အခန်း ၄၈၄
Vol. 49 Ch. 484
အခန်း (၄၈၄) - ကောင်းကင်နန်းတော်သို့ ထပ်မံတက်ရောက်ခြင်း
"ဆေးဖော်ပညာရှင်အသင်းဆိုတာ ငါတို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ ဆေးပညာဆိုင်ရာအနှစ်သာရအားလုံး စုဝေးရာနေရာပဲ၊ အဲဒီမှာ ရှိတဲ့ ဆေးဖော်ဆရာတွေဟာ အတွေ့အကြုံရင့်ကျက်တဲ့ သူတွေချည်းပဲ၊ အထူးသဖြင့် ဆေးလုံးစိမ်းသခင်၊ အကြီးအကဲရှင်းယွင်နဲ့ ချီတင်း ဆိုတဲ့ တတိယအဆင့် ဆေးဖော်ဆရာကြီး သုံးဦးက အဓိက ဦးဆောင်နေတာ၊ မင်းကို ဆေးဖော်ပညာရှင်အသင်းရဲ့ အထူးဧည့်သည်တော်အဖြစ် ဖိတ်ခေါ်သွားတဲ့ အကြီးအကဲကတော့ စီရင်စုသခင်ချီတင်းပဲ"
"ဆေးဖော်ပညာရှင်အသင်းကို ရောက်သွားရင် အပြင်ဘက်က တိုက်ခိုက်မှုတွေ၊ ဂိုဏ်းအတွင်းက အာဏာလုပွဲတွေက မင်းနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး၊ မင်းလုပ်ရမှာက ဆေးပညာအတွက် မင်းရဲ့ ဘဝတစ်ခုလုံးကို မြှုပ်နှံပေးဖို့ပဲ၊ ဂိုဏ်းအတွက် ဆေးလုံးတွေ အမြောက်အမြား ဖော်စပ်ပေးရမယ်၊ ရှေးဟောင်းဆေးနည်းတွေကို လေ့လာရမယ်၊ ပြီးတော့ ဆေးနည်းသစ်တွေကို တီထွင်ဖန်တီးရမယ်"
"သေချာတာပေါ့၊ အကျိုးကျေးဇူးတွေကလည်း အများကြီးပဲ၊ ကျင့်ကြံရေး အရင်းအမြစ်တွေအတွက် စိတ်ပူစရာ မလိုဘူး၊ အနည်းဆုံး မင်းလိုချင်တဲ့ အဆင့်မြင့် နဂါးပျံဆေးလုံးတွေကို တစ်လကို အနည်းဆုံး တစ်ပုလင်း ပေးမှာပါ"
ထောင်မျိုးနွယ်စု စင်မြင့်ထက်တွင် ထောင်ဝမ်က စိတ်လှုပ်ရှားစွာဖြင့် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ဆေးဖော်ပညာရှင်အသင်းအကြောင်းကို လော့ချန်အား ရှင်းပြနေသည်။
တတိယအဆင့် ဆေးဖော်ဆရာကြီးများမှအစ၊ သက်ကြီးရွယ်အို ပထမအဆင့် ဆေးဖော်ဆရာများအထိ အခြေအနေ အားလုံးကို အသေးစိတ် ရှင်းပြနေသည်။ ဆိုင်ရာ အခွင့်အရေးများနှင့် တာဝန်များကိုလည်း ဖုံးကွယ်မထားဘဲ အကုန်ပြောပြသည်။
လော့ချန် နားထောင်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ ဤဆေးဖော်ပညာရှင်အသင်းသည် သူထင်ထားသလောက် မကောင်းပေ။ အတိုချုပ်ရလျှင် စက်ရုပ်တစ်ရုပ်လို အလုပ်သွားလုပ်ပေးရခြင်းသာ ဖြစ်သည်။ ထိုမျှသာမက တစ်လလျှင် နဂါးပျံဆေးလုံး တစ်ပုလင်းသာ ရမည်ဟု ဆိုသည်။ ဆေးဖော်ပညာရှင်အသင်းထဲ ရောက်သွားလျှင် ကိုးကားစရာ ဆေးနည်းပေါင်း များစွာ ရနိုင်မည်ဖြစ်ရာ လုပ်ခလစာအား အရေးမကြီးဟု ဆိုနိုင်မည်လော။ ထိုဆေးနည်းများ ရှိနေလျှင် ကိုယ်တိုင် ဖော်စပ်နိုင်ပြီး ဤအချက်တစ်ခုတည်းဖြင့်ပင် လုံလောက်နေပြီ ဖြစ်သည်။
လော့ချန် အတွေးထဲ နစ်မြုပ်သွားသည်။ အခြားသူများလည်း သူ့အား အနှောင့်အယှက် မပေးရဲကြပေ။
လော့ချန်တစ်ယောက် ကျန်းချန်ဆေးလုံးကို ဖော်စပ်ပြီး တတိယပိုင်းပွဲစဉ်ကို အနိုင်ရရှိခဲ့သည်မှာ နာရီအနည်းငယ် ကြာမြင့်ခဲ့ပြီဖြစ်သည်။
အကြီးအကဲချီတင်း၏ ဖိတ်ခေါ်မှုကို လော့ချန် စဉ်းစားဦးမည်ဟုသာ ပြန်ပြောခဲ့သည်။ တစ်ဖက်လူလည်း အလောတကြီး မလုပ်သင့်ကြောင်း သိသဖြင့် သူ့အား အနားယူရန် ခွင့်ပြုခဲ့သည်။
ယခု ထောင်ဝမ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လော့ချန် ဆုံးဖြတ်ချက် ချရန် ခက်ခဲနေသည်။ ဆေးဖော်ပညာရှင်အသင်းကို ရောက်သွားလျှင် လေ့လာစရာ ဆေးနည်းများစွာ ရှိမည်ဖြစ်ပြီး ကျင့်ကြံခြင်းအတွက် ပြဿနာ မရှိနိုင်တော့ပေ။ သို့သော် ဆေးဖော်စက်ရုပ် ဖြစ်သွားရမည်ဆိုလျှင် မိမိသဘောအတိုင်း လုပ်ဆောင်ရန် ခက်ခဲပေလိမ့်မည်။ ထိုမျှသာမက သူ့အရည်အချင်းကို သူသိသည်။ သူ့အတွက် အရင်းအမြစ် များစွာ လိုအပ်ပေလိမ့်မည်။ အပြင် အလုပ်များ မလုပ်နိုင်တော့လျှင် သူကိုယ်တိုင် ထူထောင်ထားသော လော့ထျန်းအဖွဲ့ကို ကြည့်ရှုနိုင်မည်မဟုတ်သဖြင့် ကြီးမားသော ဝင်ငွေတစ်ရပ် ဆုံးရှုံးသွားပေလိမ့်မည်။ ထိုအရာသည် သူ၏ သွေးချွေးများဖြင့် တည်ဆောက်ထားသည့် အခြေခံအုတ်မြစ် ဖြစ်သည်။
"ပိုအရေးကြီးတာက ဒါကို ငါ့ဘာသာ ဆုံးဖြတ်လို့ ရပါ့မလား"
လော့ချန် ခေါင်းမော့ကာ ကောင်းကင်နန်းတော်ကြီးဆီသို့ ကြည့်လိုက်သည်။ ဆေးဖော်ပြိုင်ပွဲအစအဆုံး သူ့အား အေးစက်စွာ စိုက်ကြည့်နေခဲ့သော လူတစ်ယောက် ရှိသည်။
‘ရေခဲခံတပ်၊ ချန်ချင်မျိုးနွယ်စု’
လော့ချန် စိတ်လှုပ်ရှားမှုများကို မဖုံးကွယ်နိုင်သော ထောင်ဝမ်ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။
ဤဆေးဖော်ပညာရှင်အသင်းထဲသို့ မဝင်ဘဲ နေလိုက်တော့မည် ဖြစ်သည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်းတွင် သူ့၌ ထောင်ဝမ်ဆိုသော ထောက်တိုင်ကြီး ရှိနေပြီးသား ဖြစ်သည်။ အဖွဲ့အစည်းတစ်ခုခု၏ ချုပ်နှောင်မှုကို ခံရသည်ထက် အပြင်ဘက်တွင် လွတ်လွတ်လပ်လပ် နေခြင်းက ပိုကောင်းသည်။
ထိုမျှမက ဂိုဏ်းသားတစ်ယောက် ဖြစ်ရခြင်းက ထင်သလောက် မကောင်းပေ။ အရင်းအမြစ် ပူစရာမလိုဟု ဆိုသော်လည်း အပြောသာ ဖြစ်သည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်းတွင် ကျင့်ကြံသူ တစ်ထောင်ကျော်၊ အဆင့်မြင့် ကျင့်ကြံသူ တစ်ရာကျော် ရှိပြီး၊ ရွှေအမြုတေ တစ်ဒါဇင်ကျော် ရှိသည်။ ဤမျှ များပြားသော အဆင့်မြင့် ကျင့်ကြံသူများအတွက် အရင်းအမြစ် များစွာ လိုအပ်သည်။ အဆင့်နှင့် အနေအထားအလိုက် ခွဲဝေပေးသော်လည်း တစ်ယောက်ချင်းစီအတွက် များများစားစား မရှိပေ။ ထောင်ဝမ်နှင့် တန်ရန်ဇီတို့ပင် ကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်ပြီး အရင်းအမြစ်များ ရရှိရန် ကြိုးပမ်းနေကြသည်ကို ကြည့်လျှင် သိနိုင်သည်။
သူတို့ကိုယ်တိုင်ပင် မလောက်ငှ ဖြစ်နေသည်။ သူလို အပြင်က လာသူအတွက်ဆိုလျှင် ပိုဆိုးပေမည်။
ဆုံးဖြတ်ချက် ချပြီးနောက် လော့ချန်၏ ရင်ထဲမှ ဝန်ထုပ်ဝန်ပိုးများ ကျသွားသည်။ ယခုမှသာ စင်မြင့်ပေါ်တွင် အသည်းအသန် ယှဉ်ပြိုင်နေသော ဆေးဖော်စပ်ခြင်းကို သူ အာရုံစိုက်နိုင်တော့သည်။
"အစ်မထောင်၊ ကျွန်တော် သုံးပွဲလုံး အဆင့် (၁) ရထားပြီ၊ အစ်မ အဆင့်ဘယ်လောက် ရနိုင်မလဲ"
ထောင်ဝမ်က ခဏစဉ်းစားပြီး မသေချာစွာ ပြောလိုက်သည်။
"အနည်းဆုံးတော့ ဒုတိယနေရာ ရနိုင်မယ်၊ ပထမနေရာကတော့ အစ်ကိုကြီးရဲ့ နောက်ဆုံးပွဲစဉ်ရလဒ်ပေါ်မှာ မူတည်တယ်"
လော့ချန်၏ သုံးပွဲဆက် အနိုင်ရရှိမှုသည် ကြီးမားသော အကျိုးသက်ရောက်မှု ရှိသည်။
မူလက စတုတ္ထနေရာတွင် ရှိနေသော ထောင်ဝမ် ယခု ဒုတိယနေရာရမည်မှာ ကျိန်းသေနေလေပြီ။ ပထမနေရာပင် ရကောင်းရလာနိုင်သည်။ အကယ်၍ တန်ရန်ဇီတစ်ယောက် တတိယပွဲစဉ်တွင် ဒုတိယနေရာကို ထိန်းထားနိုင်ခဲ့လျှင်မူ ထိုအခွင့်အရေး ရမည်မဟုတ်ပေ။
သို့သော် ယခုတွင် တန်ရန်ဇီ၏ ဆေးဖော်စပ်မှုမှာ အဆင်မပြေကြောင်း အားလုံး မြင်နေရသည်။
"နောက်တစ်ခါ ထပ်ရှုံးပြန်ပြီ"
ထောင်ဝမ်က လေသံတိုးတိုးဖြင့် ပြောလိုက်ပြီး စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ပေ။
လော့ချန် ထောင်ရိရှန်းအား ဆွဲခေါ်၍ မေးလိုက်သည်။
"ဒါ တန်ရန်ဇီရဲ့ ဘယ်နှစ်ကြိမ်မြောက် ရှုံးနိမ့်မှုလဲ"
"အစ်ကိုလော့ ထွက်လာပြီးနောက် ဒါ တတိယအကြိမ်မြောက် ရှုံးနိမ့်မှုပဲ"
ထောင်ရိရှန်းက စိတ်လှုပ်ရှားစွာနှင့် စိတ်ရှုပ်ထွေးစွာ ပြောသည်။
လော့ချန် ဆက်မတွေးတော့ပေ။ စင်မြင့်ပေါ်တွင် ရုန်းကန်နေရသော တန်ရန်ဇီကို ကြည့်ရင်း သူ ခေါင်းခါလိုက်သည်။ သူ သိလိုက်သည်မှာ တစ်ဖက်လူသည် ကျန်းချန်ဆေးနည်းကို ကောင်းစွာ နားမလည်သေးပေ။ အသေးစိတ် အချက်အလက်များကို ကြမ်းတမ်းစွာ ကိုင်တွယ်ထားသည်။ အရေးကြီးဆုံးမှာ စိမ်းသက်နေခြင်း ဖြစ်သည်။ အစမှ အဆုံးအထိ စိမ်းသက်နေသော ဆေးဖော်စပ်မှုပုံစံကို ပြသနေသည်။ မှန်ပေသည်။ ပြီးခဲ့သည့် ရက်နှစ်ဆယ်အတွင်း တန်ရန်ဇီ မနားမနေ တောက်လျှောက် တိုက်ခိုက်ခဲ့ရသည်။ နေ့စဉ် ရန်သူများကို ရင်ဆိုင်ရုံသာမက အနားယူရန် အချိန်လည်း ပေးရသဖြင့် ဆေးနည်းနှစ်မျိုးကို လေ့လာရန် အချိန် အဘယ်မှာ ရှိနိုင်မည်နည်း။ ထိုမျှသာမက ဆေးနည်းကို လေ့လာခြင်းသည် ပထမခြေလှမ်းသာ ဖြစ်သည်။ နောက်ဆက်တွဲ အတွေ့အကြုံများမှာ အကြိမ်ကြိမ် ဖော်စပ်ကြည့်မှသာ ရရှိနိုင်သည်။ ဤအရာအားလုံးအတွက် အချိန် လိုအပ်သည်။
"တန်ရန်ဇီက ဘာအမှားလုပ်မိလို့ ဂိုဏ်းမျိုးဆက်ရာထူးကို အသိမ်းခံရတာလဲ၊ ဒုတိယပွဲစဉ်မှာလည်း ကိုယ်ပိုင်မီးလျှံကို မသုံးရဘူးဆိုတာ ဘာကြောင့်လဲ"
ဤမေးခွန်းကို ရင်ဆိုင်ရသောအခါ ထောင်ရိရှန်းလည်း မဖြေတတ်တော့ပေ။
ထိုစဉ် ထောင်ဝမ်က
"တကယ်လို့ ငါ ဂိုဏ်းမျိုးဆက် ဖြစ်သွားရင်တော့ အဲ့တုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ စုံစမ်းကြည့်နိုင်ပါတယ်"
....
ညသန်းခေါင်အချိန်တွင် ဒုတိယမြောက် ကျန်းချန်ဆေးလုံးကို ဖော်စပ်နိုင်သူ ပေါ်လာသည်။
လူတိုင်း ထင်ထားသည့် တန်ရန်ဇီ မဟုတ်သလို အရည်အချင်း ပြထားသော ရွှမ်ယွင်ကျီလည်း မဟုတ်ပေ။
ဖူမျိုးနွယ်စုမှ ဆေးဖော်ဆရာ ဖူဟွိုင် ဖြစ်သည်။ ဒုတိယပွဲစဉ်တွင် သူသည် အရေးအကြီးဆုံး တတိယပိုင်း ဒုတိယအဆင့်ဆေးလုံးအပေါ် အာရုံစိုက်ရန် ရွေးချယ်ခဲ့သည်။ ဖူမျိုးနွယ်စု၏ အပြည့်အဝ ပံ့ပိုးမှုဖြင့် ဤဆေးနည်းကို အထွတ်အထိပ်အထိ လေ့လာနိုင်ခဲ့သည်။ သူ အောင်ပင် အောင်မြင်ခဲ့ဖူးသည်။ ယခုမူ ဖူမျိုးနွယ်စုအတွက် ရလဒ်ကောင်းတစ်ခု ရယူနိုင်ခဲ့ပြီဖြစ်သည်။
ထိုစဉ် တစ်စုံတစ်ယောက်က တန်ရန်ဇီကို ကြည့်လိုက်သည်။ တစ်ဖက်လူသည် ဆက်လက် တိတ်ဆိတ်နေပြီး ကျန်းချန်ဆေးလုံးကို ကြိုးစားဖော်စပ်နေဆဲဖြစ်သည်။ ကြည့်ရသည်မှာ နီးစပ်နေပုံရသည်။
သို့သော် ထိုအနည်းငယ်မျှသော အကွာအဝေးကိုပင် မကျော်လွန်နိုင် ဖြစ်နေသည်။
မနက်ခင်းအချိန် ရောက်သောအခါ....။
ရွှမ်ယွင်ကျီက တတိယမြောက် ကျန်းချန်ဆေးလုံးကို ဖော်စပ်နိုင်ခဲ့သည်။
နောက်ပိုင်း ဟွမ်ဟယ်ဇီ၊ လင်ကျီဇီတို့လည်း ဆက်တိုက် အောင်မြင်ခဲ့သည်။
ထို့ကြောင့် ပထမငါးဦးကို ရွေးချယ်ပြီးဖြစ်သည်။ ကျန်လေးဦးမှာ ဆက်လက် မရုန်းကန်တော့ဘဲ လက်လျှော့လိုက်သည်။ ငါးပွဲနိုင် လေးပွဲရှုံး၊ အဆင့်တင်ပေးရန် မဖြစ်နိုင်တော့ပေ။
ဆေးဖော်ပညာရှင်အသင်းမှ အကြီးအကဲ စီရင်စုသခင်ချီတင်းက တန်ရန်ဇီ ရှေ့သို့ ရောက်လာသည်။
"ဘာလို့ ဒီလောက် ခက်ခဲအောင် လုပ်နေရတာလဲ၊ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် တိုက်ခိုက်တာ၊ ဆေးဖော်တာ၊ ဂိုဏ်းကို အုပ်ချုပ်တာ ဘာဖြစ်ဖြစ် အထွတ်အထိပ် ရောက်နိုင်တယ်၊ ဒါပေမဲ့ မင်းက အကုန်လုံးကို လိုချင်နေတာပဲ"
"ရလဒ်ကတော့ အခုလို ဖြစ်လာပြီ၊ ပွဲစဉ်သုံးခုလုံးမှာ တစ်ခုကို စွန့်လွှတ်လိုက်ရင်တောင် နောက်ဆုံးအဆင့်အထိ ရောက်နိုင်တယ်၊ ဒါပေမဲ့ မင်းက အကုန်လုံးကို လိုချင်နေတာ၊ တန်ရန် ဒီရှုံးနိမ့်မှုကို မင်း လက်ခံနိုင်ရဲ့လား"
တန်ရန်ဇီ တိတ်ဆိတ်နေကာ ဆေးလုံးကို ဆက်လက် ဖော်စပ်နေသည်။
စီရင်စုသခင်ချီတင်း၏ မျက်နှာထက်ဝယ် ဒေါသရိပ်အနည်းငယ် ပေါ်လာသည်။
"မင်းအဖေ စီရင်စုသခင်တန်ရန်ရဲ့ နာမည်ကို ဆက်ခံထားတဲ့ မင်းဟာ တန်ရန်တောင်ရဲ့ အနာဂတ် ခေါင်းဆောင် ဖြစ်သင့်တာ၊ ဘာလို့ အာဏာလုပွဲတွေမှာ ပါဝင်နေတာလဲ.... အဲဒီအရာတွေက ငါတို့ ဆေးဖော်ဆရာတွေအတွက်.... အို"
ဆေးရနံ့သင်းသင်းလေးတစ်ခု ထွက်ပေါ်လာရာ သူ အံ့အားသင့်သွားသည်။
တန်ရန်ဇီက အသံသြသြဖြင့် ဆိုသည်။
"အကြီးအကဲ၊ ဆေးအဆင့်ကို စစ်ဆေးပေးပါဦး"
ဤတစ်ကြိမ်တွင် ချီတင်း တိတ်ဆိတ်သွားသည်။
....
လူအများ၏ အကြည့်အောက်တွင် ဆေးဖော်ပညာရှင်အသင်း အကြီးအကဲက ဒုတိယပွဲစဉ်၏ ရလဒ်ကို ကြေညာလိုက်သည်။
ပထမမှာ တန်ချန်ဇီ ဖြစ်သည်။ သုံးပွဲလုံး နိုင်၊ အဆင့် (၁) ချိတ်နိုင်ခဲ့သဖြင့် မေးခွန်းထုတ်စရာ မရှိပေ။ ဒုတိယနေရာတွင်ကား လူအများ ထင်မှတ်ထားသည့် သုံးပွဲလုံး အဆင့် (၃) ရခဲ့သည့် ရွှမ်ယွင်ကျီ မဟုတ်ပေ။ အဆင့် (၂) နှစ်ကြိမ်၊ အဆင့် (၆) တစ်ကြိမ် ရခဲ့သော တန်ရန်ဇီလည်း မဟုတ်ပေ။ ဖူမျိုးနွယ်စုမှ ဆေးဖော်ဆရာ ဖူဟွိုင်သာ ဖြစ်သည်။
များစွာသော သူတို့ အံ့အားသင့်ကြသော်လည်း အချို့ကမူ ဖြစ်သင့်သည်ဟု ယူဆကြသည်။
"ငါ ပြောသားပဲ၊ တတိယပွဲစဉ် ဒုတိယအဆင့်ဆေးလုံး ဖော်စပ်တာက အရေးအကြီးဆုံးပဲ"
"သူက ရှေ့နှစ်ပွဲမှာ အဆင့် (၄) ရပေမယ့် နောက်ဆုံးပွဲမှာ အဆင့် (၂) ရလိုက်တာနဲ့ ဒုတိယနေရာအထိ တက်သွားတယ်၊ ဖူမျိုးနွယ်စု တကယ် ဆုံးဖြတ်ချက် မှန်သွားတာပဲ"
ဤအဆင့် သတ်မှတ်ချက် ပေါ်လာသည့်အခိုက် ရွေးချယ်ခံမျိုးဆက်ကိုးဦးစလုံး၏ မျက်နှာထားများ ပြောင်းလဲသွားသည်။
ထောင်ဝမ်နှင့် ဖူလီတို့ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ ဒုတိယနှင့် တတိယနေရာတွင် ရှိသော ဟယ်ယွမ်ချင်းနှင့် ရှန်ကွမ်းယန်တို့၏ မျက်နှာမှာမူ မှောင်မိုက်သွားသည်။
ဒုတိယပွဲစဉ် ရလဒ်များ ထွက်လာပြီးနောက် သူတို့၏ စိုးရိမ်မှုများ အမှန်တကယ် ဖြစ်လာသည်။ တတိယနေရာသည် ရွှမ်ယွင်ကျီထံ ရောက်သွားသည်။
‘စတုတ္ထနေရာ တန်ရန်ဇီ’
‘ပဉ္စမနေရာ ဟွမ်ဟယ်ဇီ’
ထို့နောက်တွင်မူ ရှုံးနိမ့်သူများ ဖြစ်သည်။ သူတို့ ကိုယ်စားပြုထားသော ရွေးချယ်ခံမျိုးဆက်များ၏ အဆင့်မှာလည်း ထူးထူးခြားခြား ကောင်းမွန်နေခြင်း မရှိချေ။
ဤနည်းဖြင့် ပထမငါးဦး၏ အဆင့်သည် ဒုတိယပွဲစဉ်ကြောင့် ကြီးမားစွာ ပြောင်းလဲသွားတော့မည် ဖြစ်သည်။
နောက်တစ်ခဏတွင် စီရင်စုသခင်ချီတင်း၏ လက်ဝှေ့ယမ်းလိုက်မှုနှင့်အတူ စင်မြင့် ကိုးခုလုံးမှ မြည်ဟည်းသံများ ထွက်ပေါ်လာသည်။ အချို့မှာ အဆင့်တက်၊ အချို့မှာ အဆင့်ကျ ဖြစ်ကုန်သည်။
လူအများ စိတ်လှုပ်ရှားစွာ ကြည့်နေကြစဉ် မူလက ပထမ ဖြစ်သော တန်ရန်ဇီ၏ အဆင့်မှာ ကျဆင်းသွားသည်။ အစားထိုးဝင်ရောက်လာသူမှာ စတုတ္ထနေရာတွင် ရှိခဲ့သော ထောင်ဝမ် ဖြစ်သည်။ ယခုအချိန်တွင် ထောင်ဝမ် ပထမ၊ တန်ရန်ဇီ ဒုတိယ၊ ဟယ်ယွမ်ချင်း တတိယ၊ ဖူလီ စတုတ္ထ၊ ရှန်ကွမ်းယန် ပဉ္စမ ဖြစ်သည်။
ဤရလဒ် ထွက်ပေါ်လာသောအခါ ထောင်ဝမ် ဝမ်းသာသွားသည်။
အခြားသူများ၏ စိတ်အခြေအနေမှာမူ မကောင်းမွန်ပေ။
"ဟယ်ယွင် ငါ့ကို ဒုက္ခပေးမှ ပေးပါ့မလားလို့…."
ဟယ်ယွမ်ချင်း စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။ သူသည် ပထမနေရာဖြင့် နောက်ဆုံးပွဲစဉ်သို့ ဝင်ချင်ခဲ့သော်လည်း ယခုမူ တတိယသာ ဖြစ်နေသည်။ ဆိုလိုသည်မှာ သူ့အနေဖြင့် ဂိုဏ်းမျိုးဆက်အဆင့်ကို ရရန် အနည်းဆုံး သုံးဦးနှင့် တိုက်ခိုက်ရပေမည်။
ဖူလီမှာမူ စိတ်အေးလက်အေး ရှိနေသည်။ စတုတ္ထနေရာမှာ မဆိုးလှပေ။ ဂိုဏ်းမျိုးဆက်ကို ရရန် မဖြစ်နိုင်တော့သော်လည်း သူ၏ တန်ဖိုးကို ပြသနိုင်ခဲ့သည်။ မိတ်ဖက်များအတွက်လည်း အကူအညီ ပေးနိုင်သည်။ နှိုင်းယှဉ်လျှင် ယခင်က တတိယရခဲ့သော ရှန်ကွမ်းယန် ယခု ပဉ္စမအထိ ထိုးကျသွားသည်မှာ စိတ်ပျက်စရာ ကောင်းပေလိမ့်မည်။
သူ စိတ်ဝင်စားစွာဖြင့် ရှန်ကွမ်းယန်ဘက်သို့ ကြည့်လိုက်ရာ သူမ၏ မျက်နှာမှာ တိမ်ဖုံးနေသည့်နှယ် မှောင်မိုက်နေသည်။ ထိုစဉ် သူမဘက်မှ ဆေးဖော်ဆရာ ဟွမ်ဟယ်ဇီက ခြေဆောင့်၍ ဒေါသတကြီး ထွက်သွားသည်။
နှစ်ဦးကြား ဆက်ဆံရေး မကောင်းတော့ကြောင်း သိသာနေသည်။
....
ဒုတိယပွဲစဉ်ကြီး ပြီးဆုံးပြီးနောက် တိုတောင်းသော အနားယူချိန် ပေးထားသည်။
ရွေးချယ်ခံမျိုးဆက်များအတွက် မဟုတ်ဘဲ ဆေးလုံးစိမ်းချိုင့်ဝှမ်း အကြီးအကဲများအတွက် နောက်ဆုံး စင်မြင့်ကို ပြင်ဆင်ရန် ဖြစ်သည်။
ယခုအခါ စင်မြင့်ကိုးခုသည် ရွှေအမြုတေကျင့်ကြံသူကြီး၏ စွမ်းအားဖြင့် ပေါင်းစပ်သွားကာ အလျားနှင့် အနံ ပေတစ်ထောင်နီးပါး ရှိသော တိုက်ခိုက်ရေးစင်မြင့်ကြီး ပေါ်လာသည်။
ဤအချိန်တွင် ရွေးချယ်ခံမျိုးဆက်များသည်လည်း စင်မြင့်ပေါ်မှ ဆင်းလာကြသည်။ သူတို့ တစ်ဦးနှင့်တစ်ဦး နီးနီးကပ်ကပ် ဆွေးနွေးနေကြသည်။ အချို့မှာ မျက်နှာပျက်နေကြသည်။ အထူးသဖြင့် အလယ်အလတ် အဆင့်တွင် ရှိနေသူများ ဖြစ်သည်။
နောက်ဆုံးလူနှစ်ဦးကား စိတ်ပျက်ခြင်း မရှိကြပေ။
"ညီလေး မျက်နှာလေးတောင် ချောင်သွားပြီ.... ပွဲပြီးမှ လက်ရည်စမ်းကြမယ်နော်"
"အစ်ကိုကြီးကလည်း.... ပြောစရာလိုသေးလို့လား"
"ဟားဟား"
ရွေးချယ်ခံမျိုးဆက်အဆင့်ကို ရရှိခြင်းကပင် သူတို့၏ အရည်အချင်းကို သက်သေပြနေပြီးဖြစ်သည်။ နောက်တွင် အနည်းငယ်သာ အစွမ်းအစပြရန် လိုသည်။ ဂိုဏ်းမျိုးဆက်နေရာကိုမူ မမျှော်လင့်ရဲတော့ပေ။ ရွေးချယ်ခံမျိုးဆက်အဆင့်သည်ပင် အရင်းအမြစ်များ ရရှိရန် လုံလောက်သည်။
လော့ချန်သည် ဖူမျိုးနွယ်စုမှ ဆေးဖော်ဆရာနှင့်အတူ အခြားသူများကို ကြည့်နေသည်။
သူ သက်ပြင်းချလိုက်မိသည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ဂိုဏ်းမျိုးဆက် ပြိုင်ပွဲကြီးသည် ခမ်းနားသော်လည်း ပြင်းထန်မှု လိုအပ်နေသည်။ ဂိုဏ်းသားချင်း တိုက်ခိုက်မှုများ ရှိသော်လည်း အကန့်အသတ် ရှိနေသည်။
နှိုင်းယှဉ်လျှင် တစ်ကိုယ်တော်ကျင့်ကြံသူများသည်သာ အသက်စွန့် တိုက်ခိုက်ကြလေ့ရှိသည်။ ထိုတိုက်ပွဲများမှာ ဤဂိုဏ်းပြိုင်ပွဲထက် ပိုမို ပြင်းထန်သည်။
"တန်ချန်ဇီ၊ မင်းကို ငါ တကယ်ပဲ လေးစားမိပါတယ်၊ ကျန်းချန်ဆေးလုံးကို မင်း တစ်ခါတည်း အောင်မြင်သွားမယ်လို့ ငါ မျှော်လင့်မထားမိခဲ့ဘူး"
ဖူဟွိုင်၏ ချီးကျူးသံကို ကြားသည်နှင့် လော့ချန် ပြုံးကာ ငြင်းဆန်လိုက်သည်။
ဖူဟွိုင်က ဆက်ဆိုလာသည်။
"ဒီတစ်ခါတော့ မင်းကို လူအတော်များများ သတိထားမိကြလိမ့်မယ်၊ ဂိုဏ်းကြီးတွေရဲ့ ဧည့်သည်တော် ဖြစ်လာရင်တောင် အံ့သြစရာ မရှိဘူး"
သုံးပွဲဆက် အနိုင်ရရှိမှုသည် ဆေးလုံးစိမ်းချိုင့်ဝှမ်းတစ်ခုလုံးတွင်သာမက ကျောက်စိမ်းအိုးနယ်မြေ တစ်ခုလုံးတွင်ပါ နာမည်ကျော်ကြားသွားပေလိမ့်မည်။
ဖိတ်ခေါ်မှု အမြောက်အမြားမှာ သူ စင်မြင့်ပေါ်မှ ဆင်းသည်နှင့် ရောက်ရှိလာပေလိမ့်မည်။ သို့မဟုတ် ယခုပင် ရောက်နေလောက်ပြီဖြစ်သည်။
"ရှန်ကွမ်းယန်.... နင် ဘာလာလုပ်တာလဲ"
ထောင်ဝမ်တစ်ယောက် လော့ချန်ရှေ့သို့ ရောက်လာသည်။
ရှန်ကွမ်းယန်က ရယ်မောကာ
"ဘာလုပ်ရမှာလဲ.... ဆရာတန်ချန်ဇီက ဒီလောက် ထူးချွန်တာကို ဆေးပညာအကြောင်း နည်းနည်းလောက် မေးချင်လို့လေ"
"ဒီနေရာက နင့်ကို မကြိုဆိုဘူး"
ထောင်ဝမ်က အေးစက်စွာ ပြောလိုက်သည်။
ရှန်ကွမ်းယန်က မျက်မှောင်ကြုတ်ကာ
"ထောင်ဝမ်.... နင် ရထားတာက ရွေးချယ်ခံမျိုးဆက် ပထမနေရာနော်၊ ဂိုဏ်းမျိုးဆက် မဟုတ်ဘူး၊ ဘာလို့ ဒီလောက် အာဏာပြနေတာလဲ"
ထောင်ဝမ်က အံကြိတ်ကာ
"အေး.... ငါက ဂိုဏ်းမျိုးဆက် မဟုတ်သေးဘူး၊ ဒါပေမဲ့ နင်က နောက်ဆုံးနေရာမှာ ရှိနေတော့ ငါ့ရှေ့အထိ ရောက်နိုင်မှာမဟုတ်ဘူး၊ အခု လာတာက ဘာလဲ.... ကြိုပြီး မကျေပွဲ လာနွှဲတာလား"
ရှန်ကွမ်းယန်၏ မျက်နှာထား ပြောင်းလဲသွားသည်။ ထောင်ဝမ်ကို ကြည့်ရင်း သူမ ဒေါသအလိပ်လိုက်ထွက်ကာ ခြေဆောင့်၍ ထွက်သွားတော့သည်။
သူမ၏ ကျောပြင်ကို ကြည့်ရင်း ထောင်ဝမ် စိတ်သက်သာရာ ရသွားသည်။ သို့သော် သူမ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အခြား ရွေးချယ်ခံမျိုးဆက် များစွာကလည်း လော့ချန်ကို ကြည့်နေကြသည်။
ဤမြင်ကွင်းက သူမ၏ နှလုံးသားကို တုန်လှုပ်သွားစေသည်။ လော့ချန်၏ အရေးပါမှုမှာ အကူအညီပေးသူထက် ပိုနေပြီဖြစ်သည်။ သူ၏ ဆေးပညာ ကျွမ်းကျင်မှုဖြင့် ဂိုဏ်းကြီး၏ အဆင့်မြင့် ဧည့်သည်တော် ဖြစ်လာနိုင်သည်။ ထောင်မျိုးနွယ်စုအနေဖြင့် သူ့အား ထိန်းထားနိုင်မည် မဟုတ်ပေ။
‘မဟုတ်ဘူး.... ထောင်မျိုးနွယ်စု မထိန်းနိုင်ရင်တောင် ငါ ဂိုဏ်းမျိုးဆက် ဖြစ်လာရင် သူ့ကို ထိန်းထားနိုင်တယ်.... အနည်းဆုံးတော့ ပြိုင်ဘက်တွေ လက်ထဲ မရောက်စေရဘူး....’
ရှန်ကွမ်းယန်၏ စမ်းသပ်မှုမှာ ပထမဆုံး ဖြစ်သည်။
‘နောက်ထပ် ဘယ်လို ဆက်လုပ်ရမလဲ.... လော့ချန်ကို ဘယ်လို ထိန်းထားမလဲ’
သူမ စဉ်းစားနေစဉ်မှာပင် တတိယပွဲစဉ် စတင်တော့မည် ဖြစ်ကြောင်း အကြောင်းကြားလာသည်။
ဂိုဏ်းမျိုးဆက် တပည့်များအားလုံး ထွက်ခွာသွားကြသည်။ လော့ချန်လည်း နောက်မှ လိုက်သွားကာ တတိယပွဲစဉ်ကို ကြည့်ရှုရန် ပြင်လိုက်သည်။
ထိုစဉ်မှာပင် လူတစ်ယောက်က သူ့အား တားဆီးလိုက်သည်။
"ဆရာတန်ချန်ဇီ.... စီရင်စုသခင်က ဖိတ်ခေါ်ထားပါတယ်ခင်ဗျာ"
"ဘယ်စီရင်စုသခင်လဲ"
"ကောင်းကင်နန်းတော်ပေါ်က စီရင်စုသခင်တွေပါ"
လော့ချန်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ သို့သော် သူ အံ့ဩခြင်းတော့ မရှိချေ။ ဤတစ်ကြိမ် ကောင်းကင်နန်းတော်သို့ တက်ရောက်ခြင်းမှာ ယခင်ကလို အမည်မသိသူတစ်ဦးအဖြစ် မဟုတ်တော့ပေ။
သူ လေးလေးစားစား ဆက်ဆံခံရတော့မည် ဖြစ်သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ