← Chapters

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း ၂၁၅ - ပြင်ဆင်မှုများ

"မသိဘူးလေ"

အိုင်ဗီက မဲ့ပြုံးပြုံးလိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် ဂျူလီယာကို ဆက်ပြောရန် စိန်ခေါ်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။ သို့သော်လည်း ဂျူလီယာ မမြင်နိုင်သော နေရာမှ အိုင်ဗီ့လက်ချောင်းများက လှုပ်ရှားသွားခဲ့ပြီ ဖြစ်သည်။

"ဆိုင်းလပ်စ်က လက်နက်တွေကို အလွဲသုံးစားလုပ်ပြီး သိမ်းဆည်းထားတယ် ပြီးတော့ ပုန်ကန်ဖို့ စီစဉ်နေတယ်ဆိုပြီး ငါ အစီရင်ခံစာအမှားတစ်ခု လုပ်လိုက်မယ်"

ဂျူလီယာသည် မိမိ၏ ပါးနပ်မှုကို ကျေနပ်အားရနေတော့သည်။ ယခုအခါ မြေခွေးမ၏ အမြီးကို လက်ရဖမ်းမိပြီဖြစ်၍ သူမအနေဖြင့် အသေသေချာချာ အကွက်ဆင် ဖော်ထုတ်ပစ်မည်ဟု တွေးတောနေသည်။

"သြော်"

အိုင်ဗီ့ထံမှ စိတ်ဝင်တစား ရေရွတ်သံ ထွက်ပေါ်လာပြီး သူမ၏ မျက်ဝန်းများ ဝင်းပသွားသည်။

"ဒါပေမဲ့ သက်သေက ဘယ်မှာလဲ"

"သက်သေ ဟုတ်လား"

ဂျူလီယာက ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ရယ်မောလိုက်သည်။

"သံသယမျိုးစေ့ကို စိုက်ပျိုးတဲ့အခါ သက်သေဆိုတာ မလိုဘူးဟဲ့ အလွန်ဆုံးရှိရင်တော့ မင်းပဲ ဒီလက်နက်တွေကို အားလုံး ဝယ်ယူခဲ့တယ်ဆိုတဲ့ စာရွက်စာတမ်းအတုတွေကို ငါ ဖန်တီးပေးလိုက်ရုံပေါ့"

"အာ အဲဒါဆိုရင်တော့ သိပ်ဆိုးတာပေါ့"

အိုင်ဗီက နှမြောတသဟန်ဖြင့် ခေါင်းခါပြလိုက်ပြီးနောက် ထွက်ခွာရန် ရည်ရွယ်ချက်ဖြင့် မတ်တတ်ရပ်လိုက်သည်။ ဂျူလီယာကလည်း လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ပိုက်ထားရင်း သူမဘက်ကပဲ အနိုင်ရရှိသွားပြီဟု တွေးတောကာ တားဆီးခြင်း မပြုခဲ့ပေ။

"ဒါနဲ့ ငါ့မှာ စိတ်ဝင်စားစရာ အရာတစ်ခု ရှိသေးတယ် မထွက်ခွာခင်လေး အဲဒါလေးကို ဖွင့်ပြခဲ့ဦးမယ်"

အိုင်ဗီသည် ခြေလှမ်းများကို ရပ်တန့်ကာ အသံဖမ်းစက်ကို ဖွင့်လိုက်တော့သည်။

'ဖွင့်ပြမယ်' ဆိုသော စကားလုံးကို ကြားလိုက်ရသည့် ကာလမှာပင် ဂျူလီယာသည် မိမိကိုယ်ကိုယ် ဒုက္ခရောက်ပြီဖြစ်ကြောင်း သိရှိသွားခဲ့သည်။ နောက်တစ်စက္ကန့်တွင်မူ သူမ၏ ကိုယ်ပိုင်အသံနှင့် လွန်ခဲ့သော မိနစ်ပိုင်းခန့်က ပြောဆိုခဲ့သော စကားဝိုင်းတစ်ခုလုံးကို အသံဖမ်းစက်ထဲမှ အထင်အရှား ကြားလိုက်ရတော့သည်။

"မင်း မင်းက အသံဖမ်းရဲတယ်ပေါ့"ဂျူလီယာသည် ဒေါသတကြီးဖြင့် အိုင်ဗီ့ကို လက်ညှိုးငေါက်ငေါက်ညွှန်ပြတော့သည်။

"ရှင်က စာရွက်စာတမ်းအတုတွေ လုပ်ရဲရင် ကျွန်မကကော ဘာလို့ အသံမဖမ်းရဲရမှာလဲ" အိုင်ဗီက ဂရုမစိုက်ဟန်ဖြင့် လက်ခါပြလိုက်သည်။

"မင်း ဒါက ဥပဒေနဲ့ မညီဘူး"

ဂျူလီယာသည် ပြန်လည်ချေပရန် စကားမရှိတော့သဖြင့် ဥပဒေကြောင်းအရ ခြိမ်းခြောက်ရန် ရွေးချယ်လိုက်သည်။

"အို တို့ရဲ့ ကလေးလေး ဂျူလီယာက ဘာမှနားမလည်သေးပါလား"

အိုင်ဗီ့၏ သရော်လှောင်ပြောင်မှုများ ပြည့်နှက်နေသော စကားသံက တိတ်ဆိတ်နေသော တဲအိမ်အတွင်း၌ ပဲ့တင်ထပ်သွားသည်။

"ကမ္ဘာပျက်ကပ် ကာလမှာ ဥပဒေဆိုတာ မရှိဘူး‌တော့ဘူးလေ"

"မင်း လက်နက်တွေရဲ့ တစ်ဝက်ကို လိုချင်တာမလား ငါ ပေးမယ် အဲဒီအသံဖိုင်ကိုသာ အခု ချက်ချင်းဖျက်ပေး"

ဂျူလီယာသည် ဤအသံဖိုင်က သူမအပေါ် ဘယ်လောက်အထိ ထိခိုက်ပျက်စီးစေနိုင်ကြောင်း သိရှိထားသည်။ နောင်အနာဂတ်တွင် အိုင်ဗီသည် ဤအသံဖိုင်ဖြင့် သူမကို အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်ရုံမျှမက အထက်အရာရှိကြီးများ သို့မဟုတ် ဆိုင်းလပ်စ်၏ ထံသို့ပါ ပေးအပ်သွားနိုင်သည်။ အကယ်၍ ဆိုင်းလပ်စ်သာ အစည်းအဝေးတစ်ခုတွင် ဤအသံဖိုင်ကို ဖွင့်ပြလိုက်ပါက သူမသည် မိမိ၏ ရာထူးနေရာကိုပါ ဆုံးရှုံးရပေလိမ့်မည်။

အိုင်ဗီက ရယ်မောလျက် ခေါင်းခါပြလိုက်ပြီး "ကျွန်မ စိတ်ပြောင်းသွားပြီ အခုတော့ ကျွန်မက လက်နက်တွေရဲ့ သုံးပုံတစ်ပုံပဲ လိုချင်တော့တယ်" ဟု ဆိုလိုက်သည်။

"အိုင်ဗီ မင်း တော်တော်လောဘကြီးတာပဲ" ဂျူလီယာ အော်ဟစ်လုနီးပါး ဖြစ်သွားရသည်။

အိုင်ဗီက ခေါင်းကို အနည်းငယ်စောင်းလျက် နှေးကွေးပြီး တည်ငြိမ်သော လေသံဖြင့် ဆိုသည်။

"မဟုတ်ဘူး ကျွန်မက ရှင့်ကိုပဲ လောဘကြီးတယ်လို့ ထင်တာ ဒါပေမဲ့ ကျွန်မက ရှင်နဲ့မတူဘူး ကျွန်မက အစွန်းမရောက်စေရဘူး သုံးပုံတစ်ပုံဆိုတာ သင့်တော်တဲ့ အပေးအယူပဲ လေ ကျွန်မလိုချင်တာကို ကျွန်မရမယ် ရှင့်မှာလည်း ကျွန်မထက် ပိုပြီး ကျန်နေဦးမှာပဲ အဲဒါက သိပ်ကောင်းတဲ့ အစီအစဉ် မဟုတ်ဘူးလား"

ဂျူလီယာ၏ လက်သီးများမှာ စားပွဲအောက်တွင် တင်းကျပ်သွားခဲ့သည်။ သူမ၏ လက်သည်းများမှာ လက်ဖဝါးထဲသို့ စိုက်ဝင်လုနီးပါး ဖြစ်နေသော်လည်း ခါးသီးလှသော အပြုံးတစ်ခုကို အတင်းအကျပ် ဖန်တီးလိုက်ရသည်။

"ကောင်းပြီ သုံးပုံတစ်ပုံပေါ့ ဒါပေမဲ့ မင်း အဲဒီအသံဖိုင်ကို ဖျက်ရမယ် အခု ချက်ချင်း ဒီနေရာတင် ဖျက်ပစ်"

အိုင်ဗီက မျက်ဝန်းထဲတွင် ရယ်မောလိုသော အရိပ်အယောင်များဖြင့် ခေါင်းကို ခပ်ဖွဖွ ခါပြလိုက်သည်။

"ဖျက်ရမယ် ဟုတ်လား ကျွန်မက ဘာဖြစ်လို့ ဖျက်ရမှာလဲ စိတ်မပူပါနဲ့ ဂျူလီယာ၊ ရှင် ကျွန်မကို နောက်တစ်ကြိမ် ထပ်ပြီး အကျပ်မကိုင်သရွေ့တော့ ကျွန်မဒါကို တခြားလူတွေကို ဖြန့်မှာမဟုတ်ဘူး ဒါကို အာမခံချက်တစ်ခုအနေနဲ့ပဲ သတ်မှတ်ထားလိုက်ပေါ့"

ဂျူလီယာသည် စားပွဲခုံကို လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး "မင်းက စုန်းမပဲ" ဟု ဟစ်အော်လိုက်တော့သည်။

အိုင်ဗီက သာယာစွာ ရယ်မောလိုက်ရင်း "အဲဒီလိုတွေးရင် ရှင်စိတ်သက်သာရာရမယ်ဆိုရင်လည်း ဟုတ်ပါပြီလေ" ဟု ဆိုခဲ့သည်။

အပေးအယူ တည့်သွားပြီးနောက် သူမသည် လေချွန်လျက် ထွက်ခွာလာခဲ့သည်။ မိမိစခန်းအတွက် လက်နက်များကို အောင်မြင်စွာ ရရှိခဲ့ပြီဖြစ်၍ အိုင်ဗီသည် စိုးရိမ်ပူပန်မှုများကို ဖြေဖျောက်နိုင်ခဲ့ပြီး နောက်ထပ် လိုအပ်သော ရိက္ခာအချို့ကို ဆက်လက်ပြင်ဆင်ရန် လုပ်ဆောင်ခဲ့သည်။

ပထမဆုံးအနေဖြင့် ဝါဂွမ်းအဝတ်အထည်များ ဖြစ်သည်။ ဤပစ္စည်းကို ရောင်းချသူ မရှိသော်လည်း ရိက္ခာများကို ကြိုတင်စုဆောင်းထားခဲ့ကြသော ချမ်းသာကြွယ်ဝသူ အချို့သည် ဝါဂွမ်းအဝတ်အထည်များကိုပါ တစ်ပါတည်း စုဆောင်းထားခဲ့ကြသည်။

သူမသည် ထိုချမ်းသာကြွယ်ဝသူ အချို့ထဲမှ တစ်ဦးနှင့် ဆုံတွေ့ရန် ချိန်းဆိုထားခဲ့ပြီးဖြစ်၍ ယခုအခါ တွေ့မည့်နေရာဆီသို့ လျှောက်လှမ်းလာခဲ့ခြင်း ဖြစ်သည်။

မကြာမီမှာပင် အိုင်ဗီသည် အရောင်းအဝယ်ပြုလုပ်ရန် ကတိပြုထားသော နေရာဆီသို့ ရောက်ရှိလာခဲ့သည်။

နေရောင်ခြည်က ပြင်းထန်လှပြီး မိမိ၏ ဖိနပ်အောက်ရှိ မြေပြင်မှာ မီးတောက်တစ်ခုကဲ့သို့ ပူပြင်းလှသည်။ သူမသည် မိမိထံသို့ လျှောက်လှမ်းလာသော လူတစ်ဦးကို မြင်တွေ့ရသဖြင့် ခြေလှမ်းများကို အရှိန်လျော့လိုက်သည်။

ထိုလူမှာ ချမ်းသာကြွယ်ဝသူ မဟုတ်ပေ။

၎င်းအစား ဗလတောင့်တောင့် သက်တော်စောင့်တစ်ဦးသည် လက်နှစ်ဖက်တွင် အိတ်နှစ်အိတ်ကို ကိုင်ဆောင်လျက် လျှောက်လှမ်းလာခြင်း ဖြစ်သည်။ သူ၏ မျက်နှာထက်တွင် မည်သည့်အမူအရာမျှ မရှိဘဲ အေးစက်သော မျက်ဝန်းများဖြင့်သာ သူမကို စိုက်ကြည့်နေသည်။

ငါ သိသားပဲ။ သူကိုယ်တိုင် လာမှာမဟုတ်ဘူး။ သူ့ရဲ့ လူတွေနောက်ကွယ်မှာပဲ ပုန်းနေတာပေါ့။ ချမ်းသာတဲ့လူတွေကတော့ အားလုံး အတူတူပဲ။ ကိုယ့်လက်ကို အညစ်ပတ် မခံချင်ကြဘူး

သက်တော်စောင့်သည် သူမနှင့် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်တန့်လိုက်ပြီး ဘာခံစားချက်မှမပါသော အသံဖြင့် မေးမြန်းလိုက်သည်။

"လဲမယ့် ပစ္စည်းတွေ ပါခဲ့ရဲ့လား"

အိုင်ဗီက ခပ်ဖွဖွ ပြုံးလိုက်ပြီး ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်သည်။

သူမသည် လက်ကို မြှောက်ကာ ခပ်ဖွဖွ ဝှေ့ယမ်းလိုက်ရာ သူမ၏ ဘေးရှိ မြေပြင်ပေါ်တွင် အိတ်အချို့ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

သက်တော်စောင့်၏ အကြည့်မှာ ထိုအိတ်များဆီသို့ ရောက်ရှိသွားခဲ့ပြီးနောက် ၎င်းတို့ကို စစ်ဆေးရန်အတွက် မြေပြင်ပေါ်သို့ ဆောင့်ကြောင့်ထိုင်လိုက်သည်။

သူသည် အိတ်တစ်အိတ်ကို ဖွင့်လှစ်လိုက်ရာ နေရောင်အောက်တွင် တောက်ပနေသော ဆန်စေ့ဖြူဖြူများကို မြင်တွေ့လိုက်ရသည်။ စင်ကြယ်လှသော ဆန်အစစ်အမှန်များပင် ဖြစ်သည်။

သူက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး "ကောင်းပြီ" ဟု အတည်ပြုလိုက်သည်။

ဘာစကားမျှ ထပ်မံပြောဆိုခြင်းမပြုဘဲ သူသည် ဆန်အိတ်များကို ယူဆောင်ခဲ့ပြီး မိမိကိုင်ဆောင်လာသော အိတ်များကိုမူ အိုင်ဗီ့ထံသို့ တွန်းပို့ပေးခဲ့သည်။

အိုင်ဗီသည် အလောကြီးခြင်းမရှိဘဲ ကိုယ်ကိုကိုင်းညွတ်ကာ ၎င်းတို့ကို ဖွင့်လှစ်ကြည့်ရှုခဲ့သည်။

အထဲတွင် ဝါဂွမ်းလိပ်များကို အစီအရီ မြင်တွေ့လိုက်ရသည်။

အသင့်ဝတ် အဝတ်အထည်များ မဟုတ်သော်လည်း သပ်ရပ်စွာ ခေါက်ထားသော ဝါဂွမ်းအထည်စအစစ်အမှန်များပင် ဖြစ်သည်။ သူမ၏ လက်ချောင်းများက နူးညံ့လှသော အထည်စပေါ်သို့ ပွတ်တိုက်မိသွားသောအခါ သူမသည် သက်ပြင်းတစ်ချက်ကို ဖြည်းညှင်းစွာ ချလိုက်မိသည်။

အဆင်ပြေတယ်။ ဒါဆို ရပြီ။ အသင့်ဝတ် မဟုတ်ပေမယ့်လည်း ငါတို့ ဒါကို အဝတ်အထည်တွေအဖြစ် မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်တာပဲ။ ဝါဂွမ်းက ဒီလိုပူပြင်းတဲ့ ရာသီဥတုမှာ လူတိုင်းကို အသက်ရှူချောင်စေလိမ့်မယ်။ အနည်းဆုံးတော့ ငါ့မိသားစုက တခြားလူတွေလို ဒုက္ခရောက်မှာ မဟုတ်တော့ဘူး

အိုင်ဗီသည် ဝါဂွမ်းအိတ်များကို တင်းကျပ်စွာ ချည်နှောင်ပြီးနောက် ယူဆောင်ခဲ့သည်။ ၎င်းတို့မှာ လေးလံလှသော်လည်း သူမ၏ ခြေလှမ်းများကမူ ပေါ့ပါးနေတော့သည်။

ဒါက ကောင်းပါတယ်။ ဒါပေမဲ့ မလုံလောက်သေးဘူး။ ဝါဂွမ်းတစ်ခုတည်းနဲ့တော့ အရာရာကို မဖြေရှင်းနိုင်ဘူး။ အပူချိန်က ပိုပြီးတော့ပဲ ဆိုးရွားလာလိမ့်မယ်။ ငါ တခြားအရာတွေ ပိုလိုသေးတယ်

မိမိ၏ စခန်းသို့ ပြန်ရောက်သောအခါ သူမသည် အိတ်များကို ချထားခဲ့ပြီး အပြင်သို့ နောက်တစ်ကြိမ် ပြန်လည်ထွက်ခွာခဲ့ပြန်သည်။

ယခုအကြိမ်တွင်မူ သူမ ဆုံတွေ့ရမည့်သူမှာ ရေအိုးများကို ကြိုတင်စုဆောင်းထားခဲ့သော အဘိုးအိုတစ်ဦးပင် ဖြစ်သည်။

အိုင်ဗီ ရောက်ရှိလာသောအခါ ထိုအဘိုးအိုသည် ရေအိုးများကို ရတနာတစ်ခုကဲ့သို့ တင်းကျပ်စွာ ပွေ့ဖက်ထားရင်း ပျာပျာသလဲ ဖြစ်နေရှာသည်။

"ဒီပစ္စည်းတွေအတွက် အဘိုး ဘာလိုချင်လဲ" အိုင်ဗီက မေးမြန်းလိုက်သည်။

ထိုလူက သူမကို အသေအချာ စိုက်ကြည့်ပြီးနောက် "ငါးခြောက် အိတ်အသေး တစ်အိတ်" ဟု ဆိုသည်။

အိုင်ဗီက လက်ကို ဝှေ့ယမ်းလိုက်ရာ ငါးခြောက်အိတ်တစ်အိတ် ချက်ချင်း ပေါ်ပေါက်လာခဲ့သည်။

ကမ္ဘာပျက်ကပ် ကာလအတွင်း သူမအတွက် လုံးဝမပြတ်လတ်နိုင်သော အရာမှာ ငါးပင် ဖြစ်တော့သည်။

ထိုအဘိုးအိုသည် ငါးခြောက်များကို အသေအချာ စစ်ဆေးကာ အနံ့ခံကြည့်ပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်ပြခဲ့သည်။ သူသည် ရေအိုးများကို တစ်လုံးချင်းစီ စနစ်တကျ လွှဲပေးခဲ့သည်။

အိုင်ဗီသည် ၎င်းတို့ကို ထိကြည့်ပြီးနောက် ပြုံးလိုက်မိသည်။

မြေအိုးတွေက ရေကို အေးမြနေအောင် ထိန်းထားပေးနိုင်တယ်။ ပူပြင်းတဲ့ နေ့ရက်တွေအတွက် အကောင်းဆုံးပဲ။ လူတွေက ဒီရေကို သောက်ရရင် လန်းဆန်းသွားကြလိမ့်မယ်။ ဒီစခန်းက ဘယ်သူမှ ရေနွေးတွေ သောက်ရလို့ ဖျားနာမှာ မဟုတ်တော့ဘူး

ရေခဲသေတ္တာများမှာမူ လက်လှမ်းမမီနိုင်သော အရာများ ဖြစ်သည်။ သူမအနေဖြင့် ရောင်းချသူကိုလည်း မတွေ့ရှိရုံမျှမက မိမိကိုယ်တိုင် ပြင်ဆင်ရန်အတွက် နည်းပညာများနှင့် လုံလောက်သော ကုန်ကြမ်းပစ္စည်းများကိုလည်း ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။

All Chapters