← Chapters

အခန်း ၄၈၁

Vol. 49 Ch. 481

အခန်း ၄၈၁

Vol. 49 Ch. 481

အခန်း (၄၈၁) - တစ်ကွင်းလုံးကို တုန်လှုပ်စေခြင်း၊ လူအများ ပျားပန်းခတ်သွားရခြင်း

စင်မြင့်ကြီးထက်တွင် လော့ချန်သည် ကျွမ်းကျင်ရုံမျှသာ ရှိသေးသော ဖေယွမ်လက်ကွက်ကို အသုံးပြုလျက် အလွန်အမင်း နှေးကွေးလှစွာဖြင့် ကွီယွမ်ပုစဥ်းခွံကို ကိုင်တွယ်ဖြေရှင်းနေခဲ့သည်။ သူသည် ဤ ဒုတိယဆင့်ဆေးဘက်ဝင်ပစ္စည်းအား ဖျက်ဆီးမိမည်ကို အလွန်အမင်း ကြောက်ရွံ့နေသည့်အလား ဂရုတစိုက် ရှိနေခဲ့သည်။

ဖေယွမ်လက်ကွက်၏ ထိန်းချုပ်မှုအောက်တွင် မူလစွမ်းအင်များမှာ ပုစဥ်းခွံပေါ်မှ ကွာကျလာခဲ့ပြီး ဖြည်းဖြည်းချင်း အလယ်ဗဟို အကျဆုံးသော ဝမ်းဗိုက်နေရာဆီသို့ စုစည်းသွားခဲ့ရတော့သည်။ မူလစွမ်းအင်များ ဆုံးရှုံးသွားခဲ့ရသဖြင့် ကွီယွမ်ပုစဥ်းခွံ၏ မူလက ရွှေရောင်တောက်ပနေခဲ့သော အပြင်ဘက် အရေခွံမှာ ဖြည်းဖြည်းချင်း မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

တစ်ဖက်တွင် ဆေးဖော်အတတ်ပညာ ဖြစ်သော ဖေယွမ်လက်ကွက်ကို ထုတ်ဖော်ပြသရင်း တစ်ဖက်တွင်လည်း သူ၏ စိတ်ထဲ၌ ရှိနေသော တွေးတောချက်များကို အတည်ပြုနေခဲ့သည်။

‘တကယ်လို့.... ငါသာ သာမန်အမြင်နဲ့ပဲ တွေးပြီး ဖြေရှင်းမယ်ဆိုရင်တော့ ဒီဒုတိယဆင့်သားကောင်ရဲ့ ပစ္စည်းကို ကိုင်တွယ်ဖို့ ဒီနည်းလမ်းကိုပဲ ရွေးမိမှာပဲ’

လော့ချန်၏ အတွေးထဲတွင် ဆေးဘက်ဝင်ပစ္စည်းများ၏ သဘောသဘာဝနှင့် အာနိသင်များ တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားခဲ့သည်။

‘သစ်ခွကို အဓိကအဖြစ်ထားပြီး တောက်ပကြယ်မြက်ရဲ့ အဆိပ်အာနိသင်ကို လောင်ကျွမ်းပျောက်ကွယ်စေမယ်၊ ပြီးရင် အေးစက်လှတဲ့ ကျောက်စိမ်းခိုးငွေ့ကို ထည့်ပြီး ထျန်ချင်းရှားစောင်းနဲ့ ညှိပေးလိုက်ရင် နောက်ဆုံးရလာမယ့် ဝိညာဉ်ရည်ဟာ ကွီယွမ်ပုစဉ်းခွံကို ဖြေရှင်းဖို့ လိုအပ်တဲ့ အထောက်အကူပစ္စည်းနှစ်မျိုးရဲ့ စွမ်းအားနဲ့ အတော်လေး နီးစပ်သွားနိုင်တယ်၊ ဒါပေမဲ့....’

သူ၏မျက်လုံးများ အနည်းငယ် တောက်ပသွားခဲ့သည်။

"ဒါက အလွယ်ဆုံးနည်းပဲ၊ အပြင်ပန်းကကြည့်ရင် အဖြေမှန်တစ်ခုလို ထင်ရပေမယ့် တကယ်တော့ မပြည့်စုံဘူး၊ ဒီနည်းနဲ့ ဖန်တီးထားတဲ့ ဝိညာဉ်ရည်မှာ အာနိသင်တော့ ရှိမှာပဲ၊ ဒါပေမဲ့ ကောင်းကင်ပြင်လို ကြည်လင်သန့်စင်တဲ့ အဆင့်ကိုတော့ ဘယ်လိုမှ မရောက်နိုင်ဘူး၊ ဆေးဘက်ဝင်ပစ္စည်းတွေရဲ့ အတွင်းသဘောကို တကယ်နားလည်တဲ့ ဆေးဖော်ဆရာဆိုရင်.... ဒီလို ရွေးချယ်မှုမျိုးကို လုပ်မှာမဟုတ်ဘူး"

လော့ချန်၏ အကြည့်က တန်ရန်ဇီ ထည့်သွင်းခဲ့သော ဆေးဘက်ဝင်ပစ္စည်းများထံ ရောက်သွားခဲ့သည်။

‘သူ့ရဲ့ ထည့်သွင်းပုံအစီအစဉ်ကို ကြည့်ရုံနဲ့တင် ဒီအချက်ကို သူသတိထားမိပြီးသားဆိုတာ သိနိုင်တယ်၊ ဒါကြောင့်ပဲ သူက ဒုတိယနည်းလမ်းကို ရွေးခဲ့တာ၊ အဲဒီနည်းက အမြန်ဆုံးတော့ မဟုတ်ဘူး.... ဒါပေမဲ့ အတည်ငြိမ်ဆုံးပဲ၊ သစ်ခွနဲ့ ထျန်ချင်းရှားစောင်းကို အရင်ဆုံး ထည့်ပြီး ရေနဲ့မီးရဲ့ အပြန်အလှန်သဘောတရားကို အသုံးပြုပြီး ဆေးအာနိသင်တွေကို ဖြည်းဖြည်းချင်း ညှိယူတယ်၊ ဒီလိုနဲ့ ဆေးစွမ်းအင်တွေဟာ ပိုပြီး နူးညံ့စွာ ပေါင်းစပ်နိုင်လာမယ်၊ ဒါပေမဲ့....’

လော့ချန်၏ မျက်ဝန်းထဲတွင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။

‘ငါ့တွက်ချက်မှုအရတော့ ဒီနည်းလမ်းဟာ အောင်မြင်နိုင်ခြေ မြင့်တယ်ဆိုပေမယ့်.... အချိန်အများကြီး လိုအပ်လိမ့်မယ်၊ ပြိုင်ပွဲအခြေအနေမျိုးမှာတော့ အဲဒီအချိန်ကို ပေးနိုင်မှာ မဟုတ်ဘူး’

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူ၏အတွေးများက နောက်ဆုံးအဖြေထံသို့ ရောက်ရှိသွားခဲ့သည်။

‘တကယ့်အကောင်းဆုံး ဖြေရှင်းနည်းကတော့ ဒီနည်းနှစ်ခုရဲ့ အားသာချက်ကို လိုက်ပြီး ရွေးချယ်တာ မဟုတ်ဘူး၊ အစကတည်းက မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးဖို့ပဲ၊ ဆေးဘက်ဝင်ပစ္စည်းတွေရဲ့ သဘောသဘာဝကို ပြောင်းလဲဖို့ မကြိုးစားဘဲ သူတို့ရဲ့ မူလစွမ်းအားကို အပြည့်အဝ အသုံးချရမယ်၊ ပြီးတော့....’

လော့ချန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားခဲ့သည်။

‘အဖြေမှန်က.... ငါ့နည်းလမ်းပဲ’

စိတ်လှုပ်ရှားမှုတစ်ခုနှင့်အတူ လော့ချန် ချက်ချင်းပင် မြရောင်မြူခိုးမြက်များကို ယူလိုက်သည်။ သူသည် မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကာ ပျက်စီးသွားခဲ့ဟန်တူသော ကွီယွမ်ပုစဥ်းခွံကို လုံးဝ ဂရုမစိုက်တော့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် အထွတ်အထိပ်အဆင့် ရောက်ရှိနေသည့် ကျောက်စိမ်းကွဲလက်ကွက်ကို ထုတ်ဖော်လိုက်ပြီး အလွန်အမင်း မြန်ဆန်လှစွာဖြင့် မြရောင်မြူခိုးမြက်အတွင်းရှိ ထူးဆန်းလှသော ကျောက်စိမ်းခိုးငွေ့တစ်ဆုပ်ကို တိုက်ရိုက် ထုတ်ယူလိုက်တော့သည်။

လော့ချန်သည် ပြိုင်ပွဲစတင်ချိန်မှစ၍ အချိန်အတော်ကြာသည်အထိ မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ဘဲ ငြိမ်သက်နေခဲ့သည်။ ထို့ကြောင့် ပြိုင်ပွဲဝင်ကိုးယောက်အနက် ထူးခြားစွာ ထင်ရှားနေသူတစ်ဦး ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူ စတင်လှုပ်ရှားလိုက်သည်နှင့် လူအများ၏ အကြည့်များမှာ မသိမသာပင် သူ့ထံ စုပြုံရောက်ရှိလာခဲ့ကြသည်။

ဦးစွာ ကွီယွမ်ပုစဉ်းခွံကို ထည့်သွင်းလိုက်ခြင်းသည် မှန်ကန်သည်လား၊ မှားယွင်းသည်လားဆိုသည်ကို အသာထား၊ မြရောင်မြူခိုးမြက်ကို ကိုင်တွယ်ဖြေရှင်းလိုက်သည့် မြင်ကွင်းတစ်ခုတည်းဖြင့်ပင် လော့ချန်၏ ဆေးဖော်ပညာအပေါ် နားလည်မှုမှာ လူတိုင်းရှေ့တွင် အပြည့်အဝ ပေါ်လွင်သွားခဲ့ပြီ ဖြစ်သည်။

မည်သည့် ပူပြင်းလှသော အရှိန်အဝါတစ်စက်မျှ မသက်ရောက်သေးသကဲ့သို့ အေးချမ်းလှသည့် ကျောက်စိမ်းကွဲလက်ကွက်သည် မယုံနိုင်လောက်အောင်ပင် ကျွမ်းကျင်တိကျလှပြီး၊ သဘာဝနှင့် တစ်သားတည်းကျနေသကဲ့သို့ ထင်ရလောက်အောင် လှပဆန်းကြယ်နေသည်။ ထိုမြင်ကွင်းသည် ကျောက်စိမ်းတုံးအတွင်းမှ ကျောက်စိမ်းခိုးငွေ့တစ်ဆုပ်ကို အတင်းအကျပ် ထုတ်ယူလိုက်ခြင်းမျိုး လုံးဝ မဟုတ်ခဲ့ပေ။ ထိုအစား နူးညံ့ပျော့ပျောင်းသော နေရောင်ခြည်အောက်တွင် သဘာဝအတိုင်း စုဝေးလာသည့် ထူးခြားလှသော မိုးတိမ်ခိုးငွေ့တစ်စင်းကဲ့သို့ ဖြစ်နေခဲ့သည်။

“ဂလု....”

လူအုပ်ကြီးထဲမှ လူတစ်ဦးက မသိမသာ တံတွေးတစ်ချက် မျိုချလိုက်မိသည်။

ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ တပည့်မြောက်အမြားမှာမူ ကြောင်အမ်းသွားကာ ထို သွယ်လျလှသော လက်တစ်စုံကို စူးစိုက်ကြည့်ရှုနေခဲ့ကြမိသည်။ ထိုလက်ကွက်များသည် နတ်ဘုရားတစ်ပါး၏ ကကွက်များဟု ထင်မှတ်ရလောက်အောင်ပင် သဘာဝကျလွန်း၊ နူးညံ့လွန်းပြီး တိကျလွန်းနေခဲ့သည်။

“ဒါက.... ဘယ်လိုတောင် အပြစ်အနာအဆာကင်းမဲ့လွန်းတဲ့ ဆေးဖော် အတတ်ပညာပါလိမ့်....”

....

ဝေးကွာလှသော နေရာတစ်ခု၊ ထောင်မျိုးနွယ်စု၏ စင်မြင့်ကြီးထက်၌....။

ထောင်တောက်နန်နှင့် သူ၏ မြေးဖြစ်သူ ထောင်အီချန်တို့မှာ အချင်းချင်း ဆွံ့အစွာဖြင့် စိုက်ကြည့်လိုက်မိကြသည်။

"ဒီ ကျောက်စိမ်းကွဲလက်ကွက်က.... ဘယ်လိုအဆင့်တစ်ခုကို ရောက်နေခဲ့တာလဲ....”

“အဆင့်လတ်လား.... အဆင့်မြင့်လား.... အထွတ်အထိပ်လား....”

ပါရမီအနည်းငယ် ရှိနေခဲ့သော ဒုတိယဆင့် ဆေးဖော်ဆရာတစ်ဦး ဖြစ်သည့်အလျောက် ထောင်အီချန် အလွန်အမင်း တုန်လှုပ်ချောက်ချားစွာဖြင့် ပြောဆိုလိုက်မိသည်။

"ဒါက.... တကယ့်ကို ထူးခြားဆန်းပြားလှတဲ့ အဆင့်တစ်ခုကို ရောက်ရှိနေခဲ့ပြီ၊ ကျွန်တော် ဆေးဖော်ပညာရှင်အသင်းက အကြီးအကဲရှင်းယွင် ရံဖန်ရံခါ လာပြီး သင်ကြားပြသပေးတဲ့ အချိန်တွေမှာပဲ ဒီလိုမျိုး လက်ကွက်ကို မြင်ဖူးခဲ့တာပါ....”

‘အကြီးအကဲရှင်းယွင်’

သူမသည် ဆေးဖော်ပညာရှင်အသင်း၏ ကျောင်းဆောင်ကြီး သုံးခုအနက်မှ ကျောင်းဆောင်တစ်ခု၏ အကြီးအကဲချုပ်တစ်ဦး ဖြစ်သည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်းအတွင်း၌လည်း ဆေးလုံးစိမ်းသခင် ပြီးလျှင် ဒုတိယမြောက် အဆင့်အရှိဆုံး ဖြစ်သော ဆေးဖော်ဆရာကြီးတစ်ဦး ဖြစ်ပြီး၊ သူမ၏ အခြေခံ ဆေးဖော် အတတ်ပညာများမှာ တကယ့် အထွတ်အထိပ် အဆင့်တစ်ခုသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ သုံးပုံတစ်ပုံခန့်သော ဆေးလုံးများ အားလုံးမှာ သူမ ဖော်စပ်ထားခြင်းဖြစ်သည်။

ဤ လော့ချန်သည် မည်သို့ပင်ဖြစ်စေ သာမန် ဒုတိယဆင့် ဆေးဖော်ဆရာတစ်ဦးမျှသာ ဖြစ်ပါလျက် မမျှော်လင့်ဘဲ ဤမျှအထိ နက်ရှိုင်းလှသော စွမ်းရည်ကို ပိုင်ဆိုင်ထားနိုင်ခဲ့သည်။

ထိုအခိုက်တွင် မြေးအဘိုးနှစ်ဦးသာမက ဆေးဖော်ပညာအကြောင်း အနည်းငယ်နားလည်ထားကြသော အခြေတည် ကျင့်ကြံသူများအားလုံးပင် တုန်လှုပ်သွားခဲ့ကြသည်။ ဤလက်ကွက်တစ်ခုတည်းက သူတို့၏ အမြင်ကို လုံးဝ ပြောင်းလဲပစ်လိုက်သည်။

ထောင်ရိရှန်း တစ်ဦးတည်းသာလျှင် စိတ်ထဲ၌ ပျော်ရွှင်မှုများ ပြည့်နှက်နေခဲ့သော်လည်း ထူးဆန်းမနေသည့်အလား ဖြစ်နေသည်။

"ဟွန်း.... ဒါက ဘာဆန်းလို့လဲဗျာ၊ အစ်ကိုလော့ရဲ့ ဆေးဖော်ပညာက အခုမှ ရေခဲတောင်ထိပ်ဖျားလေးကိုပဲ ပြရသေးတာပါ”

ထိုစကားကို ကြားရသည့်အခိုက် ထောင်ဝမ် မောင်ဖြစ်သူကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။ သူ့ပုံစံမှာ လူတိုင်း သောက်စားမူးယစ်နေခဲ့ကြသော်လည်း သူ တစ်ဦးတည်းသာ နိုးကြားနေခဲ့သည့်အလား ရှိသည်။ ယခင်ကကဲ့သို့ သူမ မောင်ဖြစ်သူကို ဆုံးမပဲ့ပြင်ခြင်း မပြုတော့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သက်ပြင်းရှည်ကြီးတစ်ချက်သာ ချလိုက်မိတော့သည်။

‘တကယ်လို့ လော့ချန်ရဲ့ တခြားဆေးဖော်ပညာတွေပါ ဒီလောက်အထိ နက်ရှိုင်းခဲ့မယ်ဆိုရင်.... မဟုတ်သေးဘူး.... ဒီအဆင့်ရဲ့ တစ်ဝက်လောက်ပဲ ရှိနေမယ်ဆိုရင်တောင်.... ကွီယွမ်ပုစဥ်းခွံကို မဖြေရှင်းနိုင်ခဲ့တောင် ကျန်တဲ့ ဆေးဘက်ဝင်ပစ္စည်း လေးမျိုးအတွက် အချိန် အပြည့်အဝ ရသွားမှာပဲ.... ဒီလိုဆိုရင်.... ထိပ်ဆုံး ငါးယောက်ထဲ ဝင်ဖို့က ပြဿနာမဟုတ်ဘူး၊ သုံးယောက်ထဲတောင် မဝင်နိုင်စရာ မရှိဘူး....’

ထိုအခိုက်အတန့်မှာပင် သူမ၏ မျက်နှာထက်ဝယ် ဝမ်းနည်းရိပ်တစ်ခု ပေါ်လာသည်။

‘ဒီလောက်အထိ တော်နေတာကို ဘာလို့ လွယ်ကူတဲ့လမ်းကို မရွေးဘဲ ခက်ခဲတဲ့ဘက်ကို ဦးတည်သွားခဲ့တာလဲ....’

....

ပြင်ပကွင်းအတွင်း၌ ဖြစ်ပေါ်နေသော လှုပ်ရှားမှုမျိုးစုံ၊ ဆွေးနွေးသံမျိုးစုံနှင့် စိတ်ခံစားချက်များအားလုံးမှာ လော့ချန်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိသကဲ့သို့ တဖြည်းဖြည်း ဝေးကွာသွားခဲ့သည်။

သူကမူ ဆေးအိုးငယ်လေးထဲရှိ ဆေးဘက်ဝင် ပစ္စည်းများကိုသာ အာရုံစိုက် ကိုင်တွယ်ဖြေရှင်းနေခဲ့သည်။

မြရောင်မြူခိုးမြက်အား သူ ကိုင်တွယ်ဖြေရှင်းပြီးခဲ့ပြီ ဖြစ်သည်။ ထူးဆန်းလှသော ကျောက်စိမ်းခိုးငွေ့တစ်ဆုပ်ကမူ မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သော ကွီယွမ်ပုစဥ်းခွံကို လွှမ်းခြုံလိုက်သည်။ ထိုအခါမှသာ လော့ချန် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

“ဘယ်လိုလုပ် လွယ်ကူတဲ့အရာကနေ ခက်ခဲတဲ့အရာဆီကို တဖြည်းဖြည်း တက်သွားရမယ့် သဘောတရားမျိုး ရှိမလဲ.... ဒီတစ်ကြိမ်ပေးထားတဲ့ စာမေးပွဲမေးခွန်းက ဆန့်ကျင်ဘက်ပဲ၊ ခက်ခဲတဲ့အရာကနေ လွယ်ကူတဲ့အရာဆီကို ပြန်ဆင်းသွားရမယ့်ပုံစံ....”

“အခက်ခဲဆုံးဖြစ်တဲ့ ဆေးဘက်ဝင်ပစ္စည်းကိုသာ အရင်ဆုံး မကိုင်တွယ် မဖြေရှင်းနိုင်ဘူးဆိုရင်.... နောက်ပိုင်းရောက်လာတဲ့အခါမှာတော့ ခက်ခဲမှုတွေက အဆမတန် တိုးပွားလာမှာပဲ....”

"ဒီ စာမေးပွဲမေးခွန်း ထုတ်တဲ့ လူကတော့.... တကယ် ဉာဏ်နီဉာဏ်နက် များပါတယ်ကွာ"

သူ တီးတိုး ရေရွတ်ရင်း သစ်ခွကို လှမ်းယူလိုက်သည်။ ဦးစွာ တန်ရန်ဇီ လုပ်ဆောင်ခဲ့သည့် ပုံစံအတိုင်း တိမ်တိုက်အသွင်ပြောင်းလက်ကွက်ကို အသုံးပြုလျက် ၎င်းကို ကိုင်တွယ်ဖြေရှင်းလိုက်တော့သည်။ ထိုခဏ၌ပင် ဆေးဘက်ဝင် စွမ်းအားများက မမြင်ရသော လှိုင်းအဖြစ် ပေါင်းစည်းလျက် မီးတောက်တိမ်တိုက်တစ်ခုကို ဖြည်းဖြည်းချင်း ဖွဲ့စည်းတည်ဆောက်လာခဲ့သည်။ သို့သော် ထိုမီးတောက်တိမ်တိုက်သည် သာမန်မဟုတ်ဘဲ မြေအောက်မီးတောက်နှင့် ထိတွေ့သည်နှင့် ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းစွာ တောက်လောင်လာခဲ့တော့သည်။

ဤအချိန်တွင် လော့ချန် အာရုံနှစ်ခု ခွဲခြားလိုက်ပြီး ရေတံခွန်စိမ့်စမ်းလက်ကွက်ကို အသုံးပြုလျက် ထျန်ချင်းရှားစောင်း၏ မာကျောလှသော အပြင်ဘက် အရေခွံကို အသာအယာ ခွာထုတ်လိုက်တော့သည်။ သူသည် ၎င်း၏ ဆေးဘက်ဝင် စွမ်းအားအားလုံးကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ခြင်း မပြုဘဲ တဖြည်းဖြည်းချင်း စီးဆင်းသွားစေခဲ့သည်။

မူလက ရေနှင့်မီး အချင်းချင်း ကူညီပံ့ပိုးပေးရမည့် ဆေးဘက်ဝင် ပစ္စည်းနှစ်မျိုး ဖြစ်သော်လည်း လော့ချန်၏ ခွဲခြားထုတ်လွှတ်လိုက်မှုကြောင့် မီးတောက်စွမ်းအားက ပိုမိုပြင်းထန်လာခဲ့ပြီး ရေစွမ်းအားကမူ ပိုမို၍ အားနည်းသွားခဲ့ရတော့သည်။

မီးတောက်များ၏ အရှိန်အဟုန်ကမူ စိန်ခေါ်မှုကို ခံလိုက်ရသည့်အလား ပိုမို ပြင်းထန်အားကောင်းလာခဲ့ရတော့သည်။ ကြီးမားလှသော မီးတောက်တိမ်တိုက်ကြီးကမူ ဆေးအိုးငယ်လေးအတွင်းရှိ ကျောက်စိမ်းခိုးငွေ့များဖြင့် လွှမ်းခြုံထားခြင်း ခံထားရသော ကွီယွမ်ပုစဥ်းခွံကို အဆက်မပြတ် လောင်ကျွမ်းစေခဲ့သည်။

မူလက မီးခိုးရောင် ဖြစ်နေခဲ့သော ပုစဥ်းခွံမှာ ဖြည်းဖြည်းချင်း အလွန်အမင်း မည်းနက်လှသော အခြေအနေတစ်ခုသို့ ပြောင်းလဲသွားခဲ့ရသည်။

ထိုခဏ၌ပင် အလွန်ထူထပ်လှသည့် တူးကျွမ်းနံ့တစ်ခုက မသိမသာ လွင့်ပျံထွက်လာကာ ပတ်ဝန်းကျင် အရပ်မျက်နှာအနှံ့အပြားသို့ တိတ်တဆိတ် ပျံ့နှံ့သွားခဲ့သည်။

စင်မြင့်ကြီးထက်၌ ရှိနေကြသော ဆေးဖော်ဆရာများလည်း ထိုအနံ့ကို တစ်ခဏအတွင်း ခံစားမိလာကြသည်။

များစွာသော အကြည့်များသည် လော့ချန်ဆီသို့ တဖြည်းဖြည်း ကျရောက်လာခဲ့တော့သည်။

ရှန်ကွမ်းယန်သည် အဆင့်သုံးတွင် ရှိနေခဲ့ပြီး ထောင်ဝမ်ကမူ အဆင့်လေးတွင် ရှိနေခဲ့သည်။ ထို့ကြောင့် ရှန်ကွမ်းယန်ဘက်မှ ဆေးဖော်ဆရာ ဟွမ်ဟယ်ဇီက လော့ချန်နှင့် အနီးကပ်ဆုံးသော နေရာတွင် ရှိနေခဲ့သည်။ ထို့ကြောင့်လည်း ဤထူးဆန်းသည့် အနံ့ကို ပထမဆုံးအဖြစ် အပြင်းအထန် ခံစားလိုက်ရသူမှာ သူကိုယ်တိုင်ပင် ဖြစ်လာခဲ့တော့သည်။

"ရှုံးနိမ့်သွားခဲ့ပြီလား"

“ဟားဟား.... ဘယ်လိုပဲဖြစ်ဖြစ် လူငယ်လေးတစ်ယောက်ပဲ မဟုတ်လား၊ ဆေးဘက်ဝင်သဘောတရားတွေကို အပြည့်အဝ နားမလည်ဘဲ ရူးရူးမိုက်မိုက် လုပ်မိသွားခဲ့တာ နေမယ်၊ ပေါင်းစပ်ညှိနှိုင်းပေးမယ့် ဆေးဘက်ဝင် ဝိညာဉ်ရည် မရှိဘဲနဲ့.... ဘယ်လိုလုပ်ပြီးတော့ ကွီယွမ်ပုစဥ်းခွံကို ကောင်းကောင်းကိုင်တွယ်ဖြေရှင်းနိုင်မလဲ"

ရှုံးနိမ့်တော့မည်ဖြစ်သော လော့ချန်ကြောင့် သူ၏ စိတ်ခံစားချက်များမှာ အလွန်အမင်း ပေါ့ပါးလန်းဆန်းသွားခဲ့သည်။ ထို့ကြောင့် ဆေးဘက်ဝင်ပစ္စည်းများကို သန့်စင်ဖော်စပ်နေသည့် သူ၏ လှုပ်ရှားမှုများသည် ပိုမိုမြန်ဆန်၍ ပိုမိုတိကျလာခဲ့သည်။

“ငါ့အတွက်တော့....”

သူ၏ မျက်လုံးထဲတွင် ယုံကြည်မှုတစ်ခု တောက်ပလာသည်။

“ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို အသုံးချပြီး သင့်တော်တဲ့ ဝိညာဉ်ရည်ကို ပေါင်းစပ်နိုင်သရွေ့.... ကွီယွမ်ပုစဥ်းခွံကို ဖြေရှင်းရတာဟာ အလွန်လွယ်ကူတဲ့ ကိစ္စတစ်ခုပဲ....”

အမှန်စင်စစ် ဤသည်မှာ ရှုံးနိမ့်မှု မဟုတ်သေးချေ။ ဆေးဘက်ဝင် ပစ္စည်းတစ်မျိုးချင်းစီအတွက် အစောပိုင်းကတည်းက သုံးသုတ်စီ ပြင်ဆင်ပေးထားသည် မဟုတ်ပါလော။

အခြားသောလူများမှာမူ လော့ချန်ကို မျက်တောင်မခတ်တမ်း ကြည့်ရှုနေကြသည်။ သူတို့၏ မျက်နှာထက်တွင် မည်သည့် စိတ်ခံစားချက်မျိုးမျှ ရှိမနေခဲ့ချေ။ စိတ်ထားကောင်းမွန်လှသော အချို့လူများကမူ သနားဂရုဏာ သက်စွာ ကြည့်နေကြသည်။

ဘေးဘက်တွင် ရှိနေခဲ့သော ရွှမ်ယွင်ကျီတစ်ယောက် လော့ချန်ကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။ ထို့နောက်တွင်မူ မိမိ၏ ဆေးအိုးထဲရှိ တစ်ဝက်ခန့်သာ သန့်စင်ဖော်စပ်ထားရသေးသော ဆေးဘက်ဝင် ပစ္စည်းများကို လှမ်းကြည့်လိုက်မိသည်။ သူ၏ မျက်နှာထက်တွင် လေးနက်စွာ တွေးတောနေခဲ့သော အရိပ်အယောင်အချို့ ထွက်ပေါ်လာခဲ့ရသည်။ ဖြည်းဖြည်းချင်း သူ၏ မျက်နှာတစ်ခုလုံး တည်ငြိမ်လေးနက်လှသော အမူအရာသို့ ပြောင်းလဲသွားခဲ့ရတော့သည်။

ဝုန်းးး....

လူတိုင်း၏ အံ့အားသင့်လှသော အကြည့်များအောက်တွင် ရွှမ်ယွင်ကျီ လက်ကို ဝှေ့ယမ်းလျက် သန့်စင်ခြင်းမှော်အတတ်ကို သုံးကာ ဆေးအိုးထဲရှိ ဆေးဘက်ဝင် ပစ္စည်းများ အားလုံးကို အကုန်အစင် ဖယ်ရှားပစ်လိုက်တော့သည်။

ဤ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သော မြင်ကွင်းတစ်ခုက ပြိုင်ပွဲကို ကြည့်ရှုနေကြသော လူတိုင်း၏ မျက်ဝန်းအတွင်း၌ ကြီးမားလှသော လှိုင်းလုံးကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

ဒုတိယမြောက် စင်မြင့်ကြီး ရှိရာနေရာတွင် ဟယ်ယွမ်ချင်း အလွန်အမင်း ဒေါသထွက်သွားခဲ့ရလျက် စားပွဲကို ရိုက်ကာ ထရပ်လိုက်တော့သည်။

"ဟေ့ကောင်.... ရူးနေတာလား.... မင်း တကယ်ပဲ ဘာတွေ လျှောက်လုပ်နေတာလဲ"

သူ၏ စကားလုံးများ ဆုံးခန်းမတိုင်မီမှာပင် အလွန်အမင်း အေးစက်လှသော အကြည့်တစ်ခုက သူ့ထံသို့ တိုက်ရိုက် ကျရောက်လာခဲ့တော့သည်။

ထူထပ်သိပ်သည်းလှသော ရွှေအမြုတေအဆင့် ဖိအားကြီးတစ်ခုက အရှိန်အဟုန် ပြင်းထန်စွာဖြင့် ကျရောက်လာခဲ့ပြီး သူ့အား နေရာ၌တင် မူလထိုင်ခုံထက်ဆီသို့ ပြန်လည်၍ လဲပြိုထိုင်ကျသွားစေခဲ့ရတော့သည်။

“ပါးစပ်စည်း မရှိတဲ့ ကောင်”

"အမှောင်ဖုံးနေတဲ့ကောင်"

"လူတိုင်းကို ဂရုမစိုက်တဲ့ ကောင်"

ဆက်တိုက် ဆိုသလိုပင် မကောင်းလှသော စကား သုံးခွန်းကြောင့် ဟယ်ယွမ်ချင်း၏ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့ရလျက် အေးစက်လှသော ချွေးစက်မြောက်အမြားမှာလည်း ကြမ်းပြင်ထက်ဆီသို့ တတောက်တောက်နှင့် စီးကျလာခဲ့ရတော့သည်။

ချူခွေးသည် ဘေးဘက်တွင် ရပ်နေခဲ့သော်လည်း ထိုခဏအတွင်း သူ၏ စိတ်အတွင်းတွင်လည်း မသိမသာ တုန်လှုပ်သွားခဲ့သည်။ သူ မိမိကိုယ်ကို မသိမသာ ထိန်းချုပ်ရင်း ဆေးဖော်ပြိုင်ပွဲကွင်းပြင်ကြီး၏ အလယ်ရှိ ဆေးဖော်ပညာရှင်အသင်း အကြီးအကဲကို လှမ်းကြည့်မိလိုက်သည်။

ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး၏ ဖိအားသည် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းလှသည်။

သူ နှုတ်ခမ်းကို မသိမသာ ကိုက်လိုက်ရင်း ရယ်မောလျက်

"ရွေးချယ်ခံမျိုးဆက်ဟယ်.... ငါတို့တွေ ပြိုင်ပွဲကို အေးအေးဆေးဆေးပဲ ဆက်ကြည့်ရအောင်ပါ"

ဟယ်ယွမ်ချင်းတစ်ယောက် သူ၏စိတ်အတွင်းမှ ထိတ်လန့်တုန်လှုပ်နေခဲ့သော ခံစားချက်များကို အစွမ်းကုန် ဖိနှိပ်ထားလျက် ခန္ဓာကိုယ်မတ်မတ် ထိုင်လိုက်သည်။ သူ အပြုံးတစ်ခုကို ညှစ်ထုတ်လိုက်ပြီး ထိုနေရာဆီသို့ လက်သီးဆုပ် အရိုအသေပေးလိုက်သည်။

"တပည့်ဖြစ်သူ.... စည်းကမ်းဖောက်ဖျက်မိသွားခဲ့ပါပြီ"

"ဟွန်း...."

ဆေးဖော်ပညာရှင်အသင်း အကြီးအကဲက နှာခေါင်းတစ်ချက် ရှုံ့ရင်း သူ့အား လျစ်လျူရှုလိုက်တော့သည်။

အသံလုံမှော်အစီအရင်၏ ကာကွယ်မှုအောက်တွင် ရှိနေသောကြောင့် ပြင်ပကွင်းပြင်မှ ထွက်ပေါ်လာသည့် အသံများသည် အတွင်းရှိလူများထံသို့ မည်သို့မျှ မရောက်ရှိနိုင်ခဲ့ပေ။ သို့သော်လည်း ယခု ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်မှာမူ ဟယ်ယွမ်ချင်း၏ လုပ်ရပ်က အနည်းငယ် လွန်ကဲလွန်းသွားခြင်းကြောင့်သာ ဖြစ်သည်။

အမှန်စစ်စစ် ထိုမျှအထိ အသံကျယ်ကျယ်ဖြင့် အော်ဟစ်ရန် မလိုအပ်ခဲ့ပေ။ သူ ရုတ်တရက် ထလုပ်လိုက်သည့် အပြုအမှုက ထိုလူငယ်လေးအပေါ် မည်သည့် သက်ရောက်မှုမျိုး ဖြစ်ပေါ်သွားခဲ့သည်ကိုမူ မသိနိုင်သေးပေ။

ထိုအတွေးများဖြင့် အကြီးအကဲသည် သူ၏ အကြည့်များကို ရွှမ်ယွင်ကျီထံ ပို့လိုက်ရာ သူ၏ မျက်ဝန်းများအတွင်း၌ အံ့အားသင့်မှုနှင့်အတူ ချီးကျူးမှုတစ်ရပ် ပေါ်ထွက်လာခဲ့သည်။

"ဆုံးဖြတ်ချက်က ပြတ်သားလွန်းတယ်.... ပြီးတော့ ဘယ်လို လွှမ်းမိုးမှုကိုမှ မခံခဲ့ရဘူးပဲ"

"အစက ပြန်လည်စတင်ရမယ့် အခြေအနေမျိုး ဆိုပေမယ့်.... သူ ရွေးချယ်လိုက်တဲ့ လမ်းကြောင်းက အမှန်ကန်ဆုံးပဲ၊ ဒီလိုဆိုရင် နောက်ပိုင်းမှာ သူ့ရဲ့ တိုးတက်မှုက ပိုပြီး မြန်ဆန်လာနိုင်ပြီး လမ်းမှား လျှောက်နေသူတွေကို အလွယ်လေး ကျော်ဖြတ်သွားနိုင်လိမ့်မယ်"

"ဒီကလေးက.... တကယ့်ကို ပါရမီရှင်လေးပဲ"

သူ သေသေချာချာ တွေးတောပြီးဖြစ်သည်။ ဆေးဖော်ပြိုင်ပွဲကြီး ပြီးဆုံးသွားပြီးနောက်ပိုင်း ရွှမ်ယွင်ကျီကို ဆေးဖော်ပညာရှင်အသင်းသို့ သွတ်သွင်းကာ ပိုမိုနက်ရှိုင်းလှသော ပညာရပ်များကို ဆက်လက် လေ့လာသင်ယူရန် ဖိတ်ခေါ်သွားမည် ဖြစ်သည်။ တစ်ဖက်လူမှာ အသက်လည်း ငယ်သေးသဖြင့် အနာဂတ်တွင် သေချာပေါက် ထိပ်တန်း ဆေးဖော်ဆရာကြီးတစ်ဦး ဖြစ်လာနိုင်စွမ်း ရှိပေသည်။

ရွှမ်ယွင်ကျီကဲ့သို့ အမှားကို သိရှိလျက် လမ်းမှန်သို့ ပြန်လည် ရောက်ရှိလာခဲ့သော လူမျိုးပင်လျှင် သူ၏ အမြင်၌ ပါရမီရှင်ကြီးတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရသည် ဆိုပါက အမြဲ အမှန်ကန်ဆုံး ဖြစ်သော လမ်းစဉ်ထက်တွင် အရှိန်အဟုန် ပြင်းထန်စွာဖြင့် ရှေ့သို့ ပြေးလွှားနေခဲ့သော လော့ချန်ကမူ မည်သို့သော တည်ရှိမှုမျိုး ဖြစ်နေပါမည်နည်း။

"နှမြောစရာကောင်းတာက.... တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့တာပဲ.... နောက်ခံက ရှင်းရှင်းလင်းလင်း မရှိသလို အခု အပြင်လောကအခြေအနေကလည်း တော်တော် ကမောက်ကမ ဖြစ်နေတာ.... မဟုတ်ရင် သူက ငါတို့ ဆေးဖော်ပညာရှင်အသင်းရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲတစ်ဦး ဖြစ်လာဖို့ ထိုက်တန်တယ်"

လော့ချန်သည် အပြင်ပန်းအားဖြင့် မည်သည့် ထူးခြားပြင်းထန်သော အရှိန်အဝါမျိုးကိုမှ မထုတ်ဖော်ထားသော်လည်း သူ ပြသနေသည့် ဆေးဖော်လက်ကွက်အမျိုးမျိုးမှာမူ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။

လော့ချန်အား ကြည့်ရှုရင်း ဆေးဖော်ပညာရှင်အသင်း အကြီးအကဲမှာ ပိုမို၍ ချီးကျူးမိလေလေ၊ ပိုမို၍ နှမြောတသ ဖြစ်မိလေလေ ဖြစ်လာသည်။

“ဒီလိုလူမျိုးကတော့ တကယ့်ကို ကောင်းကင်ဘုံက ချီးမြှင့်ထားတဲ့ ပါရမီရှင်ပဲ၊ ဆေးဖော်လမ်းစဉ်အတွက် သီးသန့် မွေးဖွားလာတာလို့တောင် ထင်ရတယ်....”

သူ၏ အမူအရာမှာ ချက်ချင်းပင် လေးနက်လာသည်။

“ဒါပေမဲ့.... ကံကောင်းတာတစ်ခုက ငါတို့ဂိုဏ်းထဲမှာလည်း ဒီလို လူမျိုး တစ်ယောက် ရှိနေသေးတယ်လေ ....”

သူ မသိမသာဖြင့် တန်ရန်ဇီ ရှိရာနေရာသို့ တစ်ချက် လှမ်းကြည့်လိုက်မိသည်။ တစ်ဖက်လူကမူ ခေါင်းကို မော့လျက် လော့ချန်ကို တစ်ချက်မျှသာ လှမ်းကြည့်လိုက်ပြီး ထို့နောက်တွင်မူ သူ၏ ကိစ္စရပ်များကိုသာ အာရုံစိုက်လျက် ဆက်လက် အလုပ်များနေခဲ့တော့သည်။

လော့ချန်ကမူ အမှန်ကန်ဆုံး ဖြစ်သော လမ်းစဉ်ထက်တွင် လျှောက်လှမ်းနေခဲ့ပြီ ဖြစ်သည်။

တန်ရန်ဇီသည်လည်း အမှန်ကန်ဆုံး ဖြစ်သော လမ်းစဉ်ထက်တွင် ရှိမနေရန် အကြောင်းမရှိပေ။ သူ၏ လမ်းစဉ်က အနည်းငယ် ပိုနှေးကွေးနေခဲ့ရရုံသာ ဖြစ်သည်။

အမှန်အားဖြင့် နှေးကွေးနေခြင်းဟု သတ်မှတ်၍ပင် မရနိုင်ပေ။ အဓိကအကြောင်းရင်းမှာ ဤပြိုင်ပွဲအတွင်း၌ တန်ရန်ဇီအား သူ၏ ကိုယ်ပိုင်မီးလျှံကို အသုံးပြုခွင့် ပိတ်ပင်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။ မဟုတ်ပါက လမ်းခရီးက မည်မျှပင် ခက်ခဲရှည်လျားနေစေကာမူ တစ်ဖက်လူသည် တစ်ရက်အတွင်း၌ပင် မိုင်ထောင်ချီ ခရီးပေါက်သွားနိုင်သည့် အလားအလာရှိသူ ဖြစ်သည်။

"မဟုတ်သေးဘူး.... ဒီလော့ချန်ဆိုတဲ့ ကောင်လေးရဲ့ အခြေခံက ဘယ်လိုတောင် ခိုင်နေရတာလဲ"

"စောနက ကျောက်စိမ်းကွဲလက်ကွက်ကို ဒီလောက် အံ့ဖွယ်အဆင့်အထိ အသုံးပြုနိုင်ခဲ့တယ်၊ ငါက သူ ဒီပညာရပ်အပေါ် နှစ်ပေါင်းများစွာ အချိန်ပေးခဲ့တာမို့လို့ ထင်ခဲ့တာ.... ဒါနဲ့တင် ပြီးပြီလို့ ထင်ခဲ့တာ.... ဒါပေမဲ့.... ဘာကြောင့် တိမ်တိုက်အသွင်ပြောင်းလက်ကွက်၊ ရေတံခွန်စိမ့်စမ်းလက်ကွက်တွေမှာပါ ဒီလောက်အထိ အပြစ်အနာအဆာကင်းပြီး ပြည့်စုံနေရတာလဲ"

"ကဲ အခု နောက်ဆုံးဖြစ်တဲ့ တောက်ပကြယ်မြက်ကို ကိုင်တွယ်ရတော့မယ်.... သူ သစ္စာနှလုံးသားလက်ကွက်ကိုပါ ကျွမ်းကျင်နေဦးမယ်လို့ မပြောနဲ့နော်"

ဆေးဖော်ပညာရှင်အသင်း အကြီးအကဲ၏ မျှော်လင့်ချက်များ ပြည့်နှက်နေသော မျက်ဝန်းများအောက်တွင် လော့ချန် ချက်ချင်းပင် ဆွဲငင်မှော်အတတ်ကို ထုတ်ဖော်လိုက်သည်။

ထိုခဏတွင်ပင် မြရောင်မြူခိုးမြက်၏ တောက်ပမှုများကို သယ်ဆောင်ထားသည့် ဆေးဘက်ဝင်အပင်တစ်ပင်သည် ဖြည်းညင်းစွာ လေပေါ်သို့ မြင့်တက်လာကာ ဆေးအိုးအထက်သို့ လွင့်ပျံသွားခဲ့တော့သည်။

ယခုအချိန်တွင် လော့ချန်သည် လက်တစ်ဖက်ဖြင့် မြေအောက်မီးများကို ထိန်းချုပ်လျက်၊ ကွီယွမ်ပုစဥ်းခွံကို လောင်ကျွမ်းပစ်လိုက်သည်။ အခြားလက်တစ်ဖက်ကမူ လက်ကွက်များကို ဆက်တိုက် ဖန်တီးနေသည်။ သန့်စင်လှသော သစ်ဓာတ် ချီစွမ်းအားများမှာမူ သစ္စာနှလုံးသားလက်ကွက်အောက်ဝယ် တည်ငြိမ်အေးဆေးလှစွာဖြင့် တောက်ပကြယ်မြက်အတွင်း တိုးဝင်သွားခဲ့ရတော့သည်။

နောက်ခဏအတွင်းမှာပင် ထူးဆန်းလှသော ကြယ်တာရာ အလင်းတန်းများမှာ တစ်စက်ချင်း တစ်စက်ချင်းစီဖြင့် အောက်ဘက်သို့ ဖြည်းဖြည်းချင်း ကွာကျလာခဲ့ရတော့သည်။ ဤအရာက တောက်ပကြယ်မြက်၏ သန့်စင်လှသော ဆေးဘက်ဝင် စွမ်းအားများ မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် ဤလောကရှိ ဆေးဖော်ဆရာများ အားလုံး ရွံရှာမုန်းတီးလှစွာဖြင့် ဖယ်ရှားပစ်လေ့ ရှိကြသော တောက်ပကြယ်မြက်၏ ပြင်းထန်လှသော အဆိပ်အတောက်များ ဖြစ်သည်။

လူအုပ်ကြီးမှာ ထို ကြယ်တာရာ အလင်းတန်းများ ဆေးအိုးအတွင်းသို့ ကျရောက်သွားသည်ကို ကြည့်ရင်း ပျားပန်းခတ်သွားရတော့သည်။ အကြောင်းမှာ အနှစ်သာရ ဖြစ်သော ဆေးဘက်ဝင် စွမ်းအားများကို မယူဘဲ ဆန့်ကျင်ဘက်အနေဖြင့် ၎င်း၏ ပြင်းထန်လှသော အဆိပ်အတောက်များကို ဆွဲယူခဲ့သည် မဟုတ်ပါလော။

“သူ ဘာတွေ လုပ််နေတာလဲဟင်”

သို့သော်လည်း နောက်တစ်ခဏအတွင်းမှာပင် ဖောက်ထွင်းမြင်တွေ့နေရသည့် ဆေးအိုးအတွင်း၌ လှပဆန်းပြားလှသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သဖြင့် လူတိုင်း နေရာ၌တင် ဆွံ့အသွားရတော့သည်။

ကြယ်တာရာ အလင်းတန်းများ ဆေးအိုးအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီးနောက် အလွန်အမင်း မည်းနက်နေခဲ့ပြီ ဖြစ်သော ပုစဥ်းခွံထက်သို့ ကျရောက်သွားခဲ့သည်။ အတွင်းမှ ထူးဆန်းလှသည့် မိုးခိုးငွေ့တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် မည်းနက်နေသော ပုစဥ်းခွံသည် ပြင်းထန်စွာ တုန်ခါလာပြီး အတွင်းမှ အနက်ရောင်အလင်းအရိပ်များ တဖြည်းဖြည်း ကွာကျလာသည်။ မည်းနက်လှသော အရောင်အဝါများမှာ ဖြည်းဖြည်းချင်း မီးခိုးဖြူရောင်မှ ထူးဆန်းလှသော အပြာရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ နောက်ဆုံးတွင် ကောင်းကင်ပြာအလင်းကဲ့သို့ ကြည်လင်တောက်ပလာကာ ပုစဥ်းတောင်ပံကဲ့သို့ ပါးလွှာသည့် အဆင့်တစ်ခုအထိ သန့်စင်သွားခဲ့သည်။

ထိုအခိုက် မူလက အလယ်ဗဟို၌ ဖိသိပ်ထားသော စွမ်းအင်များသည် မည်သည့်ကန့်သတ်ချက်မှ မရှိတော့ဘဲ ပြင်းထန်စွာ ပျံ့နှံ့ထွက်လာကာ ပုစဥ်းတောင်ပံတစ်ခုချင်းတစ်ဝိုက် ပြန့်ကျဲလင်းလက်သွားခဲ့တော့သည်။

လော့ချန် လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်နှင့် အပြစ်အနာအဆာကင်းစင်လျက် ပြီးပြည့်စုံစွာ သန့်စင်ပြီးသားဖြစ်သည့် ကွီယွမ်ပုစဥ်းခွံသည် လေထဲ၌ အလွန်ညင်သာစွာ လွင့်ပျံလာကာ ဆေးဖော်ပညာရှင်အသင်း အကြီးအကဲရှိရာသို့ တဖြည်းဖြည်း ရောက်ရှိသွားခဲ့သည်။

ထိုမြင်ကွင်းသည် ပိုးအိမ်အတွင်းမှ ရုန်းထွက်ကာ လိပ်ပြာတစ်ကောင်အဖြစ် ပြောင်းလဲသွားသည့်အလား ဖြစ်နေသည်။

အကြီးအကဲ၏ မျက်နှာထက်ဝယ် အလွန်အမင်း ရှုပ်ထွေးလှသော စိတ်ခံစားချက်များ ပြည့်နှက်နေခဲ့သည်။ သူသည် လက်ထဲရှိ အညစ်အကြေးမရှိ၊ အနှစ်သာရမပျက်စီးသည့် ပုစဥ်းခွံကို စူးစိုက်ကြည့်ရှုရင်း တဖြည်းဖြည်း ခေါင်းညိတ်လိုက်သည်။

"ကောင်းကင်ပြင်လို ကြည်လင်တောက်ပတယ်.... မူလစွမ်းအင်လည်း မပျက်စီးဘူး၊ လုံးဝ ပြီးပြည့်စုံတယ်"

"အသုံးပြုခဲ့တဲ့ အချိန်က.... တစ်နာရီခွဲ"

"ကွီယွမ်ပုစဥ်းခွံကို.... ပထမဆုံး အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တဲ့ ဆေးဖော်ဆရာကတော့.... တန်ချန်ဇီ ဖြစ်ပါတယ်"

ထိုအသံထွက်ပေါ်လာသည့်ခဏတွင် လော့ချန် မသိမသာ ပြုံးလိုက်သည်။ သူသည် မည်သည့်အချိန်ဆွဲမှုမျှ မပြုလုပ်တော့ဘဲ ကျန်ရှိနေသည့် ဆေးဘက်ဝင်ပစ္စည်း သုံးမျိုးကို ဆက်လက်ကိုင်တွယ်ရန် အာရုံပြန်လည် စုစည်းလိုက်သည်။

သူသည် ယခုလေးတင် တောက်ပကြယ်မြက်၏ အဆိပ်အတောက်များကို ထုတ်ယူလိုက်သည့် အချိန်၌ တောက်ပကြယ်မြက်ကိုပါ တစ်ပြိုင်နက်တည်း ကိုင်တွယ်ဖြေရှင်းပြီးဖြစ်ခဲ့သည်။ အချို့သော အချိန်ကာလများတွင် ဆေးဖော်စပ်ခြင်းဆိုသည်မှာ ပစ္စည်းတစ်မျိုးချင်းစီကို သီးသန့်ခွဲထုတ်၍ ကိုင်တွယ်ရမည့် လုပ်ငန်းစဉ်တစ်ခုသာ မဟုတ်ပေ။ တစ်ခါတစ်ရံ၌ အညစ်အကြေးကို ဖယ်ရှားနေချိန်တွင်ပင် အနှစ်သာရကိုပါ တစ်ပြိုင်နက် ဆွဲထုတ်ယူနိုင်သည့် လမ်းစဉ်တစ်ခုလည်း ရှိတတ်သည်။

လော့ချန်သည် ပထမဆုံး ပြီးပြည့်စုံလှသည့် ရလဒ်ကို ထုတ်ဖော်ပြသလိုက်သူ ဖြစ်လာခဲ့သည်။

ကွင်းပြင်ကြီးတစ်ခုလုံး အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ကျီးကန်းတစ်ကောင်ပင် အသံမထွက်ရဲလောက်သည့် တိတ်ဆိတ်မှုမျိုး ဖြစ်၏။

သို့သော် ထိုတိတ်ဆိတ်မှုသည် ကြာရှည်မခံခဲ့ပေ။ ဆေးဖော်ပညာရှင်အသင်း အကြီးအကဲက သူ၏ ပြီးပြည့်စုံလှသည့် ရလဒ်ကို ကြေညာလိုက်သည့်အခါတွင်မူ လူအုပ်ကြီးမှာ အုန်းအုန်းကျွတ်ကျွတ် ဆူညံသွားတော့သည်။

"အောင်မြင်သွားခဲ့တာလား"

"ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ.... သူက တကယ့်ကို လုပ်ချင်တာလုပ်ပြီး ကျပန်း ဖော်စပ်ခဲ့တာ.... ဘယ်လိုလုပ် ဒီလို ပြီးပြည့်စုံတဲ့ ရလဒ် ထွက်လာနိုင်မှာလဲ"

"အကြီးအကဲကတော့ နောက်နေပြီ…."

"ဟ ဒီကောင်ကတစ်မျိုး.... ကိုယ်ပိန်းတာ လူသိတယ်၊ တိမ်တိုက်အသွင်ပြောင်းလက်ကွက် ဖြစ်ဖြစ် သစ္စာနှလုံးသားလက်ကွက် ဖြစ်ဖြစ်.... ဒီလို ဆေးဖော်အတတ်ပညာတွေကို ထူးခြားဆန်းပြားလှတဲ့ အဆင့်တစ်ခုအထိ ကျွမ်းကျင်နေတဲ့ ဆေးဖော်ဆရာတစ်ဦးက မင်းပြောသလို ကျပန်း ဖော်စပ်လိမ့်မယ်လို့ ထင်နေတာလား"

"အစ်ကိုကြီး.... သူများတွေကို လှည့်စားလို့ရပေမယ့် ကိုယ့်ကိုယ်ကိုတော့ လှည့်စားလို့မရဘူးနော်"

"ခင်ဗျား အသိအမှတ်မပြုချင်ဘူး ဆိုရင်တောင် ဒီ ဆရာတန်ချန်ဇီရဲ့ ဆေးဖော် စွမ်းရည်က.... ကြည့်ရတာ ကျွန်တော်တို့ အစ်ကိုကြီးရဲ့ အထက်မှာ ရောက်နေပုံပါပဲဗျာ"

"မဟုတ်ဘူး.... ငါမယုံဘူး၊ ငါတို့အစ်ကိုကြီးက.... ပြီးပြည့်စုံတဲ့ လူတစ်ဦးလေ"

အစ်ကိုကြီးသည် အပြစ်အနာအဆာကင်းမဲ့လျက် ပြီးပြည့်စုံလှသော လူတစ်ဦး ဖြစ်သည်လား မဖြစ်သည်လားဟူသည်ကိုမူ ပြောဆိုရန် ခက်ခဲလှပေသည်။

သေချာသည်မှာမူ လော့ချန်သည် အပြစ်အနာအဆာကင်းမဲ့လျက် ပြီးပြည့်စုံလှသော ဆေးဖော်လက်ကွက်များကို အသုံးပြုကာ ကွီယွမ်ပုစဥ်းခွံကို အောင်မြင်စွာ သန့်စင်ပြီးစီးခဲ့ပြီ ဟူသည့်အချက်ပင်။

....

ထောင်မျိုးနွယ်စု၏ စင်မြင့်ကြီးထက်တွင်....။

ကျင့်ကြံသူမြောက်အမြားမှာ အချင်းချင်း ဆွံ့အစွာဖြင့် စိုက်ကြည့်နေကြသည်။ ထို့နောက် မည်သည့်ညှိနှိုင်းမှုမျှ မလိုအပ်ဘဲ အော်ဟစ်သံများ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာခဲ့တော့သည်။

အခက်ခဲဆုံး ဖြစ်သော ကွီယွမ်ပုစဥ်းခွံကို ပထမဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ခြင်းက မည်သည့်အရာကို ကိုယ်စားပြုနေမှန်း လူတိုင်း ရှင်းလင်းစွာ သိရှိထားပြီးသား ဖြစ်သည်။ လော့ချန် ပြသခဲ့သော ဆေးဖော်အတတ်ပညာများအရ ကျန်ရှိနေသေးသော ဆေးဘက်ဝင်ပစ္စည်းအနည်းငယ်ကို ကိုင်တွယ်ဖြေရှင်းခြင်းမှာ လက်ဖျောက်တစ်ချက်တီးရုံမျှသာ။

လူအုပ်ကြားထဲရှိ ထောင်ရိရှန်း၏ မျက်နှာထက်တွင်လည်း ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေခဲ့ရတော့သည်။

မျိုးနွယ်စုအခြေတည် ကျင့်ကြံသူများကလည်း လေးစားသည့်အကြည့်များဖြင့် သူ့အား ကြည့်လာကြသည်။

သူတို့အားလုံး လုံးဝ အရှုံးပေးသွားခဲ့ကြပြီ ဖြစ်သည်။ မျိုးနွယ်စုခေါင်းဆောင်ကြီး၏ အမြင်ကမူ သံသယဖြစ်ဖွယ်မရှိ အလွန်အမင်း ထက်မြက်လှပေသည်။

"အစ်မ...."

သူ့အနေဖြင့် မိမိ၏ အောင်မြင်မှုများကို အစီရင်ခံရန် စကားစမည်အပြု အရှေ့ဘက်တွင် ရှိနေခဲ့သော ထောင်ဝမ်က လှည့်ပင်မကြည့်ဘဲ

"ပထမပိုင်း ပွဲစဉ်ပြီးရင် ခဏနားချိန်ရှိလိမ့်မယ်၊ အဲဒီအချိန်ကျ ငါတို့ ထောင်မျိုးနွယ်စုရဲ့ ဘိုးဘေးကြီး ချန်ထားခဲ့တဲ့ ယူရန်အမွှေးတိုင်ကို သွားယူပြီး လော့ချန်ကို ပေးလိုက်"

ထောင်ရိရှန်း နေရာ၌ပင် မှင်တက်သွားခဲ့ရသည်။

ဘေးဘက်တွင် ရှိနေခဲ့သော မျိုးနွယ်စုအကြီးအကဲ ဖြစ်သည့် ထောင်တောက်နန်က မထိန်းနိုင်ဘဲ ဝင်ပြောလိုက်တော့သည်။

"ဒါပေမဲ့.... အဲ့ဒါက မင်း တတိယပွဲစဉ်ကျမှ သုံးမယ့်ဟာ မဟုတ်ဘူးလား၊ ဘိုးဘေးကြီးချန်ထားခဲ့တာကလည်း အခုဆိုရင် နောက်ဆုံး သုံးတိုင်ပဲ ကျန်တော့တာလေ"

ထောင်ဝမ်၏ မျက်ဝန်းများသည် လော့ချန်ထံမှ မခွာသေးပေ။ သူမ၏ အသံသည် တည်ငြိမ်သော်လည်း ယုံကြည်မှုအပြည့်ရှိနေသည်။

"လော့ချန်သာ ဒီ ဒုတိယပွဲစဉ်မှာ ရလဒ်ကောင်းတွေ ယူပေးမယ်ဆိုရင် ကျွန်မ ထိပ်ဆုံးသုံးယောက်ထဲ ဝင်မှာ သေချာတယ်၊ ဓားသိုင်းပြိုင်ပွဲအတွက် သိမ်းထားတာထက် သူ့ကို အပြည့်အဝ ပံ့ပိုးပေးပြီး ဒီပြိုင်ပွဲမှာ အနိုင်ယူတာက ပိုအကျိုးရှိတယ်"

ထောင်တောက်နန် နောက်ဆုံးတွင်မှ နားလည် သဘောပေါက်သွားခဲ့ရတော့သည်။ သူသည် မိမိ၏ သေးငယ်သော စိုးရိမ်မှုတစ်ခုကြောင့် ကြီးမားသည့် အခွင့်အလမ်းကို မမြင်မိလုနီးပါး ဖြစ်ခဲ့သည်။

ထောင်ရိရှန်းကမူ မည်သည့် စကားမျှ ထပ်မံ မဆိုတော့ဘဲ လူနှစ်ဦးကို ခေါ်ဆောင်ကာ ဆေးလုံးစိမ်းချိုင့်ဝှမ်းအပြင်ဘက်ရှိ ရှောင်နန်တောင်သို့ ချက်ချင်း ဦးတည်ထွက်ခွာသွားခဲ့သည်။

ယူရန်အမွှေးတိုင်သည် သိုလှောင်အိတ်တွင် သိမ်းဆည်း၍ မရသည့် ထူးခြားလှသော ဆေးပစ္စည်းတစ်မျိုးဖြစ်ပြီး အမြဲ လျှို့ဝှက်နည်းလမ်းများကို အသုံးပြုလျက် သိမ်းဆည်းထားမှသာ ၎င်း၏ ဆေးဘက်ဝင် စွမ်းအားများကို ထိန်းသိမ်းထားနိုင်သည်။

တစ်ချိန်တည်းမှာပင်....။

တစ်ကွင်းလုံး ဆူညံသံများဖြင့် ပြည့်နှက်နေစဉ် ပြိုင်ပွဲကွင်းပြင်ကြီးအတွင်း၌မူ ကောင်းကင်နှင့်မြေပြင်ကို မှောက်လှန်ပစ်မည့်အလား ကြီးမားလှသော ပြောင်းလဲမှုကြီးတစ်ခု ထွက်ပေါ်လာခဲ့လေပြီ။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters