အခန်း (၂၀၇-၂၀၈)
Vol. 21 Ch. 207-208
Chapter 207
ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်း
နေ့လယ်စာစားချိန်ရောက်သောအခါ နံနက်ပိုင်းက ဖော်ထုတ်ရရှိထားသည့် သံသယရှိသူ အယောက် ၃၀ကျော်အား စစ်ဆေးမေးမြန်းမှုများပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့က တည်ဆောက်ထားသော ယာယီအခြေစိုက်စခန်းတွင် လက်ရှိ၌ ကျင့်ကြံခြင်းအဆင့် ဖိနှိမ်ဖျက်ဆီးခြင်းခံထားရသည့် မိစ္ဆာကျင့်ကြံသူ ၂၄ဦးကို ဖမ်းဆီးထိန်းသိမ်းထားသည်။ သို့ရာတွင် သူတို့ဖမ်းဆီးရမိထားသည့် ငါးကြီးနှင့် နှိုင်းယှဉ်ပါက ထိုအကျဉ်းသား ၂၄ဦးမှာ ငါးပေါက်စလေးများဟုပင် ခေါ်ရန် မထိုက်တန်ပေ။
လွန်ခဲ့သောသုံးနှစ်အတွင်း ကျင့်ကြံခြင်းလောကတွင် ပုံရိပ်ယောင်အမြုတေအဆင့် ပညာရှင်အရေအတွက် သိသိသာသာတိုးပွားလာခဲ့သော်လည်း သူတို့ကို ထိပ်တန်းအဆင့်ပညာရှင်များအဖြစ်သတ်မှတ်ထားဆဲဖြစ်ပြီး ၎င်းတို့သည် မိစ္ဆာကျင့်ကြံသူအဖွဲ့အစည်းအသီးသီးတွင်လည်း ရာထူးကြီးမားသူများဖြစ်ကြသည်။ ထို့ကြောင့် ရှီအန်းအတုသည် အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့၏ အာရုံစိုက်မှုကို ချက်ချင်းရရှိသွားခဲ့သည်။
မကြာမီ စုံစမ်းစစ်ဆေးသူများသည် သူ၏ခြေဖဝါးတွင် ယင်ယန်ငါးတံဆိပ်ကို တွေ့ရှိခဲ့သဖြင့် သူသည် ယင်ယန်ဂိုဏ်းသားတစ်ဦးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သို့သော် သိရှိထားသည့် မိစ္ဆာကျင့်ကြံသူများ၏ တရားဝင်မှတ်တမ်းများတွင်မူ သူ၏ကိုယ်ရေးရာဇဝင်ကို ရှာမတွေ့ခဲ့ပေ။
သူသည် ယဉ်ကျေးသိမ်မွေ့သော သက်လတ်ပိုင်းအမျိုးသားတစ်ဦးနှင့် တူလှသဖြင့် ယင်ယန်ဂိုဏ်းနှင့် မည်သို့ပတ်သက်သွားရသည်ကို အတွေးများစရာဖြစ်နေသည်။
စတင်စစ်ဆေးချိန်တွင် လာရောက်လေ့လာကြသော တာအိုဆရာများကို ကြည့်ရှုခွင့်ပေးခဲ့သော်လည်း ထိုလူသည် မေးခွန်းများကို နှုတ်ဆိတ်နေခဲ့သောကြောင့် အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့က တာအိုဆရာများကို အမြန်ဆုံးထွက်ခွာပေးရန် တောင်းဆိုခဲ့သည်။ ထို့နောက် ပုံရိပ်ယောင်အမြုတေအဆင့် မိစ္ဆာကျင့်ကြံသူကို စစ်ကားတစ်စီးပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။
ဝမ်ရှန်းသည် ဘေးမှ နှုတ်ဆိတ်လျက် မတ်တပ်ရပ်နေပြီး အထူးစစ်ဆင်ရေးတပ်ဖွဲ့၏ မိစ္ဆာကျင့်ကြံသူများအား စစ်ဆေးမေးမြန်းသည့် နည်းလမ်းများကို ကိုယ်တိုင်စောင့်ကြည့်နေခဲ့သည်။
မိစ္ဆာကျင့်ကြံသူ၏ ဦးခေါင်းတွင် ဆေးဘက်ဆိုင်ရာလျှပ်ကူးပစ္စည်းအချို့ တပ်ဆင်လိုက်ပြီး လက်မောင်းတွင် ဆေးတစ်မျိုးထိုးနှံလိုက်ရာ သူ၏မျက်ဝန်းများသည် မကြာမီ ငေးငိုင်ကျသွားခဲ့သည်။
“ဆေးပမာဏကို သုံးဆလောက်တိုးလိုက်”
မုရွှယ်က ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့”
ဝမ်ရှန်းက ဘာမှမပြောဘဲ ထောင့်တစ်နေရာတွင် ရပ်ကာ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များက မိစ္ဆာကျင့်ကြံသူအပေါ် လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များကို စောင့်ကြည့်နေသည်။ မကြာမီ ထိုလူသည် အသိစိတ်လွတ်ကာ အိပ်မောကျသွားခဲ့သည်။
ဘေးတွင်ရှိနေသော မုရွှယ်က တိုးတိုးလေးမေးလိုက်သည်။
“နင့်နာမည် ဘယ်သူလဲ”
“ငါ့ နာမည်က ဝမ်လင်ချွမ်း”
“ဝမ်လင်ချွမ်း… ဟုတ်ပြီ… နင်က ဘယ်အဖွဲ့အစည်းကလဲ”
“ယင်နဲ့ယန်ကနေ အရာခပ်သိမ်းကို မွေးဖွားပေးတယ်… ဒီခန္ဓာကိုယ်က နတ်ဘုရားပြန်လည်သက်ဆင်းလာမှာကို စောင့်မျှော်နေတယ်”
စက်ပစ္စည်းများကို ထိန်းချုပ်နေသည့် လူငယ်နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် လက်မထောင်ပြလိုက်ပြီး စစ်ဆေးခံရသူသည် မေးခွန်းများကိုတုံ့ပြန်နိုင်သည့် အခြေအနေသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း အချက်ပြလိုက်သည်။
ဝမ်ရှန်းက မျက်ခုံးတစ်ချက်ပင့်ကာ ထောင့်နားတွင် စွန့်ပစ်ထားသော တစ်ခါသုံးဆေးထိုးအပ်များကို လှမ်းကြည့်လိုက်သည်။ တစ်ခဏမျှအတွင်း သူသည် မုရွှယ်ဆီမှ ဆရာကတော်၏ အရှိန်အဝါမျိုးထွက်ပေါ်နေသလို ခံစားလိုက်ရသည်။
အာဏာပိုင်များသည် ယခင်က ယင်ယန်ဂိုဏ်းသားအချို့ကို ဖမ်းဆီးရမိခဲ့ဖူးသော်လည်း ယင်ယန်ဂိုဏ်းသည် အမြဲတမ်း အလွန်သတိကြီးစွာ လှုပ်ရှားတတ်သောကြောင့် ဖမ်းမိသူအားလုံးမှာ အနိမ့်ဆုံးအဆင့် မိစ္ဆာကျင့်ကြံသူများသာဖြစ်ကြသည်။ သို့သော် ဝမ်လင်ချွမ်းမှာမူ ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်နေရုံမျှမက ဂိုဏ်း၏ အလယ်အလတ်အဆင့်ခေါင်းဆောင်များအဖြစ် သတ်မှတ်ထားသော မူလအင်မော်တယ် ၃၆ပါးထဲမှ တစ်ဦးဖြစ်နေသည်။ ဂိုဏ်း၏ အထက်ပိုင်းအရာရှိများနှင့် ဆက်သွယ်မှုရှိသော သူ့ကဲ့သို့လူမျိုးမှာ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့အတွက် တန်ဖိုးရှိအချက်အလက်များပေးနိုင်သူဖြစ်သည်။
စစ်ဆေးမေးမြန်းမှု ချောမွေ့စွာ ပြီးမြောက်သွားသည်နှင့်အမျှ ယင်ယန်ဂိုဏ်းနှင့်ပတ်သက်သော သတင်းအချက်အလက်များလည်း အလျင်အမြန် တိုးများလာခဲ့သည်။ ဖမ်းဆီးရမိသူ၏ ထွက်ဆိုချက်အရ ယင်ယန်ဂိုဏ်းသည် နတ်ဘုရားကျောက်စာချပ်ကို အလွန်စိတ်ဝင်စားနေကြသည်။ ပြိုင်ပွဲ၏ ဆုလာဘ်များကို တရားဝင်ကြေညာပြီးနောက် သူတို့သည် အသေးစိတ် အစီအစဉ်တစ်ခုကို စတင်အကောင်အထည်ဖော်ခဲ့ကြသည်။ သို့သော် ဝမ်လင်ချွမ်းအနေဖြင့် အခြားဂိုဏ်းသားများလည်း ထိုစစ်ဆင်ရေးတွင်ပါဝင်နေသည်ကိုသာ သိရှိပြီး သူတို့က မည်သူမည်ဝါဖြစ်ကြောင်း သို့မဟုတ် သူတို့၏ သီးခြားအစီအစဉ်များက ဘာလဲဆိုသည်ကိုမူ မသိရှိပေ။
လွန်ခဲ့သောနှစ်ရက်က စန်းချင်းတောင်သို့ လာမည့်လမ်းတွင် ဝမ်လင်ချွမ်းနှင့် အခြားမိစ္ဆာကျင့်ကြံသူသုံးဦးသည် ရှီအန်း၏ကျောင်းတိုက်မှ ဘုန်းကြီးတစ်ဒါဇင်ကျော်ပါဝင်သော အဖွဲ့ကို ကြားဖြတ်တားဆီးခဲ့ကြသည်။ ထို့နောက် မည်သည့်ခြေရာလက်ရာမျှမကျန်စေဘဲ ရှီအန်း၏နေရာတွင် သူနှင့် ခန္ဓာကိုယ်တည်ဆောက်ပုံ အနီးစပ်ဆုံးတူသည့် ဝမ်လင်ချွမ်းကို အစားထိုးခဲ့ကြသည်။
ဝမ်လင်ချွမ်း၏ တာဝန်မှာ လူမသိအောင်ပုန်းအောင်းနေပြီး နောက်ထပ်ညွှန်ကြားချက်များကို စောင့်ဆိုင်းရန် ဖြစ်သည်။ အခြားမိစ္ဆာကျင့်ကြံသူသုံးဦးမှာမူ ဝမ်လင်ချွမ်းအား ရုပ်ဖျက်ရန်နှင့် ရှီအန်းအစစ်၏ အလောင်းကို ဖျောက်ဖျက်ရန်အတွက်သာ ကူညီပေးခဲ့ကြပြီး စန်းချင်းတောင်သို့ လိုက်ပါလာခြင်းမရှိပေ။
ယင်ယန်ဂိုဏ်း၏ လှုပ်ရှားမှုနှင့်ပတ်သက်၍ ရရှိသော အချက်အလက်များမှာ ထိုမျှသာ ဖြစ်သည်။ ကန့်သတ်ချက်ရှိနေသော်လည်း သူတို့ ငါးစာဟပ်မိသွားပြီဖြစ်ကြောင်း အတည်ပြုရန်အတွက်မူ လုံလောက်လှပေသည်။
ဝမ်လင်ချွမ်း၏ နောက်ထပ်ထွက်ဆိုချက်မှာမူ အမှန်တကယ်ပင် တုန်လှုပ်ချောက်ချားဖွယ်ဖြစ်ခဲ့သည်။
ယင်ယန်ဂိုဏ်းကို ရင်ဆိုင်ရန်အတွက် ဦးစွာပထမ ၎င်း၏ အတွင်းပိုင်းဖွဲ့စည်းပုံကို နားလည်ရန် လိုအပ်သည်။ သူ၏ပြောပြချက်အရ ယင်ယန်ဂိုဏ်း၏ အမည်အမှန်မှာ ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းဖြစ်သည်။ ထိုဂိုဏ်းကို ဂိုဏ်းချုပ်နှစ်ဦးက ဦးဆောင်ပြီး တစ်ဦးက ယင်ကို ကိုယ်စားပြုကာ အခြားတစ်ဦးမှာ ယန်ကို ကိုယ်စားပြုသည်။
ဂိုဏ်းချုပ်နှစ်ဦးရှိသည့် ဂိုဏ်းမျိုးမှာ အမှန်ပင် ရှားပါးလှပေသည်။
ယန်ဂိုဏ်းချုပ်သည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး တစ်ကြိမ်တစ်ခါမျှ လူလုံးပြခြင်း မရှိဖူးချေ။ ယင်ဂိုဏ်းချုပ်မှာမူ အမြဲတမ်း အနက်ရောင်မျက်နှာဖုံးတစ်ဝက်ကို ဝတ်ဆင်ထားလေ့ရှိသည်။ သူသည် အသက်လေးဆယ် သို့မဟုတ် ငါးဆယ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးဖြစ်ပုံရပြီး ထူးခြားသော ဒေသန္တရလေသံဖြင့် စကားပြောတတ်သည်။
ဂိုဏ်းချုပ်နှစ်ဦး၏အောက်တွင် အကြီးအကဲ ၉ဦးရှိပြီး ၎င်းတို့ကို အရိပ်လေးပါးနှင့် ဓာတ်ကြီးငါးပါးဟု ခွဲခြားထားသည်။
အရိပ်လေးပါးအဖွဲ့သည် ပြင်ပလှုပ်ရှားမှုများကို တာဝန်ယူရပြီး ဂိုဏ်းချုပ်နှစ်ဦးပြီးလျှင် ဂိုဏ်းအတွင်း အင်အားအကောင်းဆုံးဖြစ်ကြသည်။ တစ်ချိန်တည်းမှာပင် ဓာတ်ကြီးငါးပါးအဖွဲ့မှ အကြီးအကဲများသည် ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်း၏ အတွင်းရေးကိစ္စရပ်များကို ကိုင်တွယ်ကြသည်။ သူတို့သည် ဂူအဆိပ်များဖော်စပ်ခြင်း ကျင့်ကြံသူများကို ဦးနှောက်ဆေးခြင်း၊ ဂိုဏ်း၏ဝါဒများကို ပြန့်ပွားစေခြင်း၊ သစ္စာစောင့်သိမှုကို ခိုင်မာစေခြင်းနှင့် ဂိုဏ်း၏စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းခြင်းတို့တွင် ကျွမ်းကျင်ကြသည်။
ထိုအကြီးအကဲ (၉) ဦး၏အောက်တွင်မူ ယင်ယန်တမန်တော် (၁၈)ပါး ရှိပြီး ဝမ်လင်ချွမ်းအနေဖြင့် ကြားဖူးရုံသာရှိသည်။ ထိုတမန်တော်များသည် ဂိုဏ်းချုပ်များ၏ အမိန့်ကိုသာ တိုက်ရိုက်နာခံကြပြီး အတွင်းပိုင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကဲ့သို့ လုပ်ဆောင်ကြသည်။ သူတို့သည် ရက်စက်ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းသူများဖြစ်သည်ဟု ဆိုကြသည်။
၎င်းတို့၏အောက်တွင်မူ မူလအင်မော်တယ် ၃၆ ပါးနှင့် ယင်ယန်မိစ္ဆာနတ်ဘုရား ၇၂ပါး ရှိကြသည်။ မိစ္ဆာနတ်ဘုရားအများစုမှာ ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းက မကြာသေးမီနှစ်များအတွင်း စည်းရုံးသိမ်းသွင်းထားသည့် အင်အားကြီးပုဂ္ဂိုလ်များဖြစ်ကြသည်။ အချို့မှာ ဧည့်သည်တော်အကြီးအကဲများဖြစ်ကြပြီး အချို့မှာမူ ဂိုဏ်းသို့ တရားဝင်ဝင်ရောက်ကာ ဂိုဏ်း၏ စည်းကမ်းချက်များကို ခံယူထားသူများဖြစ်သည်။
မူလအင်မော်တယ် (၃၆)ပါး၏ တာဝန်သည် ခန်းမသခင်များ သို့မဟုတ် ဂိုဏ်းခွဲခေါင်းဆောင်များနှင့် တူသည်။ သူတို့သည် ဂိုဏ်း၏ အာဏာအနည်းငယ်ကို ချုပ်ကိုင်ထားကြသည်။ မူလအင်မော်တယ်တစ်ပါးဖြစ်လာရန်အတွက် ကျင့်ကြံသူတစ်ဦးသည် လုံလောက်သော ကျင့်ကြံခြင်းအဆင့်ရှိရမည့်အပြင် ဂိုဏ်းအပေါ် ယိမ်းယိုင်မှုမရှိသော သစ္စာစောင့်သိမှုလည်းရှိရမည်ဖြစ်သည်။ ထို့အပြင် တစ်ကိုယ်တော်စွမ်းဆောင်ရည်လည်း အတိုင်းအတာတစ်ခုအထိ ရှိရပေမည်။
ထို့ကြောင့်ပင် ဝမ်လင်ချွမ်းသည် သတိလွတ်နေသည့်တိုင်အောင် ဆောင်ပုဒ်များကို စိတ်အားထက်သန်စွာဖြင့် အော်ဟစ်နေဆဲ ဖြစ်သည်။
“အရာခပ်သိမ်းဟာ ယင်နဲ့ယန်ကနေ မွေးဖွားလာတယ်၊၊ ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းက ဒီကမ္ဘာပေါ်က အရာအားလုံးရဲ့ နောက်ကွယ်က နိယာမတွေကို ချုပ်ကိုင်ထားတယ်”
“ယင်ယန်ဂိုဏ်းဟာ ထာဝရရှင်သန်ခြင်းလမ်းစဉ်ရဲ့ စစ်မှန်တဲ့ ဆက်ခံသူပဲ၊၊ ယင်နဲ့ယန်က နတ်ဘုရားအရှိန်အဝါကို ဖော်ထုတ်ပေးတယ်၊၊ ကောင်းကင်နဲ့မြေကြီးနဲ့မတူဘဲ မဟာတာအိုလမ်းစဉ်က ပုံသဏ္ဍာန်မရှိဘူး၊၊ ယင်ယန်ဂိုဏ်းက အဲဒီလမ်းစဉ်ရဲ့ ကိုယ်ပွားပဲ”
“တာအိုဂိုဏ်းတွေက တာအိုလမ်းစဉ်ကို ခိုးယူတဲ့သူတွေပဲ၊၊ ယင်ယန်ဂိုဏ်းက မကြာခင် ကျင့်ကြံခြင်းလောကတစ်ခုလုံးကို ပြန်ပြီးစိုးမိုးတော့မယ်”
ထိုစကားများအားလုံးမှာ အလွန်ရူးသွပ်ဖွယ်ကောင်းလှသည်။
အကယ်၍ ဦးနှောက်ဆေးခံရသူများမှာ သာမန်လူများသာဖြစ်ပါက ထူးဆန်းနေမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် နာမည်ကျော် နယူတန်ပင်လျှင် ဓမ္မပညာရှင်တစ်ဦးဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။ သို့သော် မဟာတာအိုလမ်းစဉ်ကို လျှောက်လှမ်းနေကြသည့် ကျင့်ကြံသူများပင် ဦးနှောက်ဆေးခြင်းခံလိုက်ရသည်ဆိုလျှင်မူ ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
“ကျွန်မတို့ ယင်ယန်ဂိုဏ်းကို အထင်သေးခဲ့မိပြီ”
မုရွှယ်က တိုးတိုးလေး ရေရွတ်လိုက်သည်။ သူမသည် စစ်ဆေးမေးမြန်းမှုကို ဆက်လက်လုပ်ဆောင်ရန် ညွှန်ကြားပြီးနောက် ကပ္ပတိန်ကို ဆက်သွယ်လိုက်သည်။
လူတစ်ဦး ရှေ့သို့တိုးလာပြီး ဝမ်လင်ချွမ်းကို နောက်ထပ်ဆေးတစ်လုံး ထိုးပေးလိုက်ပြန်သည်။ မိစ္ဆာကျင့်ကြံသူသည် မကြာမီမှာပင် ထပ်မံတုံ့ပြန်နိုင်သော အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
ဝမ်ရှန်းက ရှေ့သို့တိုးကာ မေးလိုက်သည်။
“ဝူတန်းတောင်က ကျမ်းစာတွေကို ခိုးယူဖို့ ကြိုးစားတဲ့ကိစ္စကို ဘယ်သူက တာဝန်ယူခဲ့တာလဲ”
“အဲဒါကို အကြီးအကဲဖီးနစ်က ကိုင်တွယ်ခဲ့တာပါ၊၊ ငါကြားဖူးတာတော့ တာအိုဂိုဏ်းတွေ ခိုးယူသွားတဲ့ လျှို့ဝှက်ယင်ယန်ကျမ်းစာတွေကို ငါတို့က လိုက်ရှာနေကြတာပဲ”
အဖြေကို ရရှိပြီးနောက် ဝမ်ရှန်းသည် နောက်သို့ ဆုတ်လိုက်ပြီး ဆက်လက်စောင့်ကြည့်နေခဲ့သည်။ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့သည် ထိုသူထံမှ နောက်ဆုံးရနိုင်သမျှ သတင်းအချက်အလက်အားလုံးကို ရရှိရန်အတွက် စစ်ဆေးမေးမြန်းမှုကို ဆက်လက်ဖိအားပေးလုပ်ဆောင်ခဲ့သည်။
ဝမ်လင်ချွမ်း၏ နောက်ထပ်ထွက်ဆိုချက်ကြောင့် ဝမ်ရှန်း၏ တာအိုနှလုံးသားပင်လျှင် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရသည်။
Chapter 208
ချင်ခေတ်မတိုင်မီက ယင်ယန်ကျောင်းတော်
မူလအင်မော်တယ်များသည် ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်း၏ လျှို့ဝှက်ချက်အများစုကို သိရှိပိုင်ခွင့်ရှိကြသည်။ ထို့အပြင် သူတို့သည် ဂိုဏ်း၏ သမိုင်းကြောင်းကိုလည်း မဖြစ်မနေသင်ယူကြရသည်။
ဝမ်လင်ချွမ်း လေ့လာခဲ့ရသည့်အရာများအရ ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းသည် ချင်ခေတ်မတိုင်မီက ယင်ယန်ကျောင်းတော်၏ မျိုးဆက်ဖြစ်သည်။ ၎င်းသည် ယင်နှင့်ယန်၏ တာအိုလမ်းစဉ်ကို နက်နက်ရှိုင်းရှိုင်းသုတေသနပြုထားကာ တစ်ချိန်က တာအိုဂိုဏ်းများနှင့် ရင်ဘောင်တန်းနိုင်သည်ဟု ကြွေးကြော်ခဲ့ဖူးပြီး ထာဝရရှင်သန်ခြင်းလမ်းစဉ်တွင် ထိပ်တန်းဂိုဏ်းကြီး သုံးခုထဲ၌ပင် ပါဝင်ခဲ့ဖူးသည်။
လွန်ခဲ့သောနှစ်ပေါင်း ၁၈၀၀ ဝန်းကျင်က ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းသည် ကမ္ဘာလောကကြီးအား ရုတ်ရုတ်သဲသဲဖြစ်အောင်ပြုလုပ်ခဲ့သောကြောင့် ထိုခေတ်က လမ်းမှန်ကျင့်ကြံသူများက ၎င်းတို့ကို နှိမ်နင်းခဲ့ကြသည်။ သူတို့၏ ဂိုဏ်းသည် ပျက်စီးသွားခဲ့ပြီး ဂိုဏ်းသားအားလုံးနီးပါး သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့ကြသည်။ လွတ်မြောက်သွားသောသူများသည် အရှေ့ဘက်ပင်လယ် ရေနက်ပိုင်းရှိ ရှေးဟောင်းရင်ကျိုးပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
ထိုနေရာတွင် သူတို့သည် ရာစုနှစ်ပေါင်းများစွာ လျှို့ဝှက်လှုပ်ရှားခဲ့ပြီး အင်အားအချို့ပြန်လည်ရရှိလာခဲ့သည်။ သူတို့သည် မူလက အင်အားစုဆောင်းကာ အလယ်ပိုင်းလွင်ပြင်သို့ ပြန်လာရန် ရည်ရွယ်ခဲ့ကြသော်လည်း တာအိုဂိုဏ်းများက ၎င်းတို့ကို နောက်တစ်ကြိမ် ထပ်မံနှိမ်နင်းခဲ့ကြပြန်သည်။
တာအိုဂိုဏ်းများ၏ ဒုတိယအကြိမ်မြောက် နှိမ်နင်းမှုသည် တာအိုဂိုဏ်းမှ ထိပ်တန်းကျင့်ကြံသူများအတူတကွ အထက်ဘုံသို့ တတ်လှမ်းသည့်အချိန်နှင့် ကွက်တိကျနေကြောင်း ဝမ်ရှန်း ခန့်မှန်းမိလိုက်သည်။
လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်က တာအိုဂိုဏ်းမှ စီနီယာပုဂ္ဂိုလ်ကြီးများသည် သူတို့ အထက်ဘုံသို့ မတတ်လှမ်းမီ ကျန်ရှိနေသော ခြိမ်းခြောက်မှုများကို အမြစ်ပြတ်ချေမှုန်းလိုသဖြင့် အရှေ့ဘက်သို့ ဦးတည်ကာ အဆုံးအဖြတ်တိုက်ပွဲကို ဆင်နွှဲခဲ့ကြခြင်း ဖြစ်တန်ရာသည်။ ထို့ကြောင့် ထိုဂိုဏ်း၏ အဓိကကျမ်းစာဖြစ်သော ယင်ယန်လျှို့ဝှက်ကျမ်းအစစ်မှာ မည်သည့်ခြေရာလက်ရာမျှမကျန် ပျောက်ကွယ်သွားခဲ့ရသည်။ သို့သော်လည်း သူတို့၏ ဇွဲကောင်းလှသော မျိုးဆက်က ဆက်လက်ရှင်သန်နိုင်ခဲ့သည်။
သူတို့သည် အရှေ့ဘက်တွင် နောက်ထပ်ရာစုနှစ်အနည်းငယ်မျှ ပုန်းအောင်းနေခဲ့ပြီးနောက် မင်မင်းဆက်ခေတ်တွင် အလယ်ပိုင်းလွင်ပြင်သို့ ပြန်လည်ရောက်ရှိလာကာ လျှို့ဝှက်စွာ ထပ်မံအင်အားချဲ့ထွင်ခဲ့ကြသည်။ သို့သော်လည်း ကမ္ဘာဦးချီပြတ်တောက်သွားမှုကြောင့် ကျင့်ကြံခြင်းမပြုလုပ်နိုင်တော့ခြင်းက သူတို့၏ အင်အားကြီးထွားမှုကို တားဆီးထားသလိုဖြစ်ခဲ့သည်။
နောက်ပိုင်းတွင် ခေတ်သစ်ကာလ၌ အရှေ့ဘက်အရပ်များ တိုးတက်လာသည်နှင့်အမျှ ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းသည် သူတို့၏ အဓိကအာရုံစိုက်မှုကို ထိုနေရာသို့ ရွှေ့ပြောင်းခဲ့ပြီး အရင်းအမြစ်များစွာကို တိတ်တဆိတ်ထိန်းချုပ်ခဲ့ကြသည်။ နောက်ဆုံးတွင် ကောင်းကင်နှင့်မြေကြီး၏ ကမ္ဘာဦးချီများပြန်လည်ရောက်ရှိလာသောအခါ ဂိုဏ်းသည် အရှိန်အဟုန်အပြည့်ဖြင့် ပြန်လည်ပေါ်ထွက်လာခဲ့တော့သည်။
သို့သော် တာအိုဂိုဏ်းများက သူတို့ကို နှစ်ကြိမ်တိုင်တိုင် အမြစ်ပြတ်လုနီးပါးချေမှုန်းခဲ့ဖူးသောကြောင့် သူတို့သည် လူသိရှင်ကြားမထုတ်ဖော်ရဲခဲ့ပေ၊၊ လွန်ခဲ့သော ငါးနှစ် သို့မဟုတ် ခြောက်နှစ်ပတ်လုံး သူတို့သည် တိတ်တဆိတ်အင်အားစုဆောင်းနေခဲ့ပြီး ဟွာသမ္မတနိုင်ငံအတွင်းရှိ မိစ္ဆာကျင့်ကြံသူများကို စည်းရုံးကာ ရှေးဟောင်းရင်ကျိုးပြည်နယ်မှရရှိသော အရင်းအမြစ်များကို အမှီသဟဲပြုလျက် ရှေးဦးဧရာမသားရဲကြီးတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ကြီးထွားလာခဲ့ကြသည်။
ယခင်က ဝမ်ရှန်းသည် ယင်ယန်ဂိုဏ်း သို့မဟုတ် ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းသည် ငါးနှစ်၊ ခြောက်နှစ်ခန့်သာ ပုန်းအောင်းနေခဲ့ပြီး အင်အားအတန်အသင့်ရှိလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ သူတို့သည် နှစ်ပေါင်းတစ်ထောင်ကျော်တိုင်အောင် လျှို့ဝှက်စွာ အံကြိတ်ခံပြင်းခဲ့ကြလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားခဲ့ပေ။
သူတို့သည် ချင်ခေတ်မတိုင်မီက ယင်ယန်ကျောင်းတော်၏ အမွေအနှစ်ကို သယ်ဆောင်ထားပြီး ရှေးဟောင်းရင်ကျိုးပြည်နယ်တွင် ဆက်တိုက်လှုပ်ရှားနေခဲ့ကြသည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုမျိုးကို ပုံရိပ်ယောင်အမြုတေအဆင့်သို့ပင် မရောက်သေးသည့် အခြေခံတည်ဆောက်ခြင်းအဆင့် ဓားကျင့်ကြံသူတစ်ဦးတည်းဖြင့် ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။ ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းရန်အတွက် ဟွာသမ္မတနိုင်ငံ၏ အာဏာပိုင်များနှင့် ကျင့်ကြံခြင်းလောက၏ လမ်းမှန်ဘက်တော်သားအင်အားစုများ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ပေလိမ့်မည်။
လက်ရှိတွင် ထိုဂိုဏ်းသည် ပုန်းအောင်းနေဆဲဖြစ်သည်။ အကယ်၍ သူတို့သည် အနာဂတ်တွင် ပြဿနာများစတင်ရှာဖွေလာပါက ကပ်ဘေးဆိုးများကို ဘယ်လောက်တောင်သယ်ဆောင်လာမည်ကို ခန့်မှန်း၍ပင်မရနိုင်ပေ။
ကံကောင်းထောက်မစွာဖြင့် စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့သည် ကြိုတင်ပြင်ဆင်ကာ သူတို့ကို ငါးစာပြပြီး မျှားထုတ်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် ဝမ်လင်ချွမ်းသည် အစားအသောက်စားနေစဉ် သေးငယ်သောဟာကွက်တစ်ခုပြသခဲ့ခြင်းမှာလည်း ကံကောင်းခြင်းတစ်ရပ်ဖြစ်သည်။ သူသည် အစားအသောက်စားသုံးခြင်းကို ရပ်တန့်ထားသည်မှာ ကြာမြင့်နေပြီဖြစ်သောကြောင့် ပြန်လည်စားသောက်ရခြင်းကို အသားမကျသေးခြင်းဖြစ်ပြီး ၎င်းကို ဝမ်ရှန်းက တိုက်တိုက်ဆိုင်ဆိုင်သတိပြုမိသွားခဲ့ခြင်းဖြစ်သည်။
အင်မော်တယ်တာအိုညီလာခံ၏ အကြိုပြိုင်ပွဲများ ကျင်းပနေဆဲဖြစ်သောကြောင့် ဝမ်ရှန်းသည် သူ၏ဆရာအား ဤတွေ့ရှိချက်များကို ပြောပြရန် အခွင့်အရေးမရရှိခဲ့ပေ။ ညနေမိုးချုပ်မှသာ တာအိုကျောင်း၏ အိပ်ခန်းတစ်ခုအတွင်း သူ၏ဆရာနှင့် နောက်ဆုံးတွင် စကားပြောခွင့်ရရှိခဲ့လေသည်။
အမှန်တကယ်ပင် အပင်ပန်းဆုံးနေ့တစ်နေ့ဖြစ်ခဲ့သည်။ သို့သော်ငြားလည်း ချင်ယန်ဇီသည် ဝမ်ရှန်းက ဖြစ်စဉ်တစ်ခုလုံးကို ဖြည်းဖြည်းချင်း ပြန်လည်ပြောပြခြင်းမပြုမီ သူတို့ပတ်ဝန်းကျင်၌ အသံအစီအရင်တစ်ခုကို အချိန်ယူ၍ ချမှတ်ပေးခဲ့သည်။
“ဆရာ ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းက ကြီးမားတဲ့ ကပ်ဘေးတစ်ခုဖြစ်လာလိမ့်မယ်”
“နေဦး”
ချင်ယန်ဇီက မျက်မှောင်ကြုတ်လိုက်သည်။
“သူတို့က ပျောက်ဆုံးနေတဲ့ ဂိုဏ်းရဲ့ကျမ်းစာကို လိုက်ရှာနေတာလို့ နင် အခုလေးတင် ပြောလိုက်တယ်မလား… အဲဒါက နာမည်ဘယ်လိုခေါ်လဲ”
“ယင်ယန်လျှို့ဝှက်ကျမ်းထင်တယ်… အဲဒီနာမည်ပဲ”
ချင်ယန်ဇီ၏ မျက်ခွံများတွန့်သွားပြီး သူသည် တုံ့ဆိုင်းသော အမူအရာဖြစ်သွားခဲ့သည်။ ဝမ်ရှန်းသည် ချင်ယန်ဇီ၏ တုံ့ပြန်မှုကြောင့် မကောင်းသောအငွေ့အသက်ကို ခံစားလိုက်ရသည်။
သူ၏ဆရာသည် ဝတ်ရုံအတွင်းသို့ လက်နှိုက်ကာ သိုလှောင်အိတ်တစ်လုံးကို ထုတ်ယူလိုက်သည်။ သူသည် အိတ်အတွင်းမှ အရာများကို သွန်ချလိုက်ပြီး ခဏမျှ မွှေနှောက်ရှာဖွေပြီးနောက် နောက်ဆုံးတွင် လက်ဝါးခန့်ရှိသော သံစာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်သည်။
သူသည် ခေါင်းငုံ့ကာ ၎င်းကို လှန်လှောကြည့်ရှုတော့သည်။ စာမျက်နှာများမှာ သတ္တုပြားအပါးများဖြစ်ကြပြီး သေးငယ်သော်လည်း ရှင်းလင်းစွာ ဖတ်ရှုနိုင်သော စာလုံးများဖြင့် ပြည့်နှက်နေသည်။
စာအုပ်ကို ဖတ်ရှုနေစဉ် သူ၏မျက်နှာအမူအရာမှာ တဖြည်းဖြည်းပိုမိုတည်ကြည် လေးနက်လာခဲ့သည်။ မိနစ်အနည်းငယ် ကြာပြီးနောက် သူသည် ထိုသံစာအုပ်ကို ဘေးသို့ ပစ်ချလိုက်ပြီး သူ၏နှုတ်ခမ်းများမှာလည်း မထိန်းချုပ်နိုင်ဘဲ တုန်ရီသွားခဲ့သည်။
“ပြဿနာတတ်ပြီ… ရှန်းလေး မင်းစီနီယာအစ်မကို သွားခေါ်လိုက်စမ်း”
ဝမ်ရှန်းသည် လည်ချောင်းများခြောက်ကပ်သွားသလို ခံစားလိုက်ရပြီး တိုးတိုးလေး မေးလိုက်သည်။
“ဆရာ အဲဒါကို ဘယ်ကရခဲ့တာလဲ”
“ကျုံးနန်တောင်က အကြီးအကဲတစ်ယောက်က သေခါနီးမှာ ငါ့ကို ပေးခဲ့တာ”
ချင်ယန်ဇီက သက်ပြင်းချလိုက်သည်။
“စိတ်မပူပါနဲ့ အဲလောက်ကြီးမဟုတ်ပါဘူး၊၊ အဆိုးဆုံးဖြစ်လာရင်လည်း ငါက တာအိုအမွေနှစ်ဂိုဏ်းတွေဆီသွားပြီး လျှောက်ပြောလိုက်ရုံပဲ၊၊ ပြီးရင် သူတို့ကို တတိယအကြိမ်မြောက် အမြစ်ပြတ်ချေမှုန်းပစ်ကြတာပေါ့”
မုဝမ်ရွှမ်း ကျင့်ကြံနေသည့် ယင်ယန်ပညာရပ်များသည် ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းက အသည်းအသန်လိုက်လံရှာဖွေနေသည့် ယင်ယန်လျှို့ဝှက်ကျမ်းထဲမှ ဖြစ်နေသည်။
ဤကိစ္စကိုသာ အပြင်လူတွေကို အော်ဟစ်ပြောပြလိုက်ရင် ဘယ်သူက ယုံမှာလဲ။
အကယ်၍ ဤလျှို့ဝှက်ချက်သာ ပေါက်ကြားသွားခဲ့ပါက တာအိုဂိုဏ်းကြီးများက ချင်ယန်ဇီအား မိစ္ဆာတာအိုကျင့်စဉ်ကို တပည့်ဖြစ်သူအား သင်ကြားပေးခဲ့မှုဖြင့် အပြစ်တင်အရေးယူကြပေလိမ့်မည်။ ထို့ပြင် ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းကလည်း ထိုယင်ယန်လျှို့ဝှက်ကျမ်းစာစောင်ကို လုယူရန်နှင့် မုဝမ်ရွှမ်းအား သတ်ဖြတ်ရန်အတွက် မည်သည့်နည်းလမ်းကိုမဆို သုံး၍ အစွမ်းကုန်ကြိုးစားလာကြတော့မည် ဖြစ်သည်။
ယင်ယန်လျှို့ဝှက်ကျမ်းသည် နက်နဲဆန်းကြယ်သော ကျင့်စဉ်များပါဝင်သည့် စာအုပ်တစ်အုပ်မျှသာမဟုတ်ပေ။ ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းအတွက်မူ ၎င်းသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀က အရှက်ရခဲ့မှုကြီးတစ်ခုဖြစ်ပြီး သူတို့ပြန်လည်ရယူရမည့် ဂုဏ်သိက္ခာအခြေခံအုတ်မြစ်လည်းဖြစ်သည်။
ဝမ်ရှန်း အမှန်တကယ်ပင် စိုးရိမ်ပူပန်လာခဲ့ရသည်။ သူ မသိနိုင်သည့်အရာမှာ ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းက သူ၏အစ်မကြီးကို မျက်စိကျနေပြီလားဆိုသည့်အချက်ပင်၊၊
ထိုညက စန်းချင်းတောင်ပေါ်တွင် ကျင့်ကြံသူ ၇၀၀၀ကျော် ရှိနေသော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
တာအိုကျောင်းငယ်လေး၏ အိပ်ခန်းအတွင်း၌ ချင်ယန်ဇီနှင့် သူ၏တပည့်များ ပြန်လည်ဆုံတွေ့နေကြပြီး လေထုထဲတွင် လေးလံထိုင်းမှိုင်းမှုများပြည့်နှက်နေသည်။ မုဝမ်ရွှမ်းသည် တရားထိုင်ဖျာပေါ်တွင် တင်ပလ္လင်ခွေထိုင်နေပြီး သူမ၏မျက်ဝန်းထဲတွင် ရှုပ်ထွေးမှုအချို့ ရှိနေသည်။ သူမ၏ဆရာနှင့် ဂျူနီယာမောင်လေးသူတို့မှာမူ သူမ၏ဘေးတွင် မနားတမ်း ခေါက်တုံ့ခေါက်ပြန်လျှောက်နေကြသဖြင့် သူမ ခေါင်းပင် မူးလာရသည်။ သူတို့နှစ်ဦးစလုံးသည် ရှုပ်ထွေးလှသော ကိစ္စတစ်ခုကို အဖြေရှာရန်အတွက် အတွေးနက်နေကြပုံရသည်။
မုဝမ်ရွှမ်းသည်လည်း ဝိုင်းဝန်းစဉ်းစားပေးချင်သော်လည်း သူမ၏ဆရာနှင့် ဂျူနီယာတို့သည် ပဟေဠိဆန်သောစကားလုံးများနှင့် ဂိုဏ်းတွင်းဝေါဟာရများကိုသာ သုံးနှုန်းပြောဆိုနေကြပြီး ပြဿနာ၏ အဓိကအချက်အလက်ကို အပြည့်အစုံထုတ်ဖော်မပြောကြပေ။
ငါလည်း အတော်လေး ဉာဏ်ကောင်းတာပဲကို…၊၊
“အွန်း”
“ဆရာ” ဝမ်ရှန်းက လှမ်းခေါ်လိုက်သည်။
“စီနီယာအစ်မက ဒီကျင့်စဉ်ကို အကုန်လုံး တတ်မြောက်သွားပြီလား”
ချင်ယန်ဇီက ခေါင်းညိတ်ပြလိုက်သည်။
“အတိုင်းအတာတစ်ခုအထိတော့ ဟုတ်တယ်၊၊ သူမရဲ့ အခြေခံက ငါတို့ဘိုးဘေးတွေဆီက ဆင်းသက်လာတဲ့ သန့်စင်ယန်အင်မော်တယ်မန္တန်ဖြစ်နေတာကလွဲရင် အဲဒီသံစာအုပ်လေးထဲက ယင်ယန်ပညာတွေရဲ့ ၉၀ရာခိုင်နှုန်းလောက်ကို သူမ တတ်မြောက်သွားပြီ၊၊ ဒါကြောင့်မလို့ ရွှမ်းလေးရဲ့ အစစ်မှန်ချီက သန့်စင်ယန်နဲ့ ယင်ယန်စွမ်းအင်တွေကြားထဲမှာ စိတ်ကြိုက်ပြောင်းလဲနိုင်တာပေါ့”
သူမ၏ အစစ်မှန်ချီက စွမ်းအင်သဘာဝကို ပြောင်းလဲနိုင်သည်တဲ့လား။ ဝမ်ရှန်း အံ့ဩသွားခဲ့ရသည်။ သူသည် သူ၏ဆရာနှင့်အတူ ခေါက်တုံ့ခေါက်ပြန်ဆက်လျှောက်နေမိသည်။
မုဝမ်ရွှမ်းက တိတ်ဆိတ်စွာဖြင့် သူမ၏ဖုန်းကို မြှောက်ပြလိုက်ရာ ဖုန်းမျက်နှာပြင်ပေါ်တွင် ခေါင်းမူးနေသည့် Emoji ပုံလေး ပေါ်နေသည်။ သို့သော် ဝမ်ရှန်းရော ချင်ယန်ဇီပါ ထိုအရာကို ကြည့်ရန် အချိန်မရှိကြပေ။ သူတို့နှစ်ဦးစလုံးသည် ဤအကျပ်အတည်းကို မည်သို့ဖြေရှင်းရမည်ဆိုသည်ကိုသာ အာရုံစိုက်စဉ်းစားနေကြသည်။