← Chapters

အခန်း(၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း(၂၀၁-၂၀၂)

Vol. 21 Ch. 201-202

Chapter 201

သုံးပွင်ဆိုင်တိုက်ပွဲ

မည်သည့်ကြေညာချက် သို့မဟုတ် ကြိုတင်အချက်ပြမှုမျှမရှိဘဲ ဓားကျင့်ကြံသူသုံးဦးသည် စည်အစီအရင်၏ ထောင့်သုံးထောင့်သို့ တစ်ပြိုင်နက်ခုန်ဝင်လိုက်ကြ၏၊၊ ထို့နောက်တွင်တော့ သူတို့၏ ဓားဆန္ဒများ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး ကျင့်ကြံခြင်းစွမ်းအားများလည်း အစွမ်းကုန်ပေါက်ကွဲထွက်ကာ တစ်ဦးနှင့်တစ်ဦး ရိုက်ခတ်မိသွားကြသည်၊၊

သူတို့သုံးဦး ငြိမ်သက်စွာ မျက်လုံးမှိတ်လိုက်သည့်အချိန်တွင် အဓိကဖန်သားပြင်ကြီးထက်၌ သူတို့၏ပုံရိပ်များ တစ်ပြိုင်နက် ပေါ်လာချေပြီ၊၊

ရှုဓားဂိုဏ်း၏ နဝမအကြီးအကဲ ဖေးလျန်ဇီ၊၊

ဝူတန်းဓားကျင့်ကြံသူ ကောင်းရှီရှင်း၊၊

တာအိုဆရာ ပုယန်၏ ဒုတိယမြောက်တပည့် ဝမ်ဖေးယွီ၊၊

ပုံရိပ်ယောင်အမြုတေအဆင့် ကျွမ်းကျင်သူနှစ်ဦး ထုတ်ဖော်လိုက်သည့် ဖိအားသည် ကွင်းပြင်တစ်ခုလုံးကို လွှမ်းမိုးနိုင်ခြင်းမရှိသေးသော်လည်း ဖေးလျန်ဇီနှင့် ကောင်းရှီရှင်းတို့ အရှိန်အဝါချင်း အပြန်အလှန်တိုက်ခိုက်ပြီး ဓားဆန္ဒချင်းယှဉ်ပြိုင်လိုက်ကြသည့်အခါသူတို့၏အရှိန်အဟုန်သည် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ထိုထက်ပင် ပိုမိုမြင့်မားလာခဲ့သည်၊၊

စည်အစီအရင်၏ အပြင်ဘက်တွင်မူ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် ၉ဦးက ဒေါင်လိုက်စည်ကြီး သုံးလုံးကို သယ်ဆောင်လာကြသည်၊၊ ထို့နောက် ဖျော်ဖြေသူသုံးဦး၏ နောက်ကွယ်တွင် စည်များကို နေရာချလိုက်ပြီး နောက်ထပ်တင်ဆက်မှုအခန်းကဏ္ဍအတွက် အချက်ပြလိုက်ကြသည်၊၊

ဗုံ၊၊

ဒေါင်လိုက်စည်ကြီးနှစ်လုံးက တစ်ပြိုင်နက်တည်း ဟိန်းထွက်သွားသည်၊၊ ဖေးလျန်ဇီနှင့် ကောင်းရှီရှင်းတို့ တစ်ချိန်တည်း မျက်လုံးပွင့်လာကြပြီး သူတို့အောက်ရှိ မြေပြင်သည်လည်း ပြင်းထန်စွာ တုန်ခါသွားလေသည်၊၊ သူတို့နှစ်ဦးသည် စည်မျက်နှာပြင်များပေါ်မှတစ်ဆင့် ကွင်းအလယ်ဗဟိုသို့ဦးတည်ကာ ပြေးဝင်သွားကြစဉ် နားကွဲမတတ်မြည်ဟီးနေသည့် စည်သံများသည် နောက်မှ စည်ချက်များနှင့် ရောနှောသွားတော့သည်၊၊

စူးရှသော ဓားမြည်သံနှစ်ချက် ထွက်ပေါ်လာပြီး ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပင် ဓားနှစ်လက်ကို ဆွဲထုတ်လိုက်ကြသည်၊၊

ကောင်းရှီရှင်းသည် ညာဘက်လက်ဖြင့် ဓားကို ကိုင်ထားပြီး ဘယ်ဘက်လက်ဖြင့် ဓားအိမ်ကို ပြောင်းပြန်ဆုပ်ကိုင်ထားသည်၊၊ တစ်ချိန်တည်းမှာပင် ညာဘက်လက်ဖြင့် ဓားကို ကိုင်ထားသည့် ဖေးလျန်ဇီသည် ဘယ်ဘက်လက်ဖြင့် ဓားလက်ဟန်ကို ဖော်ဆောင်လိုက်သည်၊၊ ပျံသန်းနေသည့် ဓားနှစ်လက်သည် သူ့အနီးတွင် ဝဲပျံနေပြီး အရိပ်ကဲ့သို့ပင် ထက်ကြပ်မကွာလိုက်ပါနေလေသည်၊၊

တာအိုဆရာနှစ်ဦး၏ ယခင်တိုက်ပွဲမှ ပြင်ပဒဏ်ရာများက ပျောက်ကင်းနေလေပြီ။ သူတို့သည် တစ်ဦးကိုတစ်ဦးစိုက်ကြည့်လိုက်ကြပြီး နောက်တစ်စက္ကန့်တွင်တော့ ပြင်းထန်သော အပြန်အလှန်တိုက်ခိုက်မှုကို စတင်လိုက်ကြသည်၊၊ သူတို့သည် တုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ကွက်တိုင်းက တစ်ဖက်လူ၏ သေကွင်းသေကွက်များကို တိတိကျကျဦးတည်နေသည်၊၊

သူတို့နှစ်ဦး စည်မျက်နှာပြင်များပေါ်တွင် လူးလာပျံသန်းလှုပ်ရှားနေကြစဉ် ဓားချီအလင်းများနှင့် ပုံရိပ်ယောင်များသည် ဆက်တိုက်တဖျတ်ဖျတ်လှုပ်ရှားနေလေသည်၊၊

ကောင်းရှီရှင်းသည် ဝူတန်းတောင်၏ မိစ္ဆာနှိမ်နင်း အစစ်မှန်သိုင်းဓားသိုင်းကွက်များဖြင့် ထူးခြားသော စွမ်းရည်ကို ထုတ်ဖော်ပြသနေသည်၊၊ သို့သော် ရှုဓားဂိုဏ်း၏ ဓားသိုင်းကွက်များသည်လည်း ထို့နည်းတူပင် နက်နဲဆန်းကြယ်လှပြီး အဆုံးအစမဲ့လှပေသည်၊၊

အနီးရှိ ဒရုန်းအချို့က ရုပ်သံမှတ်တမ်းများကို လျင်မြန်စွာ ရိုက်ကူးယူနေကြသည်၊၊ သူတို့နှစ်ဦး၏ တိုတောင်းလှသော ဓားသိုင်းအပြန်အလှန်ဖလှယ်မှုသည်ပင် ထိုနေရာရှိ ကျင့်ကြံသူအားလုံး၏ အာရုံစိုက်မှုကို အပြည့်အဝဖမ်းစားထားပြီးဖြစ်သည်၊၊

ဖေးလျန်ဇီ၏ ဓားပျံသည် အရှိန်အဟုန်ဖြင့် ဝဲပျံကာ ကောင်းရှီရှင်း၏ ပုခုံးနှင့် ခြေထောက်များကို ဦးတည်တိုက်ခိုက်နေသည်၊၊ သူ၏ဓားသုံးလက်စလုံးကို တပြိုင်နက်အသုံးပြုပြီး ပြင်းထန်သောအရှိန်အဟုန်ဖြင့် တိုက်ခိုက်ရင်း ရင်သပ်ရှုမောဖွယ် ဓားသိုင်းအစီအစဉ်ကို ထုတ်ဖော်လိုက်သည်၊၊

ကောင်းရှီရှင်းကမူ ဓားတစ်လက်တည်းကိုသာ အားကိုးပြီး ဟွာကွက်မရှိသော ခံစစ်ကို ထိန်းသိမ်းထားသည်၊၊ ဓားပျံသည် တိုက်ခိုက်လာတိုင်း တိကျစွာ ပယ်ဖျက်ခြင်းခံခဲ့ရသည်၊၊ ဖေးလျန်ဇီ၏ ဓားသိုင်းကွက်များ မည်မျှပင်ပြောင်းလဲနေပါစေ ကောင်းရှီရှင်းသည် ၎င်းတို့၏ အားနည်းချက်ကို ရှာဖွေတွေ့ရှိကာ တန်ပြန်တိုက်စစ်ဆင်နိုင်ခဲ့သည်၊၊

သူတို့နှစ်ဦးသည် ဓားတာအိုတွင် လုံးဝကွဲပြားခြားနားသောလမ်းကြောင်းများရှိကြသည်၊၊ ဖေးလျန်ဇီက ဓားကို အဓိကထားပြီး ကောင်းရှီရှင်းကမူ လူကို အဓိကထားသည်၊၊ သူတို့သည် ဝမ်ရှန်း နားလည်သဘောပေါက်ထားသည့် ထင်ရှားသော ဓားတာအိုသုံးခုအနက်မှ နှစ်ခုဖြစ်ကြသည်၊၊ ရှုတောင်၏ ဓားသိုင်းများသည် မြေကြီးဓားလမ်းစဉ်တွင် ပါဝင်ပြီး ဝူတန်းတောင်၏ ဓားသိုင်းများသည် လူသားဓားလမ်းစဉ်ကို လိုက်နာကြသည်၊၊

ကျင့်ကြံသူ ၇၀၀၀၏ ရှေ့မှောက်တွင် ရှုတောင်၏ ဓားထိန်းချုပ်ခြင်းပညာ၏ ပြင်းထန်မှုနှင့် ဝူတန်းတောင်၏ ဓားသိုင်းများ၏ စေ့စပ်သေချာမှုတို့ ပြသနေခြင်း ဖြစ်သည်၊၊ ၎င်းသည် တာအိုဆရာကြီးနှစ်ဦး၏ နက်နဲလှသော ဓားနယ်ပယ်အဆင့်ကို ပြသခြင်းပင်ဖြစ်သည်၊၊

စောင့်ကြည့်နေကြသော တာအိုအကြီးအကဲများနှင့် တာအိုဆရာများအတွက်မူ ထိုနှစ်ဦးသည် လူသားများနှင့် မတူတော့ပေ၊၊ သူတို့သည် တစ်ဦးကိုတစ်ဦး လွှမ်းမိုးချုပ်ကိုင်ရန် ထပ်ခါတလဲလဲ ရိုက်ခတ်နေသည့် မတူညီသော တောက်ပသည့် ရတနာဓားများနှင့် ပို၍တူနေသည်၊၊ သူတို့သည် ထက်မြက်မှုအတွက်၊ တာအိုအတွက်… ဂုဏ်သတင်းအတွက် ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်၊၊

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖေးလျန်ဇီနှင့် ကောင်းရှီရှင်းတို့သည် အကြိမ်ပေါင်းများစွာ အပြန်အလှန်တိုက်ခိုက်ခဲ့ကြပြီး သူတို့၏ တိုက်ပွဲကို အရှိန်အဟုန်မြင့်တက်စေခဲ့သည်၊၊ ပြင်းထန်သော တိုက်ပွဲအတွင်း သူတို့၏ ဓား ၄လက်သည် အကြိမ်ပေါင်း ရာကျော်မျှ ရိုက်ခတ်မိပြီးဖြစ်သည်၊၊

ဓားပျံသည် အဆုံးအဖြတ်ပေးနိုင်သည့် တိုက်ကွက်ကို မဖော်ဆောင်နိုင်သေးသော်လည်း ကောင်းရှီရှင်းကို အာရုံစိုက်မှု အများအပြားပေးစွမ်းရန် ဖိအားပေးခဲ့သည်၊၊ အခြားတစ်ဖက်တွင်မူ ခံစစ်အတွင်းမှာပင် ကောင်းရှီရှင်းသည် တန်ပြန်တိုက်စစ်များအတွက် ဆက်လက်ပြင်ဆင်နေခဲ့သည်၊၊ အချိန်ကာလတစ်ခုစီတွင် သူသည် ထူးခြားသော ဓားကွက်တစ်ခုကို ထုတ်ဖော်လိုက်ပြီး ဖေးလျန်ဇီကို ဗျူဟာများ ချက်ချင်းပြောင်းလဲရန် ဖိအားပေးခဲ့လေ၏၊၊ ထိုတိုတောင်းလှသော အခိုက်အတန့်များတွင် တိုက်စစ်နှင့် ခံစစ်သည် လျင်မြန်စွာ ပြောင်းလဲသွားတော့သည်၊၊

စည်သံများသည် ပိုမို၍ အလျင်စလိုဖြစ်လာခဲ့သည်၊၊

သူတို့၏ တိုက်ပွဲသည် အထွတ်အထိပ်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်၊၊ သူတို့သည် သေကွင်းသေကွက်များကို ပိုမိုစိတ်အားထက်သန်စွာ အသုံးပြုလာကြပြီး တစ်ဦးကိုတစ်ဦး ဒဏ်ရာရစေရန် စိတ်ပိုင်းဖြတ်ထားသည့်ပုံပေါ်သည်၊၊ စည်များ၏ စည်းချက်သည် မုန်တိုင်းတစ်ခုကဲ့သို့ ပြင်းထန်လာခဲ့သည်၊၊

ဗုံ၊၊

မညီမညာဖြစ်နေသော စည်ချက်တစ်ခုက စည်းချက်ကို နှောင့်ယှက်လိုက်ပြီး လျင်မြန်စွာ တီးခတ်နေမှုကို ရုတ်တရက် ရပ်တန့်သွားစေသည်၊၊ တဟုန်ထိုးတက်လာသော ဓားဆန္ဒနှစ်ခုသည် စည်းချက်အသစ်များဖြင့် ထွက်ပေါ်လာပြီး တစ်ခုချင်းစီသည် ၎င်းတို့၏ မူလလမ်းကြောင်းမှ အနည်းငယ်သွေဖယ်သွားခဲ့သည်၊၊

တတိယမြောက် ဓားဆန္ဒသည် နောက်ဆုံးတွင် လှုပ်ရှားလာခဲ့ချေပြီ၊၊

ဝမ်ရှန်း မျက်လုံးဖွင့်လိုက်သည်၊၊ သူသည် ဘယ်ဘက်လက်ကို မြှောက်ကာ ဓားလက်ဟန်တစ်ခုဖော်ဆောင်ပြီး ရှေ့သို့ ညွှန်ပြလိုက်သည်၊၊ သူ၏လက်ထဲမှ ဓားပျံသည် တောက်ပသော ကြယ်တံခွန်တစ်ခုကဲ့သို့ ရှေ့သို့ ပြေးထွက်သွားပြီး အခြားနှစ်ဦးတိုက်ခိုက်နေသည့် တိုက်ပွဲမြေပြင်ဆီသို့ ဦးတည်သွားတော့သည်၊၊

ဓားနောက်မှလိုက်ရင်း လူငယ်ဓားကျင့်ကြံသူသည် စည်မျက်နှာပြင်များပေါ်တွင် လျှောက်လှမ်းသွားခဲ့သည်၊၊

သူ၏ နတ်ဘုရားအဆင့်ဓားပျံသည် ဖေးလျန်ဇီ၏ ဓားပျံတစ်လက်ကို ဖယ်ရှားလိုက်ပြီး ကောင်းရှီရှင်းထံသို့ ပင့်ခုတ်လိုက်သည်၊၊ တန်ပြန်တိုက်ကွက်အနေဖြင့် ကောင်းရှီရှင်းသည် သူ့၏ ဓားကို မြှောက်ကာ ကောင်းကင်ယစ်မူးလက်ညှိုးသိုင်းကို ထုတ်ဖော်လိုက်သည်၊၊ နတ်ဘုရားအဆင့်ဓားပျံသည် ထူးခြားသောအရည်အသွေးရှိသော်လည်း ကောင်းရှီရှင်း၏ နက်နဲသော ကျင့်ကြံမှုက ၎င်းကို လမ်းလွှဲပေးနိုင်ခဲ့သည်၊၊

ဝမ်ရှန်းသည် စည်မျက်နှာပြင် ငါးခုကို ဖြတ်ကျော်ပြီးဖြစ်သည်၊၊ သူသည် ခုနှစ်စင်ကြယ်ခြေလှမ်းကို စတင်လိုက်ပြီး မဟာဝက်ဝံကြယ်စုအတိုင်း မရပ်မနားမြည်ဟီးနေသည့် သူ့၏ ဓားကို အသုံးပြု၍ အရပ်မျက်နှာအားလုံးသို့ ကြယ်ရောင်ခြည်များကို ဖြန့်ကျက်လိုက်သည်၊၊

မျက်နှာပြင်ကြီးများတွင် အထက်မှအောက်သို့ မြင်ကွင်းကို ပြသနေသည်၊၊

ဝမ်ရှန်းသည် သူ့၏ ဓားကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်သဖြင့် ဝေဝါးသောပုံရိပ်တစ်ခုအဖြစ် ပေါ်လာသည်၊၊ ထို့နောက် သူသည် စည်မျက်နှာပြင်များကို ဖြတ်၍ မျဉ်းဖြောင့်အတိုင်း ပြေးဝင်သွားခဲ့သည်၊၊ ၎င်းသည် ကြယ်တာရာမြစ်တစ်စင်းထွက်ပေါ်လာပြီး ဓားပုံရိပ်ယောင်များနှင့် ပြည့်နှက်နေသည့် ကောင်းကင်သို့ တိုးဝင်သွားသည့်အတိုင်းပင် ဖြစ်သည်၊၊

ကြယ်ရောင်ခြည်များသည် ဖေးလျန်ဇီ၏ ဓားပျံများကို ခွဲထုတ်ပစ်လိုက်သည်၊၊ တစ်ချိန်တည်းမှာပင် ကောင်းရှီရှင်း၏ ဓားသည် နောက်တစ်ကြိမ်ပြောင်းလဲသွားပြီး ဝင်လာသော ကြယ်ရောင်ခြည်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်၊၊ သူ၏ ဓားသည် ဝမ်ရှန်း၏ ဓားသွားနှင့် အကြိမ်ပေါင်း တစ်ဒါဇင်ကျော် ချက်ချင်းရိုက်ခတ်မိသွားတော့သည်၊၊

ဝူတန်းတာအိုဆရာကြီးသည် ကြယ်ရောင်ထိန်ထိန်လင်းနေသော ကောင်းကင်အလယ်တွင် မြင့်မားစွာ မတ်တပ်ရပ်နေသည့် ခံတပ်ကြီးတစ်ခုကဲ့သို့ပင်၊၊ ကြယ်များက မည်မျှပင် ရှေ့သို့ တဟုန်ထိုးတက်လာပါစေ သူသည် မလှုပ်မယှက်ရှိနေခဲ့သည်၊၊

ဖေးလျန်ဇီသည် လက်ထဲမှ ဓားကို လွှတ်လိုက်ပြီး လေထုထဲတွင် တဝီဝီမြည်စေခဲ့သည်၊၊ ယခုအခါ ဓားသုံးလက်သည် သူ့အနီးတွင် ဝဲပျံနေပြီး ဝင်လာသော ကြယ်ရောင်ခြည်မုန်တိုင်းကို ပိတ်ဆို့ရန်အတွက် ထိုဒေသကို ဓားချီများဖြင့် လျင်မြန်စွာ လွှမ်းမိုးလိုက်သည်၊၊

တုံ့ပြန်မှုအနေဖြင့် ဝမ်ရှန်းသည် ခုနှစ်စင်ကြယ်ပြောင်းပြန်ဓားအစီအရင်ကို အစွမ်းကုန်တွန်းအားပေးလိုက်သည်၊၊ မဟာစင်ဝက်ဝံကြယ်စုကဲ့သို့ စီတန်းနေသည့် ဓားပုံရိပ်ယောင်များသည် ပေါက်ကွဲထွက်လာပြီး သူ၏ ပြိုင်ဘက်များကို အခိုက်အတန့်တစ်ခုအထိ ဖိနှိမ်ထားလိုက်သည်၊၊

ဖေးလျန်ဇီနှင့် ကောင်းရှီရှင်းတို့နှစ်ဦးစလုံး အသံခပ်အုပ်အုပ်ဖြင့်အော်ဟစ်လိုက်ကြသည်၊၊ ကောင်းရှီရှင်းသည် ထိုက်ယီရွှေရောင်အင်မော်တယ်ဓားသိုင်းမှ သိုင်းကွက်များကို ထုတ်ဖော်လိုက်ပြီး ဖေးလျန်ဇီကမူ သူ့၏ ဓားတစ်လက်ကို ဆုပ်ကိုင်လိုက်သည်၊၊ ဝမ်ရှန်း၏ အရှိန်အဟုန် အနည်းငယ်လျော့ကျသွားသည့် အခိုက်အတန့်တွင် သူတို့နှစ်ဦးသည် အစွမ်းကုန်တိုက်ခိုက်လိုက်ကြသည်၊၊

သို့သော် ဖေးလျန်ဇီ၏ ဓားပျံသည် ကောင်းရှီရှင်းထံသို့ ခုတ်ပိုင်းနေဆဲဖြစ်သဖြင့် သူ၏ ရှေ့တိုးမှုကို ရပ်တန့်ရန် ဖိအားပေးခဲ့သည်၊၊

ဝမ်ရှန်းသည် ဖေးလျန်ဇီနှင့် ဓားအရှိန်အဝါချင်း နှစ်ကြိမ်ဖလှယ်ခဲ့သည်၊၊ ဓားကို လက်တွင်ကိုင်ထားသည့် ကောင်းရှီရှင်းသည် ဘေးဘက်မှ ဝန်းရံကာ ဖေးလျန်ဇီကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်၊၊ သို့သော် ဝမ်ရှန်း၏ ဓားပျံသည် ကောင်းကင်ယံမှ ထိုးဆင်းလာသဖြင့် ကောင်းရှီရှင်းကို နောက်တစ်ကြိမ် ဗျူဟာပြောင်းလဲရန် ဖိအားပေးခဲ့ပြန်သည်၊၊

ဝမ်ရှန်းသည် ခုနှစ်စင်ကြယ်ခြေလှမ်းကို အစွမ်းကုန်ထုတ်ဖော်ပြီး အရိပ်တစ်ခုအလား ထိုပုံရိပ်နှစ်ခုကြားတွင် ဖြတ်သန်းသွားခဲ့သည်၊၊ လှည့်ပတ်လိုက်ရင်း သူသည် ဓားပျံနှင့် ဓားအစီအရင်ကို အသုံးပြု၍ ထိုနှစ်ဦးအပေါ် ပြင်းထန်သောတိုက်ခိုက်မှုတစ်ခုကို နောက်ထပ်တစ်ကြိမ် စတင်လိုက်သည်၊၊

နောက်တစ်ကြိမ်တွင် ဝမ်ရှန်း၏ ဓားသိုင်းကွက်များသည် ကောင်းရှီရှင်းနှင့် ဖေးလျန်ဇီတို့ကို ရှုပ်ထွေးသွားစေခဲ့သည်၊၊ သူတို့၏ တိုက်စစ်ကို ညှိနှိုင်းဆောင်ရွက်နိုင်ခြင်းမရှိတော့ပဲ သူတို့၏ တိုက်စစ်ကို ခွဲထုတ်ရန် ဖိအားပေးခြင်း ခံခဲ့ရသည်၊၊

ထိုသုံးဦးသည် အချင်းချင်း1 vs 2 ပုံစံဖြင့် ဆက်တိုက်တိုက်ခိုက်နေကြပြီး ကွင်းအလယ်ရှိ စည်မျက်နှာပြင် အချို့ပေါ်တွင် ခုန်ပျံလှုပ်ရှားနေကြသည်၊၊ ဓားဆန္ဒ ၃ခုသည် တစ်ခုနှင့်တစ်ခုရိုက်ခတ်နေသည်၊၊ တစ်ဦးချင်းစီသည် မိမိတို့၏ ဓားတာအိုကို အပြည့်အဝထုတ်ဖော်ထားကြသဖြင့် ရင်သပ်ရှုမောဖွယ်မြင်ကွင်းတစ်ခုဖြစ်လာခဲ့သည်၊၊

ကွင်းပြင်တစ်ခုလုံးတွင်မူ ကြည့်ရှုသူများသည် မတ်တပ်ရပ်နေကြပြီဖြစ်ပြီး သူတို့၏မျက်လုံးများသည် အံ့ဩတုန်လှုပ်မှုများဖြင့် ပြူးကျယ်နေကြ၏၊၊ သူတို့ ဘယ်လောက်ကြာအောင် အသက်ရှုအောင့်ထားမိကြသည်ကို မပြောနိုင်ပေ၊၊

ဓားပျံသုံးလက်သည် တစ်ခါတစ်ရံတွင် ထိပ်တိုက်တွေ့သွားကာ တစ်ခါတစ်ရံတွင် မိမိတို့၏ သူတို့သခင်များကို ပြန်လည်ဦးတည်ကာ တစ်ခါတစ်ရံတွင်မူ ကောင်းရှီရှင်းကို တစ်ပြိုင်နက်တည်းဦးတည်နေကြသည်၊၊ ကောင်းရှီရှင်းတွင် ဓားထိန်းချုပ်ခြင်းပညာမရှိသော်လည်း သူ၏ကျင့်ကြံခြင်းသည် ဝမ်ရှန်းထက် သာလွန်နေပြီး ဓားတာအိုအပေါ် နားလည်သဘောပေါက်မှုသည် ဖေးလျန်ဇီထက် သာလွန်နေသည်၊၊ သူသည် ဘယ်လိုနည်းနှင့်မှ အားနည်းချက်မရှိပေ၊၊

ကြိုတင်လေ့ကျင့်မှု သို့မဟုတ် သဘောတူညီချက်များမရှိခဲ့ပေ၊၊ သူတို့သုံးဦးသည် ထိုကဲ့သို့သော ပွဲစဉ်တစ်ခုတွင် ပါဝင်နိုင်ခြင်းမှာ သူတို့၏ ဓားတာအိုအပေါ် နားလည်မှုနှင့် သူတို့အားပြိုင်ဘက်များဖြစ်စေသလို ရဲဘော်ရဲဘက်များလည်းဖြစ်စေသည့် ပြောမပြနိုင်သော သံယောဇဉ်တစ်ခုကြောင့်သာဖြစ်သည်၊၊

Chapter 202

ကွင်းလုံးကျွတ်တုန်ဟီးခြင်း

ဝမ်ရှန်း၏ ကျင့်ကြံခြင်းသည် အနည်းငယ်နိမ့်ကျသော်လည်း သူသည် ရှုတောင်၏ ဓားထိန်းချုပ်ခြင်းပညာကို လေ့ကျင့်ထားပြီး ခုနှစ်စင်ကြယ်ပြောင်းပြန်ဓားအစီအရင်ကို ကျွမ်းကျင်ထားသည်၊၊ ထို့အပြင် သူသည် ဓား၇၂လက်စမ်းသပ်ချက်၌ မိမိကိုယ်ကို ပုံသွင်းထားပြီး ဓားသိုင်းကွက်ပေါင်းများစွာကို နားလည်သဘောပေါက်ထားကာ ဓားဝိညာဉ်၏ တိုက်ရိုက်သွန်သင်မှုကို ခံယူခဲ့ရပြီး ၎င်းနှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးသည်၊၊

ထိုအရာအားလုံးထက် ပိုသည်မှာ သူ၏ ဓားသိုင်းကွက်များအပေါ် နားလည်မှုသည် ဖေးလျန်ဇီထက်ပင် သာလွန်နေပြီး ကောင်းရှီရှင်းနှင့် ရင်ဘောင်တန်းနိုင်သည်၊၊ သူသည် ဓားအရှိန်အဝါနယ်ပယ်သို့ ခြေတစ်လှမ်းပင် လှမ်းထားပြီးဖြစ်သည်၊၊ အကယ်၍ ဝမ်ရှန်းသည် ထိုအခိုက်အတန့်တွင် ပုံရိပ်ယောင်အမြုတေအဆင့်၌ ရှိနေပါက သူသည် ထိုနှစ်ဦးကို အမှန်တကယ် တိုက်ခိုက်နိုင်မည် ဖြစ်သည်၊၊

နောက်ထပ် ထွက်ပေါ်လာသည့်အရာသည် အမှန်တကယ်ပင် အံ့ဩစရာမြင်ကွင်းတစ်ခုဖြစ်သည်၊၊

ဖေးလျန်ဇီသည် ဓားသုံးလက်ကို တစ်ပြိုင်နက် ထိန်းချုပ်ထားပြီး တိုက်စစ်နှင့် ခံစစ်ကို လွယ်ကူစွာ ဟန်ချက်ညီစေသည်၊၊ ကောင်းရှီရှင်းကမူ အဆုံးမဲ့ဓားသိုင်းကွက်များကို ထုတ်ဖော်နေပြီး သူ၏ ဓားတစ်လက်သည် မည်သည့်အခါမျှ အားနည်းမသွားပေ၊၊ တစ်ချိန်တည်းမှာပင် ဝမ်ရှန်းသည် ဓားထိန်းချုပ်ခြင်းပညာကို အသုံးပြုပြီး မဟာဝက်ဝံကြယ်စု၏ ကြယ်ခုနှစ်လုံးကို အမိန့်ပေးနေသည်၊၊ သူ၏ ဓားတာအိုသည် အခြားနှစ်ဦးကို အနည်းငယ်ဖိနှိပ်ထားသကဲ့သို့ ရှိလေသည်၊၊

၎င်းသည် ဤအပြာရောင်ကမ္ဘာဂြိုဟ်ပေါ်တွင် ကောင်းကင်၊ မြေကြီးနှင့် လူသားတို့၏ ဓားတာအိုများ တူညီသောစင်မြင့်ထက်တွင် ပထမဆုံးအကြိမ်ရိုက်ခတ်မိခြင်း ဖြစ်သည်၊၊

ဓားဆန္ဒသုံးခုသည် အဆက်မပြတ်ရိုက်ခတ်နေပြီး သူတို့၏ သခင်များသည်လည်း နေရာများပြောင်းလဲနေကြသည်၊၊ ကုန်လွန်သွားသော အခိုက်အတန့်တိုင်းတွင် စူးရှတောက်ပသည့် မရေတွက်နိုင်သောဓားအလင်းတန်းများသည် လေထုထဲတွင် လင်းထိန်သွားတော့သည်၊၊

အဓိကကြည့်ရှုသည့် စင်မြင့်ထက်တွင်မူ တာအိုအကြီးအကဲများနှင့် တာအိုဆရာများစွာတို့ မတ်တပ်ရပ်နေကြပြီဖြစ်သည်၊၊ ထို့အပြင် ကြည့်ရှုသူထိုင်ခုံများရှိ မျက်လုံးအစုံတိုင်းတွင်လည်း အံ့ဩတုန်လှုပ်မှုများပြည့်နှက်နေသည်၊၊ ကျင့်ကြံခြင်း နိမ့်ကျပြီး စိတ်မတည်ငြိမ်သောလူငယ်ကျင့်ကြံသူများသည် အသက်ရှုရန် ခက်ခဲနေကြသည်၊၊

ဓားကျင့်ကြံသူများစွာသည် ကွင်းပြင်ထဲတွင် အချိန်ရပ်ထားသကဲ့သို့ ရှိနေသည့် ဓားဆန္ဒသုံးခု၏ မြင်ကွင်းကို သူတို့၏ နှလုံးသားအောက်ခြေတွင် မှတ်တမ်းတင်ထားလိုက်ကြ၏၊၊ သူတို့ စိတ်ပျက်သွားရသည်မှာ ပြင်းထန်သော တိုက်ပွဲသည် နောက်ထပ်ပြောင်းလဲမှုတစ်ခုမဖြစ်ပွားမီ တစ်ခဏမျှသာ ကြာမြင့်ခဲ့ခြင်းဖြစ်သည်၊၊

အကြီးမားဆုံးသော ဖိအားအောက်တွင် ဖေးလျန်ဇီသည် သူ့၏ ဓားအရှိန်အဝါကို ပထမဆုံးထုတ်လွှတ်လိုက်ပြီး ချင်ဖုန်းနေလပြောင်းလဲခြင်းဓားသိုင်းကို ထုတ်ဖော်လိုက်သည်၊၊ သူသည် ဓားဝိညာဉ်ကဲ့သို့ တောင်များနှင့် မြစ်များကို ဖော်ဆောင်ရန် ဓားသိုင်းကွက်များကို မသုံးနိုင်သော်လည်း သူ၏ သိုင်းကွက်များသည် ထိုသဘာဝတရားများကို ဝါးမြိုနိုင်သည့် အင်အားကို ထုတ်လွှတ်နေဆဲဖြစ်သည်၊၊ ထို့အပြင် ၎င်းတို့တွင် တည်ငြိမ်ပြီး မတုန်လှုပ်နိုင်သော တည်ရှိမှုတစ်ခု ရှိနေသည်၊၊

ဖေးလျန်ဇီ၏ ဓားအရှိန်အဝါကို ထုတ်လွှတ်လိုက်ခြင်းသည် ဝမ်ရှန်းနှင့် ကောင်းရှီရှင်းတို့ထံမှ တုံ့ပြန်မှုကို ချက်ချင်းဖြစ်ပေါ်စေခဲ့သည်၊၊

ဓားမြည်သံများ၏ ပဲ့တင်ထပ်သံနှင့်အတူ ပြင်းထန်သော အရှိန်အဝါတစ်ခုက ကောင်းရှီရှင်းထံမှ ပေါက်ကွဲထွက်လာသည်၊၊ ဂုဏ်ယူဝါကြွားပြီး သီးခြားနေတတ်သော ထိုလူသည် ဖေးလျန်ဇီ၏ ဓားအရှိန်အဝါဖြင့် ဖန်တီးထားသော နယ်ပယ်အလယ်တွင် ရပ်နေသည်၊၊ အလျှော့မပေး၊ မကွေးညွှတ်ဘဲ တိတ်ဆိတ်နေသည်၊၊ သူသည် ကောင်းကင်ယံကို တန်ပြန်တိုက်ခိုက်ရန်၊ မိမိရှေ့ရှိ ကမ္ဘာကြီးကို အပိုင်းပိုင်းဖျက်ဆီးရန်သာ ရည်ရွယ်ထားပုံရသည်၊၊ သို့သော် ကောင်းရှီရှင်း၏ ဓားအရှိန်အဝါသည် ဖေးလျန်ဇီထံသို့ မရောက်ရှိမီ ထိုနှစ်ဦးသည် ကျယ်ပြောလှသော ကြယ်တာရာပင်လယ်ပြင်ထဲသို့ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်၊၊ အေးစက်သော ကြယ်ရောင်ခြည်မျှင်များသည် သူတို့၏ အရိုးထဲအထိ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်၊၊

တတိယမြောက် ထွက်ပေါ်လာသော စွမ်းအားသည် သူတို့၏ ဓားအရှိန်အဝါကို ဖိနှိမ်ထားလိုက်သဖြင့် သူတို့၏ သိုင်းကွက်များက ထိုသိမ်မွေ့သော ဖိနှိမ်မှု၏ မြစ်ဖျားခံရာဖြစ်သော ဝမ်ရှန်းထံသို့ တစ်ပြိုင်နက်တည်းပြန်လည်ဦးတည်စေခဲ့သည်၊၊

ထိုအခိုက်အတန့်တွင် ဝမ်ရှန်းသည် ကြယ်ရောင်ထိန်ထိန်လင်းနေသော ကောင်းကင်ယံတွင် လှည့်လည်သွားလာနေပြီး ဓားပေါင်းတစ်သောင်းကို အမိန့်ပေးကာ ကြယ်များကို အုပ်ချုပ်နေသည့် ငွေရောင်ဘုရင်တစ်ပါးကဲ့သို့ပင် ဖြစ်သည်၊၊

၎င်းသည် ဓား၇၂လက်စမ်းသပ်ချက်မှ ထွက်ခွာလာပြီးနောက် တစ်နှစ်အတွင်း ဝမ်ရှန်း ပထမဆုံးနားလည်သဘောပေါက်ခဲ့သည့် ကောင်းကင်ဇီဝေဓားသိုင်း၏ ဓားအရှိန်အဝါပင်ဖြစ်သည်၊၊

ကြီးမားသော ကြယ်ခုနစ်ပွင့် ထိုးဆင်းလာပြီး ကောင်းရှီရှင်းနှင့် ဖေးလျန်ဇီတို့ကို သူတို့၏ လမ်းကြောင်းတွင် ရပ်တန့်သွားစေသည်၊၊ အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီး သူတို့အောက်ရှိ စည်ကြီးအချို့ အပိုင်းပိုင်းကွဲအက်သွားခဲ့သည်၊၊ ၎င်းတို့သည် နောက်ဆုတ်ရန်ဖိအားပေးခြင်းခံခဲ့ရပြီး သူတို့နှင့်အတူ ဓားအရှိန်အဝါသုံးခုလည်း ပျောက်ကွယ်သွားတော့သည်၊၊

စည်တီးခတ်မှု ငြိမ်သက်သွားသည်နှင့်အမျှ ထိုသုံးဦးသည် တြိဂံပုံစံရပ်ကာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်၊၊ ဝမ်ရှန်း၏ အကြည့်သည် တည်ငြိမ်နေပြီး ဖေးလျန်ဇီ၏ အကြည့်သည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကာ ကောင်းရှီရှင်း၏ အကြည့်တွင်မူ နက်ရှိုင်းသော ကျေနပ်မှုရှိနေသည်၊၊

ထိုသုံးဦးသည် သူတို့၏ ဓားများကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ဓားပျံသုံးလက်သည်လည်း သူတို့၏ သခင်များအနီးတွင် ဝဲပျံနေစဉ် လက်သီးဆုပ် နှုတ်ဆက်လိုက်ကြသည်၊၊ သူတို့၏ ပတ်ဝန်းကျင်ကို ဂါရဝပြုပြီးနောက် စည်အစီအရင်ထဲမှ ခုန်ထွက်ကာ သူတို့၏ မူလထောင့်များသို့ ပြန်သွားကြတော့သည်၊၊

ကွင်းပြင်တစ်ခုလုံး လုံးဝငြိမ်သက်သွားခဲ့သည်၊၊ တာအိုဆရာအချို့ လက်ခုပ်စတီးမီ စက္ကန့်အနည်းငယ်မျှ ကြာမြင့်ခဲ့သည်၊၊ ထို့နောက်တွင်တော့ အရပ်မျက်နှာအသီးသီးမှ ခပ်ကျဲကျဲလက်ခုပ်သံများထွက်ပေါ်လာခဲ့သည်၊၊ အချိန်အနည်းငယ်ကြာပြီးနောက် လက်ခုပ်သံများသည် ဒီရေလှိုင်းကဲ့သို့ တဟုန်ထိုးတက်လာပြီး အချိန်အတန်ကြာအောင် တည်ရှိနေခဲ့သည်၊၊

ကြည့်ရှုသူထိုင်ခုံများ၏ အရှေ့ဘက်နားတွင်မူ ထိုးထိုးထောင်ထောင်ဆံပင်ရှိသည့် ကျင့်ကြံသူတစ်ဦးက ရုတ်တရက်အော်ဟစ်လိုက်သည်၊၊

“သောက်ရမ်းမိုက်တယ်ကွ… အစ်ကိုရှန်းက___”

သူ၏ ရိုင်းစိုင်းသောစကားလုံးများ မပြီးဆုံးမီမှာပင် သူ့ဘေးရှိ တာအိုဆရာက သူ့ပါးစပ်ပေါ်တွင် အဆောင်တစ်ခုကို ကပ်လိုက်ချေပြီ၊၊ ထို့နောက် လုံဟူရှန်းတောင်မှ တပည့်များလည်း သူတို့၏ ယဉ်ကျေးသော လက်ခုပ်သံများကို ပြန်လည်စတင်လိုက်ကြတော့သည်၊၊

“ဒါက ရှုတောင်ရဲ့ ဒဏ္ဍာရီလာဓားထိန်းချုပ်ခြင်းပညာလား၊၊ တကယ်ကို နာမည်နဲ့လိုက်အောင် ထက်မြက်တာပဲ၊၊ သတ်ဖြတ်ဖို့ လွှတ်တင်လိုက်တဲ့ ဓားပျံတွေကို ဘယ်သူကခုခံနိုင်မှာလဲ”

“အထင်ကြီးစရာအကောင်းဆုံးကတော့ ဝူတန်းတောင်က တာအိုဆရာကောင်းပဲ၊၊ သူက ဓားတစ်လက်တည်းနဲ့ က ရှုတောင်ရဲ့ ဓားထိန်းချုပ်ခြင်းပညာကို ထိပ်တိုက်ရင်ဆိုင်ခဲ့တယ်”

“ဒါတော့ နည်းနည်းလွဲနေပြီ၊၊ အဲဒီသုံးယောက်ထဲမှာ အတောက်ပဆုံးက တာအိုဆရာပုယန်ရဲ့ တပည့်ပဲဟ၊၊ သူ့ရဲ့ကျင့်ကြံခြင်းက အခြားနှစ်ယောက်ထက် နည်းနည်းနိမ့်ကျနေပုံရပေမဲ့ သူတို့ကို သရေကျအောင် တိုက်ခိုက်နိုင်ခဲ့တယ်လေ”

“ကြယ်တာရာကောင်းကင်ကြီးကို ဖန်တီးခဲ့တဲ့ ဓားသိုင်းက တကယ့်ကို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိတာပဲ၊၊ အဲဒီလူငယ်ရဲ့ ဓားသိုင်းက ငါ့ရဲ့ တာအိုနှလုံးသားကိုတောင် တုန်လှုပ်လုနီးပါးဖြစ်သွားရတယ်”

“မင်းတို့ နားမလည်ကြဘူးမလား၊၊ အဲဒါက ဓားအရှိန်အဝါနယ်ပယ်ပဲ၊၊ အရှိန်အဝါဆိုတာ ဓားတာအိုမှာတင်မကဘဲ အခြားလမ်းစဉ်အများကြီးမှာလည်း ရှိတတ်တယ်၊၊ သူ့တပည့်ကတောင် ဒီလောက်အစွမ်းထက်နေရင် တာအိုဆရာပုယန်က ဘယ်လောက်တောင် ပိုပြီးအစွမ်းထက်မလဲ တွေးသာကြည့်တော့၊၊ သူက ကောင်းကင်သခင်နဲ့ ရင်ဘောင်တန်းနိုင်တဲ့ ရွှေအမြုတေအဆင့် တာအိုဆရာတစ်ဦးအနေနဲ့ တကယ်ကို ထိုက်တန်ပါတယ်”

အဖွင့်တင်ဆက်မှုသည် မူလက စိတ်လှုပ်ရှားစရာကောင်းမွန်စေရန် ရိုးရှင်းသော သွေးပူလေ့ကျင့်ခန်းအဖြစ်သာ ရည်ရွယ်ခြင်း ဖြစ်သည်၊၊ ဓားကျင့်ကြံသူသုံးဦးက ကွင်းပြင်တစ်ခုလုံးကို ဤမျှအထိ တုန်လှုပ်သွားစေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ၊၊

ကောင်းကင်၊ မြေကြီးနှင့် လူသားတို့၏ ဓားများသည် ယခုလေးတင် ရိုက်ခတ်မိသွားခဲ့ပြီ ဖြစ်သည်၊၊ ရှုတောင်၏ ဓားထိန်းချုပ်ခြင်းပညာ၊ ဝူတန်းတောင်၏ ဓားသိုင်းနှင့် တစ်ကိုယ်တော်ဓားအစီအရင်တို့ပင်၊၊

ဓားယှဉ်ပြိုင်မှုအတွင်း အစိတ်အပိုင်းများစွာ ပါဝင်နေပြီး ဆွေးနွေးစရာအချက်များစွာလည်း ရှိနေသည်၊၊ လက်ခုပ်သံများအပြီးတွင်တော့ သိသိသာသာစိတ်လှုပ်ရှားနေကြသော ကျင့်ကြံသူများစွာသည် ချက်ချင်းပင် အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ကြတော့သည်၊၊

အဓိကစင်မြင့်ထက်တွင်မူ ကောင်းကင်သခင်က ခေါင်းညိတ်ကာ ပြုံးနေခဲ့သည်၊၊ တစ်ချိန်တည်းမှာပင် ငြိမ်သက်စွာ မတ်တပ်ရပ်နေကြသော ယွမ်ဖူကျန်းရန်နှင့် ဖေးလုံတို့သည်လည်း လျှို့ဝှက်ကျွမ်းကျင်သူများ၏ ထုံးစံအတိုင်း သူတို့၏ မုတ်ဆိတ်မွှေးများကို သပ်နေကြသည်၊၊

အနီးနားရှိ တာအိုဆရာတစ်ဦးက ချင်ယန်ဇီထံသို့ လှည့်လိုက်သည်၊၊

“မင်းရဲ့ သန့်စင်ယန်အင်မော်တယ်မန္တန်က အတော်လေးအစွမ်းထက်တယ်လို့ ငါကြားဖူးပါတယ်၊၊ ဒါပေမဲ့ မင်းရဲ့တပည့်က ဓားတာအိုမှာ ဒီလောက်အထိ နက်နဲတဲ့အောင်မြင်မှုတွေ ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊၊ ဖေးယွီက ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဓားသိုင်းမှာ အများကြီးအစွမ်းထက်နေပြီ၊၊ သူက စီနီယာဓားကျင့်ကြံသူ နှစ်ယောက်နဲ့တောင် ရင်ဘောင်တန်းနိုင်ခဲ့တယ်”

အခြားတစ်ဦးကလည်း ချီးမွမ်းလိုက်သည်၊၊

“ဖေးယွီသာ ပုံရိပ်ယောင်အမြုတေအဆင့်ကို ရောက်သွားရင် ကြယ်တာရာတွေ ဆင်းသက်လာသလိုဖြစ်နေတဲ့ သူ့ရဲ့ဓားကို ငါတောင် ခုခံနိုင်ပါ့မလား မသိတော့ဘူး”

“ဖေးယွီရဲ့ ဓားတာအိုက ဂိုဏ်းတွေအများကြီးရဲ့ အားသာချက်တွေကို ပေါင်းစပ်ထားတာပဲ၊၊ သူ့ရဲ့ဓားအစီအရင်ထဲမှာ ဝူတန်းတောင်ရဲ့ ခုနှစ်စင်ကြယ်ဓားဆန္ဒပါဝင်နေပြီး ရှုတောင်ရဲ့ ဓားထိန်းချုပ်ခြင်းပညာကိုလည်း လေ့ကျင့်ထားသေးတယ်၊၊ အဲဒါအပြင် ဘယ်ဂိုဏ်းမှာမှမရှိတဲ့ ဓားတာအိုအပေါ် နက်နဲတဲ့ နားလည်သဘောပေါက်မှုတွေလည်း ရှိနေတယ်၊၊ နောက်ထပ် ဆယ်နှစ်ကြာရင် သူက ကျင့်ကြံခြင်းလောကမှာ ဓားလမ်းစဉ်ရဲ့ တစ်ခုတည်းသော မဏ္ဍိုင်ကြီးဖြစ်လာနိုင်တယ်”

ချင်ယန်ဇီသည် လက်ကို ဝှေ့ယမ်းကာ ခပ်ဖျော့ဖျော့သာပြုံးလိုက်သည်၊၊

“တာအိုဆရာ ဖေးလျန်ဇီနဲ့ ငါ့ရဲ့ ဂျူနီယာညီလေး ရှီရှင်းတို့နှစ်ဦးစလုံးဟာ ဖေးယွီကို ဓားတာအိုမှာ လမ်းပြပေးခဲ့တဲ့သူတွေလို့ ဆိုနိုင်ပါတယ်၊၊ ဖေးယွီရဲ့ ဓားသိုင်းအများစုကတော့ သူ့ရဲ့ ကိုယ်ပိုင်နားလည်သဘောပေါက်မှုကနေ လာတာပါ၊၊ ငါက သူ့ရဲ့ဆရာဖြစ်ပေမဲ့ ငါကိုယ်တိုင်လည်း ဓားတာအိုအပေါ် အများကြီးနားလည်တာမျိုးမရှိပါဘူး”

ချင်ယန်ဇီ ပြောလိုက်သည့်အချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံးငြိမ်သက်သွားတော့သည်၊၊

တာအိုဆရာများစွာသည် ဝမ်ရှန်း၏ နားလည်မှုနှင့် ပါရမီကို ထပ်မံချီးမွမ်းရန် ပြင်ဆင်နေကြစဉ် တည်ငြိမ်လှသော သက်လတ်ပိုင်းအရွယ် တာအိုဆရာမသည် စင်မြင့်ထက်သို့ နောက်တစ်ကြိမ်တက်လာခဲ့သည်၊၊ စည်အစီအရင်ကိုမူ ရှင်းလင်းပြီးဖြစ်သည်၊၊ ယခုအခါ ဝန်ထမ်းများသည် ကွင်းပြင်ကို ကွင်းအသေးလေးများအဖြစ် ခွဲခြမ်းရန် အလုပ်ရှုပ်နေကြသည်၊၊

တာအိုဆရာမသည် မိုက်ခရိုဖုန်းကို အသုံးပြု၍ စကားပြောလိုက်ရာ သူမ၏ နူးညံ့သောအသံကြောင့် ကွင်းပြင်တစ်ခုလုံး တဖြည်းဖြည်းငြိမ်သက်သွားလေသည်၊၊

“စိတ်အားထက်သန်စွာ တင်ဆက်ပေးခဲ့ကြတဲ့ လူငယ်ဖျော်ဖြေသူ နှစ်ရာကျော်ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်၊၊ ကျွန်မတို့အနေနဲ့ ဒိုင်လူကြီးကော်မတီက တာအိုဆရာသုံးဦးကိုလည်း အံ့ဩစရာကောင်းတဲ့ ဓားတိုက်ပွဲတင်ဆက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရှိပါတယ်...”

ဒိုင်လူကြီးကော်မတီ ဟုတ်လား၊၊

ကွင်းပြင်တစ်ခုလုံး ပြန်လည်ဆူညံသွားခဲ့သည်၊၊ ကျင့်ကြံသူအတော်များများမှာ ဝမ်ရှန်းသည် ပုံမှန်ထက် များစွာသာလွန်သော အစွမ်းကို ပြသခဲ့သဖြင့် ထိပ်တန်း ၈နေရာမှ တစ်နေရာကို ရရှိလိမ့်မည်ဟု သေချာနေသောကြောင့် စိတ်ပျက်နေခဲ့ကြခြင်းဖြစ်သည်၊၊ ထို့ကြောင့် သူသည် ဒိုင်လူကြီးကော်မတီတွင် ပါဝင်ကြောင်း ကြားလိုက်ရသည့်အခါ ထိပ်တန်း ၈နေရာ အဆင့်သတ်မှတ်ချက်ကို ဂရုစိုက်ကြသော ကျင့်ကြံသူများစွာမှာ ချက်ချင်းပင် စိတ်သက်သာရာရသွားကြတော့သည်၊၊

All Chapters