အခန်း ၄၈၈
Vol. 49 Ch. 488
အခန်း (၄၈၈) - ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ဂိုဏ်းမျိုးဆက်သစ် ပေါ်ထွန်းလာခြင်း
တန်ရန်ဇီ အောင်မြင်တော့မည့်အချိန်၌ ထောင်ဝမ်သည် လိပ်ပြာတစ်ကောင်ကဲ့သို့ ဝိုင်းရံပိတ်ကြားမှုများကြားမှ လွတ်မြောက်သွားသည်။
သူမ၏ သွက်လက်သော ကိုယ်ဟန်ကြောင့် ကြည့်ရှုနေသူများ မှင်သက်သွားခဲ့ကြရသည်။ ထိုလှုပ်ရှားမှုများသည် ကောင်းကင်ယံသို့ ပျံတက်သွားသော နဂါးတစ်ကောင်ကဲ့သို့လည်းကောင်း၊ မုဆိုးလက်မှ ရုန်းထွက်သွားသော ငှက်တစ်ကောင်ကဲ့သို့လည်းကောင်း သဘာဝကျလှပေသည်။
နှစ်ဦးကြား အကွာအဝေး ဝေးကွာသွားသဖြင့် တန်ရန်ဇီ၏ စိတ်ထဲမှ ဝမ်းသာမှုများမှာ အနည်းငယ် မှေးမှိန်သွားသည်။
"မင်းက လေဓာတ် ဝိညာဉ်အမြစ် ရှိသူဆိုတာ ငါ မေ့သွားတယ်၊ ငန်းဖြူကျင့်စဉ်ကို အဓိက ကျင့်ကြံသူကိုး”
သူ ဓားပျံကို ပြန်ခေါ်လိုက်သည်။ ဓားသွားမှ ခရမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝန်းရံသွားခဲ့သည်။ နောက်တစ်ခဏတွင် သူကိုယ်တိုင် ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထောင်ဝမ်အား လိုက်လံ တိုက်ခိုက်တော့သည်။
သူမ၏ လှုပ်ရှားမှုများက မြန်ဆန်လွန်းလှသည်။ သူသာ ငြိမ်နေမည်ဆိုလျှင် ပစ်မှတ် ဖြစ်သွားနိုင်သည်။ ထိုသို့သာ ပစ်မှတ် ဖြစ်သွားပါက အခွင့်အရေးကို ဖမ်းဆုပ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူမ၏ အရှိန်ကို အမီိလိုက်ကာ အနီးကပ် တိုက်ခိုက်ခြင်းဖြင့် အသာစီးရယူရန် ကြိုးပမ်းလိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း ထောင်ဝမ်မှာမူ ပျာယာခတ်ခြင်း မရှိပေ။ သူမသည် ဝတ်ရုံလက်အင်္ကျီများကို ဝှေ့ယမ်း တိုက်ခိုက်ရင်း စင်မြင့်ထက်တွင် ငှက်ကလေးတစ်ကောင်လို လှပစွာ လှည့်ပတ် ပျံသန်းနေခဲ့သည်။
ထိုသို့သော တိုက်ပွဲကြောင့် ကြည့်ရှုသူများပင် ခေါင်းမူးသွားသည်။
တန်ရန်ဇီသည် ဓားနှင့် တစ်သားတည်းဖြစ်နေသော လျှပ်စီးအရှိန်ဖြင့်ပင် အချိန်အတော်ကြာသည်အထိ အကွာအဝေး မချုံ့နိုင်ဘဲ ဖြစ်နေခဲ့ရသည်။
တိုက်ပွဲမှာ အချိန်အတန်ကြာသည်အထိ အနိုင်အရှုံး မပေါ်ပေ။
....
ကောင်းကင်နန်းတော်ပေါ်တွင် စီရင်စုသခင်များက တိုက်ပွဲကို ကြည့်ပြီး ချီးမွမ်းနေကြသည်။
"ဒီလို အရည်အချင်းရှိတဲ့ လူငယ်တွေက ငါတို့ ဂိုဏ်းရဲ့ လူစွမ်းကောင်းတွေပဲ"
"ဒီနှစ်ယောက်ရဲ့ မှော်ရတနာကို ထိန်းချုပ်နိုင်တဲ့ အဆင့်က အရမ်း မြင့်မားတယ်၊ ရွှေအမြုတေအစောပိုင်း ကျင့်ကြံသူတွေထက်တောင် သာသေးတယ်"
"ဒါကြောင့် တန်ရန်ဇီကို ဆေးနဲ့ဓား လမ်းစဉ် နှစ်ခုလုံး ကျွမ်းကျင်သူလို့ ခေါ်တာကိုး"
"တန်ရန်ဇီသာ သံဓားဂိုဏ်းမှာ ရှိမယ်ဆိုရင် လင်ချင်းရွှမ် ထက်တောင် ပိုတော်နိုင်လောက်တယ်"
"မဟုတ်သေးပါဘူး၊ အခုရော ဘာဖြစ်နေလို့လဲ၊ ဓားလမ်းစဉ်က အားကောင်းပေမဲ့ ဆေးဖော်လမ်းစဉ်ကလည်း သူ့ထက် မနိမ့်ကျပါဘူး"
"ဆက်ကြည့်ကြရအောင်"
“ဒီနှစ်ယောက် ဘယ်လိုနည်းနဲ့ တစ်ယောက်ကိုတစ်ယောက် နိုင်အောင်တိုက်မလဲဆိုတာ ကြည့်ကြရအောင်”
....
ဖဲကြိုးများကြားတွင် ဓားအလင်းတန်းတစ်ခုမှာ ရွံ့နွံထဲ ကျရောက်သကဲ့သို့ ဖြစ်နေသည်။ ၎င်းက ရဲရဲဝံဝံ ရှေ့သို့ တိုးဝင်နေသော်လည်း ထောင်ဝမ်က သူမ၏ တည်နေရာကို အမြဲ ပြောင်းလဲနေသဖြင့် အကွာအဝေးကို မချုံ့နိုင်ခဲ့ပေ။
ဓားအလင်းတန်းများ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
တန်ရန်ဇီ ရှေ့သို့ တစ်လှမ်းတိုးလိုက်ရင်း အသက်ပြင်းပြင်းရှူကာ ဓားကို မြှောက်လိုက်သည်။
"စုစည်းစမ်း"
နောက်တစ်ခဏတွင် ခရမ်းနှင့် အနီရောင် ရောနှောနေသော အလင်းတန်းများ ထွက်ပေါ်လာသည်။
“နေမီးလျှံ တိုက်ကွက်”
ထောင်ဝမ်၏ မျက်နှာထား ချက်ချင်း ပျက်ယွင်းသွားသည်။
သူမ ဖဲကြိုးများကို ပြန်သိမ်းရန်ပင် အချိန်မရှိတော့ဘဲ ခံစစ်မှော်လက်နက်ကို အလျင်အမြန် ထုတ်သုံးလိုက်သည်။
ပြင်းထန်လှသော အပူလှိုင်းများ သူမထံသို့ တိုးဝင်လာခဲ့သည်။ သူမ မည်မျှပင် ရှောင်တိမ်းပါစေ၊ ထိုတိုက်ကွက်မှ မလွတ်မြောက်နိုင်ဘဲ ဖြစ်နေလေသည်။
ကောင်းကင်နန်းတော်ထဲတွင် လော့ချန်၏ မျက်နှာထား အနည်းငယ် ပျက်ယွင်းသွားသည်။
‘ဒါ မှော်ရတနာ ဓားပျံရဲ့ တိုက်ကွက်လား’
‘မဟုတ်ဘူး’
‘ဒါက ဒုတိယအဆင့် မှော်အတတ်ဖြစ်တဲ့ နေမီးလျှံပဲ.... ဒါပေမဲ့ တန်ရန်ဇီ လက်ကွက်ဖော်တာလည်း မတွေ့ရပါလား....’
သူ တွေးမိလိုက်သည်။ ထိုစဉ်မှာပင် သူ့ခေါင်းထဲသို့ အတွေးတစ်ခု ရောက်ရှိလာခဲ့သည်။
"ဪ.... ဒီလိုလား”
‘ငါက တကယ့်ကို လူအပဲ.... သူက မှော်ရတနာကို အသုံးပြုပြီးတော့ မှော်အတတ်တွေ ထုတ်ဖော်နိုင်တာပဲ.... ငါ ဒါကို ဘယ်လိုလုပ် မေ့သွားရတာလဲ’
လော့ချန် အံ့အားသင့်ပြီး ဝမ်းသာသွားသည်။
‘တိုက်ကွက်ကို ဒီလိုလည်း သုံးလို့ ရတာပဲ.... ပြန်ရောက်ရင် သေချာ လေ့လာရမယ်၊ ဒါဆိုရင် တိုက်ခိုက်နိုင်စွမ်း တိုးလာလိမ့်မယ်’
‘အခုတော့ တိုက်ပွဲရလဒ်ကိုပဲ ကြည့်ရအောင်’
ထိုစဉ်မှာပင် နေမီးလျှံ တိုက်ကွက် ပေါ်လာပြန်သည်။ ခရမ်းရောင် နေမင်းတစ်စင်း ထွက်ပေါ်လာခဲ့ပြီး ၎င်း၏ အလင်းနှင့် အပူဓာတ်များသည် ကမ္ဘာမြေကို ချက်ချင်း လင်းထိန်သွားစေခဲ့သည်။
ဘုန်းးး....
ပေါက်ကွဲသံအပြီး လူရိပ်တစ်ခု တိုက်ပွဲဗဟိုချက်မှ လွင့်ထွက်သွားသည်။
တန်ရန်ဇီ အသက်ပြင်းပြင်းရှူရင်း သွေးအန်နေသော ထောင်ဝမ်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏တိုက်ကွက်မှာ ပြင်းထန်သော်လည်း ဖဲကြိုးများက ကာကွယ်ပေးထားသဖြင့် ထောင်ဝမ် ဒဏ်ရာ အနည်းငယ်သာ ရရှိသေးသည်။ ဆက်တိုက် ဖိအားပေးတိုက်ခိုက်ခြင်းဖြင့်သာ ဂိုဏ်းမျိုးဆက်နေရာကို ထိန်းထားနိုင်ပေမည်။ ဤနေရာတွင် ညှာတာမှုများက အဓိပ္ပာယ်မရှိပေ။
‘အနိုင်ရအောင် တိုက်မှ ဖြစ်မယ်’
တန်ရန်ဇီ လက်ကွက်များ အလျင်အမြန် ဖော်ဆောင်လိုက်ရာ ခရမ်းဓားပျံမှာ ကောင်းကင်သို့ ပျံတက်သွားသည်။ များစွာသော ချီစွမ်းအားများမှာ သူ၏ ဒန်ထျန်းမှတစ်ဆင့် ဓားပျံအတွင်းသို့ စီးဆင်းသွားခဲ့သည်။ ချက်ချင်းပင် ခရမ်းဓားပျံမှ ကြောက်မက်ဖွယ်ကောင်းသော ခရမ်းရောင်အလင်းတန်းများနှင့်အတူ ပြင်းထန်လှသော ဖိအားများ ထွက်ပေါ်လာခဲ့တော့သည်။
တိုက်ပွဲကို ကြီးကြပ်နေသော လုံရှို့တောင်မှ အကြီးအကဲ မျက်မှောင်ကြုတ်လိုက်မိသည်။
"တန်ရန် ဒီကောင်လေး နည်းနည်းတော့ လွန်သွားပြီ"
အကြီးအကဲသည် မည်သည့်အချိန်မဆို ဝင်ရောက် ကယ်တင်ရန် အသင့်ပြင်လိုက်သည်။
ထိုအချိန်၌ ရာပေါင်းများစွာ အကွာတွင် ရှိနေသော ထောင်ဝမ် ရုတ်တရက် ရပ်တန့်လိုက်သည်။
သူမ တန်ရန်ဇီကို မလွတ်တိုင်း စိုက်ကြည့်နေခဲ့သည်။
‘ငါက အကွာအဝေး ခြားနေတာနဲ့ပဲ နင့်ကို မတားနိုင်တော့ဘူးလို့ ထင်နေတာလား’
နောက်တစ်ခဏတွင် ပျက်စီးနေသော ဖဲကြိုးများသည် တန်ရန်ဇီထံသို့ တိုးဝင်သွားခဲ့ပြန်သည်။ ထောင်ဝမ်သည် အဖြူရောင်ဖဲကြိုးပေါ် အသာအယာ နင်းလိုက်ရင်း ကောင်းကင်ယံသို့ ပျံတက်သွားခဲ့လေသည်။
သူမသည် ထိုကိုက်တစ်ရာ အကွာအဝေးကို ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ဖြတ်ကျော်သွားခဲ့သည်။ သူမ ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ပုံရိပ်ယောင်များ ကျန်ရစ်ခဲ့သည်။ သေချာစွာ ကြည့်ရှုလိုက်ပါက ပုံရိပ်ယောင် ကိုးခုတိတိ ရှိနေခဲ့သည်။
လူအုပ်ကြီးထဲမှ မျက်စိလျင်သောသူများက အံ့ဩတကြီး အော်ဟစ်လိုက်ကြသည်။
“ငန်းဖြူကျင့်စဉ်ရဲ့ လေပြင်းကိုးမျိုးပဲ”
"အစ်ကိုကြီး အန္တရာယ် ရှိနေပြီ"
တန်ရန်ဇီ၏ မှော်ရတနာ တိုက်ကွက်မှာ မပြီးဆုံးသေးပေ။ အလယ်မှသာ ဖြတ်တောက်ခံရလျှင် တန်ပြန်တိုက်ခိုက်မှုကို ခံရလိမ့်မည်။ ထိုသို့ဆိုပါက အဆုံးသတ်မှာ ဟယ်ယွမ်ချင်းကဲ့သို့ ဖြစ်လာပေလိမ့်မည်။
“အစ်ကိုကြီး ရှုံးတော့မှာလား”
အားလုံးမှာ ရုတ်တရက်ဆန်ဆန် ဖြစ်ပျက်သွားသည်။
လေပြင်းကိုးမျိုးဖြင့် ထောင်ဝမ်သည် တန်ရန်ဇီနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသည်။ ပြင်းထန်လှသော လေမုန်တိုင်းများကြားတွင် သူမသည် သူ၏ မျက်နှာပေါ်ရှိ ချွေးပေါက်ကလေးများကိုပင် ရှင်းလင်းစွာ မြင်တွေ့နေရသည်။ သို့သော်လည်း အထင်ရှားဆုံးအရာမှာမူ သူ၏ နှုတ်ခမ်းထောင့်တွင် ပေါ်ထွက်နေသော လှောင်ပြောင်လိုသည့် အပြုံးတစ်ချက် ဖြစ်ပေသည်။
"ညီမလေး.... နင် နောက်ဆုံးတော့ ငါ့ထောင်ချောက်ထဲ ဆင်းလာပြီပဲ"
တန်ရန်ဇီ ပြုံးလိုက်ပြီး ဓားကို အောက်သို့ ခုတ်ချလိုက်သည်။ သူ အစောပိုင်းတည်းက နောက်ဆုံးတိုက်ကွက်ကို အဆင်သင့်ပြင်ထားပြီး ဖြစ်သည်။ အပြည့်အဝ ပုံမပေါ်သေးလျှင်ပင် ဤမျှလောက် နီးကပ်သော အကွာအဝေးမှ ဆိုပါက ပြင်းထန်လှသော ဒဏ်ရာကို ပေးစွမ်းနိုင်ရန် လုံလောက်လှသည်။
နောက်တစ်ခဏတွင် အလင်းတန်းများ ထိပ်တိုက်တွေ့သွားကြပြီး ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်။
ပြင်းထန်လှသော စွမ်းအင်လှိုင်းများကြားတွင် တန်ရန်ဇီ ရှေ့သို့ တိုးဝင်လာသည်။ သူ၏ စွမ်းအင်အားလုံး ကုန်ခမ်းလုနီးပါး ဖြစ်နေခဲ့ပြီဖြစ်ရာ သူမအား ပြင်းထန်လှသော ဒဏ်ရာ မပေးနိုင်ခဲ့ကြောင်း သူ သိသည်။ သို့သော်လည်း သူ၏ စိတ်ထဲတွင် အတွေးတစ်ခုကိုသာ တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။
‘ငါ နောက်ထပ် ခဏလောက်ပဲ တောင့်ခံထားရမယ်’
သူ ဓားပုံစံ လက်ကွက်တစ်ခု ပုံဖော်ကာ ကောင်းကင်ခရမ်းမီးတောက်ကို ပစ်လွှတ်လိုက်သည်။ ၎င်းနှင့် ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် အရာအားလုံး ပြီးဆုံးသွားမည် ဖြစ်သည်။
သို့သော် ထိုအခိုက်အတန့်တွင် ထောင်ဝမ်၏ အေးဆေးသော မျက်ဝန်းများကို သူ မြင်လိုက်ရသည်။
‘မဟုတ်မှလွဲရော.... သူမမှာ ဝှက်ဖဲ ရှိနေသေးတာလား’
သို့သော် နောက်ပြန်ဆုတ်၍ မရတော့ပေ။ ခရမ်းရောင် မီးတောက်အောက်တွင် မည်သည့်အခြေတည်အဆင့် ကျင့်ကြံသူမျှ ခုခံနိုင်စွမ်း မရှိပေ။
ထိုအခိုက်အတန့်တွင် နူးညံ့သော အသံတစ်သံ ပျံ့လွင့်လာသည်။
"အစ်ကိုကြီး…. ခွင့်လွှတ်ပေးပါဦး"
ချက်ချင်းပင် နှင်းခဲများ ကျဆင်းလာပြီး အရိုးကွဲမတတ် အေးစက်လှသော အအေးလှိုင်းများ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့သည်။ ထိုလှိုင်းများ ရောက်ရှိသွားရာ နေရာတိုင်းတွင် ကောင်းကင်ခရမ်းမီးတောက် အပါအဝင် အရာအားလုံးမှာ အေးခဲသွားခဲ့ရတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တန်ရန်ဇီကိုယ်တိုင်လည်း လွှမ်းခြုံခြင်း ခံလိုက်ရတော့သည်။
ယခုအခါ လူသားနှင်းခဲရုပ်တုကြီးတစ်ခုသည် ပြိုင်ပွဲစင်မြင့်ထက်တွင် မလှုပ်မယှက် ရှိနေခဲ့ပြီ ဖြစ်သည်။
"သေစမ်း.... ရေခဲခံတပ်ရဲ့ ရေခဲအနှစ်"
တန်ရန်ဇီ အော်ဟစ်လိုက်ပြီး ခရမ်းရောင် မီးတောက်များကို ပေါက်ကွဲစေလျက် ရေခဲများကို ဖျက်ဆီးလိုက်သည်။ သူသည် နှင်းခဲချုပ်နှောင်မှုမှ ရုန်းထွက်နိုင်ခဲ့သော်လည်း သူ လွတ်မြောက်လာခဲ့သည့် အခိုက်အတန့်မှာပင် သွယ်လျလှသော လက်ညှိုးတစ်ချောင်းက မုန်တိုင်းကို ဖြတ်သန်း၍ ရောက်ရှိလာခဲ့သည်။ ၎င်းက မီးတောက်များကို အသာအယာ ဖယ်ရှားပစ်လိုက်ပြီး သူ၏ နဖူးအလယ်ဗဟိုတည့်တည့်သို့ အတိအကျ ကျရောက်လာခဲ့တော့သည်။
"ငါ...."
တန်ရန်ဇီ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"ခွင့်လွှတ်ပေးပါ အစ်ကိုကြီး"
ထောင်ဝမ် လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။
သူမ၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့နေပြီး သွေးစက်များ ကျဆင်းနေသည်။ ဝတ်ရုံများမှာလည်း စုတ်ပြဲနေခဲ့ကာ ဖြူစင်လှသော အရေပြားပေါ်တွင် သွေးစွန်းကြောင်းများ ထင်ကျန်နေခဲ့သည်။
သို့သော် ဆန့်ကျင့်ဘက်အနေဖြင့် သူမ၏ စွမ်းအားမှာမူ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသည်။
လုံရှို့တောင်မှ အကြီးအကဲ ကောင်းကင်မှ ဆင်းသက်လာသည်။ သူသည် တန်ရန်ဇီအား ရှုပ်ထွေးလှသော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ပြီးနောက် ထောင်ဝမ်အား ဂုဏ်ယူသော အကြည့်များဖြင့် လှည့်ကြည့်ကာ ကြေညာလိုက်တော့သည်။
"ဒီပွဲစဉ်မှာ ဆက်ခံသူ ထောင်ဝမ် အနိုင်ရတယ်"
"ဒီနေ့ကစပြီး ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ ဂိုဏ်းမျိုးဆက် ဖြစ်ပြီ"
လော့ချန်နှင့် သူ၏စွန့်စားခန်းများ