အခန်း (၂၀၃-၂၀၄)
Vol. 21 Ch. 203-204
Chapter 203
တာအိုဆရာပုယန်၏မိန့်ခွန်း
“ငါက အဲဒီလူငယ်ဓားကျင့်ကြံသူက ဒီနှစ်မှာ ထိပ်တန်းသုံးယောက်ထဲ ပါလိမ့်မယ်လို့ ထင်နေတာ၊၊ ပြိုင်ပွဲမှာ မပြိုင်ဘဲ ဒိုင်လူကြီးဖြစ်လာလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ”
“သူရဲကောင်းတွေက တကယ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ထွက်ပေါ်လာတာပဲ”
“ဒါပေမဲ့ ဒါကလည်း ကျိုးကြောင်းဆီလျော်ပါတယ်၊၊ တာအိုဆရာ ပုယန်က ငါတို့ကို အင်မော်တယ်တာအိုညီလာခံအတွက် စုစည်းပေးခဲ့တဲ့သူလေ၊၊ သူ့ရဲ့တပည့်က ဒိုင်လူကြီးအဖြစ်ဆောင်ရွက်တာက လုံးဝတရားမျှတပါတယ်”
“အစွမ်းထက်တဲ့ ပြိုင်ဘက်တစ်ယောက်လျော့သွားပြီ၊၊ ရှေးဟောင်းအင်မော်တယ်မန္တန်တွေကို မြင်တွေ့ခွင့်ရဖို့ ငါတို့ရဲ့အခွင့်အရေးတွေ ပိုပြီးတိုးလာတာပေါ့၊၊ တာအိုဆရာပုယန်က တကယ်ကို ရက်ရောတာပဲလို့ ငါပြောရမယ်”
ကွင်းပြင်အတွင်း ဆွေးနွေးသံများလွန်းသဖြင့် အစီအစဉ်တင်ဆက်သူက ခေတ္တရပ်နားလိုက်ရသည်၊၊ အချိန်အနည်းငယ်ကြာပြီးနောက် သူမက ဆက်ပြောသည်၊၊
“တာအိုဆရာ သုံးဦးရဲ့ ဓားသိုင်းက လူတိုင်းကို မိန်းမောသွားစေပါသလား၊၊ ဒါဆိုရင် သူတို့ကို ဒိုင်လူကြီးကော်မတီက အခြားသူတွေနဲ့အတူ စင်မြင့်ထက်ကို နောက်တစ်ကြိမ် ဖိတ်ခေါ်ပါရစေ၊၊ အားလုံးပဲ သူတို့ကို နွေးထွေးစွာ ကြိုဆိုပေးကြပါဦး”
စည်းချက်ကျသော တာအိုဂီတကို တီးခတ်လိုက်သည်၊၊ ဖေးလျန်ဇီက ရှေ့မှဦးဆောင်ပြီး ဒိုင်လူကြီး ၁၈ဦးသည် တန်းစီကာ ကွင်းပြင်အတွင်းသို့ ပျံသန်းဝင်ရောက်လာကြသည်၊၊ တပည့်များမှာ မိမိတို့ဂိုဏ်း၏ တာအိုဆရာများကို မြင်တွေ့ရသည့်အခါ လက်ခုပ်သံများက ပိုမိုစိတ်အားထက်သန်လာခဲ့သည်၊၊
မူလက ဝမ်ရှန်းကို ရှေ့ဆုံးတွင် ထားရန် စီစဉ်ထားသော်လည်း စင်ပေါ်မတက်မီ သူသည် အစီအစဉ်၏ နောက်ဆုံးသို့ တမင်တကာ ရွှေ့ဆိုင်းလိုက်သည်၊၊ သို့သော်လည်း ၎င်းက အရေးမကြီးပေ၊၊ သူပေါ်လာသည့် အခိုက်အတန့်တွင် ကွင်းပြင်၏ အရပ်မျက်နှာအားလုံးမှ အာရုံစိုက်မှုများသည် သူ့ထံသို့ ချက်ချင်းစုသွားတော့သည်၊၊
ကံကောင်းစွာပင် ဤနေရာရှိ လူတိုင်းသည် မိမိတို့၏ တာအိုနှလုံးသားနှင့် တာအိုနယ်ပယ်ကို တန်ဖိုးထားကြသော ကျင့်ကြံသူများဖြစ်ကြသည်၊၊ သို့မဟုတ်ပါက မိန်းကလေးတပည့်များ၏ အော်ဟစ်သံများထွက်ပေါ်နေလောက်ပြီ ဖြစ်သည်၊၊
တာအိုဆရာ ၁၈ဦးသည် နှစ်ဖက်စလုံးသို့ လက်သီးဆုပ် ဂါရဝပြုကြပြီးနောက် မိမိတို့နေရာတွင် ငြိမ်သက်စွာ မတ်တပ်ရပ်လိုက်ကြသည်၊၊ ထို့နောက် အစီအစဉ်တင်ဆက်သူက ဒိုင်လူကြီး ၁၈ဦးကို တစ်ဦးချင်းစီ မိတ်ဆက်ပေးပြီး သူတို့၏ တာအိုဂိုဏ်းနှင့် ကျင့်ကြံခြင်းကို ကြေညာပေးခဲ့သည်၊၊
ဝမ်ရှန်းထံသို့ ရောက်ရှိလာသည့်အခါ သူမသည် သူ၏ တာအိုသက်တမ်းကို အထူးအလေးပေးပြောကြားခဲ့ပြီး ကမ္ဘာမြေ၏ ချီစွမ်းအင်များ ပြန်လည်နိုးထလာချိန်တွင်မှ သူသည် ကျင့်ကြံခြင်းနှင့် စတင်ထိတွေ့ခဲ့ခြင်းဖြစ်ကြောင်း ထောက်ပြခဲ့သည်၊၊ ထိုသို့ပြုလုပ်ခြင်းဖြင့် ချင်ယန်ဇီ၏ ထူးခြားသောကျွမ်းကျင်သူပုံရိပ်ကို ပိုမိုထင်ရှားစေခဲ့သည်၊၊
သူ့တွင်ရှိသော တပည့်နှစ်ဦးအနက် နတ်သမီးနှင့်တူသော မုဝမ်ရွှမ်းသည် ငယ်စဉ်ကတည်းက သူ့ထံတွင် ကျင့်ကြံခြင်းကို သင်ယူခဲ့သည်၊၊ ယခုအခါ သူမသည် ပုံရိပ်ယောင်အမြုတေအဆင့်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် ခက်ခဲလှသော ယင်ယန်ပါကွသိုင်းကို လိုက်စားနေသော်လည်း ဝါစဥ်ကြီးကျင့်ကြံသူမျိုးဆက်ကိုပင် လိုက်မှီနေခဲ့ပြီ ဖြစ်သည်၊၊
သူ့၏ အခြားတပည့်ဖြစ်သော ဝမ်ရှန်းကမူ ဓားကျင့်ကြံသူဖြစ်သည်၊၊ ပင်လယ်ဝါတွင် မိစ္ဆာကျင့်ကြံသူများကြောင့် ဖြစ်ပွားခဲ့သော ပရမ်းပတာဖြစ်ရပ်အတွင်း သူသည် မိမိ၏ ဓားတာအိုအစွမ်းကို သက်သေပြခဲ့ပြီးဖြစ်သည်၊၊ နှစ်နှစ်ခွဲခန့် တံခါးပိတ်ကျင့်ကြံပြီးနောက် ယနေ့တွင် သူသည် အံ့ဩစရာကောင်းလောက်အောင် ပြန်လည်ထွက်ပေါ်လာခြင်းဖြစ်သည်၊၊
သူ၏ တပည့်များပင် ဤမျှအထိ ကြောက်စရာကောင်းနေပါက တာအိုဆရာပုယန်ကိုယ်တိုင်ဆို မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းနှင့် နတ်ဘုရားစွမ်းရည်များ ရှိနေမည်နည်းဟု လူတိုင်းတွေးမိသွားသည်၊၊
သို့သော်လည်း အင်မော်တယ်တာအိုညီလာခံသည် ကျင့်ကြံခြင်းလောက၏ သမာဓိလမ်းစဉ်အတွက် ကြီးကျယ်သော ပွဲတော်တစ်ခုဖြစ်သည်၊၊ ၎င်းသည် အဖွင့်တင်ဆက်မှုတစ်ခုတည်းကိုသာ လှည့်ပတ်နေ၍ မရနိုင်ပေ၊၊ ထို့ကြောင့် အစီအစဉ်တင်ဆက်သူသည် အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလဲလိုက်ပြီး ပြိုင်ပွဲ၏ စည်းမျဉ်း (၁၁)ချက်ကို စတင်ရှင်းလင်းပေးခဲ့သည်၊၊ သူမသည် အကြိုပြိုင်ပွဲအတွက် ပြင်ဆင်နေကြသော အဖွဲ့ဝင်များကိုလည်း မိမိတို့၏ အုပ်စုများကို ဂရုစိုက်ရန် ညွှန်ကြားခဲ့သည်၊၊
ဒိုင်လူကြီး ၁၈ဦးသည် ပြိုင်ပွဲကွင်း (၈)ခုသို့ လျှောက်လှမ်းသွားကြပြီး သတ်မှတ်ထားသော နေရာများတွင် တိတ်ဆိတ်စွာ မတ်တပ်ရပ်လိုက်ကြသည်၊၊ ဝမ်ရှန်း၊ ဖေးလျန်ဇီနှင့် ကောင်းရှီရှင်းတို့သည် ပြိုင်ပွဲကွင်းတစ်ခုစီသို့ ဟန်ပြစစ်ဆေးမှုများပြုလုပ်ကြပြီးနောက် ဘေးဘက်ရှိ အရိပ်ရသောနေရာတွင် အနားယူရန် ရွှေ့ဆိုင်းလိုက်ကြသည်၊၊
ထို့နောက် အစီအစဉ်တင်ဆက်သူက ပြိုင်ပွဲတရားဝင်စတင်ကြောင်း ကြေညာလိုက်ပြီး ပြိုင်ပွဲကွင်းတစ်ခုစီရှိ နံပါတ် (၁) မှ (၂၀) အထိ ရှိသော ကျင့်ကြံသူများကို ပထမဆုံးအကြိုပြိုင်ပွဲအတွက် ကွင်းအတွင်းသို့ ဝင်ရောက်ရန် ခေါ်ယူလိုက်သည်၊၊
ထိုအခိုက်အတန့်တွင် ချင်ယန်ဇီသည် ရုတ်တရက်မတ်တပ်ရပ်လိုက်သဖြင့် အစီအစဉ်တင်ဆက်သူက အံ့ဩသွားသည်၊၊ လေ့ကျင့်မှုများအတွင်းမှာမူ မည်သည့်မိန့်ခွန်းမျှ စီစဉ်ထားခြင်းမရှိခဲ့ပေ၊၊
ကံကောင်းစွာပင် သက်လတ်ပိုင်းအရွယ် တာအိုဆရာမသည် လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်၊၊ သူမသည် အခြေအနေကို ထိန်းသိမ်းရန် ချက်ချင်းရှေ့သို့တက်လာပြီး အရပ်မျက်နှာအားလုံးသို့ ဦးညွှတ်တောင်းပန်လိုက်သည်၊၊
“မိတ်ဆွေကျင့်ကြံသူတို့၊ ကျွန်မကို ခွင့်လွှတ်ပေးကြပါဦး၊၊ ပြိုင်ပွဲမစတင်မီ အရေးကြီးဆုံးအပိုင်းကို ကျွန်မ မေ့လျော့သွားခဲ့ပါတယ်၊၊ အခုဆိုရင် ဒီအင်မော်တယ်တာအိုညီလာခံကို စုစည်းပေးခဲ့တဲ့ တာအိုဆရာ ပုယန်ကို အလွန်အရေးကြီးတဲ့ မိန့်ခွန်းပြောကြားပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်”
ချင်ယန်ဇီက တာအိုဆရာမကို တောင်းပန်ပြုံးပြလိုက်ပြီးနောက် ရှေ့သို့လှမ်းတက်လိုက်သည်၊၊ သူသည် ချက်ချင်းပင် ကွင်းတစ်ခုလုံး၏ အာရုံစိုက်ရာဖြစ်လာခဲ့တော့သည်၊၊
မိမိ၏ တပည့်ဖြစ်သူ၏ ဓားယှဉ်ပြိုင်မှုကို မြင်တွေ့ရပြီးနောက် သူသည် ရုတ်တရက် စကားပြောလိုစိတ်ဖြစ်ပေါ်လာခြင်း ဖြစ်သည်၊၊ လွတ်လပ်စွာနေတတ်သောလူတစ်ဦးဖြစ်သဖြင့် သူသည် ထိုအတွေးကို ချက်ချင်း အကောင်အထည်ဖော်ကာ တွန့်ဆုတ်ခြင်းမရှိဘဲ မတ်တပ်ရပ်လိုက်ခြင်း ဖြစ်သည်၊၊
သူ၏ ကြည်လင်ပြီး သာယာသောအသံသည် ကွင်းပြင်တစ်ခုလုံးတွင် တဖြည်းဖြည်းပဲ့တင်ထပ်သွားခဲ့ပြီး ထိုနေရာရှိ ကျင့်ကြံသူတိုင်း၏ နားထဲသို့ ရောက်ရှိသွားသည်၊၊ သူသည် အသံချဲ့စနစ်ကိုပင် အသုံးပြုရန် မလိုအပ်ပေ၊၊
“ယနေ့ ဒီနေရာကို အားလုံးကို ဖိတ်ခေါ်ခွင့်ရတာ တကယ်ကို မလွယ်ကူခဲ့ပါဘူး၊၊ အားလုံးရဲ့ ထောက်ပံ့မှုကို နောက်တစ်ကြိမ်ကျေးဇူးတင်ရှိပါတယ်၊၊ ဒီပွဲစဉ်တစ်လျှောက်လုံးမှာ အပြည့်အဝကူညီပေးခဲ့တဲ့ ဟွာသမ္မတနိုင်ငံကိုလည်း ကျေးဇူးတင်ရပါမယ်”
“ကမ္ဘာဦးချီတွေ ပြန်လည်နိုးထလာကတည်းက အစိုးရက ကျွန်တော်တို့ လမ်းမှန်ကျင့်ကြံသူတွေကို အထူးဂရုစိုက်ခဲ့ပါတယ်၊၊ သူတို့ရဲ့ မူဝါဒတွေက သည်းခံခွင့်လွှတ်မှုရှိပြီး မိစ္ဆာကျင့်ကြံသူတွေကြောင့်ဖြစ်ပွားတဲ့ ပရမ်းပတာဖြစ်ရပ်တွေကို နှိမ်နင်းဖို့ ပြင်းထန်တဲ့ အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်”
“သူတို့ ပြုလုပ်ခဲ့တဲ့ ကြိုးစားမှုတွေကို အားလုံးမြင်တွေ့နိုင်မှာပါ၊၊ တာအိုရောင်းရင်းများစွာက အစိုးရရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကို ကူညီပေးဖို့၊ မိစ္ဆာကျင့်ကြံသူတွေနဲ့ ဉာဏ်ပညာချင်း၊ အစွမ်းချင်းယှဉ်ပြိုင်တိုက်ခိုက်ဖို့နဲ့ ဒေသအသီးသီးမှာ ငြိမ်းချမ်းရေးကို ကာကွယ်ဖို့ သူတို့ရဲ့ စွမ်းအားတွေကို ပေးခဲ့ကြပြီးပါပြီ”
“သာမန်ပြည်သူတွေက ကျင့်ကြံခြင်းလောကတည်ရှိမှုကို မသိသေးပါဘူး၊၊ ဒါပေမဲ့ အချိန်တန်ရင်ရောက်ရှိလာမယ့် အခြေအနေအတွက် ကျွန်တော်တို့ ပြင်ဆင်ထားရပါမယ်၊၊ ဂိုဏ်းတစ်ခုချင်းစီနဲ့ မျိုးဆက်တစ်ခုချင်းစီက မိမိတို့ရဲ့ တပည့်တွေကို ထိန်းသိမ်းပြီး သူတို့ရဲ့ အပြုအမူနဲ့ စကားပြောဆိုမှုတွေကို စနစ်တကျရှိစေဖို့ ကျွန်တော် မျှော်လင့်ပါတယ်၊၊ ယနေ့—”
“ဝေါမီတောဖော”
စူးရှသောမျက်လုံးများရှိသည့် ပိန်လှီသော ဘုန်းကြီးအိုတစ်ပါးက ဘေးဘက်မှ အော်ဟစ်လိုက်သည်၊၊ ထို့နောက် သူသည် မတ်တပ်ရပ်လိုက်ပြီး ချင်ယန်ဇီထံသို့ လက်အုပ်ချီလိုက်သည်၊၊
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ငါ့ကို နှောင့်ယှက်နေတဲ့ မေးခွန်းတစ်ခုရှိနေပါတယ်”
ထိုနေရာရှိ ကျင့်ကြံသူအများစုမှာ နေရာအနှံ့မှ ဂိုဏ်းမရှိသော ကျင့်ကြံသူများနှင့် မြင့်မြတ်တောင်ဂိုဏ်းများမှ ဖြစ်ကြပြီး တာအိုလမ်းစဉ်ကို လိုက်နာကြသူများဖြစ်ကြသည်၊၊ ဗုဒ္ဓဂိုဏ်းများမှာမူ အစည်းအဝေးစုစည်းသူ၏ မိန့်ခွန်းအလယ်တွင် စကားပြောရန် နေရာမရှိပေ၊၊ အကယ်၍ ၎င်းက ချီးမွမ်းခြင်းဖြစ်ပါက လက်ခံနိုင်သော်လည်း ထိုဘုန်းကြီး၏ အသံမှာ ပြဿနာရှာလိုသည့်ပုံစံ ပို၍ပေါက်နေသည်၊၊
တာအိုဆရာအချို့ မျက်မှောင်ကြုတ်လိုက်ကြပြီး တာအိုအကြီးအကဲများစွာကလည်း သူတို့၏ မကျေနပ်မှုကို ပြသလာကြသည်၊၊ လူအုပ်ကြားတွင် ပုန်းကွယ်နေကြသော အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များမှာမူ တိတ်တဆိတ်ချွေးပြန်နေကြသည်၊၊
ကြယ်လင်ပြီးကျယ်လောင်သော အသံဖြင့် ချင်ယန်ဇီက ပြန်ဖြေလိုက်သည်၊၊
“ဆရာတော်… ကျေးဇူးပြုပြီး မေးမြန်းနိုင်ပါတယ်”
ဘုန်းကြီးအိုက “တာအိုပညာတွေ၊ ဗုဒ္ဓပညာတွေဟာ သတ္တဝါအားလုံးရဲ့ ဆင်းရဲဒုက္ခတွေကို လျော့ပါးစေနိုင်တာပဲ၊၊ ဒါဆိုရင် ဘာဖြစ်လို့ ငါတို့လမ်းစဉ်နှစ်ခုဟာ အစိုးရနဲ့ လက်တွဲပြီး ကျင့်ကြံခြင်းနည်းလမ်းတွေကို ပြည်သူတွေထံ မဖြန့်ဝေရတာလဲ”
“ပထမဆုံးအနေနဲ့ အချက်တစ်ချက်ကို ရှင်းလင်းပါရစေ”
ချင်ယန်ဇီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်၊၊
“တာအိုဖြစ်စေ၊ ဗုဒ္ဓဖြစ်စေ လမ်းစဉ်နှစ်ခုစလုံးဟာ ငယ်စဉ်ကတည်းက လေ့ကျင့်ရင် အထိရောက်ဆုံးဖြစ်ပါတယ်၊၊ အကယ်၍ အဲဒီနည်းလမ်းတွေကို အခုအချိန်မှာ ကျယ်ကျယ်ပြန့်ပြန့်မြှင့်တင်မယ်ဆိုရင် အသက် ၂၅နှစ်အောက်အရွယ်တွေသာ အမှန်တကယ် အကျိုးကျေးဇူးရရှိမှာပါ”
“ဒုတိယအနေနဲ့ ကျင့်ကြံသူတွေဟာ သီလနဲ့ နှလုံးသားကို အရင်ဆုံးကျင့်ကြံခြင်းဖြင့် တာအိုလမ်းစဉ်ကို လျှောက်လှမ်းကြတာဖြစ်ပါတယ်၊၊ ကိုယ်ကျင့်တရားနဲ့ တာအိုလမ်းစဉ်ကို ခွဲခြားလို့ မရပါဘူး၊၊ အကယ်၍ ကျွန်တော်တို့ဟာ လူတစ်ဦးရဲ့ စရိုက်လက္ခဏာကို လျစ်လျူရှုပြီး တာအိုသက်သက်ပဲဖြန့်ဝေမယ်ဆိုရင် မိစ္ဆာကျင့်ကြံသူတွေ ထွက်ပေါ်လာဖို့အတွက် မြေဩဇာကောင်းတွေကို ဖန်တီးပေးနေတာနဲ့ တူတူပါပဲ”
“တတိယအနေနဲ့ အကယ်၍ ကျင့်ကြံခြင်းကို မဆင်မခြင်ဖြန့်ဝေတဲ့အခါ လူတိုင်းက အသက်မွေးဝမ်းကျောင်းနဲ့ ကုန်ထုတ်လုပ်မှုကို လျစ်လျူရှုပြီး ကျင့်ကြံခြင်းတွေကိုပဲ အာရုံစိုက်နေမယ်ဆိုရင် တိုင်းပြည်ရဲ့ စီးပွားရေးဟာ ရက်ပိုင်းအတွင်းပြိုလဲသွားမှာ ဖြစ်ပါတယ်၊၊ ဒါက ပျက်စီးခြင်းလမ်းကြောင်းပဲ ဖြစ်လိမ့်မယ်”
“စတုတ္ထအနေနဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ဟွာသမ္မတနိုင်ငံဟာ အခြေခံကျင့်ကြံခြင်းနည်းလမ်းတွေကို သုတေသနလုပ်ဖို့အတွက် လူအင်အားနဲ့ အရင်းအမြစ်အများအပြားကို ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ပါတယ်၊၊ ကျွန်တော်သိသလောက်တော့ ကြီးမားတဲ့ တိုးတက်မှုတွေကို ရရှိထားပြီးပါပြီ၊၊ နောက်ထပ် ဆယ်နှစ် ဒါမှမဟုတ် အနှစ်နှစ်ဆယ်ကြာရင် အဲဒီနည်းလမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့်အကောင်အထည်ဖော်ဖို့ အဆင်သင့်ဖြစ်လိမ့်မယ်၊၊ အသက်အရွယ်မရွေး လူတွေဟာ အဲဒီနည်းလမ်းတွေကို အသုံးပြုပြီး အသက်ရှည်ကျန်းမာစေနိုင်မှာ ဖြစ်ပါတယ်၊ ဒါပေမဲ့ အကြမ်းဖက်မှု ကျူးလွန်ဖို့အတွက်တော့ မဟုတ်ပါဘူး”
“ကျွန်တော့်ရဲ့ အချက်(၄) ချက်က ဆရာတော်ရဲ့ မေးခွန်းကို ဖြေကြားပြီးဖြစ်ရဲ့လား၊၊ အကယ်၍ ဒီအကြောင်းပြချက်တွေ မလုံလောက်သေးရင် ကျွန်တော် နောက်ထပ်ပေးနိုင်ပါသေးတယ်”
“ဝေါမီတောဖော”
ဘုန်းကြီးအိုက သက်ပြင်းရှည်ကြီး ချလိုက်သည်၊၊
“ငါကိုယ်တိုင်ကပဲ အမြော်အမြင်မရှိခဲ့တာပါ၊၊ ငါအခုလေးတင် ပြောခဲ့တာတွေကို ပြန်တွေးကြည့်ရင် တကယ်ကို ရယ်စရာကောင်းတယ်လို့ ခံစားရပါတယ်”
ချင်ယန်ဇီက ပြုံးလိုက်သည်၊၊
“ဗုဒ္ဓကြာပန်းကျမ်းစာအရ အဲဒီကျမ်းစာဟာ ဗုဒ္ဓအားလုံးရဲ့ လျှို့ဝှက်ရတနာဖြစ်ပြီး အခြားသူတွေကို မဆင်မခြင်ဖြန့်ဝေတာ ဒါမှမဟုတ် သင်ကြားတာမျိုးမလုပ်သင့်ပါဘူး၊၊ မင်မင်းဆက်အတွင်းက ရေးသားခဲ့တဲ့ အနောက်ဘက်သို့ ခရီးသွားခြင်းအရ ကျမ်းစာတွေကို အလွယ်တကူလွှဲပြောင်းပေးတာမျိုး ဒါမှမဟုတ် အလကားယူတာမျိုး မလုပ်သင့်ပါဘူး၊၊ မူအားဖြင့်တော့ ဗုဒ္ဓဘာသာက ဒီအကြောင်းပြချက်ကို အသိဆုံးဖြစ်ရမှာပါ”
“ကျွန်တော်တို့ တာအိုဂိုဏ်းတွေကတော့ ဘိုးဘေးတွေရဲ့ ပြင်းထန်တဲ့ စည်းမျဉ်းတွေကို တိကျစွာ လိုက်နာကြပါတယ်၊၊ ကျွန်တော်တို့က တပည့်လက်ခံရာမှာ သတိထားပြီး တာအိုကို လွှဲပြောင်းပေးရာမှာ ပိုလို့တောင် သတိထားကြပါတယ်၊၊ အဲဒါမှာ ဘာအမှားရှိလို့ပါလဲ”
ဘုန်းကြီးအိုက ဘာမှဆက်မပြောတော့ပေ၊၊ သူသည် ဦးညွှတ်လိုက်ပြီး မိမိထိုင်ခုံသို့ တဖြည်းဖြည်းပြန်သွားလေသည်၊၊
ချင်ယန်ဇီ ခေတ္တမျှ ရပ်နားလိုက်ပြီးနောက် သူ၏ အသံအရှိန်အဟုန်မှာ မြင့်တက်လာခဲ့သည်၊၊ သူ၏ အကြည့်က ကွင်းပြင်တစ်ခုလုံးကို ဝေ့ဝဲသွားကာ ပတ်ဝန်းကျင်တစ်ခုလုံးကို နောက်တစ်ကြိမ် လွှမ်းမိုးလိုက်ပြန်သည်၊၊
“ယနေ့ ကမ္ဘာကြီးဟာ အများအားဖြင့် တည်ငြိမ်နေပေမဲ့ ဟွာသမ္မတနိုင်ငံအတွင်းမှာရှိတဲ့ မိစ္ဆာကျင့်ကြံသူတွေဟာ ဆက်လက်ရှိနေတဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်နေဆဲပါ၊၊ ကျွန်တော်တို့ရဲ့ နယ်စပ်အလွန်မှာတော့ မိစ္ဆာတွေနဲ့ မကောင်းဆိုးဝါးနတ်ဆိုးတွေဟာ မငြိမ်မသက်လှုပ်ရှားနေကြပြီး မြင့်မြတ်တဲ့ကမ္ဘာကြီးရဲ့ စွမ်းအားကို နောက်တစ်ကြိမ်စမ်းသပ်ဖို့ သွေးတိုးစမ်းနေကြပါတယ်”
“ကျင့်ကြံသူတွေအနေနဲ့ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးနဲ့ သီးခြားနေထိုင်မှုကို ရှာဖွေကြပါတယ်၊၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ တိုင်းပြည်အန္တရာယ်ကြုံတွေ့ရတဲ့အခါ ပြည်သူတွေကို ကာကွယ်ဖို့အတွက်လည်း ထရပ်ရပါမယ်၊၊ ကျွန်တော်တို့ဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ ဖြောင့်မတ်တဲ့ချီကို ထိန်းသိမ်းရပါမယ်၊၊ ကျွန်တော်တို့ရဲ့ တာအိုနဲ့ နည်းလမ်းတွေနဲ့ ဟွာသမ္မတနိုင်ငံအတွင်းမှာရှိတဲ့ ဘီလီယံပေါင်းများစွာသော ပြည်သူတွေရဲ့ ငြိမ်းချမ်းတဲ့ ဘဝတွေကို ကာကွယ်ရပါမယ်”
“ယနေ့ရဲ့ အင်မော်တယ်တာအိုညီလာခံဟာ ဂိုဏ်းအသီးသီးနဲ့ တာအိုမျိုးဆက်အသီးသီးက အသက် ၃၅နှစ်အောက် လူငယ်ပါရမီရှင်တွေကို စုစည်းပေးထားတာဖြစ်ပါတယ်၊၊ ဒီနေရာမှာ ကျွန်တော်တို့ ထိုင်ပြီး တာအိုကို ဆွေးနွေးကြမယ်၊၊ မတ်တပ်ရပ်ပြီး နည်းလမ်းတွေကို ယှဉ်ပြိုင်ကြမယ်၊၊ ဒီအခွင့်အရေးကို အသုံးပြုပြီး ကျွန်တော်တို့ ဂိုဏ်းတွေရဲ့ အားသာချက်တွေကို ပြသမယ်၊၊ မကောင်းမှုပြုသူတွေကို ဟန့်တားမယ်၊၊ ကျွန်တော်တို့ ထာဝရရှင်သန်ခြင်းလမ်းစဉ်ရဲ့ စွမ်းအားကို ပြသကြမယ်၊၊ ကျွန်တော် တာအိုဆရာတစ်ဦးနဲ့ ဒီနေရာမှာရှိတဲ့ လေးစားရတဲ့ တာအိုဆရာကြီးတွေဟာ အပြန်အလှန်တွန်းအားပေးမှုတွေနဲ့ ရှေ့သို့ ဆက်လက်ချီတက်ကြပြီး... ပြိုင်ပွဲကို စတင်လိုက်ကြရအောင်”
Chapter 204
အရိပ်ထဲမှ စောင့်ကြည့်ခြင်း
ကွင်းအနီး၌ အမိုးပေါ်တွင် အချက်ပြဖမ်းစက်အပြည့်တပ်ဆင်ထားသော RV ကားတစ်စီးအတွင်း၌ ဝမ်ရှန်းသည် ထောင့်စွန်းရှိ ထိုင်ခုံပုလေးပေါ်တွင် ထိုင်ရင်း လက်ထဲက တက်ဘလက်မျက်နှာပြင်ကို ဆက်တိုက်ပွတ်ဆွဲနေသည်၊၊
ထိုတက်ဘလက်မှတစ်ဆင့် သူသည် ကြိုးဝိုင်းရှစ်ခုလုံးတွင် ယှဉ်ပြိုင်နေသော ပွဲစဉ်များကို တိုက်ရိုက်ကြည့်ရှုနိုင်သည်၊၊ သူ၏ လက်ရှိတာဝန်မှာ ပါဝင်ယှဉ်ပြိုင်သူများကြားထဲတွင် ပုန်းအောင်းနေနိုင်သည့် မိစ္ဆာကျင့်ကြံသူများကို တတ်နိုင်သမျှ စောစောစီးစီးဖော်ထုတ်ရန်ဖြစ်သည်၊၊
ဟုတ်ပါသည်၊၊ ဤအလုပ်သည် ဒိုင်လူကြီးတစ်ဦးအနေဖြင့် သူလုပ်ဆောင်ရမည့် တာဝန်ဝတ္တရားမဟုတ်ပေ၊၊ ဝမ်ရှန်းက အားနေ၍ အလုပ်ရှာလုပ်နေခြင်းသာဖြစ်သည်၊၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ဝါရင့်အဖွဲ့ဝင် ၁၀ယောက်ကျော်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့တစ်ဖွဲ့လုံးသည် ဤတာဝန်ကို သီးသန့်တာဝန်ယူထားကြသည်၊၊ သူတို့သည် ပဏာမပွဲအစောပိုင်းကာလကတည်းကပင် သံသယဖြစ်ဖွယ်လူခြောက်ဦးကို ဖော်ထုတ်ထားပြီးဖြစ်သည်၊၊
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် အင်မော်တယ်တာအိုညီလာခံတွင် ပေါ်ထွက်လာသမျှ သိုးမည်းကျင့်ကြံသူတိုင်းကို အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်သည်၊၊ သံသယဖြစ်ဖွယ် ပါဝင်ယှဉ်ပြိုင်သူတစ်ဦးကို တွေ့ရှိသည်နှင့် သံသယအဆင့် မည်မျှပင်ရှိစေကာမူ နောက်ခံသမိုင်းကြောင်းကို ချက်ချင်းစစ်ဆေးပြီး အသေးစိတ်တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်၊၊ နာမည်ကျော်ဂိုဏ်းကြီးများမှ တပည့်များပင်ဖြစ်ပါစေ ထိပ်တန်းအဆင့်များသို့ ရောက်ရှိလာပါက သေချာပေါက် စစ်ဆေးခံရမည်ဖြစ်သည်၊၊ ရှီချန်ကျန်းကဲ့သို့ ကျော်ကြားသူဖြစ်ပါစေ ကင်းလွတ်ခွင့်ရမည်မဟုတ်ပေ၊၊
မိစ္ဆာကျင့်ကြံသူတစ်ဦးတစ်ယောက်မျှ ထိပ်တန်း ၈ယောက်စာရင်းထဲသို့ ဝင်ရောက်သွားခြင်းကို သူတို့ လုံးဝခွင့်မပြုနိုင်ပေ၊၊
“ဟင်း…” ဝမ်ရှန်း မျက်မှောင်ကုတ်လိုက်သည်၊၊
မုရွှယ်သည် ချက်ချင်း အနားသို့ တိုးကပ်လာပြီး တီးတိုးမေးလိုက်သည်၊၊
“တာအိုဆရာဝမ်၊ တစ်ခုခု တွေ့လို့လား”
ဝမ်ရှန်းက မျက်နှာပြင်ဆီသို့ မေးငေါ့ပြလိုက်သည်၊၊
“ဒါကို တစ်ချက်ကြည့်လိုက်ဦး”
ရုပ်သံမှတ်တမ်းထဲတွင် ဓားကျင့်ကြံသူတစ်ဦးသည် တာအိုအစီအရင်တစ်ခုကို ဖော်ဆောင်ရန် အလံတစ်ခုကို ဝှေ့ယမ်းနေသော ပြိုင်ဘက်တစ်ဦးနှင့် ယှဉ်ပြိုင်နေသည်၊၊ ဒရုန်းများမှ ရိုက်ကူးထားသော ပုံရိပ်များသည် အလွန်ကြည်လင်ပြတ်သားပြီး တည်ငြိမ်လှသည်၊၊
“အဲဒီဓားကျင့်ကြံသူက လောင်ရှန်းတောင် တာအိုဂိုဏ်းက တပည့်တစ်ယောက်နဲ့ တူတယ်၊၊ အလံကို ကိုင်ထားတဲ့သူကတော့ လေလွင့်ကျင့်ကြံသူထင်တယ်၊၊ ဘာဖြစ်လို့လဲ”
မုရွှယ်က မေးလိုက်သည်၊၊
“အဲဒီလေလွင့်ကျင့်ကြံသူက တစ်ခုခုမူမမှန်သလိုပဲ၊၊ သူ့အလံက ဓာတ်ကြီးငါးပါး တာအိုအစီအရင်အတွက် ကြားခံတစ်ခုလိုဖြစ်နေပေမဲ့ သူထုတ်သုံးနေတဲ့ ပညာတွေက ဓာတ်ကြီးငါးပါး အတတ်ပညာတွေ လုံးဝမဟုတ်ဘူး၊၊ ကျွန်တော်တို့ စုံစမ်းကြည့်သင့်တယ်”
“သိပြီ၊၊ ကျေးဇူးတင်ပါတယ် တာအိုဆရာဝမ်”
မုရွှယ်သည် သူမ၏ဖုန်းဖြင့် ဓာတ်ပုံကို ချက်ချင်းရိုက်ယူလိုက်ပြီး ထိုလေလွင့်ကျင့်ကြံသူ၏ နောက်ခံကို စစ်ဆေးရန် စီစဉ်လိုက်သည်၊၊ ပွဲမပြီးခင်မှာပင် စစ်ဆေးချက်ရလဒ်များ ထွက်ပေါ်လာသည်၊၊ ထိုလေလွင့်ကျင့်ကြံသူ၏ မှတ်ပုံတင်ထားသော အချက်အလက်များနှင့် အထောက်အထားများမှာ ကိုက်ညီမှုမရှိပေ၊၊ တစ်ခုခုမှားယွင်းနေသည်မှာ ရှင်းလင်းနေလေသည်၊၊
ဝမ်ရှန်းသည် မျက်နှာပြင်များကို ဆက်လက်ပွတ်ဆွဲကြည့်ရှုနေသည်၊၊ အကူအညီပေးနိုင်ခြင်းက သူ့ကို ပို၍တက်ကြွလန်းဆန်းစေသည်၊၊ ခဏအကြာတွင် သူသည် ပို၍ ထူးဆန်းသော အပြုအမူအချို့ကို သတိပြုမိလာပြန်သည်၊၊ လက်ရှိတွင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် သံသယဖြစ်ဖွယ်ကျင့်ကြံသူ ၁၀ယောက်ကျော်ကို ဖော်ထုတ်ထားပြီးဖြစ်သည်၊၊
မိစ္ဆာကျင့်ကြံသူအတော်များများသည် ကံကိုယုံပြီး လာရောက်စွန့်စားကြပုံရသည်၊၊ သံသယရှိသူများ၏ တစ်ဝက်ခန့်သာ မိစ္ဆာကျင့်ကြံသူများဖြစ်နေဦးတော့၊၊ လက်ရှိ ဖော်ထုတ်ရရှိမှုနှုန်းနှင့် စင်ပေါ်တက်သွားသူ အရေအတွက်ကို နှိုင်းယှဉ်ကြည့်လျှင် ဤပွဲ၌ မိစ္ဆာတာအိုကျင့်ကြံသူ အနည်းဆုံး ၁၀၀ကျော် ရှိနေနိုင်သည်၊၊
၎င်းတို့သည် တကယ်ကို ရဲတင်းသူများပင် ဖြစ်ကြသည်၊၊ ရွှေအမြုတေအဆင့်ကျွမ်းကျင်သူ အနည်းငယ်၊ ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူ ၁၀၀ကျော်နှင့် သမာဓိလမ်းစဉ်တစ်ခုလုံး၏ ထိပ်သီးပုဂ္ဂိုလ်များစွာ၏ ရှေ့မှောက်တွင် လူမြင်ကွင်း၌ ရဲရဲဝံ့ဝံ့လာရောက်ယှဉ်ပြိုင်ရဲကြသည်၊၊
ထိုမိစ္ဆာကျင့်ကြံသူများက ဘယ်လိုအတွေးမျိုးရှိနေကြလဲဆိုသည်ကို ဝမ်ရှန်း နားမလည်နိုင်တော့ပေ၊၊ အင်မော်တယ်တာအိုညီလာခံကို အနှောင့်အယှက်မဖြစ်စေရန်အတွက် လောလောဆယ်တွင် နောက်တစ်ဆင့်တက်လှမ်းသွားသော သံသယရှိသူများကို မတို့ထိသေးဘဲ ထားဦးမည်ဖြစ်သည်၊၊ ပြုတ်ကျသွားသူများကိုမူ တိတ်တဆိတ် ဖိတ်ခေါ်၍ စစ်ဆေးမေးမြန်းသွားမည် ဖြစ်သည်၊၊
မုရွှယ်က စက္ကူခွက်တစ်ခုကို ကိုင်ဆောင်ကာ အနားသို့ ချဉ်းကပ်လာသည်၊၊
“ကော်ဖီသောက်မလား… တာအိုဆရာဝမ်”
ဝမ်ရှန်းက ကျေးဇူးတင်စကားဆိုကာ ခွက်ကို လှမ်းယူလိုက်သည်၊၊ ကော်ဖီတစ်ငုံသောက်ပြီးနောက် မျက်နှာပြင်ဆီသို့ ပြန်လည် အာရုံစိုက်လိုက်သည်၊၊
မုရွှယ်သည်လည်း သူ့ဘေးတွင် ထိုင်ကာ ခေတ္တမျှ အတူတူစောင့်ကြည့်နေပြီးနောက် တီးတိုးမေးလိုက်သည်၊၊
“တာအိုဆရာဝမ်… အဲဒီဂိုဏ်းက လူတွေ ရောက်လာလိမ့်မယ်လို့ ထင်လား… သူတို့ လုပ်နေကျပုံစံအတိုင်းဆိုရင် သမာဓိလမ်းစဉ်က ကျွမ်းကျင်သူတွေ အများကြီးရှိတဲ့ကြားထဲမှာ လှုပ်ရှားရတာ စွန့်စားလွန်းရာကျတယ်လို့ ခံစားရလိမ့်မယ်၊၊ လာရဲကြမယ် မထင်ဘူး”
“အဲဒါက သူတို့ နတ်ဘုရားကျောက်စာချပ်ကို ဘယ်လောက်အထိလိုချင်လဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်” ဝမ်ရှန်းက ပြန်ဖြေသည်၊၊
“သူတို့ ရောက်မလာရင်တောင်မှ အင်မော်တယ်တာအိုညီလာခံထဲကို ခိုးဝင်ဖို့ ကြိုးစားနေတဲ့ မိစ္ဆာကျင့်ကြံသူတွေကို အကုန်ဖမ်းဆီးနိုင်ခဲ့ရင် ခဗျားတို့ရဲ့ ပြင်ဆင်မှုတွေက အလကားဖြစ်မသွားပါဘူး”
“ဒီလိုထိုင်ပြီးစောင့်နေရတဲ့ စစ်ဆင်ရေးမျိုးတွေက အချိန်ကုန်လူပန်းတာပဲ ရှိတတ်ပြီး ရလဒ်ထွက်မလာတာ များပါတယ်”
မုရွှယ်က တစ်ကိုယ်လုံးကို အကြောဆန့်ရင်း ပြောလိုက်သည်၊၊
ဝမ်ရှန်း ခေတ္တမျှ စဉ်းစားလိုက်သည်၊၊
“အဲဒီဂိုဏ်းက အမှောင်ထဲမှာ ပုန်းအောင်းနေခဲ့တာကြာပြီဖြစ်သလို တိတ်တဆိတ်တည်ဆောက်ထားတဲ့ အင်အားကလည်း ထိတ်လန့်စရာပဲ၊၊ သူတို့က အမြဲတမ်း ပုန်းအောင်းနေရုံနဲ့ ကျေနပ်နေကြမှာ မဟုတ်ဘူး၊၊ ဒါ့အပြင် သူတို့က ရက်စက်ပြီး လှည့်ကွက်တွေလည်း များတယ်၊၊ ဘယ်သူသိနိုင်မလဲ၊၊ ဥပမာ အဆိပ်ခတ်တာ ဒါမှမဟုတ် အစီအရင်တွေ သုံးပြီး ဒီနေ့ ဒီနေရာမှာ ရှိနေတဲ့ လမ်းမှန်ကျင့်ကြံသူတွေအားလုံးကို အမြစ်ပြတ်ချေမှုန်းဖို့ သူတို့ ကြံစည်နေပြီးသားလည်းဖြစ်နိုင်တာပဲ”
မုရွှယ် ခန္ဓာကိုယ် တောင့်တင်းသွားသည်၊၊ “တကယ်ကြီးလား”
“ငါက ဒီအတိုင်း ပြောကြည့်တာပါ—”
မုရွှယ်က ချက်ချင်း တုံ့ပြန်လိုက်သည်၊၊
“တောင်ပေါ်ကို နောက်တစ်ခေါက် ထပ်ပြီး ရှာဖွေခိုင်းလိုက်ဦးမယ်”
သူမသည် လှည့်ထွက်သွားပြီး RV ကားထဲမှ အလျင်အမြန်ထွက်ခွာသွားတော့သည်၊၊ ချက်ချင်းပင် အထူးစစ်ဆင်ရေးတပ်ဖွဲ့နှင့် ရဟတ်ယာဉ်များကို ဆက်သွယ်ကာ စီစဉ်တော့သည်၊၊
ဝမ်ရှန်း ဆွံ့အသွားသည်၊၊
အလုပ်ထဲ အာရုံအပြည့်ရောက်နေတဲ့ အမျိုးသမီးတစ်ယောက်ကို သွားပြီးနောက်ပြောင်လို့ မရပါလား…၊၊
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် စန်းချင်းတောင်တစ်ခုလုံးတွင် လွန်ခဲ့သော လဝက်ကတည်းက စောင့်ကြည့်ရေးကွန်ရက်များကို ဖြန့်ကျက်ထားခဲ့ခြင်း ဖြစ်သည်၊၊ မြေလျှိုးအတတ်ကဲ့သို့သော မြေဒြပ်စင်အစီအရင်များကို ကာကွယ်ရန် မြေအောက်တွင်ပင် ထောက်လှမ်းရေးကိရိယာများစွာကို တပ်ဆင်ထားခဲ့သည်၊၊ အကယ်၍ ယင်ယန်ဂိုဏ်းသည် ဤဧရိယာအတွင်း၌ တကယ်ပဲ ပုန်းအောင်းနိုင်ခဲ့ပြီး ခြုံခိုတိုက်ခိုက်ခဲ့မည်ဆိုပါက အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် အကြီးအကျယ်ရှုံးနိမ့်ပေလိမ့်မည်၊၊
ဘာပဲဖြစ်ဖြစ် ကြိုတင်ကာကွယ်ထားခြင်းက ပိုစိတ်ချရလေသည်၊၊ သူမကို နောက်တစ်ကြိမ် ထပ်မံရှာဖွေခိုင်းလိုက်ခြင်းကလည်း မဆိုးလှပေ၊၊
ဝမ်ရှန်းသည် မျက်နှာပြင်ကို အသာအယာပွတ်ဆွဲကာ ကင်မရာများကို ပြောင်းလဲကြည့်ရှုနေရင်း မော်ရှန်းတောင်မှ လျှိုယွမ်ကျိ၏ ရင်းနှီးသောမျက်နှာကို တွေ့လိုက်ရသည်၊၊
သူ စင်ပေါ်သို့ တက်လာသည်နှင့် တပြိုင်နက် ထိုခန့်ညားသော မော်ရှန်းတောင်တပည့်သည် ဘေးပတ်ဝန်းကျင်ရှိ ကွင်းနှစ်ခုမှ ပါဝင်ယှဉ်ပြိုင်သူများ၏ အာရုံစိုက်မှုကို ဖမ်းစားလိုက်သည်၊၊ သူ၏ အဆောင်စာရွက်များနှင့် လျှပ်စီးကို ပေါင်းစပ်ထားသော လမ်းစဉ်မှာ ခိုင်မာပြီး ကျွမ်းကျင်လှသည်၊၊ လွန်ခဲ့သော နှစ်အနည်းငယ်က မော်ရှန်းတောင်၌ ကျင်းပခဲ့သော ပွဲစဉ်အတွင်းက သူ၏စွမ်းဆောင်ရည်နှင့် နှိုင်းယှဉ်ပါက ယခုအခါ သူသည် ပိုမိုတည်ငြိမ်ရင့်ကျက်လာပုံရသည်၊၊
လျှိုယွမ်ကျိ၏ ပြိုင်ဘက်မှာ အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်၊၊ ကျင့်ကြံခြင်းအဆင့်ချင်းတူညီကြသော်လည်း မော်ရှန်းတောင်၏ လျှပ်စီးပညာသည် ပြိုင်ဖက်တာအိုဆရာ၏ ခုခံနိုင်စွမ်းကို လျင်မြန်စွာ ရိုက်ချိုးပစ်လိုက်သည်၊၊
ပြိုင်ဘက်ဖြစ်သူသည် မျက်နှာပျက်ယွင်းစွာဖြင့် ခေါင်းငုံ့ကာ စင်ပေါ်မှ ဆင်းသွားခဲ့သည်၊၊ ဝါစဥ်ကြီးတစ်ဦးဖြစ်သော်လည်း သူ၏ တာအိုပညာမှာ သိသိသာသာနိမ့်ပါးနေသည်၊၊ ဤရှုံးနိမ့်မှုသည် သူ၏ တာအိုနှလုံးသားကို သေချာပေါက်ရိုက်ခတ်သွားပေလိမ့်မည်၊၊
ဝမ်ရှန်းသည် လျှိုယွမ်ကျိကို သိပ်ပြီး အာရုံမစိုက်မိဘဲ မိစ္ဆာကျင့်ကြံသူများ၏ အရိပ်အယောင်ကို ဆက်လက်ရှာဖွေနေရင်း တစ်ဖက်ကလည်း ရှီချန်ကျန်း မည်သည့်အချိန်တွင် စင်ပေါ်တက်လာမည်ကို စောင့်ကြည့်နေသည်၊၊
သူသည် မွန်းတည့်ခါနီးအထိ ဆက်လက်ရှာဖွေနေခဲ့သည်၊၊ သို့သော်လည်း ပဏာမပွဲ၏ ထက်ဝက်ခန့်ပြီးဆုံး၍ မွန်းတည့်ချိန် နားရက်သို့ ရောက်ရှိလာချိန်အထိ ဝမ်ရှန်းသည် နောက်ထပ် သံသယဖြစ်ဖွယ်လူ နှစ်ဦးကိုသာ ဖော်ထုတ်နိုင်ခဲ့သည်၊၊
တစ်ဖက်တွင်မူ ဤတာဝန်ကို သီးသန့်ယူထားသော အဖွဲ့သည် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့သည်၊၊ ကျင့်ကြံသူ ၃၀ကျော်တွင် မှတ်ပုံတင်ထားသော အချက်အလက်များ၌ ပြဿနာရှိနေကြောင်း သူတို့ အတည်ပြုနိုင်ခဲ့ကြသည်၊၊ နားချိန်ကို အခွင့်ကောင်းယူ၍ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ သံသယရှိသူတစ်ဦးချင်းစီကို သေချာစွာ စစ်ဆေးတော့သည်၊၊
အကယ်၍ ၎င်းတို့ထဲမှ မည်သူမဆို ပြစ်မှုကျူးလွန်ထားကြောင်း တွေ့ရှိပါက ထိုသူတို့၏ အနာဂတ်ကို ခန့်မှန်းရမခက်ပေ၊၊
“နေ့လယ်စာ စားချိန်ရောက်ပြီ”
RV ကားအပြင်ဘက်မှ တစ်စုံတစ်ဦးက အော်ပြောလိုက်သည်၊၊ ထမင်းဗူးများ၏ အနံ့သည် ကားအတွင်းသို့ လျင်မြန်စွာ ပျံ့နှံ့လာတော့သည်၊၊
အစားအသောက်အပေါ် မှီခိုနေရခြင်းမှ ကင်းလွတ်ခဲ့သည်မှာကြာပြီဖြစ်သောကြောင့် ဝမ်ရှန်းသည် စားသောက်ရန် မလိုပေ၊၊ တက်ဘလက်မှတစ်ဆင့် ဒရုန်းကို ထိန်းချုပ်ခွင့် ရရှိပြီးနောက် သူသည် ကွင်းတစ်ခုလုံးကို အပေါ်စီးမှ ကြည့်ရှုနိုင်ရန် ဒရုန်းကို အသာအယာမောင်းနှင်လိုက်သည်၊၊
နေ့လယ်စာထမင်းဗူးများ အခမဲ့ဝေငှပေးနေသော အစားအသောက်ကား ဆယ်စီးကျော်သည် ကွင်းအတွင်းသို့ မောင်းနှင်လာပြီး ဘေးတစ်ဖက်တစ်ချက်တွင် ရပ်တန့်လိုက်ကြသည်၊၊ အမြုတေဖွဲ့စည်းခြင်းအဆင့်အောက်ရှိ ကျင့်ကြံသူများ စတင်စုရုံးလာကြပြီး စားသောက်ရန်မလိုတော့သော ကျင့်ကြံသူအများစုကမူ မလှုပ်မယှက်ဘဲ ထိုနေရာတွင်ပင် ရှိနေကြကာ အခမဲ့အစားအသောက်ကို သွားရောက်မယူကြပေ၊၊
ဝမ်ရှန်းသည် ဒရုန်းဖြင့် ကွင်း၏ တစ်ဝက်ခန့်ကို လှည့်ပတ်ကြည့်ရှုခဲ့သော်လည်း ထူးခြားသော အချက်အလက်တစ်စုံတစ်ရာမတွေ့ရပေ၊၊ သို့သော်လည်း ခဏအကြာတွင် သူ၏ မျက်တောင်များ အနည်းငယ် လှုပ်ခတ်သွားသည်၊၊ သူသည် မျက်နှာပြင်ပေါ်တွင် လက်ချောင်းကို အသာအယာရွှေ့လိုက်ပြီး ဗုဒ္ဓကျင့်ကြံသူများအတွက် သက်သတ်လွတ်ဆွမ်းဝေငှနေသော အစားအသောက်ကားဆီသို့ ဒရုန်းကို ဦးတည်လိုက်သည်၊၊