အခန်း ၂၁၉
Vol. 22 Ch. 219
အခန်း ၂၁၉ - အော်စတင်
ဂိတ်ဝက အစောင့်သည် အိုင်ဗီ့ကို စိုက်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများ ဝင်းပသွားခဲ့သည်။ သူ၏ မျက်နှာထက်တွင် ရမ္မက်ဇော ကြွနေသော အမူအရာတစ်ခု ထင်ဟပ်လာပြီး ၎င်းကို ဖုံးကွယ်ရန်ပင် စိတ်မကူးချေ။
ထိုအစောင့် အိုင်ဗီ့ကို စိုက်ကြည့်နေပုံကြောင့် ဆိုင်းလပ်စ်၏ သွေးများ ဆူပွက်လာခဲ့ရသည်။ သူသည် အိုင်ဗီ့ရှေ့သို့ ချက်ချင်းပင် လှမ်းဝင်လိုက်ပြီး အစောင့်၏ အကြည့်ကို ပိတ်ဆီးလိုက်တော့သည်။
အစောင့်သည် ဆိုင်းလပ်စ်၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် အံ့အားသင့်ကာ မျက်တောင်ခတ်သွားမိသော်လည်း၊ ထို့နောက်တွင်မူ ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်လိုက်သည်။
"ပထမဆုံး ဝင်ကြေးပေး မင်းတို့နှစ်ယောက်အတွက် ဆန်နှစ်ကီလို။ စည်းကမ်းက စည်းကမ်းပဲ"
ဆိုင်းလပ်စ်၏ မေးရိုးများ တင်းသွားခဲ့သည်။ "နှစ်ကီလို ဟုတ်လား"
အစောင့်က တည်ငြိမ်သော လေသံဖြင့် ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏ မျက်လုံးများကမူ အိုင်ဗီ့ထံသို့ ခိုးခိုးကြည့်နေဆဲပင် ဖြစ်သည်။
ထိုအခြေအနေကို မြင်သောအခါ အိုင်ဗီက သူမ၏ လက်ကို ခပ်ဖွဖွ မြှောက်လိုက်သည်။ သူမ၏ လက်ဖဝါးပေါ်တွင် ဆန်အိတ်နှစ်အိတ် ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး မည်သည့်စကားမျှ မဆိုဘဲ မြေပြင်ပေါ်သို့ ချထားလိုက်တော့သည်။
အစောင့်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ သူသည် အိုင်ဗီ့ကို ထပ်မံစိုက်ကြည့်လိုက်ရာ ယခုတစ်ကြိမ်တွင် သူ၏ အကြည့်များက ပိုပြီးအတင့်ရဲ လာခဲ့သည်။
ဟင်းလင်းပြင်စွမ်းအားရှင် ဟုတ်လား ၎င်းတို့စခန်းတွင်လည်း ဟင်းလင်းပြင်စွမ်းအားရှင်တစ်ဦး ရှိသော်လည်း... သူမလောက် မည်သူမျှ မလှပချေ။
ဟင်း... သူမကို မြှူဆွယ်ကစားရတာ ပျော်စရာကောင်းမှာပဲ
ဆိုင်းလပ်စ်၏ မျက်နှာ မှောင်မိုက်ခ်သွားခဲ့သည်။ အစောင့် လက်မတင်မီမှာပင် သူသည် ဆန်အိတ်နှစ်အိတ်ကို ဆွဲယူကာ ရှေ့သို့ ဆောင့်တွန်းပေးလိုက်သည်။
သူ၏ လေသံက အေးစက်လှသည်။ "ယူလိုက် ပြီးတော့ မင်းမျက်လုံးကို ဘယ်နားထားရမလဲဆိုတာ သတိထားပါ တစ်နေ့ကျရင် အဲဒီလို စိုက်ကြည့်တာမျိုးက မင်းကို အသက်ပျောက်စေလိမ့်မယ်"
သူ၏ လေသံထဲတွင် ခြိမ်းခြောက်မှုက အထင်အရှား ပါဝင်နေသည်။
အစောင့်သည် ဆန်ကို လက်ခံရယူလိုက်သော်လည်း ဂရုမစိုက်ဟန်ဖြင့် မျက်လုံးအဝိုင်းသား လုပ်ပြလိုက်သည်။
သူ့စိတ်ထဲတွင်မူ ဆိုင်းလပ်စ်ကို လှောင်ပြောင်နေမိသည်။
သူက သူမရဲ့ ယောက်ျားလို ပြုမူနေတော့ရော ဘာဖြစ်လဲ။ ဒီလိုကောင်မျိုးတွေက အသက်ရှင်သန်ဖို့အတွက် သူတို့ရဲ့ မိန်းကလေးကို အမြဲတမ်း ပြန်ရောင်းစားတတ်ကြတာပဲ။ အဲဒီလိုအချိန်ကျရင်တော့ ငါက သူမကို ပထမဆုံး သိမ်းပိုက်မယ့်လူ ဖြစ်ရမယ်
သူသည် မိမိ၏ အတွေးကို သဘောကျကာ ပြုံးစိစိ လုပ်နေသည်။
ဆိုင်းလပ်စ်က ထိုအပြုံးကို မြင်လိုက်ရသဖြင့် သူ၏ လက်သီးများ တဆတ်ဆတ် တုန်ခါသွားခဲ့ရသည်။
ငါ အခုချက်ချင်း သူ့သွားတွေကို ရိုက်ချိုးပစ်ရမလား
သို့သော်လည်း သူသည် မိမိကိုယ်ကိုယ် အတင်းအကျပ် စိတ်ထိန်းလိုက်သည်။ အခုက အချိန်မဟုတ်သေးဘူး
လူတိုင်းက မိမိတို့၏ အပြစ်အတွက် ပြန်လည်ပေးဆပ်ရစမြဲ ဖြစ်ရာ... ထိုအစောင့်သည်လည်း ချွင်းချက်မဟုတ်ပေ။
သူသည် အိုင်ဗီ့ကျောပြင်ပေါ်သို့ လက်တင်လိုက်ကာ သူမကို အထဲသို့ ခေါ်ဆောင်သွားခဲ့တော့သည်။
သူတို့ တံခါးဝကို ဖြတ်ကျော်လိုက်သည့် အခိုက်အတန့်မှာပင် ဆိုးရွားလှသော အနံ့ဆိုးတစ်ခုက သူတို့ကို ဆီးကြိုလိုက်သည်။
လေထုက ညှို့မှိုင်းနေပြီး လူသားတို့၏ စွန့်ပစ်ပစ္စည်း အပုပ်နံ့များဖြင့် ပြည့်နှက်နေတော့သည်။
အိုင်ဗီသည် မျက်မှောင်ကြုတ်လိုက်မိပြီး နှာခေါင်းကို အင်္ကျီလက်ဖြင့်ပင် အုပ်လုနီးပါး ဖြစ်သွားခဲ့သည်။
သူမ၏ အတိတ်ဘဝက အမှတ်တရများ ပြန်လည်နိုးထလာသဖြင့် နှလုံးသားတစ်ခုလုံး လိမ်ဆွဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ဒီအနံ့ ထပ်ဖြစ်ပြန်ပြီ... ပြီးခဲ့သည့်ဘဝတုန်းက ရာဗင်ခရော့ဖ် မိသားစုက သူမကို စွန့်ပစ်ခဲ့ပြီးနောက် ဆိုင်းလပ်စ်၏ သူငယ်ချင်းများနှင့်အတူ နေထိုင်ခဲ့စဉ်က ဤကဲ့သို့သော ထူးဆန်းသည့် အနံ့ဆိုးကို သူမ မကြာခဏ နံရှူခဲ့ရဖူးသည်။
ထိုအချိန်တုန်းက သူမသည် ကိုးလ်ကို ဒီအကြောင်း မေးမြန်းခဲ့ဖူးရာ၊ ကိုးလ်က လူများတွင် အညစ်အကြေး စွန့်ပစ်ရန် နေရာမရှိသောကြောင့် ဖြစ်သည်ဟု ပြောပြခဲ့သည်။ မည်သည့်စနစ်၊ မည်သည့်စည်းကမ်းမျှ မရှိချေ။
ညစ်ပတ်ပေရေမှုတွေချည်းပဲ။ အဲဒီတုန်းကလည်း ငါ ဒါကို မုန်းခဲ့တယ်... အခုလည်း ငါ မုန်းနေတုန်းပဲ
သူမသည် မိမိကိုယ်ကိုယ် အေးဆေးတည်ငြိမ်နေစေရန် အတင်းအကျပ် သတိပေးရင်း လက်သီးများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။
ဆိုင်းလပ်စ်က သူမ၏ အဆင်မပြေမှုကို သတိပြုမိသွားသည်။ သူသည်လည်း မျက်မှောင်ကြုတ်လိုက်မိပြီး သူ၏ အိတ်ထဲမှ နှာခေါင်းစည်း အသေးစားနှစ်ခုကို ထုတ်ယူလိုက်သည်။
သူက သူမထံသို့ တစ်ခု ကမ်းပေးလိုက်သည်။ "ဒါ တပ်ထားလိုက်။ သက်သာသွားလိမ့်မယ်"
အိုင်ဗီသည် တွန့်ဆုတ်မနေဘဲ လက်ခံကာ တပ်ဆင်လိုက်သည်။
ညှော်နံ့ဆိုးကြီး လျော့ပါးသွားသဖြင့် သူမက သူ့ကို ခေါင်းညိတ်ပြလိုက်သည်။ ဆိုင်းလပ်စ်က ခပ်ဖွဖွ ပြုံးပြလိုက်ပြီး "ကဲ... ကိုယ်တို့ ဆက်သွားကြစို့" ဟု ဆိုသည်။
သူတို့ စခန်း၏ အတွင်းပိုင်းဆီသို့ ပိုမိုနက်ရှိုင်းစွာ လျှောက်လှမ်းလာခဲ့ကြသည်။
လမ်းမများပေါ်တွင် လူအများ ပြည့်နှက်နေပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေကြသည်။
လူများမှာ ငြင်းခုံနေကြပြီး အချို့ကမူ တစ်ဦးကိုတစ်ဦး တွန်းထိုးနေကြသည်။
အမျိုးသမီးအချို့မှာ ကလေးငယ်များကို ရင်ခွင်ပိုက်လျက် မြေပြင်ပေါ်တွင် တောင်းပန်တိုးလျှိုးနေကြသည်။
အမျိုးသားနှစ်ဦးမှာ ပေါင်မုန့်တစ်ဖတ်အတွက် သွေးချင်းချင်းနီသည်အထိ လက်သီးဖြင့်ထိုးကာ၊ ကန်ကျောက်လျက် ပြင်းထန်စွာ ရန်ဖြစ်နေကြသည်။
အိုင်ဗီသည် သူမ၏ မျက်ဝန်းများကို အောက်ချလိုက်မိသည်။
ငါ ကူညီချင်ပါတယ်... ဒါပေမဲ့ ငါ မကူညီနိုင်ဘူး ငါ့ရဲ့ အရင်းအမြစ်တွေကလည်း ကန့်သတ်ချက် ရှိနေပြီ။ ငါ့ရဲ့ စွမ်းအင် သိုလှောင်ရုံက ထုတ်လုပ်ပေးတဲ့ အစားအစာတွေက ငါ့စခန်းက လူတွေအတွက်ပဲ ကွက်တိလောက် ရှိတာ။ ဒါတင်မကသေးဘူး၊ အကယ်၍ ငါ ဒီမှာ အစားအစာ တစ်ဖတ်လောက်ပဲ ပေးလိုက်ရင်တောင် လူတိုင်းက ငါ့ဆီ ပြေးဝင်လာကြလိမ့်မယ်။ သူတို့ ငါ့ကို အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲပစ်ကြလိမ့်မယ်။ ငါ အဲဒီလို အန္တရာယ် မစွန့်စားနိုင်ဘူး
သူမ၏ နှုတ်ခမ်းများ တင်းကျပ်စွာ စေ့ပိတ်သွားခဲ့သည်။
ဒါပေမဲ့လည်း... မိမိကိုယ်ကိုယ် အဆုံးစီရင်ဖို့ အစွန်း ရောက်နေတဲ့သူကို တွေ့ရင်တော့ ငါ လျစ်လျူရှုမှာ မဟုတ်ပါဘူး။ ငါ လူတိုင်းကို မကယ်တင်နိုင်ရင်တောင် အနည်းဆုံး တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက်ကိုတော့ ကယ်တင်နိုင်ပါတယ်
သူမသည် သူမ၏ ပတ်ဝန်းကျင်ရှိ ဆင်းရဲဒုက္ခများထက်မှ မျက်လွှာလွှဲကာ ဆက်လက်လျှောက်လှမ်းခဲ့သည်။
လမ်းကွေ့အချို့ကို ကွေ့ပတ်ပြီးနောက်တွင်မူ အခြားအိမ်များနှင့် လုံးဝ ဥဿုံ ကွဲပြားခြားနားနေသော အိမ်တစ်အိမ်ဆီသို့ သူတို့ ရောက်ရှိလာခဲ့ကြတော့သည်။
ပြင်ပရှိ ညစ်ပတ်ပေရေနေသော တဲအိမ်များနှင့်မတူဘဲ ဤအိမ်မှာ ခိုင်ခံ့ပြီး စနစ်တကျ ဆောက်လုပ်ထားကာ အညစ်အကြေးနံ့များလည်း လုံးဝ မရှိချေ။ ယင်းတွင် မိလ္လာစနစ်ကိုပါ စနစ်တကျ ကိုင်တွယ်ထားသည့် စနစ် ရှိနေသည်။
အိုင်ဗီ့မျက်ဝန်းများ ကျဉ်းမြောင်းသွားခဲ့သည်။ သြော်... ခေါင်းဆောင်ကတော့ သန့်ရှင်းတဲ့ အိမ်မှာ နေထိုင်ပြီး ကျန်တဲ့သူတွေကတော့ ညစ်ပတ်ပေရေမှုတွေကြားမှာ နေထိုင်နေကြရတာပေါ့။
ထုံးစံအတိုင်းပါပဲ။ သူတို့မှာ ဒီအိမ်ကို ဆောက်ဖို့ ပစ္စည်းကိရိယာတွေ ရှိကြပေမယ့် အခြားသူတွေကို ပေးဖို့ကျတော့ အလုံအလောက် မရှိကြဘူး။
တံခါးဝတွင် လက်နက်ကိုင် အစောင့်နှစ်ဦး မတ်တတ်ရပ်နေကြသည်။ သူတို့က အိုင်ဗီနှင့် ဆိုင်းလပ်စ်တို့ကို တားဆီးရန် ရှေ့သို့ လှမ်းလာကြပြီး "ခွင့်ပြုချက်မရှိဘဲ ဝင်ခွင့်မရှိဘူး" ဟု ဆိုသည်။
ဆိုင်းလပ်စ်က တည်ငြိမ်စွာပင် "ငါတို့ကို ရိုနက်ခ်က လွှတ်လိုက်တာ" ဟု ပြောလိုက်သည်။
အစောင့်များသည် တစ်ဦးကိုတစ်ဦး အမြန်ကြည့်လိုက်ကြသည်။ ထိုနာမည်ကို ကြားလိုက်ရချိန်တွင် သူတို့၏ အမူအရာများ ပြောင်းလဲသွားခဲ့ရသည်။
သူတို့က ဘေးသို့ ဖယ်ပေးလိုက်ပြီး ဝင်ခွင့်ပြုလိုက်ကြတော့သည်။
အထဲတွင်မူ အခန်းမှာ သပ်ရပ်လှပေသည်။
အလယ်ဗဟိုတွင် တောက်ပသော အညိုရောင် ဆံနွယ်များနှင့် ထက်မြက်သော အညိုရောင် မျက်ဝန်းများ ရှိသည့် အမျိုးသားတစ်ဦး ထိုင်နေသည်။
သူသည် စာရွက်စာတမ်းအချို့ဖြင့် အလုပ်ရှုပ်နေသော်လည်း မော့ကြည့်လိုက်ပြီး သူတို့ကို မြင်သောအခါ ပြုံးပြလိုက်သည်။
"မင်းတို့က ဆိုင်းလပ်စ်နဲ့ အိုင်ဗီ ဖြစ်ရမယ်" ဟု သူက နွေးထွေးစွာ ဆိုသည်။ "ငါ မင်းတို့ကို မျှော်လင့်နေတာ"
ဆိုင်းလပ်စ်က စကားကို လှည့်ပတ်မပြောဘဲ တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။ "မင်း ဟယ်လီနာနဲ့ ဗစ်တာအကြောင်း သိလား"
ထိုအမျိုးသားက ခပ်ဖွဖွ ရယ်မောလိုက်ပြီးနောက် ရွှေရောင်ဘောင်မျက်မှန်ကို ထုတ်ယူကာ တပ်ဆင်လိုက်သည်။ သူ၏ အရှိန်အဝါမှာ စခန်းခေါင်းဆောင်တစ်ဦးအသွင်မှ ယဉ်ကျေးသိမ်မွေ့သော လူယုတ်မာတစ်ဦးအသွင်သို့ ပြောင်းလဲသွားခဲ့တော့သည်။
"မင်းတို့ကိုလည်း နှုတ်ခွန်းဆက်သပါတယ်။ ငါက အော်စတင်ပါ။ တစ်ခုခု သောက်မလား။ လက်ဖက်ရည်လား၊ ကော်ဖီလား"
ဆိုင်းလပ်စ်နှင့် အိုင်ဗီတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့သည် ချောစာငါးရှဉ့်တစ်ကောင်နှင့် ကြုံတွေ့နေရပြီဖြစ်ကြောင်း သိလိုက်ကြချေပြီ။ နားလည်မှု အပြည့်ဖြင့် သူတို့နှစ်ဦးလုံးသည် အော်စတင် ထိုင်နေသည့် ဆိုဖာ၏ ဘယ်ဘက်ရှိ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ကြသည်။
"ဘာမှမလိုပါဘူး။ ငါတို့ ဒီကိုလာတာ ဟယ်လင်နာနဲ့ ဗစ်တာအတွက်ပဲ။ သူတို့က သုတေသနပညာရှင်တွေ ပြီးတော့ ကေးလ်၊ အမ်ဘာနဲ့ ဖီးလစ် လို့ခေါ်တဲ့ သားသမီးတွေ ရှိတယ်" ဆိုင်းလပ်စ်က မြန်မြန်ဆန်ဆန် အဖြေရရှိရန် မျှော်လင့်ချက်ဖြင့် ထပ်မံ ဖိအားပေး မေးမြန်းလိုက်သည်။
"အော်... ဟုတ်လား အင်း... ငါ သူတို့ကို သိတာပေါ့" အော်စတင်၏ ပျင်းရိငြီးငွေ့ဖွယ် လေသံကြောင့် အိုင်ဗီ့နှလုံးခုန်သံ မြန်သွားခဲ့ရသည်။
ဟုတ်လို့လား။ သူမ နောက်ဆုံးမှာ သူမရဲ့ မိဘတွေကို တွေ့ရတော့မှာလား။
ယနေ့တွင် သူမ၏ မိဘများကို မည်သို့ တွေ့မြင်ရတော့မည်ဟူသော အတွေးမျှဖြင့်ပင် အိုင်ဗီသည် ပျော်ရွှင်မှုများ ပြည့်နှက်သွားခဲ့ရပြီး၊ သူမ၏ မိဘများအကြောင်းကို သိရှိနိုင်ရန်အတွက် အော်စတင်၏ စိတ်ထဲသို့ပင် ဒိုင်ဗင်ထိုးဝင်ရောက်ကာ ကြည့်ရှုချင်စိတ်များ ပေါက်ပွားလာခဲ့ရသည်။
"ဒါပေမဲ့..." အော်စတင်က သူ၏ လက်မောင်းများကို ပိုက်လိုက်ရင်း ထပ်လောင်းပြောဆိုလိုက်သည်။ "သူတို့ရှိတဲ့ နေရာကို ငါ မမှတ်မိခင်မှာ တစ်ခုခုတော့ အလဲအလှယ် လုပ်ရလိမ့်မယ် ထင်တယ်"