင်တယ်။"
"ကောင်းပြီလေ။ အဲဒီလိုပဲ လုပ်ကြတာပေါ့။"
မင်းးကို စဉ်းစားပြီးနောက်။
တွမ့်ယာသည် ဘေးဘက်တွင် တင်ပလ္လင်ခွေထိုင်ပြီး တရားမှတ်နေသော စုချင်ချိုးကို ဘေးတိုက် တစ်ချက်ကြည့်လိုက်သည်။ ဤအမျိုးသမီးသည် ဧကရာဇ်၏ဘေးရှိ အစေခံတစ်ဦးဖြစ်ပြီး၊ ဧကရာဇ်၏ အလွန်ချစ်ခင်မှုကို ခံရကာ သူ၏သမီးကဲ့သို့ ပြုစုပျိုးထောင်ခံရသည်ဟု ဆိုကြသည်။
သူကနေ စလိုက်တာပေါ့။
"အကြောင်းအကျိုး၊ ကံကြမ္မာဆိုတာ ကစားပွဲ တစ်ခုပဲ။"
"ရွှေ့ပြောင်း၊ ပေါင်းစပ်။"
တွမ့်ယာ တီးတိုးရေရွတ်လိုက်ပြီး တောရိုင်းမြေ၏ အခြားအစိတ်အပိုင်းများတွင် ပုန်းအောင်းနေသော သူ၏ကိုယ်ပွားများကို အသက်သွင်းလိုက်လေသည်။
မြို့တော်တွင် ဖြစ်သည်။
ဆိုင်တစ်ဆိုင်မှ ဆိုင်ပိုင်ရှင်က ရုတ်တရက် တောင့်တင်းသွားသော်လည်း လျင်မြန်စွာပင် ပြန်လည် ကောင်းမွန်လာခဲ့သည်။
"တခြားသူတွေရဲ့ကံကြမ္မာကို ကြိုးကိုင်ခြယ်လှယ်ဖို့အတွက် ကံကြမ္မာရဲ့အချည်အနှောင်တွေကနေ လွတ်ကင်းဖို့ လိုတယ်။"
ဆိုင်ပိုင်ရှင်သည် ဆိုင်မှထွက်ကာ မှောင်ခိုစျေးကွက်သို့ သွားရောက်ပြီး စုချင်ချိုး၏ ဘဝအကြောင်း အချက်အလက်တစ်ခုကို ဝယ်ယူခဲ့သည်။ သေချာသည်မှာ ၎င်းသည် အတင်းအဖျင်းများနှင့် အရေးမပါသော ကိစ္စရပ်များသာ ဖြစ်သည်၊ မြို့တော်ရှိ မှောင်ခိုစျေးကွက်က တကယ်အသုံးဝင်သော အရာများကို မရောင်းရဲပေ။
"စုချင်ချိုးရဲ့ဆွေမျိုးတွေနဲ့သူငယ်ချင်းတွေအားလုံး နန်းတော်ထဲမှာပဲ ရှိတာလား။"
"အင်း..."
"ခြွင်းချက်တစ်ခုတော့ ရှိတယ်။ မြို့တော်မြောက်ဘက်က မိတ်ကပ်ဆိုင်ပိုင်ရှင်ဟာ နန်းတော်ထဲက အစေခံ တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ နောက်ပိုင်းမှ၊ သူက နန်းတွင်းကနေ ထွက်သွားပြီးတော့ သာမန်ပြည်သူတစ်ယောက် ဖြစ်လာခဲ့တယ်။ သူက စုချင်ချိုးရဲ့ သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။"
"သူပဲ။"
ဆိုင်ပိုင်ရှင်သည် မိတ်ကပ်ဆိုင်သို့ သွားရောက်ပြီး အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်တုံး တန်ဖိုးရှိသော မိတ်ကပ်တစ်ခုကို ဝယ်ယူခဲ့သော်လည်း ဆိုင်ပိုင်ရှင်ကို တန်ခိုးရှင်အဆင့် မှော်လက်စွဲစာအုပ် တစ်အုပ်ကို ပေးအပ်ခဲ့သည်။
မိတ်ကပ်ဆိုင်ပိုင်ရှင် အံ့အားသင့်သွားပြီး အလျင်အမြန် ပြောလိုက်သည်။ "လူကြီးမင်း။ ရှင်ပေးတာ အရမ်းများနေပြီ။ ဒီမိတ်ကပ်က အရမ်းစျေးပေါပါတယ်။ တန်ခိုးရှင်အဆင့် နတ်ဘုရားစွမ်းအားတစ်ခုတောင် မတန်ပါဘူး။"
ဆိုင်ပိုင်ရှင်က ပြုံးကာ ပြောလိုက်သည်။ "သိပါတယ်။ ဒါက မင်းအတွက် လက်ဆောင်ပဲ။"
ထိုစကားကိုကြားသောအခါ မိတ်ကပ်ဆိုင်ပိုင်ရှင် မျက်နှာနီရဲသွားပြီး သူ၏မျက်နှာသည် ရှက်ရွံ့မှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် နီမြန်းသွားလေသည်။ နတ်ဘုရားအသုံးအဆောင်ကို ကိုင်ထားရင်း သူ တွန့်ဆုတ်သွားပြီး စကားထစ်ကာ ပြောလိုက်သည်။ "လူကြီးရှင်၊ ရှင်... ရှင် ဘာကို ဆိုလိုတာလဲ။ ကျွန်မက အသက်ကြီးပြီး ရုပ်ရည်လည်း မလှတော့ပါဘူး..."
သူ စကားမဆုံးခင်မှာပင် ဆိုင်ပိုင်ရှင်က မျက်လုံးများကို လှိမ့်လိုက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။
"ဟင်။" မိတ်ကပ်ဆိုင်ပိုင်ရှင် လန့်သွားပြီးနောက် ဒေါသတကြီးခြေဆောင့်ကာ ပြောလိုက်သည်။ "ငါတို့ ဘယ်ခေတ်မှာ နေနေကြတာလဲ။ အထာကိုင်တဲ့ ကစားပွဲတွေ ကစားနေတုန်းပဲလား။"
သို့သော်လည်း ဆိုင်ပိုင်ရှင်သည် မှော်အသုံးအဆောင်များကို အခြားသူများမြင်မည်ကို စိုးရိမ်သဖြင့် အလျင်အမြန်သိမ်းဆည်းလိုက်ပြီး သူ၏နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်နေလေသည်။
ဒါက အမြင့်ဆုံးအဆင့်ရှိတဲ့ နတ်ဘုရား စွမ်းအားတစ်ခုပဲ။
အကယ်၍ တစ်ယောက်ယောက် သိသွားရင် ငါ ဒီညမှာပဲ အသတ်ခံရပြီး အလုယက်ခံရနိုင်တယ်။
တစ်နေရာရာရှိ ထောင့်တစ်ခုတွင်။
ဆိုင်ပိုင်ရှင်၏ပုံရိပ် ပေါ်လာပြီး သူ၏နှုတ်ခမ်းများတွင် အပြုံးတစ်ခု ပေါ်လာသည်။ မမြင်ရ၊ ထိတွေ့၍ မရသော အကြောင်အကျိုး ကြိုးမျှင်တစ်ခုသည် သူ၏လက်ဖဝါးထဲတွင် လည်ပတ်နေကာ သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်-
"အရှုံးမှာ အမြတ်ရှိတယ်။ ပြီးတော့ သဘာဝသံသရာက ဆက်လက်လည်ပတ်နေတယ်။"
"ငါ့ရဲ့ရတနာကို ယူဖို့အတွက် မင်းဘဝရဲ့ အကြောင်းအကျိုး ဆက်စပ်ထဲကို ဝင်ဖို့သော့ကို မင်း ငါ့ကို ပေးရမယ်။"
"မင်းနဲ့ စုချင်ချိုးကြားက ကံကြမ္မာကြိုးမျှင်ကို ငါ ယူသွားပြီ။ ဒီကနေ့ကစပြီး ဧကရာဇ်ရဲ့အစေခံနဲ့ မင်းရဲ့ကံကြမ္မာက အဆုံးသတ်သွားပြီ။"
တစ်ယောက်ကပေးပြီး တစ်ယောက်က ယူသည်။ တစ်ယောက်နှင့်တစ်ယောက် ဘာမှ အကြွေးမတင်ပေ။ အရောင်းအဝယ် တစ်ခုလိုပင်။ ထို့ကြောင့် မည်သည့်ကံကြမ္မာ အကျိုးဆက်များမှ ရှိမည် မဟုတ်ပေ။ ထိုသို့ မဟုတ်လျှင် သူ၏ကျင့်ကြံမှုအဆင့်နှင့်ဆိုလျှင် အဘယ်ကြောင့် ဤမျှလောက် ဒုက္ခခံပြီး လုပ်နေရဦးမည်နည်း။ သူက တိုက်ရိုက် ယူလိုက်၍ ရနေပေသည်။
အကြောင်းအကျိုးကို ရှာဖွေခြင်းက ပထမအဆင့် သက်သက်ပင်။
ထို့နောက် သူသည် မိတ်ကပ်ဆိုင်ပိုင်ရှင်နှင့် စုချင်ချိုးကြားရှိ အကြောင်းအကျိုး ဆက်စပ်မှုထဲသို့ ဝင်ရောက်စွက်ဖက်ကာ ဆက်သွယ်ရေးတံတားတစ်စင်း တည်ဆောက်ပြီး၊ ထိုမှတစ်ဆင့် စုချင်ချိုး၏ကံကြမ္မာကို ကျူးကျော်ဝင်ရောက်လေသည်။
"စုချင်ချိုးက ဧကရာဇ်နဲ့ ဧကရီတို့ရဲ့ အနီးကပ်ဆုံးလူပဲ။ သူ့ရဲ့ ကံကြမ္မာက အစွမ်းထက်တဲ့ ပုဂ္ဂိုလ်နှစ်ဦးနဲ့ ရောယှက်နေတယ်။ သူ့ရဲ့လွှမ်းမိုးမှုက အရမ်းကြီးမားတယ်။ အကယ်၍ ငါတို့ ကျူးကျော်ဝင်ရောက်ချင်ရင် ဒီစရိတ်ကို တခြားတစ်ယောက်ဆီ လွှဲပြောင်းဖို့ ကြားခံတစ်ခု ရှာရမယ်။"
အကျိုးဆက်တွေကို ဘယ်သူ ခံယူမလဲ။
ဆိုင်ပိုင်ရှင်က မေးစေ့ကို ပွတ်သပ်လိုက်ပြီးနောက် သူ၏မျက်လုံးများ ရုတ်တရက် တောက်ပလာကာ၊ သူ့ဘာသာ တွေးလိုက်သည်။
"ရပြီ။"
"စုချင်ချိုးရဲ့အတ္ထုပ္ပတ္တိအရ တစ်ချိန်က ဧကရာဇ်နဲ့အတူ ကောင်းကင်ပြည်နယ်ကို လိုက်သွားခဲ့ပြီးတော့ မိသားစုကြီး(၅)ခုထဲက တစ်ခုဖြစ်တဲ့ လီမိသားစုမှာ အချိန်အတိုင်းအတာတစ်ခုအထိ နေထိုင်ခဲ့ပြီး ကံကြမ္မာ အများကြီး ချန်ထားခဲ့တယ်။ ကောင်းကင်ပြည်နယ်နဲ့ တောရိုင်းမြေက အခြေအနေမကောင်းတော့ ဧကရာဇ်က ဒါနဲ့ပတ်သက်ပြီး ဒေါသထွက်မှာ မဟုတ်လောက်ဘူး။"
ထိုအတွေးနှင့်အတူ သူက ထပ်ပြီး မတွန့်ဆုတ်တော့ပေ။
သူက သူ့ဘာသာ တီးတိုးရေရွတ်နေခဲ့၏။
တစ်ချိန်တည်းမှာပင်။
ကောင်းကင်ပြည်နယ်၊ ကောင်ကင်မဟာမိတ်။
ချင်းလွမ်ထျန်းနယ်မြေ၊ လီမိသားစု။
လီရှစ်က လီမိသားစုကျေးရွာတွင် ကွယ်လွန်သူ ဘိုးဘေးလီရွှမ်ကျင်းကို ဂါရဝပြုနေစဉ် အစေခံတစ်ဦးက ရုတ်တရက် စာတစ်စောင် ပေးလာပြီး ပြောလိုက်သည်။
"အကြီးအက။၊ အပြင်မှာ တစ်ယောက်ယောက်က တွေ့ခွင့်တောင်းနေပါတယ်။ သူက မိတ်ဆွေဟောင်း တစ်ယောက်လို့ ပြောပြီး စာတစ်စောင် ယူလာပါတယ်။"
လီရှစ်က စာကိုယူပြီး အစပိုင်းတွင် ဂရုမစိုက်သော်လည်း [စုချင်ချိုး] ဟု လက်မှတ်ရေးထိုးထားသည်ကို မြင်သောအခါ သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။
အကြိမ်အနည်းငယ် စစ်ဆေးပြီးနောက် စာအိတ်တွင် ဘာမှမမှားယွင်းကြောင်း အတည်ပြုပြီးနောက် သူက စာအိတ်ကို တိုက်ရိုက်ဖွင့်လိုက်လေသည်။
သို့သော် အထဲတွင် လုံးဝ ဗလာဖြစ်နေ၏။
"ဘာဖြစ်နေတာလဲ။ စာက ဘယ်မှာလဲ။" လီရှစ်က အစေခံကို မေးလိုက်သည်။
ရုတ်တရက်။
လီရှစ် မျက်မှောင် အနည်းငယ်ကြုတ်လိုက်ပြီး အော်ပြောလိုက်သည်။ "နေပါဦး။ မင်းက ဘယ်သူလဲ။ လီမိသားစုထဲမှာ မင်းကို ငါ အရင်က တစ်ခါမှ မမြင်ဖူးပါဘူး။"
အစေခံက ကောက်ကျစ်သောအပြုံးတစ်ခု ပြသလိုက်ပြီး လီရှစ်၏လက်ထဲရှိ စာအိတ်ကို ညွှန်ပြကာ ပြောလိုက်သည်။
"သေချာ ကြည့်ကြည့်ပါ။"
လီရှစ် မျက်မှောင်ကြုတ်ပြီး သေချာစစ်ဆေးရန် ငုံ့ကြည့်လိုက်သည်။ ဤတစ်ကြိမ်တွင် တစ်ခုခု မှားနေကြောင်း နောက်ဆုံးတွင် သူ သတိပြုမိသွားသည်။ စာအိတ်က အမှန်တကယ် ဗလာကျင်းနေသော်လည်း အထဲတွင် ပွင့်လင်းမြင်သာသော အကြောင်းအကျိုး ကြိုးမျှင်များ အထွေးလိုက်ကြီး ရှိနေသည်။ သူသာ နံနက်ခင်းအလင်းနယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး မဟုတ်ပါက ၎င်းကို သတိပြုမိလိမ့်မည် မဟုတ်ပေ။
"မင်းက ဘယ်သူလဲ။" လီရှစ်၏စိတ်ထဲတွင် သတိပေးသံတစ်ခု ပေါ်လာပြီးနောက် ရှုပ်ထွေးနေသော အကြောင်းအကျိုး ကွန်ရက်ကို အလျင်အမြန်လွှင့်ပစ်ရန် ကြိုးစားသော်လည်း သူ ဘာပဲလုပ်လုပ် ၎င်းကို ဖယ်ရှား၍ မရနိုင်ပေ။
အစေခံက လက်ကိုယှက်ကာ ပြုံးလိုက်သည်။
"ကျေးဇူးတင်ပါတယ်။"
"စာအိတ်ကိုဖွင့်လိုက်တာက ဒီအကြောင်းအကျိုးကို ကိုယ်ပိုင်ဆန္ဒအလျောက် လက်ခံလိုက်တာနဲ့ အတူတူပဲ။ စုချင်ချိုးဆိုတဲ့နာမည်ကို စာအိတ်ပေါ်မှာ ရှင်းရှင်းလင်းလင်း ရေးထားတယ်။ မင်းက အဲဒါကို စစ်ဆေးပြီးတဲ့နောက် ဖွင့်လိုက်တယ်။ အကြောင်းအကျိုးတာအိုမှာ အဲဒါက နာာမည်ကို လက်မှတ်ရေးထိုးပြီး 'အကြောင်းအကျိုးကို လက်ခံဖို့သဘောတူတယ်ဆိုတဲ့ စာသားကို ရေးလိုက်တာနဲ့ အတူတူပဲ။"
လီရှစ်၏ မျက်လုံးများက ဒေါသကြောင့် ပြူးကျယ်သွားပြီး အစေခံကိုရိုက်ချလိုက်ရာ ပြာအဖြစ် ပြောင်းလဲသွားလေသည်။
လူတစ်ယောက် သေသွားသောအခါ အလင်းရောင် ငြိမ်းသွား၏။
လီရှစ်က မောဟိုက်နေပြီး မြေကြီးပေါ်တွင် ပြန့်ကျဲနေသော ပြာများကို စူးစိုက်ကြည့်ကာ ရုတ်တရက် သူ၏နဖူးကို ရိုက်လိုက်ပြီး ဖြစ်ပျက်သွားသည်ကို သဘောပေါက်သွားလေသည်။
"ဒုက္ခပဲ၊ ငါ သူ့ကို သတ်လို့မရဘူး။"
"သူက ခွင့်ပြုချက်မရှိဘဲ ဒီကံကြမ္မာကို ငါ့ဆီ ပေးခဲ့တယ်။ အဲဒါကြောင့် သူက အကျိုးဆက်တချို့ကို ခံယူရမယ်။ ဒါပေမဲ့ သူ့ကို သတ်လိုက်လို့ အဲဒီအကျိုးဆက်တွေကိုဖယ်ရှားပစ်ဖို့ ငါက သူ့ကို ကူညီလိုက်သလို ဖြစ်သွားတယ်။ အဲဒါက ကိုယ်ပွားတစ်ခုတည်း ဖြစ်ရင်တောင်မှ ကျင့်ကြံသူတစ်ယောက်ကို ထိခိုက်မှုအချို့ ဖြစ်စေလိမ့်မယ်။ အဲဒီလိုဒဏ်ရာတွေက အရေးမပါပေမယ့်..."
"သူက ဘယ်သူလဲ။ ပြီးတော့ ငါ့ကို ဘာလို့ ဒီလိုလုပ်ရတာလဲ။။"
လီရှစ်က အနည်းငယ် ထိတ်လန့်သွားလေသည်။ သူက ခန္ဓာကိုယ်ကို အကြိမ်ကြိမ် စစ်ဆေးသော်လည်း မည်သည်မှ မှားယွင်းမှု မတွေ့ရပေ။ ရုတ်တရက် သူ ခေါင်းမူးလာပြီး ထိုးကိုက်လာလေသည်။ သူ ခလုတ်တိုက်ပြီး ရှေ့သို့လဲကျသွားရာ ဘိုးဘေးကျောင်းဆောင်အတွင်းရှိ ဘိုးဘေးကျောက်စာတိုင်အားလုံးကို တိုက်မိပြီးနောက် လဲကျသွားစေသည်။ ကျောက်စာတိုင် ထက်ဝက်ကျော် ကျိုးကြေသွားပြီး လီမိသားစု၏ ယုံကြည်ကိုးကွယ်မှုနှင့် ကံကြမ္မာ၏ ထက်ဝက်ခန့်သည် လေထဲတွင် ရုတ်တရက် ပြတ်တောက်သွားလေသည်။
"ချီပဲ။" လီရှစ်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
၎င်းတင် မကသေးပေ။
ချက်ချင်းပင် ဘိုးဘေးလီယဲ့အပါအဝင် လီမိသားစု၏ အဆင့်မြင့်အရာရှိတစ်စု ရောက်ရှိလာကြသည်။ ဤမြင်ကွင်းကို မြင်သောအခါ သူ ချက်ချင်းပင် အမည်မသိဒေါသများဖြင့် ပြည့်နှက်သွားပြီး ဒေါသထွက်လွန်း၍ ခေါင်းဗလာကျင်းသွားလေသည်။ သူက လီရှစ်ကို ဖမ်းဆွဲပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်ကာ သူ့ကို လက်သီး တစ်ဒါဇင်ခန့် ထိုးလိုက်လေသည်။
သတိလက်လွတ်ဖြစ်သွားသည့် အခိုက်အတန့်တွင် ဘိုးဘေးလီယဲ့သည် မတော်တဆ အားလွန်သွားပြီး လက်သီးတစ်ချက်ဖြင့် လီရှစ်၏ဒန်တျန်ကို ချေမှုန်းလိုက်ရာ ကျင့်ကြံမှုအဆင့်ကို ထက်ဝက် လျော့သွားစေသည်။
"ငါ့ရဲ့ကျင့်ကြံမှုအဆင့်က လရောင်ထွန်းလင်းနယ်ပယ်အထိ ကျသွားပြီလား။" လီရှစ်က မြေကြီးပေါ်တွင် လဲလျောင်းနေပြီး သူ၏မျက်နှာပေါ်တွင် မျက်ရည်များစီးကျနေကာ သတိလစ်သွားလေသည်။
"အာ။ ဒါက..." လီယဲ့သည် သူ၏လက်သီးကို ဗလာကျင်းစွာ ကြည့်ပြီး အလျင်အမြန် ပြောလိုက်သည်။ "သူ့ကိုကုသဖို့ နတ်ဘုရားသမားတော် မြန်မြန်ခေါ်လိုက်။"
သမားတော် ချက်ချင်း ရောက်ရှိလာပြီး လျင်မြန်ပြီးပြတ်သားသော လုပ်ဆောင်ချက်များကို ဆက်တိုက် ပြုလုပ်လေသည်။ သို့သော် သူ လှည့်ကြည့်ပြီး ဆေးပုလင်းကို မြင်လိုက်သောအခါတွင် သူ ထိတ်လန့်သွားပြီး အော်ဟစ်လိုက်သည်။
"ချီးပဲ။ မင်း ယူလာတဲ့ဆေးမှားနေတယ်။ အဲဒါက အဆိပ်ပဲ။"
"လခွမ်းတဲ့မှ။ သူ့ကို ဆွဲထုတ်သွားပြီး ကြိမ်ဒဏ် အချက်တစ်ရာ ပေးလိုက်။ ပြီးမှ ငါတို့ တကယ့် သမားတော် တစ်ယောက်ကို ခေါ်မယ်။"
...
ဤနည်းဖြင့် သမားတော်တစ်ဒါဇင်ကျော်က ဆေးမှားပေးခြင်း၊ လေ့ကျင့်ခန်း အမှာများ လုပ်ဆောင်ခြင်း၊ သို့မဟုတ် အပ်မှားစိုက်ခြင်းများ ဆက်တိုက် ပြုလုပ်ခဲ့ကြရာ လီရှစ်မှာ သေလုမြောပါး ဖြစ်သွားပြီး အသက်ရှူရန် မနည်းကြိုးစားနေရကာ သေဆုံးလုနီးပါး ဖြစ်သွားလေသည်။
လီရှစ်က ကုတင်ပေါ်တွင် လဲလျောင်းနေပြီး အားနည်းစွာ လက်မြှောက်ကာ အော်နေတော့သည်။
"ကယ်ကြပါ..."
...
...
မဟာကျင်းတိုင်းပြည်၏ မြို့တော်တွင်။
ဆိုင်ပိုင်ရှင်က ပြုံးကာ သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ "အရာအားလုံး အသင့်ဖြစ်ပြီ။ စလို့ ရပြီ။"
[အကြောင်းအကျိုး ဝင်ရောက်စွက်ဖက်ခြင်း]
တစ်ခဏချင်းမှာပင် သူက မိတ်ကပ်ဆိုင်ပိုင်ရှင်နှင့် စုချင်ချိုးကြားရှိ အကြောင်းအကျိုး ဆက်စပ်မှုထဲသို့ ဝင်ရောက်သွားပြီး သူတို့၏ ဆက်သွယ်မှုကွန်ရက်မှတစ်ဆင့် စုချင်ချိုး၏ [ကံကြမ္မာ၏တံခါးပေါက်] အထဲသို့ ရောက်ရှိသွားသည်။
တံခါးများကို တင်းကျပ်စွာ ပိတ်ထားသဖြင့် အပြင်လူ ဝင်ရောက်ရန် ခက်ခဲလေသည်။
တံခါးပေါက်ထဲသို့ ဝင်ရောက်ရန် ခက်ခဲရုံသာမက သာမန်လူများအနေဖြင့် တံခါးပေါက်သို့ ရောက်ရန်ပင် မလွယ်ကူပေ။ သူတို့သည် ဧကရာဇ်နှင့်ဧကရီတို့၏ ကံကြမ္မာကြောင့် ချေမွခံရမည် ဖြစ်သည်။ ကံကောင်းစွာပင် ဤကံကြမ္မာကို အခြားသူများခံစားစေရန် လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။
တွမ့်ယာကိုယ်ပွားက ရယ်မောလိုက်သည်။
ဧကရာဇ်နှင့်ဧကရီတို့၏ ကံကြမ္မာဖိနှိပ်မှု မရှိဘဲနှင့် သူသည် နံနက်ခင်းအလင်းနယ်ပယ်၏ သာမန် တံခါးပေါက်လေးကို အလွယ်တကူ ဖွင့်နိုင်ပြီး ထို့နောက် အကြောင်းအကျိုး ကြိုးမျှင်များကို ပြောင်းလဲကာ စုချင်ချိုး၏ အနာဂတ်ဘဝအတွက် ဇာတ်ညွှန်းတစ်ခုကို ရေးသားနိုင်လေသည်။
ကျန်ရှိသောအချိန်များတွင် စုချင်ချိုးသည် သူရေးသားထားသော ဇာတ်ညွှန်းအတိုင်း လိုက်နာရမည် ဖြစ်သည်။
သေချာသည်မှာ တွမ့်ယာသည် ထိုသို့ပြုလုပ်မည် မဟုတ်ပေ။ ဧကရာဇ်အား သူ၏ ည်းလမ်းများကို ပြသရန်သာ အနည်းငယ်ပြောင်းလဲလိမ့်မည်။
"ဧကရာဇ်။ ခင်ဗျားရဲ့ဆန္ဒကို ကျွန်တော် မဖြည့်ဆည်းပေးနိုင်တာကို စိုးရိမ်မိပါတယ်။"
တွမ့်ယာကိုယ်ပွားက စကားပြောရင်း တံခါးကို တွန်းဖွင့်ရန် လက်လှမ်းလိုက်သည်။ သူ၏လက်ဖဝါးက တံခါးပေါ်တွင် တင်ထားပြီးနောက်တွင် အကြောင်းအကျိုး ကြိုးမျှင်များ အဆက်မပြတ် ခုန်လှုပ်နေသည်။ အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် ကျွီခနဲအသံနှင့်အတူ။
စုချင်ချိုး၏ ကံကြမ္မာတံခါးပေါက် ဖြည်းညှင်းစွာ ပွင့်လာလေသည်။
တွမ့်ယာ၏ မျှော်လင့်ချက်ကြီးစွာ စောင့်ကြည့်နေမှုကြားတွင် အတွင်းဘက်ရှိ မြင်ကွင်းက သူ၏ မျက်စိရှေ့တွင် ပေါ်လာလေသည်။
ရုတ်တရက်။
ဖော်ပြ၍မရနိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခုနှင့် ကြုံတွေ့ရသကဲ့သို့ပင် တွမ့်ယာ၏ မျက်နှာ ရှုံ့မဲ့သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားကာ ပါးစပ်ဟသွားပြီး လုံးဝ မှင်တက်သွား၏။ "ဒါက ဘယ်လို...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။။"
တံခါးပေါက်အတွင်းတွင်။
အချိန်-နေရာလွတ်မြစ်၏ မြစ်လက်တက်တစ်ခုက အဝေးမှနေ၍ စုချင်ချိုး၏ ကံကြမ္မာ လမ်းကြောင်းထဲ အုပ်စောင့်နေသော နတ်ဘုရားတစ်ပါးကဲ့သို့ စီးဆင်းလာလေသည်။ ထိုအချိန်-နေရာလွတ်မြစ်၏ အထက်တွင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက တင်ပလ္လင်ခွေ ထိုင်နေသော်လည်း သူ၏အရှိန်အဝါက ဧကရာဇ်ကဲ့သို့ နက်ရှိုင်းပြီး ခန့်မှန်း၍မရနိုင်လောက်အောင် ဖြစ်မနေပေ။
"ဧကရာဇ်..."
အနက်ရောင်ဝတ် လူငယ်သည် ရုတ်တရက် ရယ်မောကာ ပြောလိုက်သည်-
"မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ။ မင်းကို စောင့်နေတာ ကြာနေပြီ။"
"မင်းက ကံကြမ္မာနဲ့ ဘဝလမ်းကြောင်းတွေကို ကြိုးကိုင်ခြယ်လှယ်ပြီး တခြားသူတွေရဲ့ ကံကြမ္မာတွေကို ထိန်းချုပ်တယ်။ ဝယ်တာ၊ ရောင်းတာ၊ ပေါင်းစပ်တာ၊ ဝင်စွက်ဖက်တာ၊ ကျူးကျော်တာနဲ့ ပြောင်းလဲတာ အားလုံးကို ဘာမှအားမစိုက်ရဘဲ ဘာကုန်ကျစရိတ်မှမရှိဘဲ ပြီးမြောက်အောင် လုပ်နိုင်တယ်။ မင်းက တကယ့်ပါရမီရှင်ပဲ။"
"တကယ့်ပါရမီရှင်တွေပဲ ငါ့ရဲ့အာရုံစိုက်မှုကိုခံရဖို့ ထိုက်တန်တယ်။"
"လာပါ၊ မဟာကျင်းတိုင်းပြည်နဲ့ စာချုပ်တစ်ခု ချုပ်ဆိုလိုက်။ ဒါ မင်းရဲ့ နောက်ဆုံးရွေးချယ်မှုပဲ။"
အနက်ရောင်ဝတ်လူငယ်က သူ၏လက်ဖဝါးကို ဖွင့်လိုက်ရာ ၎င်း၏အထက်တွင် ခြေသည်းငါးချောင်းပါ ရွှေနဂါးပုံသဏ္ဌာန်ရှိသည့် ဧကရာဇ်အရှိန်အဝါတစ်မျှင် လည်ပတ်နေပြီး ကောင်းကင်သို့ ဟိန်းဟောက်နေသည်။
တွမ့်ယာက မြေကြီးပေါ်သို့လဲကျသွားပြီး ထိုလူကို ဗလာကျင်းစွာ စူးစိုက်ကြည့်ကာ တွေဝေစွာဖြင့် ပြောလိုက်သည်။
"ကျွန်တော့်ကို ခင်ဗျား ဘယ်တုန်းကစပြီး သတိထားမိတာလဲ။"
"မင်း ဒီကိုယ်ပွားကို အသက်သွင်းလိုက်တဲ့အချိန်မှာပဲ။" အနက်ရောင်ဝတ်လူငယ်က ပြန်ဖြေသည်။
တွမ့်ယာ၏လက်များ တုန်ရီနေပြီး ပြောလိုက်သည်။ "ဒါဆိုရင် အစကတည်းက ကျွန်တော်က... ရှုံးနိမ့်သွားခဲ့တာလား။"
"ဟုတ်တယ်။" အနက်ရောင်ဝတ်လူငယ်က ပွင့်ပွင့်လင်းလင်း ခေါင်းညိတ်ပြီး ဆက်ပြောသည်။
"အကြောင်းအကျိုးရဲ့လည်ပတ်မှုက အံ့သြစရာကောင်းတယ်။ ငါ အထင်မမှားဘူးဆိုရင် တခြားသူတွေရဲ့ ကံကြမ္မာကို ပြောင်းလဲတာက မင်းရဲ့ စွမ်းရည်တွေရဲ့ တစ်စိတ်တစ်ပိုင်းသက်သက်ပဲ။"
"မင်းရဲ့ တကယ့်စွမ်းရည်တွေကို အမြဲတမ်း ဖုံးကွယ်ထားခဲ့တယ် မဟုတ်လား။ ငါ့အပေါ်မှာ မင်းရဲ့ လှည့်ကွက်လေးတွေ သုံးဖို့ မကြိုးစားနဲ့။"
သူ တံတွေးကို မနည်းမျိုချလိုက်ရသည်။ ဤကဲ့သို့သောအရာကို တိုက်ရိုက်ကြုံတွေ့ရခြင်းမှာ ၎င်းသည် ပထမဆုံးအကြိမ် ဖြစ်သည်...
မဟာကျင်းဧကရာဇ်ထံမှ ထွက်ပေါ်လာသော ကြီးမားလှသည့်ဖိအား။
၎င်းက သစ်ပင်ကိုလှုပ်ရန် ကြိုးစားနေသော ပုရွက်ဆိတ်တစ်ကောင် သို့မဟုတ် ကောင်းကင်ကိုရောက်ရန် ကြိုးစားနေသော ပုရွက်ဆိတ်သေးသေးလေးတစ်ကောင်နှင့် တကယ်ကို တူပေသည်။
"လောင်းကြေးကလောင်းကြေးပဲ။" တွမ့်ယာက မတ်တတ်ရပ်ကာ အနက်ရောင်ဝတ်လူငယ်ဆီသို့ ယိမ်းယိုင်စွာ လျှောက်သွားပြီး ဧကရာဇ်ကံကြမ္မာအမျှင်လေးကိုယူကာ အံကြိတ်ပြီး မျက်လုံးများကိုမှိတ်ကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သကဲ့သို့ပင် ကံကြမ္မာရွှေနဂါးကို သူ၏ မျက်ခုံးကြားထဲသို့ ဖိသွင်းလိုက်တော့သည်။
ချက်ချင်းပင်။
သူက ဒူးတစ်ဖက်ထောက်ကာ ရိုသေစွာဖြင့် ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။
"မဟာကျင်း ကျင့်ကြံသူ တွမ့်ယာက ဧကရာဇ်ကို ဂါရဝပြုပါတယ်။"
အနက်ရောင်ဝတ်လူငယ်က အနည်းငယ် ပြုံးလိုက်သည်။
"ထပါ၊ ယဉ်ကျေးစရာ မလိုပါဘူး။"
....