အခန်း (၂၀၉-၂၁၀)
Vol. 21 Ch. 209-210
Chapter 209
အကျပ်အတည်း
အကယ်၍ ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းက မုဝမ်ရွှမ်းကို ပစ်မှတ်ထားလာပါက သူတို့ မည်သို့တုံ့ပြန်ရမည်နည်း။ ယင်ယန်လျှို့ဝှက်ကျမ်းမှ ဆင်းသက်လာသည် မုဝမ်ရွှမ်းကိုယ်တိုင်လေ့လာမွမ်းမံထားသည့် ယင်ယန်မဟာအစီအရင်သည် လူနှစ်ဦး ပူးတွဲဖော်ဆောင်ရသည့် အစီအရင်တစ်ခုဖြစ်သည်။ အကယ်၍ ထိုအစီအရင်ကို ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းအတွင်း၌လည်း ကျင့်ကြံနေကြပါက အမှန်တရားသည် အလွယ်တကူပေါ်ပေါက်သွားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကျင့်စဉ်ပညာများသည် စာအုပ်များတွင်သာ မှတ်တမ်းတင်ထားရုံမျှမက နှုတ်တိုက်လည်းလက်ဆင့်ကမ်းနိုင်သောကြောင့်ဖြစ်သည်။
ထိုစဉ်က ကျုံးနန်တောင်မှ အကြီးအကဲသည် ချင်ယန်ဇီအား ဤယင်ယန်လျှို့ဝှက်ကျမ်းကို ပေးအပ်ခဲ့ခြင်းမှာ ၎င်းထဲတွင် ယင်နှင့်ယန်ကို မျှတအောင် ညှိယူသည့် နည်းလမ်းများပါဝင်သောကြောင့် ဖြစ်သည်။ ထို့ပြင် မွေးရာပါကျင့်ကြံခြင်းအားနည်းချက်များကို ကုစားနိုင်သည့် နည်းလမ်းများလည်း ပါဝင်သည်။ ထိုအကြီးအကဲသည်လည်း ဤကျမ်းတွင် ဤမျှဆိုးဝါးသော နောက်ခံသမိုင်းကြောင်းနှင့် ရှုပ်ထွေးမှုများ ရှိနေလိမ့်မည်ဟု မျှော်လင့်ထားခဲ့မည် မဟုတ်ပေ။
ချင်ယန်ဇီသည် မုဝမ်ရွှမ်းအား အသက်ခုနှစ်နှစ်အရွယ်ကတည်းက စတင်ကျင့်ကြံစေခဲ့ပြီး ယင်ယန်ပါကွသိုင်းကို သင်ကြားပေးခဲ့သည်။ သူမသည် အစောကြီးထဲက ယင်ယန်ပါကွလမ်းစဉ်ကိုသာ လျှောက်လှမ်းခဲ့သူဖြစ်သည်။
“ဆရာ… စီနီယာအစ်မကို လောလောဆယ် ဒီပညာရပ်တွေ မသုံးခိုင်းပဲ ဖုံးကွယ်ထားခိုင်းရင်ကော”
ချင်ယန်ဇီက လက်နှစ်ဖက်ကို နောက်ပစ်ကာ သက်ပြင်းချလိုက်သည်။
“မင်းရဲ့ စီနီယာအစ်မက လွန်ခဲ့တဲ့နှစ်နှစ်အတွင်း တောင်ပေါ်ကနေ အခေါက်ပေါင်းများစွာဆင်းသွားခဲ့ဖူးတယ်၊၊ သူမရဲ့ ကျင့်စဥ်ကိုလည်း တစ်ကြိမ်ထက်မက ထုတ်သုံးပြခဲ့ဖူးတာသေချာတယ်၊၊ အဲဒီလူတွေ သတိထားမိသွားလောက်ပါပြီ”
“ငါလည်း ဒီကျင့်စဥ်ကို သေချာနားလည်ထားပြီးသားပဲ၊၊ ငါအရင်က သူမကို သန့်စင်ယန်အင်မော်တယ်မန္တန်ကို စွန့်လွှတ်ခိုင်းပြီး ယင်ယန်လမ်းစဉ်ထဲကိုပဲ အပြည့်အဝကူးပြောင်းခိုင်းမလို့ စီစဉ်ထားတာ… ဒါမှ သူမ ရွှေအမြုတေအဆင့်ကို ရောက်တဲ့အခါ ထူးခြားတဲ့ အောင်မြင်မှုတွေရမှာ…. အခုတော့ ငါတို့ ပိုပြီး သတိထားရတော့မယ်…. သေစမ်း”
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဝမ်ရှန်းက အကြံပြုလိုက်သည်။
“ဒါက အန္တရာယ်ရှိတဲ့ အခြေအနေဆိုပေမဲ့ စီနီယာအစ်မရဲ့ ကျင့်ကြံခြင်းကိုတော့ ဒီအတိုင်းရပ်တန့်ထားလို့ မဖြစ်ဘူး၊၊ သူမကို တောင်ပေါ်မှာပဲ နှစ်အနည်းငယ်လောက် တံခါးပိတ်ကျင့်ကြံခိုင်းလိုက်ရင်ကော… သူတို့ကျင့်စဉ်ကို ကျင့်မိတော့ ဘာဖြစ်လဲ… ကျွန်တော်တို့က သူတို့ကိုအမြစ်ပြတ်ချေမှုန်းပြီးသွားရင် သူတို့က မြေကြီးထဲကနေ ပြန်ထွက်လာပြီး ကျွန်တော်တို့ကို ဒုက္ခပေးနိုင်ဦးမဟုတ်တော့ဘူး”
သူ၏ နောက်ဆုံးစကားကြောင့် မုဝမ်ရွှမ်း၏ကိုယ်လေး အနည်းငယ်တုန်ရင်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ချင်ယန်ဇီနှင့် ဝမ်ရှန်းတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး သူတို့နှစ်ဦးစလုံး ကောက်ချက်တစ်ခုထဲကို ချလိုက်မိပုံရသည်။
“ငါ အားလင်းဆီ ဖုန်းဆက်ပြီး ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းရဲ့ အင်အားအတိုင်းအတာကို အရင်မေးကြည့်လိုက်ဦးမယ်” ချင်ယန်ဇီက ပြောလိုက်သည်။
ဘာပဲဖြစ်ဖြစ် ယင်ယန်ဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းရမည်သာဖြစ်သည်။ သူတို့ မရှိတော့လျှင် မုဝမ်ရွှမ်းက သူတို့အသည်းအသန်ရှာဖွေနေသည့် ကျင့်စဉ်ကို ကျင့်ကြံထားသည်ဖြစ်စေ၊ မကျင့်ကြံထားသည်ဖြစ်စေ ဘာအရေးစိုက်စရာလိုတော့မည်နည်း။
ဝမ်ရှန်း၏ အကြံပြုချက်သည် အတိုင်းအတာတစ်ခုအထိ အကျိုးအကြောင်း သင့်လျော်လှပေသည်။ သူ၏ ယခင်ဘဝတွင် ယင်ယန်ဂိုဏ်းဟုခေါ်သော အဖွဲ့အစည်းသည် ကြီးမားသော လှုပ်ခတ်မှုများဖြစ်ပေါ်စေခဲ့ပြီး အွန်လိုင်းပေါ်တွင်လည်း ထိုအကြောင်းများနှင့်ပတ်သက်၍ ငါးနှစ်၊ ခြောက်နှစ်ခန့် ကောလာဟလများပျံ့နှံ့ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရသော် ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းသည် မလွဲမသွေပျက်စီးသွားမည်ဖြစ်ပြီး ၎င်းသည် လာမည့် ငါးနှစ်၊ သို့မဟုတ် ခြောက်နှစ်အတွင်း ဖြစ်ပျက်လာမည် ဖြစ်သည်။
လက်ရှိတွင် ထိုဂိုဏ်းကို အန္တရာယ်ရှိသည်ဟု ခံစားရခြင်း၏ အဓိကအကြောင်းရင်းမှာ သူတို့က အမှောင်ထဲတွင် ပုန်းအောင်းနေကြသောကြောင့်ဖြစ်သည်။ သူတို့ လူလုံးပြပြီး လှုပ်ရှားလာသည်နှင့်တစ်ပြိုင်နက် ၎င်းသည် သူတို့ ပျက်စီးခြင်း၏ အစပျိုးမှုဖြစ်လာပေလိမ့်မည်။ သူတို့ နောက်ထပ် ခြောက်နှစ်လောက် ရုန်းကန်နိုင်ဦးမည်ဆိုလျှင်ပင် ထိုအချိန်ကျော်လွန်သွားပါက မုဝမ်ရွှမ်းအနေဖြင့် လောကကြီးထဲတွင် လွတ်လပ်စွာ လျှောက်လှမ်းနိုင်ပြီ ဖြစ်သည်။
မကြာမီ ချင်ယန်ဇီ ဖုန်းပြောဆိုမှုပြီးဆုံးသွားခဲ့သည်။ သူ၏ မျက်နှာအမူအရာမှာ ပိုမိုလေးနက်သွားခဲ့သည်။
ဝမ်လင်ချွမ်း၏ ထွက်ဆိုချက်နှင့် အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့က ယခင်က ရရှိထားသည့် သတင်းအချက်အလက်များအရ ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းသည် ကျင့်ကြံခြင်းလောကရှိ မိစ္ဆာတာအိုပညာရှင်ထက်ဝက်ခန့်ကို စည်းရုံးသိမ်းသွင်းထားပြီး ဖြစ်သည်။
သူတို့သည် အချိန်အကြာကြီး ပုန်းအောင်းနေခဲ့ကြသောကြောင့် လွန်ခဲ့သော နှစ်နှစ်အတွင်း သူတို့၏ အင်အားမှာ သိသိသာသာကြီးထွားလာခဲ့သည်။ ထိုကာလအတွင်း သူတို့၏ ဂိုဏ်းသားငါးဦးပင်လျှင် ရွှေအမြုတေအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ကြသည်။
ထိုရွှေအမြုတေအဆင့်ကျင့်ကြံသူ ငါးဦးထဲမှ သုံးဦးမှာ အကြီးအကဲ နဂါးစိမ်း၊ အကြီးအကဲ လိပ်နက်နှင့် သူတို့၏ ယင်ဂိုဏ်းချုပ်တို့ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သူတို့၏ နာမည်များကို ဂိုဏ်းသားများစည်းလုံးမှုရှိစေရန်အတွက် ကြော်ငြာအဖြစ် အသုံးပြုခဲ့ကြပြီး ၎င်းကို ဓာတ်ကြီးငါးပါးအဖွဲ့က ဂိုဏ်းအတွင်း၌ အကြီးအကျယ်ဝါဒဖြန့်ခဲ့ကြသည်။
အခြားနှစ်ဦးမှာလည်း ရွှေအမြုတေအဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားပြီဟု ကောလာဟလများထွက်ပေါ်နေသည်။ တရားဝင်ကြေညာချက်ထွက်ပေါ်လာခြင်းမရှိသော်လည်း အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ကမူ မယုံကြည်ဘဲနေမည့်အစား ကြိုတင်သတိထားခြင်းက ပိုကောင်းသည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ ထို့ကြောင့် လောလောဆယ်တွင် ယင်ယန်ဂိုဏ်း၌ ရွှေအမြုတေအဆင့်ပညာရှင် ငါးဦးရှိနေသည်ဟု သတ်မှတ်ထားသည်။
ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းအတွင်းရှိ ပုံရိပ်ယောင်အမြုတေအဆင့်ပညာရှင်အရေအတွက်မှာလည်း အယောက်ငါးဆယ်မှ ခြောက်ဆယ်ဝန်းကျင်ရှိမည်ဟု အံ့အားသင့်ဖွယ်ခန့်မှန်းရသည်။ သူတို့၏ ပုံရိပ်ယောင်အမြုတေအဆင့်နှင့် ရွှေအမြုတေအဆင့် ပညာရှင်အရေအတွက်ကို ကြည့်ခြင်းအားဖြင့် ထိုအင်အားကြီးမားသော မိစ္ဆာတာအိုဂိုဏ်းသည် လက်ရှိတွင် အဆောင်ဂိုဏ်းကြီး သုံးဂိုဏ်း၏ စုပေါင်းအင်အားကိုပင် မှီလုနီးပါးဖြစ်နေပြီ ဖြစ်သည်။
သူတို့ရဲ့ ပုံရိပ်ယောင်အမြုတေအဆင့် ပညာရှင်တွေက ဘယ်ကနေ ဒီလောက်တောင် ထွက်လာရတာလဲ။ ဝမ်ရှန်းလည်း အတွေးနက်နေသည်၊၊
မကြာမီ သူ သိရှိလိုက်ရသည်မှာ မကြာသေးမီနှစ်များအတွင်း အာဏာပိုင်များ၏ လိုက်လံဖမ်းဆီးမှုကြောင့် အကျပ်အတည်းဆိုက်နေသည့် နာမည်ဆိုးဖြင့်ကျော်ကြားသော မိစ္ဆာကျင့်ကြံသူအများအပြားမှာ ရုတ်တရက် ခြေရာလက်ရာမကျန်ပဲ ပျောက်ကွယ်သွားခဲ့ကြသည်။ ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းက သူတို့ထဲမှ အများစုကို ကယ်တင်ခဲ့ပြီး ၎င်း၏ ထိန်းချုပ်မှုအောက်သို့ သွတ်သွင်းခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကမ္ဘာဦးချီပြန်လည်ရောက်ရှိလာကတည်းက ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းအတွင်း စတင်ကျင့်ကြံခဲ့ကြသည့် ဝမ်လင်ချွမ်းကဲ့သို့သောသူများ၏ ကျင့်ကြံခြင်းအဆင့်တိုးတက်မှုနှုန်းမှာ ပိုမိုမြန်ဆန်ခဲ့ပြီး လမ်းမှန်ဘက်တော်သားဂိုဏ်းများ၏ ဒုတိယမျိုးဆက်တပည့်များထက် မနိမ့်ကျပေ။
ဘာပဲဖြစ်ဖြစ် သူတို့ဂိုဏ်းတွင် စစ်မှန်သော တာအိုအမွေအနှစ်မရှိသော်လည်း ကျင့်စဥ်ပညာရပ်များမူ မရှားပါးပေ။ ထို့ပြင် သူတို့သည် အရှေ့ဘက်အရပ်ရှိ သူတို့၏ ဩဇာအာဏာကို အမှီပြုကာ ဝိညာဉ်သန့်စင်ခြင်းနှင့် ချီစုပ်ယူခြင်းကဲ့သို့သော မိစ္ဆာနည်းလမ်းများကို သုံး၍ သူတို့တပည့်များ၏ ကျင့်ကြံခြင်းအရှိန်ကို မြှင့်တင်ပေးခဲ့ကြပြီး မိစ္ဆာတာအိုပညာရှင်များကို အတင်းအဓမ္မမွေးထုတ်ပေးခဲ့ကြသည်။
သူတို့သည် အရှေ့ဘက်အရပ်၌ ချီစုပ်ယူခြင်းပညာအတွက် အဆင့်မြင့်သင်တန်းတစ်ခုကိုပင် သီးသန့်ဖွင့်လှစ်ထားသေးသည်။ ဝမ်လင်ချွမ်းကဲ့သို့သော မူလအင်မော်တယ်တစ်ပါးသည် ပင်လယ်ရပ်ခြားတာဝန်တစ်ခုကို သွားရောက်ထမ်းဆောင်ပြီးတိုင်း သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ အတိုင်းအတာတစ်ခုအထိ သိသိသာသာခုန်တက်သွားလေ့ရှိသည်။
ဟွာသမ္မတနိုင်ငံနှင့် ရှေးဟောင်းအရှေ့ဘက်ကုန်းမြေနှစ်ခုစလုံးတွင် အခြေစိုက်ထားသည့် ဤမိစ္ဆာအင်အားစုသည် လက်ရှိတွင် ဟွာသမ္မတနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကိုပင် ခြိမ်းခြောက်နိုင်သည့် အဆင့်သို့ အမှန်တကယ်ရောက်ရှိနေပြီဖြစ်သည်။
အခြားတစ်ဖက်တွင်မူ အထူးစစ်ဆင်ရေးတပ်ဖွဲ့တစ်ခုလုံး၌ ဆေးလုံးများနှင့် အခြားနည်းလမ်းအမျိုးမျိုးဖြင့် မွေးထုတ်ထားသည့် ပုံရိပ်ယောင်အမြုတေအဆင့်အစောပိုင်းကျင့်ကြံသူ ရာဂဏန်းမျှရှိနေပြီဖြစ်သည်။ သို့သော်လည်း သူတို့အားလုံးသည် လွန်ခဲ့သောနှစ်နှစ်အတွင်း ပိုမိုရှုပ်ထွေးလာခဲ့သည့် နိုင်ငံတော်၏ နယ်စပ်ဒေသများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြသည်။
အလွန်ဆုံး နောက်ထပ်ဆယ်နှစ်ကြာလျှင်မူ အထူးစစ်ဆင်ရေးတပ်ဖွဲ့သည် ကျင့်ကြံခြင်းလောကတစ်ခုလုံးကို ရင်ဆိုင်နိုင်စွမ်းရှိပြီး အပြန်အလှန်ကူညီထိန်းကျောင်းနိုင်သည့် နိုင်ငံတော်အဆင့်အင်အားစုတစ်ခုဖြစ်လာပေလိမ့်မည်။ သို့သော် လောလောဆယ်တွင်မူ လုံးဝမဖြစ်မနေ အခြေအနေမျိုးမှလွဲ၍ ၎င်းတို့ကို စည်းရုံးလှုံ့ဆော်ခြင်းမပြုသင့်သေးပေ။
“မင်းရဲ့ ဆရာကတော် တွေးထားတာကတော့ ဒီအင်မော်တယ်တာအိုညီလာခံကြီးက ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် လမ်းမှန်ဘက်တော်သားကျင့်ကြံသူတွေကို စည်းရုံးဖို့ အကောင်းဆုံးအခွင့်အရေးပဲတဲ့၊၊ လက်ရှိမှာ တာအိုဂိုဏ်းအားလုံး ပေါင်းလိုက်ရင်တောင် ရွှေအမြုတေအဆင့်ပညာရှင်က နှစ်ဆယ်ကျော်ပဲရှိတယ်”
“ငါကလွဲလို့ ကျန်တဲ့သူတွေအားလုံးက ဂိုဏ်းအသီးသီးက ဝါစဥ်ကြီးတာအိုအကြီးအကဲပဲ၊၊ သူတို့ဆီကို တစ်ယောက်ချင်းစီသွားပြီး အကူအညီတောင်းဖို့က အလုပ်ရှုပ်တယ်၊၊ ဒါကြောင့်မလို့ အခုအချိန်မှာ ငါတို့လိုအပ်နေတာက စနက်တံတစ်ခုပဲ၊၊ ဂိုဏ်းအားလုံးရဲ့ ဒေါသကို ဆွပေးနိုင်ပြီး ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းကို အတူတိုက်ခိုက်ဖို့ တွန်းအားပေးနိုင်မယ့် အရာမျိုးပေါ့”
ချင်ယန်ဇီသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
ဝမ်ရှန်းက အမြန်မေးလိုက်သည်။ “ဆရာ ဘာဖြစ်လို့လဲ”
“ငါက ယင်ယန်လျှို့ဝှက်ကျမ်းကို သုံးပြီး ပြဿနာရှာဖို့ စဉ်းစားနေတာ… ဒါပေမဲ့ ငါတို့ အဲဒီလိုလုပ်လိုက်ရင် ရန်သူတွေက ရွှမ်းလေးဆီကိုပဲ အာရုံစိုက်လာကြလိမ့်မယ်”
ချင်ယန်ဇီက သူ့တပည့်ရင်း၏ လုံခြုံရေးကို စိုးရိမ်သောကြောင့် တိုးတိုးလေးသက်ပြင်းချလိုက်သည်။ သူသည် သူ၏တပည့်နှစ်ဦးစလုံးကို သူ၏ သားသမီးအရင်းများကဲ့သို့ သဘောထားကာ အလွန်ချစ်မြတ်နိုးသူဖြစ်သည်။
ဝမ်ရှန်းသည် သူ၏ဆရာပြောလိုသည့် အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။
ပြိုင်ပွဲကျင်းပရာနေရာတွင် နတ်ဘုရားကျောက်စာကို ထုတ်ပြထားပြီဖြစ်ကာ ၎င်းကို ပညာရှင်အယောက် ၁၀၀ကျော်နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် ရာဂဏန်းခန့်က စောင့်ကြပ်နေကြသည်။ အကယ်၍ ယင်ယန်လျှို့ဝှက်ကျမ်းကို ထိုနတ်ဘုရားကျောက်စာချပ်နှင့် ဆက်စပ်ပေးလိုက်ပါက ငါးစာဟပ်မိထားပြီးဖြစ်သည့် ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းသည် ပို၍ အားစိုက်ထုတ်လာကြမည်မှာ သေချာသည်။
ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းက သူတို့၏ အင်အားကို ထုတ်သုံးပြလေလေ လမ်းမှန်ဂိုဏ်းများ၏ အာရုံစိုက်မှုနှင့် သတိထားမှုကို ပိုမိုရရှိလေဖြစ်လိမ့်မည်။ သူတို့ အလင်းထဲသို့ ရောက်ရှိလာသည်နှင့်အမျှ သူတို့ဆီမှ ခြိမ်းခြောက်မှုသည်လည်း အတိုင်းအတာတစ်ခုအထိလျော့ကျသွားမည်ဖြစ်သည်။
သို့သော် တစ်ချိန်တည်းမှာပင် သူတို့သည် ကျင့်ကြံခြင်းလောကတစ်ခုလုံး၌ ယင်ယန်တာအိုလမ်းစဉ်ကို ကျင့်ကြံခြင်းဖြင့် နာမည်ကျော်ကြားနေသည့် တိတ်ဆိတ်နတ်သမီးကို သတိပြုမိသွားကြပေလိမ့်မည်။ ထို့ကြောင့် မုဝမ်ရွှမ်းသည် အလွန်အန္တရာယ်ရှိသောအခြေအနေသို့ ရောက်ရှိသွားနိုင်သည်။
“ဆရာ ကျွန်တော်တို့ ပိုပြီး သတိထားသင့်တယ် ထင်တယ်” ဝမ်ရှန်းက အကြံပြုလိုက်သည်။
“အဲဒီလူတွေက ဘာမဆိုလုပ်ဝံ့ကြမှာကို ကျွန်တော် စိုးရိမ်တယ်”
ချင်ယန်ဇီက ခေါင်းခါလိုက်သည်။
“ဒီလိုကိစ္စမျိုးက မြန်မြန်ဆန်ဆန်နဲ့ ပြတ်ပြတ်သားသား ဖြေရှင်းတာ အကောင်းဆုံးပဲ၊၊ ငါတို့ အချိန်ဆွဲလေလေ ရွှမ်းလေးအတွက် ပိုပြီး အန္တရာယ်များလေလေပဲ၊၊ ငါတို့ လှုပ်ရှားမယ်ဆိုရင် သူတို့ကို အမြစ်ပြတ်ချေမှုန်းပစ်ရမယ်”
ချင်ယန်ဇီ၏ မျက်ဝန်းထဲတွင် ဝမ်ရှန်း တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့သည့် ပြတ်သားသောအမူအရာများ ပေါ်ထွက်နေသည်။ ဝမ်ရှန်းသည် သက်ပြင်းချလိုက်ရုံမှတစ်ပါး အခြားမတတ်နိုင်တော့ဘဲ နောင်တွင် စီနီယာအစ်မကို ဘယ်လိုကာကွယ်ရမည်ကိုသာ စတင်စဉ်းစားရတော့သည်။
ဝမ်ရှန်း၏ ဖုန်းက တုန်ခါသွားခဲ့သည်။
ဘီပ်... ဘီပ်...
ချင်ယန်ဇီ၏ ဖုန်းသည်လည်း မြည်လာခဲ့သည်။
—အလုပ်သမားလူတန်းစားမှာ အစွမ်းရှိတယ်၊၊
သူတို့နှစ်ဦးစလုံး ဖုန်းကို ကြည့်လိုက်ကြရာ မုဝမ်ရွှမ်းက သူတို့အား Chat Group တစ်ခုထဲသို့ ထည့်လိုက်ခြင်းဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ သူမသည် မက်ဆေ့ခ်ျအချို့ကိုလည်း ပေးပို့ထားသည်။
မုဝမ်ရွှမ်း- ဆရာ အကယ်၍ သမီးကျင့်ကြံတဲ့ကျင့်စဉ်က အဲဒီမိစ္ဆာကျင့်ကြံသူတွေရဲ့ အာရုံစိုက်မှုကို ခံရမယ်ဆိုရင် သမီးကိုကိုယ်တိုင်ရင်ဆိုင်ခွင့်ပြုပါ၊၊
မုဝမ်ရွှမ်း- မောင်လေးက ငယ်သေးတယ်၊၊ ပြီးတော့ ဆရာကလည်း ဆရာကတော်နဲ့ ညီမလေးတို့နဲ့ ပြန်ဆုံတာ နှစ်နှစ်တောင်မပြည့်သေးဘူး၊၊ သမီးမှာတော့ ဘာတွယ်တာမှုမှ မရှိဘူး၊၊
မုဝမ်ရွှမ်း- သမီးလည်း မိစ္ဆာတွေကို ချေမှုန်းပြီး တာအိုလမ်းစဉ်ကို ကာကွယ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ကို နားလည်ပါတယ်၊၊
ချင်ယန်ဇီက ပြုံးလိုက်ပြီး မျက်လုံးများ မှေးစင်းသွားခဲ့သည်။ သူက ပြန်ထိုင်လိုက်ပြီး အေးစက်နေပြီဖြစ်သည့် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။
“စိတ်မပူပါနဲ့ အဲလောက်ကြီးမဟုတ်ပါဘူး၊၊ ဆရာက ဖြေရှင်းနိုင်ပါတယ်”
ထိုစဉ်မှာပင် ဓားကိုင်ထားသည့် ကြီးမားသော လက်တစ်ဖက်က မုဝမ်ရွှမ်း၏ ပုခုံးပေါ်သို့ ဖိချလိုက်သည်။ ထို့နောက် ဖုန်းမျက်နှာပြင်တစ်ခုသည် သူမ၏ မျက်နှာရှေ့သို့ ရောက်ရှိလာခဲ့သည်။
“စီနီယာအစ်မ… ဒီမက်ဆေ့ခ်ျက ဘာကိုဆိုလိုတာလဲဆိုတာ ရှင်းပြပေးနိုင်မလား… ပြောစမ်းပါဦး…. ကျွန်တော့်ရဲ့ ဘယ်နေရာက ငယ်နေလို့လဲ”
အခန်းထဲတွင် လူသတ်ငွေ့များဖုံးလွှမ်းသွားခဲ့လေသည်၊၊
Chapter 210
အစီအစဉ်
ထိုညက ဆရာတပည့်နှစ်ယောက်သည် ညဉ့်နက်သည်အထိ တိုင်ပင်ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးတွင် ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းကို ရင်ဆိုင်ရန် ယေဘုယျအစီအစဉ်တစ်ခု ချမှတ်နိုင်ခဲ့သည်။
အခြေအနေက ရယ်စရာတော့ ကောင်းနေသည်။ ၎င်းတို့ဂိုဏ်းတွင် အမြုတေဖွဲ့စည်းခြင်းအဆင့်တစ်ယောက်၊ ပုံရိပ်ယောင်အမြုတေအဆင့်တစ်ယောက်နှင့် ရွှေအမြုတေဖွဲ့စည်းခြင်းအဆင့်တစ်ယောက် စုစုပေါင်းသုံးယောက်သာရှိသည်။ သို့သော် ဂိုဏ်းသားရာကျော်ရှိသည့် မိစ္ဆာဂိုဏ်းကြီးတစ်ခုကို နှိမ်နင်းရန် ကြံစည်နေကြခြင်းဖြစ်သည်။
ပို၍ ရယ်စရာကောင်းသည်မှာ တစ်ညလုံးတိုင်ပင်ပြီးနောက် တစ်ချိန်လုံးဘာမှနားမလည်ဘဲ ငေးငိုင်နေသည့် ပုံရိပ်ယောင်အမြုတေအဆင့် တာအိုဆရာမလေးမှလွဲ၍ ကျန်တာအိုဆရာနှစ်ဦးစလုံးက သူတို့အစီအစဉ်ကိုယ်သူတို့ အတော်လေးစိတ်ချရသည်ဟု ထင်နေကြခြင်းပင်၊၊ သူတို့လောက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲနေသူ ဘယ်သူမှရှိမည်မထင်ပေ။
ရန်သူကို မဟာဗျူဟာအရ အထင်သေးသော်လည်း နည်းဗျူဟာအရမူ အလေးအနက်ထားခြင်းက ခေါင်းဆောင်ကောင်းတစ်ယောက်၏ နက်ရှိုင်းသော အမြော်မြင်ဖြစ်ပြီး ပညာရှိဆန်လှသည်။ ထို့ကြောင့် ချင်ယန်ဇီတို့ဂိုဏ်းသည် ထိုမိစ္ဆာတာအိုဂိုဏ်းကြီးကို ပေးသင့်ပေးထိုက်သော ဂရုစိုက်မှုကိုတော့ ပေးထားဆဲပင်။
မိုးမလင်းမီလေးတွင် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် ပြင်ဆင်ရန်အတွက် ပြိုင်ပွဲကျင်းပရာနေရာသို့ ပြန်လာခဲ့ကြသည်။ မုဝမ်ရွှမ်းက နံနက်စာကိစ္စများကို သွားရောက်ကြီးကြပ်ပြီး အစားအစာများကို မြည်းစမ်းကြည့်နေသည်။ တစ်ဖက်တွင်မူ ဝမ်ရှန်းသည် ဒိုင်လူကြီးကော်မတီရှိ တာအိုဆရာ ၁၈ယောက်နှင့်အတူ ယနေ့ကျင်းပမည့် အဆင့်သတ်မှတ်ပွဲစဉ်များအတွက် အစည်းအဝေးတက်ရောက်ရသည်။
နံနက်စာစားချိန်တွင် ဝမ်ရှန်း၏ တောင်းဆိုချက်အရ စီနီယာအစ်မဖြစ်သူက သူ၏ဓားသေတ္တာကို ယူဆောင်လာပေးခဲ့သည်။ ထိုအချိန်တွင် စီနီယာအစ်မ၏ ခါးတွင် ရေခဲသလင်းဓားကို ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသဖြင့် သူ အနည်းငယ်စိတ်အေးသွားရသည်။
စုဝေးနေကြသော တာအိုဆရာများရှေ့တွင် ဝမ်ရှန်းက ဓားသေတ္တာကို ဖွင့်လှစ်ကာ ဝိညာဉ်မဲ့ဓားကို ထုတ်ယူလိုက်ပြီး ဓားမျက်နှာပြင်ကို အသာအယာပွတ်သပ်လိုက်သည်။
ဤဓားတွင် ဝိညာဉ်မရှိသော်လည်း ဓားသွားက အနှိုင်းမဲ့ထက်မြက်လှပြီး အစစ်မှန်ချီမြှင့်တင်ပေးနိုင်စွမ်းမှာလည်း ရေခဲသလင်းကျောက်ဓားထက် မနိမ့်ကျပေ။ ဤဓားကို တီထွင်ခဲ့ကြသော သိပ္ပံပညာရှင်များသည် သတ်မှတ်ဘတ်ဂျက်ထက် ကျော်လွန်သွားခဲ့သော်လည်း မူလဒီဇိုင်းရည်မှန်းချက်ကိုမူ အပြည့်အဝအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ကြသည်။
၎င်းသည် ကျင့်ကြံရန် သို့မဟုတ် ဓားတာအိုကိုဆင်ခြင်ရန်အတွက် ပြုလုပ်ထားသောအရာမဟုတ်ဘဲ သတ်ဖြတ်ခြင်းအတွက် ဖန်တီးထားသောလက်နက်တစ်ခုဖြစ်သည်။
ဓားရိုးကို ဆုပ်ကိုင်ထားရင်း ဝမ်ရှန်း၏စိတ်ထဲတွင် မေးခွန်းတစ်ခု ပေါ်လာသည်။
ငါ ဘာကြောင့် ဒီဓားကို ဆွဲထုတ်ရတာလဲ။
သူ၏အဖြေက ယခင်ကထက် ပိုမိုရှင်းလင်းပြတ်သားပြီး ခိုင်မာနေသည်။
ငါ့စီနီယာအစ်မကို ကာကွယ်ဖို့… မိစ္ဆာကျင့်ကြံသူတွေကို နှိမ်နင်းဖို့နဲ့ တာအိုကို စောင့်ရှောက်ဖို့အတွက် ငါ ဆွဲထုတ်တာ…။
ဘေးနားမှ ဖေးလျန်ဇီက မျက်မှောင်ကြုတ်လိုက်သည်၊၊
“ဖေးယွီ… မင်း ဘာလို့ အဲဒီဓားကို ပြန်သုံးနေရပြန်တာလဲ”
ဝမ်ရှန်းက ပြုံး၍သာ တုံ့ပြန်လိုက်ပြီး ဝိညာဉ်မဲ့ဓားကို သေတ္တာထဲ ပြန်ထည့်ကာ ကျောတွင် လွယ်လိုက်သည်။ ထို့နောက် စည်းနှောင်ထားသော ဆံပင်များကို သပ်တင်လိုက်ရင်း ဒိုင်လူကြီး ၁၈ယောက်ကို ကြည့်ကာ “မိစ္ဆာတာအိုဂိုဏ်းတစ်ခု လှုပ်ရှားနေတယ်။ အစိုးရက ထုတ်ပြထားတဲ့ ကျောက်စာချပ်ကို သူတို့ မျက်စိကျနေပုံရတယ်။ အာဏာပိုင်တွေက လမ်းမှန်ဂိုဏ်းတွေ အတူတူလေ့လာနိုင်အောင် ကျောက်စာချပ်ကို ထုတ်ပြထားတာပဲ။ အကယ်၍ မိစ္ဆာကျင့်ကြံသူတွေက ဒါကို ဖျက်ဆီးသွားရင် ဒါက လုံးဝအရှက်ရစရာပဲ”
ဖေးလျန်ဇီ၏ မျက်မှောင်ကြုတ်မှုက ပိုမိုနက်ရှိုင်းသွားသည်။
“အဲဒါက မင်း သွားတိုက်ခိုက်ရမယ်လို့ ဆိုလိုတာမှမဟုတ်တာ။ ဒီပွဲကို တက်ရောက်နေတဲ့ ကျွမ်းကျင်သူတွေ အများကြီးရှိတယ်။ ဘာလို့ အခြေခံတည်ဆောက်ခြင်းအဆင့်ပဲ ရှိသေးတဲ့ မင်းက ဝင်ပါချင်နေရတာလဲ”
သူက ဆူပူသံဖြင့် ပြောလိုက်သော်လည်း ၎င်းမှာ စိုးရိမ်စိတ်ကြောင့်ပြောခြင်းဖြစ်သည်။
“ဟုတ်တယ် ဖေးယွီ။ မင်းက ကိုယ့်ကိုယ်ကိုယ်အရမ်းဖိအားမပေးပါနဲ့” အခြားတာအိုဆရာတစ်ဦးကလည်း ပြုံးလျက် ပြောသည်။
“မကောင်းမှုတွေကို နှိမ်နင်းပြီး တာအိုကို ကာကွယ်ဖို့ဆိုတာ လူတစ်ယောက်တည်းရဲ့ တာဝန်မဟုတ်သလို တစ်ယောက်တည်းနဲ့လည်း မလုပ်နိုင်ဘူး။ စိတ်ထားမဖြူစင်သူတွေ ရှိနေသရွေ့ မိစ္ဆာကျင့်ကြံသူတွေကလည်း ရှိနေဦးမှာပဲ။ တာအိုအမွေအနှစ်ရှိတဲ့ ဂိုဏ်းတိုင်းမှာ ဘိုးဘေးတွေရဲ့ အဆုံးအမတွေ ရှိတယ်။ ဒီမိစ္ဆာကျင့်ကြံသူတွေ ပြည်သူတွေကို ဒုက္ခပေးတာကို ငါတို့ခွင့်မပြုနိုင်ဘူး”
ဝမ်ရှန်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။ သူ၏ရင်ထဲတွင် တိုက်ခိုက်လိုစိတ်များ အကြောင်းရင်းမရှိဘဲထွက်ပေါ်လာသည်။ ပုံရိပ်ယောင်အမြုတေအဆင့်သို့ရောက်ရန် အလှမ်းဝေးသေးပြီး အလျင်စလိုအဆင့်တက်၍ မရသော်လည်း ပုံရိပ်ယောင်အမြုတေအဆင့် ကျွမ်းကျင်သူတစ်ယောက်နှင့် ယှဉ်ပြိုင်နိုင်သည်ဟု သူ ယုံကြည်ချက်ရှိနေသည်။
နောက်ပိုင်း ညနေခင်းတွင် စီနီယာအစ်မနှင့်အတူ ပူးတွဲတိုက်ခိုက်ရေးနည်းဗျူဟာတစ်ခု ဖန်တီးရန် သဘောတူထားသည်။
၎င်းတို့တွင် ဓားသိုင်းကို ကူးယူရန် သို့မဟုတ် စုံတွဲဓားသိုင်းကို လေ့ကျင့်ရန် အချိန်မရှိပေ။ သို့သော် စီနီယာအစ်မ လှုပ်ရှားမည့် အရေးကြီးသောအချိန်တွင် သူက တိုက်ပွဲကို ထိန်းချုပ်ရာ၌ နောက်ကျမကျန်ခဲ့ဘဲ လိုက်ပါနိုင်ရမည်ဖြစ်သည်။
စီနီယာအစ်မ၏ ယင်ယန်အစီအရင်၊ ရေခဲသလင်းဓားနှင့် သူ၏နတ်ဘုရားအဆင့်ဓားပျံ၊ ဝိညာဉ်မဲ့ဓား၊ ရှုတောင်၏ ဓားထိန်းချုပ်ခြင်းပညာနှင့် ခုနှစ်စင်ကြယ်ပြောင်းပြန်ဓားအစီအရင်တို့ ပေါင်းစပ်လိုက်ပါက မည်မျှအထိ စွမ်းအားထွက်ပေါ်လာမည်ကို ဝမ်ရှန်း စိတ်လှုပ်ရှားစွာ မျှော်လင့်မိနေသည်။
“ဖေးယွီ။ ဒီနေ့ ပွဲစဉ်အချို့ကို မင်း ဒိုင်လုပ်ပေးချင်လား” ကောင်းရှီရှင်းက မေးသည်။
ဝမ်ရှန်း ခေါင်းညိတ်လိုက်သည်။ ဒိုင်လူကြီးကော်မတီ၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် တစ်နေ့လုံး လက်ဖက်ရည်နှင့် ကော်ဖီသောက်ရင်း အေးဆေးထိုင်နေပါက မသင့်တော်ပေ။
ထိုစဉ် သူ တစ်ခုခုကို သတိရသွားသည်။ “အဆင့်သတ်မှတ်ပွဲစဉ်စာရင်း ထွက်လာပြီလား။ မနေ့က မိစ္ဆာကျင့်ကြံသူတွေကိစ္စနဲ့ အလုပ်ရှုပ်နေတာကြောင့် စစ်ဆေးဖို့ လုံးဝမေ့သွားတယ်”
တာအိုဆရာများသည် ရယ်ရမလို၊ ငိုရမလို ဖြစ်သွားကြသည်။ သူတို့ရှေ့မှ လူငယ်လေးသည် အင်မော်တယ်တာအိုညီလာခံကို တကယ်ပင် အလေးအနက်မထားကြောင်း သိလိုက်ရသောကြောင့် ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ဂိုဏ်းတိုင်းက ဤပွဲကို အလွန်အလေးအနက်ထားနေကြသည်။
ဖေးလျန်ဇီက ဝမ်ရှန်းထံသို့ ဒစ်ဂျစ်တယ်စာရင်းကို ချက်ချင်းပေးပို့လိုက်သည်။ မနေ့က သရေပွဲအချို့ရှိခဲ့သောကြောင့် စုစုပေါင်း ၁၁၀ ဦး အဆင့်သတ်မှတ်ပွဲစဉ်များသို့ တက်ရောက်ခွင့်ရခဲ့သည်။
ဝမ်ရှန်း စာရင်းကို အမြန်ကြည့်လိုက်ရာ ရင်းနှီးသော အမည်အချို့ကို တွေ့ရသည်။ လျှိုယွမ်ကျိ၊ ရှီချန်ကျန်း၊ ဟုန်လင်း၊ You Chat မှ တစ်ခါမျှ စကားမပြောဖူးသော မိတ်ဆွေအချို့အပြင် ဝူတန်းတောင်မှ တပည့်အချို့လည်း ပါဝင်သည်။ ပြီးခဲ့သည့် နှစ်နှစ်အတွင်း ကျိုးရင်လောင်၏ ဓားသိုင်းတိုးတက်လာမှုကို ထည့်တွက်လျှင် သူသာ ပါဝင်နိုင်ခဲ့ပါက ဤအဆင့်သတ်မှတ်ပွဲစဉ်များသို့ တက်ရောက်နိုင်မည်မှာ သေချာသည်။
ဝမ်ရှန်း သက်ပြင်းချလိုက်ပြီး ယာယီတဲအပြင်ဘက်ရှိ အရိပ်အာဝါသကိုကြည့်ကာ ခဏမျှ ငေးမောသွားသည်။ သစ်ရွက်များကြားမှ ဖြာကျလာသော နေရောင်ခြည်က မြေပြင်ပေါ်တွင် အရိပ်ကွက်လေးများဖြစ်နေသည်။ လေညင်းအဝေ့တွင် သစ်ရွက်များ လှုပ်ခတ်သွားရာ နေရောင်ကွက်ကလေးများကလည်း လိုက်လံရွေ့လျားနေကြသည်။
ဤကဲ့သို့ အေးချမ်းမှုက ဘယ်လောက်အထိကြာရှည်နိုင်ပါ့မလဲ။
ဆရာပြောသကဲ့သို့ ကျောက်စာချပ်က ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းကို တကယ်ပင် ဆွပေးလိုက်ခြင်းဖြစ်ပါက အင်မော်တယ်တာအိုညီလာခံပြီးဆုံးသည်နှင့် ကျင့်ကြံခြင်းလောကတစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်သွားနိုင်သည်။ သို့သော် ဆရာ့စကားက မှန်လေသည်။ အကယ်၍ ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းကို ဆက်လက်ကြီးထွားခွင့်ပြုထားပါက ၎င်းသည် ငြိမ်းချမ်းရေးအတွက် တကယ့်ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်သည်။
ယင်နှင့်ယန် ကစဥ့်ကလျားဖြစ်လျှင် ကောင်းကင်နှင့်မြေပြင်သည်လည်း ကြည်လင်တော့မည်မဟုတ်ပေ။ မကြာမီ ကျင့်ကြံခြင်းလောကကို ဝါးမြိုတော့မည့် ဖရိုဖရဲအခြေအနေတွင် မည်သူက ရှေ့ထွက်၍ အမှောင်ထုကို ဖယ်ရှားပေးမည်နည်း။ မည်သူက ကောင်းကင်ပြာအောက်တွင် သေဆုံးပြီး လူဝင်စားစရာနေရာမရှိသည့် လေလွင့်ဝိညာဉ်ဖြစ်သွားမည်နည်း။
သူ သက်ပြင်းချလိုက်သည်။ သတိမထားမိခင်မှာပင် ပြိုင်ပွဲကျင်းပရာနေရာသို့ သွားရမည့်အချိန် ရောက်လာခဲ့လေပြီ၊၊
တာအိုဆရာ ၁၈ယောက်သည် အစည်းအဝေးခန်းမထဲမှ တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားကြသည်။ ဖေးလျန်ဇီက ဝမ်ရှန်းကို လှမ်းခေါ်လိုက်သဖြင့် သူ အတွေးထဲမှ နိုးထလာသည်။
သူ ဓားသေတ္တာကို ကျောတွင် လွယ်ကာ ဓားရှည်ကို ကိုင်မြှောက်ရင်း စိတ်ကို ဖြည်းဖြည်းချင်းတည်ငြိမ်အောင် ထိန်းလိုက်သည်။ သူသည် ထက်မြက်သော အရှိန်အဝါများကို ထုတ်လွှတ်လျက် နွေးထွေးသောနေရောင်ခြည်အောက်သို့ ခြေလှမ်းလှမ်းလိုက်သည်။
ပထမနေ့ လူရွေးပွဲများတွင် ပါဝင်သော ကျင့်ကြံသူများ၏ အဆင့်များက ရောထွေးနေပြီး ပွဲစဉ်များကလည်း စိတ်လှုပ်ရှားစရာမကောင်းလှပေ။ သို့သော် ကံကောင်းသည့် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်နှောင်းပိုင်း ကျင့်ကြံသူအနည်းငယ်မှလွဲ၍ အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိသူများသာ အဆင့်သတ်မှတ်ပွဲစဉ်များသို့ တက်ရောက်နိုင်ခဲ့ကြသည်။ ၎င်းတို့ထဲတွင် ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းက ချထားသော နယ်ရုပ်အချို့ ပါဝင်နိုင်လေသည်။
ဒိုင်လူကြီးများ ကွင်းထဲမဝင်မီ မုရွှယ်က အမြန်ရောက်လာပြီး အနီးကပ်စောင့်ကြည့်ရန်နှင့် ထိပ်သီး ၈ယောက်စာရင်းထဲ မဝင်အောင် တားဆီးရမည့် အမည်အချို့ကို တိုးတိုးလေးလာပြောခဲ့သည်။ ၎င်းတို့သည် ယင်ယန်စုံဖန်ဆင်းခြင်းဂိုဏ်းသားဟုတ်၊မဟုတ် အတည်မပြုနိုင်သေးသော်လည်း မိစ္ဆာကျင့်ကြံသူများအဖြစ် သတ်မှတ်ခံထားရသူများဖြစ်သည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ပြိုင်ပွဲချောမွေ့စွာ ပြီးဆုံးစေရန်အတွက် ၎င်းတို့ ပြိုင်ပွဲမှထွက်ရသည်နှင့် ချက်ချင်းဖမ်းဆီးမည်ဖြစ်သည်။
နောက်ဆုံးတွင် မျက်နှာလိုက်မည့် ဒိုင်လူကြီးအဖြစ် သူ့၏ စွမ်းဆောင်ရည်အစစ်ကိုပြရမည့်အချိန် ရောက်လာခဲ့ပြီဖြစ်သည်။
မုရွှယ်က ဝမ်ရှန်းတစ်ယောက်တည်းကိုသာ ပြောခဲ့ခြင်းမဟုတ်ပေ။ ကွင်းလေးခုစလုံးတွင် မျက်နှာလိုက်ပေးမည့်ဒိုင်တစ်ယောက်စီရှိနေစေရန်အတွက် အခြားဒိုင်လူကြီး ခြောက်ယောက်၊ ခုနစ်ယောက်ခန့်ကိုလည်း အလားတူညွှန်ကြားထားခဲ့သည်။
၎င်းတို့သည် မိစ္ဆာကျင့်ကြံသူများကိုသာ ပစ်မှတ်ထားမည်ဖြစ်ပြီး လမ်းမှန်ကျင့်ကြံသူများအကြား ပွဲစဉ်များကို စွက်ဖက်မည်မဟုတ်ပေ။ မုရွှယ် တာဝန်ပေးထားသော တာအိုဆရာများသည် အကျိုးအကြောင်းနားလည်ပြီး ပြောဆိုရလွယ်ကူသူများဖြစ်သဖြင့် ဝမ်ရှန်း၏ ဝန်ထုပ်ဝန်ပိုးကို များစွာပေါ့ပါးသွားစေသည်။
Telegram Channel- https://t.me/wanshang68