အခန်း ၄၈၅
Vol. 49 Ch. 485
အခန်း (၄၈၅) - ရွှေအမြုတေစီရင်စုသခင်တို့၏ အလုအယက်ဖိတ်ခေါ်မှု
ကောင်းကင်နန်းတော်သို့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့စဉ်က ဆေးဖော်ဆရာများကြားတွင် ရောနှောနေသဖြင့် မည်သူမျှ သူ့အား သတိမပြုမိခဲ့ကြပေ။
ယခု ဒုတိယအကြိမ် ကောင်းကင်နန်းတော်သို့ တက်ရောက်ချိန်တွင်ကား ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ပါရမီရှင် ခုနစ်ဦးကို ဖိနှိပ်ထားပြီး သုံးပွဲဆက် အနိုင်ရရှိခဲ့သည့် တန်ချန်ဇီ ဖြစ်နေလေပြီ။
အနီးသို့ ရောက်သည်နှင့် စပ်စုလိုစိတ်၊ လေးစားစိတ် အပြည့်ပါသော အကြည့်များက သူ့အပေါ် ကျရောက်လာသည်။ ထိုသူတို့မှာ အခြားဂိုဏ်းများမှ အခြေတည် တပည့်များ ဖြစ်ကြသည်။
ထိုအကြည့်များကို လော့ချန် အထူးတလည် ဂရုမစိုက်ပေ။ သူစိတ်ဝင်စားသည်မှာ ရွှေအမြုတေ စီရင်စုသခင်များ၏ စိတ်သဘောထားသာ ဖြစ်သည်။
သူမြင်တွေ့ချင်သော အရာမှာ ချက်ချင်းပင် ပေါ်လာသည်။
"တန်ချန်ဇီ၊ ထိုင်ပါဦး"
တိုတောင်းလှသော်လည်း နာမည်ကို တိုက်ရိုက် မခေါ်ဆိုခြင်းကပင် ကြီးမားသော လေးစားမှုတစ်ရပ်ဖြစ်သည်။ တရားဝင် ဘွဲ့နာမည်မှာ ကျင့်ကြံသူတစ်ဦးအပေါ် ထားရှိသည့် အမြင့်ဆုံးသော ရိုသေမှု ဖြစ်သည်။
နွေးထွေးသော အပြုံးဖြင့် ရှိနေသော သတ်လတ်ပိုင်း အမျိုးသားကို ကြည့်၍ လော့ချန် လက်သီးဆုပ် ဂါရဝပြုလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ ဂိုဏ်းချုပ်ချင်ယွင်"
ပြောပြီးနောက် ရွှေအမြုတေ စီရင်စုသခင် အားလုံး၏ အကြည့်အောက်တွင် အောက်ဆုံးနေရာရှိ ထိုင်ခုံ၌ သူ ဝင်ထိုင်လိုက်သည်။
ချင်ယွင်ဇီက သူ့ပုံစံကို မြင်သောအခါ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ယဉ်ကျေးသိမ်မွေ့တယ်၊ ဂုဏ်မမောက်ဘူး၊ တကယ်ကို ထူးချွန်တဲ့ လူငယ်ပဲ"
သူ အာလာပသလ္လာပ ပြောနေသော်လည်း စီရင်စုသခင်ချီတင်းကား ထိုမျှ သည်းခံနိုင်သူ မဟုတ်ပေ။
"တန်ချန်ဇီ.... ဟိုနေ့က ငါပြောတဲ့ကိစ္စကို မောင်ရင် ဘယ်လို စဉ်းစားထားလဲ"
သူပြောလိုသည်မှာ သူတို့ဆေးဖော်ပညာရှင်အသင်းသို့ ဝင်ရောက်ပြီး ဧည့်သည်တော် အကြီးအကဲ လုပ်ရန် ဖြစ်သည်။
စကားဖြတ်ပြောခံလိုက်ရသော်လည်း ချင်ယွင်ဇီ စိတ်မဆိုးပေ။ အစ်ကိုကြီးသည် တစ်ဖက်လူ၏ ဆေးဖော်စပ်နိုင်စွမ်းကို နှမြော၍ ဖြစ်ကြောင်း သူသိသည်။ သူ့ဘက်က ကြည့်လျှင်လည်း ဤသည်မှာ ကောင်းသော ကိစ္စဖြစ်သည်။ လော့ချန်၏ ဆေးဖော်စွမ်းရည်မှာ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ပါရမီရှင် ခုနစ်ဦးကို ဖိနှိပ်ထားပြီးဖြစ်ရာ ဤသတင်း အပြင်သို့ ပျံ့သွားလျှင် ကြားမကောင်းချေ။ သို့သော် လော့ချန်သာ ဆေးလုံးစိမ်းချိုင့်ဝှမ်းထဲသို့ ဝင်ရောက်လိုက်လျှင် ပြဿနာ မရှိတော့ပေ။
ထို့ကြောင့် သူသည်လည်း လော့ချန်ကို ပြုံးပြုံးကြီး ကြည့်ကာ အဖြေကို စောင့်မျှော်နေသည်။
ထိုအခိုက် လော့ချန်၏ ရင်ခုန်သံများ မြန်ဆန်လာသည်။ သူ ဆုံးဖြတ်ချက် ချပြီး ဖြစ်သော်လည်း ဤမျှ များပြားသော ရွှေအမြုတေ စီရင်စုသခင်များရှေ့တွင် ဆေးလုံးစိမ်းချိုင့်ဝှမ်းအား ငြင်းပယ်ရမည်ဆိုလျှင် ရလဒ် မည်သို့ဖြစ်လာမည်ကို ခန့်မှန်းရခက်သည်။
သို့သော် မကြာမီ သူကိုယ်တိုင် ဆုံးဖြတ်စရာပင် မလိုတော့ပေ။
"တန်ချန်ဇီလိုမျိုး အရည်အချင်းရှိတဲ့လူငယ်က ငါတို့ အိုက်လောင်တောင်ကို လာသင့်တယ်"
အိုက်လောင်တောင်မှ စီရင်စုသခင်က ဆိုသည်။
ဘုရင်မပန်းဂိုဏ်းမှ မာလာဒေဝီက နူးညံ့စွာ ပြုံးလိုက်ရင်း
"အစ်ကိုကြီး ချင်ယွင်ဇီ.... အစ်ကိုကြီးတို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းမှာ ထူးချွန်တဲ့ ဆေးဖော်ဆရာတွေ အများကြီး ရှိပြီးသားပဲ.... တန်ချန်ဇီကို မလိုပါဘူး၊ ကျွန်မရဲ့ ဘုရင်မပန်းဂိုဏ်းကို လွှတ်ပေးလိုက်ရင်ကော ဘယ်လိုလဲ"
ပြောပြီးနောက် ချင်ယွင်ဇီ၏ အေးစက်သွားသော မျက်နှာအမူအရာကို ဂရုမစိုက်ဘဲ လော့ချန်ကို ကြည့်လိုက်သည်။
"တန်ချန်ဇီ၊ ငါတို့ ဘုရင်မပန်းဂိုဏ်းမှာ အမျိုးသမီး ကျင့်ကြံသူတွေ အများကြီးရှိတယ်.... မင်းသာ လာခဲ့မယ်ဆိုရင် အချောဆုံး နတ်သမီးလေးနှစ်ယောက် ထားပေးမယ်၊ ဆေးပညာကို လေ့လာရင်းနဲ့လည်း အပြည့်အဝ ပျော်ရွှင်နိုင်တာပေါ့၊ မကောင်းဘူးလား"
သူမ၏ ဆွဲဆောင်မှုမှာ ဗြောင်ကျလွန်းသလို အလွန်လည်း မက်မောဖွယ်ကောင်းသည်။
အိုက်လောင်တောင်မှ စီရင်စုသခင် စိတ်လှုပ်ရှားသွားသည်။
"ငါ့အိုက်လောင်တောင်ကို လာခဲ့မယ်ဆိုရင် မောင်ရင့်အတွက် အကောင်းဆုံး ဆေးဖော်ဆောင်ကို ငါကိုယ်တိုင် ဆောက်ပေးမယ်၊ ရွှေအမြုတေအဆင့်ရောက်တဲ့အခါမှာလည်း မှော်ရတနာအဆင့်ရှိတဲ့ ဆေးဖော်ကိရိယာတွေ လိုချင်သလောက် ဝယ်ပေးမယ်၊ ဘယ်လိုလဲ"
မာလာဒေဝီ မျက်မှောင်ကြုတ်လိုက်မိသည်။
‘အိုက်လောင်တောင်ရဲ့ ကြွယ်ဝမှုကတော့ တကယ်ပဲ.... မှော်ရတနာ ဆေးဖော်ကိရိယာတွေနဲ့တောင် အာမခံပေးလိုက်တာပဲ၊ ဒါက သာမန် ပစ္စည်းမှ မဟုတ်တာ၊ ထူးချွန်တဲ့ ပန်းပဲဆရာတွေ ကိုယ်တိုင် သွန်းလုပ်ထားတဲ့ အကောင်းဆုံး ရတနာတွေ’
နှစ်ဦးသား၏ အလုအယက် ဆွဲဆောင်နေမှုကို ကြည့်ရင်း စီရင်စုသခင်ချီတင်း ဒေါသထွက်သွားသည်။
"မင်းတို့ အရမ်းလွန်လွန်းနေပြီ၊ လော့ချန်က ငါတို့ ဆေးလုံးစိမ်းချိုင့်ဝှမ်း ထောင်မျိုးနွယ်စုရဲ့ ကာကွယ်စောင့်ရှောက်သူ ဖြစ်ပြီးသား၊ သူက ငါတို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းဘက်ကလူပဲ"
"ယာယီ ကာကွယ်စောင့်ရှောက်သူ သက်သက်ပါပဲ"
မာလာဒေဝီက ရယ်မောရင်း ဆိုလိုက်သည်။
အိုက်လောင်တောင်မှ စီရင်စုသခင်လည်း ပေါ့ပေါ့တန်တန် သဘောထားသည်။ "ငါ့အိုက်လောင်တောင်ကို ဝင်ရင် တန်ချန်ဇီက အကြီးအကဲပဲ"
စီရင်စုသခင်ချီတင်းက အလျင်အမြန် ဝင်ပြောလိုက်သည်။
"ငါ့ဆေးဖော်ပညာရှင်အသင်းကို ဝင်လိုက်တာနဲ့ ဧည့်သည်တော် အကြီးအကဲ ဖြစ်လာမှာပါ"
ပြောပြီးနောက် သူ လော့ချန်ကို အလေးအနက် ကြည့်လိုက်သည်။
"တန်ချန်ဇီ၊ မောင်ရင် သေချာ စဉ်းစားနော်၊ ငါ့ရဲ့ ဆေးဖော်ပညာရှင်အသင်းမှာ ဆေးပညာဆိုင်ရာ အရင်းအမြစ်တွေ အများကြီး ရှိတယ်၊ မင်းကို အကြီးမားဆုံး အထောက်အပံ့ ပေးနိုင်တယ်၊ ကျင့်ကြံရေးမှာလည်း စိတ်ပူစရာ မလိုဘူး၊ ငါ ဂိုဏ်းကို လျှောက်ထားပေးမယ်၊ ဆယ်နှစ်တစ်ကြိမ် တတိယအဆင့် ဂူဗိမာန်မှာ တစ်နှစ် ကျင့်ကြံခွင့် ရစေရမယ်"
ဤမျှ ကြွယ်ဝသော ကမ်းလှမ်းချက်များကို ကြားရသောအခါ ဘုရင်မပန်းဂိုဏ်းနှင့် အိုက်လောင်တောင်မှ စီရင်စုသခင်တို့ပါ အံ့အားသင့်သွားသည်။ တတိယအဆင့် ကျင့်ကြံရာနေရာ ရှိသော်လည်း ကျင့်ကြံရန် သင့်တော်သော ဂူဗိမာန်မှာ အလွန်နည်းပါးသည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်းတွင် ထိုသို့သော နေရာ ပိုင်ဆိုင်ထားသော်လည်း ရွှေအမြုတေ စီရင်စုသခင်များ များပြားလွန်းနေသည်။
‘ဒီလို အခြေအနေမျိုးမှာတောင် လော့ချန်အတွက် တစ်နေရာ ခွဲပေးနိုင်တာလား’
‘ဆယ်နှစ်တစ်ကြိမ်၊ တစ်နှစ်တောင်လား’
ခဏတာအတွင်း သူတို့ပင်လျှင် တွန့်ဆုတ်သွားကြသည်။
စီရင်စုသခင်ချီတင်းကမူ အောင်ပွဲခံနေသည်။ လော့ချန်အနေဖြင့် ဤကမ်းလှမ်းချက်များကို ငြင်းပယ်နိုင်လိမ့်မည် မဟုတ်ဟု သူယုံကြည်သည်။
‘တကယ်ပဲလား’
လော့ချန် စိတ်ဝင်စားသွားသည်။ သို့သော် သူ အဖြေမပေးသေးဘဲ အမျိုးသမီး ကျင့်ကြံသူ တစ်ဦးကို ကြည့်လိုက်သည်။
လူတိုင်း သူ့အကြည့်အတိုင်း လိုက်ကြည့်လိုက်ကြသည်။
ထိုသူမှာ ရေခဲခံတပ်မှ စီရင်စုသခင်၊ ကရုဏာမဲ့နတ်သမီးပင်။
ဤမြင်ကွင်းကို မြင်သောအခါ ရွှေအမြုတေ စီရင်စုသခင်များ မျက်မှောင်ကြုတ်သွားကြပြီး မကျေမနပ် ဖြစ်မိကြသည်။
‘ဒီတန်ချန်ဇီကတော့ အတင့်ရဲလွန်းလှပြီ၊ ဈေးတင်နေတာပဲ’
‘ဂိုဏ်းသုံးဂိုဏ်းလုံးက အကျိုးကျေးဇူးတွေ ပေးထားတာတောင် မကျေနပ်သေးဘဲ ရေခဲခံတပ်ဆီကနေလည်း အပိုဆောင်း တစ်ခုခုကို လိုချင်နေတာလား’
သို့သော် သူတို့ အထင် မှားနေခဲ့သည်။
"အားလုံးပဲ စကားများမနေကြပါနဲ့တော့"
သူတို့ နားမလည်နိုင် ဖြစ်နေစဉ်မှာပင် ကရုဏာမဲ့နတ်သမီး၏ အေးစက်သော စကားသံ ထွက်ပေါ်လာသည်။
"တန်ချန်ဇီက ငါ့ရေခဲခံတပ်က လူပဲ"
စကားသံ ထွက်ပေါ်လာသည်နှင့် လူတိုင်း အံ့အားသင့်သွားသည်။
လော့ကျားတောင်မှ စီရင်စုသခင်ပိုင်စုက ရယ်မောလိုက်သည်။
"ညီမလေး.... နင် ဒီလို ဆွဲဆောင်တာက မဟုတ်သေးဘူးနော်၊ အားလုံး တစ်ခုခု ပေးနေတဲ့အချိန်မှာ နင်က တန်ချန်ဇီကို ဘယ်လိုလုပ် နင်တို့လူလို့ ပြောနေရတာလဲ"
"ဒီလိုမျိုး လုလို့မရဘူးလေ...."
မေးခွန်းထုတ်မှုများနှင့် ရင်ဆိုင်ရသော်လည်း ကရုဏာမဲ့နတ်သမီး၏ မျက်နှာထားမှာ အေးစက်နေဆဲပင်။
"ဒါ အမှန်တရားပဲ၊ မယုံရင်.... တန်ချန်ဇီ မင်းရဲ့ ရှန်းဟူဆေးကျမ်းကို ထုတ်ပြလိုက်၊ အားလုံးကြည့်လို့ ရတယ်"
လော့ချန် တိတ်ဆိတ်စွာပင် သိုလှောင်အိတ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။
အပေါ်တွင် ‘ရှန်းဟူဆေးကျမ်း’ ဟူသော စာတန်းဟောင်းကြီး ရှိသည်။
ဤစာအုပ်ကို မြင်သောအခါ လူတိုင်း တိတ်ဆိတ်သွားသည်။
အခြားသူများ မသိကြသော်လည်း ရွှေအမြုတေ စီရင်စုသခင်များအတွက် ရှန်းဟူ ဟူသော စကားလုံးက မည်သည့်အရာကို ဆိုလိုမှန်း သိကြသည်။ ဤနာမည်မှာ ကရုဏာမဲ့နတ်သမီး၏ ခင်ပွန်း ရှန်းဟူ၏ နာမည် ဖြစ်သည်။ ရှန်းဟူသည် ရွှေအမြုတေ ကျင့်ကြံသူတစ်ဦး ဖြစ်သလို ထူးချွန်သော တတိယအဆင့် ဆေးဖော်ဆရာကြီး တစ်ဦးလည်း ဖြစ်သည်။ သို့သော် ကံအကြောင်းမလှစွာ ကရုဏာမဲ့နတ်သမီး၏ လက်ချက်ကြောင့် သေဆုံးခဲ့ရသည်။ ခင်ပွန်းဖြစ်သူ ချန်ထားခဲ့သော ဆေးနည်းကို လော့ချန်အား ပေးခဲ့ခြင်းမှာ လော့ချန်သည် သူမ အလေးထားသော နောက်မျိုးဆက် တစ်ဦး ဖြစ်ကြောင်း သက်သေပင်။
စီရင်စုသခင်ချီတင်း ရုတ်တရက် သဘောပေါက်သွားသည်။ လော့ချန်ကို ကြည့်သော အကြည့်တွင် လေးစားမှုတို့ ပေါ်လာသည်။
"ဒီလောက် ငယ်ရွယ်တာတောင် ဆေးဖော်စပ်တဲ့နေရာမှာ ထူးချွန်နေတာ အံ့သြစရာ မဟုတ်တော့ပါဘူး၊ ရှန်းဟူရဲ့ အရိုက်အရာကို ဆက်ခံထားတာကိုး၊ ရှန်းဟူ ငါတို့ဆေးဖော်ပညာရှင်အသင်းကို လာပြီး ဆေးနည်းဆွေးနွေးခဲ့တုန်းက အမှတ်တရတွေတောင် ပြန်ပေါ်လာသလိုပဲ"
ယခင်က တင်းမာနေသော ချင်ယွင်ဇီ၏ မျက်နှာပေါ်တွင်လည်း သက်သာရာရသွားသော အရိပ်အယောင် ပေါ်လာသည်။ ရှန်းဟူ၏ ဆေးဖော်စပ်နည်းကို သူတို့ သိကြသည်။ ဆေးဖော်စပ်နည်းမှာ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ တတိယအဆင့် ဆေးဖော်ဆရာများထက် မနိမ့်ချေ။ သူ၏ အရိုက်အရာကို ဆက်ခံထားသူက ဆေးလုံးစိမ်းချိုင့်ဝှမ်း ပါရမီရှင် ခုနစ်ဦးကို အနိုင်ယူနိုင်သည်မှာ အဆန်း မဟုတ်တော့ပေ။
လော့ချန် ပြုံးလိုက်မိသည်။ ထင်ရှားသည်မှာ ဆေးလုံးစိမ်းချိုင့်ဝှမ်းက သူ့အား ဆွဲဆောင်ရန် မဖြစ်နိုင်တော့သောအခါ ဂိုဏ်း၏ ဂုဏ်သိက္ခာအတွက် အကြောင်းရင်းတစ်ခု ရှာနေခြင်းပင် ဖြစ်သည်။ နောက်ပိုင်း ပြိုင်ပွဲသတင်းများ အပြင်သို့ ပျံ့နှံ့သွားလျှင် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ မျိုးဆက်သစ် ဆေးဖော်ဆရာက တစ်ကိုယ်တော်ဆေးဖော်ဆရာကို ရှုံးသွားသည် မဟုတ်တော့ဘဲ ဂိုဏ်းခုနစ်ခုမှ တပည့်ချင်း ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်ခြင်း ဖြစ်သွားပေလိမ့်မည်။
သိက္ခာပိုင်းအရ ကြည့်လျှင်လည်း ပိုပြီး သင့်တော်သည်။ သူကိုယ်တိုင်က ရှန်းဟူ၏ အရိုက်အရာဆက်ခံသူ မဟုတ်သော်လည်း ကရုဏာမဲ့နတ်သမီးက ငြင်းဆိုလိမ့်မည် မဟုတ်ဟု ယူဆသည်။
မှန်ပေသည်။ ကရုဏာမဲ့နတ်သမီးက ဤပြောစကားကို အတည်ပြုလိုက်သည်။
‘နေပါဦး.... သူက ငါ့ကို မဆွဲဆောင်တော့ဘူးလား.... တခြားသူတွေက ကျင့်ကြံသူတိုင်း ငြင်းမရနိုင်တဲ့ အဖိုးအခတွေ ပေးထားတာလေ’
လော့ချန် ကရုဏာမဲ့နတ်သမီးကို တိတ်တဆိတ် ကြည့်နေသည်။ ယခင် သူမရှေ့တွင် ခေါင်းငုံ့၍သာ နားထောင်ရသော်လည်း ယနေ့တွင်မူ ဤမျှ တည်ငြိမ်စွာ စိုက်ကြည့်နိုင်သည်။
‘ထိုအလှတရား၊ ထိုအေးစက်သော မျက်လုံး၊ ထိုဖြူစင်သော အသားအရေ’
ကရုဏာမဲ့နတ်သမီးသည် လော့ချန်၏ အကြည့်ကို သတိပြုမိသွားသည်။ သူမ လော့ချန်ကို အေးစက်စက် ကြည့်ကာ နှုတ်ခမ်းကို လှုပ်ရှားလိုက်သည်။
"ဒီကိုရောက်လာတာက ထောင်ဝမ်ဆိုတဲ့ ကောင်မလေးနဲ့ ထန်ထိုက်ကျင်း ရင်းနှီးနေလို့ မင်းကို အကြံပေးလိုက်တာ မဟုတ်လား"
"မင်းဆီမှာ ငါလုပ်ထားတဲ့ သက်စောင့်ရေခဲကျောက်စိမ်းရဲ့ အငွေ့အသက်ကို ရနေတယ်"
လော့ချန် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအရာအား သူ သိုလှောင်အိတ်ထဲတွင် သေချာ သိမ်းထားခြင်း ဖြစ်သည်။
‘ဒါကိုတောင် ခံစားမိတာလား’
"ထုတ်လိုက်ပါ.... အဲဒီ သက်စောင့်ရေခဲကျောက်စိမ်းက ထန်ထိုက်အတွက် လုပ်ပေးထားတာ၊ မင်းနဲ့ မသင့်တော်ဘူး"
လော့ချန်သည် ထန်ထိုက်ကျင်း ပေးထားသော ထိုသက်စောင်ရေခဲကျောက်စိမ်းကို ထုတ်ယူလိုက်သည်။ ကရုဏာမဲ့နတ်သမီးက ၎င်းကို ဆွဲယူလိုက်ပြီး လူအများ၏ ရှေ့တွင်ပင် သူ့အား အသစ်တစ်ခု ပြန်ပေးလာသည်။
ဤမြင်ကွင်းက လော့ချန်သည် ရေခဲခံတပ်နှင့် အလွန် နီးကပ်သော ဆက်ဆံရေး ရှိကြောင်း လုံးဝ သက်သေပြလိုက်သည်။ မဟုတ်လျှင် ကရုဏာမဲ့နတ်သမီး၏ နာမည်အကြီးဆုံး သက်စောင်ရေခဲကျောက်စိမ်းက လော့ချန်ထံတွင် ရှိမနေနိုင်ပေ။
လူတိုင်း နှမြောတသ ဖြစ်နေကြသည်။ ဤမျှ ထူးချွန်သော ဆေးဖော်ဆရာအား ကရုဏာမဲ့နတ်သမီးက အစောကတည်းက အပိုင်သိမ်းထားခဲ့သည်။
ရှန်းဟူ သေဆုံးပြီးနောက် အမျိုးသားများအား ဂရုမစိုက်တော့ဘူးဟု ဆိုထားသည် မဟုတ်ပါလော။
အရိုးအထိ အေးစိမ့်သွားစေလောက်သော သက်စောင့်ရေခဲကျောက်စိမ်းကို ကိုင်ထားရင်း ကရုဏာမဲ့နတ်သမီးက သွေးဖြင့် အသိအမှတ်ပြုရန် တိုးတိုးလေး ပြောသံကို ကြားလိုက်ရသောအခါ လော့ချန်၏ စိတ်ထဲတွင် သက်သာရာ ရသွားသည်။
စဉ်းစားကြည့်လျှင် ဤသည်မှာ သူမ ကြိုတင်ပေးထားသော ဆုလာဒ် တစ်ခုပင် ဖြစ်မည်။
‘တကယ်ကို ရက်ရောတာပဲ’
သက်စောင့်ရေခဲကျောက်စိမ်းတွင် ရွှေအမြုတေ စီရင်စုသခင်၏ တိုက်ခိုက်မှုစွမ်းအား တစ်ခုကို သိုလှောင်ထားသည်။ အရေးကြီးသည့် အချိန်တွင် ဤကျောက်စိမ်းကို ဖျက်ဆီးပြီး အကာအကွယ် ရေခဲနတ်ဘုရားကို ဖန်တီးကာ ကရုဏာမဲ့နတ်သမီး လာကယ်တင်မည်ကို စောင့်ဆိုင်းနိုင်သည်။
ကျင့်ကြံသူတစ်ဦးအတွက် ၎င်း၏တန်ဖိုးမှာ မည်သည့်မှော်ရတနာထက်မဆို ပိုမိုတန်ဖိုးကြီးမားသည်။ နောက်ပိုင်း ပြန်ရောက်လျှင် သူမ ဘာထပ်ပေးဦးမည်ကို မသိရသေးပေ။ သို့သော် သေချာသည့် အချက်တစ်ချက် ရှိသည်။ ယခုတစ်ကြိမ် ဆေးလုံးစိမ်းချိုင့်ဝှမ်းတွင် နာမည်ကျော်ကြားသွားခြင်းက သူ၏ အမှန်ကန်ဆုံး လုပ်ဆောင်ချက်ပင် ဖြစ်သည်။ မည်သူမှ မသိသောသူ ဖြစ်လျှင် အန္တရာယ် များလှသည်။ တန်ဖိုးရှိမှသာ လူတို့၏ အာရုံစိုက်မှုနှင့် အလေးထားမှုကို ရရှိနိုင်မည် ဖြစ်သည်။ ထို့အပြင် ဆေးဖော်ပညာရှင်အသင်း၏ ဧည့်သည်တော်အကြီးအကဲ ဖြစ်လာခြင်းနှင့် မတူပေ။ သူနှင့် ရေခဲခံတပ်ကြားရှိ ဆက်ဆံရေးမှာ ပို၍ ထူးခြားပြီး လွတ်လပ်ခွင့်လည်း ပိုမိုရရှိနိုင်မည် ဖြစ်သည်။
"အခုတော့ ဂိုဏ်းမျိုးဆက် ရလဒ်ကို စောင့်ရုံပဲ၊ အစ်မထောင်သာ အနိုင်ရခဲ့ရင် ငါ့ရဲ့ ခရီးစဉ်က အလကား မဖြစ်တော့ဘူး"
....
ဂိုဏ်းမျိုးဆက်ပြိုင်ပွဲ၏ တတိယပွဲစဉ်ဖြစ်သော အရေးကြီးဆုံး သိုင်းပြိုင်ပွဲကြီး စတင်လေပြီ။
ယခင်ပွဲစဉ်နှစ်ခုကဲ့သို့ အခြားသူများကို အားကိုး၍ မရတော့ပေ။ ယခုအချိန်တွင် မည်သူမဆို ကိုယ်တိုင်ထွက်တိုက်ရမည်၊ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ကာ အရည်အချင်းကို သက်သေပြ၍ အဆင့်မြင့်သို့ တက်လှမ်းရမည်။
ကောင်းကင်နန်းတော်သို့ တက်ရောက်ပြီး ဂုဏ်ပြုခံရကာ ထိုင်ခုံနေရာ ရရှိသွားသဖြင့် လော့ချန် အောက်သို့ မဆင်းတော့ပေ။ သူသည် ရွှေအမြုတေ စီရင်စုသခင်များကြားတွင် ထိုင်ကာ မှန်ကြေးမုံမှတစ်ဆင့် အောက်မှ တိုက်ပွဲများကို ကြည့်ရှုနေသည်။
သာမန်ပရိသတ်များနှင့် အတူထိုင်ကြည့်ရခြင်းနှင့် လုံးဝ မတူပေ။ ကောင်းကင်နန်းတော်တွင် ထိုင်နေသဖြင့် လော့ချန်သည် ရွှေအမြုတေ စီရင်စုသခင်တို့၏ သုံးသပ်ချက်များကို အတိုင်းသား ကြားနေရသည်။ သူတို့၏ ထက်မြက်သော အမြင်ဖြင့် အခြား အခြေတည်အဆင့်ကျင့်ကြံသူတို့၏ အားနည်းချက်များကို ထောက်ပြနေကြသည်။
ဤသည်မှာ လော့ချန်အတွက် အကျိုးကျေးဇူး များလှသည်။
"ဒီနှစ်ယောက်ရဲ့ အဆင့်က အောက်ရောက်နေပြီ၊ ဂိုဏ်းမျိုးဆက်ကို ရဖို့ မဖြစ်နိုင်တော့ဘူး၊ အနိုင်ရဖို့ ဆန္ဒတောင် မရှိတော့ဘူး၊ ပျင်းစရာကောင်းလိုက်တာ"
"ဒီအဆင့် (၆) တုချန်ဖုန်းက စိတ်ဝင်စားဖို့ ကောင်းတယ်"
"သူက ယွမ်ဟွာတောင်၊ စီရင်စုသခင်တုရဲ့ သားလေ.... ဒီအဆင့်နဲ့ မကျေနပ်တာ သဘာဝပဲ"
"နှမြောစရာပဲ၊ နိုင်သွားပေမဲ့ စွမ်းအားတွေ အကုန်သုံးသွားပြီ၊ ဝေးဝေး မသွားနိုင်လောက်တော့ဘူး"
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်။
တိုက်ပွဲတိုင်းတွင် အနိုင်ရသူအတွက် အနားယူချိန်မှာ အလွန်နည်းပါးသည်။
ဒုတိယနေ့တွင်....။
အဆင့် (၆) တုချန်ဖုန်းက အဆင့် (၅) ရှန်ကွမ်းယန်ကို စိန်ခေါ်လိုက်သည်။
ယွမ်ဟွာတောင်မှ ဆင်းသက်လာသော ရွှေအမြုတေမျိုးဆက် ဖြစ်သည်နှင့်အညီ အစွမ်းကုန် တိုက်ခိုက်ရာတွင် အသာစီး ရလာသည်။
သို့သော် မမျှော်လင့်ဘဲ အခက်အခဲ ပေါ်လာသည်။ တုချန်ဖုန်းသည် အသာစီး ရနေသော်လည်း စွမ်းအား မလုံလောက်သဖြင့် မှော်ရတနာကို ထိန်းချုပ်ရာတွင် ခဏတာ ရပ်တန့်သွားရာ တစ်ဖက်လူက အခွင့်ကောင်းယူ၍ အနိုင်ရသွားသည်။
တိုက်ခိုက်ရေးစင်မြင့်ပေါ်တွင် ရှန်ကွမ်းယန်တစ်ယောက် တုန်ရီနေခဲ့သည်။
တုချန်ဖုန်းမှာမူ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး မကျေနပ်သည့် မျက်နှာထားဖြင့် အောက်သို့ ပို့ဆောင်ခံလိုက်ရသည်။
ကောင်းကင်နန်းတော်ထဲတွင် အိုက်လောင်တောင်မှ စီရင်စုသခင်က စိတ်ရှုပ်ထွေးစွာဖြင့်
"ချင်ယွင်ဇီ၊ မင်းတို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းက တပည့်တွေက ဘာလို့ မှော်ရတနာကို အလွန်အကျွံ အားကိုးနေကြတာလဲ.... စွမ်းအားကြီးပေမဲ့ ကိုယ့်အဆင့်နဲ့ မဆိုင်တဲ့ လက်နက်တွေလေ၊ စွမ်းအားကို ထိန်းချုပ်လို့ မရဘဲ ကိုယ့်ကိုယ်ကို ပြန်ပြီး ထိခိုက်မိမှာ မကြောက်ကြဘူးလား"
ချင်ယွင်ဇီ သက်ပြင်းချလိုက်သည်။ သူတို့ဂိုဏ်းသည် ကြွယ်ဝသော ဂိုဏ်းကြီး ဖြစ်သည်။ နှစ်အနည်းငယ် စုဆောင်းလိုက်ရုံဖြင့် မှော်ရတနာတစ်ခု ဝယ်နိုင်ကြသည်။
စွမ်းအားကြီးသော မှော်ရတနာရှိနေလျှင် မည်သူက သာမန် ပစ္စည်းအား သုံးပါမည်နည်း။
ဆေးလုံးစိမ်းချိုင့်ဝှမ်းသာ မကပေ။ ယခု ကျောက်စိမ်းအိုးနယ်မြေတစ်လျှောက် အခြားဂိုဏ်းများမှ တပည့်များလည်း ဤအတိုင်းပင် ဖြစ်လိမ့်မည်။ ဓလေ့ကိုက ဤသို့ ဖြစ်နေသဖြင့် ပြင်ရန် ခက်လှသည်။ အစပြုသူမှာ ဆေးလုံးစိမ်းချိုင့်ဝှမ်း မဟုတ်သလို ကျောက်စိမ်းအိုးဓားဂိုဏ်းလည်း မဟုတ်ပေ။ ၎င်းမှာ ပျံလွှားဂိုဏ်းဟူသော လက်နက်သွန်းလုပ်သည့်ဂိုဏ်းကြောင့် ဖြစ်သည်။
ပျံလွှားဂိုဏ်းသည် မှော်လက်နက်၊ မှော်ရတနာ မြောက်မြားစွာ တင်သွင်းခဲ့ကြသည်။ နှစ်ပေါင်းရာချီပြီးနောက် ကျောက်စိမ်းအိုးနယ်မြေတွင် မှော်ရတနာ မည်မျှ ရှိနေပြီကို မည်သူမျှ သိလိမ့်မည် မဟုတ်တော့ချေ။
လော့ချန် ငြိမ်သက်စွာ ထိုင်နေသည်။ ထို စကားဝိုင်းကို နားထောင်ရင်း သူ အတွေးနယ်ချဲ့နေမိသည်။ သူ ရွေးချယ်ထားသော တိုက်ခိုက်နည်းမှာ မှန်ကန်သည်။ မှော်ရတနာများမှာ ကောင်းမွန်သော်လည်း အလွန်အကျွံ အားကိုး၍ မရပေ။ အကြောင်းမှာ ဤလက်နက်သည် အခြေခံတည်အဆင့်နဲ့ မဆိုင်သောကြောင့် ဖြစ်သည်။ နှိုင်းယှဉ်လျှင် ထိပ်တန်း မှော်လက်နက်များကို အဓိကထား၍ အခြားနည်းလမ်းများနှင့် ပေါင်းစပ်မှသာ တိုက်ခိုက်ရေးစွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ပေလိမ့်မည်။ မှော်ရတနာကိုမူ အရန်အဖြစ်သာ ထားသင့်သည်။ အရေးကြီးသည့် အချိန်တွင် အသုံးပြု၍ အနိုင်ယူသင့်ယူရပေမည်။
လော့ချန် အောက်မှ တိုက်ပွဲကို ပြန်ကြည့်လိုက်သည်။ သူကိုယ်တိုင်၏ အဆင့်မှာ တိုက်ခိုက်နေသူများထက် နိမ့်သော်လည်း မာလာဒေဝီကဲ့သို့ပင် ပွဲအား ပျင်းစရာကောင်းသည်ဟု သူ ခံစားရသည်။
‘ဒါက ဂိုဏ်းမျိုးဆက် တိုက်ပွဲလား.... မှော်ရတနာ ပြပွဲလား မသဲကွဲဘူး၊ တိုက်ခိုက်နည်းလည်း မပါ၊ လှည့်ကွက်လည်း မပါ၊ မှော်ရတနာကို ဘယ်သူက ပိုထိန်းချုပ်နိုင်လဲ ပြိုင်နေတာနဲ့ တူနေတယ်၊ ပျင်းစရာ ကောင်းလိုက်တာကွာ’
လော့ချန် တွေးတောနေစဉ်မှာပင်
"ဝါး...."
မာလာဒေဝီက ထိုင်ခုံပေါ်တွင် အကြောဆန့်ရင်း သန်းဝေလိုက်သည်။ သူမ မျက်ခွံကို ချပြီး ပျင်းရိစွာ ဆိုသည်။
"အစ်ကိုကြီး.... အစ်ကိုကြီးတို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းရယ်၊ အိုက်လောင်တောင်ရယ် တိမ်ပြိုဂိုဏ်းရယ် ပေါင်းတိုက်တာတောင် ကျောက်စိမ်းအိုးဓားဂိုဏ်းကို ဘာလို့ မနိုင်တာလဲ ဆိုတာ ကျွန်မ နားလည်သွားပြီ၊ ကိုယ့်အဆင့်နဲ့ မသက်ဆိုင်တဲ့ အရာတွေကို အလွန်အကျွံ အားကိုးနေကြတာကိုး၊ နှိုင်းယှဉ်ကြည့်ရင် ဓားဂိုဏ်းက တပည့်တွေဆို ဓားတစ်လက်ကိုပဲ အထူးပြုလေ့ကျင့်တယ်၊ စိတ်တိုင်းကျ ထိန်းချုပ်နိုင်တယ်၊ အဆင့်တူချင်း တိုက်ရင် အစ်ကိုကြီးတို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းသားတွေက မှော်ရတနာတစ်ချက်သုံးနေတုန်းမှာ သူတို့က ဓားချက်ရာပေါင်းများစွာ ထိုးပြီးသား ဖြစ်နေပြီ”
ဤစကားကို ကြားသောအခါ ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ ရွှေအမြုတေ စီရင်စုသခင်များ မျက်နှာပျက်သွားသည်။ သို့သော် သူတို့ ပြန်မချေပနိုင်ကြပေ။ လွန်ခဲ့သော နှစ်အနည်းငယ်က တိုက်ပွဲတွင် သူတို့၏ တပည့်များစွာ သေဆုံးခဲ့ရသည်။
ချင်ယွင်ဇီသည် ဂိုဏ်းချုပ်အနေဖြင့် ဂုဏ်သိက္ခာကို ပြန်ဆယ်ရန် ကြိုးစားလိုက်သည်။
"ဒီရွေးချယ်ခံမျိုးဆက်တွေက အခြေအနေအလိုက် ဘယ်လို ပြောင်းလဲအသုံးချရမယ်ဆိုတာကို မသိကြသေးတာပါ၊ ဒါပေမဲ့ နောက်လာမယ့် ပွဲစဉ်မှာတော့ ဂိုဏ်းမျိုးဆက်ဖြစ်လာနိုင်တဲ့သူတွေက သေချာပေါက် တစ်ခုခုတော့ ပြသနိုင်မှာပါ၊ အားလုံးပဲ၊ ငြိမ်ငြိမ်လေး စောင့်ကြည့်ကြပါဦး"
မာလာဒေဝီက နှုတ်ခမ်းစူလိုက်သည်။
အိုက်လောင်တောင်မှ စီရင်စုသခင်ကမူ သက်ပြင်းတစ်ချက်သာချလိုက်သည်။
ပြီးခဲ့သော နှစ်များအတွင်း သူတို့ဂိုဏ်းမှ သေဆုံးသွားသော တပည့်များအကြောင်း တွေးနေပုံရသည်။
ကရုဏာမဲ့နတ်သမီးကား လော့ချန်ကိုသာ ကြည့်နေသည်။ ထျန်းလန်နတ်ဘုရားမြို့တော်ကို စောင့်ရှောက်နေသော ရွှေအမြုတေ စီရင်စုသခင်တစ်ဦးအနေဖြင့် လော့ချန်၏ နောက်ထပ် ဘွဲ့နာမည်တစ်ခုကို သူမ ကြားဖူးသည်။ ထိုအမည် ပေါ်ထွက်လာသည့် အကြောင်းရင်းကိုလည်း သူမ သေချာသိထားသည်။
‘လူတစ်ယောက်တည်းဖြင့် အဆင့်တူများကို ရင်ဆိုင်နိုင်ပြီး မှော်ရတနာများကိုပင် အားမကိုးဘဲ တိုက်ခိုက်နိုင်သူ’
ဤလူငယ်၏ တိုက်ခိုက်ရေးစွမ်းအားသည် လူငယ်မျိုးဆက်များထဲတွင် ထူးခြားစွာ ထင်ပေါ်နေသည်ဟု ဆိုနိုင်ပေသည်။
လော့ချန်ကမူ ကရုဏာမဲ့နတ်သမီး၏ အကြည့်များကို သတိမထားမိပေ။ သူ၏ မျက်လုံးအစုံသည် မှန်ပြင်ပေါ်မှ ပုံရိပ်ကိုသာ စူးစိုက်ကြည့်နေသည်။
ယခု တိုက်ပွဲမှာ အဆင့် (၄) ဖူလီ နှင့် အဆင့် (၃) ဟယ်ယွမ်ချင်းတို့၏ တိုက်ပွဲဖြစ်သည်။ ထောင်ဝမ်၏ မဟာမိတ်အဖြစ် သူမ၏ ပြိုင်ဘက် ဖြစ်လာနိုင်သည့် ဟယ်ယွမ်ချင်းအပေါ် ဖူလီ မည်သို့ လုပ်ဆောင်မည်နည်း။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ