← Chapters

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း ၂၁၆ - ကုန်သွယ်မှုများ

ထို့ကြောင့် သူမအတွက် ကျန်ရှိသည့် တစ်ခုတည်းသော ရွေးချယ်မှုမှာ ရေအိုးအချို့ကို ကိုယ်တိုင်သယ်ဆောင်ပြီး ကျန်ရှိသောအိုးများကိုမူ စခန်းအတွင်းရှိ ပြည်သူများကို ခွဲဝေပေးရန်သာ ဖြစ်တော့သည်။

ထို့နောက်တွင်မူ အိုင်ဗီသည် နောက်ထပ် ချိန်းဆိုမှုတစ်ခုဆီသို့ လျှောက်လှမ်းခဲ့ပြန်သည်။ ယခုအကြိမ်တွင်မူ ဝါးခပ်ယပ်တောင်များစွာကို စုဆောင်းထားသည့် အမျိုးသမီးတစ်ဦးနှင့် ဆုံတွေ့ခြင်း ဖြစ်သည်။ ထိုအမျိုးသမီးမှာ လောဘကြီးလှပြီး သကြားကို တောင်းခံလာခဲ့သည်။

"သကြားက ရှားပါးပစ္စည်းပဲ" အိုင်ဗီက မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။

ထိုအမျိုးသမီးက လက်ပိုက်လိုက်ပြီး "ဒါဆိုရင်လည်း ယပ်တောင်တွေ မရဘူးပေါ့" ဟု တုံ့ပြန်သည်။

အိုင်ဗီ ခေတ္တမျှ စဉ်းစားပြီးနောက် သကြားထုပ်တစ်ထုပ်ကို ထုတ်ပေးလိုက်သည်။

ထိုအမျိုးသမီး၏ မျက်လုံးများ ပြူးကျယ်သွားပြီး အိတ်ကို လျင်မြန်စွာ ဆွဲလုယူကာ ဝါးယပ်တောင်များကို အိုင်ဗီ့ထံသို့ ပေးခဲ့တော့သည်။

အိုင်ဗီသည် ၎င်းတို့ကို သယ်ဆောင်၍ ပြန်လာစဉ် မိမိဘာသာ ခပ်ဖွဖွ ရယ်မောမိသည်။

မိခင်နှင့် ဖခင်ဖြစ်သူကို အေးမြစေမည့် လျှပ်စစ်ပစ္စည်း တစ်ခုတည်းကိုမျှ သူမ သယ်ဆောင်နိုင်ခြင်း မရှိသဖြင့် သူတို့အတွက် ဝါးယပ်တောင်များ ပေးရန်သာ တတ်နိုင်ပေသည်။

သူမသည် ထိုမျှနှင့် ရပ်တန့်မနေခဲ့ဘဲ တတိယမြောက် ဆုံတွေ့မှုအဖြစ် လူငယ်တစ်စုနှင့် ဆုံတွေ့ခဲ့ပြန်သည်။

ထိုလူငယ်များသည် ကုန်လှောင်ရုံတစ်ခုအတွင်းမှ ကောက်ရိုးဦးထုပ်ကြီး အမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ၎င်းတို့ကို အချိုရည်နှင့် လဲလှယ်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။

အိုင်ဗီ့နှုတ်ခမ်းများ ကွေးညွတ်သွားပြီး "အချိုရည် ဟုတ်လား အဲဒါက ဘာမှအသုံးမဝင်ဘူး" ဟု ဆိုလိုက်သည်။

ထိုလူငယ်များက ပုခုံးတွန့်ပြကာ "ဒါဆိုရင်လည်း မလဲဘူးလေ" ဟု ဆိုကြသည်။

အိုင်ဗီသည် အသင့်စား ခေါက်ဆွဲခြောက်ထုပ်များကို ထုတ်ပေးလိုက်ရာ လူငယ်များ၏ မျက်ဝန်းများ ဝင်းပသွားခဲ့ကြသည်။

၎င်းတို့သည် ဦးထုပ်များကို လျင်မြန်စွာပင် ထည့်ပေးခဲ့ကြပြီး အိုင်ဗီသည် နောက်ထပ် ပစ္စည်းအပြည့်အစုံဖြင့် ထွက်ခွာလာခဲ့တော့သည်။

ဆိုင်းလပ်စ်ကိုလဲ ကျေးဇူးတင်ရမယ်။ မဟုတ်ရင်တော့... ငါလည်း တကယ်ပဲ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး

ထိုည၌ ပစ္စည်းများကို စုဆောင်းသိုလှောင်ပြီးနောက် အိုင်ဗီသည် အိမ်အချို့နှင့် အဆောင်အချို့ကိုပါ ထပ်မံဆောက်လုပ်ခဲ့သည်။

ထိုအဆောင်မှာ သူမ အသစ်ဖွင့်လှစ်လိုက်သည့် အဆောက်အအုံမျိုး မဟုတ်ဘဲ အခန်းများ ခွဲခြားထားခြင်းမရှိသည့် တစ်ထပ်အဆောက်အအုံမျှသာ ဖြစ်သည်။ ၎င်းကို စိတ်ကြိုက်ပြင်ဆင်ရန် အချိန်အတော်အတန် ကြာမြင့်ခဲ့သော်လည်း ရလဒ်ကမူ ထိုက်တန်လှပေသည်။

အိမ်ငှားခ မတတ်နိုင်သူများ သို့မဟုတ် စျေးနှုန်းချိုသာသော ရွေးချယ်မှုကို ရှာဖွေနေကြသော ခရီးသွားအမြောက်အမြားမှာ ထိုအဆောင်ဆီသို့ ပြောင်းရွှေ့လာခဲ့ကြသည်။

စခန်း၏ သပ်ရပ်လှပမှုကို ထိန်းသိမ်းရန်အတွက် အိုင်ဗီသည် သန့်ရှင်းရေးနှင့် ပတ်သက်၍ တင်းကျပ်သော စည်းကမ်းများကို ချမှတ်ခဲ့ပြီး အမျိုးသားနှင့် အမျိုးသမီး ပြည်သူများအတွက် ရေချိုးခန်း ဆယ်ခန်းစီကိုပါ ဆောက်လုပ်ပေးခဲ့သည်။

ထို့ပြင် ပရမ်းပတာ ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် သူမသည် မာသာ့ကို တာဝန်သိတတ်သော အဆောင်မှူးတစ်ဦးနှင့် ရေချိုးခန်း သန့်ရှင်းရေးသမားတစ်ဦးကိုပါ ငှားရမ်းရန် ညွှန်ကြားခဲ့သည်။

အသေးစိတ် ကိစ္စရပ်အားလုံးကို စီစဉ်ပြီးနောက် သူမသည် အပ်ချုပ်သမားများကို အပ်နှံထားခဲ့သော အဝတ်အထည်များကို လက်ခံရရှိခဲ့သည်။

သူမအနေဖြင့် အစ်ကိုကြီး၏ ခန္ဓာကိုယ် အတိုင်းအဆကို မသိရှိသော်လည်း သူ၏ ခန္ဓာကိုယ် ပုံသဏ္ဌာန်မှာ အစ်ကိုလတ်နှင့် ဆင်တူလိမ့်မည်ဟု ခန့်မှန်းမိသည်။

ထိုအထဲတွင် ဆိုင်းလပ်စ်အတွက် အဝတ်အစားတစ်စုံလည်း ပါဝင်ပေသည်။

မိဘနှစ်ပါး၏ သတင်းကို ကြားသိရပြီးနောက် နှစ်ရက်ခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ဆိုင်းလပ်စ်သည် စစ်တပ်ကိစ္စရပ်များဖြင့် ဆက်လက်အလုပ်ရှုပ်နေခဲ့ပြီး သူ၏ ဖခင်ဖြစ်သူက ဆိုင်းလပ်စ်ကို အခက်အခဲဖြစ်အောင် ပြုလုပ်နေလိမ့်မည်ကို သူမ သိရှိထားသည်။

တတိယမြောက်နေ့တွင် ဆိုင်းလပ်စ်သည် မျက်ကွင်းအနည်းငယ် ညိုလျက် တိုက်ခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း သူ၏ မျက်နှာထက်တွင်မူ တောက်ပသော အပြုံးတစ်ခု ရှိနေဆဲပင်။

"ကိုယ်တို့ အခု ထွက်လို့ ရပြီ"

အိုင်ဗီ့ရင်ထဲတွင် နာကျင်သွားခဲ့ရသော်လည်း မိဘများကို အသည်းအသန် တွေ့ချင်နေသည့် စိတ်အဟုန်က သူမ မေးမြန်းမည့် မေးခွန်းကို တားဆီးရန် ကြိုးစားနေသည်။

မဟုတ်ဘူး။ အိုင်ဗီ... မင်း အတ္တမကြီးရဘူး

"ရှင် လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး အိပ်မပျော်ခဲ့ဘူးမလား"

"အင်း" ဆိုင်းလပ်စ်က အမှန်တရားကို ဖုံးကွယ်ခြင်းမပြုဘဲ တည်ကြည်သော အမူအရာဖြင့် ဆိုလိုက်သည်။

"ကိုယ် ခွင့်ရက်အရှည်ကြီး ရဖို့အတွက် ခက်ခဲတဲ့ တာဝန်တစ်ခုကို လုပ်ဆောင်ခဲ့ရတာ ပြီးတော့ မင်းအတွက် ပိုပြီးအဆင်ပြေအောင် ရဟတ်ယာဉ်တစ်စီး ရဖို့လည်း ကြိုးစားခဲ့ရသေးတယ် စိတ်လှုပ်ရှားသွားလား"

စိတ်လှုပ်ရှားတာပေါ့ အိုင်ဗီက စိတ်ထဲမှ တိုးညှင်းစွာ ရေရွတ်လိုက်သော်လည်း အပြင်ဘက်တွင်မူ ရယ်မောလိုသော အမူအရာဖြင့် တုံ့ပြန်လိုက်သည်။

"သြော် အဲဒါက အရေးမကြီးပါဘူး ကျွန်မစိတ်လှုပ်ရှားရင်တောင်မှ... ရှင့်ကို ပေးထားတဲ့ ပြစ်ဒဏ်ကိုတော့ ရုပ်သိမ်းမှာ မဟုတ်ဘူး"

"သက်ပြင်းချမိရုံပဲ ကိုယ့်ထက် ကံဆိုးတဲ့လူ ရှိသေးလို့လား ကိုယ်ကအိမ်ထောင်ပြုပြီးကာမှ ဥပုသ် စောင့်နေရတယ်"

ဆိုင်းလပ်စ်က အသံခပ်တိုးတိုးဖြင့် ရေရွတ်လိုက်ရင်း ခွန်အားများ ကုန်ဆုံးသွားသကဲ့သို့ ဟန်ဆောင်လိုက်သည်။

သူ လဲကျလုနီးပါး ဖြစ်သွားစဉ်မှာပင် အိုင်ဗီက သူ့ကို ဖမ်းထိန်းလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်တော့သည်။

"ရှင် ကတော့လေ အရင်ဆုံး ရဟတ်ယာဉ်ထဲ သွားရအောင်။ ရှင်နောက်တစ်နေ့အထိ အိပ်လိုက် ကျွန်မ အကုန်လုံးကို စီစဥ်ထားလိုက်မယ် ပြီးမှ ကျွန်မတို့ စကားပြောကြတာပေါ့"

ထိုသို့ ဆိုပြီးနောက် အိုင်ဗီသည် လှည့်ထွက်သွားခဲ့ရာ ဆိုင်းလပ်စ်ကလည်း ပင်ကိုယ်စရိုက်အရ အိုင်ဗီ့နောက်သို့ လိုက်ပါလာခဲ့တော့သည်။

"နှလုံးသားမရှိတဲ့ ဇနီးလေး..."

မကြာမီမှာပင် ဆိုင်းလပ်စ်သည် အိတ်ကြီးတစ်အိတ်ကို သယ်ဆောင်လျက် ရဟတ်ယာဉ်ပေါ်သို့ တက်ရောက်ခဲ့ပြီး အိုင်ဗီကမူ လက်ထဲတွင် ဘာမှမပါဘဲ နောက်မှ လိုက်ပါလာခဲ့သည်။

သူတို့၏ ဘေးပတ်ဝန်းကျင်တွင် ဇမ်ဘီများသည် ဦးတည်ချက်မရှိဘဲ လှည့်လည်သွားလာနေကြပြီး သေးငယ်သော အသံကြောင့် ခေါင်းလှည့်ကြည့်လာကြသော်လည်း မည်သူမျှ အနားသို့ ချဉ်းကပ်ရန် မဝံ့မရဲ ဖြစ်နေကြသည်။

ဆိုင်းလပ်စ်သည် သတိကြီးစွာဖြင့် သူ၏ လက်ကို သံပုဆိန်လက်ကိုင်မှ မခွာဘဲ မြေပြင်ကို အကဲခတ်နေမိသည်။

ပုံမှန်အားဖြင့် သူသည် ဓားမြှောင်ကိုသာ အသုံးပြုရန် ပိုမိုနှစ်သက်သော်လည်း ယခုအခါ အိုင်ဗီနှင့်အတူ ခရီးသွားနေခြင်း ဖြစ်သဖြင့် ဘာစွန့်စားမှုကိုမျှ မပြုလုပ်ဝံ့ပေ။

သို့သော် သူ အံ့အားသင့်သွားရသည်မှာ ဘယ်ဇမ်ဘီမျှ လှုပ်ရှားခြင်းမရှိပေ။ သူတို့သည် အိုင်ဗီ့၏ တည်ရှိမှုကိုပင် မခံစားမိကြသကဲ့သို့ ရှိနေတော့သည်။ ထိုအချိန်တွင် အိုင်ဗီကမူ တည်ငြိမ်စွာ လျှောက်လှမ်းနေသည်။

သူမ၏ တည်ငြိမ်သော ယုံကြည်ချက်မှာ မိမိ၏ ဘေးကင်းရေးစွမ်းအားကို အလိုအလျောက် အသက်သွင်းထားခြင်းကြောင့် ဖြစ်ပြီး မိမိနှင့် ဆိုင်းလပ်စ်၏ အရှိန်အဝါကို ဖုံးကွယ်ထားခြင်း ဖြစ်ပေသည်။

ရဟတ်ယာဉ်အတွင်း၌မူ အသက်လေးဆယ်ကျော်အရွယ်ရှိ ဆံပင်ဖြူဖြူနှင့် စူးရှသော မျက်ဝန်းများရှိသည့် ရဟတ်ယာဉ်မှူး မိုက်ခ်ခ် က ဆိုင်းလပ်စ်ကို ရိုသေစွာ ခေါင်းညိတ်ပြခဲ့သည်။

သူ၏ အကြည့်မှာ အိုင်ဗီ့ထံတွင် ခေတ္တမျှ ရပ်တန့်သွားပြီး စူးစမ်းလိုစိတ် ဖြစ်ပေါ်နေသော်လည်း ဘာမေးခွန်းမျှ မမေးမြန်းခဲ့ပေ။

သူတို့ ထိုင်လိုက်သည့် ကာလမှာပင် အိုင်ဗီက လက်ပိုက်လိုက်ပြီး ဆိုင်းလပ်စ်ကို စိုက်ကြည့်လျက် "အိပ်တော့" ဟု ဆိုလိုက်သည်။

ဆိုင်းလပ်စ်က မျက်မှောင်ကြုတ်လိုက်ပြီး "ထူးဆန်းတဲ့ ငှက်တွေ ပေါ်လာရင် ဘယ်လိုလုပ်မလဲ မင်းတစ်ယောက်တည်း ကျန်ခဲ့ရင်..."

အိုင်ဗီက ခပ်ဖွဖွ ရယ်မောလိုက်ပြီး တည်ငြိမ်သော်လည်း ပြတ်သားသော လေသံဖြင့် ဆိုသည်။

"ရှင် စိုးရိမ်စရာမလိုဘူး အိပ်ပျော်အောင်သာ အိပ်စမ်းပါ"

ဆိုင်းလပ်စ်က ပြန်လည်ငြင်းခုံရန် နှုတ်ဟလိုက်သော်လည်း အိုင်ဗီ့၏ အမူအရာက ခက်ထန်သွားခဲ့သည်။

"ရှင် ကျွန်မပြောတာကို နားမထောင်ရင် ရှင့်ရဲ့ ပြစ်ဒဏ်ကာလကို တစ်လလုံးအထိ တိုးမြှင့်ပစ်မယ်"

ဆိုင်းလပ်စ် ကိုယ်ခန္ဓာ တောင့်တင်းသွားခဲ့သည်။ သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီးနောက် ပြန်လည်ကျဉ်းမြောင်းသွားသည်။ သူသည် သွားကြိတ်လိုက်သော်လည်း နောက်ဆုံးတွင် လက်လျှော့လိုက်ရတော့သည်။

"...ဟုတ်"

သူသည် ခြေလှမ်းများကို အတင်းဆွဲလျက် ထိုင်ခုံဆီသို့ လျှောက်လှမ်းသွားရင်း အသံခပ်တိုးတိုးဖြင့် ရေရွတ်နေတော့သည်။

"နှလုံးသားမရှိတဲ့ မိန်းမ... ငါက သူ့အတွက် တိုက်ပွဲဝင်ပေးတာကို သူက ငါ့ကို အပြစ်ပေးတယ်ပေါ့လေ..."

သို့သော်လည်း မျက်လုံးများ မပိတ်မီ သူသည် မိုက်ခ်ခ် ထံသို့ အကြည့်တစ်ချက် လှမ်းပို့လိုက်သည်။

ရဟတ်ယာဉ်မှူးကလည်း နားလည်မှုရှိစွာဖြင့် ခေါင်းညိတ်ပြခဲ့သည်မှာ စစ်သားတစ်ဦးက တခြားတစ်ဦးကို တိတ်တဆိတ် ထောက်ခံ အားပေးနေသကဲ့သို့ ရှိပေသည်။

ရဟတ်ယာဉ်၏ ပန်ကာများမှာ ပိုမိုပြင်းထန်စွာ လည်ပတ်လာခဲ့ပြီး မကြာမီမှာပင် သူတို့သည် ကောင်းကင်ထက်သို့ ပျံသန်းသွားခဲ့ကြတော့သည်။

အိုင်ဗီသည် ပြတင်းပေါက်အနီးတွင် ထိုင်နေပြီး သူမ၏ စူးရှသော မျက်ဝန်းများဖြင့် ကောင်းကင်ပြင်ကို အကဲခတ်နေမိသည်။ သူမသည် ဘယ်အရာများ ရောက်ရှိလာမည်ကို ကြိုတင်သိရှိထားသည်။

အသွင်ပြောင်းငှက်တွေက နှစ်နှစ်ကြာမှသာ ပေါ်ပေါက်လာလိမ့်မယ်။ အခုအချိန်မှာတော့ ဇမ်ဘီငှက်တွေပဲ ရှိသေးတယ်။ ရွံရှာဖွေကောင်းပြီး ပုပ်ပွနေတဲ့ အရာတွေပေါ့။ အားနည်းပေမယ့်လည်း စက်ဆုပ်စရာကောင်းလှတယ်။ ဒါပေမဲ့ သူတို့တွေ အမြောက်အမြား စုစည်းလာရင် ပြတင်းပေါက်တွေကို ဖျက်ဆီးပစ်နိုင်တယ်။ အစောကြီးကတည်းက သတ်ပစ်တာက ပိုကောင်းလိမ့်မယ်

သူမသည် မိမိဘေးရှိ သေတ္တာအမည်းကို ဖွင့်လှစ်လိုက်ပြီး အထဲမှ လက်နက်များကို စစ်ဆေးခဲ့သည်။ ရိုင်ဖယ်များ၊ ပစ္စတိုများနှင့် အပိုကျည်ကတ်များ ပါဝင်ပေသည်။

သူမ၏ လက်ချောင်းများက ၎င်းတို့ကို ပွတ်သပ်ကြည့်ရှုနေမိရာမှ မိမိသဘောကျသော သေနတ်တစ်လက်ကို ရှာဖွေတွေ့ရှိခဲ့သည်မှာ လျင်မြန်စွာ ပစ်ခတ်နိုင်သည့် ပေါ့ပါးသော ရိုင်ဖယ်သေနတ်တစ်လက်ပင် ဖြစ်တော့သည်။

သူမသည် ကျည်ဆန်များကို စနစ်တကျ ထည့်သွင်းလိုက်ပြီး စိန်ပြောင်းကို အသေအချာ စစ်ဆေးလိုက်တော့သည်။

All Chapters