← Chapters

အခန်း ၄၈၃

Vol. 49 Ch. 483

အခန်း ၄၈၃

Vol. 49 Ch. 483

အခန်း (၄၈၃) - သုံးပွဲဆက်တိုက် အနိုင်ရခြင်း၊ တန်ချန်ဇီ၏ တဟုန်ထိုး ကျော်ကြားမှု

"ဆရာတန်ချန်ဇီက သိပ်စွမ်းတာပဲဗျာ.... တကယ်ကို ထူးချွန်လွန်းလှပါတယ်"

"ဆရာတန်ချန်ဇီသာ ရှိနေမယ်ဆိုရင် ငါတို့ ထောင်မျိုးနွယ်စုကြီး ပြန်လည်စည်ပင်လာမှာ အသေအချာပဲ"

"မင်းတို့ မြင်လိုက်တယ်မလား.... ဟွမ်ဟယ်ဇီဆိုတဲ့ အဘိုးကြီးရဲ့ မျက်နှာကို.... သူ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ပုံစံက ကြည့်ရတာ အားရစရာပဲ"

"အေး.... အားရတယ်ဟေ့၊ ကိုယ်ပြုတဲ့ကံ ကိုယ်ထံပြန်တဲ့၊ အသက်ကြီးနေလို့ လူတိုင်းက မျက်နှာသာပေးထားတာကို ဒင်းက ငါတို့အစ်မထောင်ကို သစ္စာဖောက်သွားတယ်လေ၊ အခုတော့ အရှက်ကွဲပြီ.... ပြိုင်ပွဲပြီးရင် ရှန်ကွမ်းမျိုးနွယ်စုက သူ့ကိုဘယ်လိုဆက်ဆံမလဲဆိုတာ ငါတော့ ဖျာခင်းပြီးတော့ကို သွားထိုင်ကြည့်မှာ....”

"ဟော.... ဆရာတန်ချန်ဇီရေ၊ ဒီဘက်ကို ကြွခဲ့ပါဦးဗျာ"

နှစ်ပွဲလုံး ဆက်တိုက် ပထမနေရာ ရရှိခဲ့လေရာ လော့ချန်တစ်ယောက် စင်မြင့်ပေါ်မှ ဆင်းလာချိန်တွင် ယခင်က မရဖူးသော ရိုသေလေးစားမှုမျိုးကို ရရှိနေသည်။

ပထမပိုင်းပွဲစဉ်တွင် လူတိုင်းကို အံ့အားသင့်စေခဲ့သည်ဟု ဆိုရလျှင် ဒုတိယပိုင်းပွဲစဉ်တွင် ထပ်မံအောင်မြင်ခဲ့သည့်အတွက် တောင်မျိုးနွယ်စုတွင် သူရရှိနေသော အခွင့်ထူးများနှင့် ချီးကျူးမှုများမှာ အတိုင်းအဆမရှိတော့ပေ။

လော့ချန်ကမူ တည်ငြိမ်သည့် မျက်နှာထားဖြင့်သာ တုံ့ပြန်ကာ လူအုပ်ကြားကို ဖြတ်သန်းလာခဲ့သည်။

လမ်းတစ်လျှောက် တိုးဝှေ့လာပြီးနောက် ထောင်ဝမ်၏ ဘေးသို့ သူ ရောက်လာသည်။

"ပင်ပန်းသွားပြီနော်"

တောင်ဝမ်က သူ့အား စိုက်ကြည့်ရင်း ယခင်ထက် ပိုမိုနူးညံ့သော လေသံဖြင့် ဆိုသည်။

လော့ချန်က ပြုံးလျက် ခေါင်းခါလိုက်သည်။

"လက်ဖျောက်တီးတာလောက်ပါပဲ"

‘ဟင်’

တောင်ဝမ်သည် စင်မြင့်ပေါ်တွင် အသေအလဲ ကြိုးပမ်းနေကြဆဲဖြစ်သော အခြားဆေးဖော်ဆရာများကို ကြည့်ရင်း စကားတစ်ခွန်းမျှပင် မဆိုနိုင်တော့ဘဲ ငေးမောနေမိသည်။

အချိန်အတော်ကြာမှ သူမ စကားစလာသည်။

"အခုဆိုရင် မင်းက နှစ်ပွဲဆက်တိုက် အဆင့်တစ် ရပြီးပြီ.... နောက်တစ်ပွဲမှာ ဘယ်လိုအဆင့်ပဲရရ၊ ငါ့အနေနဲ့ အဆင့်လေးကနေ ရှေ့တက်ဖို့ အခွင့်အရေးရှိသွားပြီ၊ ဒါကြောင့် တတိယပွဲမှာတော့ မင်း နည်းနည်းလျှော့ပြီး ပြိုင်ပေးနိုင်မလား"

သူမစကား၏ အဓိပ္ပာယ်မှာ မယုံကြည်ခြင်းမဟုတ်၊ အကြွင်းမဲ့ ယုံကြည်ခြင်းပင် ဖြစ်သည်။ အကြောင်းမှာ ပွဲစဉ်နှစ်ခုလုံး၌ လော့ချန်ပြသခဲ့သော ဆေးဖော်ကျွမ်းကျင်မှုအောက်တွင် သူမ လုံးဝအရှုံးပေးလိုက်ရပြီ ဖြစ်သောကြောင့်ပင်။

“လျှော့ပြိုင်ရမယ် ဟုတ်လား”

လော့ချန်တစ်ယောက် အနည်းငယ် အံ့အားသင့်သွားပြီး ထိုစကား၏ ဆိုလိုရင်းကို တွေးမိသည်။

သို့သော် သူ့အကြည့်တို့သည် တောင်မျိုးနွယ်စုဝင်များကို ကျော်လွန်ကာ ပတ်ဝန်းကျင်ရှိ ဆေးလုံးစိမ်းချိုင့်ဝှမ်း တပည့်များဆီသို့ ရောက်သွားသောအခါ အဖြေကို ရလိုက်သည်။

ထိုသူတို့၏ မျက်နှာပေါ်တွင် စူးစမ်းလိုစိတ်၊ အံ့အားသင့်မှုနှင့် လေးစားမှုတို့ ရှိနေသော်လည်း ပို၍ များပြားသည်မှာ မကျေနပ်မှု၊ ဒေါသနှင့် မလိုမုန်းထားမှုများပင် ဖြစ်သည်။

‘ဪ.... ဒီနေရာက ဆေးလုံးစိမ်းချိုင့်ဝှမ်းပဲ၊ ပြိုင်ပွဲဝင် ဆေးဖော်ဆရာတွေကလည်း ဒီဂိုဏ်းသားတွေလေ၊ သူတို့ထဲမှာ တန်ရန်ဇီ၊ ဟွမ်ဟယ်ဇီတို့လို ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ ပါရမီရှင်ဆေးဖော်ဆရာ ခုနစ်ဦးထဲက လူတွေလည်း ပါနေတာပဲ၊ ငါက ထောင်မျိုးနွယ်စုကို ကိုယ်စားပြုပြီး သူတို့ကို နိုင်လိုက်ပေမဲ့ တကယ်တော့ ငါက ဒီဂိုဏ်းက မဟုတ်ဘူးလေ၊ ဂိုဏ်းအပေါ် သစ္စာရှိမှုကြောင့် သူတို့က ကိုယ့်ဂိုဏ်းသားဘက်ကို ရပ်တည်ကြပြီး ငါ့ကို မုန်းတီးလာကြတာပေါ့၊ ငါသာ သုံးပွဲလုံးမှာ ပထမရသွားရင်တော့ ပျော်စရာကောင်းမှာ အမှန်ပဲ၊ ဒါပေမဲ့ ဆေးလုံးစိမ်းချိုင့်ဝှမ်းက ဆေးဖော်ဆရာတွေရဲ့ ဂုဏ်သတင်းကို အကုန်လုံး လုယူလိုက်သလို ဖြစ်သွားလိမ့်မယ်’

လော့ချန်သည် မိုက်မဲသူ မဟုတ်ပေ။ ထောင်ဝမ် သူ့အတွက် စဉ်းစားပေးနေမှန်း ချက်ချင်း သဘောပေါက်သွားသည်။ သို့သော် တစ်ခါတစ်ရံတွင် ထင်ပေါ်ကျော်ကြားသင့်လျှင် ထင်ပေါ်ကျော်ကြားရမည်သာ ဖြစ်သည်။ မဟုတ်လျှင် သူဆုံးရှုံးသွားမည့် အကျိုးအမြတ်များကို မည်သူက ပြန်ဖြည့်ပေးမည်နည်း။

လော့ချန် ရယ်မောလျက် ဆိုလိုက်သည်။

"အစ်မထောင် အဆင့်တက်ဖို့ကတော့ မလွဲမသွေပါပဲ၊ ဒါပေမဲ့ တတိယနေရာမှာ ရှိနေတဲ့ ရှန်ကွမ်းယန်ကိုပဲ ကျော်တက်နိုင်လောက်မယ် ထင်ပါတယ်ဗျာ"

တောင်ဝမ် အံ့အားသင့်သွားသည်။

ထို့နောက် စင်မြင့်ပေါ်တွင် ရွှမ်ယွင်ကျီက ဆေးလုံး ဖော်စပ်နိုင်ကြောင်း လက်မြှောက်ပြနေသည်ကို သတိထားမိလိုက်သည်။

"အစ်မထောင်.... ပထမ သုံးနေရာကို ကျွန်တော်နဲ့ တန်ရန်ဇီ၊ ရွှမ်ယွင်ကျီတို့က ယူထားခဲ့တာလေ"

"သူတို့ နှစ်ယောက်ရဲ့ နောက်ကွယ်မှာက ပထမနဲ့ ဒုတိယအင်အားစုတွေ ရှိနေတာ၊ တတိယပွဲမှာ ကျွန်တော်သာ အဆင့်နိမ့်သွားရင် အစ်မထောင် အဆင့် (၃) မှာပဲ ရှိနေလိမ့်မယ်"

"နောက်ဆုံးပြိုင်ပွဲကျ.... အဆင့် (၄) ကို စတိုက်၊ ပြီးရင် အဆင့် (၂) ကို တိုက်၊ နောက်ဆုံးမှ အေးအေးဆေးဆေး စောင့်နေတဲ့ အဆင့် (၁) နဲ့ ရင်ဆိုင်ချင်လို့လား"

လော့ချန်၏ နှလုံးသားကို ထိမှန်စေသော စကားလုံးများကို ကြားလိုက်ရသဖြင့် တောင်ဝမ် တိတ်ဆိတ်သွားသည်။ အဓိက တိုက်ပွဲကြီးမှာ နီးကပ်လာပြီဖြစ်ပြီး အရင်းအမြစ်အတွက် တိုက်ပွဲမှာလည်း နီးကပ်နေပြီဖြစ်သည်။ သူမအနေဖြင့် အဆင့်မြင့်မားခြင်းကြောင့် ရရှိမည့် အားသာချက်ကို စွန့်လွှတ်နိုင်မည် မဟုတ်ပေ။

အဆင့်တစ်ဆင့် သို့မဟုတ် နှစ်ဆင့် တက်ခြင်းကပင် သူမအတွက် အရေးကြီးလှသည်။ လော့ချန်၏ စကားသံတို့သည် နားထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်ပြီး မကောင်းဆိုးဝါးတစ်ကောင်၏ ဆွဲဆောင်မှုနှင့်ပင် တူနေသည်။

"အပြင် အကူအညီတွေကို ခေါ်တာကလည်း စည်းမျဉ်းတစ်ခုပဲလေ၊ ဒါက အစ်မထောင်တို့ရဲ့ လူမှုကွန်ရက်၊ ကြွယ်ဝမှုနဲ့ အင်အားတွေကို ပြသတာပဲ၊ ဟယ်ယွမ်ချင်း ဒုတိယနေရာ ရထားတာကလည်း ထျန်းလန်ကနေ ခေါ်လာတဲ့ ချူးခွေးက အကြီးအကျယ် ကြိုးပမ်းပေးထားလို့လေ၊ သူက အစ်မထောင်တို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းဂိုဏ်းသား တော်တော်များများကို အနိုင်ယူထားတာတောင် ဟယ်ယွမ်ချင်းဘက်က အစ်မထောင်လို စိုးရိမ်နေတာ မတွေ့မိပါဘူး၊ နောက်ဆုံးအနေနဲ့ ပြောရရင်...."

"ထောင်မျိုးနွယ်စုရဲ့ ကိုယ်စားပြု ဖြစ်နေတဲ့ ကျွန်တော်က ဆေးလုံးစိမ်းချိုင့်ဝှမ်းနဲ့ မသက်ဆိုင်ဘူးလို့ ပြောလို့ရပါ့မလား"

အကယ်၍ ရှေ့စကားများသည် ဝန်ထုပ်ဝန်ပိုးကို တစ်လွှာပြီးတစ်လွှာ တင်နေခြင်း ဖြစ်ပါက နောက်ဆုံးစကားသည် ထိုဝန်ထုပ်ဝန်ပိုးအားလုံးကို တစ်ချက်တည်းဖြင့် ချိုးဖျက်ပစ်လိုက်သည့် နောက်ဆုံးထိုးနှက်ချက် ဖြစ်သည်။

မှန်ပေသည်။ နောက်ပိုင်းတွင် တိုက်ပွဲအကြောင်းအရာများ ပျံ့နှံ့သွားလျှင်ပင် လူတို့က တောင်မျိုးနွယ်စု၏ ဆရာတန်ချန်ဇီက အားလုံးကို ဖိနှိပ်ပြီး ဆေးလုံးစိမ်းချိုင့်ဝှမ်းရှိ ဆေးဖော်ဆရာများကို အနိုင်ယူသွားခဲ့သည်ဟုသာ ပြောကြလိမ့်မည်။

ထောင်မျိုးနွယ်စုသည်လည်း ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သည် မဟုတ်လော။ သူမအနေဖြင့် အဆင့်နိမ့် တပည့်များ၏ အမြင်ကို ဂရုစိုက်စရာ မလိုတော့ပေ။ သူမ စဉ်းစားရမည်မှာ ထိပ်ဆုံးနေရာကို မည်သို့ ရယူမည် ဆိုသည်သာ ဖြစ်၏။

ဤအချက်ကို သဘောပေါက်သွားသောအခါ တောင်ဝမ်၏ မျက်နှာထက်ဝယ် အပြုံးတစ်ခု ပေါ်လာသည်။

"ငါပဲ တွေးပူနေမိတာပါ"

လော့ချန်ကို ကြည့်ရင်း သူမ ပြောလိုက်သည်။

"နှစ်ပွဲဆက်တိုက် ပထမနေရာ ရခဲ့တာက မင်းရဲ့ အရည်အချင်းကို သက်သေပြပြီးဖြစ်နေပြီ၊ ဒါပေမဲ့ တတိယပွဲကျ ဒုတိယအဆင့် ဆေးလုံးတွေကို ဖော်စပ်ရမှာ၊ မင်း ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလား"

သူမ မေးခွန်းထုတ်နေခြင်း မဟုတ်ပေ။ စေတနာနှင့် သတိပေးနေခြင်းသာ ဖြစ်သည်။

"ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ ဆေးဖော်ဆရာခုနစ်ဦးမှာ.... သူတို့ အကျွမ်းကျင်ဆုံးက ပထမအဆင့် ဆေးလုံးတွေ မဟုတ်ဘူး၊ ဒုတိယအဆင့် ဆေးလုံးတွေနဲ့ တတိယအဆင့် ဆေးလုံးတွေပဲ"

"တတိယပွဲစဉ်က အရေးအကြီးဆုံးပဲ"

လော့ချန် မသိဘဲ ရှိမည်မဟုတ်ပေ။ ကျင့်ကြံခြင်းအတွက် အရင်းမြစ်များ ဝယ်ယူရန် မဟုတ်ခဲ့လျှင် သူကိုယ်တိုင်လည်း ပထမအဆင့် ဆေးလုံးများကို ထပ်ခါတလဲလဲ ဖော်စပ်နေမည် မဟုတ်ပေ။ ရည်မှန်းချက်ရှိသော ဆေးဖော်ဆရာတစ်ယောက်အနေဖြင့် သူသည်လည်း သူ့စွမ်းအားအားလုံးကို ဒုတိယအဆင့်၊ တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့် ဆေးလုံးများ ဖော်စပ်ရာတွင် သုံးချင်သည်။ နှိုင်းယှဉ်ရလျှင် ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ ဆေးဖော်ဆရာများသည် ထိုသို့သော ဖိအားမရှိကြပေ။

သို့သော် ဤပြဿနာက သူ့အား တားဆီးနိုင်မည် မဟုတ်ပေ။

သူ အနည်းငယ် ပြုံးလျက်

"ဒါဆို စောင့်ကြည့်ကြတာပေါ့ဗျာ"

....

လော့ချန်၏ ဆက်တိုက် အနိုင်ရရှိမှုသည် အခြားသူများအပေါ် ဖိအားများစွာ သက်ရောက်စေသည်။

ထိုထဲတွင် အထိခိုက်ဆုံးမှာ ဟွမ်ဟယ်ဇီနှင့် တတိယနေရာ၌ ရှိနေသော ရှန်ကွမ်းယန်တို့ပင် ဖြစ်သည်။

"ကျွန်မက ဦးကြီးကို အကူအညီတောင်းပြီး အပြင်က တိုက်ခိုက်ရေး ကျွမ်းကျင်တဲ့ လူတွေကို မနည်း ခေါ်လာခဲ့ရတာ၊ အဲ့ဒါနဲ့တောင် တတိယနေရာပဲ ရခဲ့တာ"

"အခုတော့ ရှင်က ရှုံးပြီးရင်း ရှုံးနေတာပဲ"

"ဟွမ်ဟယ်ဇီ၊ ရှင် အသက်ရှည်စေတဲ့ ဝိညာဉ်သစ်သီးကို မလိုချင်တော့တာလား"

ဤစွပ်စွဲမှုကို ရင်ဆိုင်ရသောအခါ အိုမင်းနေသော ဟွမ်ဟယ်ဇီ၏ မျက်နှာထားမှာ ပြောင်းလဲသွားသည်။

သူ အံကို ကြိတ်ကာ

"တတိယပွဲမှာတော့ ငါ မရှုံးဘူးဟေ့"

ရှန်ကွမ်းယန်က မဲ့ရွဲ့ကာ ရယ်မောလိုက်သည်။

"ရှင် ကျွန်မကို ဘာပြောခဲ့လဲ၊ သုံးပွဲလုံး ထိပ်ဆုံးသုံးနေရာ ရမယ်လို့ ပြောခဲ့တာလေ၊ အခုတော့ ဒုတိယပွဲမှာ အဆင့် (၅) ပဲ ရတယ်၊ ဘာမှမစွမ်းဆောင်နိုင်ဘူး၊ ရှင့်စကား ကျွန်မ ဘယ်လို ယုံရမှာလဲ"

ဟွမ်ဟယ်ဇီက မကျေမနပ်ဖြင့်

"တတိယပွဲမှာ နိုင်မှာပါဆို"

"အေး.... ပြောတဲ့အတိုင်း ဟုတ်ရင်ဟုတ်.... မဟုတ်လို့ကတော့"

"တတိယပွဲက ဒုတိယအဆင့် ဆေးလုံး ဖော်စပ်တာ၊ တန်ချန်ဇီလို ဆေးဖော်ဆရာမျိုးက ဒုတိယအဆင့် ဆေးဖော်စပ်နည်းတွေကို ဘယ်လောက်များများ သိမှာလဲ၊ ငါတို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းက ဆေးဖော်ဆရာတွေကို ဘယ်လိုမှ မယှဉ်နိုင်ဘူး၊ သူ့ကို အနိုင်ယူနိုင်မယ်လို့ ငါ ယုံကြည်ချက် အပြည့်ရှိတယ်.... ဟုတ်ပြီလား"

"ကောင်းပြီ.... ကျွန်မကို စိတ်ပျက်အောင်တော့ ထပ်မလုပ်နဲ့"

ရှန်ကွမ်းယန်က အေးစက်စွာ ပြောလိုက်ပြီး ဟွမ်ဟယ်ဇီအား စိတ်ပျက်လက်ပျက် ကြည့်နေသည်။ ယခင်က ရရှိထားသော အဆင့်အားသာချက်များသည် ဟွမ်ဟယ်ဇီ၏ ကျရှုံးမှုကြောင့် တဖြည်းဖြည်း ပျက်စီးလာခဲ့သည်။ ဒုတိယပွဲစဉ် ဆေးဖော်ပြိုင်ပွဲကြီး ပြီးဆုံးသွားသည့်အခါ စုစုပေါင်း အဆင့် မည်မျှ ရမည်ကို သူမ တွေးပင်မတွေးရဲတော့ချေ။

အခြားဘက်တွင် ရွှမ်ယွင်ကျီသည် အပြစ်တင်မှုများ ခံခဲ့ရသော်လည်း ဤမျှ ပြင်းထန်ခြင်း မရှိပေ။

"အစ်ကိုကြီးရဲ့ အခြေခံအုတ်မြစ်က အရမ်းခိုင်မာလွန်းလို့ သူ့ကို မကျော်နိုင်ခဲ့တာပါ၊ လော့ချန်ကတော့ ရုတ်တရက်ကြီး နှစ်ပွဲဆက် နိုင်သွားတာ"

ဟယ်ယွမ်ချင်း အနည်းငယ် စိတ်ပျက်နေသည်။ ရွှမ်ယွင်ကျီကို ကြည့်လိုက်သော်လည်း သူ ဘာပြောရမှန်း မသိတော့ပေ။ သူသည် တစ်ဖက်လူကို အရည်အချင်းမရှိဟု ဆူပူချင်သော်လည်း မျက်စိပါသူတိုင်း ရွှမ်ယွင်ကျီ တတ်နိုင်သလောက် ကြိုးစားထားသည်ကို မြင်နေရသည်။ ပွဲစဉ်နှစ်ခုလုံးတွင် အဆင့် (၃) ဟူသော ရလဒ်ကောင်းကို ရယူထားနိုင်သည်။

ဆေးဖော်ပညာရှင်အသင်းမှ အကြီးအကဲကမူ လော့ချန်အား အလွန် သဘောကျနေပုံရသည်။ သူသာ နောက်တစ်ပွဲ ထပ်နိုင်သွားခဲ့လျှင် ဒုတိယပွဲစဉ်တွင် သုံးပွဲလုံး အနိုင်ရသွားမည့် ကြောက်မက်ဖွယ် စံချိန်ကြောင့် ယခု စတုတ္ထနေရာတွင် ရှိနေသော တောင်ဝမ်၏ အဆင့်သည် မယုံနိုင်စရာကောင်းလောက်အောင် မြင့်တက်သွားလိမ့်မည် ဖြစ်သည်။

ဖြစ်နိုင်သည်မှာ သူ၏ ဒုတိယနေရာကိုပါ လုယူသွားနိုင်ခြေ ရှိသည်။

တိတ်ဆိတ်မှု အကြားတွင် ရွှမ်ယွင်ကျီ ရုတ်တရက် ဆိုလိုက်သည်။

"တကယ်တော့ အစ်ကိုယွမ်ချင်းကပဲ အစ်ကိုကြီးကို အများကြီး ထိခိုက်စေခဲ့တာပါ.... သူ့အခြေခံက အရမ်းခိုင်မာလွန်းလို့ မဟုတ်ရင် လော့ချန်နဲ့ ဒီလောက်ကွာနေမှာ မဟုတ်ဘူး”

"ဒုတိယပွဲက အနားယူချိန်က တိုလွန်းတယ်"

"ဒါကြောင့် တတိယပွဲမှာ ကျွန်တော် အရင်ထက် ပိုကောင်းအောင်လုပ်နိုင်မယ့် အခွင့်အရေးရှိတယ်"

ဟယ်ယွမ်ချင်း အံ့အားသင့်သွားသည်။

ရွှမ်ယွင်ကျီကို စိုက်ကြည့်ရင်း သူ သည်းမခံနိုင်ဘဲ မေးလိုက်သည်။

"မင်းမှာ ဒီလောက်တောင် ယုံကြည်မှု ရှိတာလား"

"ကျွန်တော် ကျန်းချန်ဆေးလုံးကို ဖော်စပ်ဖို့ ယုံကြည်ချက် အပြည့်ရှိတယ်"

ရွှမ်ယွင်ကျီက ယုံကြည်စွာ ပြောသည်။

သူ ထိုသို့ ပြောလိုက်သည့်အတွက် ဟယ်ယွမ်ချင်းလည်း စိတ်မပျက်တော့ပေ။

"ပိုကောင်းတဲ့ အဆင့် ရနိုင်ရင်တော့ ဆေးဖော်ပညာရှင်အသင်းထဲ မင်းကို ငါ မဖြစ်ဖြစ်တဲ့နည်းနဲ့ ထည့်ပေးမယ်”

ရွှမ်ယွင်ကျီ၏ မျက်နှာပေါ်တွင် ဝမ်းမြောက်မှု အနည်းငယ် ပေါ်လာပြီး ဂါရဝပြုလိုက်သည်။

....

ဒုတိယအဆင့် ဆေးဖော်ပြိုင်ပွဲတွင် အနားယူချိန်သည် ခဏတာသာ ဖြစ်ပြီး ရှည်လျားသော အနားယူချိန်ဟူ၍ မရှိပေ။

ပွဲစဉ်သုံးခုသည် ဆက်တိုက်ဆိုသလို ဖြစ်သည်။

အဆင့်နိမ့်သူများအတွက် အသက်ရှူရန်ပင် အချိန်မရှိချေ။

လော့ချန်ကဲ့သို့ ထိပ်ဆုံးတွင် ရှိနေသူများအတွက်ပင် တစ်နာရီ၊ နှစ်နာရီမျှသာ နားချိန်ရသည်။

ပွဲစဉ်နှစ်ခု ပြီးဆုံးသွားခဲ့လေပြီ။

တတိယပွဲ စတင်ချိန်တွင် လူအတော်များများ ပင်ပန်းနေကြသည်ကို လော့ချန် သတိထားမိသည်။

ဆေးဖက်ဝင်ကုန်ကြမ်းများ စီမံခန့်ခွဲခြင်း၊ ပြဿနာများကို ဖြေရှင်းခြင်း စသဖြင့် ဆေးလုံးအသစ်များကို ဖော်စပ်ရသည့်အပြင် အောင်မြင်အောင်လည်း လုပ်ရသေးသည်။ ဤသည်မှာ ဆေးဖော်ဆရာများအတွက် ကြီးမားသော ဖိအားတစ်ရပ် ဖြစ်သည်။

လော့ချန် ယခင် ဆေးဖော်စပ်စဉ်ကပင် နေ့စဉ် အကြိမ်ရေကို ထိန်းညှိရသည်။ ယခု ပြိုင်ပွဲတွင် လုံလောက်သော အနားယူချိန် မပေးသည့်အတွက် ဆေးဖော်ဆရာများ၏ စိတ်ဝိညာဉ် ပင်ပန်းနွမ်းနယ်မှုသည်လည်း ကြီးမားသော စိန်ခေါ်မှုတစ်ခုပင် ဖြစ်သည်။

"အပင်ပန်းဆုံးက ငါတို့ မဟုတ်ဘူး၊ တန်ရန်ဇီပဲ"

လော့ချန်၏ အကြည့်တို့သည် အဝေးသို့ ရောက်သွားပြီး တစ်ဖက်တွင် ရှိနေသော ထိုလူကို ကြည့်လိုက်သည်။ တစ်ဖက်လူ၏ မျက်ခုံးကြားရှိ ခရမ်းရောင် အမှတ်အသားများပင် ယခုအခါ မှေးမှိန်သွားသလို ရှိသည်။

ပထမပွဲစဉ်မှ ယခု ဒုတိယပွဲစဉ် သုံးပွဲဆက်တိုက် သူ၏ ချီစွမ်းအား၊ စိတ်ဝိညာဉ်နှင့် ခွန်အားတို့မှာ အလွန်ပင် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။

"ဒီဒုတိယပွဲက အရင်ကထက် ပိုခက်တယ်၊ သူ ဆက်ပြီး တောင့်ခံနိုင်ပါ့မလား"

ချက်ချင်းပင် သူ၏ အကြည့်တို့မှာ ဘေးနားရှိ ဟွမ်ဟယ်ဇီထံ ရောက်သွားသည်။

မျှော်လင့်မထားသည်မှာ ထိုသူသည် မိမိအား ယခင်လို မုန်းတီးသော အကြည့်ဖြင့် မကြည့်တော့ပေ။ ထိုအစား မျက်လုံးမှိတ်ကာ ငြိမ်သက်နေသည်။

"ဒီအဘိုးကြီး ကိုယ့်စိတ်အခြေအနေကိုယ် ကောင်းကောင်း ထိန်းညှိနေတာပဲ"

လော့ချန် ပြုံးလိုက်ပြီး ထိုသူကို အရေးမစိုက်တော့ပေ။ သူ အခြားသူများကို ကြည့်နေချိန်တွင် အခြားသူများကလည်း သူ့ကို ကြည့်နေကြသည်။

ထိုတည်ငြိမ်သော အပြုံးကို မြင်သောအခါ လူတိုင်း တုန်လှုပ်သွားသည်။ တန်ချန်ဇီသည် တတိယပွဲအတွက်လည်း အပြည့်အဝ ပြင်ဆင်ပြီးသားဖြစ်ကြောင်း သူတို့အားလုံး ခံစားမိလိုက်သည်။

မကြာခင်ပင် လူတိုင်းရှေ့သို့ ဆေးမြစ်မျိုးစုံ ရောက်ရှိလာသည်။

လော့ချန် သူ့ရှေ့ရှိ ပစ္စည်းများကို ကြည့်လိုက်သည်။

ကင်းမြီးကောက်သန္တာ၊ ဝိညာဉ်မြက်၊ ရောင်စုံကျောက်တုံး၊ မီးဝိညာဉ်သစ်သီး....။

အားလုံးမှာ ရိုးရှင်းသော ဆေးမြစ်များ ဖြစ်ပြီး အချို့မှာ လူ့လောကတွင်ပင် ရှာတွေ့နိုင်သည်။ ဤဆေးမြစ်များကို ပေါင်းစပ်၍ ဒုတိယအဆင့် ဆေးလုံးဖြစ်သော ကျန်းချန်ဆေးလုံးကို ဖော်စပ်ရမည်ဖြစ်သည်။ သာမန်ဆေးမြစ်များ၊ အရင်းအမြစ်များကို သုံးရမည် ဖြစ်သောကြောင့် ဤဆေးလုံး ဖော်စပ်ရသည်မှာ ခက်ခဲလှသည် မဟုတ်ပေ။

ထိုစဉ်မှာပင် ဆေးဖော်ပညာရှင်အသင်း အကြီးအကဲ၏ အသံ ထွက်ပေါ်လာသည်။

"စည်းမျဉ်းက အရင်အတိုင်းပါပဲ"

"စုစုပေါင်း ဆေးမြစ်ဆယ်သုတ် ရှိတယ်၊ အရင်ဆုံး ဆေးဖော်နိုင်တဲ့သူက အမှတ်ရမယ်"

"ဆယ်သုတ် ကုန်သွားတဲ့အထိ မအောင်မြင်ဘူးဆိုရင်တော့ ရှုံးနိမ့်တယ်လို့ သတ်မှတ်မယ်"

"အခု စလို့ရပြီ"

အမိန့်သံနှင့်အတူ ပြိုင်ပွဲစင်မြင့်ပေါ်တွင် ဆေးဖော်ဆရာကိုးဦးစလုံး အလုပ်ရှုပ်သွားကြသည်။ ဆေးဖော်ဆရာငယ်များက တင်းမာသော မျက်နှာထားဖြင့် မိမိတို့ ဆရာများကို အသီးသီး ကူညီပေးနေကြသည်။

လော့ချန်၏ မျက်နှာထားမှာလည်း လေးနက်သွားသည်။ မည်မျှပင် ရိုးရှင်းပါစေ၊ ဤသည်မှာ ဒုတိယအဆင့် ဆေးလုံး ဖြစ်သည်။ အစွမ်းကုန် ကြိုးစားရပေမည်။ အချိန်မဆွဲတော့ဘဲ သူသည် ဆေးမြစ်များကို အမျိုးအစားအလိုက် စတင် စီမံခန့်ခွဲတော့သည်။ သူ၏ အခြေခံကျွမ်းကျင်မှုသည် လူတိုင်း၏ အာရုံကို ထပ်မံဆွဲဆောင်သွားသည်။

လူတိုင်း သိချင်နေကြသည်မှာ ‘ဒီတစ်ကြိမ်ရော သူ ထပ်အောင်မြင်ဦးမှာလား’ ဟူ၍ ဖြစ်သည်။

ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ လူငယ်မျိုးဆက် ဆေးဖော်ဆရာများကို ကျော်တက်ပြီး ဂုဏ်တင်နိုင်ပါ့မည်လော။ အကယ်၍ အောင်မြင်သွားပါက တန်ချန်ဇီ၏ နာမည်သည် ကျောက်စိမ်းအိုးနယ်မြေ တစ်ခုလုံးကို လွှမ်းခြုံသွားပေလိမ့်မည်။ မည်သို့ပင် တစ်ကိုယ်တော် ဆေးဖော်ဆရာတစ်ယောက် ဖြစ်နေပါစေ၊ သူ့ထံ ကမ်းလှမ်းချက်များ အများအပြား ရောက်လာပေလိမ့်မည်။ ရွှေအမြုတေကျင့်ကြံသူများပင် သူ့အား လေးလေးစားစား ဆက်ဆံရပေလိမ့်မည်။

လူတိုင်း၏ အကြည့်အောက်တွင် လော့ချန် နှေးကွေးခြင်း အလျဉ်းမရှိပေ။

အချိန်တစ်နာရီအတွင်း ဆေးမြစ်များကို စီမံပြီးနောက် ကျန်းချန်ဆေးလုံးကို စတင် ဖော်စပ်တော့သည်။

"ကင်းမြီးကောက်သန္တာကို အရင်ဆုံး ဆေးအိုးရဲ့ အောက်ခြေမှာ ညီညာအောင် ထားမယ်၊ ပြီးရင် ရောင်စုံကျောက်တုံးကို ထည့်မယ်၊ ဒီနည်းလမ်းက ကျောက်စိမ်းအမြုတေဆေးလုံးနဲ့ ဆင်တူတဲ့ အမျိုးအစားထဲမှာ ပါတယ်၊ ချီစွမ်းအား ပြည့်ဝတဲ့ ဝိညာဉ်မြက်ပင်နဲ့ မီးဝိညာဉ်သစ်သီးကို ပေါင်းစပ်လိုက်မယ်...."

ဆေးဖော်စပ်နည်းကို ရပြီးနောက် လော့ချန် အစွမ်းကုန် ကြိုးစားဖော်စပ်ကြည့်ခဲ့ဖူးသည်။

ဆေးလုံး မဖြစ်ခဲ့သော်လည်း လုပ်ဆောင်ပုံ အဆင့်ဆင့်ကိုမူ ရင်ထဲတွင် စွဲမှတ်ထားပြီးသားဖြစ်သည်။ သူ့တွက်ချက်မှုအရ ခြောက်ကြိမ် သို့မဟုတ် ခုနစ်ကြိမ်မျှ ဖော်စပ်လျှင် ကျန်းချန်ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ပေလိမ့်မည်။

စုစုပေါင်း အောင်မြင်မှုနှုန်းမှာ စနစ်၏ ဆယ်ရာခိုင်နှုန်း ရှိနေသည်။

သို့သော် အဆင့်ဆင့်ကို မှတ်သားထားပြီးသားဖြစ်သဖြင့် အမှားမရှိသလောက် ဖြစ်နေသည်။

ဤအကြိမ်တွင် အောင်မြင်နိုင်ခြေ အလွန်များနေသည်။

‘တစ်ကြိမ်တည်းနဲ့ အောင်မြင်သွားမှာလား၊ ဒါက အရမ်း ထိတ်လန့်စရာ မကောင်းလွန်းဘူးလား၊ လူတွေ အများကြီး ကြည့်နေတာ’

လော့ချန် အနည်းငယ် တွန့်ဆုတ်သွားသော်လည်း ဆေးဖော်ပညာရှင်အသင်း အကြီးအကဲ၏ စိုက်ကြည့်နေသော အကြည့်ကို သတိထားမိသောအခါ သူ မအောင်မြင်အောင် မလုပ်တော့ရန် ဆုံးဖြတ်လိုက်သည်။

ရွှေအမြုတေကျင့်ကြံသူကြီးထံမှ သူ မည်သည့်အရာမျှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။

ထိုသို့လုပ်လျှင် သံသယသာ ဖြစ်သွားနိုင်သည်။

‘ဒါဆိုလဲ....’

အစမှအဆုံး တစ်ခါတည်း အောင်မြင်အောင် လုပ်ကာ ကြောက်မက်ဖွယ် ဆေးဖော်စပ်မှု ကျွမ်းကျင်မှုကို ပြသလိုက်ရန် သူ ဆုံးဖြတ်လိုက်သည်။

"ဒီနေရာက ငါ့နာမည်ကို ဂုဏ်တင်ဖို့ နေရာပဲ"

တွန့်ဆုတ်မှုများ ပျောက်ကွယ်သွားပြီး သူ ရဲရင့်စွာ ရှေ့ဆက်လိုက်သည်။ ဦးစွာ ချီစွမ်းအားများကို ထုတ်လွှတ်ပြီး ဆေးအိုးအတွင်းရှိ ဆေးစွမ်းအားများကို ပေါင်းစပ်လိုက်သည်။

ပြင်းထန်သော မြေအောက်မီးတောက်ကို သူ၏ ကျွမ်းကျင်သော မီးထိန်းနည်းဖြင့် လိုအပ်သလို အတိုးအလျှော့ ပြုလုပ်လိုက်သည်။

အချိန်တို့ ဖြည်းညှင်းစွာ ကုန်ဆုံးသွားသည်။

"အခု မအောင်မြင်ရင် ဘယ်တော့ အောင်မြင်တော့မလဲ"

လော့ချန် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး နောက်ဆုံး ဆေးမြစ်ကို ထည့်လိုက်သည်။

ဆွဲငင်ခံလိုက်ရသကဲ့သို့ ဆေးအိုးထဲရှိ ဆေးရည်များမှာ အလျင်အမြန် ပေါင်းစပ်သွားပြီး နောက်ဆုံးတွင် ချီစွမ်းအားဖြင့် ရောထွေးသွားသည်။

လော့ချန် လက်ကို ဝှေ့ယမ်းလိုက်သည်။ နှင်းကဲ့သို့ ဖြူစင်သော ကျန်းချန်ဆေးလုံးများသည် ထိတ်လန့်တကြားဖြစ်နေသော ဆေးဖော်ပညာရှင်အသင်း အကြီးအကဲထံ ပျံသန်းသွားသည်။

"အကြီးအကဲ၊ စစ်ဆေးပေးပါဦး"

ဆေးဖော်ပညာရှင်အသင်း အကြီးအကဲသည် ဆေးလုံးအားလုံးကို ဖမ်းဆုပ်လိုက်ပြီး ထိတ်လန့်တကြား ကြည့်လိုက်သည်။

“ဟင်.... တစ်ကြိမ်တည်းနဲ့ အောင်မြင်သွားတာလား”

“ဒါ.... ဘယ်လို ထိတ်လန့်စရာ ဆေးဖော်စပ်နည်းမျိုးလဲ”

“တစ်နှစ်လောက် အကြိမ်ကြိမ် လေ့ကျင့်ခဲ့ရင်တောင် ဒီလောက် ရလဒ်မျိုး ရနိုင်ပါ့မလား”

သူ တံတွေးကို မြိုချလိုက်သည်။

"အဆင့်နိမ့် ကျန်းချန်ဆေးလုံး၊ အချိန် သုံးနာရီ၊ အောင်မြင်တယ်"

"ကောင်လေး.... မင်းက...."

လော့ချန် နှိမ့်ချစွာ ပြုံးလိုက်သည်။

"ကံစမ်းလိုက်တာပါ၊ အပြင်မှာ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ဖူးပါတယ်၊ ခုမှ ကံကောင်းပြီး အောင်မြင်သွားတာပါ"

“ကံကောင်းတာ ဟုတ်လား”

ဆေးဖော်ပညာရှင်အသင်း အကြီးအကဲလည်း ထိုသို့ပင် ဖြစ်မည်ဟု ယူဆသည်။ မည်သို့ပင်ဆိုစေ၊ တတိယအဆင့် ဆေးဖော်ဆရာများပင်လျှင် ရာနှုန်းပြည့် အောင်မြင်နိုင်မည်ဟု အာမခံနိုင်သည် မဟုတ်ပေ။ သို့သော် လော့ချန်၏ အေးဆေးတည်ငြိမ်သော ပုံစံကို ကြည့်ရသည်မှာ အားလုံးက ကြိုတင်တွက်ချက်ထားသည့်အတိုင်း ဖြစ်နေပုံပေါ်လေရာ ကံတရားကြောင့် ဖြစ်နိုင်ပါ့မည်လော။ ဤကလေးသည် အမှန်တကယ်ပင် သူ၏ ကြောက်မက်ဖွယ် ဆေးဖော်ကျွမ်းကျင်မှုကို ပြသလိုက်ခြင်းပင် ဖြစ်သည်။

ထိုသို့သော အရည်အချင်းရှိသူကို သူ လျစ်လျူရှုမထားနိုင်တော့ချေ။

"တန်ချန်ဇီ၊ မင်း ငါတို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ ဆေးဖော်ပညာရှင်အသင်းထဲ ဝင်မလား"

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters