အခန်း (၂၀၅-၂၀၆)
Vol. 21 Ch. 205-206
Chapter 205
တစ်ခုခုမှားနေတယ်
သူ၏ စီနီယာအစ်မသည် ကားပေါ်တွင် ကူညီပေးနေသည်ကို သူ မြင်လိုက်ရခြင်း ဖြစ်သည်၊၊ သူမ၏အလုပ်မှာ ထမင်းဗူးခွံများကို ဖွင့်ပြီး ဆွမ်းခူးပေးနေသော မိန်းကလေးငယ်ထံသို့ လှမ်းပေးရန်ဖြစ်သည်၊၊
ဒါကို “ပင်ပန်းတဲ့အလုပ်” လို့ သတ်မှတ်လို့ရတယ်၊၊
သူမကို ခဏမျှ စောင့်ကြည့်ပြီးနောက် ဝမ်ရှန်းသည် ဒရုန်းကို အဝေးသို့ မောင်းနှင်ရန် ပြင်လိုက်သည်၊၊ သို့သော် ရုပ်သံပြကွက်လှည့်သွားစဉ် သူ ကြက်သေသေသွားသည်၊၊ မည်သည့်အရာက မှားနေကြောင်း အတိအကျမပြောနိုင်သော်လည်း ဆွမ်းယူနေသော အသက်လတ်ပိုင်း ဘုန်းကြီး ၁၀ပါးကျော်ထဲမှ တစ်ပါး၊ နှစ်ပါးခန့်က သူ့ကို ထူးဆန်းသော ခံစားချက်တစ်ခုပေးနေသည်၊၊
လူများကို ထိတ်လန့်မသွားစေချင်သဖြင့် သူသည် ဒရုန်းကို ချက်ချင်းပြန်မမောင်းသေးဘဲ ထိုနေရာကို တစ်ပတ်ပတ်ပြီးမှ စီနီယာအစ်မ အလုပ်လုပ်နေသော အစားအသောက်ကားဆီသို့ ပြန်လည်ဦးတည်လိုက်သည်၊၊
ထိုအချိန်တွင် ဘုန်းကြီးများသည် ၎င်းတို့၏ နေရာများသို့ ပြန်လည်ရောက်ရှိသွားကြပြီး ခေါင်းငုံ့ကာ သက်သတ်လွတ်ဆွမ်းကို ဘုဉ်းပေးနေကြပြီ ဖြစ်သည်၊၊ သူတို့သည် အဆင့်နိမ့်ကျင့်ကြံသူများသာဖြစ်ပုံရသည်၊၊
ဝမ်ရှန်းသည် မနက်အစောပိုင်းက စီနီယာအစ်မနှင့် စကားပြောခဲ့သည်ကို သတိရလိုက်သည်၊၊ သူမက ဗုဒ္ဓဂိုဏ်းများတွင် စည်းကမ်းချက်များ အလွန်များပြားလွန်းကြောင်း၊ ဆရာတော်ကြီးများ၏ ဆွမ်းစားသတ်မှတ်ချက်များကို မချိုးဖောက်မိစေရန် ဆွမ်းချက်ပြုတ်ရာတွင် ဆီ သို့မဟုတ် အမွှေးအကြိုင်၊ အရသာတစ်စက်မျှပင် အသုံးမပြုရကြောင်း ညည်းညူခဲ့သည်၊၊
ယခုအချိန်တွင် သူ့ကို မသင်္ကာစရာခံစားချက်ပေးနေသော ဘုန်းကြီးတစ်ပါးမှာ ခေါင်းကို ငုံ့ပြီး ဆွမ်းကို ရိုးရိုးရှင်းရှင်းပင် ဘုဉ်းပေးနေသည်၊၊
ဝမ်ရှန်း ခေါင်းလှည့်လိုက်သည်၊၊
“ဒီကိုလာပြီး တစ်ချက်လောက်ကြည့်စမ်း”
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ အဖွဲ့ဝင်အချို့သည် လက်ထဲတွင် ထမင်းဗူးများကို ကိုင်ဆောင်ကာ ချက်ချင်းပြေးလာကြသည်၊၊ သူတို့သည် ခဏမျှ ဝေခွဲမရဖြစ်သွားပြီး ဝမ်ရှန်းကို ရှုပ်ထွေးသော မျက်နှာထားများဖြင့် ကြည့်လိုက်ကြသည်၊၊
“တစ်ခုခုမှားနေလို့လား တာအိုဆရာဖေးယွီ”
“ဆွမ်းဘုဉ်းပေးနေတုန်းဆိုတော့ သူတို့က အစားအသောက်အပေါ် မှီခိုနေရဆဲဖြစ်တဲ့ ဗုဒ္ဓကျင့်ကြံသူတွေ ဖြစ်ရမယ်မဟုတ်လား၊၊ သူ့မှာ တစ်ခုခုမူမမှန်တာရှိလို့လား၊ ဒါမှမဟုတ် စက်ချို့ယွင်းနေတာလား၊၊ ကျွန်တော် ပြန်ညှိပေးရမလား”
ဝမ်ရှန်းက ပခုံးတွန့်လိုက်ပြီး လက်ချောင်းကို အနည်းငယ် ပွတ်ဆွဲကာ ထိုဘုန်းကြီး၏ ပုံရိပ်ကို အနီးကပ်ဆွဲယူလိုက်သည်၊၊
“သာမန်လူတစ်ယောက်က မမြိုချခင် ဘယ်နှကြိမ်လောက် ဝါးတတ်လဲ” ဝမ်ရှန်းက တည်ငြိမ်စွာ မေးလိုက်သည်၊၊
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ အဖွဲ့ဝင်များသည် အခြေအနေကို ချက်ချင်းသဘောပေါက်သွားကြပြီး သူပြောလိုသော မူမမှန်မှုကို သတိပြုမိသွားကြသည်၊၊ ထိုဘုန်းကြီးသည် ဝါးမြိုရန်အတွက် အချိန်အတော်ကြာယူနေရသည်၊၊ ထို့ပြင် သူသည် ဆွမ်းကို အတော်ပင် ခက်ခက်ခဲခဲမြိုချနေရပုံရသည်၊၊
ထို့နောက် ဒရုန်းသည် အစားအသောက်ကားအတွင်းပိုင်းသို့ မြင်ကွင်းကို တစ်ချက် ပြန်လှည့်လိုက်ပြီးနောက် ပြန်လည်ထွက်ခွာသွားတော့သည်၊၊
ဝမ်ရှန်းက တက်ဘလက်ကို ဝန်ထမ်းတစ်ဦးထံသို့ ပြန်လည်ပေးအပ်လိုက်သည်၊၊
“ငါ သွားကြည့်လိုက်ဦးမယ်”
ဆံပင်နှစ်ဖက်ခွဲကျစ်ထားသော မိန်းကလေးငယ်တစ်ဦးက တိုးတိုးလေး ပြောလိုက်သည်၊၊
“တာအိုဆရာဝမ်၊ အဲဒါလေးတစ်ခုတည်းနဲ့ သူက မိစ္ဆာကျင့်ကြံသူလို့ ဘယ်လိုလုပ်ကောက်ချက်ချနိုင်မှာလဲ၊၊ သူ့မှာ လည်ချောင်းနာနေတာမျိုး ဖြစ်နိုင်တာပဲ မဟုတ်လား… အာ၊ ကျွန်မ ဘာမှမပြောပါဘူး”
“ငါ ကောက်ချက်ချနေတာ မဟုတ်ဘူး၊၊ သူ့အပြုအမူက အရမ်းသံသယဖြစ်စရာကောင်းတယ်လို့ ပြောနေတာ”
ဝမ်ရှန်းက ပြန်ဖြေသည်၊၊
“ပုံမှန်အားဖြင့်တော့ သက်ကြီးရွယ်အိုတွေပဲ မျိုချရခက်တဲ့ ပြဿနာရှိတတ်တာလေ၊၊ သူက ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့အတွက် ကျန်းမာရေးပြဿနာရှိနိုင်ခြေကိုတော့ ဖယ်ထုတ်လို့ရတယ်၊၊ ဖြစ်နိုင်ခြေအလွန်နည်းတယ်၊၊ သူ့ရဲ့ စားသောက်ပုံအရ ဖြစ်နိုင်ခြေနှစ်ခုပဲ ရှိတယ်၊၊ တစ်ခုက သူက အစားအသောက်မမှီဝဲတာကြာပြီဖြစ်လို့ အစားအသောက်နဲ့ စိမ်းနေတာ… ဒါမှမဟုတ်ရင် ဆီမပါတဲ့ သက်သတ်လွတ်ဆွမ်းက သူ့အတွက် မျိုရတာ တကယ်ခက်ခဲနေတာ… ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ သူ့နောက်ခံကို စစ်ဆေးသင့်တယ်၊၊ ကျွန်တော်ကတော့ စီနီယာအစ်မဆီ သွားလိုက်ဦးမယ်၊၊ တစ်ခုခုထူးရင် You Chat ကနေ အကြောင်းကြားလိုက်”
ဝမ်ရှန်းသည် အနီးအနားတွင် တင်ထားသော သူ၏ဓားကို လှမ်းယူလိုက်သည်၊၊ ထို့နောက် RV ကားပေါ်မှ ခုန်ဆင်းသွားပြီး ကျန်ခဲ့သူများကို အံ့အားသင့်စွာဖြင့် ကြည့်ကျန်ရစ်စေခဲ့သည်၊၊
ဆံပင်နှစ်ဖက်ကျစ်ထားသော မိန်းကလေးက တိုးတိုးလေး ရေရွတ်လိုက်သည်၊၊
“ဆွမ်းက စားလို့မကောင်းလို့ ဖြစ်နိုင်တာပဲကို… အမ် ဘာမှမဟုတ်ပါဘူး”
ဝမ်ရှန်းသည် သူ၏ လက်ပတ်နှင့် ပုခုံးတံဆိပ်များကို တပ်ဆင်ကာ ဓားရှည်ကို ဆွဲပြီး လှည့်ပတ်စစ်ဆေးရန် ထွက်လာခဲ့သည်၊၊ သူက ဗုဒ္ဓဂိုဏ်းသားများ စုဝေးရာနေရာသို့ ရောက်ရှိလာသောအခါ စီနီယာအစ်မက အစားအသောက်ကားပေါ်တွင် ကူညီပေးနေသည်ကို ယခုမှ သတိထားမိသည့်အလား ဟန်ဆောင်လိုက်သည်၊၊
သူက ပြုံးရွှင်စွာဖြင့် လှမ်းခေါ်လိုက်သည်၊၊ “စီနီယာအစ်မ”
အစားအသောက်ကားအနီးတွင် တန်းစီနေကြသော ဘုန်းကြီးများသည် ဝမ်ရှန်းဘက်သို့ လှည့်ကြည့်လာကြသည်၊၊ ဘုန်းကြီးအချို့က သူ့ကို ဗုဒ္ဓဘာသာထုံးစံအတိုင်း လက်အုပ်ချီနှုတ်ဆက်ကြသဖြင့် ဝမ်ရှန်းကလည်း လက်သီးဆုပ်ကာ ပြန်လည်နှုတ်ဆက်လိုက်သည်၊၊
မုဝမ်ရွှမ်းသည် မျက်တောင်တဖြတ်ဖြတ်ခတ်ရင်း ဝမ်ရှန်းကို ကားအတွင်းသို့ ဝင်လာရန် လက်ဟန်ခြေဟန်ဖြင့် ခေါ်လိုက်သည်၊၊ မတ်တပ်ရပ်ရန် နေရာလွတ်ရှိသေးကြောင်း ပြသခြင်းပင် ဖြစ်သည်၊၊
ဝမ်ရှန်းသည် ချက်ပြုတ်ရေးအေပရွန်ကို ဝတ်ဆင်လိုက်ပြီး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တစ်ဦး၏ နေရာတွင် ဝင်ရောက်ကာ ဘုန်းကြီးများကို ဆွမ်းခူးပေးလိုက်သည်၊၊ ဒိုင်လူကြီးတစ်ဦး၏ အလုပ်မှာ မျှတမှန်ကန်ရန်ဖြစ်ကြောင်း လူတိုင်းသိကြသည်… အထူးသဖြင့် ဆွမ်းတစ်ပွဲချင်းစီကို အချိုးကျကျခူးခတ်ပေးရာ၌ ဖြစ်သည်၊၊
ခဏအကြာတွင် ဝမ်ရှန်း တစ်ခုခုကို သတိပြုမိသွားသည်၊၊ ဘုန်းတော်ကြီး ၂၀၀၊ ၃၀၀ခန့်၏ ဝတ်ရုံပုံစံနှင့် အရောင်အသွေးများမှာ အနည်းငယ်ကွဲပြားနေကြသည်၊၊ အကြမ်းဖျင်းခန့်မှန်းရသလောက်ဆိုလျှင် သူတို့သည် အနည်းဆုံး ဘုရားကျောင်း ၁၀ခုကျော်မှ ရောက်ရှိလာကြခြင်း ဖြစ်သည်၊၊
သဘာဝကျစွာပင် ဇီယန်ဘုရားကျောင်းမှ ဘုန်းကြီးတစ်ပါးမျှ ပါဝင်ခြင်းမရှိပေ၊၊ ထိုကျောင်းတိုက်မှ ဘုန်းကြီးများသည် သုတေသနဌာနနှင့်အတူ မိစ္ဆာချုပ်ရေတွင်းဘေး၌ နေ့ညမပြတ် တရားတော်များရွတ်ဖတ်ပူဇော်ရင်း အလုပ်ရှုပ်နေကြဆဲဖြစ်သည်၊၊
ဝမ်ရှန်း စောစောက မသင်္ကာဖြစ်ထားသော ဘုန်းကြီးသည် ဆွမ်းစားပြီးသွားပြီဖြစ်ကာ အတူတူလာသော တပည့်များ၏ ထမင်းဗူးခွံများကိုပါ စုစည်းလျက် အစားအသောက်ကားဆီသို့ လျှောက်လှမ်းလာပြီး ဘေးနားရှိ အမှိုက်ပုံးထဲသို့ စွန့်ပစ်လိုက်သည်၊၊
ဝမ်ရှန်း စိုက်ကြည့်နေသည်ကို အာရုံရသွားသဖြင့် ထိုဘုန်းကြီးသည် ခေါင်းမော့ကာ မျက်လုံးချင်းဆုံအောင် ကြည့်ပြီး အသာအယာပြုံးပြသည်၊၊ ထို့နောက် လက်အုပ်ချီ နှုတ်ဆက်လိုက်သည့် ထိုသူ၏မျက်နှာတွင် မူမမှန်သည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိချေ၊၊
သူ့အသက်မှာ အသက်သုံးဆယ်အစောပိုင်းခန့် ရှိပုံရပြီး ပိန်ပိန်ပါးပါးခန္ဓာကိုယ်ရှိသည်၊၊ ကတုံးတုံးထားသော ဦးခေါင်းပေါ်တွင် အစက်တချို့ရှိပြီး လက်ထဲတွင် စိပ်ပုတီးတစ်ကုံးကို ကိုင်ဆောင်ထားသည်၊၊ သူ၏ ဗုဒ္ဓကျင့်ကြံခြင်းအဆင့်မှာ တာအိုဂိုဏ်းများ၏ ဝိညာဉ်ပေါင်းစည်းခြင်းနောက်ဆုံးအဆင့်နှင့် အကြမ်းဖျင်းတူညီပြီး သူ၏အရှိန်အဝါမှာ တည်ငြိမ်အေးချမ်းလှသည်၊၊
ဝမ်ရှန်း၏ဖုန်းက တုန်ခါလာသည်၊၊ သူသည် တန်းစီစောင့်ဆိုင်းနေသော ဘုန်းကြီးကို တောင်းပန်လိုက်ပြီး ဖုန်းမျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်ရာ မသင်္ကာသူနှင့်ပတ်သက်သော အချက်အလက်များကို တွေ့ရှိရသည်၊၊ သူ့တွင် တစ်ခုခုမှားယွင်းနေကြောင်း အမှန်တကယ်ပင် ပေါ်ထွက်လာတော့သည်၊၊
ထိုသူ၏ အထောက်အထားများမှာ ကိုက်ညီမှုရှိပြီး ညီလာခံသို့ လာရောက်ခဲ့သော လမ်းကြောင်းမှာလည်း မှန်ကန်သည်၊၊ သို့သော် အချက်အလက်တစ်ခုက ထူးခြားနေသည်၊၊ သူ၏အချက်အလက်မှတ်တမ်းတွင် သူ၏ကိုယ်ရည်ကိုယ်သွေးကို “စကားနည်းပြီး အေးအေးဆေးဆေးနေတတ်သူ” ဟု မှတ်ချက်ပြုထားသည်၊၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ အသေးစိတ်စေ့စပ်မှုက မျှော်လင့်မထားဘဲ အသုံးတည့်သွားခြင်း ဖြစ်သည်၊၊
ဝမ်ရှန်း ဘာသိဘာသာနေလိုက်သည်၊၊ သူသည် ဖုန်းကို ရိုးရိုးရှင်းရှင်းပင် ပြန်သိမ်းလိုက်ပြီး ရှေ့တွင်ရှိနေသော ဘုန်းကြီးကို အားနာသလို ပြုံးပြကာ နောက်ဆွမ်းတစ်ပွဲကို သွက်သွက်လက်လက်ခူးပေးလိုက်သည်၊၊
ယင်ယန်ဂိုဏ်းသည် လူသားအရေပြားမျက်နှာဖုံးများကို အမြောက်အမြားထုတ်လုပ်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိပြီ ဖြစ်သည်၊၊ ယခုအခါတွင်မူ သူတို့၏ ကုန်ပစ္စည်းအရည်အသွေးက ပိုမိုမြင့်မားလာပုံရသည်၊၊
ငါးမိနစ်အကြာတွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ အဖွဲ့ဝင် ၈ဦးသည် အစားအသောက်ကားအနီးသို့ ရောက်ရှိလာကြသည်၊၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ မိန်းကလေးငယ် နှစ်ဦးသည်လည်း စာရွက်စာတမ်းတွဲများကို ကိုင်ဆောင်ကာ အလျင်အမြန် လျှောက်လှမ်းလာပြီး ဝမ်ရှန်း ဖော်ထုတ်ထားသော ဗုဒ္ဓကျင့်ကြံသူထံသို့ ဦးတည်သွားကြသည်၊၊
ပတ်ဝန်းကျင်ရှိ ဘုန်းကြီးများက လှည့်ကြည့်လာကြသည်၊၊ စင်မြင့်အနီးတွင် လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောနေကြသော တာအိုအကြီးအကဲများနှင့် တာအိုဆရာအချို့ကလည်း ထိုနေရာသို့ စိတ်ပူပန်သော မျက်လုံးများဖြင့် လှမ်းမျှော်ကြည့်ကြသည်၊၊
“ဆရာတော် ရှီအန်း၊ ကျွန်မတို့နဲ့ ခဏလောက်လိုက်ခဲ့ပေးလို့ ရမလားရှင့်”
မိန်းကလေးတစ်ဦးက ယဉ်ကျေးသော လေသံဖြင့် တောင်းဆိုလိုက်သည်၊၊
“ဆရာတော့်ရဲ့ အချက်အလက်တွေထဲမှာ ကိုက်ညီမှုမရှိတာတချို့တွေ့ရလို့ပါ၊၊ မှတ်တမ်းတွေကို ပြန်လည်ပြင်ဆင်ပြီး ဖြည့်စွက်နိုင်ဖို့ ကူညီပေးပါဦးရှင့်”
“ရတာပေါ့”
ထိုဘုန်းကြီးတုက ပြုံးရင်း ပြန်ဖြေသည်၊၊ ထို့နောက် စိုးရိမ်နေကြသော အနီးနားရှိ ဘုန်းကြီးများဘက်သို့ လှည့်၍ ပြောလိုက်သည်၊၊
“ငါ အခုချက်ချင်း ပြန်လာခဲ့မယ်၊၊ ကြီးကြီးမားမားကိစ္စမဟုတ်လောက်ပါဘူး”
ထိုဘုန်းကြီးသည် လုံးဝရုန်းကန်ခြင်းမရှိဘဲ စုံစမ်းစစ်ဆေးရေးမှူး မိန်းကလေးနှစ်ဦး၏ နောက်မှနေ၍ ကွင်း၏ ဘေးဘက်ထွက်ပေါက်ဆီသို့ လိုက်ပါသွားသည်၊၊ လက်နက်အပြည့်အစုံတပ်ဆင်ထားသော အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် ရှစ်ဦးကမူ သူ့ကို မသိမသာဝိုင်းရံထားပြီး အချိန်မရွေးဖမ်းဆီးနိုင်ရန် အသင့်ပြင်ထားကြသည်၊၊
ဝမ်ရှန်းသည် အေပရွန်ကို ချွတ်လိုက်ပြီး သူ၏ဓားရှည်ကို လှမ်းယူလိုက်သည်၊၊ စီနီယာအစ်မကို မျက်စတစ်ချက်ပစ်ပြပြီးနောက် နောက်ကနေ လိုက်သွားတော့သည်၊၊ မုဝမ်ရွှမ်းမှာမူ ခေတ္တမျှ ဇဝေဇဝါဖြစ်ကျန်ခဲ့သည်၊၊
အနီးနားရှိ သမာဓိလမ်းစဉ်မှ ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများက စောင့်ကြည့်နေကြသောကြောင့် ထိုဘုန်းကြီးက သူ့၏ကျင့်ကြံခြင်းအဆင့်ကို တမင်တကာဖုံးကွယ်ထားခဲ့ဦးတော့ ကြီးကြီးမားမားပြဿနာရှာနိုင်လိမ့်မည် မဟုတ်ပေ၊၊ သို့သော်လည်း ပို၍စိတ်ချရစေရန် ဝမ်ရှန်းသည် ဘေးတံခါးမှ ထွက်ခွာသွားသော လူအုပ်စုနောက်သို့ လိုက်ပါသွားခဲ့သည်၊၊
Chapter 206
ဗုဒ္ဓဂိုဏ်းအတွင်းမှ မိစ္ဆာကျင့်ကြံသူ
ထိုဘုန်းကြီးကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များစွာ စောင့်ကြပ်ထားသော လုံခြုံရေးနယ်မြေအတွင်းသို့ ခေါ်ဆောင်သွားသည်၊၊ ဝမ်ရှန်း ထိုနေရာသို့ ရောက်ရှိသွားချိန်တွင် စစ်ဆေးမေးမြန်းခြင်းက စတင်နေပြီ ဖြစ်သည်၊၊ ထိုဘုန်းကြီး ကားအတွင်း၌ ပြောနေသော စကားကို သူ ကြားလိုက်ရသည်၊၊
“ဝေါမီတောဖော… ငါက ငယ်ငယ်လေးကတည်းက တောင်ပေါ်မှာ ငါ့ရဲ့ဆရာက ကောက်ရပြီး ကျောင်းတိုက်မှာပဲ မွေးမြူစောင့်ရှောက်ခဲ့တဲ့ မိဘမဲ့ကလေးတစ်ယောက်ပါ၊၊ အကယ်၍ ဒကာတို့ မယုံကြည်ဘူးဆိုရင် ငါ့ရဲ့ စီနီယာတွေ၊ ဂျူနီယာတွေကို မေးကြည့်လို့ ရပါတယ်၊၊ သူတို့ သက်သေခံပေးပါလိမ့်မယ်”
စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးက မေးလိုက်သည်၊၊
“ဆရာတော် ရှီအန်း၊၊ ဒီညီလာခံကို တက်ရောက်ရတဲ့ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်က ဘာလဲ”
“ငါက ငါ့ကျောင်းက ကျောင်းထိုင်ဆရာတော်ရဲ့ အမိန့်ကို နာခံပြီး လာခဲ့တာပါ၊၊ ဒီနေရာကို လာရတာက—”
ဝှစ်—
ထိုဘုန်းကြီးတု၏ နောက်ဘက်မှ လေထုသည် ပြင်းထန်စွာ ဆုတ်ပြဲသွားပြီး ထိုးဖောက်ထွက်လာသော ဓားဆန္ဒတစ်ခုက သူ၏လည်ပင်းနှင့် အသက်သွေးကြောဆုံမှတ်နေရာများကို ပစ်မှတ်ထားကာ သော့ခတ်လိုက်သည်၊၊ ဝမ်ရှန်းက ရုတ်တရက်တိုက်ခိုက်လိုက်ခြင်းဖြစ်သောကြောင့် ပတ်ဝန်းကျင်ရှိ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များအားလုံး မှင်သက်သွားကြရသည်၊၊
ကြီးမားသော လက်ဝါးကြီးတစ်ဖက်သည် မိုးကြိုးမုန်တိုင်းအလား ပြင်းထန်သော အရှိန်အဟုန်ဖြင့် နောက်ဘက်သို့ ရိုက်ခတ်သွားသည်၊၊ ထိုလက်ဝါးပေါ်တွင် ခရမ်းရွှေရောင်အလင်းတန်းတစ်ခု ဖြာထွက်နေပြီး နောက်ဘက်မှ ပစ်လွှတ်လိုက်သော ဓားအိမ်ကို မြဲမြံစွာ ဖမ်းဆီးလိုက်သည်၊၊
ဓားအိမ်လား၊၊
ထိုဘုန်းကြီး၏ မျက်နှာအမူယာအေးခဲသွားပြီး သူ၏ဘယ်လက်ဖြင့် ဓားအိမ်ကို နောက်ပြန်ဖမ်းဆီးလိုက်စဉ်မှာပင် စူးရှသော ဓားသံက လေထုထဲ၌ ပြည့်နှက်သွားတော့သည်၊၊
ခုနှစ်စင်ကြယ်ကို လှုပ်ခတ်စေခြင်း၊၊ လေပြင်းနှင့် တိမ်တိုက်များကို မွှေနှောက်ခြင်း၊၊
တည်ကြည်သော မျက်နှာထားဖြင့် ဝမ်ရှန်း၏ ဓားရှည်သည် ကြယ်အလင်းတန်းများ ဖြာထွက်လာသည်၊၊ ဘုန်းကြီးတုက သူ၏ဓားအိမ်ကို ဖမ်းဆီးလိုက်သည့် အခိုက်အတန့်မှာပင် သူသည် ပြတ်ပြတ်သားသားလှုပ်ရှားလိုက်ခြင်း ဖြစ်သည်၊၊
ထိုဘုန်းကြီးသည် ခေါင်းကိုပင် လှည့်မကြည့်တော့ပေ၊၊ သူသည် ရှေ့သို့ ခုန်ဝင်လိုက်ပြီး တစ်ကိုယ်လုံးတွင် ရွှေရောင်အလင်းတန်းများလင်းလက်လျက် ရှေ့တွင်ရှိနေသော စုံစမ်းစစ်ဆေးရေးမှူး မိန်းကလေးနှစ်ဦးထံသို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်၊၊ သို့သော် ဝမ်ရှန်းသည် ထိုကဲ့သို့သော အခြေအနေမျိုးကို ကြိုတင်တွက်ဆထားပြီးသား ဖြစ်သည်၊၊ ထို့ကြောင့်သာ သူက စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်၊၊
ဘုန်းကြီးတု ရှေ့သို့ ခုန်ဝင်လိုက်သည်နှင့် တပြိုင်နက် သူ၏ရှေ့ရှိ မြက်ခင်းပြင်သည် ပေါက်ကွဲထွက်သွားသည်၊၊ ဓားပျံတစ်စင်းသည် မြေကြီးထဲမှ ထိုးထွက်လာပြီး သူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ဆီသို့ ဦးတည်လာသည်၊၊ ဓားသွားပေါ်တွင် ငါးရောင်ခြယ်အလင်းတန်းများက မထင်မရှားတောက်ပနေပြီး ၎င်း၏ထက်မြက်မှုမှာ သံနှင့် ကျောက်တုံးများကိုပင် ဖြတ်တောက်နိုင်စွမ်း ရှိသည်၊၊
ဘုန်းကြီးတု၏ မျက်နှာအမူယာက အကြီးအကျယ်ပြောင်းလဲသွားသည်၊၊ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းများ လှိုင်းထလာပြီး လေထဲ၌ ကိုယ်ကိုလိမ်ကာ ဘေးဘက်သို့ မီတာဝက်ခန့် ရှောင်တိမ်းလိုက်သည်၊၊ ဓားပျံသည် ကောင်းကင်သို့ ထိုးတက်သွားပြီး သူ၏သင်္ကန်းစကိုသာ ဆုတ်ဖြဲနိုင်ခဲ့သည်၊၊ သို့သော် သူ၏ရှေ့သို့ တိုးဝင်မည့် အရှိန်မှာ ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်၊၊
သူသည် လက်သည်းကဲ့သို့သော လက်ဝါးကို မြှောက်လိုက်ရာ လက်ဝါးထဲမှ ဆွဲငင်အားတစ်ခု ပေါက်ကွဲထွက်လာပြီး မျက်နှာဖြူလျော်နေသော အမျိုးသမီးစုံစမ်းစစ်ဆေးရေးမှူး နှစ်ဦးကို သူ့ထံသို့ ဆွဲခေါ်ရန် ကြိုးစားလိုက်သည်၊၊ သို့သော် စိတ်ပျက်စရာကောင်းစွာပင် ထိုမိန်းကလေးငယ် နှစ်ဦးကို သူမဖမ်းဆီးနိုင်မီမှာပင် နောက်ဘက်၌ ဓားရိပ်အမြောက်အမြားပေါက်ကွဲထွက်လာပြီး သူ့ကို လွှမ်းခြုံသွားသဖြင့် သူ၏တိုက်ကွက်ကို ချက်ချင်း ပြောင်းလဲလိုက်ရသည်၊၊ တစ်ကိုယ်လုံးတွင် ရွှေရောင်အလင်းတန်းများ တိုးပွားလာပြီး လက်နှစ်ဖက်ဖြင့် လက်ဟန်အစီအရင်များကို အလျင်အမြန်ဖော်ဆောင်လိုက်သည်၊၊
ချွမ် ချွမ် ချွမ်…
သူသည် ဗုဒ္ဓဂိုဏ်းများ၏ ဗာဂျရာလက်ဟန်တံဆိပ်ကို အသုံးပြုနေပုံရသည်၊၊ ထိုးနှက်လာသော ဓားရိပ်များသည် ထိုတံဆိပ်ပေါ်သို့ ရိုက်ခတ်သွားရာ သတ္တုချင်းထိခိုက်မိသည့် အသံများသာ ဆက်တိုက်ထွက်ပေါ်လာတော့သည်၊၊
ဝမ်ရှန်းသည် သူ၏ခြေလှမ်းကို ပြောင်းလဲလိုက်ပြီး ခုနှစ်စင်ကြယ်ဓားသိုင်းဖြင့် တိုက်ခိုက်လိုက်သည်၊၊ ခန္ဓာကိုယ်ကို တစ်ချက်လှည့်ကာ အမျိုးသမီး စုံစမ်းစစ်ဆေးရေးမှူး နှစ်ဦးကို သူ၏ကျောဖြင့် တွန်းတိုက်၍ ဘေးသို့ ဖယ်ထုတ်ပေးလိုက်သည်၊၊ ထို့နောက် ခုနှစ်စင်ကြယ်ပြောင်းပြန်ဓားအစီအရင်ကို ဖော်ဆောင်လိုက်ရာ ထိုဘုန်းကြီး၏ ခန္ဓာကိုယ်ပတ်လည်မှ ရွှေရောင်အလင်းတန်းများသည် တိုက်ကွက်များအောက်တွင် တုန်ခါသွားတော့သည်၊၊
ဘုန်းကြီးတုသည် နှစ်ကြိမ်ခန့် ဟိန်းဟောက်လိုက်ပြီး ဝမ်ရှန်း၏ ဓားသိုင်းကို ကာကွယ်ရန် သူ၏ရွှေရောင်အလင်းတန်းကို အသုံးပြုလိုက်သည်၊၊ ထို့နောက် တောင်အောက်သို့ ဆင်းမည့် လမ်းရှိရာ ဘယ်ဘက်သို့ အပြင်းအထန် ပြေးထွက်လိုက်သည်၊၊
အနီးရှိ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် ကျင့်ကြံသူများသည် ဝိညာဉ်ပေါင်းစည်းခြင်းနောက်ဆုံးအဆင့်တွင် ရှိကြသူများဖြစ်ရာ သူတို့သည်လည်း လှုပ်ရှားလိုက်ကြပြီ ဖြစ်သည်၊၊ သူတို့၏ ခါးမှ သံကြိုးများသည် လေထဲသို့ ပျံသန်းသွားပြီး ချက်ချင်းပင် ပိုက်ကွန်တစ်ခုအသွင် ယှက်နွယ်ကာ ဘုန်းကြီးတု၏အပေါ်သို့ အုပ်မိုးကျလာတော့သည်၊၊
ဝမ်ရှန်း နောက်ကနေ လိုက်မဖမ်းတော့ပေ၊၊ သူသည် ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ပြီး သူ၏ဘယ်လက်ဖြင့် ဓားလက်ဟန်ကို အလျင်အမြန် ဖော်ဆောင်လိုက်သည်၊၊ နတ်ဘုရားအဆင့်ဓားပျံတစ်စင်းသည် ကောင်းကင်ယံမှ ဒေါင်လိုက်ကျဆင်းလာလေသည်၊၊
ထိုအချိန်တွင် ကောင်းကင်ထက်မှ လက်ဝါးတစ်ခု ကျဆင်းလာပြီး မီတာရာချီပတ်ဝန်းကျင်ရှိ ကမ္ဘာဦးချီများကို ဖရိုဖရဲဖြစ်သွားစေသည်၊၊ ချင်ယန်ဇီ မည်သည့်အချိန်တွင် ရောက်ရှိလာသည်ကို မည်သူမျှ မသိလိုက်သော်လည်း ယခုအခါ သူသည် လေထဲတွင် မီတာရာပေါင်းများစွာ မြင့်သောနေရာ၌ လွင့်မျောနေသည်၊၊
ဘုန်းကြီးတုသည် သူ၏ရွှေခန္ဓာကိုယ်ဖြင့် သံကြိုးပိုက်ကွန်ကို ဖောက်ထွက်နိုင်ခဲ့သော်လည်း ဝမ်ရှန်း၏ နတ်ဘုရားအဆင့်ဓားပျံက သူ့ကို ချက်ချင်းထိုးဖောက်သွားသဖြင့် သွေးစများ ဖြာထွက်သွားရသည်၊၊
ထို့နောက် ချက်ချင်းပင် ကြီးမားလှသော လက်ဝါးရိပ်ကြီးတစ်ခု ကောင်းကင်မှ ကျဆင်းလာသည်၊၊ ပြင်းထန်လှသော စွမ်းအားဖြင့် ထိုဘုန်းကြီးတုကို မြေပြင်ပေါ်သို့ ရိုက်ချပစ်လိုက်သည်၊၊ မြေပြင်သည် သုံးပေခန့် နက်ဝင်သွားပြီး ကြီးမားသော လက်ဝါးရာကြီးတစ်ခု ကျန်ရစ်ခဲ့သည်၊၊ ထိုဘုန်းကြီးသည် မြေကြီးထဲသို့ နစ်ဝင်သွားပြီး သူ၏ရွှေရောင်အလင်းတန်းမှာလည်း လုံးဝပျက်စီးသွားတော့သည်၊၊
ထိုဘုန်းကြီးတုသည် ထင်ရှားစွာပင် ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူတစ်ဦး၏ စွမ်းအားသာရှိသည်၊၊ သို့သော် ချင်ယန်ဇီ၏ ပေါ့ပေါ့ပါးပါး လက်ဝါးတစ်ချက်ကို ခံယူပြီးနောက်တွင်ပင် သူသည် အော်ဟစ်နိုင်ဆဲဖြစ်သည်၊၊
“တာအိုဂိုဏ်းတွေက ငါတို့ဗုဒ္ဓဂိုဏ်းတွေကို ဒီလိုမျိုး နှိပ်စက်ညှဉ်းပန်းနေကြတာလား၊၊ ဒါကို သည်းမခံနိုင်ဘူး၊၊ လုံးဝသည်းမခံနိုင်ဘူး”
သံကြိုးများသည် အရပ်မျက်နှာအနှံ့မှ ပျံသန်းလာပြီး ဒဏ်ရာပြင်းထန်စွာ ရရှိထားသော ဘုန်းကြီးကို တင်းကျပ်စွာ ချည်နှောင်လိုက်ကြသည်၊၊
ဝမ်ရှန်း ရှေ့သို့ လျှောက်လာပြီး သူ၏ဓားရိုးဖြင့် ထိုဘုန်းကြီး၏ မေးစေ့ကို ရိုက်ချလိုက်ရာ မေးရိုးပြုတ်ထွက်သွားသဖြင့် ဆက်မအော်ဟစ်နိုင်တော့ပေ၊၊
“အခုအချိန်အထိ မင်းက တာအိုဂိုဏ်းနဲ့ ဗုဒ္ဓဂိုဏ်းကြားမှာ သွေးခွဲဖို့ ကြိုးစားနေသေးတာပဲလား”
ချင်ယန်ဇီက ကောင်းကင်ထက်မှ ပြောလိုက်သည်၊၊
“ဒီလိုလှည့်ကွက်တွေက အသုံးဝင်လိမ့်မယ်လို့ တွေးနေတာလား… ဆရာတော်ကြီးတွေကို မင်းက တကယ်ပဲ အထင်သေးလွန်းရာကျတယ်”
ကွင်းအတွင်းမှ တရားစာရွတ်ဆိုသံတစ်ခု ပဲ့တင်ထွက်ပေါ်လာသည်၊၊
“ဝေါမီတောဖော… တကယ်လို့ သူက ငါတို့ဗုဒ္ဓဂိုဏ်းထဲမှာ ပုန်းအောင်းနေတဲ့ မိစ္ဆာကျင့်ကြံသူဆိုရင် ပြင်းပြင်းထန်ထန်အပြစ်ပေးရမယ်၊၊ သူ့ကို ကြိုတင်မဖော်ထုတ်နိုင်ခဲ့တဲ့အတွက် ငါတို့မှာလည်း တာဝန်ရှိပါတယ်”
ဘုန်းကြီးတု၏ မျက်လုံးများသည် နာကျည်းမှုများဖြင့် ပြည့်နှက်နေပြီး ဝမ်ရှန်းကို စားမတတ်ဝါးမတတ် စိုက်ကြည့်နေသည်၊၊ သို့သော် ဝမ်ရှန်းကမူ လုံးဝဂရုမစိုက်ပေ၊၊ သူသည် ဘယ်လက်ကို ဖြန့်လိုက်ရာ နတ်ဘုရားအဆင့်ဓားပျံသည် သူ့ထံသို့ ပြန်လည်ရောက်ရှိလာပြီး သူ၏လက်ဖဝါးပေါ်တွင် အသာအယာလှည့်ပတ်နေလေသည်၊၊
“ဖေးယွီ… မင်းပဲ ဒီကိစ္စကို ဆက်ပြီး ကိုင်တွယ်လိုက်ဦး” ချင်ယန်ဇီက ညွှန်ကြားလိုက်သည်၊၊
“ငါက တက်ရောက်လာတဲ့ တာအိုဆရာကြီးတွေကို သွားပြီး ရှင်းပြလိုက်ဦးမယ်”
ဝမ်ရှန်းက ခေါင်းညိတ်ပြလိုက်သည်၊၊“ဟုတ်ကဲ့ပါ ဆရာ”
သူသည် မိမိ၏ဆရာ ဓားမြှောင်နှစ်လက်ကို ခြေနင်းအဖြစ် အသုံးပြုကာ ကွင်းအတွင်းသို့ ပြန်လည်ပျံသန်းသွားသည်ကို စောင့်ကြည့်နေသည်၊၊ အပြင်ဘက်တွင် ကမ္ဘာဦးချီများ လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်ခဲ့သော ဆူညံမှုများသည် လျင်မြန်စွာပင် ငြိမ်သက်သွားတော့သည်၊၊
ထိုဓားမြှောင်များသည် သေးငယ်လွန်းသဖြင့် ချင်ယန်ဇီ၏ ခြေဖဝါးအောက်တွင် လုံးဝပျောက်ကွယ်နေပြီး လေထဲ၌ သက်သောင့်သက်သာလွင့်မျောနေသည့်အလား ထင်မှတ်မှားရလေသည်၊၊ သို့သော် ဤအတတ်ပညာသည် ကြည့်ကောင်းရုံမှလွဲ၍ လက်တွေ့တွင် သိပ်ပြီး အသုံးမဝင်လှပေ၊၊
အထူးစစ်ဆင်ရေးတပ်ဖွဲ့၏ လှုပ်ရှားမှုမှာ အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်လှသည်၊၊ ဝမ်ရှန်း ကြည့်လိုက်သောအခါ သူတို့သည် ထိုဘုန်းကြီးတုကို တင်းကျပ်စွာ တုတ်နှောင်ထားပြီးဖြစ်သည်၊၊ သူ၏ သွေးကြောဆုံမှတ်များထဲသို့ ချီပိတ်ဆို့သည့် သံမှိုများကို ရိုက်သွင်းထားပြီး စိတ်ဝိညာဉ်အသိကို ဖိနှိပ်ချုပ်ချယ်သည့် အဆောင်စာရွက် ၇ခု၊ ၈ခုခန့်ကိုလည်း တစ်ကိုယ်လုံးတွင်ကပ်ထားသည်၊၊
တည်ကြည်သော မျက်နှာထားရှိသည့် စစ်သားနှစ်ဦးသည်လည်း သူ့ဘေးတွင် ဒူးထောက်ကာ သူ၏နားထဲကို သန့်ရှင်းရေးလုပ်ပေးနေကြသည်၊၊ ခဏအကြာတွင် သူတို့သည် နားထဲမှ ပဲစိမ်းစေ့ခန့်ရှိသော ဂူပိုးကောင် နှစ်ကောင်ကို ထုတ်ယူနိုင်ခဲ့ကြသည်၊၊ သို့သော် ထူးဆန်းသည်မှာ သူ၏မျက်နှာပေါ်တွင် ရုပ်ဖျက်ထားသည့် မည်သည့်သဲလွန်စကိုမှ ရှာမတွေ့သေးခြင်းဖြစ်သည်၊၊
မုရွှယ်နှင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ အဓိကအဖွဲ့ဝင်အချို့ ပြေးလာကြပြီး ဘုန်းကြီးတုကို ချက်ချင်းစုံစမ်းစစ်ဆေးတော့သည်၊၊ တာအိုဆရာ ၁၀ယောက်သည်လည်း စောင့်ကြည့်ရန် စုရုံးလာကြသည်၊၊ ထိုဘုန်းကြီးတုနှင့် အတူလာသော ဘုရားကျောင်းမှ ဘုန်းကြီးများကိုလည်း ခေါ်ဆောင်လာခဲ့ကြသည်၊၊
ဝမ်ရှန်းသည် သူ၏ဆရာ့အမိန့်အတိုင်း ထိုနေရာအနီးတွင် နေထိုင်ကာ အခြေအနေများကို စောင့်ကြည့်ရင်း စုံစမ်းစစ်ဆေးမှုရလဒ်ကို စောင့်ဆိုင်းနေသည်၊၊
ထိုဘုန်းကြီး၏ ပြုတ်ထွက်နေသော မေးရိုးကို ပြန်လည် တပ်ဆင်ပေးလိုက်သည်နှင့် တပြိုင်နက် သူသည် ချက်ချင်းပင် အသံကျယ်ကြီးဖြင့် ငိုကြွေးတော့သည်၊၊
“တာအိုဂိုဏ်းတွေက ငါတို့ ဗုဒ္ဓဂိုဏ်းတွေကို နှိပ်စက်နေကြတယ်၊၊ ဗုဒ္ဓက မင်းတို့ကို လုံးဝခွင့်လွှတ်မှာမဟုတ်ဘူး”
ဘုန်းကြီးများကို ဦးဆောင်လာသော ဝါစဥ်ကြီးဆရာတော်ကြီးက မျက်မှောင်ကြုတ်လိုက်သည်၊၊ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် သူက မှက်ချက်ပြုလိုက်သည်၊၊
“ရှီအန်းက ငါ့မျက်စိရှေ့မှာပဲ ကြီးပြင်းလာခဲ့တာပါ။ တစ်ခုခုမှားနေတာမျိုးရှိလို့လား”
ဝမ်ရှန်းက မေးလိုက်သည်၊၊
“ဆရာတော် ရှီအန်းရဲ့ ဗုဒ္ဓကျင့်ကြံခြင်းအဆင့်က တာအိုဂိုဏ်းရဲ့ ဘယ်အဆင့်နဲ့ ညီမျှလဲဘုရား”
“အကြမ်းဖျင်းအားဖြင့် ဝိညာဉ်ပေါင်းစည်းခြင်းနောက်ဆုံးအဆင့်၊ ဒါမှမဟုတ် အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်လောက်ပါပဲ”
ဝမ်ရှန်းက ဖမ်းဆီးထားသူကို ညွှန်ပြလိုက်သည်၊၊
“ဒီဆရာတော်က ကျွန်တော့်ရဲ့ ဓားတိုက်ကွက်ကို သက်သောင့်သက်သာပဲ ကာကွယ်သွားနိုင်ခဲ့တာပါ၊၊ ကျွန်တော့်ရဲ့ ဓားအစီအရင်ကို ၈၀ ရာခိုင်နှုန်း ထုတ်သုံးခဲ့တာတောင် သူရဲ့ ရွှေရောင်ကာကွယ်ရေးကို မဖျက်ဆီးနိုင်ခဲ့ပါဘူး၊၊ ကျွန်တော့်ဆရာရဲ့ လက်ဝါးတစ်ချက်ရိုက်ချလိုက်မှပဲ သူ့ကို ဒဏ်ရာပြင်းထန်အောင် လုပ်နိုင်ခဲ့တာပါ”
ဘုန်းကြီး ၁၀ပါး၏ မျက်နှာများ ချက်ချင်းပင် ပျက်သွားတော့သည်၊၊ ဆရာတော်ကြီးက တရားစားရွတ်ဆိုလိုက်ပြီး အခြားဘုန်းကြီးတစ်ပါးက စိုးရိမ်တကြီးမေးလိုက်သည်၊၊
“ဒါဆိုရင် ရှီအန်းအစစ်က ဘယ်မှာလဲ”
“ကျွန်တော်က ရှီအန်းပါ”
ဘုန်းကြီးတုက အော်ဟစ်ငိုကြွေးသည်၊၊
“ကျွန်တော်က ရှီအန်းပါ ဆရာဦးလေး… သူ့စကားကို မယုံပါနဲ့၊၊ တာအိုဂိုဏ်းတွေက ကျွန်တော်တို့ဗုဒ္ဓဂိုဏ်းတွေကို ဖျက်ဆီးဖို့ ကြိုးစားနေတာပါ”
“သူ့မျက်နှာကို စစ်ဆေးကြည့်ပါ၊၊ လူသားအရေပြားမျက်နှာဖုံး ဝတ်ဆင်ထားတာ ရှိ၊ မရှိ ကြည့်စမ်း”
မုရွှယ်က အေးစက်စွာ ညွှန်ကြားလိုက်သည်၊၊
လက်အိတ်အဖြူဝတ်ဆင်ထားသော အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်နှစ်ဦးက ရှေ့သို့ လှမ်းလာပြီး သူ၏မျက်နှာကို စတင်ပွတ်သပ်ကြည့်လိုက်သည်၊၊ သို့သော် အချိန်အတော်ကြာသည်အထိ မည်သည့်ရလဒ်မျှ ထွက်မလာပေ၊၊
ဝမ်ရှန်း ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် အနီးနားရှိ မြေပြင်ပေါ်တွင် ထိုင်နေသော အမျိုးသမီးစုံစမ်းစစ်ဆေးရေးမှူးထံသို့ လှည့်လိုက်သည်၊၊
“မင်းတို့ဆီမှာ မိတ်ကပ်ဖျက်ဆေးရှိလား၊၊ အဲဒါနဲ့ စမ်းကြည့်ပါလား”
ထိုမိန်းကလေးငယ်သည် တုန်တုန်ရင်ရင်ဖြင့် ပြန်ဖြေသည်၊၊
“ရှိပါတယ် တာအိုဆရာဝမ်… ခဏလောက် စောင့်ပေးပါဦး… ကျွန်မ ခြေထောက်တွေ နည်းနည်းတုန်နေလို့ပါ…”
မုရွှယ် ခေါင်းလှည့်လိုက်သည်၊၊
“အရည်အသွေးကောင်းတဲ့ မိတ်ကပ်ဖျက်ဆေးတစ်ဗူး ချက်ချင်းယူခဲ့စမ်း”
ဝမ်ရှန်း၏ မသင်္ကာမှုက ကွက်တိမှန်ကန်သွားသည်၊၊ မိန်းကလေးများ၏ မိတ်ကပ်ဖျက်ဆေးက အစွမ်းထက်လှသည်၊၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်နှစ်ဦးသည် ထိုရဟန်း၏မျက်နှာကို သေချာစွာ သုတ်သင်လိုက်ရာ ခဏအကြာတွင် အနုစိတ်ပြုလုပ်ထားသော ရုပ်ဖျက်ပစ္စည်း အပိုင်းအစများကို ခွာထုတ်နိုင်ခဲ့ကြသည်၊၊
သူ၏မျက်နှာမှာ အကြီးအကျယ်ပြောင်းလဲသွားတော့သည်၊၊
ဘုန်းကြီးတုသည် ဝမ်ရှန်းကို မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး သတ်ဖြတ်ချင်စိတ်များပြည့်နှက်နေသည်၊၊
ဝမ်ရှန်းဘေးတွင် ရှိနေသော မုရွှယ်က အမိန့်ပေးလိုက်သည်၊၊
“သူ့အဝတ်အစားတွေကို ချွတ်လိုက်၊၊ အဲဒီအမှတ်အသား ရှိ၊ မရှိ စစ်ဆေးစမ်း”