အခန်း (၃၄၅-၃၄၇
Vol. 24 Ch. 345-347
အပိုင်း(၃၄၅) နေ့သစ်၊ နှစ်သစ်
လင်းလုပြန်လာသောအခါ ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီဖြစ်ကာ အချိန်များ ကုန်လွန်သွားသည့် ခံစားချက်လေးဖြင့် လေထဲတွင် ဖြည်းညှင်းစွာ လျှောက်လှမ်းလာလေသည်။
"လင်းလုက ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်။"
"အချိန်-နေရာလွတ်ရဲ့ မဟာတာအိုကို ရှင်းလင်းပြသပေးတဲ့အတွက် ဧကရာဇ်ကို ကျေးဇူးတင်ပါတယ်။ အဲဒီကနေတစ်ဆင့် ကျွန်တော် [အချိန်လှံ]ကို ဉာဏ်အလင်းပွင့်ခဲ့ပြီး ဒီအကွက်ကို သုံးပြီးတော့ တာအိုကို သက်သေပြဖို့နဲ့ ကောင်းကင်ကိုထောက်ခံဖို့ အခြေခံအုတ်မြစ်ကို ချနိုင်ခဲ့ပါတယ်။"
လင်းလု၏မျက်လုံးများတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်နေလေသည်။ သူက မြေကြီးပေါ်တွင် ဒူးထောက်ကာ သူ၏လှံကို ရှေ့တွင်စိုက်ထားပြီး၊ အနက်ရောင်ဝတ်လူငယ်ကို ကြည့်ကာ ပြောလိုက်သည်။
"ကျွန်တော်က တိုင်းပြည်အတွက် သေချာပေါက် အသက်စွန့်ပြီးတော့ ဧကရာဇ်မင်းမြတ်ရဲ့ မြင့်မားတဲ့ မျှော်လင့်ချက်တွေနဲ့အညီ နေထိုင်သွားပါမယ်။"
မုန့်ချင်ကျိုးသည် လက်ကို ဝှေ့ယမ်းကာ အားပေးစကား အနည်းငယ် ပြောလိုက်သည်။ "ကောင်းကင် ထောက်တိုင်နယ်ပယ်ကို ခြေချတာက ကျင့်ကြံခြင်းရဲ့အစပဲ ရှိသေးတယ်။ မင်းက မောက်မာမှုနဲ့ အလျင်စလို လုပ်တာတွေကို သတိထားပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်သွားရမယ်။ အခု သွားတော့။"
"အမိန့်အတိုင်းပါ။"
လင်းလုသည် အသိဉာဏ်ရှိစွာဖြင့် ဘေးသို့ဖယ်လိုက်ပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ တွမ့်ယာသည် မျက်လုံးများမှုန်မှိုင်းနေပြီး လုံးဝတွေဝေနေကာ မြေကြီးပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
သူက မနေနိုင်ဘဲ ရှေ့သို့လှမ်းသွားကာ မေးလိုက်သည်။ "မင်းက ကောင်းကင်အဆင့်သတ်မှတ်ချက်မှာ နံပါတ်(၁)နေရာက တွမ့်ယာပဲ ဖြစ်ရမယ်။ ဟုတ်တယ်မလား။ ဘာလို့လဲ။ စိတ်အခြေအနေ မကောင်းတဲ့ပုံပဲ။"
တွမ့်ယာသည် လင်းလုကို ဘေးတိုက်တစ်ချက်ကြည့်ကာ အတင်းအကျပ်ပြုံးပြီး ပြောလိုက်သည်။
"အဆင်ပြေပါတယ်။"
လင်းလုက ပိုပိုပြီး သိချင်စိတ်ပြင်းပြလာပြီး တွမ့်ယာကို ရက်အတော်ကြာ ဆက်တိုက် မေးနေခဲ့သော်လည်း တွမ့်ယာသည် ပါးစပ်ကိုပိတ်ထားပြီး ဖွင့်ပြောရန် ငြင်းဆန်ခဲ့သည်။ အခြားရွေးချယ်စရာ မရှိသဖြင့် လင်းလုက ကိုယ်တိုင် စုံစမ်းရလေတော့သည်။
စုံစမ်းစစ်ဆေးမှုအချို့ ပြုလုပ်ပြီးနောက် လင်းလုသည် အံ့အားသင့်ဖွယ်ရာ ရှာဖွေတွေ့ရှိခဲ့သည်။
တွမ့်ယာ၏အနီးအနားတွင် မဟာကျင်းတိုင်းပြည်၏ နဂါးအရှိန်အဝါတစ်ခု လည်ပတ်နေသည်။ တကိုယ်တည်း ကျင့်ကြံသူတစ်ဦးဖြစ်သော တွမ့်ယာသည် မဟာကျင်းတိုင်းပြည်၏ နဂါးအရှိန်အဝါကို မည်သို့များ ပိုင်ဆိုင်နိုင်မည်နည်း။
ဧကန္တ...
ထိုအကြောင်းကို တွေးမိပြီး လင်းလုသည် အနက်ရောင်ဝတ်ဧကရာဇ်ကို တစ်ချက်ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"တွမ့်ယာ... မင်း နောက်ဆုံးတော့ သတိဝင်လာပြီး မဟာကျင်းနဲ့ပူးပေါင်းဖို့ ဆန္ဒရှိသွားပြီလား။"
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် တွမ့်ယာက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
"ဧကရာဇ်က ငါ့ကို အနိုင်ယူသွားတာ။ အဲဒီလိုသာမဟုတ်ရင် မဟာကျင်းရဲ့ကံကြမ္မာတွေထဲမှာ ရစ်ပတ်ခံရမယ့်အစား သေတာကိုပဲ ရွေးချယ်လိမ့်မယ်။"
အကြောင်းအကျိုးနှင့် ကံကြမ္မာတာအိုကို ကျင့်ကြံသူတစ်ယောက်က တိုင်းပြည်နှင့် ကံကြမ္မာအရ ဆက်စပ်နေသည်မှာ တကယ်တမ်းတွင် သေစေလောက်သော အားနည်းချက်တစ်ခု ချန်ထားခဲ့ခြင်းနှင့်တူတူပင်။ ၎င်းက တွမ့်ယာ၏ သတိထားပြီး အကြွင်းမဲ့လုပ်ဆောင်တတ်သောပုံစံနှင့် လုံးဝကို ဆန့်ကျင်ဘက်ပင် ဖြစ်သည်။
"ဧကရာဇ်ရဲ့တန်ဖိုးထားမှုကို ခံရပြီးတော့ မင်းကိုဖမ်းဖို့အတွက် ဒီလောက်အထိ အားထုတ်ခဲ့တာက မင်းအတွက် ဂုဏ်ယူစရာပဲ။ တခြားသူတွေ ဒီလိုအခွင့်အရေးမျိုးရဖို့ဆိုတာ ရှားပါတယ်။ မင်းက အဲဒါကို အောင်မြင်တဲ့သမိုင်းတစ်လျှောက် ပထမဆုံးပုဂ္ဂိုလ်လို့ခေါ်ဆိုခံရဖို့ တကယ်ကို ထိုက်တန်ပါတယ်။" လင်းလုသည် တွမ့်ယာ၏ပခုံးကိုပုတ်ကာ သက်ပြင်းချလိုက်သည်။
"မင်းကို ငါ သတိပေးလိုက်မယ်။ အဲဒီလိုမျက်နှာပေးမျိုး ဆက်လုပ်နေရင် ငါ မင်းကို ရိုက်ပစ်မယ်။ ငါ ဒါကို အရမ်းအားကျနေတာကို မင်းက ဘာလို့ အရှက်ခွဲခံရသလို လုပ်နေရတာလဲ။"
တွမ့်ယာက ရယ်လိုက်သည်။
အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ။
မျက်စိတစ်မှိတ်အတွင်း အချိန် တစ်နှစ် ကုန်လွန်သွားခဲ့သည်။
ဤကာလအတွင်း လူအများအပြားက အဆင့်ငယ်များကို ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့ကြသော်လည်း ကောင်းကင်တာအိုကို မည်သူမျှ မရရှိခဲ့ပေ။
ကောင်းကင်အဆင့်သတ်မှတ်ချက် ထိပ်တန်း(၁၀)ဦးတွင် ထူးကဲသောပါရမီရှင်များဟု ထင်ရသူများက အခြေခံအားဖြင့် ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ခြေတစ်လှမ်းလှမ်းထားသည့်အဆင့်၏ တံခါးဝတွင် ပိတ်မိနေကြပြီး အချိန်အကြာကြီး ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပေ။
"လင်းလုနဲ့ တွမ့်ယာ နှစ်ယောက်ပဲ ထင်တယ်။" မုန့်ချင်ကျိုး အနည်းငယ် စိတ်ပျက်သွားလေသည်။
တာအိုကို အောင်မြင်ပြီး ကောင်းကင်ထောက်တိုင်အထွတ်အထိပ်ကို ရောက်ရှိနိုင်သောသူ အနည်းဆုံး လေးငါးယောက်လောက် ရှိလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ သို့သော်လည်း တကယ်တမ်း နှစ်ယောက်သာရှိ၏။
ထိုအချိန်တွင်ပင်။
မိစ္ဆာသူတော်စင် ဝူဟွေ့သည် ရုတ်တရက် မတ်တတ်ရပ်ကာ ကြယ်ကောင်းကင်ယံသို့ ခုန်တက်သွားပြီး ကောင်းကင်ကိုတုန်ခါသွားစေသော ရှည်လျားသည့်ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်သည်။
"အမှောင်ညမှာ မြောက်ပိုင်းအလင်းတန်းတွေ ထွက်ပေါ်လာတယ်။ အရုဏ်ဦးက ဖောက်ထွင်းလာတယ်။ မိစ္ဆာရှေ့မှာ ငါ ဒူးထောက်တယ်။ သေရင်တောင် ငါ နောင်တမရဘူး။"
"ငါက မိစ္ဆာလမ်းစဉ်ရဲ့ ထောက်တိုင် ဖြစ်လာရမယ်။"
"တာအိုကို သက်သေပြနေတာပဲ။"
ဝူဟွေ့က ဟင်းလင်းပြင်ထဲသို့ ထွက်သွားပြီး နောက်ထပ်အတိဒုက္ခတစ်ခုကို ဖြတ်သန်းပြီးနောက် ပြန်ရောက်လာသောအခါ၊ သူ၏တစ်နှစ်တာကျင့်ကြံမှု အဆုံးသတ်သွားလေသည်။
မဟာကျင်းတိုင်းပြည်သည် တိုင်းပြည်မဏ္ဍိုင် သုံးဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည်။
မုန့်ချင်ကျိုး မျှော်လင့်ထားသူများထဲမှ မည်သူမျှ ဉာဏ်အလင်း မပွင့်ခဲ့ပေ။ ဥပမာ - စုချင်ချိုး၊ ဝူတျဲနှင့် ချင်းဖုန်းဟော်တို့ပင်။
ကျန်ရှိနေသော လူဒါဇင်ပေါင်းများစွာသည် အခြေခံအားဖြင့် ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ခြေတစ်လှမ်းလှမ်းထားသည့်အဆင့်တွင် ရှိနေကြပြီး တံခါးနှင့်ခြေတစ်လှမ်းအကွာတွင် ပိတ်မိနေကြသည်။
စုချင်ချိုးသည် မျက်လုံးများကိုဖွင့်ကာ မုန့်ချင်ကျိုးထံသို့ စိတ်ပျက်လက်ပျက်ဖြင့် လျှောက်သွားပြီး ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလိုက်သည်။ "သခင်လေးကို စိတ်ပျက်စေမိတဲ့အတွက် တောင်းပန်ပါတယ်။"
ဝူတျဲလည်း စိတ်ဓာတ်ကျနေပြီး ပြောလိုက်သည်။ "သခင်လေးရဲ့ ဝန်ထုပ်ဝန်ပိုးကို မျှဝေနိုင်ဖို့အတွက် ဉာဏ်အလင်းပွင့်ဖို့ အမြန်ဆုံးကြိုးစားပြီး ဆက်လက်အလုပ်လုပ်သွားပါမယ်။"
မုန့်ချင်ကျိုး ရယ်လိုက်ပြီး အစေခံနှစ်ဦး၏ခေါင်းများကို တစ်ဖက်တစ်ချက်စီပုတ်ပေးကာ ပြောသည်။
"မင်းတို့ကျင့်ကြံချိန် တိုတောင်းသေးတယ်။ အသက်(၂၀)ကျော်မှာ ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ခြေတစ်လှမ်းလှမ်းထားတဲ့အဆင့်ကို ရောက်နေတာက အရမ်းကို ကောင်းနေပါပြီ။ ဘယ်လိုလုပ်ပြီး မကျေနပ်နိုင် ဖြစ်ရတာလဲ။"
လူအုပ်ကြီးက တညီတညွတ်တည်း ဦးညွှတ်ပြီး ပြောလိုက်ကြသည။-
"တာအို ပေးသနားတဲ့အတွက် ဧကရာဇ်ကို ကျေးဇူးတင်ပါတယ်။"
"တာအို ပေးသနားတဲ့အတွက် ဧကရာဇ်ကို ကျေးဇူးတင်ပါတယ်။"
...
"ငါတို့အားလုံး အလုပ်ရှုပ်တဲ့ဘဝတွေဆီ ပြန်သွားကြတာပေါ့။ ရက်တွေကို ရေတွက်ကြည့်ရင် ငါတို့မှာ ငြိမ်းချမ်းတဲ့အချိန် တစ်ရက် ဒါမှမဟုတ် နှစ်ရက် ကျန်သေးတယ်။ ဒီလိုမျိုးငြိမ်သက်နေတဲ့ အချိန်လေးကို အခွင့်ကောင်းယူပြီး မိသားစုတွေနဲ့ အချိန်ပိုပေးလိုက်ကြ။ စစ်ပွဲကြီးပြီးတဲ့နောက်မှာ ငါတို့အားလုံး အတူတူ သောက်ပြီးတော့ ဒီခေတ်ကြီးရဲ့ တိုးတက်စည်ပင်မှုကို မျက်မြင်တွေ့ရဖို့ မျှော်လင့်ပါတယ်။"
"မင်းတို့ အားလုံးကို ဂါရဝပြုပါတယ်။"
မုန့်ချင်ကျိုးက လက်ကိုယှက်ကာ ခါးကိုင်းဦးညွှတ်ပြီး နှုတ်ဆက်မှုကို တုံ့ပြန်လိုက်သည်။
တိုင်းပြည်အတွက် အမှုထမ်းသော သစ္စာရှိအရာရှိတစ်ယောက်က ဤကဲ့သို့ ကြီးကျယ်သော ဂုဏ်ပြုမှုကို ရထိုက်ပေသည်။
လူတိုင်း လန့်သွားပြီး အလျင်အမြန် ပြန်လည်၍ နှုတ်ဆက်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့ အားလုံး မျက်ရည်ကျမတတ် ဝမ်းနည်းသွားကြသည်။ မဟာကျင်းတိုင်းပြည်တွင် ဤကဲ့သို့သော ဧကရာဇ်တစ်ပါး ရှိနေသဖြင့် သူတို့ စစ်မြေပြင်တွင် သေဆုံးသွားလျှင်တောင် နောင်တရစရာ မရှိတော့ပေ။
လူအုပ်ကြီး ထွက်ခွာသွားသည်နှင့်အမျှ။
မထွက်ခွာခင် တွမ့်ယာက ကတိတစ်ခု ချန်ထားခဲ့သည်။ "ဒီတိုက်ပွဲမှာ အစွမ်းကုန် ကြိုးစားပါ့မယ်။"
ဤမျှသာ။
မဟာကျင်းတိုင်းပြည်တွင် ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူ (၈)ဦး ရှိနေလေပြီ။
သေချာသည်မှာ ကောင်ကင်မဟာမိတ်အဖွဲ့ဘက်ရှိ ကြောက်မက်ဖွယ်ကောင်းသော လူ(၂၀)ကျော် အရေအတွက်နှင့် နှိုင်းယှဉ်လျှင် သိသာထင်ရှားသော ကွာဟချက် ရှိနေဆဲပင်။
[တွီ။ မဟာကျင်းတိုင်းပြည်၏ အလုံးစုံတိုင်းပြည်စွမ်းအား တိုးတက်လာပါသည်။ ဂုဏ်ယူပါတယ် လက်ခံသူ။ ကောင်းကင်ဘုံသို့သွားရာလမ်းတွင် ၂၀% တိုးတက်မှု ရရှိသည်]
[လက်ရှိ စုစုပေါင်း တိုးတက်မှု - ၄၄၀% ]
...
...
နောက်ရက်အနည်းငယ်အတွင်းတွင် မုန့်ချင်ကျိုးသည် ဘယ်ကိုမှမသွားသလို လှည့်လည်ခြင်းလည်း မရှိပေ။ သူက အိမ်တွင် တုန်းဖန်လျူလီနှင့်အတူ နေထိုင်ကာ သူ၏ဇနီးနှင့်အတူ နေ့စဉ် အလုပ်ရှုပ်နေသော အစိုးရကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပြီး ပန်းများကို အတူတူ သဘောကျကြည့်ရှုကာ ညများစွာကို ရင်းနှီးစွာ အတူတူ ဖြတ်သန်းခဲ့ကြသည်။
ဒုတိယနေ့ည ရောက်သည်အထိပင်။
ချင်ဖုမြစ်ကမ်းနံဘေးတွင်။
တုန်းဖန်လျူလီက မုန့်ချင်ကျိုး၏ ကျယ်ပြန့်သောပခုံးကိုမှီကာ လရောင်အောက်တွင် တောက်ပနေသော ရေပြင်ကို စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။
"ချင်ကျိုး။"
"ဟမ်။" မုန့်ချင်ကျိုး လှည့်ကြည့်လိုက်သည်။
တုန်းဖန်လျူလီသည် သူ၏ဆံပင်များကို လက်ညှိုးဖြင့် လှည့်ကစားရင်း ပြောလိုက်သည်။ "ရှင်က ကျွန်မနဲ့အတူ လောကကြီးရဲ့ခမ်းနားမှုတွေကို ကြည့်ဖို့နဲ့ ဘဝရဲ့ တိုတောင်းတဲ့အလှတရားတွေကို မျက်မြင်တွေ့ရဖို့ လိုက်မယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်မတို့က အလုပ်ရှုပ်နေတဲ့အချိန်ဇယားတွေကြားထဲကနေ ဒီရှုခင်းတွေကို ကြည့်ဖို့ အမြဲတမ်း အပြေးအလွှားသွားနေရတော့ အဲဒါကို အလေးအနက်ထားလို့ မရဘူး။ ဒီကတိက ဘယ်တော့ ပြည့်စုံလာမှာလဲ။"
ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုး ပါးစပ်ဟလိုက်သော်လည်း တိတ်ဆိတ်သွားလေသည်။
မှန်ပေသည်။
သူတို့က ပူပင်သောကကင်းသောဘဝကို နေထိုင်ရန်၊ အရာအားလုံးကို အချိန်ယူပြီး မေ့ပစ်ရန်၊ ပြီးနောက် သူတို့နှစ်ယောက်တည်းသာရှိသောဘဝမျိုးတွင် နေထိုင်ရန် ကတိပေးခဲ့ကြသော်လည်း သူတို့၏ ကတိကို ဘယ်တော့မှ မတည်နိုင်ခဲ့ပေ။
သူတို့က စစ်ပွဲအတွင်း ရှုခင်းများကို ခံစားခဲ့ရသည်။ သို့မဟုတ် စစ်ပွဲအနိုင်ရပစ္စည်းများ ရေတွက်နေရင်း အနားယူချိန် တိုတိုလေး ရခဲ့သည်...
တုန်းဖန်လျူလီ၏မျက်လုံးများ ဗလာကျင်းနေပြီး ပြောလိုက်သည်။
"ငါးပိကောင်၊ ကျွန်မ ရုတ်တရက်ကြီး နည်းနည်းပင်ပန်းလာသလို ခံစားရတယ်။ ကျွန်မ တကယ်ပဲ ရပ်ပြီး ခဏလောက် အနားယူချင်တယ်။ အရင်တုန်းက ဒီလောက်ပျင်းရိခဲ့တဲ့ ရှင်က ကျွန်မအတွက် ဒီလောက်ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ဘယ်လိုများ ပခုံးထမ်းပြီးတော့ ဘယ်တော့မှ မညည်းညူဘဲ ဒီနေ့ရောက်နေတဲ့နေရာအထိ ရောက်လာခဲ့လဲဆိုတာကို ကျွန်မ စိတ်တောင်မကူးနိုင်ဘူး။"
မုန့်ချင်ကျိုး တိတ်ဆိတ်နေသည်။
လျူလီက အမှန်တကယ် အနားယူချင်နေခြင်း မဟုတ်ဘဲ နယ်မြေနှစ်ခုကြားမှ အဆုံးအဖြတ် တိုက်ပွဲအတွက် စိုးရိမ်နေကြောင်းကို သူ သိသည်။
ဤတိုက်ပွဲကို အနိုင်ရရန်အတွက် အခွင့်အရေးရှိနိုင်ရန် ဧကရာဇ်က အကြီးမားဆုံးသောဖိအားကို အသုံးပြုရမည်ဖြစ်ကြောင်း မည်သူမဆို မြင်နိုင်ပေသည်။
တခြားအချိန်များနှင့်မတူဘဲ ယခုတစ်ကြိမ် သူတို့ရင်ဆိုင်ရမည့်ရန်သူက အရင်ကထက် အများကြီး ပိုအစွမ်းထက်၏။ ကောင်းကင်မဟာမိတ်အဖွဲ့သည် ခေတ်နှစ်ခေတ်က အစွမ်းအထက်ဆုံး ကျွမ်းကျင်သူများကို စုစည်းထားလေသည်။
ကောင်းကင်ကြည့်ဆောင်မှ ပုန်းအောင်းနေသော ဂိုဏ်းချုပ်လည်း ရှိနေသေးသည်။ သူက အကူအညီ ပေးကောင်းပေးနိုင်သလို၊ မပေးဘဲလည်း နေနိုင်၏။ ထို့ကြောင့် တုန်းဖန်လျူလီ စိုးရိမ်နေသည်မှာ အံ့သြစရာ မဟုတ်ပေ။
"စိတ်ချပါ။"
"ကိုယ် အရာအားလုံးကို ဂရုစိုက်ပါ့မယ်။"
မုန့်ချင်ကျိုး တိုးတိုလေး ပြောလိုက်ပြီးနောက် ရုတ်တရက် နံနက်ခင်းနေရောင်ခြည်က သူ၏ မျက်နှာကို အနည်းငယ် နွေးထွေးသွားစေသည်ကို ခံစားလိုက်ရပြီး ပြုံးလျက် ပြောလိုက်သည်။
"နေ့သစ်ရောက်လာပြီ။ ပြီးတော့ ကိုယ်တို့က ခေတ်သစ်တစ်ခုကို စတင်တော့မယ်။ ကိုယ်တို့ အတူတူ ဖန်တီးမယ့် ကြီးပွားတိုးတက်တဲ့ခေတ်ကြီးမှာ တောင်တွေနဲ့မြစ်တွေကို ခံစားဖို့အတွက် အချိန်အလုံအလောက် ရှိလိမ့်မယ်။ ပြီးတော့ ဒီလောက် အလုပ်ကြိုးစားဖို့ မလိုတော့ဘူး။"
"ဟုတ်တယ် မဟုတ်လား။"
တုန်းဖန်လျူလီ၏မျက်နှာပေါ်တွင် မျက်ရည် နှစ်ပေါက် စီးကျလာလေသည်။ သူက မျက်လုံးများကို မှိတ်ကာ ပြန်ဖြေလိုက်၏။ "အင်း..."
ရှဲ...
ဗျောက်။
မီးရှူးမီးပန်းများ ကောင်းကင်သို့ထိုးတက်သွားပြီး အရုဏ်တက်ချိန်တွင် မီးရှူးမီးပန်းများ ဖောက်ကြသည်။ ၎င်းမှာ တောရိုင်းမြေတွင် ရေးမထားသော ရိုးရာဓလေ့တစ်ခု ဖြစ်သည်။ နှစ်သစ်ကူးနေ့တွင် မီးရှူးမီးပန်းများကို နံနက်ရောညနေပါ ဖောက်ရမည် ဖြစ်သည်။
နေ့သစ်၊ နှစ်သစ်။
မဟာကျင်းတိုင်းပြည်တစ်လျှောက်လုံး မီးရှူးမီးပန်းများ ဖောက်နေပြီး မြို့တော်အထက် ကောင်းကင်ယံက အထူးသဖြင့် တောက်ပနေလေသည်။ တောက်ပသောနေရောင်ခြည် ရှိနေသော်လည်း မီးရှူးမီးပန်းများ၏ အလှတရားကို ဖုံးကွယ်၍ မရနိုင်ပေ။
"ပျော်ရွှင်စရာနှစ်သစ်ကူးပါ ချစ်ဇနီးလေး။" မုန့်ချင်ကျိုးက ပြုံးလျက် နှစ်သစ်ကူး စာအိတ်နီ တစ်ခုကို ကမ်းပေးကာ ပြောလိုက်သည်။
"ကျွန်မက နယ်မြေတစ်ခုရဲ့ အုပ်ချုပ်သူ ဖြစ်နေပြီ။ စာအိတ်နီတွေကို ဘယ်လိုလုပ် လက်ခံလို့ရမှာလဲ" တုန်းဖန်လျူလီက မျက်ရည်များကြားမှ ရယ်မောလိုက်ပြီး သူ၏ရင်ဘတ်ကို ညင်သာစွာ ထိုးလိုက်လေသည်။
မုန့်ချင်ကျိုးက ရုတ်တရက် စကားလမ်းကြောင်းလွှဲကာ ပြောလိုက်သည်။
"အချစ်လေး။ ကိုယ် ဗိုက်ဆာနေပြီ ထင်တယ်။ ဆန်ပြုတ် နည်းနည်းလောက် ချက်ပေးလို့ ရမလား။"
တုန်းဖန်လျူလီ ခေါင်းညိတ်လိုက်ပြီး မတ်တတ်ရပ်ကာ မီးဖိုချောင်ဘက်သို့ လျှောက်သွားသည်။ "အင်း၊ ခဏလောက် စောင့်နော်။"
မကြာခင်မှာပင်။
မီးဖိုချောင်မှမီးခိုးများ ထွက်ပေါ်လာ၏။
ကျွီ။
အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး စုချင်ချိုးနှင့် ဝူတျဲတို့သည် အကြောဆန့်ကာ သူတို့၏ သက်ဆိုင်ရာ အခန်းများမှ ထွက်လာကြလေသည်။
"ဟင်။ အိမ်မှာ ဟင်းမချက်တာ အရမ်းကြာနေပြီပဲ။ သခင်မကိုယ်တိုင် ဟင်းချက်နေတာလား။ ရေး။" စုချင်ချိုးသည် အနံ့ခံကြည့်ပြီး မီးဖိုချောင်ဆီသို့အနံ့ခံကာသွားရင်း ချက်ချင်း အော်ဟစ်လိုက်လေသည်။
ဝူတျဲသည် မုန့်ချင်ကျိုးထံသို့ ချက်ချင်းပြေးသွားပြီး ပြုံးကာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
"ပျော်ရွှင်စရာနှစ်သစ်ပါ သခင်လေး။"
ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုး တွေးဝေသွားသည်။ သူ လှည့်ကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာ ပြုံးလိုက်ကာ ကြိုတင်ပြင်ဆင်ထားသော နှစ်သစ်ကူး စာအိတ်နီကို ထုတ်ယူပြီး ဝူတျဲအား ကမ်းပေးလျက် ပြောလိုက်သည်။ "ရော့…"
"ဒီညမှ ဖွင့်ကြည့်။ အခုတော့ မင်းနဲ့ နီးနီးကပ်ကပ်ထားထား။"
သတင်းကြားကြားချင်း စုချင်ချိုး အပြေးအလွှား ရောက်လာပြီး အော်ပြောလိုက်သည်။ "သခင်လေး၊ ကျွန်မအတွက်ကော။ ကျွန်မအတွက်ကော။"
"ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ မင်းတို့ တစ်ယောက်အတွက် တစ်အိတ်စီပါ။" မုန့်ချင်ကျိုးသည် ဝူတျဲထံ စာအိတ်နီများကို ကမ်းပေးလိုက်သည်။
စာအိတ်နီ၏ သေးငယ်သောအရွယ်အစားကိုကြည့်ပြီး အထင်မမှားပါနှင့်။ အတွင်းမှာ အချိန်-နေရာလွတ် နိယာမများနှင့် တည်ဆောက်ထားသော နေရာလွတ်တစ်ခုရှိပြီး အဖိုးတန်ပစ္စည်း အများအပြား ပါဝင်သည်။
"ကျေးဇူးတင်ပါတယ် သခင်လေး။" စုချင်ချိုးက ပြုံးလျက် ပြောလိုက်သည်။
ချင်းစံအိမ်၏ တက်ကြွသောလေထုကို ခံစားရင်း မုန့်ချင်ကျိုးသည် အေးအေးဆေးဆေးပြုံးကာ သီချင်းလေးတစ်ပုဒ်ကို ညည်းနေလေသည်။
နှစ်သစ်၏ ပထမဆုံးနေ့မှာတွင် ပစ္စုပ္ပန်ကျေးရွာမှ ရွာသားအများအပြား လာရောက်လည်ပတ်ကြပြီး အခမဲ့အစားအစာတစ်နပ်ကို အရှက်မရှိ တောင်းဆိုကြသည်။ လူအရေအတွက် များလာသောအခါ၊ စုချင်ချိုးနှင့် ဝူတျဲတို့က ကူညီရန်အတွက် မီးဖိုချောင်ထဲ ဝင်ရတော့သည်။
"နှစ်သစ်မှာ ပျော်ရွှင်ပါစေ။"
"ဝိုး။ မြန်လိုက်တာ။"
မုန့်ချင်ကျိုးက ပက်လက်ကုလားထိုင်ပေါ်တွင် လှဲလျောင်းကာ သူ့ဘာသာ သက်ပြင်းချနေသည်။
ဝူတျဲက ကူညီပေးနေစဉ် ရုတ်တရက် တစ်ခုခုလွဲနေကြောင်း သတိပြုမိသွား၏။ သူ လှည့်ကြည့်လိုက်ပြီး မျက်မမြင်ကို စူးစိုက်ကြည့်လိုက်ရာ တစ်ခုခုမှားယွင်းနေသကဲ့သို့ မျက်တောင် အဆက်မပြတ်ခတ်နေလေသည်။
ဧကရာဇ်သည် အချိန်အတော်ကြာ ထိုင်နေခဲ့သော်လည်း ရုပ်ရှင်တစ်ခုထဲမှ သမိုင်းဝင်ပုံရိပ်တစ်ခုနှင့် တူနေလေသည်။
"သခင်လေး။"
ဝူတျဲသည် ဧကရာဇ်၏ အာရုံစိုက်မှုကိုရရန် ကြိုးစားရင်း အော်ခေါ်လိုက်သော်လည်း မုန့်ချင်ကျိုးက ပြုံးကာ သီချင်းကိုဆက်ညည်းနေပြီး သူ့ကို လုံးဝလျစ်လျူရှုထားလေသည်။
တစ်ခုခု လွဲနေပြီ...
ဝူတျဲ၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ခန္ဓာကိုယ် တုန်ရီသွား၏။
ဧကရာဇ် မရှိတော့ဘူး။
သူ ထွက်သွားတာကြာပြီ။
ပြီးတော့ တခြားသူတွေကော ဘယ်လိုလဲ။
ကောင်းကင်မဟာမိတ်အဖွဲ့နဲ့ စစ်ဖြစ်မယ့်အချိန်က မြန်မြန်ရောက်လာတော့မယ်ထင်တယ်။ ဧကန္တ...
သူ ထပ်ပြီး မတွေးရဲတော့ပေ။ သူ၏နှုတ်ခမ်းနီများ အနည်းငယ် ပွင့်သွားပြီး စုချင်ချိုးနှင့် ဧကရီတို့ကို အော်ခေါ်ချင်သော်လည်း စကားတစ်ခွန်းမျှ မပြောနိုင်ခဲ့ပေ။ သူ၏နှလုံးသား တုန်ရီနေလေသည်။
ဧကရာဇ် ပျောက်ကွယ်သွားပြီ။
...
...
တစ်ချိန်တည်းမှာပင်။
တောရိုင်းမြေ၏ ကမ်းရိုးတန်းစစ်နယ်မြေတွင် ကျင့်ကြံသူ သန်းဆယ်ချီတို့ အပြည့်အဝပြင်ဆင်ထားပြီး အဆင်သင့် ဖြစ်နေကြလေပြီ။ နှစ်သစ်ကိုကြိုဆိုကြရင်း အင်ပါယာတိုင်းပြည်မှ ပံ့ပိုးပေးသော သူတို့၏ ဇာတိမြေမှ ပထမဆုံး ပူပူနွေးနွေးအစားအစာကို ခံစားနေကြလေသည်။
စစ်သားများသည် နေထွက်သည်ကို ကြည့်ပြီး သူတို့၏အစားအစာများကို စားသောက်ကာ သူတို့၏ လက်နက်များကို သုတ်သင်ကြသည်။ သို့မဟုတ် စာများရေးပြီး သူတို့၏မိသားစုများထံပေးပို့ရန် အရာရှိများထံ ပေးအပ်ကြသည်။
"နယ်မြေနှစ်ခုကြားက အဆုံးအဖြတ်တိုက်ပွဲဟာ သမိုင်းမှာမှတ်တမ်းတင်ခံရဖို့ သေချာပါတယ်။ အမေနဲ့ အဖေ။ ကျွန်တော့်အတွက် မျက်ရည်မကျပါနဲ့။ အမေတို့သားဟာ မဟာကျင်းရဲ့ကာကွယ်မှုကို မျိုးဆက်နဲ့ချီပြီး ရရှိခဲ့ပါတယ်။ တိုင်းပြည်အန္တရာယ် ကြုံနေရချိန်မှာ ကျွန်တော် ကျွမ်းကျင်မှုတွေကို ကျင့်ကြံခဲ့တယ်။ တကယ်လို့ အဓိပ္ပာယ်ရှိတဲ့ အရာတစ်ခုခုကို ကျွန်တော်မလုပ်နိုင်ခဲ့ရင် အလကား အသက်ရှင်ခဲ့တာ ဖြစ်မသွားဘူးလား။" တစ်စုံတစ်ယောက်က စာရွက်တိုလေးတစ်ခုပေါ်တွင် ရေးပြီး တည်ငြိမ်စွာ ပြုံးလိုက်သည်။
တစ်စုံတစ်ယောက်က သူတို့ချစ်သူရဲ့ပစ္စည်းတွေကို ထုတ်ယူပြီး နမ်းရှိုက်ကာ တီးတိုးရေရွတ်လိုက်၏။
"ဝမ်အာ... အဲဒီတုန်းက ဘေးအန္တရာယ် ကြုံလာတော့ ငါတို့ လူအုပ်ကြီးထဲမှာ ကွဲကွာသွားခဲ့ကြတယ်။ ဒီခွဲခွာခြင်းက ငါတို့ရဲ့နောက်ဆုံး ဖြစ်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး။ မကျေနပ်မှုတွေမှာ ကျူးလွန်သူတွေ ရှိပြီး အကြွေးတွေမှာ အကြွေးရှင်တွေ ရှိတယ်။ ကောင်းကင်စောင့်ကြည့်သူ နောက်လိုက်လက်ပါးစေအနည်းငယ်ကို ငါ ထပ်သတ်ပြီးရင် မင်းဆီကို ငါ လာခဲ့မယ်။ ငရဲပြည်ကို သွားတဲ့လမ်းမှာ ငါ့ကို စောင့်နေပါ။"
ဘဝ၏ရှုထောင့်ပေါင်းစုံ ကွက်ကွက်ကွင်းကွင်း ပေါ်လွင်နေသည်။
လူ့သဘာဝတွင် လောဘ၊ ဒေါသနှင့် မောဟတို့အပြင် မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံခြင်း၊ ရဲရင့်သော လုပ်ရပ်များနှင့် တိုင်းပြည်အတွက် အသေခံခြင်းစသည့် မျက်နှာစာအများအပြား ရှိလေသည်။
အလင်းနှင့်အမှောင်သည် ထာဝစဉ် အပြန်အလှန် မှီခိုနေကြသည်။
အနက်ရောင်ဝတ်လူငယ်တစ်ဦးက သူတို့ကြားမှ တိတ်တိတ်လေး လျှောက်သွားကာ ဘုန်းကြီးများ၏ နှုတ်ဆက်စကားများကို တိတ်တဆိတ် နားထောင်နေလေသည်။
"မျိုးဆက်တိုင်းမှာ သူ့တာဝန်နဲ့သူ ရှိတယ်။ ငါက အဓိကဇာတ်လမ်းကိုရှောင်ပြီး သီးသန့်ဘဝတစ်ခုကို နေထိုင်ခဲ့ဖူးတယ်။ ဒါပေမဲ့ လျူလီနဲ့ တွေ့ပြီးတဲ့နောက်မှ ငါ့ဘဝရဲ့ ကျန်တဲ့အချိန်တွေကို ငါ့မိသားစုအတွက် နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အခုတော့ ငါ ရုတ်တရက် ခံစားလာရတယ်..."
"ဧကရာဇ်တစ်ပါး အနေနဲ့ မျှော်လင့်ချက်တွေ အများကြီးကို ငါ ထမ်းပိုးထားရတယ်။ ဒီလေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ငါ စွန့်လွှတ်လို့မရဘူး။"
"ငါ့ရဲ့ ဝိညာဉ်ကျင့်ကြံမှုမှာ ငါ ဘယ်တုန်းကမှ သိပ်ကြိုးစားအားထုတ်ခဲ့တာ မရှိပေမယ့် ငါ့ရဲ့ စိတ်ထားက လုံးဝပြောင်းလဲသွားခဲ့ပြီ။"
"ကောင်းကင်မဟာမိတ်အဖွဲ့... လာခဲ့စမ်းပါ။"
"ဒီတိုက်ပွဲကို နှစ်သစ်ရဲ့ တောက်ပတဲ့မီးရှူးမီးပန်းတွေကြားမှာ အဆုံးသတ်လိုက်ကြတာပေါ့။ ပြီးတော့ ရှေးဟောင်း လျို့ဝှက်အကြံအစည်တွေနဲ့ လှည့်ကွက်တွေကို အချည်းနှီး ဖြစ်သွားပါစေ။"
အနက်ရောင်ဝတ်လူငယ်က စကားလုံး တစ်လုံးချင်းစီကို ဂရုတစိုက် ပြောလိုက်ပြီး သူ ပြောလိုက်တိုင်း သူ၏အရှိန်အဝါ ပို၍ ခမ်းနားလာ၏။
နောက်ဆုံးစကား ပြောပြီးသည်နှင့်။
အချိန်-နေရာလွတ်၏ ဓားအသိသည် အဆုံးမရှိသောပင်လယ်၏ မှုန်ဝါးဝါး ရေခိုးရေငွေ့များကို ခုတ်ပိုင်းလိုက်ပြီး နယ်မြေနှစ်ခုကြားရှိ အတားအဆီးကို ဖြတ်တောက်လိုက်လေသည်။
တစ်ခဏမျှ တောရိုင်းမြေရှိ ကျင့်ကြံသူသန်းပေါင်းများစွာက အံ့အားသင့်စွာ နောက်သို့ လှည့်ကြည့်ပြီး၊ အဆုံးမရှိသောပင်လယ်ပြင်ဆီသို့ ကြည့်လိုက်ရာ ကောင်းကင်ပြည်နယ်၏ရှုခင်းများကို သူတို့၏ သာမန်မျက်စိဖြင့် မြင်တွေ့နိုင်စွမ်း ရှိလာကြသည်။ ကမ်းရိုးတန်းတစ်လျှောက် ရပ်နေသော ကောင်ကင်မဟာမိတ် ကျင့်ကြံသူများကို သူတို့ မြင်နိုင်လေသည်။
နယ်မြေနှစ်ခုကြား အကွာအဝေး တိုတောင်းသွားလေပြီ။
ကောင်းကင်နှင့်မြေကြီး တိတ်ဆိတ်သွားလေ၏။
နယ်မြေနှစ်ခုလုံးမှ ကျင့်ကြံသူများ အံ့အားသင့်သွားကြသည်။ "ဒါကို ဘယ်သူက လုပ်နေတာလဲ။ ဒါက ဘယ်လိုနတ်ဘုရားနဲ့နတ်ဆိုးတွေရဲ့ နည်းလမ်းတွေလဲ။"
"နေရာလွတ်ကို ပိုနီးကပ်အောင် ဆွဲယူနေတယ်။ အချိန်-နေရာလွတ် ပါဝင်နေတယ်။ အဲဒါက အချိန်-နေရာလွတ် ဓားသူတော်စင် ဖြစ်ရမယ်။ သူ ရောက်လာပြီ။"
နယ်မြေနှစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေစဉ်မှာပင်။
အေးစက်သောအသံတစ်ခုက ကောင်းကင်ပြည်နယ် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေသည်။
"ဟုတ်တယ်။ ငါ ရောက်လာပြီ။"
"ငါ ဒီကိုလာတာ ကောင်းကင်မဟာမိတ်အဖွဲ့တစ်ခုလုံးကို သတ်ပစ်ဖို့ကလွဲပြီးတော့ တခြားအကြောင်းရင်း မရှိဘူး။"
"ကျန်တဲ့သူတွေ နောက်ဆုတ်နေကြ။"
အေးစက်သောအသံတစ်ခုနှင့်အတူ အချိန်-နေရာလွတ်မြစ်များသည် ဟိန်းဟောက် ဝင်ရောက်လာပြီး ကောင်းကင်ယံကိုဖြတ်သန်းကာ ကောင်းကင်ပြည်နယ်တစ်ခုလုံးကို ပိတ်ဆို့လိုက်လေသည်။
မည်သည့် သက်ရှိသတ္တဝါမျှ ဝင်ထွက်ခွင့် မရှိတော့။
"မုန့်ချင်ကျိုး... ကောင်းကင်ပြည်နယ်တစ်ခုလုံးကို တစ်ယောက်တည်း စိန်ခေါ်ဖို့ ရည်ရွယ်ထားတာလား။" ဝမ်ရွှင်က သူ့ကိုရင်ဆိုင်ရန် လေထဲသို့ တက်သွားလေသည်။
ချက်ချင်းပင်။
ကောင်းကင်မဟာမိတ်အဖွဲ့၏ အဆင့်မြင့်အရာရှိများ တစ်ဦးပြီးတစ်ဦး ပေါ်လာပြီး နတ်ဘုရားများနှင့် နတ်ဆိုးများကဲ့သို့ လွှမ်းမိုးနိုင်သော စွမ်းအားများဖြင့် ဆင်းသက်လာကာ သူတို့၏စွမ်းအားများက တားဆီး၍မရနိုင်ဘဲ ရိုသေကြောက်ရွံ့ဖွယ် ဖြစ်နေလေသည်။
ထိုအထဲတွင် မုန့်ချင်ကျိုးအတွက် ရင်းနှီးသောမျက်နှာများလည်း ပါဝင်လေသည်။
လီယဲ့၊ ချူရှီရန်၊ လုံမိသားစု၏ မိခင်ကြီး၊ လင်းမိသားစုခေါင်းဆောင်၊ မိသားစ အသီးသီး၏ ဘိုးဘေးများ၊ ကောင်းကင်ကြည့်ဆောင် နန်းဆောင်သခင်များနှင့် ဂိုဏ်း(၁၈)ခု၏ ကောင်းကင်ထောက်တိုင် ကျင့်ကြံသူများ။
ကောင်းကင်မဟာမိတ်အဖွဲ့၏ခေါင်းဆောင် လီတိုင်ယွမ်လည်း ရှိနေသည်။
လီတိုင်ယွမ် သက်ပြင်းချလိုက်သည်။ "ဘာလို့ ဒုက္ခခံနေရတာလဲ။ တရားမျှတတဲ့ တစ်ဦးချင်းတိုက်ပွဲမှာ အနိုင်ရတဲ့သူက ရှုံးနိမ့်တဲ့သူအတွက် တာဝန်ယူမယ်။ အချိန်-နေရာလွတ် ဓားသူတော်စင်။ ရှင်က အရမ်းကို အစွမ်းထက်တယ်ဆိုတာ ဝန်ခံပါတယ်။ ဒီခေတ်၊ ဒီအဆင့်မှာ ရှင်နဲ့ ယှဉ်နိုင်မယ့်သူ မရှိပါဘူး။ ဒါပေမဲ့ ရှင်က အရမ်းကို မောက်မာလွန်းတယ်။ ကောင်းကင်ပြည်နယ်ကို ပိတ်ဆို့ပြီးတော့ ကောင်းကင်မဟာမိတ်အဖွဲ့ကို တစ်ယောက်တည်း မှောက်လှန်ဖို့ ကြိုးစားနေတာလား။"
မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြုံးလိုက်သည်။
"မင်းက မဟာမိတ်ခေါင်းဆောင် ဖြစ်လာတာလား။ မဆိုးပါဘူး။ အဲဒီတုန်းက မင်းရဲ့အသက်ကို ငါ ကယ်ခဲ့တာ အလကားတော့ မဖြစ်သွားဘူးပဲ။"
"ဒါပေမဲ့ ငါပြောချင်တာက မင်းတို့ရဲ့အကြံအစည်တွေကြောင့် နယ်မြေနှစ်ခုလုံးက ပြည်သူတွေဟာ ဆင်းရဲဒုက္ခခံစားခဲ့ရတာ ကြာနေပြီ။ ဒီစစ်ပွဲကြောင့် လူတွေ ထပ်ပြီးတော့ မသေစေချင်တော့ဘူး။ သူတို့မှာလည်း မိသားစုတွေ ရှိတယ်။ ပြီးတော့ ဒီအဓိပ္ပာယ်မဲ့တဲ့ပဋိပက္ခမှာ သူတို့တွေ မသေသင့်ဘူး။"
"အဲဒါကြောင့် ဒီအကျိုးဆက်တွေကို ငါ တစ်ယောက်တည်း ခံယူမယ်။"
...
အပိုင်း(၃၄၆) ငြိမ်းချမ်းသောခေတ်မှာ ဧကရာဇ်က လောင်စာအတွက်တာဝန်ယူရမယ်
ချင်းစံအိမ်။
တုန်းဖန်လျူလီသည် မဏ္ဍပ်အောက်တွင် လဲလျောင်းနေသော မုန့်ချင်ကျိုးကို စူးစိုက်ကြည့်နေပြီး ရုတ်တရက် ရပ်တန့်သွားကာ မေးလိုက်သည်။
"ငါးပိကောင်၊ ရှင် ဘယ်မှာလဲ။"
သူက ပူနွေးသောဆန်ပြုတ်ကို ကိုင်ထားရင်း တစ်ခုခုကို သတိရသွားသကဲ့သို့ပင် သူ၏လက်များ တုန်ရီသွားပြီး ပန်းကန်လုံးမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားကာ ဆန်ပြုတ်များ ဖိတ်စင်သွားလေသည်။
ရှင် ကောင်းကင်ပြည်နယ်ကို သွားနေတာလား။
မုန့်ချင်ကျိုး ဖြည်းဖြည်းချင်း မတ်တတ်ရပ်ကာ သူ၏ဘေးသို့ လျှောက်သွားပြီး သူ၏ပါးပြင်ကို ပွတ်သပ်ကာ တီးတိုး ပြောလိုက်သည်။
"လမ်းခရီးမှာ သက်ရှိသတ္တဝါတွေ အများကြီး ဆင်းရဲဒုက္ခ ခံစားခဲ့ရတယ်။ မဟာကျင်းတိုင်းပြည်က စတင်ခဲ့တဲ့ ပေါင်းစည်းရေးစစ်ပွဲကနေစပြီး တိုင်းပြည်(၇)ခု ပျက်စီးသွားတာ၊ ဂိုဏ်းပေါင်းစုံမဟာမိတ် ခေါင်းဆောင်ကို ဖြုတ်ချတာ၊ ပြီးတော့ ဗုဒ္ဓတိုင်းပြည်ကို တိုက်ခိုက်တဲ့ စစ်ပွဲတွေအထိ၊ လူတွေ အများကြီး သေဆုံးခဲ့ရတယ်။"
"ဒီလောကကြီးက ဒီလောက်ခါးသီးမနေသင့်ဘူး။ ပြီးတော့ လူတွေရဲ့အသက်ကို ကြီးပွားတိုးတက်တဲ့ ခေတ်တစ်ခုအတွက် လောင်စာအဖြစ် အသုံးမပြုသင့်ဘူး။ ခေတ်ရဲ့အပြစ်တွေကို ပခုံးထမ်းပြီးတော့ အဲဒီအတွက် အပြစ်ဖြေရမယ့်သူတစ်ယောက် အမြဲတမ်း ရှိနေလိမ့်မယ်။"
"ဒါကြောင့် ကိုယ့်ကို လိုက်မရှာပါနဲ့။ တောရိုင်းမြေကို သေချာကာကွယ်ထားပါ။ ပင်လယ်ရပ်ခြားက နတ်ဘုရားတွေက ကိုယ်တို့ကို တပ်မက်တဲ့မျက်လုံးတွေနဲ့ စောင့်ကြည့်နေတယ်ဆိုတာ မမေ့ပါနဲ့။ တကယ်လို့ ကိုယ်တို့အားလုံး ထွက်သွားရင် သူတို့ လာတိုက်လိမ့်မယ်။ အဲဒီအခါကျရင် တောရိုင်းမြေက ပြည်သူတွေကို ဘယ်သူက ကာကွယ်ပေးမှာလဲ။"
"ဟုတ်တယ်မလား။"
မုန့်ချင်ကျိုး၏လက်ဖဝါးက သူ၏မျက်နှာကို ထိတွေ့လိုက်သောအခါ တုန်းဖန်လျူလီသည် မည်သည့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကိုမျှ မခံစားရဘဲ သူ၏ခန့်မှန်းချက် မှန်ကန်သွားပြီဖြစ်ကြောင်း သိလိုက်လေသည်။
ငါ့ရှေ့ကလူက အချိန်အကြွင်းအကျန်တစ်ခု သက်သက်ပဲ။
တုန်းဖန်လျူလီ၏မျက်နှာပေါ်တွင် မျက်ရည်များစီးကျလာပြီး ခေါင်းကို အကြိမ်ကြိမ် ခါယမ်းကာ ရှိုက်ငိုရင်း ပြောလိုက်သည်။ "ဒါပေမဲ့ ရှင်နဲ့အတူ ပခုံးချင်းယှဉ်ပြီး ရပ်ချင်တယ်။ ဘာလို့ ဒီလောက် ခက်ခဲရတာလဲ။ ရှင်က အမြဲတမ်း ကျွန်မကို တစ်ယောက်တည်း ထားခဲ့ပြီး အရာအားလုံးကို ကိုယ်တိုင်ရင်ဆိုင်နေရတယ်..."
မုန့်ချင်ကျိုး နွေးထွေးစွာ ပြုံးလိုက်ပြီး သူ၏မျက်ရည်များကို သုတ်ပေးကာ နူးညံ့စွာ ပြောလိုက်သည်။ "မငိုပါနဲ့။ မင်းရဲ့ခင်ပွန်းက ပြိုင်ဖက်ကင်းတယ်။ ကိုယ့်ကို ဘယ်သူမှ မသတ်နိုင်ဘူး။"
တုန်းဖန်လျူလီ ရှိုက်ငိုရင်း ပြောလိုက်သည်။ "ချင်ကျိုး... ကျွန်မ ဘယ်လောက်တောင် နောင်တရလဲ ရှင် သိလား။ ရှင့်ကို ခွင့်ပြုချက်မရှိဘဲ ဧကရာဇ် မဖြစ်စေခဲ့သင့်ဘူး...ကျွန်မ..."
"အဲဒီလို မပြောပါနဲ့" မုန့်ချင်ကျိုးက ပြုံးလျက် ပြောလိုက်သည်။ "မင်းရဲ့ခင်ပွန်း ဘာလုပ်မလဲဆိုတာကို စောင့်ကြည့်နေလိုက်။"
…
...
ကောင်းကင်ပြည်နယ်။
"...အားလုံးကို သတ်ပစ်မယ်။"
"ဒီတစ်ကြိမ် ကောင်းကင်မဟာမိတ်အဖွဲ့ကို ကိုယ်တိုင်ကိုယ်ကျ အဆုံးသတ်ပေးမယ်။"
အနက်ရောင်ဝတ်လူငယ်၏ တိုးညင်းသောအသံသည် ချင်းစံအိမ်၏ ထင်ယောင်ထင်မှားပုံရိပ်နှင့် ထပ်တူကျသွားလေသည်။ သူ၏အသံ ကျဆင်းသွားသည်နှင့်အမျှ၊ အချိန်၏အမှတ်အသားများပါရှိသော ချင်းစံအိမ်၏ ထင်ယောင်ထင်မှားပုံရိပ်က ကျိုးကြေသွားလေသည်။
ချက်ချင်းပင် ဓားအသိ တောအုပ်ကြီးတစ်ခုသည် မြေကြီးမှ တက်လာသော ဥက္ကာပျံ ထောင်ပေါင်းများစွာ ကဲ့သို့ပင် ကောင်းကင်သို့ ထိုးတက်သွားပြီး သူ့ကို အလယ်တွင်ဝန်းရံကာ သူ့ကို ဓားဧကရာဇ်ကဲ့သို့ ဖြစ်သွားစေသည်။
လူအင်အားများပြားမှုကို အားကိုးကာ လုံမိသားစု၏မိခင်ကြီးက မည်သည့်ကြောက်ရွံ့မှုကိုမျှ မပြသခဲ့ပေ။ သူက ရှေ့သို့ပင် ထွက်လာပြီး အေးစက်စွာ ပြောလိုက်သည်။ "မိုက်ရိုင်းလိုက်တာ။ အချိန်-နေရာလွတ် ဓားသူတော်စင်၊ မင်းက သေချင်နေတာပဲ။"
ဖွတ်။
အနက်ရောင်ဝတ်လူငယ်က လက်ညှိုးတစ်ချောင်း ညွှန်ပြလိုက်ရာ ဓားအသိက လုံမိသားစု မိခင်ကြီး၏ နဖူးကို တည့်တည့်ဖောက်ထွင်းသွားပြီး သူ၏ အသိစိတ်နှင့်ဝိညာဉ်စင်မြင့်ကိုပါ ချေမှုန်းပစ်လိုက်လေသည်။
လုံမိသားစုမိခင်ကြီး၏ မျက်လုံးများမှအလင်းရောင်သည် ချက်ချင်းပျောက်ကွယ်သွားပြီး အလောင်း တစ်လောင်း ကောင်းကင်မှ ပြုတ်ကျသွားလေသည်။
"ခင်ဗျားလို သာမန်နံနက်ခင်းအလင်းနယ်ပယ်လေးကများ ပြန်ပြောရဲတယ်ပေါ့။ အသက်ရှင်ရတာ ငြီးငွေ့နေတာ ခင်ဗျားပဲ ဖြစ်မယ်လို့ ကျုပ် ထင်တယ်။"
"ကျုပ် ပြောမယ်။ ဘေးကနေ ကြည့်နေတဲ့သူတွေအားလုံး အခုချက်ချင်း လမ်းဖယ်ကြ။"
"ကောင်းကင်ထောက်တိုင်နယ်ပယ်အထက်မှာ ရှိတဲ့သူတွေကတော့ တစ်ဖက်ဖက်က ရှုံးနိမ့်သွားတဲ့အထိ နေခဲ့ရမယ်။"
အနက်ရောင်ဝတ်လူငယ်၏ အသံသည် အေးစက်ပြီး ထက်မြက်နေကာ လေပြင်းများ တိုက်ခတ်လာပြီး အသံကို အဝေးသို့ သယ်ဆောင်သွားကာ၊ ကောင်းကင်ပြည်နယ်တစ်ခုလုံးကို တဖြည်းဖြည်း လွှမ်းခြုံသွားသည်။
ထိုစကားကို ကြားသောအခါ...
ဝမ်ရွှင်သည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။ "မင်း တကယ် ပြောနေတာလား။ ဒါက မင်းရဲ့ စစ်မှန်တဲ့ပုံစံလား။"
သူသည် နှစ်တစ်သောင်းကြာ အသက်ရှင်ခဲ့သော်လည်း တစ်ယောက်တည်းလာပြီး ကောင်းကင် မဟာမိတ်အဖွဲ့တစ်ခုလုံးကို ကိုယ်ပိုင်ခွန်အားဖြင့် မှောက်လှန်ရန် ကြိုးစားလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။
သူ ရူးသွားပြီလား။
"ခင်ဗျား ဘယ်လိုထင်လဲ။" မုန့်ချင်ကျိုးက ခေါင်းကိုစောင်းကာ ပြုံးလိုက်ရာ သူ၏နှုတ်ခမ်းနှင့် သွားဖြူဖြူများက ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ကို ပေးစွမ်းနေသည်။
ဝမ်ရွှင်၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး တစ်ခုခုမှားနေကြောင်း ချက်ချင်းသဘောပေါက်သွားကာ သူ အော်ပြောလိုက်သည်။
"ကောင်းကင်ထောက်တိုင်နယ်ပယ်အောက်မှာ ရှိတဲ့သူတိုင်း ချက်ချင်း ဆုတ်ခွာကြ။ ကောင်းကင် မဟာမိတ်အဖွဲ့က ကျင့်ကြံသူတွေက ကောင်းကင်ပြည်နယ်က လူသားတွေကို ကာကွယ်ပေးပြီးတော့ သူတို့ကို ကမ္ဘာငယ်လေးထဲ လုံခြုံအောင် ခေါ်ဆောင်သွားဖို့ တာဝန်ယူရမယ်။"
"မဟာမိတ် ခေါင်းဆောင်၊ ကျေးဇူးပြုပြီးတော့ ကျိဝူရွှမ်ကို ကျိ မိသားစုရဲ့ ကံကြမ္မာနတ်ဘုရားမြို့တော် လျှို့ဝှက်နယ်ပယ်ကို ခေါ်သွားပါ။ အဲဒါက သီးသန့်ဖြစ်ပြီး လုံခြုံပါတယ်။ သွားတော့။"
လီတိုင်ယွမ်သည် ပြတ်သားစွာ ခေါင်းညိတ်လိုက်ပြီး ဘေးအန္တရာယ်မှ ထွက်ပြေးနေသည့် ကြီးမားသော လူအုပ်ကြီးကို စုစည်းရန် ကောင်ကင်မဟာမိတ် ကျင့်ကြံသူများကို ဦးဆောင်သွားလေသည်။
မထွက်ခွာခင်။
သူက နောက်သို့လှည့်ကြည့်လိုက်မပြီး အထီးကျန်ပြီး ရိုသေကြောက်ရွံ့ဖွယ်ကောင်းသော ပုံရိပ်ကို စူးစိုက်ကြည့်လိုက်သည်။ သူက နှုတ်ခမ်းနီများကို ညင်သာစွာကိုက်ကာ တီးတိုးရေရွတ်လိုက်သည်။
"တကယ်လို့ ကျွန်မသာ ဒီတောရိုင်းမြေမှာ မွေးဖွားခဲ့ရင် ရှင့်နောက်ကိုလိုက်ဖို့ ကျွန်မ သေချာပေါက် ရွေးချယ်မိမှာပဲ။ ဒါပေမဲ့ ကံဆိုးချင်တော့ တကယ်လို့ ဆိုတာ မရှိဘူး..."
မျက်စိတစ်မှိတ်အတွင်း ရုတ်ရုတ်သဲသဲဖြစ်ရပ်များ ကောင်းကင်ပြည်နယ်ကို ဖြတ်သန်းသွားသည်။ သတင်းက အမြန်ပြန့်နှံ့သွားပြီး ဒဏ္ဍာရီလာ အချိန်-နေရာလွတ် ဓားသူတော်စင်ကကောင်းကင်ပြည်နယ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း အချိန်-နေရာလွတ်မြစ်က ကောင်းကင်ပြည်နယ်ကို ပိတ်ဆို့ထားသည့် မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့မြင်ရုံဖြင့် လူများ သိရှိသွားကြသည်။
သို့သော် လူတိုင်း အံ့အားသင့်သွားသည်မှာ သူဟာ အမှန်တကယ်ပင် ဓားတစ်ချက်တည်းနှင့် တောရိုင်းမြေကို ကောင်းကင်ပြည်နယ်မှ ခွဲထုတ်လိုက်ခြင်းပင်။
ဘယ်လောက်တောင် ရဲရင့်လိုက်သလဲ။
မူလက တောရိုင်းမြေနှင့် အချိန်-နေရာလွတ် ဓားသူတော်စင်ကို ရန်လိုခဲ့သော ကောင်းကင်ပြည်နယ် လူသားအချို့သည် ယခုအခါ အနည်းငယ် တွေဝေသွားကြသည်။
"သူက တကယ်ပဲ လူတွေပြောနေကြတဲ့ အာဏာပါးကွက်သားနဲ့ ရက်စက်တဲ့နတ်ဆိုးတစ်ကောင် ဟုတ်ရဲ့လား။ အဲဒါက တကယ်ဆိုရင် ဘာလို့ သာမန်ပြည်သူတွေနဲ့ အလယ်အလတ်ကနေ အောက်ခြေအဆင့် ကျင့်ကြံသူတွေကို ထွက်ပြေးဖို့ အချိန်လုံလောက်အောင် တမင်ပေးရတာလဲ။။"
"ငါ့နားနဲ့ ဆတ်ဆတ် ကြားလိုက်ရတယ်။ ဓားသူတော်စင်က ပြည်သူတွေ ဆင်းရဲဒုက္ခ ခံစားခဲ့ရတာ ကြာလွန်းပြီ။ ပြီးတော့ ငြိမ်းချမ်းတဲ့ခေတ်တစ်ခုကို ဖန်တီးဖို့ လူအုပ်ကြီးကို လောင်စာအဖြစ် အသုံးမပြုသင့်ဘူးလို့ ပြောခဲ့တယ်။"
"ငါတို့အားလုံး သူ့ကို အထင်လွဲနေခဲ့တာများလား။ ကောင်းကင်မဟာမိတ်အဖွဲ့က သူ့ကို ယုတ်မာတဲ့ လူကြမ်းတစ်ယောက်အဖြစ် တမင်တကာ ဖန်တီးထားတာလား။"
"မဖြစ်နိုင်ဘူး။ ငါတော့ မယုံဘူး။"
...
မုန့်ချင်ကျိုးက ပုစဉ်းရင်ကွဲတေးသံဓားကို ပွတ်သပ်ကာ တီးတိုး ပြောလိုက်သည်။
"မျိုးဆက်တိုင်းမှာ သူ့တာဝန်နဲ့သူ ရှိတယ်။ ဧကရာဇ်တစ်ပါးအနေနဲ့ ကျုပ်က လူတွေအများကြီးရဲ့ မျှော်လင့်ချက်တွေကို ထမ်းပိုးထားရတယ်။ လျို့ဝှက်ဓားသခင်၊ အတ္တကင်းမဲ့ဗုဒ္ဓ၊ ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်..."
"ခင်ဗျားတို့ရဲ့ဆန္ဒတွေကို ကျုပ် ဆက်လက် သယ်ဆောင်သွားမယ်။ ဒီတိုက်ပွဲမှာ ကျုပ် တစ်ယောက်တည်း မဟုတ်ဘူး။ ခင်ဗျားတို့အားလုံး ကျုပ်နဲ့အတူ ရှိနေတယ်။"
သူ စကားပြောပြီးသွားသည်။
အချိန်-နေရာလွတ်၏ ဓားအသိနှင့် ကပ်ဘေးစွမ်းအားတို့ ထွက်ပေါ်လာပြီး ကျယ်ပြန့်သွားလေသည်။
[အချိန်-နေရာလွတ်။ သမုဒ္ဒရာစီးကြောင်း]
[ဘေးအန္တရာယ်၊ ကပ်ဘေးနှင့် ကံဆိုးမှု၏ အမွေအနှစ်]
စိမ်းလန်းသော စိမ့်ညွန်တောတစ်ခု လေထဲမှ ရုတ်တရက်ပေါ်လာပြီး ကောင်းကင်ဂိုဏ်းများမှ ကျင့်ကြံသူ(၁၈)ခုဦးကို ၎င်းထဲသို့ ဆွဲသွင်းသွားလေသည်။ [ကပ်ဘေအမွေအနှစ်]အတွင်းရှိ သက်ရှိသတ္တဝါများက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များနှင့် ဝိညာဉ်များကို ကန့်သတ်ခံရရုံသာမက၊ တစ်လက်မလေးပင် ရွေ့လျားရန် ခက်ခဲစေရုံမျှမက သက်တမ်း၊ အသက်စွမ်းအင်၊ ကျင့်ကြံမှုနှင့် တာအိုအသီးအပွင့်များသည်လည်း စိမ့်ညွန်တော ဝါးမျိုခြင်းကို ခံရကာ မုန့်ချင်ကျိုးအတွက် အာဟာရနှင့် အထောက်အပံ့များအဖြစ် ပြောင်းလဲသွားလေသည်။
"ဒါက... ကပ်ဘေးနတ်ဘုရားရဲ့စွမ်းအားပဲ။ မင်းက ဒါကို ဘယ်လိုများ သုံးနိုင်တာလဲ။" ပဉ္စမမြောက် နန်းဆောင်သခင်ဖြစ်သော ရှန်ကွမ်းပီယွီသည် ဝင်ရောက်စွက်ဖက်ရန် ပြင်လိုက်စဉ် ရုတ်တရက် တစ်ခုခု မှားနေကြောင်း သတိပြုမိသွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။
ဝမ်ရွှင်က စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"ဟောင်တု ပျောက်ကွယ်သွားပြီး သေရေးရှင်ရေး အခြေအနေတစ်ခုကို ရောက်သွားတုန်းက ဂိုဏ်းချုပ် သတိထားနေခဲ့ပြီးပြီ။ အခုကြည့်ရတာတော့ တကယ့်ကို ပြဿနာကြီးကြီးမားမားတစ်ခု ရှိနေတဲ့ပုံပဲ။"
စကားပြောနေစဉ် ဝမ်ရွှင် အနည်းငယ် ရပ်တန့်သွားပြီးနောက် အေးစက်စွာ ပြောလိုက်သည်။
"မိသားစု(၄)ခု၊ မင်းတို့ အချိန်-နေရာလွတ် ဓားသူတော်စင်ရဲ့ခွန်အားကို အရင် အကဲဖြတ်သင့်တယ်။ ရှေ့ဆက်သွားလိုက်။"
အစကတည်းက ယုံကြည်မှုအပြည့်ရှိပြီး ပြည့်စုံသောပြင်ဆင်မှုများ ပြုလုပ်ထားသည့် ကောင်းကင် မဟာမိတ်အဖွဲ့ဝင်များသည်၊ ကပ်ဘေး၏စွမ်းအားကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင် လီတိုင်ယွမ် ဆိုလိုသည်ကို ချက်ချင်း နားလည်သွားကြလေသည်။ "အနိုင်ရဖို့ အခွင့်အရေးက ၃၀%ထက် နည်းတယ်" ဆိုသည်မှာ တကယ်တော့ အမှန်ဖြစ်ကြောင်း သူတို့ သိလိုက်သည်။
လင်းမိသားစု၏ ကောင်းကင်ထောက်တိုင် ဘိုးဘေးနှစ်ဦးသည် မချေပဘဲ မနေနိုင်ခဲ့ပေ။
"အချိန်-နေရာလွတ် ဓားသူတော်စင်မှာ သိသာထင်ရှားတဲ့ ပြဿနာ ရှိနေတယ်။ သူက မင်းတို့ကို တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူမယ့်အချိန်ကို စောင့်နေမယ့်အစား အားလုံး အတူတူ တိုက်ကြရအောင်။"
ဝမ်ရွှင်က အေးစက်စွာ ပြောလိုက်သည်။
"ငါတို့မှာ ကိုယ်ပိုင်အစီအစဉ်တွေ ရှိတယ်၊ ပြီးတော့ ဝင်စွက်ဖက်ဖို့က မင်းတို့ အလုပ် မဟုတ်ဘူး။"
…
...
ဂိုဏ်း(၁၈)ခုမှ ကောင်းကင်ထောက်တိုင်ကျင့်ကြံသူ (၁၀)ဦးသည် [ကပ်ဘေးအမွေအနှစ်]တွင် ပိတ်မိနေပြီး ရုန်းကန်နေရကာ ရုန်းကန်လေ ပို၍အားနည်းလေ ဖြစ်နေလေသည်။ သူတို့၏အထက်တွင် [ပင်လယ်လှိုင်းကြမ်း] မျောလွင့်နေပြီး အချိန်မရွေးတိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကာ ဒဏ်ရာရစေရန်သာ ဖြစ်သော်လည်း မသတ်ဖြတ်ပေ။
အခြားရွေးချယ်စရာ မရှိတော့သဖြင့် ကောင်းကင်ထောက်တိုင် (၁၀)ဦးသည် သူတို့၏ ကြီးမားသော အသက်စွမ်းအားကိုသာ အားကိုး၍ ခံနိုင်ရည်ရှိအောင် ကြိုးစားရပြီး အဖိုးတန် ဆေးလုံးအမျိုးမျိုးကို သူတို့၏ ပါးစပ်ထဲသို့ အဆက်မပြတ် ထည့်သွင်းနေကြသည်။
"ငါ့ရဲ့ အသက်စွမ်းအားနဲ့ ကျင့်ကြံမှုတွေ ဝါးမျိုခံနေရတယ်။ ငါ နားလည်သွညူပြီ။ အချိန်-နေရာလွတ် ဓားသူတော်စင်က အချိန်ဆွဲတဲ့စစ်ပွဲအတွက် ငါတို့ကို အရန်ဝိညာဉ်ကျောက်တုံးတွေလို အသုံးပြုချင်နေတာပဲ။"
"ချီးပဲ။ ကောင်းကင်စောင့်ကြည့်သူက သူ့ကို တစ်လျှောက်လုံး စောင့်ကြည့်နေခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ ဒီလိုအရေးကြီးတဲ့ အချက်အလက်ကို ဘယ်သူမှ မပြောခဲ့တာလဲ။ ကပ်ဘေးစွမ်းအားက နတ်ဘုရားတွေရဲ့ အာဏာပဲ။ လူတွေက အဲဒါကို ဘယ်လိုများ သုံးနိုင်တာလဲ။"
အများအားဖြင့် အစောပိုင်း သို့မဟုတ် အလယ်အလတ်အဆင့်များတွင်သာရှိသော ဂိုဏ်း(၁၈)ခုမှ ကျင့်ကြံသူများသည် သူတို့ကိုယ်တိုင် လွတ်မြောက်ရန် ခက်ခဲနေပြီး မျှော်လင့်ချက်မဲ့သည့် အခြေအနေတွင် ရှိနေကြလေသည်။
တိုက်ပွဲမတိုင်ခင်က သူတို့အားလုံး အချိန်-နေရာလွတ် ဓားသူတော်စင်ကို မည်သို့ အနိုင်ယူရမည်နှင့် ပတ်သက်၍ ယုံကြည်မှု အပြည့်ရှိနေခဲ့ကြသည်။ သို့သော် သူတို့ တကယ်တမ်း ရင်ဆိုင်ရသောအခါ သူတို့သည် တိုက်ခိုက်မှုတစ်ကြိမ်တည်းဖြင့် ချက်ချင်းဖျက်ဆီးခံရပြီး အရန်ဝိညာဉ်ကျောက်တုံးများအဖြစ် အသုံးပြုခံရသည်။
ချူရှီရန်၊ လုံမိသားစု၏ ဘိုးဘေးနှစ်ဦး၊ လင်းမိသားစု၏ ဘိုးဘေးနှစ်ဦးနှင့် လီယဲ့တို့သည် တစ်ဦးပြီး တစ်ဦး ရှေ့သို့ထွက်လာကြသည်။ အလွန်လွှမ်းမိုးနိုင်သော အရှိန်အဝါရှိသည့် အနက်ရောင်ဝတ်လူငယ်ကို ရင်ဆိုင်ရသောအခါ သူတို့ တုန်ရီသွားပြီး ကြောက်ရွံ့မှုကို အလိုအလျောက် ခံစားလိုက်ရသည်။
လီယဲ့၏အမူအရာက ရှုပ်ထွေးနေပြီး ပြောလိုက်သည်။ "ငါတို့ ဒီအခြေအနေထိ ရောက်လာပြီပဲ။ မင်းရဲ့ ရန်သူ ဘယ်တော့မှ မဖြစ်ချင်ပေမယ့် လီမိသားစုရဲ့အမြစ်တွေက ကောင်းကင်ပြည်နယ်မှာ ရှိပြီးတော့ ကောင်းကင်ကြည့်ဆောင်ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရှိတယ်။ ငါ့မှာ ရှေ့ကို ထွက်လာတာကလွဲပြီး ရွေးချယ်စရာ မရှိဘူး။"
"ခင်ဗျားက ဒီရေလှိုင်းထဲမှာ ပိတ်မိနေတာပါ။ ဒါက အပြစ်မဟုတ်ပါဘူး။" မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။
ချူရှီရန်က သူ၏သွေးနှင့်ချွေးများဖြင့် ကိုယ်တိုင်ပုံဖော်ထားသော လှံရှည်တစ်လက်ကို ကောက်ကိုင်ပြီး ပြောလိုက်သည်။ "မင်းကို သိခွင့်ရတာနဲ့ မင်းနဲ့အတူ တိုက်ခိုက်ခွင့်ရတာက ငါ့ဘဝရဲ့ ဂုဏ်ယူစရာတစ်ခုပါ။ အခု ငါ မင်းနဲ့ အသေအလဲတိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေပြီ။ မင်းရဲ့ဓားချက်နဲ့ ငါ သေဆုံးရမယ်ဆိုရင် အဲဒါက ငါ့ရဲ့ ဆန္ဒပါပဲ။ ဘယ်လို သနားညှာတာမှုမှ မပြပါနဲ့။ ငါ့ရဲ့ လေးစားမှုကိုပြသဖို့ အစွမ်းကုန် ကြိုးစားသွားပါမယ်။"
"ကောင်းပါပြီ။" မုန့်ချင်ကျိုးက တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
...
အပိုင်း(၃၄၇) ခန့်မှန်းချက် အမှန်ဖြစ်လာခြင်း၊ လူတိုင်းကို အံ့အားသင့်စေခြင်း
"တတိယမြောက်ခန်းမသခင်၊ အချိန်-နေရာလွတ် ဓားသူတော်စင် အသုံးပြုနေတဲ့ ကပ်ဘေးစွမ်းအားနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ။" ဆဋ္ဌမမြောက် နန်းဆောင်သခင် ဟုန်ယီ က မေးလိုက်သည်။
ဝမ်ရွှင်သည် [ကပ်ဘေးအမွေအနှစ်] ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"စစ်မှန်တဲ့ [ကပ်ဘေးအမွေအနှစ်]နဲ့ယှဉ်ရင် သိသိသာသာအားနည်းတဲ့ ပုံစံတစ်ခုပဲ။ အဲဒီလိုမှ မဟုတ်ရင် မုန့်ချင်ကျိုးရဲ့ခွန်အားနဲ့ဆိုရင် သူသာ [ကပ်ဘေးအမွေအနှစ်]ရဲ့ အပြည့်အဝပုံစံကို အသုံးပြုလိုက်တာနဲ့ ကောင်းကင်ထောက်တိုင်နယ်ပယ်ရဲ့ အစောပိုင်းနဲ့ အလယ်အလတ်အဆင့် ကျင့်ကြံသူတွေဟာ ခုခံနိုင်စွမ်း လုံးဝမရှိတော့ဘဲ ပြာအဖြစ် တိုက်ရိုက် ဝါးမျိုခံရလိမ့်မယ်။"
"ဒါက အချိန်-နေရာလွတ်ရဲ့ မဟာတာအိုနဲ့ ဆက်စပ်နေမယ်လို့ ငါ သံသယရှိတယ်။ ဘာပဲဖြစ်ဖြစ် သူက သမိုင်းတစ်လျှောက် အချိန်-နေရာလွတ် မဟာတာအိုရဲ့ ပထမဆုံး ကျင့်ကြံသူပဲလေ။ ဒီတာအိုမှာ ဘယ်လို အလားအလာတွေ ပါဝင်နေလဲဆိုတာကို လောကမှာ သူ့ကလွဲလို့ ဘယ်သူမှ မသိနိုင်ဘူး။"
"ပြီးတော့ သူက ပင်လယ်ကနတ်ဘုရားတွေ ရှာတွေ့မှာ ခံရမှာကို စိုးရိမ်လို့ ကောင်းကင်ပြည်နယ်ကို ပိတ်ဆို့ဖို့ ဒီလောက်အထိ အားထုတ်ခဲ့တာလို့ ငါထင်တယ်။"
ဆဋ္ဌမမြောက်နန်းဆောင်သခင် ဟုန်ယီသည် နှုတ်ခမ်းများကိုသပ်ကာ ယုတ်မာစွာ ပြုံးလိုက်သည်။
"နတ်ဘုရားတွေ သိသွားမှာကို ကြောက်နေတယ် ဆိုရင် သူတို့ကို အခုပဲ အသိပေးလိုက်မလား။"
ထိုစကားကို ကြားသောအခါ ဝမ်ရွှင်သည် ဟုယီကို အေးစက်စွာ တစ်ချက်ကြည့်ရုံသာပြုပြီး ပြန်ဖြေရန် ပျင်းရိနေလေသည်။
ရှန်ကွမ်းပီယွီက လှောင်ပြောင်လိုက်သည်။
"ရှုံးမယ်ဆိုတာကို အရမ်းသေချာနေလို့ နတ်ဘုရားတွေဆီ သစ္စာဖောက်ဖို့ ဒီလောက်တောင် စိတ်အားထက်သန်နေတာလား။ မုန့်ချင်ကျိုးကို သတ်နိုင်သရွေ့၊ သူ့ဆီကနေ အချိန်-နေရာလွတ် နိယာမတွေကို ဖယ်ရှားပစ်လို့ရတယ်၊။ ပြီးတော့ ဒီဝှက်ဖဲကို သုံးပြီး နတ်ဘုရားတွေကို ကိုင်တွယ်ဖြေရှင်းလို့ရတယ်။"
ကျင့်ကြံသူတစ်ယောက်က ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ရောက်သောအခါ သူတိုသည် အတွင်းအပြင် ပြောင်းလဲရန် လိုအပ်သည်။ တန်ခိုးရှင်စွမ်းအားဖြစ်စေ၊ တာအိုနိယာမဖြစ်စေ၊ အပြင်ဘက် ကမ္ဘာကို မှီခိုနေစရာ မလိုတော့ပေ။ ထိုအစား သူတိုက လောကရှိ တာအိုနိယာမတစ်စိတ်တစ်ပိုင်းကို ထုတ်ယူပြီး ကျင့်ကြံရန်အတွက် သူတို့၏ အတွင်းစကြဝဠာထဲတွင် ပျိုးထောင်နိုင်သည်။
အချိန်-နေရာလွတ် နိယာမအတွက်လည်း အတူတူပင်။ မုန့်ချင်ကျိုးကို သတ်နိုင်သရွေ့ သူ၏ အတွင်းပိုင်း စကြဝဠာထဲမှ အချိန်-နေရာလွတ်မြစ်ကို အလိုရှိသလို ခွာထုတ်ပစ်နိုင်၏။
"ဒါက အဓိပ္ပာယ် ရှိတယ်။" ဟုန်ယီ ခေါင်းညိတ်လိုက်ပြီး စကားပြောရန် စိတ်အားထက်သန်နေသည်။
"အဲဒီလိုဆိုရင် ဘာကို စောင့်နေတာလဲ။ အားလုံးအတူတူ အချိန်-နေရာလွတ် ဓားသူတော်စင်ကို အရင် သတ်ကြတာပေါ့။"
ဝမ်ရွှင်က ခေါင်းခါပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"အလောတကြီး မလုပ်ပါနဲ့။ သူက တခြားဝှက်ပ်တွေ ဖုံးကွယ်ထားတယ်လို့ ငါ ထင်တယ်။ အဲဒီတုန်းက ဒြပ်(၅)ပါးနတ်ဘုရားတွေက သူ့လမ်းကို ပိတ်ဆို့ခဲ့ပြီး နောက်ဆုံးမှာ သေသွားခဲ့ကြတယ်။ ငါ ထင်တာက..."
"သူက ဒြပ်(၅)ပါး နတ်ဘုရားတွေရဲ့ စွမ်းအားတွေကိုလည်း ခွာထုတ်သွားခဲ့လောက်တယ်။"
ထိုစကားကိုကြားသောအခါ ကောင်းကင်ကြည့်ဆောင် နန်းဆောင်သခင်အချို့ အံ့အားသင့်သွားကြသည်။
ဟုန်ယီသည် ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရပြီး၊ အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
"ဒီကိစ္စက တကယ်ကို ထူးဆန်းတာပဲ။ အချိန်-နေရာလွတ်ရဲ့ မဟာတာအိုက နတ်ဘုရားတွေကို သတ်ပစ်နိုင်တဲ့စွမ်းရည်ရှိလို့ ကောင်းကင်တာအိုက အဲဒါကို တားမြစ်ချက်အဖြစ် သတ်မှတ်ထားတာများလား။"
ဝမ်ရွှင်က ခေါင်းညိတ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"နတ်ဘုရားတွေရဲ့အာဏာဟာ ကောင်းကင်တာအိုကနေလာတာ ဖြစ်နိုင်တယ်။ ပြီးတော့လည်း အချိန်-နေရာလွတ်ရဲ့ မဟာတာအိုက ပြီးပြည့်စုံတဲ့ကမ္ဘာတစ်ခုကို ဖန်တီးဖို့အတွက် အခြေခံအခြေအနေတစ်ခု ဖြစ်တယ်။ အရင်တုန်းက ဒီလိုမျိုး မဖြစ်ဖူးဘူး။ ပြီးတော့ ဘယ်သူမှလည်း ဒီလိုမျိုး မစဉ်းစားခဲ့ဖူးဘူး။ အခု ငါ စဉ်းစားကြည့်တော့ မုန့်ချင်ကျိုးရဲ့ အတွင်းစကြဝဠာက ငါတို့နဲ့ ကွာခြားနေတာများလား။"
"သူ့ရဲ့အတွင်းစကြဝဠာက ပြီးပြည့်စုံပြီး အပြစ်အနာအဆာကင်းတဲ့ စကြဝဠာတစ်ခုများ ဖြစ်နေမလား။ အဲဒါကြောင့်မို့လို့ ဟောင်တုက သူ့ရဲ့ အတွင်းစကြဝဠာထဲကို ဝင်သွားတုန်းက အရိပ်အယောင်တောင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့တာပဲ။"
"ပြီးတော့ ဟောင်တုက အသက်ရှင်နေသေးပြီး ဒြပ်(၅)ပါး နတ်ဘုရားတွေ သေဆုံးသွားပြီဆိုပေမယ့် သူတို့ရဲ့ နတ်ဘုရားအဆင့်အတန်းက ကောင်းကင်တာအိုဆီကို ပြန်မရောက်သေးဘူးလို့ ဂိုဏ်းချုပ်က ငါ့ကို တစ်ခါက ပြောဖူးတယ်။ ဒီအပေါ်အခြေခံပြီး ခန့်မှန်းရရင် ဟောင်တုက သူ့ရဲ့အတွင်းစကြဝဠာ အထဲမှာ ရှိနေသေးပြီးတော့ ဒြပ်(၅)ပါးနတ်ဘုရားတွေ အသတ်ခံရတယ်၊ သူတို့ရဲ့ နတ်ဘုရားအဆင့်အတန်းကို သူ့ရဲ့ အတွင်းစကြဝဠာထဲ ယူဆောင်သွားလို့ ပြင်ပကမ္ဘာကနေ သီးခြားဖြစ်သွားပြီး ကောင်းကင်တာအိုက သူ့ကို ပြန်ယူဖို့ နည်းလမ်း မရှိတော့တာလို့ ငါတို့ ယူဆလို့ရတယ်။"
"တစ်နေ့နေ့ ကောင်းကင်တာအို အပြည့်အဝ နိုးထလာရင်တော့ တစ်မျိုးပေါ့။"
ဝမ်ရွှင်၏ ခွဲခြမ်းစိတ်ဖြာမှုအပြီးတွင် သူသည် မုန့်ချင်ကျိုး၏နောက်ခံကို အခြေခံအားဖြင့် သဘောပေါက် သွားလေသည်။ ၎င်းမှာ ကောင်းကင်ကြည့်ဆောင်၏ ထောက်လှမ်းရေး သတင်းများနှင့် နှစ်ထောင်ပေါင်းများစွာ အတွင်း သူစုဆောင်းထားခဲ့သော အသိပညာနှင့် ဉာဏ်ပညာတို့ကြောင့်ပင်။
...
...
လုံမိသားစု၏ ဘိုးဘေးနှစ်ဦးသည် ဇနီးမောင်နှံ ဖြစ်ပြီး နှစ်ဦးစလုံး အသက်ကြီးကာ ရှေးဟောင်းပုံစံ ဝတ်ဆင်ထားပြီး မှုန်မှိုင်းကာ အထီးကျန်နေပုံပေါက်လေသည်။
"လုံထျန်းချီ၊ လုံမိသားစုရဲ့ စတုတ္ထမျိုးဆက်ခေါင်းဆောင်နဲ့ လူသားဧကရာဇ်ခေတ်အဆုံးပိုင်းက ကျင့်ကြံသူ တစ်ယောက်။"
"လုံမိသားစုရဲ့ စတုတ္ထမျိုးဆက်ခေါင်းဆောင်ရဲ့ဇနီး၊ လူသားဧကရာဇ်ခေတ်နှောင်းပိုင်းက ကျင့်ကြံသူ တစ်ယောက်၊ ကျုံးကျန့်ရွှဲ့။"
သူတို့နှစ်ဦက အချင်းချင်း ဦးညွှတ်လိုက်ကြပြီး စောစောက လက်ချောင်း တစ်ချောင်းတည်းဖြင့် အသတ်ခံလိုက်ရသော လုံမိသားစု၏ မိခင်ကြီးကို မေ့သွားကြသကဲ့သို့ ဖြစ်နေသည်။
လင်းမိသားစု၏ဘိုးဘေး နှစ်ဦးကလည်း အလားတူပင်။ အချင်းချင်း နှုတ်ခွန်းဆက်ပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်ကြသည်။
"လင်းရော့ရှန်း။ လင်းမိသားစုရဲ့ နဝမမြောက်ဘိုးဘေး။"
"လင်းကျင်းချိုး။ လင်းမိသားစုရဲ့ ဒသမမြောက်ဘိုးဘေး။"
သူတို့က သားအဖ အနေဖြင့် ဘေးချင်းယှဉ်ပြီး တိုက်ခိုက်နေကြခြင်းပင်။ သူတို့ နှစ်ယောက်စလုံးက တစ်ယောက်ပြီး တစ်ယောက် "ကောင်းကင်ထောက်တိုင်" နယ်ပယ်ကို ရောက်ခဲ့သော်လည်း အလယ်အလတ် အဆင့်မှာပင် ရပ်တန့်နေခဲ့ကြသည်။
မုန့်ချင်ကျိုးက လူတစ်ဦးစီကို နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ခင်ဗျားတို့ကို ကျုပ် အခွင့်အရေးတစ်ခု ပေးမယ်။ ရွေးချယ်စရာ နှစ်ခု ရှိတယ်။"
"တစ်ယောက်ချင်း တိုက်မယ်ဆိုရင် ကျုပ်ရဲ့ ကျင့်ကြံမှုအဆင့်ကို ဖိနှိပ်ထားပြီးတော့ တရားမျှတစွာ တိုက်ခိုက်ပေးမယ်။"
"ခင်ဗျားတို့အားလုံး အတူတူလာမယ်ဆိုရင် ကျုပ်ရဲ့ အကောင်းဆုံးအခြေအနေမှာ ခင်ဗျားတို့နဲ့ အသေအလဲ တိုက်ခိုက်မယ်။"
ဘိုးဘေးလေးဦးသည် အချင်းချင်း ကြည့်လိုက်ကြပြီး အပြန်အလှန် အကဲခတ်လိုက်ကြသည်။
အချိန်အတော်ကြာပြီးနောက်။
ချူရှီရန်က ရှေ့သို့ထွက်လာပြီး ပြောလိုက်သည်။ "ငါလည်း တရားမျှတတဲ့ တစ်ယောက်ချင်း တိုက်ပွဲမှာ မင်းနဲ့ငါ့ကြားက ကွာခြားချက်ကို မြင်ချင်တယ်။"
ဆဋ္ဌမမြောက် နန်းဆောင်သခင် ဟုန်ယီက အပြစ်တင်လိုက်သည်။
"အားလုံး အတူတူတိုက်။ ဒီဆုံးဖြတ်ချက်ကို မင်းဘာသာချဖို့ ဘယ်သူက ခွင့်ပြုထားလို့လဲ။ မင်းတို့ရဲ့ သရုပ်ကို မမေ့ပါနဲ့။ အချိန်-နေရာလွတ် ဓားသူတော်စင်ရဲ့ ဝှက်ဖဲကို ထုတ်ပြလာအောင် တတ်နိုင်သမျှ ကြိုးစား။"
ချူရှီရန်က ဘေးတိုက် တစ်ချက်ကြည့်ကာ လှောင်ပြောင်လိုက်သည်။
"ငါတို့ အားလုံး သေရတော့မယ့်အတူတူ ဘာလို့ အရာရာတိုင်းမှာ မင်းစကားကို နားထောင်ရမှာလဲ။ မင်းက နောက်တစ်ခွန်း ထပ်ပြောရဲရင် ချူမိသားစုတစ်ခုလုံးကို မင်း သတ်ပစ်ပါစေဦး။ အချိန်-နေရာလွတ် ဓားသူတော်စင်နောက်ကို ငါ လိုက်ပြီး မင်းရဲ့ ကောင်းကင်ကြည့်ဆောင်ကို ချေမှုန်းပစ်မယ်။"
မိသားစု(၄)ခု၏ ဘိုးဘေးများအားလုံး စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ။
ဝမ်ရွှင်သည် ဟုန်ယီ၏ပခုံးကိုဖိချကာ မျက်လုံးများကို စူးစိုက်ကြည့်ပြီး သတိမထားဘဲ စကားမပြောရန် အချက်ပြသည့်အနေဖြင့် ခေါင်းကို အနည်းငယ်ခါယမ်းလိုက်ကာ၊ ထို့နောက်တွင် ချူရှီရန်ကို ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
"ကောင်းကင်ကြည့်ဆောင်မှာ လူသားဆန်မှုမရှိတာ မဟုတ်ပါဘူး။ မင်း ကြိုက်သလို လုပ်ပါ။"
ဟုန်ယီမှာ အခြားရွေးချယ်စရာ မရှိတော့သဖြင့် ဒေါသတကြီး နောက်ဆုတ်သွားရပြီး ချူရှီရန်ကို ဒေါသတကြီး စိုက်ကြည့်နေလေသည်။ ဤတိုက်ပွဲအပြီး အခြေအနေများ ငြိမ်သက်သွားသည်နှင့် တစ်ပြိုင်နက် ချူမိသားစုဝင် တစ်ယောက်မှ မလွတ်စေရဟု သူ တိတ်တဆိတ် ကတိပြုလိုက်သည်။ သူ၏ အလိုကို ဆန့်ကျင်ရဲသူတိုင်း ပေးဆပ်ရမည် ဖြစ်သည်။
...
...
ချူရှီရန်သည် လှံကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ ရယ်မောလိုက်သည်။
"ဓားသူတော်စင်... ငါ့ကို ဦးဆောင်ခွင့်ပြုပါ။ ဘိုးဘေးတုန်းမင်ရဲ့ အန္တိမပညာရပ်ကို မခံစားဖူးသေးဘူး မဟုတ်လား။"
"[ကောင်းကင်ခွဲပညာရပ် သုံးခု] နဲ့ [နတ်ဘုရားအသိ ခြောက်ခု] တွေနဲ့ ငါ မင်းကို တိုက်ခိုက်မယ်။"
မုန့်ချင်ကျိုးသည် ကျင့်ကြံမှုအဆင့်ကို ကောင်းကင်ထောက်တိုင်နယ်ပယ်၏ အလယ်အလတ်အဆင့်သို့ တိတ်တဆိတ် ဖိနှိပ်ထားလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ "လာခဲ့ပါ။"
ဖွတ်။
[သေစေနိုင်သောအားနည်းချက်၊ ဖွင့်]
ချူရှီရန်သည် နှလုံးသားပေါ်တွင် လက်သီးကို တင်းကျပ်စွာ ဆုပ်ထားလိုက်ရာ သူ၏နှလုံးသည် ဗုံတစ်လုံးကဲ့သို့ ခုန်ပေါက်နေပြီး သူ၏အရှိန်အဝါက တဖြည်းဖြည်း မြင့်တက်လာလေသည်။
ရုတ်တရက် သူ၏မျက်နှာ ဖြူရော်သွားပြီး အသက်စွမ်းအင် ရုတ်တရက် ကျဆင်းသွားသည်။
"ဟီးဟီး၊ ဒီတစ်ကြိမ်တော့ ငါ မလွတ်နိုင်တော့ဘူး၊ သေခြင်းတရားကတ်ကို တကယ် ဆွဲမိသွားတယ်။ အဲဒါက ကံဆိုးသလို ကံကောင်းတာပါပဲ။ ဘာပဲဖြစ်ဖြစ် ငါ သေရတော့မှာပဲဆိုတော့ ကိစ္စမရှိပါဘူး။" ချူရှီရန် ရယ်မောလိုက်သည်။
စကားလုံးများ ကျဆင်းသွားသည်။
ချူရှီရန် ည် လေထဲတွင် ခြေထောက်များကို ပြင်းပြင်းထန်ထန် ဆောင့်နင်းလိုက်ရာ သူ၏ပုံရိပ်သည် မြားတစ်စင်းကဲ့သို့ ရှေ့သို့ပစ်ထွက်သွားပြီး လှံကိုမြှောက်ကာ အလွန်ပင် ကျယ်ပြန့်ပြီး ကြီးမားသည့်ပုံစံဖြင့် ခေါင်းပေါ်သို့ ရိုက်ချလိုက်လေသည်။
[ကောင်းကင်ခွဲပညာရပ် ပထမပုံစံ - ကောင်းကင်ဖြတ်တောက်]
ရှုပ်ထွေးမှုကို ရိုးရှင်းအောင်ပြုလုပ်ခြင်း ဟူသော ရိုးရှင်းသည့်လှည့်ကွက်က သာမန်ဟု ထင်ရသော်လည်း ၎င်းတွင် လျှို့ဝှက်ချက်များ ဖုံးကွယ်ထားလေသည်။
ပေါက်ကွဲသံအချို့က ဖောက်ထွင်းသွားသည်။ အချို့က အလျားလိုက်၊ အချို့က တဝီဝီ မြည်နေသည်။ အားလုံးသည် ဤတစ်ချက်တည်းသော ပစ်ခတ်မှုတွင် ပေါင်းစပ်သွားသည်။ ၎င်းက အောက်သို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည့် တိုက်ခိုက်မှုတစ်ခုနှင့် တူသော်လည်း တကယ်တမ်းတွင် ၎င်းသည် ပတ်ဝန်းကျင်ဧရိယာ တစ်ခုလုံးကို လုံးဝပိတ်ဆို့ထားပြီး ပုန်းအောင်းစရာနေရာ မကျန်တော့ပေ။ တစ်ခုတည်းသော ရွေးချယ်စရာမှာ အံကြိတ်ပြီး တိုက်ခိုက်မှုကို တည့်တည့်ခံယူရန်သာ။
ချွင်။
မုန့်ချင်ကျိုးသည် ချူရှီရန်၏ အစွမ်းထက်သော အာဏာရှင်လှံ တိုက်ခိုက်မှုကို ဓားတစ်ချက်တည်းဖြင့် လွယ်ကူစွာ ကာကွယ်လိုက်လေသည်။ ထို့နောက် သူသည် သတ္တုစွမ်းအား ဖြစ်သော [လက်နက်အသွင်ပြောင်း] ဖြင့် ပြည့်နှက်နေသည့် ဓားတိုက်ခိုက်မှုတစ်ခုကို ပြုလုပ်လိုက်သည်။ ထက်မြက်သော သတ္တုက လေဟာနယ်ကို ဖောက်ထွင်းပြီး ချူရှီရန်၏ပခုံးကို ထိုးဖောက်သွားလေသည်။
"ဒါက... ရွှေစွမ်းအားလား။" ချူရှီရန်က မျက်လုံးပြူးကျယ်ကာ မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။
ကောင်းကင်ကြည့်ဆောင်မှ နန်းဆောင်သခင်အချို့၏ ခန္ဓာကိုယ်များသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားလေသည်။
ဝမ်ရွှင်က တီးတိုးရေရွတ်လိုက်သည်။
"ငါ ထင်ထားတဲ့အတိုင်းပဲ။ အချိန်-နေရာလွတ် ဓားသူတော်စင်ရဲ့ အတွင်းစကြဝဠာဟာ ပြီးပြည့်စုံတဲ့ စည်းမျဉ်းတွေပါရှိတဲ့ ကမ္ဘာတစ်ခုပဲ။"
တစ်ခဏမျှ နန်းဆောင်သခင်များသည် သူတို့၏ပါးစပ်များ ခြောက်သွေ့သွားသည်ကို ခံစားလိုက်ရပြီး မျက်လုံးများတွင် လောဘများ ပြည့်နှက်သွားကာ အမှောင်ညတွင် ဝံပုလွေများ၏ အစိမ်းရောင်မျက်လုံးများကဲ့သို့ ဖြစ်နေလေသည်။
...