အခန်း ၄၈၉
Vol. 49 Ch. 489
အခန်း (၄၈၉) - နန်ရှန်းစီရင်စုသခင်၏ ရွှေအမြုတေဖွဲ့စည်းနည်း လမ်းစဉ်သုံးသွယ်
ဆေးလုံးစိမ်းချိုင့်ဝှမ်း အပြင်ဘက်၊ ရှောင်နန်တောင်ထိပ်တွင် ဖြစ်သည်။
လော့ချန်သည် မော့ဟယ်ခြံဝင်း အတွင်းရှိ အပန်းဖြေဇရပ်ပေါ်တွင် ထိုင်နေပြီး စာအုပ်တစ်အုပ်ကို စိတ်ဝင်တစား ဖတ်ရှုနေသည်။
သူ့ရှေ့တွင် ရှီလန်သည် မေးစေ့ကို လက်ဖြင့် ထောက်ရင်း စူးစမ်းလိုစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်နေသည်။
နောက်ဆုံးတွင် သူမ မအောင့်နိုင်တော့ပေ။
"အစ်ကိုကြီးလော့.... အစ်ကိုကြီးရဲ့ ဆေးဖော် အရည်အချင်းက ဒီလောက် မြင့်မားလိမ့်မယ်လို့ ရှီလန် မထင်ထားခဲ့ဘူး၊ အစ်ကိုကြီး ဘယ်လိုတွေ လေ့ကျင့်ခဲ့တာလဲဟင်"
လော့ချန် ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှ မပြောပေ။
ရေကာတာ ကျိုးသွားသကဲ့သို့ ရှီလန်သည် မရပ်မနားတော့ဘဲ ဆက်တိုက်ပြောလေတော့သည်။
"အစ်ကိုကြီး မသိလို့.... ဒုတိယပွဲစဉ်အစတုန်းက အိုက်လောင်တောင်နဲ့ ဘုရင်မပန်းဂိုဏ်းရဲ့ တပည့်ရင်းတွေက အစ်ကိုကြီးကို လုံးဝ အထင်သေးခဲ့ကြတာ၊ ဒါပေမဲ့ ပွဲစဉ်သုံးခု ပြီးတဲ့အခါမှာတော့ သူတို့အားလုံး ကြောင်အသွားကြရော.... နောက်ပြီး လောင်းကြေးထပ်တဲ့ လူတချို့ကလည်း တန်ရန်ဇီဘက်ကိုပဲ လောင်းကြေးထပ်ခဲ့တာ၊ တန်ရန်ဇီက ဒုတိယပွဲစဉ်မှာ စုစုပေါင်း အဆင့် ၄ ပဲ ရခဲ့တော့ သူတို့အကုန်လုံး ရှိသမျှ ပြုတ်သွားကြရရှာတယ်"
လော့ချန် ခေါင်းမော့လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"ရှီလန်ရော နိုင်လား၊ ရှုံးလား"
"အမယ်.... ရှီလန်ကတော့ ကိုယ့်အစ်ကိုကြီးဘက်ကပါနော်၊ နိုင်တာပေါ့၊ ဝိညာဉ်ကျောက်တုံး နှစ်သောင်းကျော်လောက် အမြတ်ရလိုက်တယ်"
ရှီလန် ကျေနပ်စွာ ပြုံးလိုက်သည်။ အခြေတည်အဆင့်သို့ စတင်ရောက်ရှိခါစ ကျင့်ကြံသူတစ်ဦးအတွက်မူ ၎င်းမှာ ကြီးမားသော ပမာဏ ဖြစ်သည်။
လော့ချန် အံ့အားသင့်သွားပြီး စိတ်ထဲတွင် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။
"ရှီလန်.... ငါ ရင်ထဲထိသွားပြီ သိလား၊ မင်း ငါ့ကို အဲ့လောက် ယုံကြည်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
"အဲ...."
တွန့်ဆုတ်တွန့်ဆုတ်ဖြစ်သွားသော ရှီလန်ကို ကြည့်ရင်း လော့ချန် တစ်ခုခု မှားယွင်းနေမှန်း သဘောပေါက်သွားသည်။
"မင်း ငါနိုင်မယ်လို့ မလောင်းခဲ့ဘူးပေါ့"
"အင်း...."
"ဘာ.... ဒါဆို မင်း ဘယ်လိုလုပ်ပြီး အဲ့လောက် ဝိညာဉ်ကျောက်တုံးတွေ အများကြီး မြတ်ရတာလဲ"
ရှီလန်က သဘာဝကျစွာ ဆိုသည်။
"ဘာလို့လဲဆိုတော့ ရှီလန်က ဒိုင်မို့လို့လေ.... အဲ့လောင်းကစားပွဲကို ရှီလန်ဖွင့်ခဲ့တာလေ.... ဟီးဟီး.... သူတို့အားလုံး ရှုံးတော့ ရှီလန် နိုင်တာပေါ့"
လော့ချန် စိတ်မထိန်းနိုင်တော့ပေ။ နားထင်မှ သွေးကြောများပင် တဆတ်ဆတ် တုန်နေပြီး ရှီလန်ကို ကြည့်သည့်အကြည့်မှာ မချိုသာတော့ပေ။
"မင်း ဆရာနဲ့ တွေ့ရင် သေချာပေါက် ပြောရမယ်.... မင်း လစဉ်ရတဲ့ ကျောက်စိမ်းနှင်းစက်ဆေးလုံးတွေကို လျှော့ဖို့"
"ဟင်.... အစ်ကိုကြီးလော့.... ရှီလန် ကျောက်စိမ်းနှင်းစက်ဆေးလုံး သုံးနေတာကို ဘယ်လိုလုပ် သိတာလဲ"
ရှီလန် အံ့အားသင့်သွားပြီး
"မဟုတ်မှလွဲ.... ရှီလန်တို့ ချန်ချင်အနွယ်ရဲ့ ကျောက်စိမ်းနှင်းစက်ဆေးလုံးတွေကလည်း အစ်ကိုကြီး ဖော်စပ်တာလား"
လော့ချန် ထိုမိန်းကလေးကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
‘ငါ ဖော်တဲ့ဆေးမို့လို့ ငါသိတာပေါ့....’
သူမ သောက်သုံးနေသည့် ကျောက်စိမ်းနှင်းစက်ဆေးလုံးများမှာ သူကိုယ်တိုင် ဖော်စပ်ပေးထားခြင်း ဖြစ်ပြီး ဆေးစွမ်းအင်များကိုပင် သူမ အပြည့်အဝ မချေဖျက်ရသေးပေ။ ထိုရင်းနှီးနေသော ဆေးရနံ့ကို ကိုယ်တိုင်ဖော်စပ်ခဲ့သည့် ဆေးဖော်ဆရာတစ်ဦးအနေဖြင့် အမှောင်ထဲမှ ဖယောင်းတိုင်မီးကဲ့သို့ ထင်ရှားစွာ မြင်နေရသည်။ အမှန်အတိုင်း ဆိုရလျှင် ကျင့်ကြံသူအများစုသည် လော့ချန်ကဲ့သို့ သန့်စင်ခြင်းမှော်အတတ်ကို အထွတ်အထိပ်အဆင့်အထိ လေ့ကျင့်ထားခြင်း မရှိကြသဖြင့် သူတို့၏ ခန္ဓာကိုယ်မှ ဆေးစွမ်းအင်ရနံ့များကို အပြည့်အဝ မဖုံးကွယ်နိုင်ကြပေ။
လော့ချန် ငြင်းဆိုခြင်းမရှိသည်ကို မြင်သောအခါ ရှီလန်၏ မျက်ဝန်းများ တောက်ပသွားခဲ့ပြီး ဝမ်းသာအားရဖြင့် ထခုန်လိုက်မိသည်။
"ကျောက်စိမ်းနှင်းစက်ဆေးလုံးက ရှီလန့်အစ်ကိုကြီး ဖော်ထားတာပေါ့လေ၊ အဘွားက ရှီလန့်ကို ဘာမှ မပြောပြဘူး၊ လျှို့ဝှက်ထားဖို့ပဲ မှာထားတာ"
သူမ၏ အသံမှာ ချက်ချင်းပင် ချွဲနွဲ့သောလေသံသို့ ပြောင်းလဲသွားခဲ့သည်။
"အစ်ကိုကြီး.... ရှီလန့်ကို နည်းနည်းလောက် ပေးလို့ မရဘူးလား၊ ဆရာက ရှီလန့်ကို လတိုင်း နည်းနည်းလေးပဲ ပေးတာ၊ လုံးဝ မလောက်ဘူး"
သူမသည် စကားပြောရာတွင် သွက်လက်လွန်းလှသူ တစ်ဦးဖြစ်သည်။ အထူးသဖြင့် ငွေရှာရာတွင်၊ အကျိုးအမြတ်ရှာရာတွင် အလွန် တော်သည်။ လော့ချန် သူမနှင့် စသိကတည်းက သူမ၏ စကားပြောစွမ်းရည်ကို ချီးကျူးမိခဲ့သည်။ ယခင်က သူမ သူ့အတွက် အဆင့်မြင့် ဂူဗိမာန် စီစဉ်ပေးခဲ့သဖြင့် အနာဂတ်တွင်လည်း သူမ၏ အကူအညီ လိုအပ်နိုင်သည်ဟု လော့ချန် တွေးမိလိုက်သည်။
သူ ပြုံးရင်း ကျောက်စိမ်းနှင်းစက်ဆေးလုံးတစ်ပုလင်းကို ကမ်းပေးလိုက်သည်။
"အများကြီးတော့ မရှိဘူး၊ ဒီ အဆင့်လတ် ကျောက်စိမ်းနှင်းစက်ဆေးတစ်ပုလင်းကို ရှီလန့်အတွက် အခြေတည်ဂုဏ်ပြု လက်ဆောင်အဖြစ် ယူထားလိုက်"
‘ဟင်.... အဆင့်လတ်’
ရှီလန်၏ မျက်ဝန်းများ အရောင်တောက်သွားပြီး အမြန်ပင် လှမ်းယူလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီးလော့၊ ရှီလန့်အစ်ကိုကြီးက သဘောအကောင်းဆုံးပဲ"
"ကဲပါ တော်ပြီ၊ ငါက ရေခဲခံတပ်ရဲ့ တပည့်လည်း မဟုတ်ပါဘူး၊ အစ်ကိုကြီးလို့ ခေါ်နေတာ...."
ရှီလန် နားမလည်စွာ မေးသည်။
“ဟင်.... လူတိုင်းက အစ်ကိုကြီးကို ကျွန်မတို့ ရေခဲခံတပ်ရဲ့ ချန်ချင်အနွယ်ကလို့ ပြောနေကြတာကို.... မဟုတ်ဘူးလား.... ပြီးတော့ ကိုယ့်ထက် ပညာရှိတဲ့သူကို အစ်ကိုကြီးလို့ ခေါ်တာ ဘာဖြစ်လို့လဲ"
လော့ချန် အံ့အားသင့်သွားသည်။
‘ဒါတွေက ပြန့်နေပြီလား’
ကရုဏာမဲ့နတ်သမီးသည် လုံးဝ လက်မြန်လှပေသည်။ သူမ လော့ချန်အား သူမ၏ အနွယ်အဆက်ဖြစ်ကြောင်း လူသိရှင်ကြား စတင်ကြေညာနေခဲ့ပြီ ဖြစ်သည်။
ကရုဏာမဲ့နတ်သမီးအကြောင်း တွေးနေစဉ်မှာပင် သူမ ရောက်ရှိလာသည်။
လော့ချန် ဝေးကွာသော နေရာကို ကြည့်လိုက်ရာ မော့ဟယ်ခြံဝင်း တံခါးပေါက်တွင် အရိပ်လေးခုကို မြင်လိုက်ရသည်။
ရှေ့ဆုံးမှ လာသူများမှာ ကရုဏာမဲ့နတ်သမီးနှင့် စီရင်စုသခင် ပိုင်စု ဖြစ်သည်။ သူတို့နောက်တွင် မျက်နှာဖျော့တော့နေဆဲဖြစ်သော ထောင်ဝမ်နှင့် ထောင်ရိရှန်းတို့ ပါလာသည်။
လော့ချန်၏ ဝိညာဉ်အာရုံမှာ ထက်မြက်သဖြင့် စောစီးစွာ သိလိုက်သည်။ သို့သော် ရှီလန်မှာမူ မသိသေးပေ။
သူမ လော့ချန်အား ချွဲနေဆဲပင်။
"အစ်ကိုကြီး၊ နောက်ဆို ရှီလန် အစ်ကိုကြီးဆီက ကျောက်စိမ်းနှင်းစက်ဆေးလုံးတွေ ဝယ်လို့ ရမလား…. ဒီဆေးလုံးက အရမ်းကောင်းတာပဲ…. တခြား ဆေးလုံးတွေဆိုရင် သောက်လိုက်တာနဲ့ ချောင်းဆိုးချင်လာတယ်...."
“အဲ့လောက်ကြီးကတော့ ပိုပြီ.... အဟွတ်"
"ဟင်.... အစ်ကိုကြီး ဘာလို့ ချောင်းဆိုးတာလဲ"
ရှီလန် နားမလည်ဖြစ်နေစဉ် ခန္ဓာကိုယ် တောင့်သွားသည်။
သူမ လှည့်ကြည့်လိုက်ရာ ဆရာသခင်များကို တွေ့လိုက်ရသဖြင့် လေးစားစွာ အရိုအသေပေးလိုက်သည်။
"ဆရာသခင်ကို ဂါရဝပြုပါတယ်၊ ဆရာအဒေါ်ပိုင်ကို ဂါရဝပြုပါတယ်"
နှုတ်ဆက်ပြီးနောက် သူမ လိမ္မာပါးနပ်စွာဖြင့် ထောက်ရိရှန်းရှိရာဘက်သို့ ခပ်သွက်သွက် လျှောက်သွားခဲ့တော့သည်။
ကရုဏာမဲ့နတ်သမီးက သူမကို တစ်ချက်ကြည့်လိုက်ပြီး လော့ချန်ဘက်သို့ လှည့်လိုက်သည်။
"အခု ကိစ္စတွေအားလုံး ပြီးသွားပြီဆိုတော့ ငါ မကြာခင် ဆေးလုံးစိမ်းချိုင့်ဝှမ်းကနေ ထျန်းလန် နတ်ဘုရားမြို့တော်ကို ပြန်တော့မယ်….. မင်း ငါတို့နဲ့ ပြန်လိုက်မလား"
လော့ချန် လက်ထဲမှ စာအုပ်ကို သိမ်းလိုက်သည်။
"ကရုဏာမဲ့နတ်သမီးရဲ့ ဖိတ်ခေါ်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် အစ်မထောင်ရဲ့ ဂိုဏ်းမျိုးဆက် အခမ်းအနား ပြီးတဲ့အထိ စောင့်ပြီးမှ ထျန်းလန်ကို ပြန်ဖို့ စိတ်ကူးရှိပါတယ်"
စကားပြောနေရင်း သူ ပိုင်စုစီရင်စုသခင် နောက်မှ ထောင်ဝမ်ကို ကြည့်လိုက်သည်။
သူမ သူ့အား နူးညံ့စွာ ပြုံးပြနေသည်။
ကရုဏာမဲ့နတ်သမီးက ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ ပြန်ရောက်ရင် ကျား - ၁ ဂူဗိမာန်မှာ ငါ့ကို လာတွေ့ပါ"
‘ဟင်.... ဘာလို့ သွားတွေ့ရမှာလဲ’
‘ဪ.... အကျိုးအမြတ် ပေးမလို့ကို’
သူမသည် မိမိအား ရေခဲခံတပ်မှ လူအဖြစ် လူသိရှင်ကြား ကြေညာထားခဲ့ပြီး ဖြစ်သဖြင့် အခြားဂိုဏ်းများ၏ ဆွဲဆောင်မှုရှိသော ကမ်းလှမ်းချက်များကို သူ ငြင်းပယ်ခဲ့ရသည်။ အကယ်၍ သူမသာ ထိုက်ထိုက်တန်တန် ဆုမချနိုင်ခဲ့ပါက ကပ်စေးနှဲသော မိန်းမကြီးအဖြစ် အခြားသူများ၏ လှောင်ပြောင်ခြင်းကို ခံရမည် မဟုတ်ပါလော။
လော့ချန် သူ၏ ရင်ခုန်သံကို ထိန်းချုပ်လိုက်ရင်း ရိုသေစွာ ဦးညွှတ်လိုက်သည်။
ကရုဏာမဲ့နတ်သမီးလည်း အချိန်ဆွဲမနေတော့ဘဲ ခြံဝင်းထဲမှ ထွက်သွားတော့သည်။ ရှီလန်လည်း သူမနောက်မှ တပ်ကြပ်မကွာ လိုက်ပါသွားသည်။
စီရင်စုသခင်ပိုင်စုသည် လော့ချန်ကို စိတ်ဝင်တစား ကြည့်လိုက်ပြီးနောက် သူငယ်ချင်းဖြစ်သူကို လိုက်ပို့ရန် ထွက်ခွာသွားသည်။
ယခုအခါ ခြံဝင်းထဲတွင် ထောင်ဝမ်နှင့် လော့ချန်သာ ကျန်ခဲ့သည်။ ထောက်ရိရှန်းပင်လျှင် အလိုက်သိစွာဖြင့် အပြင်သို့ ထွက်သွားခဲ့သည်။
"အစ်မထောင်ကို ဂုဏ်ပြုစကား မပြောရသေးဘူးပဲ၊ အခုကစပြီး ဂိုဏ်းမျိုးဆက်ထောင်လို့ လေးလေးစားစား ခေါ်ရတော့မှာပေါ့"
လော့ချန်၏ နောက်ပြောင်မှုကြောင့် ထောင်ဝမ် ခေါင်းခါလိုက်သည်။
"မိတ်ဆွေလော့ မနောက်ပါနဲ့၊ ဒီတိုက်ပွဲမှာ မင်းရဲ့ အကူအညီတွေ အများကြီး ပါပါတယ်"
လော့ချန် ပြုံးလိုက်ရင်း
"အစ်မထောင်က ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေတာပါ၊ နောက်ဆုံးပွဲမှာ အစ်မထုတ်သုံးခဲ့တဲ့ နည်းလမ်းတွေနဲ့ဆိုရင် အစောပိုင်းပွဲစဉ်တွေမှာ အဆင့်နည်းနည်း နိမ့်ခဲ့ရင်တောင် ဗိုလ်လုပွဲအထိ ရောက်မှာသေချာပါတယ်"
"ရောက်ဖို့ပဲ ရှိမှာပါ"
ထောင်ဝမ် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
"အစ်ကိုကြီး တန်ရန်ဇီမှာ ကန့်သတ်ချက်တွေ အများကြီးရှိနေတာတောင် ငါ အစွမ်းကုန် ထုတ်သုံးလိုက်ရတယ်၊ ဆရာအဒေါ်ကရုဏာမဲ့နတ်သမီးဆီက ငှားလာတဲ့ ရေခဲအနှစ် ကြောင့်သာ သီသီလေး အနိုင်ရခဲ့တာပါ၊ တကယ်လို့ အောက်ကနေသာ အဆင့်ဆင့် တိုက်လာရရင် အနိုင်ရဖို့ လမ်းရှိမှာ မဟုတ်ဘူး.... ဒီတိုက်ပွဲမှာ မင်းက အခရာပဲ"
လော့ချန် ပြုံးလိုက်ပြီး သူမနှင့် မငြင်းဆိုတော့ပေ။ တန်ရန်ဇီ နောက်ဆုံးပွဲတွင် ပြသခဲ့သော စွမ်းအားများမှာ အမှန်ပင် အံ့ဩဖွယ်ကောင်းလှသည်။ ဓားနှင့် တစ်သားတည်း ပေါင်းစပ်ခြင်း၊ မှော်ရတနာမှတစ်ဆင့် မှော်အတတ် ထုတ်ဖော်ခြင်းနှင့် သူ၏ နောက်ဆုံး ဝှက်ဖဲဖြစ်သော ကောင်းကင်ခရမ်းမီးတောက်၊ ဤအရာများထဲမှ တစ်မျိုးတည်းနှင့်ပင် အခြေတည်အဆင့်ပါရမီရှင်စာရင်းတွေ ထိပ်ဆုံးစာရင်း ဝင်နိုင်သည်။
သူကမူ သုံးမျိုးစလုံး ပိုင်ဆိုင်ထားသည်။ ထောင်ဝမ်၏ အဆင့်အသာစီးရမှုနှင့် တန်ရန်ဇီအနေဖြင့် ယခင်ပွဲစဉ်များတွင် စွမ်းအင်များ ကုန်ခမ်းနေခဲ့ခြင်း မရှိပါက သူမ၏ အောင်ပွဲမှာ မဖြစ်နိုင်သလောက်ပင် ဖြစ်၏။
သူ့ကြောင့်ချည်းသာ ဖြစ်သည်ဟု ပြောလျှင် အလွန်အကျွံရာကျမည်ဖြစ်သော်လည်း သူ၏ သုံးပွဲဆက်တိုက် ပထမရရှိမှုက ပေးစွမ်းခဲ့သော အသာစီးရမှုမှာ ငြင်းပယ်၍မရနိုင်ဘဲ ရလဒ်များမှာ ထောင်ဝမ်၏ မူလမျှော်မှန်းချက်များထက် များစွာကျော်လွန်သွားခဲ့ရသည်။
ဤရလဒ်သည် ထောင်ဝမ်၏ မူလ မျှော်လင့်ချက်ထက် အဆပေါင်းများစွာ သာလွန်သည်။
ယခင် ဟွမ်ဟယ်ဇီကို ငှားရမ်းစဉ်က သူမ၏ ရည်ရွယ်ချက်မှာ ဒုတိယအဆင့်တွင် ထိပ်ဆုံးငါးဦးစာရင်းဝင်ရန်နှင့် သူမ၏ အဆင့်အတန်းကို ထိန်းသိမ်းရန်သာ ဖြစ်သည်။ ယခု လော့ချန်က မျှော်မှန်းချက်ထက် သာလွန်သော ရလဒ်ကို ပေးစွမ်းနိုင်ခဲ့ရုံမက ရွှေအမြုတေ စီရင်စုသခင်များကိုပင် ဆွဲဆောင်နိုင်လောက်သော ဆေးဖော်စွမ်းရည်ကို ပြသခဲ့သည်။
သို့ဖြစ်လေရာ လော့ချန်နှင့် ထောင်မျိုးနွယ်စု၏ ဆက်ဆံရေးကို ပိုမို ခိုင်မြဲစေလိုလျှင် သူမ ယခင်က ပေးခဲ့သော အရာများသည် လုံလောက်တော့မည် မဟုတ်ပေ။
"လာမယ့်ရက်တွေမှာ ငါ ဒဏ်ရာ ကုသရမယ်၊ ဂိုဏ်းမျိုးဆက် အခမ်းအနားအတွက် ပြင်ဆင်ရမယ်၊ မင်းကို အဖော်ပြုဖို့ အချိန်မရှိတော့မှာ စိုးရိမ်မိတယ်"
လော့ချန် မျက်မှောင်ကြုတ်လိုက်သည်။ အဖော်ပြုခြင်း၊ မပြုခြင်း ကိစ္စကြောင့် မဟုတ်ပေ။ သူ အိမ်ပြန်ချင်စိတ် တဖွားဖွား ဖြစ်နေသည်။ အကြောင်းမှာ ရှောင်နန်တောင်၏ ကျင့်ကြံခြင်း ပတ်ဝန်းကျင်သည် ထျန်းလန်တောင်၏ အဆင့်မြင့် ဂူဗိမာန်နှင့် မနှိုင်းယှဉ်နိုင်သောကြောင့်ပင်။
"ဘယ်လောက်ကြာမှာလဲဗျာ"
ထောင်ဝမ်က သူ ဘာကို စိုးရိမ်နေသည်ကို သိသဖြင့်
"မကြာပါဘူး၊ အများဆုံး လဝက်လောက်ပဲ ကြာမယ်၊ ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ ဂိုဏ်းမျိုးဆက် ဖြစ်လာပြီးမှပဲ သက်ဆိုင်ရာ အရင်းအမြစ်တွေကို လက်ခံနိုင်မှာ၊ မင်း လိုချင်တဲ့ အဆင့်မြင့် နဂါးပျံဆေးလုံးကိုလည်း အဲ့ဒီအခါကျမှ လုံလုံလောက်လောက် ပေးနိုင်မှာ"
‘လဝက်လောက်လား’
လော့ချန် ခေါင်းညိတ်လိုက်သည်။ ထိုမျှ အချိန်ကိုမူ သူ စောင့်နိုင်သည်။
"ဒီအတောအတွင်း ရိရှန်းက ရှောင်နန်တောင်မှာပဲ ရှိနေမှာ၊ မင်း ဘာပဲ လိုအပ်လိုအပ် သူ့ကိုသာ ရှာလိုက်ပါ"
"ဟုတ်ကဲ့.... ကျွန်တော် သဘောပေါက်ပါပြီ၊ အစ်မလုပ်စရာရှိတာ စိတ်ဖြောင့်ဖြောင့်လုပ်ပါ"
ထောင်ဝမ် ပြုံးလိုက်ပြီး လော့ချန်အား နှုတ်ဆတ်စကားဆိုကာ ထွက်ခွာသွားသည်။
သူမ ထွက်သွားပြီးနောက် ထောင်ရိရှန်း ခြံဝင်းထဲသို့ ဝင်လာသည်။
ဝင်လာပြီးသည်နှင့် ရှီလန်ကဲ့သို့ပင် ချီးကျူးစကားများရော အတင်းစကားများပါ ပြန်လည်ဖောက်သည်ချတော့သည်။
ရံဖန်ရံခါတွင် ပြိုင်ပွဲအတွင်းရှိ အခြားသူများ၏ မျက်နှာအမူအရာများကိုပါ ကွက်ကွက်ကွင်းကွင်းမြင်အောင် ပုံဖော်ပြောပြနေခဲ့သည်။ လော့ချန်အနေဖြင့် မည်သို့မျှ စိတ်အနှောင့်အယှက် မဖြစ်ပေ။ အခြားသူများ၏ ချီးကျူးမှုကို ခံရခြင်းက ကောင်းသောအရာပင် မဟုတ်ပေလော။ နောက်ဆုံးတွင် ထောက်ရိရှန်းက သိုလှောင်အိတ်တစ်လုံးကို ကမ်းပေးလာသည်။
"ဒါတွေက ဘာတွေလဲ"
လော့ချန် အံ့အားသင့်သွားသည်။
ထောင်ရိရှန်း ပြန်ဖြေသည်။
"ဒါတွေက အစ်ကိုလော့ ဆေးလုံးစိမ်းချိုင့်ဝှမ်း ဈေးကွက်မှာ မှာထားတဲ့ ပစ္စည်းတွေလေ.... ရောင်းသူတွေက ပစ္စည်းတွေကို ပို့ပေးထားတယ်.... ဝိညာဉ်ကျောက်တုံးတွေကိုတော့ ကျွန်တော် ပေးချေထားပြီးပြီ.... အစ်ကိုကြီး စစ်ကြည့်ပါ"
လော့ချန် တစ်ချက်ကြည့်လိုက်ပြီး ကျေနပ်သွားသည်။ အနည်းငယ်သော အရင်းအမြစ်မှလွဲ၍ သူ ဝယ်ယူလိုသော ပစ္စည်းများအားလုံး ပါရှိသည်။
"တချို့ ပစ္စည်းတွေက မျက်နှာချင်းဆိုင် ဈေးစကားပြောခဲ့ရတာ မဟုတ်လား၊ စုစုပေါင်း ဘယ်လောက်ကျလဲ၊ ငါ ပြန်ပေးမယ်"
သို့သော် ထောင်ရိရှန်း လက်ခါလိုက်သည်။
"ဘာလို့ အဲ့လောက် အားနာနေတာလဲ၊ အစ်ကိုကြီးက ကျုပ်အစ်မကို ကူညီပေးခဲ့တာ အများကြီးပဲ၊ ဒါက ဝိညာဉ်ကျောက်တုံး အနည်းငယ်ပါပဲ"
လော့ချန်၏ မျက်နှာထား တည်သွားသည်။
"မရဘူး ကိစ္စတစ်ခုနဲ့တစ်ခု မရောရဘူးလေ၊ ငါက မင်းအစ်မအတွက် လုပ်ပေးတာ၊ အဲ့ဒါအတွက် အကျိုးခံစားခွင့်လည်း ရပြီးပြီလေ"
မိမိနှင့်မသက်ဆိုင်သောအရာဆိုလျှင် လော့ချန် မလိုအပ်ဘဲ လက်မခံတတ်ပေ။ သူ၏စိတ်ထဲတွင် အလွန်ရှင်းလင်းသည်။ အကြောင်းမရှိဘဲ ရရှိလာသောအရာတိုင်းသည် နောက်ဆုံးတွင် တာဝန်တစ်ခုအဖြစ် ပြန်လည်ချုပ်နှောင်လာတတ်သည်။ ထို့ကြောင့် မိမိမလိုချင်ဘဲ လက်ခံမိခဲ့လျှင်ပင် တစ်ချိန်ချိန်တွင် မလွဲမသွေ ပြန်လည်ပေးဆပ်ရမည်ဟု သူ နားလည်ထားသည်။
လော့ချန်၏ ပြတ်သားမှုကို မြင်သောအခါ ထောင်ရိရှန်း မတတ်သာဘဲ ဂဏန်းတစ်ခုကို ပြောပြလိုက်ရသည်။ ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းဖြစ်ပြီး လော့ချန် ချက်ချင်း ပြန်ပေးလိုက်သည်။
ထောင်ရိရှန်း စိတ်ဓာတ်ကျသွားသည်။ သူသည် ဤကဲ့သို့ အသေးအဖွဲ ကူညီမှုလေးများမှတစ်ဆင့် ပိုမိုရင်းနှီးမှု တည်ဆောက်လိုခဲ့ခြင်း ဖြစ်သည်။
မော့ဟယ်ခြံဝင်းမှ ထွက်လာပြီးနောက်....။
ထောင်ရိရှန်း ကိုယ့်နဖူးကိုယ် တစ်ချက် ရိုက်လိုက်သည်။
"ငါ ဘာလို့ ဒီလောက် တုံးရတာလဲ.... အရင်က အစ်ကိုကြီး ကျွန်တော့်ကို လမ်းညွှန်ပေးတာအတွက် ကျေးဇူးတင်တဲ့ အနေနဲ့ပါ လို့ ပြောလိုက်ရင် ရတာပဲကိုး"
"ဒီလိုဆိုရင် အစ်ကိုလော့ ငြင်းမှာ မဟုတ်တော့ဘူး"
စိတ်ညစ်ညစ်နှင့် အိမ်ကြီးသို့ ပြန်ရောက်သောအခါ ချင်ယွင်တောင်သို့ မပြန်ရသေးသော အစ်မဖြစ်သူက သူ့အား ဆီးကြိုနေသည်။
"ပစ္စည်းတွေ အကုန်ပေးလိုက်ပြီလား"
"ပေးလိုက်ပြီ၊ အစ်ကိုလော့လည်း လက်ခံတယ်၊ ဒါပေမဲ့ ဝိညာဉ်ကျောက်တုံးတွေကို ပြန်ပေးလိုက်တယ်"
ထောင်ဝမ် မျက်မှောင်ကြုတ်လိုက်မိသည်။ သို့သော် လော့ချန်၏ စရိုက်ကို စဉ်းစားကြည့်ပြီးနောက် သူမ နားလည်သွားသည်။
"ဟုတ်သားပဲ၊ ဒီလို အသေးအဖွဲလေးကို သူ ဂရုစိုက်မှာ မဟုတ်ဘူး"
"အစ်မ၊ ဒါဆို ဘယ်လိုလုပ်မလဲ"
ထောင်ဝမ်က ပြုံးလိုက်ရင်း
"ကိစ္စမရှိပါဘူး.... လော့ချန်နဲ့ ငါတို့ ဆက်ဆံရေးက ကောင်းပါတယ်၊ ဒီအတိုင်းပဲ ထိန်းထားပါ၊ ပြီးတော့မှ.... သူ လုံးဝငြင်းပယ်လို့မရနိုင်တဲ့ ကမ်းလှမ်းချက်တစ်ခုကို ငါ လုပ်မှာပေါ့"
ထောင်ရိရှန်း မျက်တောင်ခတ်လိုက်ရင်း တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရသည်။
"အစ်မက သိပ်ထက်မြက်တာပဲဗျာ"
....
ထောင်ဝမ်သည် ဂိုဏ်းမျိုးဆက် ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ဂိုဏ်းမျိုးဆက် ဖြစ်လာသည်။
ဤကဲ့သို့ ကြီးကျယ်လှသော ကိစ္စတစ်ခုသည် စနစ်တကျ အခမ်းအနားများ မပြုလုပ်ဘဲနှင့်တော့ ပြီးဆုံးသွားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် နောက်ဆက်တွဲ ဂုဏ်ပြုအခမ်းအနားများကို သေသေချာချာ စီစဉ်ကျင်းပကြရတော့သည်။
သို့သော် ဆေးလုံးစိမ်းချိုင့်ဝှမ်း မည်မျှပင် စည်ကားနေပါစေ၊ ထောင်မျိုးနွယ်စု မည်မျှပင် ဧည့်ခံနေပါစေ၊ လော့ချန်ကမူ မော့ဟယ်ခြံဝင်းတွင်သာ ဖတ်လတ်စ စာအုပ်တစ်အုပ်ဖြင့် အချိန်ကုန်ဆုံးနေခဲ့သည်။
‘နန်ရှန်းတာအိုရှင်းလင်းချက်’
ဤသည်မှာ ထောင်ဝမ် သူ့ထံ ကူညီပေးရန် လာရောက်တောင်းဆိုစဉ်က ပေးခဲ့သော အရာဖြစ်သည်။ ရွှေအမြုတေ ဖွဲ့စည်းနည်း မဟုတ်သော်လည်း ထောင်မျိုးနွယ်စု၏ ဘိုးဘေး စီရင်စုသခင်နန်ရှန်း ရွှေအမြုတေ ဖြစ်ပြီးနောက် ရေးသားခဲ့သော အတွေ့အကြုံမှတ်တမ်းများ ဖြစ်သည်။
ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ သတ္တမမြောက် ဂိုဏ်းချုပ်ဖြစ်သလို အစွမ်းထက်လှသော ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့သည့်အတွက် လွန်ခဲ့သော နှစ် ၂၀၀ ကျော်က အတွေ့အကြုံများသည် ယနေ့ခေတ်တွင်လည်း မရိုးဟောင်းသွားပေ။ အကြောင်းအရာများမှာ နက်နဲသော်လည်း စကားလုံးများမှာ တိကျသည်။
လော့ချန် ၎င်းကို ဖြည်းဖြည်းချင်း ဖတ်ရှုနေခဲ့သည်။ အရေးကြီးသော စာသားများကို တွေ့ရသည့် အခါတိုင်း သူ ခေတ္တရပ်နားကာ သေသေချာချာ တွေးတောဆင်ခြင်လေ့ရှိသည်။ စကားလုံး တစ်လုံး၊ နှစ်လုံးသည်ပင် သူ့အတွက် အကျိုးအမြတ် များစွာ ရစေသည်။ ဤသည်မှာ ပထမဆုံးအကြိမ် ဖတ်ခြင်း ဖြစ်ပြီး အကြမ်းဖျင်းသာ သူ သိသေးသည်။
ညဉ့်နက်သောအခါ....။
လော့ချန် တိတ်ဆိတ်လှသော ကျင့်ကြံခြင်းအခန်းအတွင်း၌ တင်ပျဉ်ခွေထိုင်ရင်း တွေးတောနေခဲ့မိသည်။ ကျင့်ကြံသူ၏ ရွှေအမြုတေမှာ ကျင့်ကြံသူ၏ အနှစ်သာရ၊ စွမ်းအင်၊ ဝိညာဉ်တို့၏ ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်ပြီး လူ့ခန္ဓာကိုယ်၏ ကြီးမားသော ဆေးတစ်မျိုးဟု ဆိုနိုင်သည်။ တစ်သက်တာ ကျင့်ကြံမှုဖြင့် ပေါင်းစပ်ထားသော ဆေးတစ်မျိုး ဖြစ်သောကြောင့် အမြုတေ (ဆေးလုံး) ဟု ခေါ်ဆိုသည်။ ဆေးဖော်ဆရာတစ်ဦးအတွက်မူ ဤဥပမာမှာ ပို၍ သင့်လျော်လှပေသည်။
သို့သော် ဆေးဖော်စပ်ရာတွင် နည်းလမ်းအမျိုးမျိုး ရှိသကဲ့သို့ ရွှေအမြုတေ ဖွဲ့စည်းခြင်းတွင်လည်း နည်းလမ်းအမျိုးမျိုး ရှိသည်။
စီရင်စုသခင်နန်ရှန်း၏ အတွေ့အကြုံတွင် နည်းလမ်းသုံးမျိုးကို ရှင်းလင်းစွာ ဖော်ပြထားသည်။
ပထမတစ်ခုမှာ အောက်လမ်းစဉ်ဖြင့် ရွှေအမြုတေဖွဲ့စည်းခြင်း ဖြစ်သည်။ ဤနည်းလမ်းသည် ရေနှင့် မီးတို့၏ ပြောင်းပြန်ဖြစ်တည်မှု၊ ဓာတ်ကြီးများ၏ အပြန်အလှန် ဟန်ချက်ညီမှုနှင့် သတ္တုနှင့် သစ်သားတို့၏ လှုပ်ခတ်မှုတို့မှတစ်ဆင့် ရွှေအမြုတေ ဖွဲ့စည်းခြင်း ဖြစ်သည်။ ဖြစ်စဉ်မှာ အလွန်ပင် ခက်ခဲပင်ပန်းလှသော်လည်း ၎င်းက ကျင့်ကြံသူကို မဟာတာအိုဆီသို့ ဆက်လက် ပို့ဆောင်ပေးနိုင်သည်။
ဒုတိယတစ်ခုမှာ အလယ်လမ်းစဉ်ဖြင့် ရွှေအမြုတေဖွဲ့စည်းခြင်း ဖြစ်သည်။ ၎င်းသည် နေနှင့် လတို့ကို စွမ်းအင်ဖိုအတွင်း၌ ထည့်သွင်းကာ ဖန်တီးခြင်းအတတ်ကို ဖြစ်ပေါ်စေပြီး၊ မရှိရာမှ ရှိရာသို့ ကူးပြောင်းစေလျက် နဂါးနှင့် ကျားတို့၏ စွမ်းအင်များကို ပေါင်းစပ်ခြင်း ဖြစ်သည်။
နောက်ဆုံးအချက်မှာ အထက်လမ်းစဉ်ဖြင့် ရွှေအမြုတေဖွဲ့စည်းခြင်း ဖြစ်သည်။ ၎င်းသည် ကောင်းကင်ယံ၏ အနှစ်သာရနှင့် မြေကမ္ဘာ၏ အဆီအနှစ်များကို ထုတ်ယူကာ၊ ယင်နှင့် ယန်ကို ဟန်ချက်ညီစေလျက် ကောင်းကင်ယံရှိ ကြယ်တာရာများ၏ စွမ်းအင်များကို စကြာဝဠာတစ်ခုလုံး ဆုံမှတ်အဖြစ် စုစည်းခြင်း ဖြစ်သည်။
ဤလမ်းစဉ်သုံးသွယ်မှာ အဆင့်အမျိုးမျိုး ရှိပြီး အရည်အသွေး ကွာခြားမှု ရှိသည်။ သို့သော် စီရင်စုသခင်နန်ရှန်း၏ အဆိုအရ နည်းလမ်းသုံးမျိုးမှာ ခက်ခဲမှုသာ ကွာခြားပြီး ရွှေအမြုတေ ဖြစ်ပြီးနောက် ကျင့်ကြံခြင်းကို သက်ရောက်မှု မရှိပေ။ အလွယ်ပြောရလျှင် အောက်လမ်းစဉ်မှာ အလွယ်ဆုံး ဖြစ်သော်လည်း ရွှေအမြုတေ ဖြစ်စဉ်တွင် အခက်ခဲဆုံး ဖြစ်သည်။ အထက်လမ်းစဉ်မှာ အခက်ဆုံး ဖြစ်သော်လည်း ရွှေအမြုတေ ဖြစ်စဉ်တွင် အောင်မြင်နှုန်း အမြင့်ဆုံး ဖြစ်သည်။ မည်သည့် နည်းလမ်းဖြင့် ဖြစ်စေ ရွှေအမြုတေ ဖြစ်လာလျှင် အရည်အသွေး ကွာခြားမှု မရှိဘဲ မဟာတာအိုကို မျှော်လင့်နိုင်သည်။
သို့သော် ဤသည်မှာ နန်ရှန်း၏ ပြောစကားသာ ဖြစ်ပြီး တကယ်တမ်း ဟုတ်၊ မဟုတ် ဆိုသည်ကို လော့ချန်လည်း မသိပေ။ ဤ နန်ရှန်းတာအိုရှင်းလင်းချက်မှာလည်း အပြည့်အစုံ မဟုတ်ဘဲ လျှို့ဝှက်နည်းလမ်း ပါဝင်သော အပိုင်းများကို ဖျက်ထားသည်။ လောလောဆယ်တွင် ဤလမ်းစဉ်သုံးမျိုးထဲမှ တစ်မျိုးကိုသာ သူ ဝေဝါးစွာ နားလည်နိုင်သေးသည်။
နဂါးဖီးနစ် လျှို့ဝှက်နည်းလမ်းသည် အောက်လမ်းစဉ်အမျိုးအစား ဖြစ်သည်။ ၎င်းသည် ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန်အတွက် တတိယအဆင့် ဆေးလုံး နှစ်လုံးနှင့် သက်ဆိုင်ရာ နည်လမ်းတစ်ခုသာ လိုအပ်သည်။ အားနည်းချက်မှာ ၎င်းက အောင်မြင်နှုန်းအား ဆယ်ရာခိုင်နှုန်းထက် ပို၍ မမြှင့်တင်ပေးနိုင်ခြင်းဖြစ်သည်။ ဤအချက်မှာ စီရင်စုသခင်နန်ရှန်း၏ အောက်လမ်းစဉ် ဖော်ပြချက်နှင့် ကွက်တိကျနေခဲ့သည်။ အခြေအနေ လွယ်ကူသော်လည်း အောင်မြင်ရန် ခက်ခဲလေသည်။
ကျန်သည့် နည်းလမ်းနှစ်မျိုးကိုမူ လော့ချန် မနားလည်သေးပေ။ သို့သော် နန်ရှန်း၏ အရိပ်အမြွက်များအရ ချီစွမ်းအင်၊ စိတ်ဝိညာဉ်စွမ်းအားတို့နှင့် များစွာ ဆက်စပ်နေမည်ဟု ထင်သည်။ ထိုစဉ်က ချူခွေးသည်လည်း စိတ်ဝိညာဉ်စွမ်းအားသည် ရွှေအမြုတေဖွဲ့စည်းရာတွင် အရေးကြီးကြောင်း ပြောခဲ့ဖူးသည်။
"မလောနဲ့၊ မလောနဲ့"
"ငါက အခြေတည် အဆင့် (၅) ပဲ ရှိသေးတာ၊ ရွှေအမြုတေအဆင့်အထိ ရောက်ဖို့ ဝေးပါသေးတယ်၊ ဖြည်းဖြည်းချင်း လှမ်းရမယ်"
လော့ချန်သည် နန်ရှန်းတာအိုရှင်းလင်းချက်ကို သိုလှောင်အိတ်ထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။ နောက်ပိုင်းတွင် အချိန်ရတိုင်း ထုတ်ဖတ်ရန် သူ စိတ်ကူးထားသည်။ အကယ်၍ သူ၏ ကျင့်ကြံခြင်းအဆင့် ပိုမိုနက်နဲလာပါက ယခု သူနားမလည်သေးသော အပိုင်းများသည် သဘာဝကျစွာပင် ရှင်းလင်းသွားနိုင်ပေသည်။
"ပြန်ရောက်ရင် ကရုဏာမဲ့နတ်သမီးဆီက ရွှေအမြုတေနဲ့ ပတ်သက်တဲ့ စာအုပ်တွေ တောင်းကြည့်ရမယ်၊ လျှို့ဝှက်နည်းလမ်းတော့ ပေးမှာ မဟုတ်ပေမဲ့ ရွှေအမြုတေ ကျင့်ကြံသူတွေအတွက် စာအုပ်တွေကတော့ သာမန် ဗဟုသုတတွေပဲ၊ သူမ ကပ်စေးနည်းမှာ မဟုတ်ပါဘူး"
"အခြားသူရဲ့ ဓားသွေးကျောက်နဲ့ ကိုယ့်ဓားကို ထက်အောင် သွေးမယ်၊ စာအုပ်တွေ အများကြီး စုဆောင်းနိုင်လေလေ.... ငါ့ရဲ့ နောက်ထပ်ခြေလှမ်းတွေက ပိုပြီးတော့ တိကျလာလေလေ ဖြစ်မှာပဲ”
အတွေးများ ခေါင်းထဲတွင် ချာချာလည်နေသော်လည်း နောက်ဆုံးတွင် လော့ချန် စိတ်ကို စုစည်းလိုက်ပြီး အေးဆေးသည့် အခြေအနေသို့ ရောက်သွားသည်။ ဂိုဏ်းမျိုးဆက် ပြိုင်ပွဲကြောင့် ဝေးကွာနေခဲ့သော ကျင့်ကြံခြင်းကို ပြန်လည် စတင်ရပေတော့မည်။
တိတ်ဆိတ်သော အခန်းထဲတွင် ဝတ်ရုံနီဝတ် ကျင့်ကြံသူတစ်ဦး၏ ပုံရိပ်သာ ရှိသည်။
အချိန်အတော်ကြာပြီးနောက် အသက်ရှူသံ ရှည်လျားစွာ ထွက်ပေါ်လာသည်။
အနီးအနားမှ လေထုထဲရှိ ချီစွမ်းအင်များမှာလည်း သူ့ခန္ဓာကိုယ်ထဲသို့ တရစပ် ဝင်ရောက်လာသည်။
တစ်လကျော် ရပ်တန့်နေသော သူ၏ အဆင့်မှာ တဖြည်းဖြည်း တက်လာခဲ့ပြီဖြစ်သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ