အခန်း ၂၁၁
Vol. 22 Ch. 211
အခန်း ၂၁၁ - စျေးညှိခြင်း
အိုင်ဗီသည် ထိုကောင်လေးကို ခေတ္တမျှ စူးစိုက်ကြည့်ပြီးနောက် ရှေ့ဘက်ရှိ လမ်းမဆီသို့ လက်ညှိုးညွှန်ပြလိုက်သည်။
"ကောင်းပြီ အခုပဲ သွားလိုက်တော့ စစ်တပ်စခန်းက ဒီရှေ့တင်ပဲ ရှိတာ"
ထို ကောင်လေး၏ မျက်ဝန်းများ ဝင်းပသွားသည်။
"အစ်မ... အစ်မလည်း အဲ့ဒီကိုပဲ သွားမလို့လား"
အိုင်ဗီက အေးဆေးစွာပင် ခေါင်းခါပြလိုက်သည်။
"မဟုတ်ဘူး ငါက အပေးအယူတစ်ခုလုပ်ဖို့ပဲ အဲဒီကို သွားမလို့ ဒါပေမဲ့ မင်းအတွက်တော့ အဲဒီအထိ သွားစရာမလိုပါဘူး ဒီနားတင် တခြားစခန်းတစ်ခု ရှိသေးတယ် သူတို့က ဝင်ကြေးတောင် ကောက်မှာမဟုတ်ဘူး"
ဒီအခွင့်အရေးကို အသုံးချကာ မိမိစခန်းအတွက် ပြည်သူအင်အား စုဆောင်းလိုက်ခြင်းက ပို၍ကောင်းပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် စိမ်းလန်းသော အရည်အချင်းစနစ်၏ ရိုးအီနေသော အသံသည် သူမ၏ စိတ်အာရုံထဲ၌ ပဲ့တင်ထပ်လာခဲ့သည်။
[သင်သည် KB (၁၀၀) ရရှိပါသည်။]
လူငယ်လေးမှာ အံ့အားသင့်လွန်းသဖြင့် မျက်တောင်တဖျတ်ဖျတ် ခတ်နေမိသည်။ သူ၏ နှုတ်ခမ်းများ တုန်လှုပ်လျက် စကားသံ ထွက်ပေါ်လာသည်။
" အဲ့ဒါ... အဲ့ဒါ တကယ်ပဲလား"
အိုင်ဗီက ခေါင်းညိတ်ပြလိုက်ပြီး "မယုံရင်လည်း ကိုယ်တိုင်သွားပြီး မေးကြည့်ပေါ့"
ထိုကောင်လေး၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ထင်ဟပ်နေသည်မှာ ထင်ရှားလှသည်။ သူသည် ရင်ခွင်ထဲ၌ ပွေ့ချီထားသော ညီမငယ်လေးကို တစ်ချက်ငဲ့ကြည့်ပြီးနောက် အိုင်ဗီ့ထံသို့ အကြည့်ပြန်လွှဲလိုက်သည်။ နောက်ဆုံးတွင်မူ သူသည် သတ္တိကို မွေးမြူကာ မေးမြန်းလိုက်တော့သည်။
"ကျွန်တော့်ကို လမ်းညွှန်ပေးလို့ ရမလား"
အိုင်ဗီက စိတ်ရှည်လက်ရှည်ပင် ရှင်းပြပေးခဲ့သည်။
လမ်းခရီးကို အသေအချာ မှတ်သားပြီးနောက် လူငယ်လေးသည် အိုင်ဗီ့ကို အနည်းငယ် ဦးညွှတ်အရိုအသေပြုကာ လှည့်ထွက်သွားခဲ့သည်။ လမ်းတစ်ဝက်သို့ ရောက်သောအခါ သူသည် ခြေလှမ်းများကို ရပ်တန့်ကာ သူမဘက်သို့ ပြန်လည်ကြည့်ရှုပြန်သည်။
"အစ်မနာမည် ဘယ်လိုခေါ်လဲဟင်"
အိုင်ဗီ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ အေးဆေးစွာပင် ပြန်လည်ဖြေကြားလိုက်သည်။
"အိုင်ဗီ"
လူငယ်လေးက ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် တောက်ပနေတော့သည်။
"တစ်နေ့ကျရင် ဒီကျေးဇူးကို ကျွန်တော် မလွဲမသွေ ပြန်ဆပ်ပါ့မယ်လို့ ကျွန်တော် ကတိပေးတယ်"
အိုင်ဗီကမူ လက်ကာပြရုံသာ တုံ့ပြန်ခဲ့သည်။ သူမအဖို့မူ ဤသည်မှာ လမ်းခရီး၌ ခဏတာဆုံတွေ့ရသော အသေးအဖွဲ ကိစ္စရပ်တစ်ခုသာ ဖြစ်ပေသည်။
မကြာမီမှာပင် သူမသည် ထိုအကြောင်းအရာကို စိတ်ထဲမှ အပြီးတိုင် ဖျောက်ဖျက်လိုက်ပြီးနောက် စစ်တပ်စခန်းကြီးကို မြင်တွေ့ရသည်အထိ ခရီးဆက်ခဲ့တော့သည်။
သူမသည် ဆိုင်းလပ်စ်၏ ရုံးခန်းဆီသို့ ဦးတည်ခြင်းမပြုဘဲ ကုန်ပစ္စည်းဖလှယ်ရေးဌာနဆီသို့သာ တိုက်ရိုက် လျှောက်လှမ်းလာခဲ့သည်။
သူမအနေဖြင့် ဆိုင်းလပ်စ်၏ အရှိန်အဝါကို အသုံးမချပါဘူးဟု စစ်သေနာပတိချုပ် ဒန်တေးကို ကတိပေးခဲ့ဖူးသည်။ ထို့ပြင် သူမ ထိုကတိကို တည်ရန်လည်း ရည်ရွယ်ထားပြီးသား ဖြစ်သည်။
အတွင်းခန်းထဲ၌ သန့်ရှင်းသပ်ရပ်သော်လည်း တင်းမာခက်ထန်သော အနေအထားရှိသည့် စစ်သမီးတစ်ဦးသည် ကောင်တာနောက်တွင် ထိုင်နေသည်။ အိုင်ဗီသည် တည်ငြိမ်စွာ လျှောက်လှမ်းသွားပြီးနောက် မတုန်မလှုပ်သော အသံဖြင့် ဆိုလိုက်သည်။
"ကျွန်မက ရိက္ခာတွေနဲ့ လက်နက်တွေကို လဲလှယ်ချင်လို့"
ထိုအမျိုးသမီးက မျက်မှောင်ကြုတ်လျက် မော့ကြည့်လာသည်။ သူမဟာ ကုန်ပစ္စည်းဖလှယ်ရေးဌာန၏ အကြီးအကဲ ဂျူလီယာပင် ဖြစ်သည်။
သူမသည် အိုင်ဗီ့ကို မြင်မြင်ချင်း မှတ်မိသွားပုံရပြီး နှုတ်ခမ်းအစုံမှာ လှောင်ပြုံးတစ်ခုအသွင် ကွေးညွတ်သွားခဲ့သည်။
"လက်နက်တွေအတွက်ကတော့ ပစ္စတိုတစ်လက်ကို ဆန်ကီလိုဂရမ် နှစ်ဆယ် ပေးရမယ်"
အိုင်ဗီ့မျက်ဝန်းများ ကျဉ်းမြောင်းသွားခဲ့သည်။
"ကီလို နှစ်ဆယ် ဟုတ်လား ပစ္စတို တစ်ခုတည်းကိုလား"
ဂျူလီယာသည် ကုလားထိုင်နောက်မှီကို မှီချလိုက်ပြီး ပျင်းရိပျင်းတွဲ အသံနေအထားဖြင့် ဆိုသည်။
"ဟုတ်တယ် အဲဒါ စျေးနှုန်းပဲ ယူချင်ယူ မယူချင်နေ"
အိုင်ဗီ့ရင်ထဲတွင် ဒေါသအရှိန်က တောက်လောင်နေပြီဖြစ်သည်။ ဤသည်မှာ မတန်တဆဖြစ်လွန်းလှသည်။ ကီလိုဂရမ် နှစ်ဆယ်ဆိုသည်မှာ ကမ္ဘာပျက်ကပ်ကာလအတွင်းမှာပင် လုယက်ဓားပြတိုက်ခြင်းထက် ပိုဆိုးလှသည်။
*ဒီမိန်းမက ငါ့ကို ဘာမှမသိတဲ့ နလပိန်းတုံးများထင်နေတာလား*
ဂျူလီယာက ခေါင်းကို အနည်းငယ်စောင်းလျက် သရော်လိုက်သည်။
"ဘာဖြစ်လို့လဲ မင်းက မွဲလွန်းလို့ အခုကတည်းက လက်လျှော့လိုက်ပြီလား"
အိုင်ဗီက အသံခပ်တိုးတိုးဖြင့် ရယ်မောလိုက်သည်။
"မွဲနေလို့ ဟုတ်လား မဟုတ်ပါဘူး ကျွန်မက စစ်သေနာပတိချုပ် ဒန်တေးဆီ တိုက်ရိုက်သွားပြီး တိုင်လိုက်ရင် ကောင်းမလားလို့ စဉ်းစားနေတာ စစ်တပ်က စျေးနှုန်းတွေကို ဒီလောက်အထိ အဆမတန် တိုးမြှင့်နေတာကို သူ ဘယ်လိုသဘောရမလဲဆိုတာ ကြည့်ရသေးတာပေါ့"
အိုင်ဗီ့အနေဖြင့် ဂျူလီယာနှင့်ပတ်သက်၍ ထင်ထင်ရှားရှား မှတ်မိခြင်းမရှိသော်လည်း သူမ စျေးနှုန်းမြှင့်တင်လိုက်ပုံကို ကြည့်ခြင်းအားဖြင့် နောက်ကွယ်တွင် အကြောင်းရင်းတစ်ခုခု ရှိနေသည်ဟု သံသယဝင်မိသည်။ ဂျူလီယာသည် စစ်ဗိုလ်ချုပ် ဖရန့်ခ်နှင့် ရင်းနှီးကျွမ်းဝင်သူ ဖြစ်နိုင်ပြီး အိုင်ဗီဟာ မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း သိရှိထားပုံရသည်။
ထို့ကြောင့်သာ ဤမျှ စျေးနှုန်းမြှင့်တင်ရဲခြင်း ဖြစ်ပေလိမ့်မည်။
ဂျူလီယာ၏ မျက်ခုံးများ တွန့်ချိုးသွားခဲ့သော်လည်း သူမသည် အသံကို တည်ငြိမ်အောင် ထိန်းထားဆဲပင်။
"တိုင်ချင်ရင်လည်း သွားတိုင်လေ မင်းစကားကို ဘယ်သူမှ နားထောင်မှာ မဟုတ်ဘူး လူတိုင်းက ကိုယ့်အရေးနဲ့ကိုယ် ရှုပ်နေကြတာ"
အိုင်ဗီက ကိုယ်ကို အရှေ့သို့ အနည်းငယ်ကိုင်းညွတ်လိုက်ရာ သူမ၏ မျက်ဝန်းများထဲတွင် စူးရှသော အရောင်အဝါများ လက်မှန်သွားသည်။
"ရှင် မှားသွားပြီ ကျွန်မက ဒီစခန်းက လူတွေရဲ့ ထောက်ခံမှုနဲ့အတူ စခန်းအတွက် လှူဒါန်းမှုတွေ အများကြီး လုပ်ပေးခဲ့တာ ကျွန်မသာ ပါးစပ်ဟလိုက်ရင် ကျွန်မအရေးက ချက်ချင်းကို လူသိရှင်ကြား ဖြစ်သွားလိမ့်မယ်"
ပထမဆုံးအကြိမ်အဖြစ် ဂျူလီယာ၏ မျက်နှာထက်မှ တည်ငြိမ်မှုများ ပျောက်ဆုံးသွားခဲ့ရသည်။
အိုင်ဗီသည် သူမ၏ ပရဟိတလုပ်ငန်းများကြောင့် စခန်းတစ်ခုလုံးတွင် တကယ်ပင် ရေပန်းစားနေသူတစ်ဦး ဖြစ်လာခဲ့သည်ကို ဂျူလီယာ ပြန်လည်သတိရသွားခြင်း ဖြစ်သည်။
သူမသည် မျက်မှောင်ကြုတ်လျက် "...မင်း ဘာလိုချင်လို့လဲ" ဟု မေးလိုက်သည်။
အကယ်၍ အိုင်ဗီသာ ဘာမှမလိုချင်ပါက လွန်ခဲ့သောအချိန်ကတည်းက ထွက်ခွာသွားပြီဖြစ်ပြီး ကန့်ကွက်ဆန္ဒပြမှုများလည်း စတင်နေလောက်ပြီဖြစ်သည်။ ဤနေရာတွင် ဆက်ထိုင်ပြီး စကားပြောနေမည်မဟုတ်ပေ။
အိုင်ဗီ့နှုတ်ခမ်းအစုံက ပါးနပ်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။
"ရှင်က တော်သားပဲ သိပ်ကောင်းတာပေါ့ ကျွန်မက စစ်တပ်က ရောင်းဖို့ စီစဉ်ထားတဲ့ လက်နက်တွေရဲ့ တစ်ဝက်ကို လိုချင်တယ်"
ဂျူလီယာ ကိုယ်ခန္ဓာ တောင့်တင်းသွားပြီး စားပွဲပေါ်ရှိ သူမ၏ လက်ချောင်းများ တင်းကျပ်သွားခဲ့သည်။
"...တစ်ဝက် ဟုတ်လား အဲဒါ အရေအတွက် ဘယ်လောက်တောင် များလဲဆိုတာ မင်းသိရဲ့လား"
အမှန်စင်စစ် ယခုအကြိမ်တွင် စစ်တပ်က လက်နက်များကို ထုတ်ရောင်းရခြင်းမှာ ရိက္ခာပိုမိုရရှိရန် ဖြစ်သည်။
စစ်တပ်သည် ရိက္ခာထက် လက်နက်များကို ပိုမိုစုဆောင်းထားခဲ့သည်။ သို့သော် စုဆောင်းထားသော ရိက္ခာအချို့မှာ အထက်အရာရှိကြီးအချို့၏ ခိုးယူခြင်းကို ခံခဲ့ရသည်။
ကျန်ရှိသော ရိက္ခာအချို့ကိုမူ စစ်တပ်စခန်းအတွင်း ထောက်ပံ့ရေးအဖြစ် အသုံးပြုခဲ့သည်။ ယခုအခါ ရိက္ခာအမြောက်အမြားကို ပြန်လည်စုဆောင်းနိုင်ခဲ့ပြီ ဖြစ်သော်လည်း လက်ရှိစခန်း၏ လူဦးရေနှင့်ဆိုပါက နှစ်နှစ်ခန့်သာ ခံပေလိမ့်မည်။
ထို့ကြောင့် စစ်တပ်သည် အပြစ်အနာအဆာရှိသော လက်နက်အချို့ကို ထုတ်ရောင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ နောင်အနာဂတ်တွင် ရိက္ခာ၏ တန်ဖိုးမှာ ပိုမိုမြင့်မားလာမည်ဖြစ်ပြီး လက်နက်များမှာမူ ဇမ်ဘီများကို တိုက်ခိုက်ရာတွင် ထိရောက်မှု မရှိတော့ဘဲ ဖြစ်လာနိုင်သည်။
အတိတ်ကာလကဆိုလျှင် ဆန်တစ်ဆုပ်ခန့်ဖြင့် ပစ္စတိုတစ်လက်ကိုပင် လဲလှယ်နိုင်ရန် ခဲယဉ်းလှသည်။
သို့သော် ယခုအခါတွင်မူ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မူလလက်နက်များလောက် စွမ်းဆောင်ရည်မပြည့်သော်လည်း သာမန်လက်နက်များထက် ပိုမိုပြင်းထန်သော အပြစ်အနာအဆာပါသည့် လက်နက်များကို သင့်တင့်သောစျေးနှုန်းဖြင့် အရောင်းအဝယ် ပြုလုပ်နိုင်ပေသည်။
ထို့ကြောင့်ပင် ဂျူလီယာသည် ပစ္စတိုတစ်လက်လျှင် ဆန်ကီလိုဂရမ် နှစ်ဆယ်ဟု စျေးနှုန်းကို အဆမတန် မြှင့်တင်ထားခဲ့သော်လည်း အိုင်ဗီ့၏ မတန်တဆ တောင်းဆိုမှုကို ကြုံရသည့်တိုင်အောင် မောင်းထုတ်ရန် မဝံ့မရဲ ဖြစ်နေရခြင်းဖြစ်သည်။
အိုင်ဗီက လက်ပိုက်လိုက်ပြီး ရာသီဥတုအကြောင်း ပြောဆိုနေသကဲ့သို့ အေးဆေးသော လေသံဖြင့် ဆိုလိုက်သည်။
"ဒါပေါ့ ကျွန်မသိတာပေါ့ ဒီအရောင်းအဝယ်က ဆန်ကီလိုဂရမ် တစ်ထောင်အထိတောင် ရောက်သွားနိုင်တယ်မလား"
ဂျူလီယာသည် သွားကြိတ်လျက် ရေရွတ်လိုက်သည်။
"...ကောင်းပြီ ငါ စျေးညှိဖို့ အဆင်သင့်ပဲ"
အိုင်ဗီ့၏ အပြုံးက ပိုမိုကျယ်ပြန့်လာခဲ့သည်။
"ဆန်တစ်ကီလိုဂရမ်ကို ပစ္စတို ဆယ်လက်"
ဂျူလီယာသည် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားရသည်။
"မင်း ရူးနေတာလား ဆန်တစ်ကီလိုနဲ့ သေနတ်ဆယ်လက်ကို ရောင်းရမယ် ဟုတ်လား အဲဒါဆိုရင် ငါကပဲ မင်းဆီကနေ ပြန်ဝယ်လိုက်ချင်သေးတယ်"
အိုင်ဗီက ခပ်ဖွဖွ ရယ်မောလိုက်သည်။
"စျေးညှိဖို့ ကမ်းလှမ်းခဲ့တာ ရှင်ကိုယ်တိုင်ပဲလေအခု ကျွန်မက စျေးညှိတော့ ရှင်က ဂျီကျတဲ့ ကလေးတစ်ယောက်လို ပြုမူနေတယ် အဲဒါက သိပ်ပြီးတော့ ပရော်ဖက်ရှင်နယ် မဆန်လှဘူး ဂျူလီယာ"
ဂျူလီယာသည် မေးရိုးကို တင်းတင်းစေ့လျက် စားပွဲခုံကို လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။
"...မင်းက စျေးကို မတန်တစ ဆစ်တာပဲ အိုင်ဗီ"
ဒါပေါ့ စစ်ရမှာပေါ့ အိုင်ဗီက စိတ်ထဲမှ ရယ်မောလျက် တွေးလိုက်သည်။ ရှင်က ကျွန်မကို ဓားပြတိုက်ဖို့ ကြိုးစားခဲ့တာလေ။ အခုတော့ ရှင်အလှည့် ပြန်ခံရပြီပေါ့
"စိတ်အေးအေးထားပြီး ကျွန်မပြောတာကို ဆုံးအောင်နားထောင်ပါဦး" အိုင်ဗီသည် တည်ငြိမ်သော အပြုံးဖြင့် စားပွဲခုံကို လက်ချောင်းဖြင့် ခေါက်လိုက်ရင်း ဆိုသည်။
"ရှင်တို့ ရောင်းနေတဲ့ လက်နက်တွေက အနာအဆာပါတဲ့ ပစ္စည်းတွေဆိုတာ ကျွန်မသိတယ် အဲဒီတော့ ဆန်တစ်ကီလိုဂရမ်ကို ပစ္စတို ဆယ်လက်ဆိုတာ မဆိုးလောက်တဲ့ အပေးအယူပဲ"
ဂျူလီယာ၏ မျက်နှာမှာ ဖြူလျော်သွားပြီးနောက် ခက်ထန်သော အမူအရာဖြင့် မေးမြန်းလိုက်သည်။
"ငါမင်းနဲ့ ဆိုင်းလပ်စ်အကြောင်းကို အထက်ကို တိုင်ပစ်လိုက်မယ် မင်း ဒီသတင်းကို သူတို့ဆီက ရခဲ့တာမလား ငါ မင်းတို့ကို ဘယ်လိုအရေးယူမလဲဆိုတာ စောင့်ကြည့်နေလိုက်"
"အဟက် ကြိုဆိုရေးဝန်ထမ်းတစ်ယောက်အနေနဲ့ ဒီလောက်ဆို တော်သင့်ပြီ တိုင်ချင်ရင်လည်း သွားတိုင်လိုက်လေ ဒါပေမဲ့ ဆိုင်းလပ်စ်က ကျွန်မကို ဘာတစ်ခုမှ ပြောပြခဲ့တာမရှိဘူးဆိုတာ ကျွန်မ အလွယ်တကူ သက်သေပြနိုင်တယ် ကျွန်မက ကျွန်မသဘောနဲ့ကျွန်မ လာခဲ့တာ"
"မင်း ဘာမှနားမလည်သေးပါလား"
ဂျူလီယာ၏ ဖြူလျော်နေသော မျက်နှာထက်တွင် မဲ့ပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။