အခန်း ၄၈၆
Vol. 49 Ch. 486
အခန်း (၄၈၆) - နဂါးချုပ်တိုင်နှင့် ကောင်းကင်ခရမ်းမီးတောက်
တိုက်ခိုက်ရေးစင်မြင့်ပေါ်တွင် ဖူလီသည် တည်ငြိမ်သော အနေအထားဖြင့် စောင့်ဆိုင်းနေပြီး ရှန်ကွမ်းယန်ကို အချိန်ခဏအတွင်း အလွယ်တကူ အနိုင်ယူလိုက်သည်။
ရှန်ကွမ်းယန်၏ စွမ်းရည်မှာ သာမန်သာ ဖြစ်သည်။ ယခုလို မြင့်မားသော အဆင့်သို့ တက်ရောက်နိုင်ခြင်းမှာလည်း ရှန်ကွမ်းမျိုးနွယ်စု၏ အထောက်အပံ့ကြောင့်သာ ဖြစ်သည်။
မျိုးနွယ်စုမှ ဦးလေးဖြစ်သူ၏ အဆက်အသွယ်ဖြင့် ပိုင်ယွမ်မြို့မှ နာမည်ကျော်ကြားသော မရဏနတ်ဆိုးနှစ်ပါးအား စျေးကြီးပေး၍ ငှားရမ်းခဲ့သည်။ ထို့ကြောင့်သာ ပထမပွဲစဉ်တွင် တတိယနေရာကို ခြေကုပ် ယူထားနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဒုတိယပွဲစဉ်တွင်မူ ဟွမ်ဟယ်ဇီ၏ အသုံးမကျမှုကြောင့် သူမ အဆင့် (၅) သို့ ပြုတ်ကျသွားခဲ့ရသည်။ ယွမ်ဟွာတောင်မှ တုချန်ဖုန်းကိုပင် အတော်လေး ကံကောင်း၍ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ထိုခက်ခဲသော တိုက်ပွဲကို ကျော်ဖြတ်ပြီးနောက် ဖူလီနှင့် ထပ်မံရင်ဆိုင်ရချိန်၌ အကြိမ်ငါးဆယ်ပင် မတိုက်လိုက်ရဘဲ ရှုံးနိမ့်သွားခဲ့သည်။
ယခု ဖူလီ ရင်ဆိုင်ရမည့်သူမှာ အဆင့် (၃) တွင်ရှိနေသော ဟယ်ယွမ်ချင်း ဖြစ်သည်။ အလွန် အန္တရာယ်များနိုင်သော ဤတိုက်ပွဲတွင် ဖူလီ၏ မျက်နှာထားကား တည်ငြိမ်နေသည်။
တိုက်ခိုက်ရေးစင်မြင့်ပေါ် တက်ရောက်စဉ် သူ အဝေးမှ ထောင်ဝမ်ကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် နှစ်ဦးသား နားလည်မှုဖြင့် ခေါင်းညိတ်လိုက်ကြသည်။ သူတို့နှစ်ဦးမှာ မဟာမိတ်များ ဖြစ်ကြရာ အဆင့်သတ်မှတ်ချက် ကွာခြားနေသည့်တိုင် ပူးပေါင်းဆောင်ရွက်နိုင်သည်။
စင်မြင့်ပေါ်မှ ပျံသန်းဆင်းသက်လာသော ဟယ်ယွမ်ချင်းကို မြင်သောအခါ ဖူလီ အနည်းငယ် ပြုံးလိုက်သည်။
"အစ်ကိုယွမ်ချင်း…. ညီလေးကို နည်းနည်းတော့ ညှာတာပေးနော်"
ဟယ်ယွမ်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
"စကားများလိုက်တာ"
ထိုစဉ်မှာပင် ဓားရှည်တစ်လက် သူ့လက်ထဲသို့ ကျရောက်လာသည်။ ၎င်းပေါ်ရှိ စွမ်းအားလှိုင်းများမှာ မှော်ရတနာအဆင့် ဓားပျံ ဖြစ်ကြောင်း ထင်ရှားနေသည်။
ဖူလီကမူ အေးဆေးစွာပင် သူ့ကိုယ်ပေါ်တွင် မှော်စာရွက်တစ်ခု ကပ်လိုက်ပြီး ဒိုင်းနှင့် ဓားပျံကို ထုတ်ယူလိုက်သည်။ သူ ခံစစ် အဆင်သင့် ပြင်ထားလိုက်သည်။
ဟယ်ယွမ်ချင်းကား နားမလည်နိုင် ဖြစ်နေသည်။ လက်နက်နှစ်ခုလုံးမှာ ထိပ်တန်းမှော်လက်နက်များသာ ဖြစ်ကြသည်။ ထိပ်တန်း ခံစစ်မှော်လက်နက်များမှာ အတော်လေး စွမ်းသော်လည်း တိုက်ပွဲ ဤမျှအထိ ရောက်နေပြီဖြစ်ရာ သူ့အား ရင်ဆိုင်ရန် ဤပစ္စည်းမျိုးကို သုံးခြင်းမှာ အထင်သေးခြင်းပေလော။
"စလိုက်ရအောင်"
စကားဆုံးသည်နှင့် ဖူလီ ချက်ချင်း တိုက်ခိုက်တော့သည်။ ဓားပျံသည် ငှက်တစ်ကောင်ကဲ့သို့ လှည့်ပတ်ပျံသန်းနေပြီး သူ့၏ ထိန်းချုပ်မှုအောက်တွင် ဟယ်ယွမ်ချင်းကို စမ်းသပ်တိုက်ခိုက်နေသည်။
"အသေးအဖွဲ ပညာရပ်တွေနဲ့ ဘယ်သူ့ကို လာစမ်းနေတာလဲ"
ဟယ်ယွမ်ချင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်ထဲမှ မှော်ရတနာ ဓားပျံဖြင့် တစ်ချက် ခုတ်ပိုင်းလိုက်ရာ ပြင်းထန်သော စွမ်းအားများ ထွက်ပေါ်လာပြီး အနီးနားရှိ ဓားပျံများကို လွင့်စင်သွားစေသည်။
လက်နက်အဆင့် ကွာခြားချက် ရှိနေသဖြင့် ထုတ်လွှတ်နိုင်သော စွမ်းအားမှာလည်း ကွဲပြားနေသည်။
ထို့နောက် ဟယ်ယွမ်ချင်းက မုဒြာလက်ကွက်တစ်ခု ဖော်ဆောင်လိုက်ရာ ဓားပျံမှာ ဖူလီဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားတော့သည်။ မှော်ရတနာ၏ စွမ်းအားကား ကြီးမားလှရာ ဖြတ်သန်းသွားသောနေရာတိုင်းတွင် ထိပ်တန်း ဓားပျံ၏ အတားအဆီးများမှာ အနှောင့်အယှက်မျှသာ ဖြစ်သွားသည်။
ဖူလီ ၎င်းကို မြင်သောအခါ နောက်သို့ ဆုတ်လိုက်သည်။
သူ၏ ဝတ်ရုံများ ဝဲပျံနေစဉ် အေးစက်သော အလင်းတန်းများစွာ ထွက်ပေါ်လာသည်။ ဓားပျံ၏ တိုက်ခိုက်မှုမှာ ဆက်တိုက်ဖြစ်နေလေရာ ပြင်းထန်သော အရှိန်အဝါမှာ တဖြည်းဖြည်း လျော့ကျသွားသည်။
ထိုအေးစက်သော အလင်းတန်းများကို ဟယ်ယွမ်ချင်း ရှင်းလင်းစွာ မြင်ရသည်။ ၎င်းမှာ ဖူမျိုးနွယ်စု၏ တစ်မူထူးခြားသော ဖူယွမ်ပုလဲ ဖြစ်သည်။ ၎င်းသည် စွမ်းအားကို လျော့ကျစေပြီး ရန်သူကို ချုပ်နှောင်နိုင်သည်။ တိုက်ပွဲ အစပိုင်းတွင် ပြင်းထန်ပြီး နောက်ပိုင်းတွင် အားနည်းသွားတတ်မြဲဖြစ်သည်။
ဓားပျံ မှော်ရတနာသည် ဖူလီ၏ရှေ့မှ ဒိုင်းကို ဝင်တိုက်မိချိန်၌ စွမ်းအားမှာ အလွန်ပင် နည်းပါးသွားပြီ ဖြစ်သည်။
ဝုန်း ကနဲ မြည်သံနှင့်အတူ ဖူလီ အဝေးသို့ လွင့်ထွက်သွားသော်လည်း ဒဏ်ရာ သိသိသာသာ ရရှိခြင်းမျိုး မရှိပေ။
"ငါ မှော်ရတနာ ဓားပျံကို ရိုးရိုးပဲ သုံးနေရင် သူ့ကို နိုင်မှာ မဟုတ်ဘူး၊ နောက်ဆုံးတိုက်ကွက်ကို သုံးမှ ဖြစ်မယ်"
ဟယ်ယွမ်ချင်းသည် ယခင်ပွဲစဉ်များကဲ့သို့ ဖူလီနှင့် အချိန်ကုန်ခံ တိုက်ခိုက်လိုစိတ် မရှိတော့ပေ။ ရက်ပေါင်းများစွာ တိုက်ခိုက်ရလျှင် သူ၏ စွမ်းအားများ ဆုံးရှုံးရုံသာမက နောက်ဆုံးလှည့်ကွက်ကိုလည်း အဆင့် (၂) တွင်ရှိနေသော အစ်ကိုကြီး တန်ရန်ဇီ ရိပ်မိသွားနိုင်သည်။
ထို့ကြောင့် မှော်ရတနာ ဓားပျံကို အသုံးပြု၍ တစ်ချက်တည်းနှင့် အဆုံးသတ်ခြင်းက အကောင်းဆုံးပင်။ သူ လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားပျံမှာ ချက်ချင်းပင် သူ့ရှေ့သို့ ပြန်လည် ရောက်ရှိလာသည်။ ထို့နောက် လက်နှစ်ဖက်ကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ရာ မှော်ရတနာ ဓားပျံပေါ်တွင် အလင်းတန်းများ တောက်ပလာပြီး အထူးတိုက်ကွက်အဖြစ် ပြောင်းလဲလာသည်။
"မင်းဘာသာ မှော်ရတနာကို မသုံးတာနော်.... ငါ့ကို အပြစ်မတင်နဲ့တော့"
ခဏနေလျှင် ထွက်ပေါ်လာမည့် မှော်ရတနာ၏ စွမ်းအားကို တွေးမိသည်နှင့် သူ အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။ ထိုစဉ်မှာပင် ဖူလီတစ်ယောက် သူ့ဘက်သို့ လက်ညှိုးညွှန်လိုက်သည်ကို သူ တွေ့လိုက်ရသည်။ ထိပ်တန်းအဆင့် ဓားပျံမှာ ကြယ်ကြွေသည်အလား သူ့ထံ ပျံသန်းလာသည်။
"ငါ အာရုံစိုက်နေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ငါ့ရဲ့ တိုက်ကွက်ကို ဖျက်ဆီးချင်တယ်ပေါ့"
"ဟွန့်.... လွယ်မယ် ထင်နေတာလား"
ဓားပျံ ရောက်ရှိလာချိန်၌ ခါးကြားမှ ကျောက်စိမ်းပြားတစ်ခု ပျံထွက်လာသည်။
စင်မြင့်အပြင်ဘက်တွင် အံ့အားသင့်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
"အလိုအလျောက် ကာကွယ်ပေးတဲ့ ထိပ်တန်းမှော်လက်နက်ပါလား"
"ဒါ ဟယ်မျိုးနွယ်စုက စီရင်စုသခင် အခြေတည်အဆင့်မှာ ရှိစဉ်တုန်းက နာမည်ကျော်ခဲ့တဲ့ အလိုပြည့်ကျောက်စိမ်းကွင်းမဟုတ်လား.... အစ်ကိုဟယ်ကို ပေးလိုက်တာလား"
"ဒီလိုဆိုရင် အစ်ကိုဖူက သူ့တိုက်ကွက်ကို ဖျက်နိုင်တော့မှာ မဟုတ်ဘူး"
အပြင်ဘက်တွင် အုန်းအုန်းကျွတ်ကျွတ် ဆူညံနေတော့သည်။
တိုက်ခိုက်ရေးစင်ပေါ်တွင် ဟယ်ယွမ်ချင်းမှာ သူ့ကိုယ်သူ အလွန် ဂုဏ်ယူဝံ့ကြွားနေသည်။ ထိပ်တန်းမှော်လက်နက်ဖြင့် သူ၏ ကျောက်စိမ်းပြားကို ဖျက်ဆီးရန် မလွယ်ကူပေ။
ထိုစဉ်မှာပင် သူ့ရှေ့မှ ထိပ်တန်း ဓားပျံသည် ဓားအလင်းတန်း သုံးခုအဖြစ် ပြောင်းလဲသွားပြီး သူ့အား တိုက်ခိုက်လာသည်။
သူ အေးစက်စက် ရယ်မောလိုက်သည်။
‘အလွယ်လေးလို့ ထင်နေတာလား’
နောက်တစ်ခဏတွင် ကျောက်စိမ်းပြားမှာ သုံးပိုင်းကွဲသွားပြီး ဓားအလင်းတန်းကို အချိန်မီ ပိတ်ဆို့လိုက်သည်။
သို့သော် ဟယ်ယွမ်ချင်းတစ်ယောက် တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိလိုက်သည်။
သူ တစ်ခုခုအား လျစ်လျူရှုထားမိခြင်း ဖြစ်သည်။
"မဟုတ်သေးဘူး...."
"ဖူယွမ်ပုလဲ...."
သူ ရုတ်တရက် ငုံ့ကြည့်လိုက်ရာ အေးစက်သောအလင်းတန်းများက ကျောက်စိမ်းပြားသုံးပိုင်းကို ဝန်းရံထားသည်။
ထိုအချိန်တွင် ဆန့်ကျင်ဘက်မှ ဖူလီက လက်နှစ်ဖက်ကို ပူးကပ်လိုက်သည်။
ဓားပျံမှာ ရုတ်တရက် ပေါင်းစပ်သွားကာ စူးရှသော ဓားအလင်းတန်းတစ်ခုသည် ကျောက်စိမ်းပြားကြားမှ ဖြတ်သန်းကာ သူ့မျက်ခုံးကြားသို့ တန်းတန်းမတ်မတ် ပျံသန်းလာသည်။
"သေစမ်း"
ဟယ်ယွမ်ချင်း ကျိန်ဆဲလိုက်ပြီး စွမ်းအားစုစည်းထားသော မှော်ရတနာဓားပျံကို စွန့်လွှတ်ကာ ဒိုင်းတစ်ခုကို အလျင်အမြန် ထုတ်ယူလျက် ဤသေစေနိုင်သော တိုက်ကွက်ကို ပိတ်ဆို့လိုက်သည်။
သူ ပိတ်ဆို့နိုင်ခဲ့သော်လည်း မှော်ရတနာ၏ စွမ်းအားဟူသည် ထုတ်လွှတ်ပြီးလျှင် ပြန်သိမ်း၍ မရပေ။
ဟယ်ယွမ်ချင်း ရုတ်တရက် ခေါင်းမော့လိုက်ရာ မှော်ရတနာဓားပျံမှ စွမ်းအားများ ပျံ့နှံ့ထွက်ပေါ်လာသည်။
အနီးဆုံးတွင် ရှိနေသဖြင့် သူ တန်ပြန်တိုက်ခိုက်မှုကို အပြည့်အဝ ခံစားလိုက်ရသည်။
ဝုန်းး....
ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာပြီးနောက် ဟယ်ယွမ်ချင်း ပေပေါင်းများစွာ အဝေးသို့ လွင့်ထွက်သွားသည်။
ထိုစဉ်မှာပင် မီးခိုးငွေ့များကြားမှ လူရိပ်တစ်ခု ထွက်ပေါ်လာသည်။
အဆင့်မြင့် ဓားပျံသည် နဂါးတစ်ကောင်ကဲ့သို့ စွမ်းအားလှိုင်းများကို ထိုးဖောက်ကာ ဟယ်ယွမ်ချင်း၏ လည်ပင်းဆီသို့ ဦးတည်လာသည်။
"ဘယ်လိုလုပ်ပြီး...."
ဟယ်ယွမ်ချင်းတစ်ယောက် မျက်လုံးပြူးသွားပြီး အားငယ်မှုများ ပြည့်နှက်သွားသည်။
နောက်တစ်ခဏတွင်....
ရှပ်....
လူရိပ်သည် ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။ ဓားဖျားသည် ဟယ်ယွမ်ချင်း၏ မျက်ခုံးကြားကို တည့်တည့်ချိန်ရွယ်ထားပြီး တုန်ယင်နေသည်။
"အစ်ကိုယွမ်ချင်း.... ဒီညီလေးကို ခွင့်လွှတ်ပေးပါ"
"ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ"
ဟယ်ယွမ်ချင်း မယုံကြည်နိုင်စွာဖြင့် ပါးစပ်ဟကာ တစ်ခုခုပြောရန် ပြင်လိုက်သည်။ သို့သော် ပါးစပ်ဟလိုက်သည်နှင့် သွေးများ စီးကျလာသည်။
“အဟွတ်....”
ဖူလီ ဘေးသို့ ရှောင်လိုက်ပြီး ရွှေအမြုတေ အကြီးအကဲကို ကြည့်လိုက်သည်။
ကောင်းကင်နန်းတောင်မှ အကြီးအကဲက ဖူလီအား ဂုဏ်ယူသည့်မျက်နှာထားဖြင့် ကြည့်နေခဲ့သည်။
"ဒီပွဲစဉ်မှာ ဖူလီ အနိုင်ရတယ်၊ နောက်ပွဲစဉ်ကို တက်ရောက်ခွင့် ရတယ်"
"တစ်နာရီ အနားယူနိုင်တယ်"
ဖူလီ အနည်းငယ် ပြုံးကာ ဓားကို သိမ်းလိုက်သည်။
တိုက်ခိုက်ရေးစင်ပေါ်တွင်မူ ဟယ်ယွမ်ချင်းတစ်ဦးတည်းသာ ဖြူဖျော့နေသော မျက်နှာထားဖြင့် ကျန်ရစ်ခဲ့သည်။ ဤတိုက်ပွဲသည် သူ ထင်မထားလောက်အောင် ရိုးရှင်းပြီး မြန်ဆန်သွားခဲ့သည်။ သူ၏ အနိုင်ရမည်ဟု တထစ်ချ ယုံကြည်ထားသော စိတ်ဓာတ်များမှာလည်း အစအနပင်မကျန်အောင် ပျောက်ပြယ်သွားခဲ့ပြီဖြစ်သည်။ တစ်ဖက်လူ ဖူလီသည် အခြေတည်အဆင့် (၉) သို့ ရောက်ရှိခဲ့သည်မှာ သူ့ထက်ပင် နောက်ကျသေးသည်။ သို့သော် ထိုကဲ့သို့သော အခြေအနေမျိုးတွင်ပင် သူ၏ အရေးကြီးဆုံး တိုက်ကွက်ကို ထုတ်မသုံးလိုက်ရဘဲ ရှုံးနိမ့်သွားခဲ့ရသည်။
အဖြေမရှိသေးသော မေးခွန်းများက ဟယ်ယွမ်ချင်း၏ စိတ်ထဲတွင် တဝဲလည်လည် ကျန်နေခဲ့သည်။
သို့သော် ကောင်းကင်နန်းတော်ပေါ်ရှိ ရွှေအမြုတေ စီရင်စုသခင်များကမူ အမှန်တရားကို ရှင်းရှင်းလင်းလင်း သိရှိထားကြသည်။
“သူ အခွင့်အရေးကို သေချာအမိဖမ်းပြီး အသုံးချလိုက်တာပဲ”
လော့ချန် ခေါင်းမော့ကြည့်လိုက်ရာ ပြောလိုက်သူမှာ ဘုရင်မပန်းဂိုဏ်းမှ ရွှေအမြုတေကျင့်ကြံသူ မာလာဒေဝီ ဖြစ်သည်။ သူမ၏ မျက်ဝန်းထဲတွင် စိတ်ဝင်စားမှုတစ်ခုဖြင့် တောက်ပနေသည်။
မှန်ပြောင်းအတွင်းမှ စိတ်ဓာတ်ကျနေသော ဟယ်ယွမ်ချင်းကို တစ်ချက်ကြည့်ကာ သူမ ဝေဖန်လိုက်သည်။
“အဆင့်အရရော၊ လက်နက်အရရော သူက ဖူလီထက် သာပါတယ်.... မလောဘဲ အေးဆေးသာ တိုက်မယ်ဆိုရင် သူ အနိုင်ရမှာပဲ"
“ဒါပေမဲ့ သူက အနိုင်ယူချင်လွန်းအားကြီးပြီး နောက်တစ်ပွဲအတွက် စွမ်းအားချန်ထားချင်စိတ်က များနေတယ်၊ အဲ့တော့ အေးဆေးတိုက်ပြီး အနိုင်ယူရမယ်ဆိုတာကို မေ့သွားတယ်၊ ဖူလီက ဒါကို အစောတည်းက ရိပ်မိပြီးသား.... ဒါကြောင့် အကွာအဝေးကို ထိန်းပြီး စွမ်းအားကို တဖြည်းဖြည်း ကုန်အောင်လုပ်သွားတာ”
"အချိန်သာကြာရင် ဖူလီ ရှုံးမှာ.... ဒါပေမဲ့ သူက ဟယ်ယွမ်ချင်းရဲ့ စိတ်အခြေအနေကို တိတိကျကျ သိထားတယ်.... ဟယ်ယွမ်ချင်းရဲ့ ချက်ချင်း အနိုင်ယူချင်နေတဲ့ စိတ်ကိုပေါ့”
"ဒါကြောင့် ဟယ်ယွမ်ချင်း တိုက်ကွက်ကို စုစည်းလိုက်တာက အမှားတစ်ချက်ဖြစ်လာပြီး သူ့မှော်ရတနာနဲ့သူ ပြန်အတိုက်ခံလိုက်ရတာပေါ့"
ဤ ဝေဖန်ချက်ကို ကြားသောအခါ ရွှေအမြုတေ စီရင်စုသခင်များအားလုံး ခေါင်းညိတ် သဘောတူကြသည်။ ဖူလီ၏ စွမ်းအားမှာ အနည်းငယ် နိမ့်ကျသော်လည်း ဉာဏ်ပညာနှင့် တိုက်ခိုက်နည်းဗျူဟာပိုင်းတွင်မူ ဟယ်ယွမ်ချင်းထက် သာလွန်သည်။ တိုက်ပွဲဟူသည် စွမ်းအားချင်း ပြိုင်ဆိုင်မှုသက်သက်သာ မဟုတ်ချေ။
လော့ချန် ထိုစကားများကို နားထောင်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူ၏ တွေးခေါ်ပုံနှင့် ကြီးကြီးမားမား ကွဲလွဲမှု မရှိပေ။ သို့သော် သူ့စိတ်ထဲတွင် သံသယတစ်ခု ကျန်နေသေးသည်။ ထိုအရာမှာ ဖူလီ အဘယ်ကြောင့် ဤမျှ စနစ်တကျ စီစဉ်ပြီး အမြန်ဆုံး အနိုင်ယူခဲ့သနည်း ဆိုသည်ပင်။ ထောင်ဝမ်နှင့် မဟာမိတ်ဖြစ်နေသောအခြေအနေတွင် ဟယ်ယွမ်ချင်းကို အနိုင်ပေးလိုက်ပြီး ဒုတိယနေရာမှ တန်ရန်ဇီကို စမ်းသပ်ခိုင်းလိုက်လျှင် ပိုမိုသင့်တော်မည်မဟုတ်ပါလော။
....
လော့ချန်၏ မေးခွန်းသည် ထောင်ဝမ်နှင့် ဖူလီတို့၏ စကားဝိုင်းထဲတွင် ပေါ်ထွက်လာခဲ့သည်။
"ရှင် စိတ်ပြောင်းသွားတာလား"
"အင်း"
ဖူလီက အနားယူရင်း ပြန်ဖြေလိုက်သည်။
"ဟယ်ယွမ်ချင်းက အရမ်း အားနည်းလွန်းလို့ အစ်ကိုကြီးရဲ့ လျှို့ဝှက်ချက်ကို ဆွဲထုတ်နိုင်မှာ မဟုတ်ဘူးလို့ ငါ ထင်လို့ပါ"
အဝေးတစ်နေရာတွင် ထောင်ဝမ်သည် ထိုစကားကို နားထောင်ရင်း အတွေးများထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားခဲ့သည်။ ဖူလီသည် ထိုကြောင့်ပင် အစီအစဉ်ကို ပြောင်းလဲကာ ယခုပွဲကို အမြန်ဆုံး အဆုံးသတ်ပြီး အစ်ကိုကြီးအား ကိုယ်တိုင် စိန်ခေါ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်မည်ဟု သူမ စိတ်ထဲတွင် ခန့်မှန်းမိသည်။
‘သူ့မှာ အစီအစဉ်ရှိတာပဲ....’
ထောင်ဝမ် ထိုသို့ တွေးလိုက်သည်။ သို့သော် စိတ်အေးလက်အေး ပြန်လည် ကျင့်ကြံနေသော ဖူလီကို ကြည့်ရင်း တစ်ခုခု မှားယွင်းနေသလို ခံစားရသည်။
"မဟုတ်သေးဘူး"
"သူက ငါ့အတွက် အတားအဆီးတွေကို ဖယ်ရှားပေးဖို့ပဲ ရည်ရွယ်တာ မဟုတ်ဘူး"
ထိုအခိုက်အတန့်တွင် ထောင်ဝမ်၏ အတွေးများ ပိုမိုရှင်းလင်းလာသည်။ ဖူလီ၏ နူးညံ့သိမ်မွေ့သည့် အပြုံးအောက်တွင် မဖျောက်ဖျက်နိုင်သည့် ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခု ရှိနေကြောင်း သူမ သဘောပေါက်လာသည်။
“သူ့ရဲ့ ရည်မှန်းချက်ကလည်း ဂိုဏ်းမျိုးဆက် ပဲ”
ထိုသို့ သဘောပေါက်သွားချိန်၌ ထောင်ဝမ်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ ယခုအခါ မဟာမိတ်ဆက်ဆံရေးမှာ အလွန် အားနည်းသွားပြီ ဖြစ်ပြီး သူတို့နှစ်ဦးကြားတွင် အဆင့်တစ်ခုသာ ကွာခြားတော့သည်။
ဖူလီသာ နိုင်သွားလျှင် သူမ၏ ပြိုင်ဘက် ဖြစ်လာပေလိမ့်မည်။
“မဟာမိတ်.... လက်ထက်ပွဲ....”
ဤပြိုင်ပွဲရလဒ်အပေါ်မူတည်၍ ထောင်ဝမ်မှ ဖူမျိုးနွယ်စုဘက်သို့ လက်ထပ်ဝင်ရမည်လော သို့မဟုတ် ဖူမျိုးနွယ်စုဘက်မှ မိန်းကလေးက ထောင်မျိုးနွယ်စုသို့ လက်ထပ်ဝင်ရမည်လော အဖြေထွက်လာမည် ဖြစ်သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
တစ်နာရီကြာပြီးနောက်....။
"သတ္တမမြောက် တိုက်ပွဲ၊ ဖူလီ နဲ့ တန်ရန်ဇီ၊ နှစ်ဦးလုံး စင်မြင့်ပေါ် တက်ရောက်ကြပါ"
ကျယ်လောင်သော အသံတို့သည် လုံရှို့တောင်မှ ရွှေအမြုတေ အကြီးအကဲထံမှ ထွက်ပေါ်လာသည်။
နောက်တစ်ခဏတွင် ဖူလီ ရုတ်တရက် ထရပ်လိုက်ပြီး အလင်းတန်းအဖြစ် ပြောင်းလဲကာ တိုက်ခိုက်ရေးစင်မြင့်ပေါ်သို့ ခြေချလိုက်သည်။
အစ်ကိုကြီး တန်ရန်ဇီသည်လည်း ရှေ့ဆင့်နောက်ဆင့်ပင် တိမ်တိုက်ပေါ်မှ ဆင်းသက်လာသည်။
မိမိရှေ့မှ ဂိုဏ်းတူညီငယ်ကို ကြည့်ရင်း တိတ်ဆိတ်နေသော တန်ရန်ဇီ နောက်ဆုံး စကားစလာသည်။
"ညီလေး၊ မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး၊ ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်"
"အစ်ကိုကြီးက တိုက်တောင်မတိုက်ဘဲ အနိုင်ယူဖို့ ကြိုးစားနေတာလား၊ စိတ်ကူးကတော့ မဆိုးပါဘူး...."
ဖူလီတစ်ယောက် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့လက်ထဲရှိ ဓားရှည်မှ အလင်းတန်းများ ဖြာထွက်လာသည်။
"ဒါပေမဲ့ မစမ်းကြည့်ဘဲ ဘယ်လိုလုပ် သိနိုင်မှာလဲ အစ်ကိုကြီး.... ဒီဂိုဏ်းမျိုးဆက် နေရာကို ညီလေးလည်း လိုချင်ပါတယ်"
တန်ရန်ဇီ တိတ်ဆိတ်သွားသည်။ သူစကားများများစားစား မပြောတော့ဘဲ လက်ထဲတွင် ဓားရှည်တစ်ခုကို ထုတ်ဖော်လိုက်သည်။
ကောင်းကင်နန်းတော်ပေါ်တွင် တိုက်ပွဲကို မလွတ်တိုင်း စောင့်ကြည့်နေသော လော့ချန် အံ့အားသင့်စွာ မျက်မှောင်ကြုတ်လိုက်မိသည်။
“ထိပ်တန်းမှော်လက်နက်လား”
ယခင် ပထမပွဲစဉ်တွင် တန်ရန်ဇီတစ်ယောက် မှော်ရတနာဓားပျံကို သုံးခဲ့သည်။ သို့သော် ယခုအချိန်တွင် သူ၏ လက်နက် ပြောင်းလဲသွားပြီဖြစ်သည်။
“ဘာကြောင့် အဆုံးအဖြတ်ပွဲမှာမှ လက်နက်ကို ပြောင်းတာလဲ....”
လော့ချန် သံသယမျက်ဝန်းဖြင့် ရွှေအမြုတေစီရင်စုသခင်များကို လှမ်းကြည့်လိုက်သည်။
ယခုတစ်ခါ စီရင်စုသခင်ချီတင်းက စကားဆိုလာသည်။
သူ သက်ပြင်းချလိုက်ပြီး
"တန်ရန်ရဲ့ စွမ်းအားတွေ.... အရမ်း နည်းသွားပြီ"
ဤစကားကို ကြားလိုက်ရချိန်၌ လော့ချန်သည် တန်ရန်ဇီ အဘယ်ကြောင့် တိုက်ခိုက်နည်း ပြောင်းလိုက်သည်ကို ချက်ချင်း နားလည်သွားသည်။
တန်ရန်ဇီသည် ယခင်ပွဲများတွင် အပြင်းအထန် တိုက်ခိုက်ခဲ့ရသည်။ အထူးသဖြင့် ပထမပွဲစဉ်တွင် အနိုင်ရမြန်စေရန် စွမ်းအားအများအပြား အသုံးပြုခဲ့ရသည်။ ထို့ကြောင့် နောက်ဆက်တွဲ ပွဲစဉ်များအတွင်း သူ၏ စွမ်းအား များစွာ လျော့နည်းသွားခဲ့သည်။ ဒုတိယပွဲစဉ်မှာလည်း ပထမပွဲစဉ်ကဲ့သို့ပင် စွမ်းအားများစွာ ကုန်ဆုံးစေသော ပွဲစဉ်ဖြစ်သည်။ ပထမပွဲစဉ်သည် လဝက်ခန့် ကြာမြင့်ခဲ့ပြီး ဒုတိယပွဲစဉ်မှာ သုံးရက် ကြာမြင့်ခဲ့သည်။
ဤမျှ ကြာမြင့်သော အချိန်များအတွင်း တန်ရန်ဇီ တစ်ဦးတည်း ရင်ဆိုင်ခဲ့ရသည်။ အခြေတည်အဆင့် (၉) သို့ လွန်လေပြီးသော ကာလကတည်းက ရောက်ရှိထားခဲ့သူဖြစ်သော်လည်း စွမ်းအားများစွာ ကုန်ဆုံးသွားခဲ့သည်။
ယခု တတိယပွဲစဉ်စခဲ့သည်မှာ သုံးရက်သာ ရှိသေးသည်။ ဂိုဏ်းအတွင်း ထိပ်တန်းပါရမီရှင်အဖြစ် သတ်မှတ်ခံထားရသော်လည်း အချိန်တိုအတွင်း အပြည့်အဝ ပြန်လည်ကောင်းမွန်သည့် အခြေအနေသို့ မရောက်ရှိနိုင်ပေ။
ယခင် တွမ်ဖုန်းတစ်ယောက် မြောင်ယွီနှင့် တိုက်ခိုက်စဉ်ကလည်း စွမ်းအားများ ကုန်ဆုံးသွားသဖြင့် ပြန်လည် သက်သာရန် အချိန်များစွာ လိုအပ်ခဲ့သည်။
ထို့အတွက်ကြောင့်လည်း လော့ချန်သည် တိုက်ခိုက်ရေးတာဝန်များကို တွမ်ဖုန်းအား မပေးခဲ့ပေ။
တန်ရန်ဇီ၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းမှာ တွမ်ဖုန်းထက် ပိုမိုနက်ရှိုင်း၍ မြန်ဆန်သည်ဟု ဆိုနိုင်သော်လည်း သူ ကုန်ဆုံးထားခဲ့သော စွမ်းအားပမာမှာ သာမန်ထက် များပြားလွန်းသည်။ ထို့ကြောင့်လည်း ဤနောက်ဆုံးပွဲစဉ်တွင် ထိပ်တန်းမှော်လက်နက်ကို ရွေးချယ်အသုံးပြုခဲ့ခြင်းဖြစ်သည်။ ပထမအချက်မှာ စွမ်းအားအသုံးပြုမှုကို လျှော့ချရန်ဖြစ်ပြီး ဒုတိယအချက်မှာ ဟယ်ယွမ်ချင်း၏ အမှားမျိုး မဖြစ်စေရန်နှင့် ဖူလီကို စွမ်းအားဖြင့် တိုက်ရိုက် အနိုင်ယူရန် ဖြစ်သည်။
အမှန်ပင်။ တိုက်ခိုက်ရေးစင်ပေါ်ရှိ တိုက်ပွဲမှာ လော့ချန် ထင်ထားသည့်အတိုင်း ဖြစ်ပေါ်နေသည်။
နှစ်ဦးစလုံး တစ်ဦးကိုတစ်ဦး စမ်းသပ်တိုက်ခိုက်နေကြပြီး အခြားသူ အမှားတစ်ချက် လုပ်မိမည့်အချိန်ကိုသာ စောင့်ဆိုင်းနေကြသည်။ စွမ်းအားများစွာ ကုန်ကျစေမည့် တိုက်ကွက်များကို တစ်ကြိမ်မျှပင် မသုံးခဲ့ကြပေ။
မသိမသာနှင့်ပင် အကြိမ်ရာချီ တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။
ဖူလီ နောက်ဆုံး သည်းမခံနိုင်တော့ပေ။ ဤအတိုင်း ကြာရှည်စွာ ဆက်တိုက်လျှင် သူ လုံးဝ ရှုံးနိမ့်ပေလိမ့်မည်။ အကြိမ်ရာချီ တိုက်ခိုက်မှုများအပြီး သူ့ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာအနည်းငယ် စတင်ပေါ်ပေါက်လာခဲ့သည်။ အကယ်၍ အသက်စွန့် မတိုက်ခိုက်ပါက အခွင့်အရေး ပိုနည်းသွားမည်ဖြစ်သည်။
ထိုခဏ၌ပင်....။
ဒိုင်းးး....
ကြီးမားသော သစ်လုံးတိုင်ကြီးတစ်တိုင် စင်မြင့်ပေါ်တွင် ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုသစ်လုံးတိုင်ပေါ်တွင် နဂါးများ ရစ်ပတ်နေပြီး အော်ဟစ်သံများပင် လေထုအတွင်း ခြောက်ခြားဖွယ် ပျံ့နှံ့နေသည်။
"ဒါ ဘာ မှော်ရတနာများလဲ"
လော့ချန် အံ့အားသင့်သွားသည်။
ထိုစဉ်မှာပင် ဆေးလုံးစိမ်းချိုင့်ဝှမ်းဂိုဏ်းချုပ် ချင်ယွင်ဇီက ခေါင်းခါလိုက်ရင်း
"အစ်ကိုကြီးဖူလည်း အချိန်နီးလာပြီပဲ.... သူ နှစ်ပေါင်းများစွာ သွေးထားတဲ့ နဂါးချုပ်တိုင် မှော်ရတနာကိုတောင် ဖူလီကို ပေးလိုက်ပြီဆိုတော့"
‘နဂါးချုပ်တိုင်’
နာမည်အတိုင်း ဖိနှိပ် ချုပ်နှောင်ခြင်းနှင့် ပတ်သက်သည့် မှော်ရတနာ ဖြစ်ပုံရသည်ဟု လော့ချန် တွေးလိုက်သည်။
"ဒါပေမဲ့ ဖူလီ ကိုယ်တိုင် သန့်စင်ထားတဲ့ဟာမှ မဟုတ်တာ.... အခု သူ အလျင်စလို သုံးလိုက်တဲ့အတွက် အားနည်းချက် ထွက်လာပြီ"
"ဖူလီ ရှုံးတော့မှာပဲ"
စီရင်စုသခင်ချီတင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ရွှေအမြုတေစီရင်စုသခင် နှစ်ဦး တွေးထားသည့်အတိုင်းပင် ဖြစ်သည်။
ဖူလီ နဂါးချုပ်တိုင်ကို သုံးလိုက်သောအခါ တန်ရန်ဇီ၏ မျက်လုံးများ လှုပ်ရှားသွားသည်။
ကောင်းကင်တွင် ပျံ့နှံ့လာသော နဂါးမီးများကို သူ ဂရုမစိုက်ပေ။ နောက်တစ်ခဏတွင် သူ၏ မျက်ခုံးကြားမှ ခရမ်းရောင် အမှတ်အသားတစ်ခု လှုပ်ရှားသွားသည်။
ခရမ်းရောင် မီးတောက် တစ်ခုသည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး နဂါးကွင်းဆက်များနောက်သို့ လိုက်ပါသွားသည်။
ထိုမြင်ကွင်းကြောင့် ဖူလီ၏ မျက်နှာထား ပျက်ယွင်းသွားသည်။
"ကောင်းကင်ခရမ်းမီးတောက်"
သူ့အား တိုက်ခိုက်ရန် ဂိုဏ်းတူအစ်ကိုကြီးသည် ခန္ဓာကိုယ်အတွင်း ဖွဲ့စည်းထားသော မီးတောက်ကိုပင် တိုက်ရိုက် အသုံးပြုလိမ့်မည်ဟု ဖူလီ လုံးဝ ထင်မထားခဲ့ချေ။
ထိုခဏ၌ပင် ပူပြင်းလှသော ခရမ်းရောင် ကောင်းကင်မီးသည် နဂါးချုပ်တိုင်ပေါ်တွင် ရစ်ပတ်ကပ်ငြိလာပြီး အလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။
ဖူလီ၏ မျက်နှာထား ချက်ချင်းပင် ပြောင်းလဲသွားသည်။ သူကိုယ်တိုင်နှင့် မှော်ရတနာ နဂါးချုပ်တိုင်တို့မှာ စိတ်ဝိညာဉ်ချိတ်ဆက်မှုဖြင့် တစ်သားတည်း ဆက်နွယ်နေသဖြင့် ပြင်ပမှ ထိုးနှက်လာသော ထိုမီးတောက်၏ ဖိနှိပ်မှုကို လုံးဝ ပြန်လည်တုံ့ပြန်နိုင်ခြင်း မရှိတော့ပေ။
“ငါ့ရဲ့ ကံကြမ္မာပဲလား....”
သူ၏ အတွေးထဲတွင် လက်မခံနိုင်သည့် ခံစားမှုများ လှိုက်တက်လာနေစဉ် မမျှော်လင့်ဘဲ လေပြေတစ်ချက် ဝေ့ဝဲဖြတ်သန်းသွားသည်။ ခဏအတွင်းမှာပင် နဂါးချုပ်တိုင်အပေါ်တွင် တွယ်ငြိနေသော ကောင်းကင်ခရမ်းမီးတောက်များသည် မည်သည့်အရာမျှ မကျန်ရစ်တော့သကဲ့သို့ တစ်ခါတည်း ပြန်လည်ရုပ်သိမ်းသွားသည်။
လုံရှို့တောင်မှ အကြီးအကဲသည် အံ့အားသင့်နေသော ဖူလီကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ဆိုသည်။
"ဒီပွဲမှာ တန်ရန်ဇီ အနိုင်ရတယ်"
အဆုံးသတ်မှာ ထင်သလောက် မရှုပ်ထွေးခဲ့ပေ။ သို့သော် ရိုးရှင်းမှု၏ နောက်ကွယ်တွင် တန်ရန်ဇီသည် ဖူလီ၏ အားနည်းဆုံး အချက်ကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
နဂါးချုပ်တိုင်၏ စွမ်းအားသည် မသေးငယ်လှသော်လည်း ကိုယ်တိုင်သန့်စင်ထားသော မှော်ရတနာမဟုတ်သည့်အတွက် ထိန်းချုပ်မှုမှာ နှေးကွေးပြီး စိတ်ဝိညာဉ်ချိတ်ဆက်မှုလည်း အလွန်ထင်ရှားနေခဲ့သည်။ ထိုအချက်ကိုသာ တန်ရန်ဇီ တစ်ချက်တည်းဖြင့် အခွင့်ကောင်းယူသွားခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်ရေးစင်အပြင်ဘက်တွင် တပည့်များစွာက "ငါတို့အစ်ကိုကြီး နိုင်ပြီဟေ့" ဟူ၍ အော်ဟစ်နေကြသည်။
ကောင်းကင်ခရမ်းမီးတောက် ထွက်ပေါ်လာလျှင် အနိုင်ရရှိမှုမှာ သေချာနေပြီ ဖြစ်သည်။ ဤသည်မှာ ယခင်ပွဲစဉ်များ၏ ပုံစံ ဖြစ်သည်။ ယခု ထပ်မံ ထွက်ပေါ်လာခြင်းက အစ်ကိုကြီး အားမနည်းသေးကြောင်း ထပ်မံ သက်သေပြလိုက်ခြင်းပင်။
ကောင်းကင်နန်းတော်ပေါ်တွင် လော့ချန် အဝေးမှ မြင်ကွင်းကို ငေးကြည့်နေမိသည်။ သူ့စိတ်ထဲတွင်မူ ထပ်ခါထပ်ခါ ပေါ်လာနေသည့် ခရမ်းရောင်အလင်းတန်းများကိုသာ ပြန်လည်စဉ်းစားနေမိသည်။
"ကောင်းကင်ခရမ်းမီးတောက်...."
လော့ချန်နှင့် သူ၏စွန့်စားခန်းများ