အခန်း (၃၄၁-၃၄၂)
Vol. 35 Ch. 341-342
အခန်း (၃၄၁) ပါရမီရှင်ဆိုတာ ငါ့ကိုတွေ့ဖို့ တံခါးပေါက်လေးတစ်ခု သက်သက်ပါပဲ
"ဝုန်း..."
လူအုပ်ကြီး အချင်းချင်း ဆွေးနွေးပြောဆိုနေကြစဉ် ရုတ်တရက် အလွန် ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခုက လေဟာနယ် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေသည်။ အဝေးမှ တဖြည်းဖြည်း နီးကပ်လာပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် အလွန် စူးရှ တောက်ပသော အလင်းတန်း တစ်ခု ကောင်းကင်မှ ကျဆင်းလာသည်ကို တွေ့လိုက်ရလေသည်။
မြေပြင်ပေါ်သို့ တိုက်ရိုက် ကျရောက်လာပြီး ၎င်း၏ အရှိန်အဝါ ကြောင့် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် နောက်ဆက်တွဲ ဂယက်များက အရပ်လေးမျက်နှာ သို့ ပျံ့နှံ့ထွက်ပေါ်သွားရာ လူငယ် ရွှမ်တန်အဆင့် သိုင်းသခင် ဆယ်ယောက်ခန့်မှာ အလျင်စလို နောက်သို့ ဆုတ်ခွာလိုက်ကြရလေသည်။
အားလုံး၏ မျက်နှာပေါ်တွင် အံ့အားသင့် ထိတ်လန့်မှုများနှင့် ဒေါသထွက်မှုများ ရောယှက်နေပြီး ရောက်လာသူကို စူးစိုက်ကြည့်နေကြလေသည်။
သို့သော် တစ်ဖက်လူ၏ ကြောက်မက်ဖွယ် ကောင်းသော ဖိအားများကို ကြောက်ရွံ့သဖြင့် မည်သူကမျှ အသံထွက်၍ မဆဲဆိုရဲကြချေ။
ရောက်လာသူမှာ အခြားသူ မဟုတ်ဘဲ ချင်းထျန်းဂိုဏ်း၏ သူတော်စင်သားတော် ချူဟယ် ပင်ဖြစ်သည်။
သူသည် အရင်ကလိုပင် အလွန် မာနထောင်လွှား နေပြီး အကြည့်များက ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ရာ မည်သူ့ကိုမျှ မျက်လုံးထဲ ထည့်ထားခြင်း မရှိသည့်အလား အလွန် ရိုင်းပျစော်ကား လွန်းလှပေသည်။ လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တပ်ရပ်နေပြီး သူ၏ ပတ်ဝန်းကျင် ဆယ်ပေကျော်ခန့် အတွင်း မည်သူကမျှ အနီးသို့ မကပ်ရဲကြချေ။
ချူဟယ် ရောက်ရှိလာပြီးနောက် အခြားသော သိုင်းပါရမီရှင် များလည်း အဆက်မပြတ် ရောက်ရှိလာကြလေသည်။
ဟွမ်ဖူပုလင်း... ယွမ်ချူ... ယဲ့မိသားစု သခင်လေး နှင့် အခြားသော ဂိုဏ်းကြီးများမှ အတွင်းတပည့်များ အားလုံး အသီးသီး ထွက်ပေါ်လာကြလေသည်။ သူတို့သည်လည်း မိမိတို့၏ စွမ်းအားကို ပြသရန် အတွက် တစ်ယောက်ချင်းစီ၏ ဝင်ရောက်လာမှုမှာ အလွန် ထူးခြား ပြောင်မြောက် နေကြလေသည်။
ထိုအထဲတွင် အလွန် သာမန် ဖြစ်သည်ဟု ဆိုနိုင်သော တစ်ဦးတည်းသော သူမှာ ချီရွှယ်မိစ္ဆာသခင် ၏ အသိအမှတ်ပြုခြင်းကို ခံထားရသော လုကျဲယွင် သာ ဖြစ်လေသည်။
မကြာမီမှာပင် လူအုပ်ကြီး ထဲမှ အဖြူရောင် အလင်းတန်းလေး တစ်ခု လင်းလက်သွားပြီး အထူး ပြုလုပ်ထားသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ် မိန်းကလေး တစ်ယောက်က အလွန် တည်ငြိမ် အေးချမ်းသော မျက်နှာထားဖြင့် ထွက်ပေါ်လာလေသည်။ သူမ၏ တစ်ကိုယ်လုံး တွင်လည်း ဖြောင့်မတ် မှန်ကန်သော အရှိန်အဝါများ ပြည့်နှက်နေလေသည်။
ကျန်းချဲ့က တစ်ချက် လှမ်းကြည့်လိုက်ရုံဖြင့် ဤလူ၏ ကိုယ်ပိုင် လက္ခဏာကို ချက်ချင်း ခန့်မှန်း မိလိုက်လေသည်။
အနက်ရောင် ရုံးတော်၏ သိုင်းစာအုပ်ထဲတွင် နံပါတ်ခြောက် နေရာ၌ ရှိသော ပိုင်လု စာသင်ကျောင်းတော် မှ ကျန်းဖျင် ပင်ဖြစ်သည်။
လွန်ခဲ့သော နှစ်ရာပေါင်းများစွာ အတွင်း ပိုင်လု စာသင်ကျောင်းတော် မှာ တစ်နေ့တခြား အင်အား ဆုတ်ယုတ် လာခဲ့သော်လည်း နတ်ဘုရားဂိုဏ်းကြီး ငါးဂိုဏ်း ထဲမှ တစ်ခု အနေဖြင့် သူတို့၏ အခြေခံ အုတ်မြစ်မှာ အလွန် ကြောက်စရာ ကောင်းလှပေသည်။ ထို့ကြောင့် ကျန်းချဲ့ အနေဖြင့် ဤမိန်းကလေးကို လုံးဝ အထင်သေးခြင်း မရှိခဲ့ချေ။
မည်သို့ပင်ဆိုစေ ကွန်ဖြူးရှပ် ဂိုဏ်း၏ လမ်းစဉ် ဆိုသည်မှာ သူ့အတွက်တော့ အတော်လေး စိမ်းသက် နေသေးသည် မဟုတ်ပါလား။
"အမိတာဘာ..."
ဗုဒ္ဓဘာသာ တရားတော် ရွတ်ဆိုသံများ ထွက်ပေါ်လာပြီး မြေကြီးပေါ်မှ ရွှေရောင် ကြာပန်းများ ပွင့်ထွက်လာလေသည်။
ထိုနေရာရှိ လူအားလုံးနှင့် နှိုင်းယှဉ်ပါက နောက်ဆုံးမှ ရောက်ရှိလာသော ဆန်းကျန့် ဘုန်းကြီး၏ ဝင်ရောက်လာမှုမှာ အထင်ရှားဆုံးနှင့် အပေါ်လွင်ဆုံး ပင်ဖြစ်သည်။ အဖိုးတန် သင်္ကန်းကို ဝတ်ဆင်ထားပြီး ခြေဗလာဖြင့် လျှောက်လှမ်းလာရာ သူ ခြေလှမ်း တစ်လှမ်း လှမ်းလိုက်တိုင်း ခြေဖဝါးအောက်မှ ရွှေရောင် ကြာပန်းများ ထွက်ပေါ်လာပြီး သူ့ကို ပင့်ဆောင် ထားလေသည်။
သူ၏ ရုပ်ရည် သွင်ပြင် မှာလည်း သာမန် ဘုန်းကြီးများနှင့် လုံးဝ မတူညီဘဲ နှုတ်ခမ်းနီနီ သွားဖြူဖြူဖြင့် အလွန် ဖြူဖွေး ချောမော လွန်းလှပေသည်။ မျက်လုံးများက ကြယ်ရောင်များအလား တောက်ပနေပြီး ဦးခေါင်းထက်တွင် ရှင်ကျင့်ဝတ် အမာရွတ်ကိုးခု ပါရှိကာ အဝေးမှ ကြည့်လျှင် ဗုဒ္ဓနိုင်ငံတော်မှ လူ့ပြည်သို့ ဆင်းသက်လာသော သူတော်စင် ဘုန်းကြီး တစ်ပါးနှင့် အလွန် တူညီနေလေသည်။
ကျန်းချဲ့က သေချာ စူးစိုက်ကြည့်လိုက်သော အခါမှသာ ပတ်ဝန်းကျင်မှ ထွက်ပေါ်နေသော တရားရွတ်သံများ၏ အရင်းအမြစ် ကို တွေ့ရှိလိုက်ရလေသည်။
၎င်းမှာ ဆန်းကျန့် ဘုန်းကြီး၏ လည်ပင်းတွင် ဆွဲထားသော အဖြူရောင် ပုတီးစေ့များ ဆီမှ ထွက်ပေါ်နေခြင်း ပင်ဖြစ်သည်။ ထို ပုတီးစေ့များမှာ လူဦးခေါင်းခွံ လေးများနှင့် အလွန် တူညီနေပြီး အသက်ဝင် လှုပ်ရှားနေသည့် အလား ဗုဒ္ဓဘာသာ တရားတော် များကို အဆက်မပြတ် ရွတ်ဆို နေကြခြင်း ပင်ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ လူများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ဆန်းကျန့် ဘုန်းကြီးက အလွန် တည်ငြိမ်သော မျက်နှာထားဖြင့် ဘာစကားမှ မပြောဘဲ ရပ်နေလေသည်။
နေမွန်းတည့် ချိန်သို့ ရောက်ရှိလာလေပြီ။
သိုင်းပညာပြိုင်ပွဲ ကို ဝင်ရောက် ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသော ရွှမ်တန်အဆင့် သိုင်းသခင် များ အားလုံး ရှန့်ဟိုင် တောင်ထွတ် အောက်တွင် စုဝေး ရောက်ရှိ နေကြလေပြီ။ အရေအတွက် အားဖြင့် ဆိုလျှင် ရာဂဏန်း နီးပါးခန့် ရှိနေပြီး အားလုံးမှာ တောင်ပိုင်း မြောက်ပိုင်း အသီးသီးမှ လာရောက်ကြသော အလယ်ပိုင်းဒေသ ၏ သိုင်းပညာရှင် များ ပင်ဖြစ်သည်။
ပြောရမည် ဆိုလျှင် ဤနေရာတွင် ရှိနေသူ တစ်ယောက်မှ သာမန် လူ မဟုတ်ကြချေ။
မည်သူ့ကိုမဆို ပါရမီရှင် တစ်ယောက်ဟု ခေါ်ဆိုရန် အပြည့်အဝ ထိုက်တန် လေသည်။
လူတိုင်း စုံညီသွားသော အခါတွင်တော့ လာရောက် ကြည့်ရှု ကြသော မဟာသိုင်းသခင် ကြီးများ လည်း တဖြည်းဖြည်း နှင့် ထွက်ပေါ် လာကြလေသည်။ အကြီးအကဲချုပ် ချီထျန်းကျုံး... အခြားသော အင်အားကြီး မိသားစု များမှ မိသားစု ခေါင်းဆောင် ကြီးများ... တော်ဝင်နန်းတော် အနက်ရောင် ရုံးတော် မှ တမန်တော်ကြီး ချန်ချင်းဖန် နှင့် အခြားသော သူများ အားလုံး ပါဝင်လေသည်။
တစ်ချက် ကြည့်လိုက်ရုံဖြင့် ဤနေရာတွင် မဟာသိုင်းသခင် ကြီး အယောက် နှစ်ဆယ်ကျော်ခန့် စုဝေး နေကြပြီး ကောင်းကင်ယံ ထက်တွင် ကိုယ်စီ မတ်တပ် ရပ်နေကြကာ... အောက်ဘက်ရှိ သာမန် သိုင်းပညာရှင် များနှင့် အလွန် သိသာ ထင်ရှားသော ကွာဟမှု ကြီး တစ်ခုကို ဖြစ်ပေါ် စေလေသည်။
"ဒေါင်..."
ရုတ်တရက် အလွန် ကျယ်လောင် ခမ်းနားသော ခေါင်းလောင်း ထိုးသံ ကြီး တစ်ခုက လေဟာနယ် တစ်ခုလုံးတွင် ပဲ့တင်ထပ် သွားလေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် လောက တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက် သွားခဲ့ရလေသည်။
သောင်းနှင့်ချီသော လူအုပ်ကြီး က တပြိုင်နက်တည်း ခေါင်းမော့ ကြည့်လိုက်ရာ... ရှန့်ဟိုင် တောင်ထွတ် ၏ တိမ်ပင်လယ် ကြီး အလယ်မှ လမ်းကြောင်း တစ်ခု ပွင့်ထွက် လာပြီး ချည်ထည် ဝတ်ရုံ ကို ဝတ်ဆင်ထားသော လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ယောက် သည် လက်ထဲတွင် ရွှေရောင် ခေါင်းလောင်း ငယ်လေး တစ်ခုကို ကိုင်ဆောင် ကာ ကောင်းကင် မှ ဖြည်းညင်းစွာ ဆင်းသက် လာသည် ကို တွေ့လိုက်ရလေသည်။
ကြောက်မက်ဖွယ် ကောင်းသော ဖိအား ကြီး တစ်ခု ကြောင့် သောင်းနှင့်ချီသော ဧရိယာ အတွင်း လုံးဝ အပ်ကျသံ ပင် မကြားရ လောက်အောင် တိတ်ဆိတ် သွားခဲ့ရလေသည်။
'သိုင်းသူတော်စင် ပါလား...'
ကျန်းချဲ့ ၏ မျက်လုံးများ ကျဉ်းမြောင်း သွားလေသည်။ ရောက်လာသူ ၏ ကိုယ်ပေါ်မှ ချင်းဖုန်း တောင်တန်း တွင် ချင်းချင်း ဖွင့်လှစ် ခဲ့သော ကြေးဝါ တံခါးကြီး အတွင်းမှ ထွက်ပေါ် လာခဲ့သည့် အရှိန်အဝါ မျိုး နှင့် အလွန် ဆင်တူသော အရှိန်အဝါ ကြီး တစ်ခုကို သူ ကောင်းစွာ အာရုံခံ မိလိုက်လေသည်။ အတူတူ ပင် အလွန် ကြောက်စရာ ကောင်းလှပေသည်။
လူများကို တိုက်ရိုက် ကြည့်ရဲရန် ပင် ခက်ခဲ လွန်းလှပေသည်။
"ရှန့်ဟိုင် မြို့တော်ဝန် ကို ဂါရဝပြုပါတယ်..."
ချန်ချင်းဖန် က လက်ယှက် ကာ အလွန် ရိုသေ ကျိုးနွံသော အမူအရာ ဖြင့် အရိုအသေ ပေးလိုက်လေသည်။
သူ့နောက်တွင် ရှိနေသော အခြားသော မဟာသိုင်းသခင် ကြီးများ အားလုံး ကလည်း တပြိုင်နက်တည်း အရိုအသေ ပေးလိုက်ကြလေသည်။ တော်ဝင်နန်းတော် မှ အရာရှိ များ ဖြစ်စေ... အင်အားကြီး မိသားစု မှ ခေါင်းဆောင်များ ဖြစ်စေ... သို့မဟုတ် မိစ္ဆာဂိုဏ်း မှ အစွမ်းထက် သူများ ဖြစ်စေ...
ဤနေရာ တွင် မည်သူကမျှ အနည်းငယ်လေး ပင် ရိုင်းပျ စော်ကား ရဲခြင်း မရှိကြချေ။
သိုင်းသူတော်စင် ဆိုသည်မှာ လုံးဝ စော်ကား၍ မရနိုင်သော သူများ ပင်ဖြစ်သည်။
လောကကြီး ၏ အထွတ်အထိပ် သို့ ရောက်ရှိ နေသော သူများ အနေဖြင့် သိုင်းသူတော်စင် တိုင်း သည် ကောင်းကင် နှင့် မြေကြီး ကို ဖျက်ဆီး နိုင်သော စွမ်းအား များကို ကိုယ်စီ ပိုင်ဆိုင် ထားကြလေသည်။ ထို့အပြင် ရှန်ယွမ် မှာ သာမန် သိုင်းသူတော်စင် တစ်ယောက် မဟုတ်ဘဲ သိုင်းလောက တွင် အလွန် နာမည် ကြီးမား သော ပုဂ္ဂိုလ် ကြီး တစ်ယောက် ပင်ဖြစ်သည်။
မြို့တော် တစ်ခု ကို အုပ်ချုပ် ကာ နယ်မြေ တစ်ခု ကို သီးသန့် အုပ်စိုး နေသူ ပင်ဖြစ်သည်။
တော်ဝင်နန်းတော် ကပင် ရှန့်ဟိုင်မြို့ ၏ တည်ရှိမှု ကို မျက်ကွယ်ပြု ပေးထားရလေသည်။
ထို့အပြင် ရှန့်ဟိုင်မြို့ သည် သိုင်းလောက တွင် အမြဲတမ်း ကြားနေ အဖြစ် ရပ်တည် ခဲ့ရာ သာမန် အချိန်များ တွင် မည်သူ ကမျှ သူတို့ကို သွားရောက် ပြဿနာ ရှာရဲမည် မဟုတ်ချေ။
"ရှန့်ဟိုင် မြို့တော်ဝန် ကို ဂါရဝပြုပါတယ်..."
ရွှမ်တန်အဆင့် သိုင်းသခင် အများအပြား ကလည်း တပြိုင်နက်တည်း ခါးညွှတ် ကာ အရိုအသေ ပေးလိုက်ကြလေသည်။
အလွန် တည်ငြိမ် အေးချမ်းသော ဆန်းကျန့် ဘုန်းကြီး ဖြစ်စေ... အလွန် မာနထောင်လွှား သော ချူဟယ် ဖြစ်စေ... သိုင်းသူတော်စင် တစ်ပါး ၏ အရှေ့တွင် တော့ ယခင်က ကဲ့သို့ လုံးဝ မကြောက်မရွံ့ အမူအရာ မျိုး လုံးဝ မပြသ ရဲတော့ချေ။
ရှန်ယွမ် က ဘာစကား မှ ပြန်မပြောဘဲ အောက်ဘက်ရှိ လူအုပ်ကြီး ကို တစ်ချက် ငုံ့ကြည့် လိုက်ပြီး လက်ထဲရှိ ရွှေရောင် ခေါင်းလောင်း ငယ်လေး ကို ကောင်းကင်ယံ သို့ ပစ်တင် လိုက်လေသည်။
"လက်ဖက်ရည်တစ်ခွက်စာ အချိန် အတွင်း သိုင်းပညာပြိုင်ပွဲ လျှို့ဝှက်နယ်မြေ ထဲကို မဝင်နိုင်တဲ့ သူတွေ အားလုံး ပြိုင်ပွဲ ဝင်ခွင့် မရှိဘူး..."
စကားသံ ဆုံးသည် နှင့် ရွှေရောင် ခေါင်းလောင်း ငယ်လေး က အလိုအလျောက် လှုပ်ရှား သွားလေသည်။
အလွန် ကျယ်လောင်သော ခေါင်းလောင်း ထိုးသံ ကြီး တစ်ခု ထပ်မံ ထွက်ပေါ် လာလေသည်။
ကောင်းကင်လှေကားထစ် ၏ ထိပ်ဆုံး နေရာ တွင်...
ပေတစ်ရာကျော်ခန့် ကြီးမားသော တံခါးကြီး တစ်ခု က ဖြည်းညင်းစွာ ပွင့်ဟ လာလေတော့သည်။
နောက်တစ်စက္ကန့် တွင်...
ကြိုတင် တိုင်ပင် ထားသည့် အလား ကောင်းကင်လှေကားထစ် အောက်ရှိ ရွှမ်တန်အဆင့် သိုင်းသခင် အများစု သည် လှေကားထစ် ဆီသို့ တပြိုင်နက်တည်း ပြေးဝင် သွားကြပြီး အစွမ်းကုန် တက်လှမ်း ကြလေသည်။ သို့သော် လှေကားထစ် ပေါ်သို့ ခြေချ လိုက်သည် နှင့် တစ်ပြိုင်နက်...
ခါးများ ရုတ်တရက် ကိုင်းညွှတ် သွားပြီး အလွန် ကြီးမားလှသော ဖိအား ကြီး တစ်ခုကို ချက်ချင်း ခံစား လိုက်ကြရလေသည်။
သို့သော် ပတ်ဝန်းကျင်ရှိ အခြားသော သိုင်းပညာရှင် များကို ကြည့်ရင်း သွားကို ကြိတ်ကာ အတင်းအကျပ် ဆက်လက် တက်လှမ်း ကြလေသည်။
မျက်တောင် တစ်ခတ် အတွင်းမှာပင် လူအချို့ မှာ လှေကားထစ် ဆယ်ထစ် ကျော် အထိ ရောက်ရှိ သွားကြလေပြီ။
သို့သော် အထက် သို့ ရောက်လေလေ ဖိအား က ပိုမို ကြီးမား လာလေလေ ပင်ဖြစ်သည်။
ပထမဆုံး ပြေးတက် သွားသော ဟွမ်ဖူပုလင်း ၏ အရှိန် မှာ မျက်စိဖြင့် မြင်နိုင် လောက်အောင် သိသိသာသာ နှေးကွေး သွားသည် ကို လူတိုင်း ကောင်းစွာ တွေ့မြင် လိုက်ကြရလေသည်။ ဆက်လက် တက်လှမ်း နေဆဲ ဖြစ်သော်လည်း အလွန် အာရုံစိုက် ထားရကြောင်း ထင်ရှား လှပေသည်။
အချို့ က အရင်ဆုံး လှုပ်ရှား သွားသလို... အချို့ ကလည်း ဤ မြင်ကွင်း ကို အေးဆေးစွာ ရပ်ကြည့် နေကြလေသည်။
လုကျဲယွင်၊ ဆန်းကျန့် ဘုန်းကြီး၊ ကျန်းဖျင်၊ ချူဟယ် နှင့် အခြားသော သူများ အားလုံး သည် မိမိတို့ နေရာ တွင် မတ်တပ် ရပ်နေကြဆဲ ပင်ဖြစ်သည်။
"ဒီ မိတ်ဆွေ တွေ က မလှုပ်ရှား သေးဘူး ဆိုမှတော့ ကျုပ် ကပဲ အရင်ဆုံး စလိုက်ပါတော့မယ်..."
လုကျဲယွင် က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီးနောက်... သူ၏ ကိုယ်ပေါ်မှ အလွန် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါ များကို လုံးဝ ဖုံးကွယ် ထားခြင်း မရှိတော့ဘဲ အပြည့်အဝ ထုတ်လွှတ် လိုက်လေသည်။ သူ၏ ဤ အပြောင်းအလဲ ကြောင့် ဘေးပတ်ဝန်းကျင် ရှိ ပါရမီရှင် အချို့၏ မျက်နှာထား များ အလွန် လေးနက် သွားကြလေသည်။
ယခုအချိန် တွင် လုကျဲယွင် ၏ ရင်ထဲ၌ အလွန် စိတ်လှုပ်ရှား နေလေသည်။
နှစ်အနည်းငယ် ကြာအောင် ကျင့်ကြံ ခဲ့ပြီး အခြား သူများ၏ ကံကြမ္မာ အရင်းအမြစ် များကို အဆက်မပြတ် လုယူ ခဲ့ပြီးနောက်... နောက်ဆုံး တွင်တော့ သူ သည် သမိုင်း ကြောင်း ထဲရှိ အစစ်အမှန် ပြိုင်ဘက်ကင်း ပါရမီရှင် များနှင့် တစ်တန်းတည်း ရပ်တည် နိုင်ခဲ့ပြီ မဟုတ်ပါလား။ ဤကဲ့သို့သော ပျော်ရွှင် ကျေနပ် မှု မျိုး က ကောင်းကင် အထိ ပင် ထိုးဖောက် နေလေသည်။
လုကျဲယွင် ၏ ခန္ဓာကိုယ် က ရုတ်တရက် လှုပ်ရှား သွားပြီးနောက် မူလ နေရာ တွင် အဆက်မပြတ် ဖျောက်ဖျက် ၍ မရနိုင်သော အရိပ် များကို ချန်ရစ် ခဲ့လေသည်။
ထို့နောက် ကောင်းကင်လှေကားထစ် ပေါ်သို့ တိုက်ရိုက် တက်လှမ်း သွားလေသည်။ အခြားသော သိုင်းသခင် များ၏ လေးနက် နေသော မျက်နှာထား များနှင့် နှိုင်းယှဉ် ပါက သူ၏ မျက်နှာ မှာ အလွန် သက်သောင့်သက်သာ ရှိနေလေသည်။ မျက်တောင် တစ်ခတ် အတွင်းမှာပင် လူ အများစု ကို ကျော်ဖြတ် သွားခဲ့လေသည်။
ထို့အပြင် သူ၏ အရှိန် မှာ အမြဲတမ်း တစ်သမတ်တည်း ရှိနေလေသည်။
ပန်းခြံ အတွင်း လမ်းလျှောက် နေသည့် အလား အလွန် အေးဆေး လှပေသည်။
ကျန်းဖျင် ၏ မျက်မှောင် အနည်းငယ် ကျုံ့သွားပြီး ချက်ချင်း ပင် နောက်မှ လိုက်ပါ သွားလေသည်။ သူမ ၏ တစ်ကိုယ်လုံး မှ ဖြောင့်မတ် မှန်ကန်သော အရှိန်အဝါ များ ပျံ့နှံ့ ထွက်ပေါ် လာပြီး အလွန် လျင်မြန်သော အရှိန် ဖြင့် လုကျဲယွင် ၏ အနောက် သို့ လိုက်ပါ သွားလေသည်။
ဆက်လက်၍ ထျန်းကျန့်တောင် မှ ချန်ဖျင်၊ ဝူကျီ နန်းတော် မှ လီရွှမ်ကျန်း တို့ လည်း အချိန် ဆွဲမနေ တော့ချေ။
အလွန် မြန်ဆန်သော အရှိန် ဖြင့် ကောင်းကင်လှေကားထစ် ပေါ်သို့ တက်လှမ်း သွားကြလေသည်။
ချူဟယ် က ဘယ်ညာ သို့ တစ်ချက် လှည့်ကြည့် လိုက်ပြီး ဆန်းကျန့် ဘုန်းကြီး နှင့် ကျန်းချဲ့ တို့ကို အထင်သေး သော အမူအရာ ဖြင့် ပြောလိုက်လေသည်။
"ဘယ်လိုလဲ ငါတို့ အချင်းချင်း ပြိုင်ကြည့်ကြမလား..."
ဆန်းကျန့် ဘုန်းကြီး က ချူဟယ် ၏ စိန်ခေါ်မှု ကို လုံးဝ အဖက် မလုပ်ဘဲ ခြေတစ်လှမ်း ရှေ့သို့ တိုးလိုက် လေသည်။ ခြေဖဝါး အောက်မှ ရွှေရောင် ကြာပန်း များ ထပ်မံ ထွက်ပေါ် လာပြီး အခြားသော ပါရမီရှင် များ လှေကားထစ် ကို တက်လှမ်း ရသည့် အဆင့် ကို တိုက်ရိုက် ကျော်ဖြတ် သွားခဲ့လေသည်။
ရွှေရောင် ကြာပန်း များ အပေါ် တွင် နင်းလျှောက် ကာ ကောင်းကင်လှေကားထစ် ၏ အစီအရင် ဖိအား များကို တိုက်ရိုက် ခုခံ ပြီး အထက် သို့ တစ်လှမ်းချင်း စီ လျှောက်လှမ်း သွားလေသည်။ အဝေးမှ ကြည့်လျှင် ခြေဖဝါး အောက်မှ ကြာပန်းများ ပွင့်ထွက် နေသည့် အလား အလွန် အံ့မခန်း ဖြစ်နေလေသည်။
"ဟွန့်..."
ဆန်းကျန့် ဘုန်းကြီး ၏ လျစ်လျူရှု ခံလိုက်ရ သဖြင့် ချူဟယ် ၏ မျက်နှာ ချက်ချင်း မည်းမှောင် သွားပြီး အေးစက်စွာ နှာခေါင်းရှုံ့ လိုက်လေသည်။ ထို့နောက် တစ်ကိုယ်လုံး မှ အလွန် ပူပြင်း လောင်ကျွမ်း နေသော အရှိန်အဝါ များကို ထုတ်လွှတ် လိုက်ပြီး ဒူးနှစ်ဖက် ကို အနည်းငယ် ကွေးကာ အထက် သို့ အရှိန်အဟုန် ဖြင့် ခုန်တက် လိုက်လေသည်။
တစ်ချက် ခုန်လိုက် ရုံဖြင့် လှေကားထစ် ဆယ်ထစ် ကျော် ကို တိုက်ရိုက် ကျော်ဖြတ် သွားခဲ့ပြီး အရှိန် မှာ အလွန် ကြောက်စရာ ကောင်းလှပေသည်။
ကျန်းချဲ့ ကတော့ နောက်ဆုံး မှ လှုပ်ရှား သူ ဖြစ်လေသည်။ သူ၏ ရင်ထဲတွင် အခြားသော ရည်ရွယ်ချက် များ လုံးဝ မရှိဘဲ ဟန်ရေးပြ လိုခြင်း သက်သက်သာ ဖြစ်လေသည်။
စောစောက သူ ရောက်ရှိ လာချိန် တွင် အားလုံး ထဲတွင် သူ တစ်ယောက်တည်း သာ အလွန် ရိုးရှင်းစွာ ဖြင့် လမ်းလျှောက် လာခဲ့ခြင်း ပင်ဖြစ်သည်။ ယခုအခါ အလယ်ပိုင်းဒေသ ပြည်နယ် ဆယ့်နှစ်ခု လုံး မှ အထူးချွန်ဆုံး ပါရမီရှင် များနှင့် ရင်ဆိုင် နေရချိန် တွင်တော့ ကျန်းချဲ့ ၏ ရင်ထဲတွင် လည်း သူရဲကောင်း ပီသသော စိတ်ဓာတ် များ ပေါက်ဖွား လာခဲ့လေပြီ။
အမြဲတမ်း ဉာဏ်များ ပြီး အခြေအနေ ကို စောင့်ကြည့် တတ်သူ တစ်ယောက် ဖြစ်သော်လည်း သူ၏ ရင်ထဲတွင် လည်း ပူနွေး နေသော သွေးများ ရှိနေဆဲ ပင်ဖြစ်သည်။
ချူဟယ် ခုန်တက် သွားသည် နှင့် တစ်ပြိုင်နက် ကျန်းချဲ့ ကလည်း ခြေတစ်လှမ်း ရှေ့သို့ တိုးလိုက် လေသည်။ တစ်ကိုယ်လုံး မှ နဂါးဟိန်းသံ ကြီး တစ်ချက် ရုတ်တရက် ထွက်ပေါ် လာပြီး နောက်တစ်စက္ကန့် တွင်... ကျန်းချဲ့ ၏ ခန္ဓာကိုယ် က ရွှေရောင် အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲ သွားကာ ကောင်းကင်ယံ သို့ တိုက်ရိုက် ပျံတက် သွားလေတော့သည်။
အစစ်အမှန် နဂါး တစ်ကောင် အဖြစ်သို့ ပြောင်းလဲ သွားပြီး အရာအားလုံး ကို တိုက်ရိုက် ဖျက်ဆီး ပစ်လိုက်သည့် အလား ပင်ဖြစ်သည်။
မျက်တောင် တစ်ခတ် အတွင်း လှေကားထစ် ဆယ်ထစ် ကျော် ကို ကျော်ဖြတ် သွားပြီး အရှေ့တွင် အစွမ်းကုန် တက်လှမ်း နေကြသော သိုင်းပညာရှင် များကို တိုက်ရိုက် အမီ လိုက်သွား ခဲ့လေသည်။
ကျန်းချဲ့ ၏ ရုတ်တရက် ပေါက်ကွဲ ထွက်လာမှု က ထိုနေရာရှိ လူအားလုံး ၏ အာရုံစိုက် မှုကို ချက်ချင်း ဆွဲဆောင် သွားလေသည်။ မဟုတ်သေး... တိတိကျကျ ပြောရမည် ဆိုလျှင် အစောပိုင်း ကတည်းက ဤ ပြိုင်ဘက်ကင်း ပါရမီရှင် များ ၏ အားပြိုင်မှု ကို လူတိုင်း က အလွန် အာရုံစိုက် နေခဲ့ကြခြင်း ပင်ဖြစ်သည်။
ယခုအခါ ကျန်းချဲ့၊ ချူဟယ် နှင့် ဆန်းကျန့် ဘုန်းကြီး တို့ နောက်ဆုံး မှ လှုပ်ရှား သွားကြချိန် တွင်တော့ လူတိုင်း ၏ စိတ်ဝင်စား မှု က အထွတ်အထိပ် သို့ ရောက်ရှိ သွားခဲ့လေပြီ။
အောက်ဘက်ရှိ သောင်းနှင့်ချီသော လူအုပ်ကြီး မှာ တပြိုင်နက်တည်း အသံတိတ် သွားကြပြီး ကောင်းကင်လှေကားထစ် ပေါ်ရှိ လူရိပ် များကိုသာ အသက်ရှူ ရပ်မတတ် စူးစိုက် ကြည့်နေကြလေသည်။
"ဒီကောင်လေး က အရင်ကတည်းက ရင့်ကျက် တည်ငြိမ် လွန်းတယ် လို့ ထင်နေခဲ့တာ အခု ကြည့်ရသလောက်တော့ သူ က စောစောစီးစီး ဟန်ရေး မပြချင်လို့ နေမှာပါ..."
ချန်ချင်းဖန် က ဤ မြင်ကွင်း ကို ကြည့်ရင်း ပြုံးရွှင်စွာ ဖြင့် မှတ်ချက်ချ လိုက်လေသည်။
ကျိုးဖူကုန်း နှင့် ဆန်တင်းကျိုး တို့ ကလည်း ခေါင်းညိတ် ထောက်ခံ လိုက်ကြလေသည်။
"ကျန်းချဲ့ ရဲ့ အရှိန် ကို ကြည့်ရသလောက်တော့ သူ က ပထမဆုံး အနေနဲ့ ထိပ်ဆုံး ကို ရောက်မယ့် ပုံပဲ..."
"ဒါကိုတော့ အလွယ်တကူ ဆုံးဖြတ် လို့ မရသေးဘူး ချင်းထျန်းဂိုဏ်း က ချူဟယ် နဲ့ ဆန်းကျန့် ဘုန်းကြီး တို့က သာမန် လူတွေ မှ မဟုတ်တာ သူတို့ က ကျန်းချဲ့ ကို ဒီလောက် လွယ်လွယ်ကူကူ နဲ့ အပေါ်စီး ကနေ နေရာယူ ခွင့် ပေးမှာ မဟုတ်ဘူး..."
"ဒီတစ်ကြိမ် သိုင်းပညာပြိုင်ပွဲ က တကယ်ကို အရင်ကနဲ့ လုံးဝ မတူဘူး အရင်တုန်းက ဆိုရင် ရှန်ယွမ် ကိုယ်တိုင် ထွက်ပြီး ဖွင့်ပေးတာမျိုး မှ မရှိခဲ့တာ..."
"ဒါပေါ့..."
"အရင်တုန်းကတော့ ငါတို့ ဂိုဏ်း က ဖုန်းဟိုင် က ထိပ်တန်း ပါရမီရှင် လို့ ထင်နေခဲ့တာ အခု ကြည့်ရသလောက်တော့ သူ က အစစ်အမှန် ပြိုင်ဘက်ကင်း ပါရမီရှင် တွေ နဲ့ ယှဉ်ရင် အများကြီး ကွာဟ နေသေးတာပဲ..."
"ဟူး..."
လေဟာနယ် ထက်တွင် မတ်တပ် ရပ်နေကြသော မဟာသိုင်းသခင် ကြီး များ ဆီမှ ဆွေးနွေးသံ များ အဆက်မပြတ် ထွက်ပေါ် လာလေသည်။ ချီးကျူးသံ များ... သက်ပြင်းချသံ များ နှင့် အချို့ ကလည်း အလွန် နှမြောတသ ဖြစ်နေကြလေသည်။
ကျန်းချဲ့ ၏ ရုတ်တရက် ပေါက်ကွဲ ထွက်လာမှု ကို မြင်ပြီးနောက် ချူဟယ် တို့ ၏ မျက်လုံးများ ကျဉ်းမြောင်း သွားကြလေသည်။ ကျန်းချဲ့ က ဤမျှလောက် အထိ ဟိတ်ဟန် ကြီးမား လိမ့်မည် ဟု လုံးဝ ထင်မှတ် မထားခဲ့ကြချေ။ မျက်တောင် တစ်ခတ် အတွင်းမှာပင် ကျန်းချဲ့ က ချူဟယ် ကို တိုက်ရိုက် ကျော်ဖြတ် သွားခဲ့လေပြီ။
နဂါးတစ်ကောင် အလား ကောင်းကင်ယံ တွင် ပျံသန်း နေပြီး ဖျောက်ဖျက် ၍ မရနိုင်သော အရိပ် များကို ချန်ရစ် ခဲ့လေသည်။
သာမန် သိုင်းပညာရှင် များ အတွက် အလွန် ခက်ခဲသော ကောင်းကင်လှေကားထစ် မှာ ကျန်းချဲ့ ၏ အရှေ့တွင် တော့ လုံးဝ မရှိသည့် အလား ပင်ဖြစ်သည်။ ဤ မြင်ကွင်း က ပွဲလာကြည့် သော လူအများအပြား ကို အကြီးအကျယ် အံ့အားသင့် ထိတ်လန့် သွားစေခဲ့လေသည်။
"ဟွန့်..."
ချူဟယ် က အေးစက်စွာ နှာခေါင်းရှုံ့ လိုက်ပြီး တစ်ကိုယ်လုံး မှ စွမ်းအား များကို အစွမ်းကုန် ထုတ်လွှတ် လိုက်လေသည်။
အရှိန် က ရုတ်တရက် ထပ်မံ မြင့်တက် သွားပြီး ကျန်းချဲ့ ၏ အနောက် မှ အနီးကပ် လိုက်ပါ သွားလေသည်။ အရှိန် မှာ အတူတူ ပင် အလွန် ကြောက်စရာ ကောင်းလှပေသည်။
မျက်တောင် တစ်ခတ် အတွင်းမှာပင် ဆန်းကျန့် ဘုန်းကြီး အပါအဝင် သူတို့ သုံးယောက် စလုံး သည် အခြားသော ရွှမ်တန်အဆင့် သိုင်းသခင် အများစု ကို တိုက်ရိုက် ကျော်ဖြတ် သွားခဲ့ကြပြီး... အရင်ဆုံး ထွက်ခွာ သွားခဲ့သော လုကျဲယွင် တို့နှင့် အကွာအဝေး မှာလည်း အလွန် လျင်မြန်စွာ နီးကပ် လာလေတော့သည်။
ဤ မြင်ကွင်း ကို မြင်သောအခါ မည်သူကမျှ အနောက် တွင် ကျန်ရစ် ခဲ့ခြင်း ကို မလိုလား ကြတော့ချေ။
ကျန်းဖျင် ၏ အဖြူရောင် ဝတ်ရုံ လေး လေထဲတွင် လွင့်ခါ သွားပြီး လက်ထဲတွင် ကျောက်စိမ်း စာလိပ် တစ်ခု ရုတ်တရက် ထွက်ပေါ် လာလေသည်။ အရှိန် က ထပ်မံ မြင့်တက် သွားပြီး ချန်ဖျင် ၏ အနောက် မှ ထွက်ပေါ် နေသော ဓားမြည်သံ ကြီး နှင့်အတူ သူ၏ တစ်ကိုယ်လုံး ကို ဓားအလင်းတန်း များ ဖြင့် လွှမ်းခြုံ ထားကာ အရှေ့မှ ဖိအား များ အားလုံး ကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ခုတ်ပိုင်း ပစ်လိုက်လေသည်။
လီရွှမ်ကျန်း ၏ မျက်နှာထား အနည်းငယ် လေးနက် သွားပြီး သူ၏ အပြာရောင် တာအို ဝတ်ရုံ ပေါ်တွင် လျှပ်စီးတန်း များ အဆက်မပြတ် လင်းလက် သွားလေသည်။
သူ၏ အရှိန် မှာလည်း ချက်ချင်း မြင့်တက် သွားလေသည်။
လုကျဲယွင် က အနောက်သို့ တစ်ချက် လှည့်ကြည့် လိုက်ရာ အခြားသော သူများ အားလုံး ကိုယ်ပိုင် နတ်စွမ်းရည် များကို အသီးသီး အသုံးပြု နေကြသည် ကို တွေ့လိုက်ရ သဖြင့် ရင်ထဲတွင် အနည်းငယ် တင်းမာ သွားလေသည်။ ခြေဖဝါး အောက်မှ လေပြင်းများ တိုက်ခတ် လာသည့် အလား အရှိန် ကို ထပ်မံ မြင့်တင် လိုက်ပြီး အရှေ့ဆုံး တွင် ရောက်နေသော ဟွမ်ဖူပုလင်း ကို တိုက်ရိုက် ကျော်ဖြတ် သွားခဲ့လေသည်။
ကျန်းချဲ့၊ ချူဟယ် နှင့် အခြား သူများ အားလုံး ကလည်း အခြား သူများ၏ အနောက် တွင် ကျန်ရစ် ခဲ့ခြင်း ကို လုံးဝ မလိုလား ကြချေ။
အားလုံး က ကိုယ်ပိုင် စွမ်းအား များကို လုံးဝ ဖုံးကွယ် ထားခြင်း မရှိတော့ဘဲ ကောင်းကင်လှေကားထစ် အပေါ်တွင် အေးဆေးစွာ လမ်းလျှောက် နေသည့် အလား အရှိန်အဟုန် ဖြင့် ပြေးတက် နေကြလေသည်။
အရောင်အသွေး စုံလင်သော အလင်းတန်း ခုနစ်ခု က ကောင်းကင်လှေကားထစ် အပေါ်တွင် အဆက်မပြတ် ယှက်နွှယ် ထိတွေ့ နေကြပြီး တစ်ယောက် ကို တစ်ယောက် အပြိုင်အဆိုင် ကျော်တက် နေကြလေသည်။
ထိုအထဲတွင် အချို့ က မတော်တဆ ထိခိုက် မိသည့် အလား လက်ပါ ကာ အချင်းချင်း ခိုးကြောင်ခိုးဝှက် စမ်းသပ် တိုက်ခိုက် နေကြသေးလေသည်။
သူတို့ ခုနစ်ယောက် စလုံး တစ်ပြိုင်နက်တည်း အားထုတ် လိုက်ကြသဖြင့် အရင်ဆုံး ထွက်ခွာ သွားခဲ့ကြသော ဟွမ်ဖူပုလင်း၊ ယဲ့မိသားစု သခင်လေး တို့ကို မျက်တောင် တစ်ခတ် အတွင်းမှာပင် တိုက်ရိုက် ကျော်ဖြတ် သွားခဲ့ကြလေသည်။ ဤ မြင်ကွင်း ကို ကြည့်ရင်း သူတို့ အားလုံး ရင်ထဲတွင် အလွန် စိုးရိမ် ပူပန် နေကြသော်လည်း...
ယခုအခါ လှေကားထစ် ၏ တစ်ဝက်ခန့် ကို ရောက်ရှိ နေပြီ ဖြစ်ရာ ကောင်းကင်လှေကားထစ် မှ သက်ရောက် လာသော ဖိအား များမှာ အဆပေါင်းများစွာ ပိုမို ကြီးမား နေလေပြီ။
အကယ်၍ ကိုယ်ပိုင် လျှို့ဝှက် နည်းလမ်း များကို အသုံးမပြု ပါက သူတို့ ၏ အရှိန် ကို ထပ်မံ မြင့်တင် ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်တော့ချေ။
မကြာမီ မှာပင် သူတို့ အားလုံး က လုကျဲယွင် ကို ပြန်လည် အမီ လိုက်နိုင် သွားခဲ့ကြလေသည်။
ကျန်းချဲ့၊ ကျန်းဖျင်၊ ချူဟယ်၊ ဆန်းကျန့် ဘုန်းကြီး၊ ချန်ဖျင်၊ လီရွှမ်ကျန်း သူတို့ ခုနစ်ယောက် သည် တစ်တန်းတည်း ဖြစ်သွားကြပြီး အလွန် မြန်ဆန်သော အရှိန် ဖြင့် ထိပ်ဆုံး သို့ ဦးတည် တက်လှမ်း နေကြလေသည်။
ကောင်းကင်လှေကားထစ် ပေါ်တွင် အလယ်အလတ် အဆင့် လောက် ၌ ရောက်ရှိ နေသော ချီရှောက်ယန် သည် ဤ မြင်ကွင်း ကို ကြည့်ရင်း မျက်လုံးများ ထဲတွင် အလွန် ရှုပ်ထွေးသော အမူအရာ များ ပေါ်လွင် နေလေသည်။
သူ ကိုယ်တိုင် လည်း အစစ်အမှန် ပါရမီရှင် တစ်ယောက် ပင်ဖြစ်သည်။
နောင်တစ်ချိန် တွင် ရှန်ရှန်းအဆင့် မဟာသိုင်းသခင် ကြီး ဖြစ်လာရန် လုံးဝ သေချာ သလောက် ပင် ရှိနေလေသည်။
ကိုယ်တိုင် ကလည်း ထိပ်တန်း ဝိညာဉ် ခန္ဓာကိုယ် ကို ပိုင်ဆိုင် ထားပြီး ကျင့်ကြံခြင်း အရင်းအမြစ် များ ကိုလည်း အကန့်အသတ် မရှိ အသုံးပြု ခွင့် ရရှိထားသူ ပင်ဖြစ်သည်။
သို့သော် ကျန်းချဲ့ တို့လို လူတွေ နှင့် ယှဉ်လိုက် လျှင်တော့ လုံးဝ ကျော်ဖြတ် ၍ မရနိုင်သော ကွာဟမှု ကြီး တစ်ခု ရှိနေဆဲ ပင်ဖြစ်သည်။
ယခုအချိန် တွင် သူ၏ ခေါင်းထဲ၌ ရုတ်တရက် အတွေးတစ်ခု ပေါ်လာလေသည်။
ကောင်းကင်လှေကားထစ် ကို တက်လှမ်း ရန် အရည်အချင်း ပြည့်မီ သူ တိုင်း သည် အစစ်အမှန် ပါရမီရှင် များ ဖြစ်ကြပြီး အလွန် ကြောက်စရာ ကောင်းသော စွမ်းရည် များ ကိုယ်စီ ရှိနေကြသော်လည်း... သူတို့ အားလုံး သည် ကျန်းချဲ့၊ ချူဟယ် တို့လို အစစ်အမှန် ပြိုင်ဘက်ကင်း ပါရမီရှင် များနှင့် တစ်စင်တည်း တွင် ရပ်တည် ယှဉ်ပြိုင် နိုင်သော အခွင့်အရေး တစ်ခု ကိုသာ ရရှိထားခြင်း ဖြစ်သည် ဆိုသော အတွေး ပင်ဖြစ်သည်။
ဟုတ်ပါတယ်... အခွင့်အရေး တစ်ခု သက်သက် သာ ဖြစ်လေသည်။
ပါရမီရှင် ဆိုတာ သူတို့ကို တွေ့ဖို့ တံခါးပေါက်လေး တစ်ခု သက်သက်ပါပဲ...
သာမန် သိုင်းပညာရှင် များ အနေဖြင့် သူတို့ ၏ ကျောပြင် ကိုပင် မြင်တွေ့ နိုင်စွမ်း မရှိကြချေ။
ရင်ထဲရှိ ရှုပ်ထွေး နေသော အတွေးများကို အတင်းအကျပ် ဖိနှိပ် လိုက်ပြီး ချီရှောက်ယန် သည် အလွန် လေးနက်သော မျက်နှာထား ဖြင့် ကောင်းကင်လှေကားထစ် ကို ဆက်လက် တက်လှမ်း နေလေသည်။ သူ သည် ထိပ်ဆုံး သို့ အရင်ဆုံး ရောက်ရှိ ရန် လုံးဝ မရည်ရွယ် ထားသလို ဤ နေရာ တွင် သူ၏ စွမ်းအား များကို အကုန်အစင် ထုတ်သုံး ရန်လည်း လုံးဝ စိတ်ကူး မရှိချေ။
သူ သည် သူ၏ ကိုယ်ပိုင် အစီအစဉ် အတိုင်း သာ ဆက်လက် လုပ်ဆောင် ရန် ရည်ရွယ် ထားလေသည်။
ထိပ်ဆုံး ဆယ်နေရာ ဆိုသည်မှာ ရလျှင် ကံကောင်း သည်ဟု သတ်မှတ် မည် ဖြစ်ပြီး မရလျှင် လည်း ကံကြမ္မာ အတိုင်း ပင်ဖြစ်သည်။
သူ လုံးဝ အတင်းအကျပ် မျှော်လင့် နေမည် မဟုတ်သလို ကျန်းချဲ့ ကိုလည်း အတင်းအကျပ် လာရောက် ကူညီခိုင်း မည် မဟုတ်ချေ။
ယခုအချိန် တွင် ကျန်းချဲ့ တို့ ခုနစ်ယောက် သည် ကောင်းကင်လှေကားထစ် ၏ အထစ် ရှစ်ဆယ် ဝန်းကျင် သို့ ရောက်ရှိ နေကြပြီ ဖြစ်လေသည်။ ထို့အပြင် သူတို့ အားလုံး သည် အုပ်စု နှစ်စု အဖြစ် ကွဲထွက် သွားခဲ့ကြလေသည်။ ဒုတိယ အုပ်စု တွင် ကျန်းဖျင်၊ ချန်ဖျင်၊ လီရွှမ်ကျန်း နှင့် လုကျဲယွင် တို့ ပါဝင် လေသည်။
ပထမ အုပ်စု တွင်တော့ ကျန်းချဲ့၊ ချူဟယ် နှင့် ဆန်းကျန့် ဘုန်းကြီး တို့ သုံးယောက် ဖြစ်ပြီး တစ်တန်းတည်း ဖြစ်နေကြလေသည်။
သေချာသည် ကတော့ ဤသည်မှာ ကျန်းဖျင် တို့က ကျန်းချဲ့ တို့ သုံးယောက် ထက် အင်အား နိမ့်ကျ နေသည် ဟု ဆိုလိုခြင်း မဟုတ်ချေ။ အမှန်တကယ်တော့ သူတို့သာ အစွမ်းကုန် အားထုတ် မည် ဆိုပါက တစ်တန်းတည်း ရပ်တည် နိုင်စွမ်း ရှိကြလေသည်။ သို့သော် ကောင်းကင်လှေကားထစ် ဆိုသည်မှာ တံခါးပေါက် တစ်ခု သက်သက်သာ ဖြစ်လေသည်။
အစစ်အမှန် လျှို့ဝှက် နည်းလမ်း များကို ဤ နေရာ တွင် အကုန် ထုတ်သုံး လိုက်ပါက သိုင်းပညာပြိုင်ပွဲ အတွင်း တွင် ဘယ်လို လုပ်မည်နည်း။
ထို့အပြင် ကျန်းချဲ့၊ ချူဟယ် နှင့် ဆန်းကျန့် ဘုန်းကြီး တို့ သုံးယောက် စလုံး သည် အလွန် အေးဆေး တည်ငြိမ် နေကြသည် ကို ကြည့်ခြင်း အားဖြင့်...
သူတို့ သုံးယောက် တွင် လည်း အစွမ်းကုန် ထုတ်မသုံး ရသေးသော စွမ်းအား များ ရှိနေသေးကြောင်း ထင်ရှား လှပေသည်။
ထို့ကြောင့် သူတို့ အနေဖြင့် တမင်သက်သက် အပြိုင်အဆိုင် လုပ်နေရန် စိတ်ကူး မရှိကြတော့ချေ။
ကိုးဆယ် ထစ် မြောက် သို့ ရောက်ရှိ လာချိန် တွင်တော့ ကျန်းချဲ့ တို့ သည် အလွန် ရှင်းလင်း ပြတ်သားသော လျှို့ဝှက်နယ်မြေ ၏ ဝင်ပေါက် ကို ကောင်းစွာ မြင်တွေ့ နေရပြီ ဖြစ်ပြီး အတွင်းမှ ထွက်ပေါ် နေသော အလွန် သန့်စင်သည့် ဝိညာဉ် စွမ်းအင် များကို ပင် ကောင်းစွာ အာရုံခံ မိနေကြလေပြီ။
ဘေးဘက်သို့ တစ်ချက် လှည့်ကြည့် လိုက်ပြီးနောက် ကျန်းချဲ့ ၏ ခန္ဓာကိုယ် က ရုတ်တရက် အရှိန် ထပ်မံ မြင့်တက် သွားလေသည်။ အလားတူ ပင် ဆန်းကျန့် ဘုန်းကြီး နှင့် ချူဟယ် တို့ လည်း အချိန် ကိုက် ပင် အရှိန် ကို တပြိုင်နက်တည်း မြင့်တင် လိုက်ကြလေသည်။ သုံးယောက် စလုံး ၏ အရှိန် မှာ ချက်ချင်း မြန်ဆန် သွားလေသည်။
သို့သော် ထိုအချိန် တွင် ကျန်းချဲ့ ၏ ခန္ဓာကိုယ် ပေါ်၌ အကြေးခွံ များ အဆက်မပြတ် ထွက်ပေါ် လာပြီး သွေးကြော များ အားလုံး ဖောင်းကြွ လာကာ သူ၏ ခြေထောက် က လေထဲတွင် ကြာပွတ် တစ်ချောင်း အလား လှုပ်ရှား သွားပြီးနောက် အနောက်မှ အနီးကပ် လိုက်ပါ လာသော ချူဟယ် ၏ အပေါ်သို့ အရှိန်အဟုန် ဖြင့် ရိုက်ချ လိုက်လေတော့သည်။
"ဒိုင်း..."
ချူဟယ် အကြီးအကျယ် ဒေါသ ထွက်သွားပြီး အလျင်စလို ပြန်လည် ခုခံ လိုက်ရသဖြင့် ကျန်းချဲ့ ၏ တိုက်ခိုက်မှု ကိုတော့ ကာကွယ် နိုင်ခဲ့လေသည်။
သို့သော် ကာကွယ် နိုင်သည် ဆိုသော်လည်း ဤ တိုက်ခိုက်မှု ကြောင့် ချူဟယ် ၏ ခန္ဓာကိုယ် မှာ တစ်စက္ကန့် မျှ ရပ်တန့် သွားခဲ့ရပြီး အနောက်ဆုံး သို့ တိုက်ရိုက် ရောက်ရှိ သွားခဲ့လေသည်။ အရှေ့ တွင် ရှိနေသော ကျန်းချဲ့ ကတော့ ဆန်းကျန့် ဘုန်းကြီး နှင့် အတူတူ လှေကားထစ် ၏ ထိပ်ဆုံး သို့ တပြိုင်နက်တည်း ရောက်ရှိ သွားခဲ့လေတော့သည်။
အခန်း (၃၄၂) သိုင်းလျှို့ဝှက်နယ်မြေ၏ နံပါတ်တစ်... အုပ်စုဖွဲ့ သတ်ပွဲ
"ကျန်း ဒါယကာ တကယ်ကို ထူးခြားပြောင်မြောက်တဲ့ လက်စွမ်းပဲ"
ဆန်းကျန့်ဘုန်းကြီးက သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ကျန်းချဲ့ကို ပထမဆုံးအကြိမ် အလေးအနက်ထား ကြည့်လာလေသည်။ ထို့နောက် မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခုဖြင့် ဗုဒ္ဓဘာသာ တရားတော်ကို ရွတ်ဆိုလိုက်လေသည်။
မူလက ဆန်းကျန့်ဘုန်းကြီးသည် ကျန်းချဲ့ကို ထိုမျှလောက် အလေးမထားခဲ့ပေ။ ကျန်းချဲ့၏ နာမည်ကျော်ကြားလာမှုမှာ မြန်ဆန်လွန်းပြီး အခြေခံအုတ်မြစ် မခိုင်မာကြောင်း တွေးထင်ထားခဲ့သည်။ သူ၏ ဂုဏ်သတင်းများမှာ လူအများက မြှောက်ပင့်ပေးထားခြင်းသာ ဖြစ်ပြီး အလွန်ဆုံး အင်အားကြီးမိသားစုများမှ သခင်လေးများ အဆင့်လောက်သာ ရှိမည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် တကယ်တမ်း ထိပ်တိုက် ရင်ဆိုင်ကြည့်လိုက်ရသော အခါမှသာ ကျန်းချဲ့မှာ တကယ်ကို သာမန်မဟုတ်ကြောင်း သူ သဘောပေါက်သွားခဲ့လေသည်။
အစောပိုင်းက သူတို့သုံးယောက်သည် တစ်တန်းတည်း ရှိနေခဲ့ကြပြီး တစ်ယောက်က အရှိန်မြှင့်လိုက်သည်နှင့် ကျန်နှစ်ယောက်က အနောက်မှနေ၍ လျှို့ဝှက်စွာ တားဆီး တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ထိုသို့သော အခြေအနေမျိုးတွင်ပင် ကျန်းချဲ့သည် သူနှင့် တစ်ပြိုင်နက်တည်း ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့လေသည်။ ဤစွမ်းအားက သူ့ကို အလေးအနက်ထားလာစေရန် အပြည့်အဝ ထိုက်တန်နေပေပြီ။
ထို့အပြင် သူရရှိထားသော သတင်းများအရ ကျန်းချဲ့သည် ယခင်က အလွန်အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးတစ်ဦး ဝင်စားလာခြင်း ဖြစ်နိုင်ချေ အလွန်များပြားလေသည်။ ထိုကဲ့သို့သော သိုင်းပညာရှင်မျိုး ဆိုသည်မှာ သေချာပေါက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ပိုင်ဆိုင်ထားမည်သာ ဖြစ်သည်။
"မင်းလည်း မဆိုးပါဘူးကွာ"
ကျန်းချဲ့က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး အောက်ဘက်သို့ ငုံ့ကြည့်လိုက်လေသည်။
ကျန်းဖျင် လုကျဲယွင် နှင့် အခြားသူများ အားလုံးကလည်း အလွန်တိုတောင်းသော အချိန်အတွင်း ဒုတိယအသုတ် အဖြစ် ထိပ်ဆုံးသို့ တက်လှမ်းလာနိုင်ခဲ့ကြသည်။ ချူဟယ် ကတော့ ကျန်းချဲ့၏ ရုတ်တရက် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကြောင့် သူတို့ ခုနစ်ယောက်ထဲတွင် နောက်ဆုံးမှ ရောက်ရှိလာသူ ဖြစ်သွားခဲ့လေသည်။
"ကျန်းချဲ့ မင်း သေလမ်းရှာနေတာပဲ"
ချူဟယ်၏ မျက်နှာပေါ်တွင် လူသတ်ငွေ့များ အပြည့်ဖြင့် ကျန်းချဲ့ကို စူးစိုက်ကြည့်နေလေသည်။
"မင်းလိုကောင်ကလည်း ဒီလောက်ပါပဲကွာ"
ကျန်းချဲ့က သူ့ကို တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။ မျက်လုံးများထဲတွင် ခံစားချက်ကင်းမဲ့နေပြီး အထင်သေး လှောင်ပြောင်မှုများ ပြည့်နှက်နေလေသည်။
တစ်ပါးသူက သူ့ကို တစ်ပေ လေးစားလျှင် သူက တစ်တောင် ပြန်လည် လေးစားမည်။ ဤသည်မှာ ကျန်းချဲ့၏ ဘဝခံယူချက် ပင်ဖြစ်သည်။ သို့သော် ချူဟယ် ကဲ့သို့သော ကောင်မျိုးကိုတော့ လုံးဝ လေးစားနေစရာ မလိုချေ။
"ကောင်းပြီလေ မင်း ခုလေးတင် ပြောလိုက်တဲ့ စကားအတွက် သေချာပေါက် နောင်တရစေရမယ်"
ချူဟယ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ တစ်ကိုယ်လုံးမှ လူသတ်ငွေ့များက လက်ဆုပ်လက်ကိုင် ပြုနိုင်လောက်သည့် အထိ သိပ်သည်းနေလေပြီ။ အကယ်၍ အချိန်အခါ မသင့်တော်၍သာ ဖြစ်သည်။ မဟုတ်ပါက အစောပိုင်းက တိုက်ခိုက်ခံရမှု အတွက် သူ လုံးဝ တွေဝေနေမည် မဟုတ်ဘဲ ချက်ချင်း လက်တုံ့ပြန်ပြီး ဖြစ်လိမ့်မည်။
"ဒီလို စကားမျိုးကို ငါ ခဏခဏ ကြားဖူးပါတယ်ကွာ ဒါပေမဲ့ ချွင်းချက်မရှိ နောင်တရသွားကြတာ သူတို့ချည်းပဲ"
ကျန်းချဲ့က ပြန်လည် တုံ့ပြန်လိုက်လေသည်။
"ဟွန့်"
ချူဟယ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။
လူခုနစ်ယောက်စလုံး မိမိတို့၏ နေရာ အသီးသီးကို ကိုယ်စီ ယူထားလိုက်ကြပြီး တစ်ယောက်နှင့် တစ်ယောက် အလွန် ရှင်းလင်း ပြတ်သားသော အကွာအဝေးများ ရှိနေကြလေသည်။ သူတို့၏ အရှိန်အဝါများကလည်း လေဟာနယ်ထဲတွင် အချင်းချင်း အားပြိုင်နေကြ၏။ ယခုအချိန်တွင် ထိပ်ဆုံးဆယ်နေရာကို လုယူရန် သူတို့ ခုနစ်ယောက်သာ တစ်တန်းတည်း ရှိသော ပြိုင်ဘက်များ ဖြစ်ကြောင်းကို အားလုံး ကောင်းစွာ နားလည် သဘောပေါက် နေကြလေပြီ။
အောက်ဘက်တွင် ကျန်ရစ်နေသော အခြားသူများထဲတွင် မိမိတို့၏ စွမ်းအားကို လျှို့ဝှက် ဖုံးကွယ်ထားသူများ ရှိနေနိုင်သော်လည်း သူတို့ ခုနစ်ယောက်နှင့် ယှဉ်လျှင်တော့ သေချာပေါက် ကွာဟမှု ရှိနေမည်သာ ဖြစ်သည်။ ဤအချက်ကိုတော့ လူတိုင်းက တူညီစွာ လက်ခံထားကြလေသည်။
ကျန်းချဲ့တို့ ခုနစ်ယောက်သည် အသက်ရှူ အကြိမ်ရေ ဆယ်ဂဏန်းခန့် အတွင်းမှာပင် ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့ပြီးနောက် အောက်ဘက်ရှိ ကောင်းကင်လှေကားထစ် ပေါ်တွင်တော့ လူရိပ်များစွာက အစွမ်းကုန် တက်လှမ်း နေကြဆဲ ပင်ဖြစ်သည်။ အမြန်ဆုံး သူပင်လျှင် လှေကားထစ် ခုနစ်ဆယ် ဝန်းကျင်သို့သာ ရောက်ရှိသေးလေသည်။ ထို့အပြင် သူတို့၏ အရှိန်မှာ တဖြည်းဖြည်း နှေးကွေးလာနေရာ ကွာဟမှုမှာ အလွန် ကြီးမားလှကြောင်း ထင်ရှားနေလေသည်။
အနှေးကွေးဆုံး သူများဆိုလျှင် ယခုတိုင် လှေကားထစ် အစိတ် သုံးဆယ် ခန့်တွင်သာ ပိတ်မိနေကြဆဲ ပင်ဖြစ်သည်။ လက်ဖက်ရည်တစ်ခွက်စာ အချိန် ဆိုသည်မှာ လူတစ်ဝက် နီးပါးကို ပြိုင်ပွဲဝင်ခွင့် ဆုံးရှုံးသွားစေရန် လုံလောက်နေပေပြီ။
ယခုအချိန်တွင် လုကျဲယွင် နှင့် အခြားသူများ၏ အကြည့်များက ကောင်းကင်လှေကားထစ် ၏ ထိပ်ဆုံး နေရာအနီးရှိ အနက်ရောင် ကျောက်တိုင်ကြီး တစ်ခုအပေါ်သို့ ကျရောက်သွားကြလေသည်။ ထိုကျောက်တိုင်ကြီး ပေါ်တွင် နံပါတ်တစ်မှ နံပါတ်ဆယ် အထိ နာမည်များကို အတန်းလိုက် ရေးထိုး မှတ်တမ်းတင် ထားလေသည်။
ဤကျောက်တိုင်သည် မည်သည့်အရာ ဖြစ်ကြောင်းကို သူတို့အားလုံး ကောင်းစွာ သိရှိထားကြလေသည်။ ယခင်က ကျင်းပခဲ့သော သိုင်းပညာပြိုင်ပွဲများတွင် ထိပ်ဆုံး ဆယ်နေရာ ဝင်ခဲ့သူတိုင်း ဤနေရာ၌ ရှန့်ဟိုင်မြို့၏ နာမည် ရေးထိုး မှတ်တမ်းတင်ခြင်းကို ခံခဲ့ကြရလေသည်။ ထိုအချိန်မှ စတင်ကာ လောကတစ်ခွင်လုံး တွင် နာမည်ကျော်ကြား သွားခဲ့ကြခြင်း ပင်ဖြစ်သည်။ ကောင်းကင်လှေကားထစ် ကို တက်လှမ်းပြီး သန့်စင်သော ကျောက်တိုင်တွင် နာမည် ရေးထိုးခွင့် ရရှိခြင်းမှာ အလယ်ပိုင်းဒေသ ရှိ လူငယ် သိုင်းပညာရှင်တိုင်း၏ အကြီးမားဆုံးသော အိမ်မက်ကြီး တစ်ခု ပင်ဖြစ်သည်။
အောက်ဘက်တွင်တော့ ကျန်းချဲ့တို့ ခုနစ်ယောက် အလွန် လျင်မြန်စွာ ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့သဖြင့် ချက်ချင်းပင် အလွန် ဆူညံ ပွက်လောရိုက် သွားခဲ့လေပြီ။ လူတိုင်းက ဤမြင်ကွင်းအတွက် အကြီးအကျယ် အံ့အားသင့် ထိတ်လန့် နေကြလေသည်။
အခြားအကြောင်းပြချက် မရှိချေ။ သူတို့၏ အရှိန်မှာ မြန်ဆန်လွန်း နေသောကြောင့် ပင်ဖြစ်သည်။ ယခင်က ကျင်းပခဲ့သော သိုင်းပညာပြိုင်ပွဲများတွင် အလွန် လျင်မြန်စွာ ထိပ်ဆုံးသို့ ရောက်ရှိသွားသူများ မရှိခဲ့သည်တော့ မဟုတ်ပေ။ သို့သော် အနည်းဆုံးတော့ အသက်ရှူ အကြိမ်ရေ ရာဂဏန်းခန့် အချိန်ယူခဲ့ကြရလေသည်။ သို့သော် သူတို့ ခုနစ်ယောက် ကတော့ ဘယ်လိုလဲ။ ကျန်းချဲ့၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကြောင့် ခြေတစ်လှမ်း နောက်ကျသွားခဲ့ရသော ချူဟယ် ပင်လျှင် အသက်ရှူ အကြိမ်ရေ ခြောက်ဆယ်ခန့် အတွင်း ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့လေသည်။
ဤသည်မှာ မည်သို့သော အဓိပ္ပာယ်မျိုးနည်း။ ၎င်းမှာ ကျန်းချဲ့ ချန်ဖျင် အစရှိသော ထိုခုနစ်ယောက်ထဲမှ မည်သူမဆို ယခင်က ကျင်းပခဲ့သော သိုင်းပညာပြိုင်ပွဲများတွင် သွားရောက် ယှဉ်ပြိုင်မည် ဆိုပါက သူရဲကောင်း အားလုံးကို ဖိနှိပ်ကာ သိုင်းပညာပြိုင်ပွဲ ၏ နံပါတ်တစ် နေရာကို ရယူနိုင်စွမ်း ရှိသူများ ဖြစ်ကြောင်း သက်သေပြနေလေသည်။
"ဒီခုနစ်ယောက်က တကယ်ကို အစွမ်းထက်လွန်း နေပါလား"
မဟာသိုင်းသခင်ကြီး တစ်ယောက်က သက်ပြင်းချကာ ပြောလိုက်လေသည်။ သူ၏ ယခင် ငယ်ဘဝကို ပြန်လည် မြင်တွေ့နေရသည့် အလား ပင်ဖြစ်သည်။
မဟုတ်သေး... ယခင်က သူ့ကိုယ်သူ ဆိုလျှင်ပင် ဤမျှလောက် တိုတောင်းသော အချိန်အတွင်း ထိပ်ဆုံးသို့ ရောက်ရှိနိုင်မည် မဟုတ်ချေ။ လှေကားထစ် ၏ အစီအရင် ဖိအားများကို လုံးဝ လျစ်လျူရှု ထားနိုင်ခဲ့သည် မဟုတ်ပါလား။ အကယ်၍ ရှန့်ဟိုင် မြို့တော်ဝန် သာ ဤနေရာတွင် ရှိမနေခဲ့လျှင် ကောင်းကင်လှေကားထစ် ၏ အစီအရင်များ ပျက်စီးသွားပြီဟုပင် သူတို့ ထင်မှတ်မိကြမည်မှာ အသေအချာ ပင်ဖြစ်သည်။
"သူရဲကောင်းတွေ တစ်နေရာတည်းမှာ စုဝေးပြီး ပါရမီရှင်တွေ တပြိုင်နက်တည်း ထွက်ပေါ်လာကြတယ် ခေါက်ရှန်း နတ်မင်းကြီး ပြောတာ မမှားဘူး ကြီးမားတဲ့ အပြိုင်အဆိုင် ခေတ်ကြီး ရောက်လာတော့မယ်"
ကျိုးဖူကုန်း ၏ မျက်နှာထား လေးနက်သွားပြီး ယခင်က ခေါက်ရှန်း နတ်မင်းကြီး ၏ သက်ပြင်းချသံကို ပြန်လည် သတိရသွားလေသည်။
"လွန်ခဲ့တဲ့ နှစ်နှစ်ရာတုန်းက ကျုပ်လည်း ထိပ်ဆုံးကို ရောက်ခဲ့ဖူးတယ် ဟား အသက်ရှူ အကြိမ်ရေ တစ်ရာ့ခြောက်ဆယ်တောင် အချိန်ယူခဲ့ရတာ ဒီခုနစ်ယောက်ကတော့ သိုင်းသူတော်စင် ဖြစ်လာမယ့် အရည်အချင်းတွေ ကိုယ်စီ ရှိနေကြတာပဲ"
ဆန်တင်းကျိုး က တိုးညှင်းစွာ ပြောလိုက်လေသည်။
"အခု ကျုပ် မျှော်လင့်တာကတော့ ကျန်းချဲ့ ထိပ်ဆုံး ရောက်ဖို့ပဲ မဟုတ်ရင် နောက်ပိုင်း သိုင်းအဆင့် သတ်မှတ်ချက် စာရင်း ထွက်လာတဲ့အခါ တော်ဝင်နန်းတော် မျက်နှာ အကြီးအကျယ် ပျက်ရလိမ့်မယ်"
ချန်ချင်းဖန် က ခေါင်းယမ်းလိုက်လေသည်။ ဤတစ်ကြိမ်သာ သူက ကျန်းချဲ့ကို မရှာဖွေနိုင်ခဲ့လျှင် ထိပ်ဆုံးသို့ ရောက်ရှိရန် ဆိုသည်မှာ ဝေလာဝေး ဝူချွမ် တို့လို လူများအနေဖြင့် ထိပ်ဆုံး ဆယ်နေရာ ကိုပင် လုယူရန် အရည်အချင်း ရှိမည် မဟုတ်ချေ။
သို့သော် ထိုသို့ ဖြစ်လျှင်တောင် အချိန်ကျလာပါက ခေါက်ရှန်း နတ်မင်းကြီး သည် သိုင်းအဆင့် သတ်မှတ်ချက် စာရင်းကို ထုတ်ပြန်ကာ လောကတစ်ခွင်မှ ပါရမီရှင်များကို အဆင့်သတ်မှတ် မည်သာ ဖြစ်လေသည်။ ယခုအခါ တွင်တော့ မျက်နှာ အနည်းငယ် ကယ်ဆယ် နိုင်ခဲ့ပြီ ပင်ဖြစ်သည်။
"ဒီတစ်ကြိမ် မင်းက အကြီးအကျယ် မျက်နှာရသွားတာပဲ နတ်မင်းကြီး သာ ဒီမြင်ကွင်းကို မြင်လိုက်ရရင် သေချာပေါက် အရမ်း ဝမ်းသာသွားမှာပဲ"
ကျိုးဖူကုန်း က ဝင်ရောက် ထောက်ခံလိုက်လေသည်။
"တော်လိုက်တဲ့ ကောင်လေးကွာ"
ချီထျန်းကျုံး က ကျန်းချဲ့ နှင့် တာ့လေ့ယင် ဘုန်းကြီးကျောင်း မှ ဆန်းကျန့် ဘုန်းကြီး တို့ တစ်ပြိုင်နက်တည်း ထိပ်ဆုံးသို့ ရောက်ရှိကာ ကောင်းကင်လှေကားထစ် ၏ နံပါတ်တစ် နေရာကို ရယူနိုင်ခဲ့သည်ကို မြင်သောအခါ ချက်ချင်း အလွန် ဝမ်းသာ ပျော်ရွှင်သွားပြီး မျက်နှာပေါ်တွင်လည်း ကြည်နူးသော အပြုံးများ ပေါ်လွင် လာလေသည်။
ကျန်းချဲ့သည် ချီ ဟူသော မျိုးရိုး မဟုတ်သော်လည်း ချီမိသားစု၏ သမက် ဖြစ်နေသည် မဟုတ်ပါလား။ မူလက သူနှင့် ချီကျန်းနန် တို့ လျှို့ဝှက်စွာ ခန့်မှန်းထားမှု အရဆိုလျှင် ကျန်းချဲ့ အနေဖြင့် ထိပ်ဆုံး ဆယ်နေရာ ဝင်ရန်မှာ အလွန် ခက်ခဲလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြလေသည်။ သို့သော် တကယ်တမ်းတွင် ကျန်းချဲ့က သူ့ကို အလွန် ကြီးမားလှသော အံ့အားသင့် ဝမ်းသာမှုများကို ပေးစွမ်းနိုင်ခဲ့လေသည်။ ထိပ်တန်း နတ်ဘုရားဂိုဏ်းကြီး များမှ ပြိုင်ဘက်ကင်း ပါရမီရှင်များ ထက် လုံးဝ မညံ့ကြောင်း သက်သေပြနိုင်ခဲ့လေပြီ။
ချီမိသားစု အနေဖြင့် တကယ့်ကို အဖိုးတန် ရတနာကြီး တစ်ခုကို တူးဖော် ရရှိခဲ့ခြင်း ပင်ဖြစ်သည်။ ယခုလက်ရှိ ချီထျန်းကျုံး ၏ ရင်ထဲတွင် အတွေးတစ်ခုတည်း သာ ရှိလေတော့သည်။ ၎င်းမှာ သိုင်းပညာပြိုင်ပွဲ ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် မင်္ဂလာကိစ္စကို ချက်ချင်း စီစဉ်ရန် ပင်ဖြစ်သည်။ မဟုတ်ပါက အချိန်ကြာလာသည်နှင့်အမျှ အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ကို သူ ကြောက်ရွံ့နေမိလေသည်။
အခြားအရာများကို မဆိုထားနှင့် ကျန်ရှိသော အင်အားကြီး မိသားစုများ အားလုံးက ကျန်းချဲ့၏ ကြောက်မက်ဖွယ် ကောင်းသော အလားအလာများကို ကောင်းစွာ မြင်တွေ့ သွားကြပြီ ဖြစ်ရာ သူ့ကို သေချာပေါက် ဆွဲဆောင်စည်းရုံး ကြမည်မှာ အသေအချာ ပင်ဖြစ်သည်။ တာ့ကျိုး တော်ဝင်နန်းတော် ကပင် မင်းသမီး တစ်ပါးပါး နှင့် မင်္ဂလာကိစ္စ စီစဉ်ပေးလာနိုင်ချေ ရှိလေသည်။ တော်ဝင် ဧကရာဇ် နှင့် နှိုင်းယှဉ်ပါက ချီမိသားစု မှာ အင်အား နိမ့်ကျနေဆဲ ဖြစ်သည် မဟုတ်ပါလား။
"အစ်မဝမ်ကျင်း အစ်မရဲ့ ခင်ပွန်းလောင်းကို ဘယ်လိုများ ရှာတွေ့ခဲ့တာလဲ ညီမတို့ကိုလည်း နည်းနည်းလောက် သင်ပေးပါဦး"
လူအုပ်ကြီးထဲတွင် ရှည်လျားသော ဂါဝန်များကို ဝတ်ဆင်ထားသည့် အင်အားကြီး မိသားစုများမှ သခင်မလေး များက ချီဝမ်ကျင်း ကို ဝိုင်းရံထားကြပြီး မျက်နှာပေါ်တွင်လည်း အားကျ ငေးမောသော အမူအရာများ ပြည့်နှက်နေလေသည်။
အင်အားကြီး မိသားစု မှ ဆင်းသက်လာသူများ ဖြစ်ကြသဖြင့် မင်္ဂလာကိစ္စ ဆိုသည်မှာ သူတို့၏ တာဝန်ဝတ္တရား တစ်ခု ပင်ဖြစ်သည်။ သို့သော် ထိုစည်းမျဉ်း၏ အောက်တွင် မည်သူကများ ထူးချွန် ပြောင်မြောက်သော ခင်ပွန်း တစ်ယောက်ကို မရှာဖွေ လိုဘဲ နေမည်နည်း။ မိသားစု က သူတို့အတွက် ရှာဖွေပေးထားသော မင်္ဂလာကိစ္စ အတွက် ရည်ရွယ်ထားသူ အများစုမှာ ဤ သိုင်းပညာပြိုင်ပွဲ ကို ဝင်ရောက် ယှဉ်ပြိုင်ကြသူများ ဖြစ်ကြပြီး ယခုအခါ ကောင်းကင်လှေကားထစ် ပေါ်တွင် တက်လှမ်းနေသူ အများအပြား မှာ သူတို့၏ ရည်မှန်းချက် ပစ်မှတ်များ ပင်ဖြစ်သည်။
မူလက သူတို့အနေဖြင့် ကျေနပ် ရောင့်ရဲ နေခဲ့ကြသော်လည်း ယခုအခါ ထိပ်ဆုံးသို့ ရောက်ရှိသွားသော ကျန်းချဲ့ နှင့် နှိုင်းယှဉ် လိုက်သော အခါတွင်တော့... ထိုသူများ အားလုံး၏ အရောင်အဝါ များမှာ ချက်ချင်း မှေးမှိန် သွားခဲ့ရလေသည်။ ဤသည်က သူတို့ကို ဘယ်လိုလုပ် မအားကျ စေဘဲ နေမည်နည်း။
"ဟုတ်ပါရဲ့ အစ်မဝမ်ကျင်း က တကယ်ကို ကံကောင်းတာပဲ"
"ဒီကျန်းချဲ့က တကယ့်ကို အကောင်းဆုံး ခင်ပွန်းလောင်းပဲ နောက်ခံ သာမန်ကနေ လာတာဆိုတော့ ဖိအားပေး ချုပ်ချယ်မယ့်သူ မရှိဘူး ပါရမီကလည်း ထိပ်တန်း အဆင့်ပဲ သူရဲကောင်း အားလုံးကို ဖိနှိပ်နိုင်တယ် သူ့ကိုသာ လက်ထပ်ခွင့် ရမယ်ဆိုရင် တကယ်ကို အိမ်မက် မက်သလိုပဲ ဖြစ်နေမှာ"
"ဟူး"
အင်အားကြီး မိသားစုများမှ သခင်မလေး များက အဆက်မပြတ် ဆွေးနွေး ပြောဆို နေကြလေသည်။ ချီဝမ်ကျင်း ၏ မျက်နှာပေါ်တွင်လည်း အလွန် တည်ငြိမ် အေးချမ်းသော အပြုံးလေး တစ်ခု ပေါ်လွင် နေလေသည်။
သူမ အနေဖြင့် ကျန်းချဲ့၏ အတွေးများကို ကောင်းစွာ ရိပ်မိ နေလေသည်။ ၎င်းမှာ သူ တတ်နိုင်သမျှ ဂုဏ်သတင်း အကြီးမားဆုံး ရရှိအောင် စွမ်းဆောင်ပြပြီး သူမတို့ ညီအစ်မ နှစ်ယောက်စလုံး ကို လက်ထပ်ယူမည် ဟူသော အလွန် အကျိုးအကြောင်း မဆီလျော်သည့် တောင်းဆိုချက် ကို သူမ၏ ဖခင် သဘောတူ လာစေရန် အတင်းအကျပ် ဖိအားပေး လိုခြင်း ပင်ဖြစ်သည်။
သူမ ကိုယ်တိုင်လည်း တွေးတော ထားမိလေသည်။ အကယ်၍ ကျန်းချဲ့ သာ ထိပ်ဆုံး ငါးယောက် သို့မဟုတ် သုံးယောက် စာရင်းဝင်ခဲ့မည် ဆိုပါက ညီအစ်မ နှစ်ယောက်စလုံး ကို သိမ်းပိုက်လိုကြောင်း တောင်းဆိုလာလျှင် သူမ၏ ဖခင် ဖြစ်သူ အနေဖြင့် သေချာပေါက် ငြင်းဆန် နိုင်တော့မည် မဟုတ်ချေ။
"ဒါနဲ့ နင်တို့ အထင် ကျန်းချဲ့ က သိုင်းပညာပြိုင်ပွဲ ရဲ့ နံပါတ်တစ် နေရာကို ရနိုင်မလား"
"အင်း ငါလည်း ဖြစ်နိုင်ချေ အရမ်းများတယ်လို့ ထင်တယ်"
"တကယ်လို့ ကျန်းချဲ့ သာ နံပါတ်တစ် နေရာကို ရခဲ့ရင် အစ်မဝမ်ကျင်း လည်း အရမ်းကို မျက်နှာ ပွင့်သွားမှာပဲ ဟီးဟီး"
"အစ်မဝမ်ကျင်း အစ်မ က ကျန်းချဲ့ နဲ့ အတူတူ အိပ်ဖူးပြီလား သူ တော်တော် စွမ်းလား သူ အခု ပြသနေတဲ့ အတိုင်းပဲ တကယ်ကို ကြောက်စရာ ကောင်းလား အစ်မ တစ်ယောက်တည်း တောင့်ခံ နိုင်ရဲ့လား ညီမ ကိုပါ တစ်ယောက် လောက် ထပ်ပေါင်း ထည့်ပေးပါလား"
"ဟွန့် နင့်ရဲ့ ကောက်ကျစ်တဲ့ စိတ်ကူး တွေကို ငါ မိုင်ရှစ်ရာ အကွာအဝေး ကနေတောင် ကြားနေရတယ် တကယ်လို့ လူထပ်ပေါင်း မယ်ဆိုရင်တောင် ငါ့ကိုပဲ ပေါင်းသင့်တာ တခြားလူ ကို မယားငယ် အဖြစ် လက်ထပ်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပေမဲ့ သိုင်းပညာပြိုင်ပွဲ ရဲ့ နံပါတ်တစ် ဆိုရင်တော့ ငါ့အဖေ က တကယ်ပဲ သဘောတူ လောက်တယ်"
ဘေးပတ်ဝန်းကျင် မှ မိန်းမလှလေး များ၏ အရှက်ကင်းမဲ့သော စကားများကို ကြားရသောအခါ ချီဝမ်ကျင်း ၏ မျက်နှာလေး ချက်ချင်း နီရဲသွားပြီး ထျန်းနန် မြို့စား အိမ်တော် တွင် ကျန်းချဲ့ နှင့် နင်ပင်း တို့၏ အဖြစ်အပျက် များကို ပြန်လည် သတိရ သွားလေသည်။ စိတ်ချင်း ဆက်သွယ် နေမှု ရှိနေသဖြင့် သူမ အနေဖြင့် ကိုယ်တိုင် ပွဲကြည့်နေရသည် နှင့် လုံးဝ ခြားနားခြင်း မရှိခဲ့ချေ။
"အို... တော်ကြပါတော့ အစ်မဝမ်ကျင်း မျက်နှာလေးတောင် နီရဲသွားပြီ"
"ဟီးဟီး"
"နိုင်ငံတော်ရဲ့ ကံကြမ္မာ နှစ်နှစ်ရာစာ ပျံ့နှံ့ ထွက်သွားတာက တကယ်ပဲ ဒီလို ပြိုင်ဘက်ကင်း ပါရမီရှင် တွေကို မွေးဖွား လာစေတာပဲ"
ရှန်ယွမ် သည် အစပိုင်းက ထွက်ပေါ် လာပြီးနောက် တိမ်တိုက်များ အတွင်းသို့ ပြန်လည် ဝင်ရောက် သွားခဲ့သော်လည်း ထွက်ခွာသွားခြင်းတော့ မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူ ကိုယ်တိုင် ပင် ဤတစ်ကြိမ် သိုင်းပညာပြိုင်ပွဲ ကို အလွန် စိတ်ဝင်စား နေသောကြောင့် ပင်ဖြစ်သည်။
အမှန်တရား ကလည်း ဆရာ ဖြစ်သူ ၏ ခန့်မှန်းချက် မှ လုံးဝ လွဲချော် သွားခြင်း မရှိခဲ့ချေ။ ဤတစ်ကြိမ် တွင် ကျန်းချဲ့၊ လုကျဲယွင် နှင့် ချန်ဖျင် တို့ အားလုံး သည် ပါရမီ ထူးချွန် ပြောင်မြောက် သူများ ချည်းသာ ဖြစ်ကြလေသည်။ သူတို့၏ အစစ်အမှန် စွမ်းအား များကို မမြင်တွေ့ ရသေး သော်လည်း ကောင်းကင်လှေကားထစ် ကို တက်လှမ်း ခြင်း တစ်ခုတည်း ကပင် သူတို့၏ အရည်အချင်း ကို ကောင်းစွာ ပြသ နိုင်ခဲ့လေပြီ။ သူ၏ အမြင် တွင်တော့ ကျန်းချဲ့ တို့ အားလုံး သည် သိုင်းသူတော်စင် ဖြစ်လာမည့် အလားအလာ များ ကိုယ်စီ ရှိနေကြလေသည်။
အကယ်၍ သာ အောင်မြင်ခဲ့မည် ဆိုပါက လူသား မျိုးနွယ် ၏ စွမ်းအား သည် မျက်တောင် တစ်ခတ် အတွင်းမှာပင် အဆမတန် မြင့်တက် သွားမည် ဖြစ်လေသည်။ ၎င်းနှင့် နှိုင်းယှဉ် ပါက နိုင်ငံတော် ၏ ကံကြမ္မာ နှစ်နှစ်ရာစာ ဆိုသည်မှာ အမှန်တကယ် ပင် ဘာမှ မဟုတ်တော့ သကဲ့သို့ ဖြစ်သွား လေသည်။
ကောင်းကင်လှေကားထစ် အပေါ်တွင် တက်လှမ်း နေသူ များ သည်လည်း အဆက်မပြတ် ကြိုးစား နေကြဆဲ ပင်ဖြစ်သည်။ ကျန်းချဲ့ တို့ ကတော့ သူတို့ကို စောင့်ဆိုင်း နေရန် လုံးဝ စိတ်မဝင်စား ကြချေ။ ထိုအထဲမှ လူအများအပြား သည် သူတို့ ထိပ်ဆုံး ဆယ်နေရာ ကို လုယူ ရာတွင် အကူအညီ ပေးမည့် သူများ ဖြစ်ကြသော်လည်း သူတို့ ခုနစ်ယောက် စလုံး မှာ မာန ကြီးမား သူများ ဖြစ်ကြလေရာ... အခြား သူများ၏ အပေါ်တွင် မျှော်လင့်ချက် လုံးဝ ထားရှိမည် မဟုတ်ချေ။
အချိန် အနည်းငယ် မျှ စောင့်ဆိုင်း ပြီးနောက် ချန်ဖျင် က ပထမဆုံး အနေဖြင့် သိုင်းပညာပြိုင်ပွဲ လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက် သွားခဲ့လေသည်။ သူ လှုပ်ရှား သွားပြီးနောက် လီရွှမ်ကျန်း၊ လုကျဲယွင် နှင့် အခြား သူများ အားလုံး ကလည်း လုံးဝ တွေဝေ နေခြင်း မရှိတော့ဘဲ နောက်မှ လိုက်ပါ ဝင်ရောက် သွားကြလေသည်။ သေချာသည် ကတော့ ထိုအထဲတွင် ကျန်းချဲ့ လည်း ပါဝင် လေသည်။ သိုင်းပညာပြိုင်ပွဲ လျှို့ဝှက်နယ်မြေ အကြောင်း ကို သူ အတော်လေး လေ့လာ ထားခဲ့ဖူး လေသည်။ ဤသည်မှာ သေးငယ်သော ကမ္ဘာ သီးသန့် တစ်ခု အဖြစ် တည်ရှိ နေကြောင်း ကို သိရှိ ထားသော်လည်း သူ တစ်ခါမှ ဝင်မကြည့် ဖူးခဲ့ချေ။
ထို့ကြောင့် ချက်ချင်း ပင် ခြေတစ်လှမ်း တိုးကာ ဝင်ရောက် သွားခဲ့လေသည်။ သူ ဝင်ရောက် သွားသည် နှင့် တစ်ပြိုင်နက် သူ၏ လက်ထဲတွင် အလင်းတန်း များ ဖြာထွက် နေသော သစ်သားပြား လေး တစ်ခု ရုတ်တရက် ဖြစ်ပေါ် လာလေသည်။ သိုင်းစစ်ဆေးရေး အမိန့်ပေးပြား ပင်ဖြစ်သည်။ ကျန်းချဲ့ ၏ ခေါင်းထဲတွင် ဤ ပစ္စည်း သည် မည်သည့် အရာ ဖြစ်ကြောင်း ကို ချက်ချင်း သတိရ သွားလေသည်။
သိုင်းပညာပြိုင်ပွဲ အတွင်း တွင် ပါရမီရှင် အများအပြား သေဆုံး သွားမည် ကို ကာကွယ် ရန် အတွက် ပြိုင်ပွဲ အကြိမ်ရေ အချို့ ကျင်းပ ပြီးနောက် တွင် ရှန့်ဟိုင်မြို့ က လျှို့ဝှက်နယ်မြေ ၏ သဘောသဘာဝ အပေါ် အခြေခံ ကာ ဤ ရတနာ ကို ဖန်တီး ခဲ့ခြင်း ပင်ဖြစ်သည်။ လျှို့ဝှက်နယ်မြေ အတွင်းမှ အပြင်ဘက် သို့ မျက်တောင် တစ်ခတ် အတွင်း တိုက်ရိုက် ရွှေ့ပြောင်း သွားစေနိုင် လေသည်။ သို့သော် ပေးဆပ် ရမည့် တန်ဖိုး အနေဖြင့် အပြင်ဘက် သို့ ထွက်သွား သည် နှင့် တစ်ပြိုင်နက် ထိပ်ဆုံး ဆယ်နေရာ ကို လုယူ ရန် အရည်အချင်း အပြည့်အဝ ဆုံးရှုံး သွားမည် ဖြစ်လေသည်။ သေရေး ရှင်ရေး အန္တရာယ် များနှင့် ကြုံတွေ့ ရပြီး အခြား ရွေးချယ်စရာ လမ်း လုံးဝ မရှိတော့သည့် အခြေအနေ မျိုး တွင် မှ သာ ဤ သစ်သားပြား လေး ကို အသုံးပြု ကြမည် ဖြစ်လေသည်။
လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက် သွားပြီးနောက် ကျန်းချဲ့ သည် အတွင်း၌ လှိုင်းထန် နေသော ဝိညာဉ် စွမ်းအင် များကို ချက်ချင်း အာရုံခံ မိလိုက်လေသည်။ အလွန် သန့်စင် လွန်းလှပြီး လေတစ်ချက် ရှူသွင်း လိုက်ရုံ ဖြင့် အပြင်ဘက် လောက တွင် တစ်ရက်တာ ကျင့်ကြံ ရသည် နှင့် တူညီ နေလေသည်။ ကျင့်ကြံခြင်း အတွက် အလွန် အဖိုးတန်သော မြင့်မြတ် သည့် နေရာ တစ်ခု ဟု ပင် ခေါ်ဆို နိုင်လေသည်။ သေချာသည် ကတော့ ဤ နေရာ တွင် စွမ်းအင် ပြန်လည် ပြည့်ဝ လာမည့် အရှိန် မှာလည်း ပိုမို မြန်ဆန် လေသည်။
သို့သော် ကျန်းချဲ့ က ထိုအရာ များကို သိပ်ပြီး ဂရုမစိုက် အာရုံမစိုက် နေတော့ချေ။ သူ၏ အကြည့်များ က လျှို့ဝှက်နယ်မြေ ၏ အလယ် ဗဟို တည့်တည့် တွင် ရှိနေသော စင်မြင့် ကြီး များ အပေါ်သို့ ချက်ချင်း ရောက်ရှိ သွားလေသည်။ အဖြူရောင် ကျောက်စိမ်း များ နှင့် တူညီ ပြီး ကြည်လင် တောက်ပ နေကာ အရွယ်အစား မှာလည်း ကျန်းဆယ်ဂဏန်း ခန့် ကြီးမား လေသည်။ အရေအတွက် အားဖြင့် အသေး မှ အကြီး သို့ စုစုပေါင်း ကျောက်စိမ်း စင်မြင့် ဆယ်ခု ရှိလေသည်။
ဤသည်မှာ ထိပ်ဆုံး ဆယ်နေရာ ၏ အစစ်အမှန် အဓိပ္ပာယ် ပင်ဖြစ်သည်။ အကြီးဆုံး စင်မြင့် က နံပါတ်တစ် နေရာ ဖြစ်ပြီး အသေးဆုံး စင်မြင့် က နံပါတ်ဆယ် နေရာ ပင်ဖြစ်သည်။
ဟုတ်ပါသည်... သိုင်းပညာပြိုင်ပွဲ ဆိုသည်မှာ အလွန် ကြီးမားလှသော အုပ်စုဖွဲ့ သတ်ပွဲ ကြီး တစ်ခု ကို ဆိုလိုခြင်း ပင်ဖြစ်သည်။ နောက်ဆုံး အချိန် အထိ စင်မြင့် တစ်ခု ကို နေရာယူ ထားနိုင်သူ သာလျှင် ထိပ်ဆုံး ဆယ်ယောက် စာရင်း ထဲသို့ ဝင်ရောက် နိုင်မည် ဖြစ်လေသည်။ ထို့ကြောင့် ပင် အစောပိုင်း က ဟွမ်ဖူပုလင်း တို့ သည် ကျန်းချဲ့ ကို မဟာမိတ် ဖွဲ့ရန် လာရောက် ဆွဲဆောင် ခဲ့ကြခြင်း ဖြစ်လေသည်။
သူတို့ လုပ်ဆောင် ရမည့် အရာ မှာ မိမိ ကို လာရောက် အနှောင့်အယှက် မပေးနိုင် စေရန် အခြားသော သိုင်းပညာရှင် များကို တတ်နိုင်သမျှ သတ်ဖြတ် ခြင်း သို့မဟုတ် နောက်ဆုတ် သွားအောင် ဖိအားပေး ရန် ပင်ဖြစ်သည်။
"သိုင်းပညာပြိုင်ပွဲ ရဲ့ နံပါတ်တစ် နေရာ ကို ကျုပ် ယူလိုက်ပြီ မကျေနပ်တဲ့ သူ ရှိရင် ထွက်လာခဲ့စမ်း..."
လူခုနစ်ယောက် ထဲတွင် အရင်ဆုံး လှုပ်ရှား သွားသူ မှာ မာနထောင်လွှား သော ချူဟယ် ပင်ဖြစ်သည်။ တစ်ကိုယ်လုံး တွင် အလင်းတန်း များ လင်းလက် သွားပြီး မျက်တောင် တစ်ခတ် အတွင်း အနက်ရောင် သံချပ်ကာ ကြီး တစ်ခု က တစ်ကိုယ်လုံး ကို လွှမ်းခြုံ သွားကာ လက်ထဲတွင် အနက်ရောင် သုံးခွလှံ ကြီး တစ်ချောင်း ကို ကိုင်ဆောင် ထားလေသည်။ အရှိန်အဝါ မှာ အလွန် ထူးခြား ပြောင်မြောက် လှပေသည်။
သံချပ်ကာ မှာ နတ်လက်နက် နှင့် ယှဉ်ပြိုင် နိုင်သော နတ်သံချပ်ကာ တစ်ခု ဖြစ်ပြီး ချင်းထျန်း ဂိုဏ်းချုပ် ကိုယ်တိုင် ချီးမြှင့် ထားခြင်း ဖြစ်လေသည်။ လက်ထဲရှိ သုံးခွလှံ ရှည်ကြီး ကတော့ သူ ရှေးဟောင်း အမွေအနှစ် များကို လက်ခံ ရရှိစဉ် က ရရှိခဲ့သော ရှေးဟောင်း ရတနာ တစ်ခု ပင်ဖြစ်သည်။ ၎င်းမှာ နတ်လက်နက် တစ်ခု လို့တော့ မဆိုနိုင် သလို မည်သည့် ဝိညာဉ် စွမ်းအင် မျှလည်း မရှိချေ။ သို့သော် တစ်ခုတည်းသော အားသာချက် မှာ ထိပ်တန်း သတ္တု မျိုးစုံ ဖြင့် ပေါင်းစပ် ဖန်တီး ထားသဖြင့် အလွန် ခိုင်မာ တောင့်တင်း ပြီး ရုပ်ခန္ဓာ ကျင့်ကြံ သူများ အတွက် အလွန် သင့်တော် လေသည်။
စကားသံ ဆုံးသည် နှင့် ချူဟယ် က ခြေတစ်လှမ်း တိုးကာ လုံးဝ တွေဝေ နေခြင်း မရှိဘဲ အကြီးဆုံး ကျောက်စိမ်း စင်မြင့် ကြီး ကို တိုက်ရိုက် နေရာယူ လိုက်လေသည်။ လက်ထဲရှိ သုံးခွလှံ ကြီး ကို တစ်ချက် ဝှေ့ယမ်း လိုက်ရာ ကြောက်မက်ဖွယ် ကောင်းသော လူသတ်ငွေ့ များ ပျံ့နှံ့ ထွက်ပေါ် သွားပြီး ကျန်ရှိသော ခြောက်ယောက် ကို စူးစိုက် ကြည့်နေလေသည်။ အကြည့်များ က အလွန် ပြတ်သား နေပြီး မိမိ ၏ နေရာ ကို အပြည့်အဝ အတည်ပြု ထားပြီးသည့် အလား ပင်ဖြစ်သည်။
"သူပုန်ဂိုဏ်း က ကောင်ကများ ဒီနေရာမှာ လာပြီး ဟိတ်ဟန် လာထုတ်နေရဲတယ် ဟွန့် သေလမ်း ရှာနေတာပဲ"
ချန်ဖျင် က အေးစက်စွာ နှာခေါင်းရှုံ့ လိုက်ပြီး အထင်သေး သော အမူအရာ များ ပေါ်လွင် လာလေသည်။ ကျောဘက် မှ ရှေးဟောင်း ဓား က ရုတ်တရက် အိမ်ထဲမှ ကျွတ်ထွက် လာပြီး လေဟာနယ် ထက်တွင် ဓားမြည်သံ ကြီး ပဲ့တင်ထပ် သွားလေသည်။ နောက်တစ်စက္ကန့် တွင် ထောင်နှင့်ချီ သော ကြောက်မက်ဖွယ် ဓားအလင်းတန်း များ က ဓားမြစ် ကြီး တစ်စင်း အဖြစ်သို့ ပြောင်းလဲ သွားကာ ချူဟယ် ရှိရာသို့ တိုက်ရိုက် ပြေးဝင် သွားလေတော့သည်။
"အသေးအဖွဲ ဓားစွမ်းအင် လေးနဲ့များ ငါ့ကို လာဟောင်နေရဲသေးတယ်"
ချူဟယ် ၏ လက်ထဲရှိ သုံးခွလှံ ကြီး က ရုတ်တရက် ဝှေ့ယမ်း သွားပြီး အနက်ရောင် အလင်းတန်း ကြီး တစ်ခု က ကောင်းကင် နှင့် မြေကြီး ကို ချက်ချင်း ဖုံးလွှမ်း သွားလေသည်။ လှံ တစ်ချက် ရိုက်ချ လိုက်သည် နှင့် ဓားအလင်းတန်း များ ၏ တစ်ဝက်ကျော် ခန့် ကို တိုက်ရိုက် ဖျက်ဆီး ပစ်လိုက်ပြီး ကျန်ရှိသော ဓားအလင်းတန်း များ က သူ၏ ကိုယ်ပေါ်သို့ ကျရောက် လာချိန် တွင်တော့... ယားကျိကျိ ဖြစ်သွား သကဲ့သို့ သာ ရှိလေသည်။
ချန်ဖျင် ၏ မျက်နှာထား လုံးဝ ပြောင်းလဲ သွားခြင်း မရှိဘဲ ခန္ဓာကိုယ် က လေဟာနယ် ထက်တွင် အရိပ် တစ်ခု အဖြစ် လှုပ်ရှား သွားကာ နောက်တစ်ကြိမ် ထပ်မံ ဝင်ရောက် တိုက်ခိုက် လိုက်လေသည်။
ချန်ဖျင် နှင့် အတူတူ လှုပ်ရှား လိုက်သူ များ ထဲတွင် လီရွှမ်ကျန်း နှင့် ကျန်းဖျင် တို့ လည်း ပါဝင် လေသည်။ သူတို့ အားလုံး သည် ဤတစ်ကြိမ် တွင် နံပါတ်တစ် နေရာကို လုယူ ရန် လာရောက် ကြသူများ ဖြစ်ကြရာ... မည်သူ ကမျှ သူတစ်ပါး ၏ အောက်တွင် အညံ့ခံ လိုခြင်း မရှိကြချေ။
သေချာသည် ကတော့ သူတို့ ကြားတွင် လည်း ကိုယ်ပိုင် အကြံအစည် များ ကိုယ်စီ ရှိနေကြပြီး အချင်းချင်း ပူးပေါင်း မည် မဟုတ်ချေ။ ချူဟယ် ကို အနောက်သို့ ဆုတ်ခွာ သွားအောင် ဖိအားပေး ပြီးသည် နှင့် တစ်ပြိုင်နက်... သူတို့ သုံးယောက် သည် လည်း မျက်တောင် တစ်ခတ် အတွင်း အချင်းချင်း ရောယှက် တိုက်ခိုက် ကြလေတော့သည်။ ကြောက်မက်ဖွယ် ကောင်းသော ဓားစွမ်းအင် များ... ရက်စက် ကြမ်းကြုတ်သော အရိပ် ကြီးများ နှင့် ကွန်ဖြူးရှပ် ဂိုဏ်း ၏ လျှို့ဝှက်ဆန်းကြယ် သော စွမ်းရည် များကို အစွမ်းကုန် ထုတ်ဖော် ပြသ နေကြလေသည်။
ဝင်ရောက် မတိုက်ခိုက် ဘဲ ကျန်ရှိ နေသူများ မှာ လုကျဲယွင်၊ ကျန်းချဲ့ နှင့် ဆန်းကျန့် ဘုန်းကြီး တို့ သာ ရှိလေသည်။ လုကျဲယွင် က ဤ မြင်ကွင်း ကို ကြည့်ရင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ဝင်ရောက် စွက်ဖက် ခြင်း မပြုဘဲ... ကျောက်စိမ်း စင်မြင့် တစ်ခု ကို ကျပန်း ရွေးချယ် ကာ တိုက်ရိုက် ဝင်ထိုင် လိုက်လေသည်။ သူတို့ နှင့် နံပါတ်တစ် နေရာ ကို လုယူ ရန် လုံးဝ ရည်ရွယ်ချက် မရှိသည့် အလား ပင်ဖြစ်သည်။
"မြားတစ်သောင်း ရင်ကိုခွဲ"
သို့သော် သူ၏ အကြံအစည် ကို အခြား သူများ က ဘယ်လိုလုပ် ပြီး သတိမထား ဘဲ နေမည်နည်း။ ကျန်းဖျင် က သူ့ကို တစ်ချက် လှမ်းကြည့် လိုက်ပြီးနောက် စကားလုံး အချို့ ကို လေးနက်စွာ ရွတ်ဆို လိုက်လေသည်။
နောက်တစ်စက္ကန့် တွင် ပြောသည့် အတိုင်း ဖြစ်လာ သကဲ့သို့ လေဟာနယ် ထက်တွင် မြားတံ သောင်းချီ မျှ ရုတ်တရက် ပေါ်ထွက် လာပြီး လုကျဲယွင် ရှိရာသို့ အရှိန်အဟုန် ဖြင့် ပြေးဝင် သွားလေတော့သည်။ ဤကဲ့သို့ ပစ်မှတ်ထား တိုက်ခိုက် ခံရသဖြင့် လုကျဲယွင် ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲ သွားလေသည်။ အေးစက်စွာ နှာခေါင်းရှုံ့ လိုက်ပြီး အင်္ကျီလက်စ ကို တစ်ချက် ဝှေ့ယမ်း လိုက်ရာ... ပုံသဏ္ဌာန်မဲ့ သော အလင်းတန်း များ က သူ၏ တစ်ကိုယ်လုံး ကို လွှမ်းခြုံ သွားပြီး မြားတံ များ အဆက်မပြတ် ဝင်ရောက် တိုက်ခိုက် နေသော်လည်း လုံးဝ တုန်လှုပ် ခြင်း မရှိဘဲ မတ်မတ် ရပ်နေလေသည်။
"ကျန်း ဒါယကာ တကယ်လို့ မင်းသာ သွေးသစ္စာ ဆိုပြီး နံပါတ်တစ် နေရာကို မလုဘူးလို့ ကတိပေးရင် ဘုန်းဘုန်း က မင်းကို ဝင်မတိုက်ခိုက်တော့ပါဘူး"
ဆန်းကျန့် ဘုန်းကြီး က အရှေ့ တွင် ဖြစ်ပွား နေသော အုပ်စုဖွဲ့ သတ်ပွဲ ကြီး ကို ကြည့်ရင်း ခပ်ဖျော့ဖျော့ ပြုံးလိုက် ကာ ကျန်းချဲ့ ဘက်သို့ အကြည့် ရွှေ့၍ ပြောလိုက်လေသည်။