← Chapters

အခန်း ၄၈၂

Vol. 49 Ch. 482

အခန်း ၄၈၂

Vol. 49 Ch. 482

အခန်း (၄၈၂) - ငါ တကယ်ပဲ တန်ချန်ဇီကို မယှဉ်နိုင်တာလား

ဆေးဖော်ပြိုင်ပွဲကြီး၏ စင်မြင့်ထက်တွင်....။

ကွီယွမ်ပုစဥ်းခွံအား လော့ချန် အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းပြီးစီးသွားခဲ့ပြီ ဖြစ်သည့်အတွက် ပြင်းထန်လှသော ဖိအားများမှာ မည်သို့မျှ တားဆီး၍မရနိုင်သည့်အလား ပတ်ဝန်းကျင် အရပ်မျက်နှာအနှံ့အပြားသို့ ပျံ့လွင့်သွားခဲ့ရတော့သည်။

ဆေးဖော်ဆရာ တစ်ဦးချင်းစီ၏ စိတ်အတွင်း၌ အလွန်အမင်း လေးလံထိုင်းမှိုင်းလာခဲ့ရတော့သည်။ တစ်စုံတစ်ယောက်က သူတို့ထက် ခြေတစ်လှမ်း ရှေ့ရောက်သွားခဲ့ပြီ ဖြစ်သည်။

ပြိုင်ပွဲကွင်းပြင်အတွင်း အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ကြသော လူသုံးဦးရှိသည်။ ထိုသုံးဦးမှာ အစောဆုံးကတည်းက လွယ်ကူသောအရာမှ ခက်ခဲသောအရာကို လုပ်ဆောင်သွားရန် ရွေးချယ်ခဲ့ပြီး ပထမအဆင့် ဆေးဘက်ဝင်ပစ္စည်းများကို ကြိုတင်ကိုင်တွယ်ဖြေရှင်းထားခဲ့သူ သုံးဦး ဖြစ်သည်။

သူတို့အနေဖြင့် တောက်ပကြယ်မြက်၊ ထျန်ချင်းရှားစောင်းနှင့် သစ်ခွ အားလုံးကို ကိုင်တွယ်ဖြေရှင်းပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ ထို့နောက် ဒုတိယဆင့် ဆေးဘက်ဝင် ပစ္စည်း နှစ်မျိုးနှင့် ရင်ဆိုင်ရသည့် အခါ၌မူ အလွန်အမင်း ခက်ခဲလှသော အခြေအနေတစ်ခုနှင့် ကြုံတွေ့သွားခဲ့ရတော့သည်။ မြရောင်မြူခိုးမြက်မှာ ပြောရလျှင် မခက်ခဲလှပေ။ သို့သော် ကွီယွမ်ပုစဥ်းခွံကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည်မှာမူ သူတို့ရှေ့တွင် တောင်တစ်လုံးကဲ့သို့ ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်လာခဲ့သည်။

အကြောင်းမှာ လူတိုင်းသည် အာရုံတစ်ခုတည်းဖြင့် အရာအားလုံးကို လုပ်ဆောင်နိုင်ခြင်း မရှိသောကြောင့်ပင်။ မိမိတို့ရှေ့ရှိ ဆေးဘက်ဝင်ပစ္စည်းများကို ကိုင်တွယ်နေရင်း၊ တစ်ချိန်တည်းမှာပင် လော့ချန်နှင့် တန်ရန်ဇီတို့၏ လုပ်ငန်းစဉ်တစ်ခုလုံးကို စောင့်ကြည့်လေ့လာရန်မှာ မဖြစ်နိုင်ပေ။ ရွှမ်ယွင်ကျီပင်လျှင် ထိုအချိန်တွင် လော့ချန်၏ ဆေးဖော်စပ်မှုအတွင်းမှ ထွက်ပေါ်လာခဲ့သော အရာများအနက် အနည်းငယ်မျှသော အစိတ်အပိုင်းကိုသာ မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ သို့သော် ထိုအနည်းငယ်မျှသော အရာကပင် သူ့အား မိမိ၏ လမ်းစဉ်မှာ မှားယွင်းနေခဲ့ကြောင်း သတိပြုမိစေရန် လုံလောက်ခဲ့သည်။ ထို့နောက် သူ ဆေးဘက်ဝင် ဂုဏ်သတ္တိများကို ပြန်လည် ခွဲခြမ်းစိတ်ဖြာခဲ့ပြီး၊ လော့ချန် လျှောက်လှမ်းခဲ့သော လမ်းစဉ်အတိုင်း ပြန်လည် လျှောက်လှမ်းခဲ့ရတော့သည်။

ဤအရာကြောင့် သူ လမ်းကြောင်းမှန်ပေါ် ရောက်သွားခဲ့သော်လည်း အရှိန်အဟုန်မှာမူ မလွဲမသွေ နှေးကွေးသွားခဲ့ရသည်။

သို့သော် အခြားသူများမှာမူ ထိုကဲ့သို့သော ကံကောင်းမှုမျိုးပင် မပိုင်ဆိုင်ခဲ့ကြပေ။ သူတို့သည် လော့ချန် ကွီယွမ်ပုစဥ်းခွံကို ကိုင်တွယ်ဖြေရှင်းခဲ့သည့် အခွင့်အရေးကို လွတ်သွားခဲ့ကြပြီ ဖြစ်သည်။ သင်ယူချင်ပါသော်လည်း သင်ယူစရာ အခွင့်အရေးပင် မရှိတော့ချေ။ ထို့ကြောင့် အစောဆုံး ရှေ့ပြေးလမ်းဖောက်ခဲ့သော သုံးဦးမှာ ယခုအချိန်တွင် နေရာ၌ပင် ကြောင်အမ်းအမ်း ရပ်တန့်နေခဲ့ကြရသည်။

ကျန်ရှိနေသေးသော ဆေးဖော်ဆရာများအနက် ဖူမျိုးနွယ်စု၏ ဆေးဖော်ဆရာမှာ ဆေးအိုးအတွင်းရှိ မအောင်မြင်ခဲ့သော ကွီယွမ်ပုစဥ်းခွံကို စူးစိုက်ကြည့်ရင်း နက်ရှိုင်းစွာ တွေးတောနေခဲ့သည်။ သူ ဦးစွာ လော့ချန်ကို လှမ်းကြည့်လိုက်မိပြီး၊ ထို့နောက်တွင်မူ အေးအေးဆေးဆေး ရှိနေခဲ့သော တန်ရန်ဇီကို လှမ်းကြည့်ကာ နောက်ဆုံးတွင်မူ ရွှမ်ယွင်ကျီထံသို့ အကြည့်များ ရွှေ့လိုက်သည်။

အချိန်အတော်ကြာပြီးနောက် သူ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တော့သည်။ စုစုပေါင်း ဆေးဘက်ဝင် ပစ္စည်း သုံးသုတ်စာ ရှိနေခဲ့ရာ တစ်ကြိမ် မှားယွင်းသွားခဲ့ပြီ ဖြစ်သဖြင့်၊ အမှားခံနိုင်စွမ်းမှာ အလွန်အမင်း နည်းပါးသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ဦးစွာ ကျန်ရှိနေသေးသော ဆေးဘက်ဝင်ပစ္စည်းများကို သေချာစွာ အောင်မြင်အောင် ကိုင်တွယ်ပြီးနောက် နောက်ဆုံးကျန်ရှိသည့် အခွင့်အရေးကို အသုံးပြုကာ ကွီယွမ်ပုစဥ်းခွံကို ထပ်မံစမ်းသပ်မည် ဖြစ်သည်။ ရွှမ်ယွင်ကျီထံမှ ရရှိထားသော အသိဉာဏ်အချို့ကြောင့် လမ်းကြောင်းကို အနည်းငယ် သိရှိထားပြီးဖြစ်သည်။ ထိုအသိဉာဏ်၏ မူလရင်းမြစ်မှာမူ လော့ချန်ပင် ဖြစ်သည်။

....

သို့သော် သူ၏ တည်ငြိမ်သော ဆုံးဖြတ်ချက်နှင့် နှိုင်းယှဉ်လျှင် အခြားတစ်ဦးမှာမူ ထိုမျှအထိ မတည်ငြိမ်နိုင်ခဲ့ပေ။ လူအများ၏ ကြည်ညိုလေးစားမှုကို ရရှိနေသော လော့ချန်ကို ကြည့်ရင်း ဟွမ်ဟယ်ဇီသည် မိမိ၏ ရလဒ်မကောင်းခဲ့သော ကွီယွမ်ပုစဥ်းခွံကို ငုံ့ကြည့်လိုက်သည်။

မူလစွမ်းအင်အချို့ ကျန်ရှိနေသေးသော်လည်း ၎င်းသည် ‘ကောင်းကင်ပြင်ကဲ့သို့ ကြည်လင်တောက်ပသော’ အဆင့်သို့ မရောက်ရှိခဲ့ပေ။ အမှန်မှာ အတွင်း၌ အညစ်အကြေးများစွာ ကျန်ရှိနေခဲ့သည်။ ဤရလဒ်မှာ အောင်မြင်မှုဟု မခေါ်နိုင်ပေ။ ဆေးဝါးအဖြစ် အသုံးပြုရန် မည်သို့မျှ မဖြစ်နိုင်ချေ။

"ဘာကြောင့် ဒီလို ဖြစ်လာရတာလဲ...."

"ဆေးဘက်ဝင်သဘောတရားအရဆိုရင်.... ငါ့ရဲ့နည်းလမ်းက မမှားဘူးမဟုတ်လား...."

"ဒါဆို.... ဘယ်နေရာမှာ မှားယွင်းသွားတာလဲ...."

"တန်ချန်ဇီက ဘာကြောင့် အောင်မြင်သွားရတာလဲ...."

"အသက်အရွယ်၊ အတွေ့အကြုံ၊ နောက်ခံ.... ဘာနဲ့ပဲ နှိုင်းယှဉ်ကြည့်ကြည့် သူက အရင်ဆုံး အောင်မြင်သင့်တဲ့သူ မဟုတ်ဘူး...."

အလွန်အမင်း ဒေါသထွက်သွားခဲ့သော ဟွမ်ဟယ်ဇီမှာ ထိုနေရာ၌ပင် ရပ်တန့်နေခဲ့ပြီး၊ အိုမင်းရင့်ရော်နေခဲ့သော သူ၏ ခန္ဓာကိုယ်မှာလည်း အနည်းငယ်မျှ တုန်ရီနေခဲ့သည်။ အကြောင်းမှာ တစ်သက်တာလုံး ဆေးဖော်လမ်းစဉ်အပေါ် ဂုဏ်ယူဝင့်ကြွားခဲ့သော သူ့အား သူ အထင်သေးခဲ့သည့် တစ်ကိုယ်တော်ကျင့်ကြံသူ လော့ချန်က အပြတ်သတ် အနိုင်ယူသွားခဲ့ခြင်းကြောင့်ပင်။

ဤရိုက်ခတ်မှုသည် တစ်သက်တာလုံး ဆေးဖော်လမ်းစဉ်အတွက် ပေးဆပ်ခဲ့သော ဟွမ်ဟယ်ဇီအတွက် လက်ခံရန် အလွန်ခက်ခဲလှပေသည်။ အထူးသဖြင့် တန်ရန်ဇီကပါ ကွီယွမ်ပုစဥ်းခွံကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းပြီး ဒုတိယမြောက်အနေဖြင့် ရလဒ်ကို တင်ပြနိုင်ခဲ့သည့်အခါတွင် သူ လုံးဝ မတည်ငြိမ်နိုင်တော့ပေ။

"ဒီ ပထမပိုင်းမှာ.... ငါ နံပါတ်တစ် ဖြစ်လာဖို့အတွက် ရည်ရွယ်ခဲ့တာပါ၊ ဘာဖြစ်လို့.... အခုတော့ ဒီလောက်အထိ နောက်ကျကျန်ရစ်ခဲ့ရတာလဲ"

ဤမေးခွန်းအား ဖြေပေးနိုင်သူ မည်သူမျှ မရှိခဲ့ပေ။

ဤလောကကြီးတွင် အချို့သူများ၌ ပါရမီရှိသည်။ အချို့သူများ၌ ကံကောင်းမှုရှိသည်။ အချို့သူများ၌ အချိန်မှန် ဆုံးဖြတ်ချက်ချနိုင်သော ဉာဏ်ပညာရှိသည်။

ဤအရာသုံးခုအနက် တစ်ခုမျှ မပိုင်ဆိုင်ခဲ့ပါက ယခင်က ရရှိခဲ့သော အောင်မြင်မှုများသည်ပင် တစ်ခဏအတွင်း ပျောက်ကွယ်သွားနိုင်သည်။

ဆေးဖော်ပညာရှင်အသင်း အကြီးအကဲသည် စိတ်မပါ့တပါ ဖြစ်သွားသော ဟွမ်ဟယ်ဇီကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းအသာခါလိုက်သည်။ ထိုသူသည် ဒုတိယအဆင့် ဆေးဖော်ဆရာဖြစ်သော်လည်း အသက်နှစ်ရာကျော်မှသာ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ပါရမီရှင်ခုနစ်ဦးထဲမှ တစ်ဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရသူ ဖြစ်သည်။ အမှန်တကယ် ထူးချွန်သော ဆေးဖော်ဆရာများမှာမူ ဤအသက်အရွယ်တွင် ဆေးဖော်ပညာရှင်အသင်း၏ ဖိတ်ခေါ်မှုကို ခံရပြီး ဖြစ်နေကြသည်။

“ဒီ ဟွမ်ဟယ်ဇီကတော့.... တကယ်ကို လိုအပ်ချက် နည်းနည်း ရှိနေသေးတာပဲ”

"တန်ချန်ဇီ.... တန်ချန်ဇီ.... ဆေးဖော် အခြေခံက တော်တော် ကြောက်စရာကောင်းလွန်းတယ်"

သူနှင့် ဆေးလုံးစိမ်းချိုင့်ဝှမ်းရှိ ပြိုင်ပွဲကို ကြည့်ရှုနေခဲ့ကြသော သောင်းနှင့်ချီသော ကျင့်ကြံသူများ၏ အကြည့်များအောက်၌ လော့ချန်၏ လက်တစ်စုံမှာမူ ကျန်ရှိနေခဲ့သော ဆေးဘက်ဝင် ပစ္စည်း သုံးစုကို အလွန်အမင်း မြန်ဆန်လှစွာဖြင့် ကိုင်တွယ်ဖြေရှင်းနေခဲ့သည်။ တစ်ခါတစ်ရံ ပန်းများကြား ပျံသန်းနေသော လိပ်ပြာတစ်ကောင်ကဲ့သို့၊ တစ်ခါတစ်ရံ အဝတ်လျှော်နေသော မိန်းကလေးတစ်ဦးကဲ့သို့ အလွန်အမင်း နူးညံ့လှစွာဖြင့် ကိုင်တွယ်နေခဲ့သည်။

သူ၏ ဆေးဖော်အတတ်ပညာသည် အပူပြင်းသော အရှိန်အဝါမပါရှိသော်လည်း သစ်ခွအား ကိုင်တွယ်လိုက်သည်နှင့် နွေးထွေးသည့် အရှိန်အဝါတစ်ရပ်ကို ထုတ်ဖော်ပြသလာခဲ့သည်။

ကွီယွမ်ပုစဥ်းခွံကို ကိုင်တွယ်ရန် လော့ချန် တစ်နာရီခွဲခန့် အချိန်ပေးခဲ့ရသည်။

ထိုအတွင်း၌ သစ္စာနှလုံးသားလက်ကွက်ကို အသုံးပြုလျက် တောက်ပကြယ်မြက်ကိုပါ တစ်ပြိုင်နက်တည်း ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ယခုအချိန်တွင် ကျန်ရှိနေသည့် ဆေးဘက်ဝင်ပစ္စည်းသုံးမျိုးကို ကိုင်တွယ်သောအခါ သူ၏ အရှိန်မှာ ရုတ်တရက် မြင့်တက်လာခဲ့သည်။

မကြာမီ ဆေးဖော်ပညာရှင်အသင်း အကြီးအကဲ၏ အသံမှာ ကွင်းပြင်တစ်ခုလုံးသို့ ပျံ့နှံ့ထွက်ပေါ်လာသည်။

"တောက်ပကြယ်မြက်၊ ပြီးပြည့်စုံတယ်"

"ထျန်ချင်းရှားစောင်း၊ ပြီးပြည့်စုံတယ်"

"သစ်ခွ၊ ပြီးပြည့်စုံတယ်"

"မြရောင်မြူခိုးမြက်၊ ပြီးပြည့်စုံတယ်"

"ကွီယွမ်ပုစဥ်းခွံ၊ ပြီးပြည့်စုံတယ်"

အေးအေးဆေးဆေး ရှိနေခဲ့သော လော့ချန်ကို ကြည့်ရင်း ဆေးဖော်ပညာရှင်အသင်း အကြီးအကဲမှာ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်မိသည်။

"ဆေးဘက်ဝင်ပစ္စည်းငါးမျိုးလုံး.... ပြီးပြည့်စုံတယ်၊ အသုံးပြုခဲ့တဲ့ အချိန်ကလည်း အတိုဆုံးပဲ"

"ထောင်မျိုးနွယ်စုရဲ့ ကိုယ်စားပြု တန်ချန်ဇီ.... ပထမပိုင်းဆေးဖော်ပြိုင်ပွဲရဲ့ အဆင့်တစ်"

ထိုစကား ထွက်ပေါ်လာသည့်အခိုက် လူပေါင်းများစွာမှာ အသက်ရှူရန်ပင် မေ့လျော့နေခဲ့ကြသည်။ အဆင့်တစ် ဟူသော စကားလုံးကို ကြားလိုက်ရသည့်အခါ ထိန်းချုပ်ထားခဲ့သော စိတ်လှုပ်ရှားမှုများ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာခဲ့တော့သည်။

လော့ချန်မှာမူ စင်မြင့်ကြီးထက်တွင် ရပ်တန့်နေခဲ့ပြီး၊ အလွန်အမင်း ထက်မြက်လှသော အကြည့်များဖြင့် ပြင်ပရှိ မရေမတွက်နိုင်သော လူအုပ်ကြီး၏ လှုပ်ရှားနေခဲ့သော နှုတ်ခမ်းဖျားများကို ဖတ်ရှုနေခဲ့သည်။ အသံလုံ မှော်အစီအရင်များဖြင့် ပိတ်ပင်တားဆီးထားခဲ့သော်လည်း နှုတ်ခမ်းကို ဖတ်ရှုခြင်းဟူသော သေးငယ်လှသည့် နည်းလမ်းမျိုးကိုမူ ကျင့်ကြံသူမြောက်အမြား လုပ်ဆောင်နိုင်ကြသည်။ သူ့အနေဖြင့် အသံများကို မကြားနိုင်သော်လည်း ပြင်ပကမ္ဘာသည် ယခုအချိန်တွင် မည်မျှ ဆူညံနေလောက်မည်ကို သူ ခန့်မှန်းနိုင်ခဲ့သည်။

သူ အနည်းငယ် ပြုံးလိုက်မိသည်။ လုံလောက်သော တုန်လှုပ်မှုများသာလျှင် သူ၏ တန်ချန်ဇီဟူသော ဂုဏ်သတင်းကို ပိုမို ကျော်ကြားစေမည် ဖြစ်သည်။ မီးနတ်ဘုရားဟူသော ဘွဲ့တစ်ခုတည်းဖြင့်မူ သူ မည်သို့မျှ ဂုဏ်ယူဝင့်ကြွားနိုင်မည် မဟုတ်ချေ။ တန်ချန်ဇီဟူသော ဘွဲ့နာမမှသာလျှင် သူ့အား ကျင့်ကြံအဆင့်၏ ကန့်သတ်ချက်များမှ လွတ်မြောက်စေကာ ထိပ်သီးဆေးဖော်ဆရာကြီးများနှင့် တန်းတူ ဆက်ဆံနိုင်သည့် အနေအထားသို့ ပို့ဆောင်ပေးနိုင်သည်။

ထို့အပြင် ဤအရာသည် အစမျှသာ ဖြစ်သေးသည်။

"အောင်မြင်သွားပြီ ဆိုတော့ အောက်ကိုဆင်းပြီး နားလိုက်ပါဦး၊ နောက်ထပ် ဒုတိယပိုင်းနဲ့ တတိယပိုင်း နှစ်ခု ကျန်သေးတယ်၊ အဲ့အဆင့်တွေက စိတ်ပင်ပန်းနွမ်းနယ်စေမယ့် ပြိုင်ပွဲ နှစ်ခု ဖြစ်တာကြောင့် မင်း ကြိုတင် ပြင်ဆင်ထားနော်"

ဆေးဖော်ပညာရှင်အသင်း အကြီးအကဲက ပြောလိုက်သည်။ လော့ချန် လက်နှစ်ဖက်ကို ဆုပ်ကာ ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။

"အကြီးအကဲရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်၊ တပည့် အောက်ကိုဆင်းပြီး ပြင်ဆင်ပါတော့မယ်"

ထိုကဲ့သို့ ယဉ်ကျေးပျူငှာစွာ ပြုမူနေသော လော့ချန်ကို မြင်ရသောအခါ ဆေးဖော်ပညာရှင်အသင်း အကြီးအကဲက သူ၏ မုတ်ဆိတ်မွှေးများကို သပ်လိုက်မိပြီး ဖော်ရွေလှသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။ အစောပိုင်းက ရှိခဲ့သော လော့ချန်အပေါ် မုန်းတီးမှုများမှာ ယခုအချိန်တွင် အစအနမကျန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သူ လက်ကို ဆန့်ထုတ်ကာ မှော်အစီအရင်ကို ဖွင့်လိုက်ပြီး

"မင်းအရမ်းတော်တယ်၊ ဒုတိယပိုင်းမှာလည်း ကြိုးကြိုးစားစားလုပ်နော်"

လော့ချန် ခေါင်းကို ညိတ်လိုက်သည်။ ဤအဘိုးအိုမှာ လူကောင်းတစ်ဦး ဖြစ်ပုံပေါ်သည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ လူတစ်ဦးမဟုတ်သော မိမိက သူတို့ ဂိုဏ်းသားများကို အနိုင်ယူခဲ့သည့်တိုင် မုန်းတီးမှုမရှိဘဲ အားပေးစကားပင် ပြောပေးခဲ့သည်။

လော့ချန် မှော်အစီအရင်အတွင်းမှ ဖြတ်ကျော်ထွက်လာလိုက်သည့် အချိန်၌ မရေမတွက်နိုင်သော အကြည့်ပေါင်းများစွာမှာ သူ့ထံသို့ တစ်ပြိုင်နက်တည်း စုဝေးကျရောက်လာခဲ့သည်။ သာမန်လူတစ်ဦးသာ ဆိုပါက ထိုမျှ စုပြုံကျရောက်လာသော အကြည့်များကို ခံနိုင်ရည် ရှိမည် မဟုတ်ချေ။ သို့သော်လည်း သူကမူ လွတ်လပ်ပေါ့ပါးစွာဖြင့် အပြုံးတစ်ခုကို ထုတ်ဖော်ကာ ထောင်မျိုးနွယ်စု၏ စင်မြင့်ကြီးဆီသို့ ဦးတည်ပျံသန်းလိုက်သည်။

သူ ဖြတ်သန်းသွားခဲ့သည့် နေရာတိုင်း၌ အကြည့်ပေါင်းများစွာမှာ သူ့နောက်မှ လိုက်ပါနေခဲ့ကြသည်။အခြားသော စင်မြင့်များပေါ်ရှိ ရွေးချယ်ခံမျိုးဆက်များပင်လျှင် အမျိုးမျိုးသော စိတ်ခံစားချက်များဖြင့် လော့ချန်အား စိုက်ကြည့်နေခဲ့ကြသည်။

ထိုအကြည့်များထဲတွင် အံ့အားသင့်မှုများ၊ သံသယများ၊ စူးစမ်းလိုစိတ်များ၊ ထို့အပြင် မဖုံးကွယ်နိုင်သော မုန်းတီးမှုများပင် ရှိနေခဲ့သည်။ သို့သော် ထိုအရာများအနက် လော့ချန်အား အမှန်တကယ် စိတ်ဝင်စားနေခဲ့သူများမှာ အလွန်များပြားလှပေသည်။ ထိုနည်းတူပင် မျက်နှာအပျက်ပျက်နှင့် ဒေါသကို မဖုံးကွယ်နိုင်ဘဲ ထွက်ပေါ်လာခဲ့သော မလိုလားအပ်သည့် အကြည့်အချို့ကိုလည်း လော့ချန် ခံစားမိနေခဲ့သည်။ သို့သော် သူကမူ ထိုအရာများကို လုံးဝဂရုမစိုက်ခဲ့ပေ။ လက်ခုပ်များတီးကာ ပျော်ရွှင်စွာ ဂုဏ်ပြုအော်ဟစ်နေကြသော ထောင်မျိုးနွယ်စုလူအုပ်ကြီးထဲသို့ သူ ခြေလှမ်းလှမ်းလိုက်တော့သည်။

လူအုပ်ကြီးကို ဖြတ်ကျော်ပြီးနောက် အမြင့်ဆုံးနေရာတွင် ရှိနေခဲ့သော အမျိုးသမီးက သူ့အား နူးညံ့သော အပြုံးတစ်ခုဖြင့် ကြိုဆိုလိုက်သည်။

လော့ချန် ခေါင်းညိတ်ပြလိုက်ပြီးနောက် နောက်ဘက်ရှိ တိတ်ဆိတ်အေးချမ်းသော အခန်းငယ်လေးအတွင်းသို့ ဝင်ရောက်သွားခဲ့တော့သည်။

....

လော့ချန် ထွက်ခွာသွားပြီး မကြာမီအချိန်အတွင်း၌ပင် ဆေးဖော်စင်မြင့်ထက်တွင် ဒုတိယမြောက် အောင်မြင်သူလည်း ပေါ်ထွက်လာခဲ့သည်။ ထိုသူမှာ တန်ရန်ဇီ ဖြစ်သည်။ သူသည်လည်း လော့ချန်ကဲ့သို့ပင် အလွန်အမင်း တည်ငြိမ်အေးဆေးစွာဖြင့် ကွီယွမ်ပုစဉ်းခွံကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။

အခက်ခဲဆုံးသော အဆင့်တစ်ဆင့်ကို ကျော်ဖြတ်ပြီးသွားခဲ့ပြီ ဖြစ်သည်။

ကျန်ရှိနေသေးသော ဆေးဘက်ဝင်ပစ္စည်းများမှာ သူ့အမြင်အရ အလွန်အမင်း ခက်ခဲလှသော အရာများ မဟုတ်တော့ပေ။ အချိန်အနည်းငယ်ကြာမြင့်ပြီးနောက် သူ အားလုံးကို ပြီးပြည့်စုံစွာ ကိုင်တွယ်နိုင်ခဲ့သည်။

ဆေးဘက်ဝင်ပစ္စည်းများကို ပေးအပ်လိုက်သည့်အချိန်၌ ဆေးဖော်ပညာရှင်အသင်း အကြီးအကဲက ရှုပ်ထွေးလှသော အမူအရာဖြင့် သူ့အား စိုက်ကြည့်လာသည်။

"ဘာကြောင့်.... ဒီလောက်အထိ ပင်ပန်းခံပြီး ဆက်လုပ်နေရတာလဲ"

တန်ရန်ဇီကမူ မည်သည့် စကားမျှ ပြောဆိုခြင်း မရှိဘဲ ချက်ချင်းပင် အောက်သို့ ဆင်းသွားခဲ့တော့သည်။

သူ၏ မျက်နှာထက်တွင် လော့ချန်၏ နောက်တွင် ကျန်ရစ်ခဲ့ခြင်းကြောင့် စိတ်ပျက်အားငယ်မှုဟူသော အရိပ်အယောင် တစ်စုံတစ်ရာမျှ မတွေ့ရပေ။

"နောက်တစ်ယောက်ကတော့ ရွှမ်ယွင်ကျီ ဖြစ်မှာပါ၊ ပြီးရင်တော့ ဖူဟွိုင် ပေါ့"

"ဒါပေမဲ့.... ဒီဟွမ်ဟယ်ဇီကတော့ တကယ့်ကို ထူးဆန်းလှတယ်၊ အခြေခံအုတ်မြစ်က သိပ်ခိုင်မာနေရဲ့သားနဲ့ စိတ်မငြိမ်ဖြစ်သွားတာကြောင့် နောက်ဆုံးနေရာအထိ ရောက်သွားပြီ"

"နှစ်ပေါင်းများစွာ ဆေးဖော်ခဲ့တာတောင်.... ဒီလိုအမှားမျိုး လုပ်မိတာကတော့ တကယ်ကို အံ့ဩစရာပဲ"

....

ပြင်ပကမ္ဘာ၏ ဆူညံသံများမှာ ယခုအချိန်တွင် လော့ချန်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိတော့ပေ။

သူ၏ အာရုံအားလုံးမှာ ထောင်ရိရှန်း အထူးပေးပို့လာခဲ့သော ဝိညာဉ်အမွှေးတိုင်တစ်တိုင်ထံတွင်သာ ရှိနေခဲ့သည်။

“ယူရန်အမွှေးတိုင်”

ဤအရာမှာ ထောင်မျိုးနွယ်စု၏ ဘိုးဘေးဖြစ်သော စီရင်စုသခင်နန်ရှန်းက သူမကွယ်လွန်မီ ဖန်တီးထားခဲ့သော ထူးခြားသည့် ဝိညာဉ်အမွှေးတိုင်တစ်မျိုး ဖြစ်သည်။ ၎င်းသည် စိတ်ဝိညာဉ်၏ ပင်ပန်းနွမ်းနယ်မှုကို အလွန်လျင်မြန်စွာ ပြန်လည်ကုစားပေးနိုင်သကဲ့သို့ စိတ်ခံစားချက်များကိုလည်း တည်ငြိမ်ကြည်လင်လာစေနိုင်သည်။ ထို့အပြင် ကျင့်ကြံသည့်အချိန်တွင် အသုံးပြုပါက ချက်ချင်းပင် အခြေအနေကောင်းတစ်ခုသို့ ရောက်ရှိသွားနိုင်ပေသည်။ အကျိုးသက်ရောက်မှုမှာ အလွန်ထူးခြားလှသော်လည်း အဓိကအားဖြင့် ကျင့်ကြံသူ၏ စိတ်အခြေအနေကို ပြန်လည်ပြုပြင်ပေးနိုင်သော အမွှေးတိုင်တစ်မျိုး ဖြစ်ပေသည်။

နူးညံ့ပျော့ပျောင်းသော ရွှေပန်းရနံ့တစ်မျိုးက သူ၏ နှာခေါင်းဖျားထံသို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့သည်။

ထောင်ဝမ်မှာ အမှန်ပင် သူ့အပေါ် စိတ်ရင်းစေတနာ ကောင်းလှသည်။

လော့ချန် ယူရန်အမွှေးတိုင်ကို အာရုံမစိုက်တော့ဘဲ သူ၏ အာရုံကို လက်ထဲရှိ ဆေးစာနှစ်စောင်ထံသို့ ပြန်ပြောင်းလိုက်သည်။ ဒုတိယပိုင်းနှင့် တတိယပိုင်း ပြိုင်ပွဲများမှာ ဆေးဖော်ရမည့် ပြိုင်ပွဲများ ဖြစ်သည်။ ဆေးလုံးနှစ်မျိုးစလုံး၏ ခက်ခဲမှုမှာ အလွန်မြင့်မားလှသည်ဟု မဆိုနိုင်ပေ။ ထို ဒုတိယဆင့် ကျန်းချန်ဆေးလုံးအား စနစ်၏ အကူအညီဖြင့် သူ အလွယ်ဖော်စပ်နိုင်မည်ဖြစ်သည်။

"နောက်ကျန်တဲ့ ပြိုင်ပွဲနှစ်ခုကတော့ တော်တော်လွယ်တဲ့ စမ်းသပ်မှုတွေ ဖြစ်လာတော့မှာပဲ"

"တန်ရန်ဇီလိုမျိုး ဆေးဖော်ပါရမီရှင်တစ်ဦးတောင်.... အစောပိုင်းပြိုင်ပွဲအတွက် အချိန်အများကြီး ယူခဲ့ရတာကြောင့် ဆေးစာတွေကို လေ့လာဖို့ အချိန်မလောက်တော့ဘူး"

"ဒီတော့.... ငါ့မှာ ပြိုင်ဘက်တောင် တစ်ယောက်မှ မရှိတော့ဘူးပဲ"

....

ဒုတိယပိုင်း ဆေးဖော်ပြိုင်ပွဲကြီးတွင် အနားယူရန်အတွက် ပေးအပ်ထားသော အချိန်ကာလမှာ အလွန်အမင်း တိုတောင်းလှပေသည်။ သို့သော်လည်း လော့ချန်မှာမူ ပထမဆုံးအောင်မြင်ခဲ့သူဖြစ်သဖြင့် တစ်နာရီခန့် အပြည့်အဝ အနားယူနိုင်ခဲ့သည်။

သူ စိတ်စွမ်းအားအပြည့်ဖြင့် ပြိုင်ပွဲစင်မြင့်ထက်သို့ ပြန်လည် ရောက်ရှိလာခဲ့သည့် အချိန်တွင် ပြိုင်ပွဲကွင်းပြင်အတွင်းရှိ ဆေးဖော်ဆရာတစ်ဝက်ခန့်မှာမူ ထိုအခြေအနေမျိုးတွင် မရှိကြောင်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

"ဒါက.... အနားယူဖို့ အချိန် မလုံလောက်သေးတာပဲ"

သူ အခြားသော လူများကို အကဲဖြတ်နေခဲ့သည့်အတောအတွင်း အခြား လူများမှာလည်း ထို့အတူပင် သူ့အားစောင့်ကြည့်နေခဲ့ကြသည်။ မည်သို့ပင် ဖြစ်စေ သူသည် ပထမပိုင်းပြိုင်ပွဲ၏ အကြွင်းမဲ့ အနိုင်ရရှိသူ ဖြစ်ပေသည်။ ထို့ပြင် မည်သည့်ဆရာတစ်ဦးမျှ မရှိခဲ့သော တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ဦးမျှသာ ဖြစ်ပါလျက် ဤမျှများပြားလှသော ဆေးဖော်ဆရာများကို အနိုင်ယူသွားခြင်း ဖြစ်သည်။ ဤကဲ့သို့သော လူတစ်ဦးကို မည်သူက လျစ်လျူရှုနိုင်ပါမည်နည်း။

တန်ရန်ဇီသည် လော့ချန်ဘက်သို့ တစ်ချက်သာ လှမ်းကြည့်လိုက်ပြီးနောက် မည်သည့်ခံစားချက်မျှ မပါဝင်သည့် မျက်နှာဖြင့် အရှေ့ဘက်ရှိ ဆေးဘက်ဝင်ပစ္စည်းပုံသို့ အာရုံပြန်လှည့်လိုက်သည်။ သူ၏လက်များက အစီအစဉ်တကျ တိတ်ဆိတ်လျင်မြန်စွာ လှုပ်ရှားနေပြီး တစ်ဦးတည်း ဆေးဖော်စပ်ရန်လိုအပ်သည့် ပြင်ဆင်မှုများအားလုံးကို အပြီးသတ်ပြီးသား ဖြစ်နေလေပြီ။

ရွှမ်ယွင်ကျီကမူ အလွန်အေးဆေးသည့် အပြုံးတစ်ခုဖြင့် လော့ချန်ကို ကြည့်နေပြီး ခေါင်းညိတ်၍ပင် နှုတ်ဆတ်လိုက်သေးသည်။ သို့သော် ထူးဆန်းစွာပင် မည်သည့်အနှောင့်အယှက်မျှ မပေါ်ပေါက်ခဲ့ပေ။ ယခုလေးတင် သူသည် တတိယမြောက်အနေဖြင့် ပြိုင်ပွဲကို အဆုံးသတ်နိုင်ခဲ့သည်။ အောက်သို့ ဆင်းသွားခဲ့ပြီးနောက် ဟယ်ယွမ်ချင်း၏ အပြစ်တင်ခြင်းကို များစွာ မခံခဲ့ရချေ။

အမှန်စင်စစ် သူ၏ အစောပိုင်းမှားယွင်းသည့် ဆေးဘက်ဝင်ပစ္စည်းရွေးချယ်မှုကို ဖျက်ဆီးပစ်ပြီး လမ်းကြောင်းအသစ်ကို ပြန်လည်ရွေးချယ်လိုက်ခြင်းက မှန်ကန်ကြောင်းကို လက်တွေ့သက်သေပြပြီးသား ဖြစ်သည်။ ဟယ်ယွမ်ချင်းအနေဖြင့်လည်း အခြားလူများရှေ့တွင် အလွန်အမင်း ပြင်းထန်စွာ အပြစ်မတင်နိုင်ခဲ့ပေ။

ဆန့်ကျင်ဘက်တွင်မူ ဟွမ်ဟယ်ဇီသည် ခေါင်းငုံ့ထားရင်း ဒေါသအရှိန်က ရင်ထဲတွင် မီးတောက်သလို ဆူပွက်နေသော်လည်း ထုတ်ဖော်စရာနေရာ မရှိတော့ပေ။ ယခင်အလှည့်တွင် သူသည် အဆင့် (၆) သာ ရရှိခဲ့ပြီး အောက်သို့ ဆင်းလာသည့်အခါ ရှန်ကွမ်းယန်က ပြင်းပြင်းထန်ထန် အပြစ်မတင်သော်လည်း အခြားသူများ၏ သံသယ မျက်လုံးများက သူ့ရင်ကို ထိုးနှက်နေသလို နာကျင်စေခဲ့သည်။

"ဒီတစ်ကြိမ်မှာတော့.... ဘယ်လိုမှ မရှုံးစေရဘူး"

"အဲ့ဒီ တန်ချန်ဇီက.... တော်တော် မောက်မာတယ်၊ ဆေးဖော်ဖို့တောင် အကူ မခေါ်ထားဘူး၊ ငါသေချာပေါက် သူ့ကို အနိုင်ယူနိုင်မှာပါ"

"ခုန ပြိုင်ပွဲမှာ အရှက်ရခဲ့တာကို.... ဒီ ပြိုင်ပွဲမှာ ပြန်ချေပြမယ်"

သူ ဘေးရှိ လူနှစ်ဦးဘက်သို့ လှည့်ကာ အသံနိမ့်နိမ့်ဖြင့် အမိန့်ပေးလိုက်သည်။

"ခဏနေ ဆေးဖော်တဲ့ အချိန်ကျရင်.... ငါ့ကို အစွမ်းကုန် ကူညီပေးကြ၊ ဘာ အမှားအယွင်းမှ မရှိစေနဲ့"

ထို လူနှစ်ဦးမှာမူ စိတ်လှုပ်ရှားနေခဲ့ကြပြီး အလျင်အမြန်ပင် ခေါင်းကို ညိတ်ပြလိုက်ကြသည်။

ဟွမ်ဟယ်ဇီတစ်ဦးတည်းသာ ဤသို့ ပြုမှုနေခြင်း မဟုတ်ချေ။ အခြားဆေးဖော်ဆရာများဘေးတွင်လည်း အနည်းဆုံး ကူညီမည့်သူ တစ်ဦး၊ နှစ်ဦးခန့် ရှိနေကြသည်။

ပြိုင်ပွဲကွင်းပြင်ကြီးအတွင်း၌ လော့ချန်နှင့် တန်ရန်ဇီတို့ နှစ်ဦးသာလျှင် သူတို့၏ ဘေးဘက်တွင် လူမရှိဘဲ တစ်ဦးတည်းသာ ရှိနေခဲ့ကြသည်။

ပြင်ပရှိ သောင်းနှင့်ချီသော ကျင့်ကြံသူများကလည်း ထိုအခြေအနေကို ချက်ချင်း သတိထားမိသွားကြပြီး ဆူညံစွာ ဆွေးနွေးနေကြသည်။

"အစ်ကိုကြီးဘက်မှာ လူမရှိတာက နားလည်နိုင်ပါတယ်.... သူက အကူခေါ်ခွင့် ကန့်သတ်ခံထားရလို့လေ"

"ဒါပေမယ့် ဘာဖြစ်လို့.... အဲ့ဒီ တန်ချန်ဇီကလည်း တစ်ဦးတည်း ဖြစ်နေရတာလဲ"

"ထောင်မျိုးနွယ်စုက သူ့ကို ဘာမှ လုပ်မပေးဘူးလား"

"သူက တစ်ယောက်တည်း ဆေးဖော်စပ်တတ်တဲ့ လူမျိုး ဖြစ်မှာပေါ့”

"အေးလေ.... ဖြစ်နိုင်ပါတယ်.... မဟုတ်ရင် ဘယ်လိုလုပ် ဒီလို ထူးခြားဆန်းပြားလှတဲ့ ဆေးဖော် အတတ်ပညာတွေကို ကျွမ်းကျင်နေမှာလဲ"

"ဒါပေမဲ့ ဒီလို လုပ်နေတာ.... သူရဲ့ ဆေးဖော်အရှိန်က တခြားလူတွေရဲ့ နောက်ကို ရောက်သွားမှာကို စိုးရိမ်ရတယ်ဗျာ"

ပြိုင်ပွဲကွင်းထဲရှိ လူကိုးဦးလုံးမှာမူ ပြင်ပအသံများကို လုံးဝမကြားရသကဲ့သို့ အာရုံစူးစိုက်မှုအပြည့်ဖြင့် ဆေးဖော်ပညာရှင်အသင်း အကြီးအကဲကိုသာ ကြည့်နေကြသည်။

ဒုတိယပိုင်းစတင်မည့် အချိန်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့သည်။

"ဒုတိယပိုင်း ပြိုင်ပွဲ.... ပထမအဆင့် ဆေးလုံးတွေကို ဖော်စပ်ရမှာ ဖြစ်ပြီး လူတိုင်းကို ဆေးဘက်ဝင် ပစ္စည်း ဆယ်သုတ်စီ ပေးထားပါတယ်၊ ကုန်ဆုံးသွားခဲ့ရင်တော့ ပြိုင်ပွဲ ပြီးဆုံးသွားမှာ ဖြစ်ပါတယ်”

"ဆေးလုံး ရလဒ်က.... အနည်းဆုံး အဆင့်နိမ့်ဆေးလုံး ဖြစ်ရမယ်၊ ပျက်စီးသွားတဲ့ ဆေးလုံးအားလုံးကို အရှုံးအဖြစ် သတ်မှတ်မယ်"

"အခု.... ပြိုင်ပွဲ စပြီ"

အမိန့်သံထွက်လာသည့် လူတိုင်း တစ်ပြိုင်နက် လှုပ်ရှားသွားကြသည်။

ထိုအထဲတွင် အမြန်ဆုံး လှုပ်ရှားလိုက်သူများမှာ တန်ချန်ဇီနှင့် တန်ရန်ဇီ နှစ်ဦး ဖြစ်သည်။

နှစ်ဦးစလုံးတွင် ကူညီသူမရှိသောကြောင့် ဆေးဘက်ဝင်ပစ္စည်းများကို ကိုယ်တိုင်တစ်ယောက်တည်း ထိန်းချုပ် ကိုင်တွယ်နေလေရာ လှုပ်ရှားမှုတိုင်းက အလွန်မြန်ဆန်လှသည်။

ထိုလူနှစ်ဦး၏ လုပ်ဆောင်ချက်များက လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။

"တကယ့်ကို လှပချောမွေ့လှတဲ့ ဆေးဘက်ဝင်ပစ္စည်း ကိုင်တွယ်ဖြေရှင်းမှုပါပဲ၊ တကယ့်ကို ကျွမ်းကျင်လှတဲ့ ဆေးဖော် အတတ်ပညာပါပဲ"

"အာရုံနှစ်ခုခွဲပြီး.... ဆေးဘက်ဝင် ပစ္စည်း သုံးမျိုးကို တစ်ပြိုင်နက်တည်း ကိုင်တွယ်ဖြေရှင်းနေတာ၊ အဲ့ဒီ တန်ချန်ဇီ တစ်ယောက်တည်းက လူသုံးယောက်နဲ့ ညီမျှနေတာပဲဗျာ"

"ငါတို့အစ်ကိုကြီးကလည်း လုံးဝ မညံ့ပါဘူးနော်၊ မီးတောက်ကို ထိန်းချုပ်တဲ့ နည်းလမ်းက တကယ့်ကို အစွမ်းထက်လွန်းတယ်"

လော့ချန်မှာမူ အခြားသူများကို ဂရုစိုက်ရန် အချိန် မရှိချေ။ တစ်ဖက်တွင် ဆေးဘက်ဝင် ပစ္စည်းများကို ကိုင်တွယ်ဖြေရှင်းရင်း တစ်ဖက်တွင်မူ မြေအောက်မီးတောက်များကို ထိန်းချုပ်လျက် ဆေးအိုးကို တဖြည်းဖြည်း အပူပေးလိုက်သည်။

အပူချိန် အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားခဲ့ပြီးနောက် ပြင်ဆင်ပြီးသား ပစ္စည်းအချို့ကို ဆက်တိုက် ဆိုသလိုပင် ဆေးအိုးထဲ ထည့်သွင်းလိုက်သည်။

ဤ ထူးဆန်းလှသော မြင်ကွင်းက ဆေးဖော်ပညာရှင်အသင်း အကြီးအကဲ၏ အာရုံစိုက်မှုကို တစ်ဖန်ပြန်၍ ဆွဲဆောင်နိုင်ခဲ့သည်။

"ဒါက.... တစ်ဖက်မှာ ဆေးဖော်စပ်ရင်းနဲ့၊ တစ်ဖက်မှာ ဆေးဘက်ဝင် ပစ္စည်းတွေကို ကိုင်တွယ်ဖြေရှင်းနေတာလား"

"ဒါပေမဲ့ ဒီလို လုပ်မယ်ဆိုရင်.... မြေအောက်မီးတောက်ကို ထိန်းချုပ်တဲ့နေရာမှာ တော်တော်ကြီး ကျွမ်းကျင်မှရမှာလေ၊ ဒီကောင်လေး ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ယုံကြည်မှု ရှိနေရတာလဲ"

သူ၏ မျက်ခုံးများ တင်းကျပ်သွားသော်လည်း အချိန်ကြာလာသည်နှင့်အမျှ နည်းလမ်း၏ သဘောသဘာဝကို နားလည်လာခဲ့သည်။

“မီးတောက်နဲ့ စွမ်းအားကို ပေါင်းစပ်ပြီး.... စွမ်းအားနဲ့ မီးတောက်ကို ပြန်ထိန်းချုပ်နေတာလား....”

“သူက မီးတောက်ကို သုံးပြီး ဆေးဖော်စပ်နေတာ မဟုတ်ဘူး၊ မြေအောက်မီးတောက်တွေကို ချီစွမ်းအင်ပုံစံနဲ့ ပေါင်းစပ်ပြီးတော့.... လိုသလို ထိန်းချုပ်နေတာပဲ”

“ဒီကလေးကတော့.... ဆေးဖော်အခြေခံအတတ်ပညာမှာ ကြောက်မက်ဖွယ်ကောင်းလောက်တဲ့ ကျွမ်းကျင်မှုရှိရုံတင်မကဘူး၊ ဆေးမီးတောက်ကို ထိန်းချုပ်နိုင်စွမ်းကလည်း တော်တော်နက်ရှိုင်းတဲ့ အဆင့်တစ်ခုထိ ရောက်နေပြီ”

“ဒီလိုဆိုရင်တော့.... တန်ရန်ဇီနဲ့ သူကြားမှာ ကွာဟချက် ပိုပြီး ထင်ရှားလာတော့မယ်....”

မကြာမီ သူ၏ ခန့်မှန်းချက်အတိုင်း ဖြစ်ပေါ်လာခဲ့သည်။

အကယ်၍ တန်ရန်ဇီနှင့် လော့ချန်တို့၏ အရှိန်အဟုန်မှာ ယခင်အချိန်တွင် လုံးဝတူညီနေခဲ့သည်ဟု ဆိုလျှင် နောက်ပိုင်း ဆေးဖော်စပ်သည့် အခိုက်အတန့်တွင်မူ အခြေအနေက တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ လော့ချန်သည် မီးတောက်ပေါင်းစပ်ခြင်း နည်းစနစ်ကို အသုံးပြုလျက် တစ်ချိန်တည်းမှာပင် အာရုံနှစ်ခုကို ခွဲထုတ်ကာ ဆေးအိုးအတွင်း လှုပ်ရှားမှုတိုင်းကို တိကျစွာ ထိန်းချုပ်ရင်း ကွာဟချက်ကို တစ်ချက်ချင်း ချဲ့ထွင်သွားခဲ့သည်။

တန်ရန်ဇီသည်လည်း မညံ့လှချေ။ သူသည် ပုံမှန်အားဖြင့် ခရမ်းရောင် မီးတောက်များကို အသုံးပြုလျက် ဆေးဖော်ခြင်းကို ကျင့်သားရနေပြီဖြစ်သော်လည်း ယခုအချိန်တွင်မူ ထို လက်နက်ကြီးကို အသုံးပြုရန် ခွင့်ပြုမထားသည့်အတွက် သာမန်နည်းလမ်းများကိုသာ အသုံးပြုလျက် ဆေးဖော်စပ်နေခဲ့ရသည်။ ထိုအချိန်တွင် ယခင်ထက် ပိုမိုသွက်လက်မလာတော့ဘဲ တဖြည်းဖြည်း ကျွမ်းကျင်မှု၏ အားသာချက်ကို ဆုံးရှုံးသွားသလို ဖြစ်နေခဲ့သည်။ သို့သော်လည်း လော့ချန်ထက် အနည်းငယ်မျှသာ နှေးကွေးနေခဲ့ပြီး၊ သူ၏ အရှိန်အဟုန်မှာမူ အကူအညီ ရှိနေကြသော အခြားလူများထက်ပင် မြန်ဆန်နေခဲ့သေးသည်။

“ငါထင်တာ မမှားဘူးဆိုရင် ထိပ်ဆုံးသုံးယောက်နေရာကို တန်ချန်ဇီနဲ့ တန်ရန်ဇီတို့ သေချာပေါက် ယူသွားမှာပဲ”

“ထိပ်ဆုံးငါးဦးထဲ ရွှမ်ယွင်ကျီလို ပါရမီရှင်ကို ထည့်တွက်လိုက်ရင်တောင်.... တခြားသူတွေအတွက် ယှဉ်ပြိုင်နိုင်မယ့် နေရာက နှစ်နေရာလောက်ပဲ ကျန်တော့မှာပဲ....”

ဆေးဖော်အတွေ့အကြုံများစွာ ရှိနေခဲ့သော ဆေးဖော်ပညာရှင်အသင်း အကြီးအကဲမှာ အသေးစိတ် အချက်အလက် အချို့ကို ကြည့်ရှုလိုက်ရုံဖြင့် နောက်ပိုင်း ဖြစ်လာမည့် အနိုင်အရှုံး ရလဒ်များကို ခန့်မှန်းနိုင်ခဲ့ပြီ ဖြစ်သည်။

အမှန်လည်း ထိုသို့ ဖြစ်လာခဲ့သည်။

လော့ချန်၏ ဆေးအိုးထဲမှ နူးညံ့သော ဆေးရနံ့များ ထွက်ပေါ်လာခဲ့သည်နှင့် အရာအားလုံး အဖြေပေါ်လာခဲ့ပြီ ဖြစ်သည်။

အနီးဆုံးနေရာတွင် ရှိနေသော ဟွမ်ဟယ်ဇီမှာ ဤတစ်ကြိမ်တွင်လည်း ထို ဆေးရနံ့ကို ဦးစွာ ရရှိလိုက်သည်။ သို့သော် ထိုရနံ့သည် သူ၏ ကိုယ်ပိုင်ဆေးအိုးမှ မဟုတ်ဘဲ သူ ရန်သူဟု သတ်မှတ်ထားသော လော့ချန်၏ ဆေးအိုးထဲမှ ထွက်ပေါ်လာခြင်း ဖြစ်နေခဲ့သည်။

ထိုခဏတွင် သူ၏ စိတ်သည် အလွန်အမင်း ရှုပ်ထွေးသွားခဲ့သည်။

“ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ.... ငါ့မှာ အကူအညီ ရှိနေခဲ့ပါလျက်.... ဘာလို့ အဲ့ကောင်ကို မယှဉ်နိုင်ရတာလဲ”

ဤ ရှုပ်ထွေးမှုကပင် သူ့အား လမ်းမှားသို့ ရောက်ရှိသွားစေခဲ့သည်။

"အစ်ကိုကြီး.... ဆေးလုံး ပေါင်းစပ်တဲ့ နေရာမှာ ပြဿနာ တက်နေပြီ ထင်တယ်"

"ဆေးစွမ်းအားကို မထိန်းနိုင်တော့ဘူး.... အစ်ကိုကြီး၊ မြန်မြန် လုပ်ဆောင်ပေးပါဦး"

ဟွမ်ဟယ်ဇီ ရုတ်တရက် နိုးကြားသွားခဲ့ပြီး သူကိုယ်တိုင်ပင် မသိလိုက်ဘဲ အမိန့်များကို ဆက်တိုက် ပေးလိုက်တော့သည်။

သို့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ သူသည် တိတ်ဆိတ်စွာပင် ဆေးအိုးထဲရှိ မည်းနက်လောင်ကျွမ်းသော အညစ်အကြေးများကို ကြည့်ရင်း စိတ်ထဲဝယ် အေးစက်တုန်လှုပ်သွားခဲ့သည်။

ထူးဆန်းလှသည့် အတွေးတစ်ခုက သူ၏ ဦးနှောက်ထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

“ထောင်ဝမ် ဘာလို့ ငါ့ကို အထင်အမြင်သေးရတာလဲ ဆိုတာကို အခုမှ နားလည်တော့တယ်”

“ငါ တကယ်ပဲ တန်ချန်ဇီကို မယှဉ်နိုင်တာလား”

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters