← Chapters

အခန်း ၄၉၀

Vol. 49 Ch. 490

အခန်း ၄၉၀

Vol. 49 Ch. 490

အခန်း (၄၉၀) - ချင်ယွင်တောင်မှ ဖိတ်ခေါ်မှု

"မိတ်ဆွေ…. ဖြည်းဖြည်းချင်း ကြွပါ"

"ဆရာတန်ချန်ဇီ…. အချိန်ရရင် ကျုပ်တို့ စိမ်းပြာတောင်ကို လာလည်ပါဦး၊ လက်ဖက်ရည်ကောင်း မရှိပေမဲ့ အရက်ကောင်းတော့ လုံလောက်အောင် ပြင်ဆင်ထားပေးပါ့မယ်"

"ကျိန်းသေပေါက် လာခဲ့ပါ့မယ်၊ ကျွန်တော်လည်း ဂိုဏ်းကြီးတွေရဲ့ အပြင်စည်းတပည့်တွေ ဘယ်လို အလုပ်လုပ်ကိုင်ကြလဲဆိုတာကို သိချင်နေတာပါ"

မော့ဟယ်ခြံဝင်း အပြင်ဘက်တွင် ဖြစ်သည်။

ကျင့်ကြံသူ နှစ်ဦး လက်ယှက်၍ နှုတ်ဆက်နေကြသည်။

လော့ချန်သည် ထွက်ခွာသွားသော အခြေတည်နှောင်းပိုင်း ကျင့်ကြံသူကို ပြုံးရွှင်စွာ ကြည့်နေသည်။

ထိုသူသည် စိမ်းပြာတောင်မှ တရားစီရင်ရေးဌာန အကြီးအကဲ ဟယ်လျန်ချန် ဖြစ်သည်။

စိမ်းပြာတောင်၏ တရားစီရင်ရေးဌာနသည် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ အပြင်စည်းတပည့်များ နေထိုင်ရာအရပ်ပင်ဖြစ်သည်။

ထိုသူ လာရောက်လည်ပတ်ခြင်းမှာ အကြောင်းမဲ့သက်သက် မဟုတ်ပေ။

မော့ဟယ်ခြံဝင်းသို့ ပြန်ရောက်သောအခါ လော့ချန် ဇရပ်ပေါ်တွင် ထိုင်လိုက်ပြီး ဟယ်လျန်ချန် ပေးခဲ့သည့် ပစ္စည်းအား ထုတ်ယူလိုက်သည်။

၎င်းမှာ မှော်ရတနာအဆင့်ရှိ ဆောင်းဦးဓား ဟု အမည်ရသည့် ဓားပျံတစ်လက် ဖြစ်သည်။ အဆင့်နိမ့် ဖြစ်သော်လည်း ချီစွမ်းအင်ကို ထည့်သွင်းလိုက်သောအခါ အပြာရောင်တောက်ပသည့် အလင်းရောင်များ ထွက်ပေါ်လာကာ ဆောင်းဦးဓား၏ ထူးခြားပုံကို ချက်ချင်း ပြသနေတော့သည်။

ပို၍ ထူးခြားသည်မှာ ၎င်းတွင် လေလှိုင်းမုန်တိုင်းဟု ခေါ်သည့် တတိယအဆင့် မှော်အတတ်တစ်ခု ကိန်းအောင်းနေခြင်းဖြစ်သည်။ ချီစွမ်းအင် အများအပြားကို ထည့်သွင်းပြီး သက်ဆိုင်ရာ ဂါထာများ ရွတ်ဖတ်လိုက်ပါက ဖျက်ဆီးအားပြင်းလှသော ရေလှိုင်းလုံးကြီးများကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်ပေးနိုင်သည်။

လော့ချန် ၎င်း၏အလေးချိန်ကို စမ်းသပ်ကြည့်ရင်း ကျေနပ်သော အတွေးတစ်ခု ဝင်လာခဲ့သည်။

“ဒါမှ စစ်မှန်တဲ့ မှော်ရတနာလို့ ခေါ်တာပေါ့”

ဤဓားနှင့် သူ၏ ရွှေမီးဓားတို့ကြားရှိ ခြားနားချက်မှာ အလွန်ပင် ကြီးမားလှသည်။ ရွှေမီးဓားတွင် မည်သည့်အရာမျှ ပါဝင်နေခြင်းမျိုး မရှိချေ။ ၎င်းကို ရောင်းချခဲ့သော ကပ်စေးနှဲလှသည့် ဟော်ဟူအကြောင်းကို လော့ချန် မတွေးဘဲ မနေနိုင်တော့ပေ။ ဟော်ဟူမှာ နှမြောတွန့်တိုလွန်းလှသည်။ ဟော်မျိုးနွယ်စု လေလံပွဲအတွက် မျက်နှာပန်းလှအောင် လုပ်ချင်သော်လည်း ပစ္စည်းကောင်းများ ထုတ်ပေးရန်မူ ဝန်လေးနေသည်။ ထိုသို့ဖြစ်လင့်ကစား ဝမ်ဟိုင်ချောင်ကမူ ထိုဓားအား မဆိုင်းမတွဘဲ အပြည့်အဝ ငွေချေဝယ်ခဲ့သည်။

လော့ချန်တစ်ယောက် ဆောင်းဦးဓားကို နှစ်ချက်၊ သုံးချက် ဝှေ့ယမ်းကြည့်ရင်း ကျေနပ်နေသည်။

ဤသည်မှာ သူ ကောင်းယန်အဆောက်အအုံ၏ ကျေက်စိမ်းနံရံပေါ်တွင် ချန်ထားခဲ့သော ဝယ်ယူလိုသည့် ပစ္စည်း ဖြစ်သည်။ ဝေထော်၏ နဝရတ်တောင်ဝှေးနှင့် လဲလှယ်ထားခြင်း ဖြစ်သည်။ အမှန်စင်စစ် နဝရတ်တောင်ဝှေးက ဆောင်ဦးဓားလောက် မတန်ဖိုးရှိပေ။ သို့သော် ထိုကွာဟချက်ကို ဟယ်လျန်ချန်က တုံ့ဆိုင်းခြင်းမရှိ ပယ်ဖျက်ပေးခဲ့သည်။

အကြောင်းရင်းမှာ ရိုးရိုးလေးပင်။ လော့ချန်နှင့် မိတ်ဆွေဖွဲ့ရန် ဖြစ်သည်။ စွမ်းအားကြီးမားသော ဆေးဖော်ဆရာတစ်ယောက်၏ ဂုဏ်ဒြပ်သည် တဖြည်းဖြည်းနှင့် ဩဇာသက်ရောက်လာသည်။ ရွှေအမြုတေ အရှင်သခင်၏ ကိုယ်တိုင် ဖိတ်ခေါ်မှု၊ တန်းတူ ကျင့်ကြံသူများ၏ ပေါင်းသင်းရန် ကြိုးစားမှု၊ ဤအရာများ၏ အရသာကို လော့ချန်သာ အသိဆုံးဖြစ်သည်။

"ဟွေ့နန်မှာ မှော်ရတနာအဆင့် ဓားတစ်လက် မရှိသေးဘူးပဲ၊ ဒီ ဆောင်းဦးဓားက ပုံပန်းသဏ္ဍာန်ကလည်း ကျော့ရှင်းပြီး လှပတယ်၊ စွမ်းအားကလည်း မသေးဘူး၊ သူမနဲ့ အတော်ပဲ၊ လိုက်ဖက်တယ်၊ ခရီးဝေးကအပြန် လက်ဆောင်အဖြစ် ပေးလိုက်ရုံပေါ့"

လော့ချန် ပြုံးလိုက်ပြီး ဓားကို သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။

အခန်းထဲ ပြန်ဝင်ပြီး စာဖတ်ရန် ပြင်ဆင်နေစဉ် ထောင်ရိရှန်းတစ်ယောက် ပြုံးရွှင်သော မျက်နှာထားဖြင့် အလျင်အမြန် ပြေးလာနေသည်။

"ရိရှန်း.... ဘာသတင်းကောင်းတွေရှိလို့ အဲ့လောက် ပျော်နေရပြန်တာတုန်း"

အဝေးကတည်းက တောက်ရိရှန်းက လှမ်းအော်ပြောသည်။

"အစ်ကိုလော့.... ကျွန်တော်တို့ဂိုဏ်းက မနက်ဖြန် အစ်မအတွက် ဂိုဏ်းမျိုးဆက် အခမ်းအနားကျင်းပပေးတော့မှာ၊ အစ်ကိုလော့ကို အထူးတလည် လာပြောတာပါ၊ အဲ့ဒီနေ့ကျရင် မဖြစ်မနေ လာဂုဏ်ပြုပေးဖို့ပါ"

လော့ချန် အံ့အားသင့်သွားသည်။

‘ဒီလောက် မြန်တာလား’

....

အမှန်ပင်။ လုံးဝ မြန်ဆန်လှသည်။ အကြောင်းမှာ နောက်ဆုံး ဂိုဏ်းမျိုးဆက် အခမ်းအနား ကျင်းပခဲ့သည်မှာပင် မကြာသေးချေ။ ဆေးလုံးစိမ်းချိုင့်ဝှမ်း ကျင့်ကြံသူများ၏ စိတ်ထဲတွင် ၎င်း၏ ခမ်းနားလှသော ဖြစ်စဉ်များက လတ်လတ်ဆတ်ဆတ် ရှိနေဆဲ ဖြစ်သည်။ အဆင့်တိုင်း၊ ထုံးတမ်းစဉ်လာတိုင်းနှင့် လိုအပ်သော ပစ္စည်းတိုင်းကို အသင့်ပြင်ဆင်ထားပြီး ဖြစ်သည်။

ထိုမျှသာမက ထောင်ဝမ်၏ ဆရာသခင် ဖြစ်သူ အရှင်သခင်ပိုင်စုက နောက်ကွယ်မှ အရာအားလုံးကို စီမံခန့်ခွဲပေးနေသဖြင့် အခမ်းအနားက မြန်မြန်ဆန်ဆန်ပင် ဖြစ်ပေါ်လာသည်။

အခမ်းအနား ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ထောင်ဝမ်သည် ကြီးကြီးမားမား အမှားမလုပ်မိသရွေ့ ရွှေအမြုတေအဆင့်သို့ အပူအပင်မရှိ တက်လှမ်းနိုင်မည် ဖြစ်သည်။ အနာဂတ်တွင် ဂိုဏ်းတစ်ခုလုံးကိုပင် အုပ်ချုပ်နိုင်ပေလိမ့်မည်။

ချင်ယွင်တောင်ထိပ်တွင်....။

လော့ချန်သည် ဘိုးဘေးများ၏ အမှတ်တရ စာတိုင်ရှေ့တွင် လေးစားစွာ ဒူးထောက်နေသော ထိုအမျိုးသမီးကိုကြည့်ရင်း ရင်ထဲတွင် ခံစားချက်များ လှိုင်းထန်လာသည်။

‘ယခင်က ဆက်ခံသူထောင်၊ ယခုမူ ဂိုဏ်းမျိုးဆက်ထောင်၊ နောင်အနာဂတ်တွင် ဂိုဏ်းချုပ်ထောင်’

ဤအမျိုးသမီးသည် ခြေလှမ်း တစ်လှမ်းချင်းစီဖြင့် ကျောက်စိမ်းအိုးနယ်မြေ၏ ထိပ်သီးပိုင်းသို့ ရောက်ရှိလာသည်။ အနာဂတ်တွင် သူမသည် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ချင်ယွင်ဇီ၊ ဘုရင်မပန်းဂိုဏ်း၏ မာလာဒေဝီကဲ့သို့ ထင်ရှားသော ပုဂ္ဂိုလ် ဖြစ်လာပေလိမ့်မည်။

‘ငါကော.... ဘယ်အချိန်မှ အဲဒီလို အဆင့်အတန်းမျိုးကို ရောက်မှာလဲ’

လော့ချန် စိတ်ထဲမှ တွေးတောနေမိသည်။

သူ စိတ်ကူးယဉ်နေစဉ်မှာပင် အခမ်းအနား လုပ်ငန်းစဉ်များက ချောမွေ့စွာ ပြီးဆုံးသွားသည်။ စင်မြင့်အောက်တွင် အခြေတည်ကျင့်ကြံသူ တစ်ထောင်ကျော်တို့သည် တိတ်ဆိတ်နေပြီး မနာလိုမှု၊ လေးစားမှု၊ ရွံရှာမှု၊ ရိုသေမှု စသည့် ခံစားချက်မျိုးစုံဖြင့် ထိုအမျိုးသမီးကို ကြည့်နေကြသည်။

နောက်ဆုံး ဘိုးဘေးပူဇော်ပွဲ ပြီးဆုံးသောအခါ အထက်ကောင်းကင်ယံမှ အသံတစ်ခု ဟိန်းထွက်လာသည်။

"ဝိညာဉ်မီးခွက် သစ္စာပြုခြင်း၊ ဂိုဏ်းမျိုးဆက် ရွေးချယ်ခြင်း ပြီးမြောက်ပြီ။ ယနေ့မှစ၍ ထောင်ဝမ်ကို ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ လက်ရှိ ဂိုဏ်းမျိုးဆက်အဖြစ် သတ်မှတ်သည်။ တာအိုလမ်းစဉ်ကို ဆက်ခံပြီး အနာဂတ်ကို တည်ဆောက်ပါ။ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ အနာဂတ်သည် မင်းနှင့်အတူ တိုးတက်လိမ့်မည်"

လူအများ၏ အကြည့်အောက်တွင် ထောင်ဝမ်သည် ဘိုးဘေးများ၏ အမှတ်တရ စာတိုင်ရှေ့မှ ဖြည်းညင်းစွာ ထရပ်လိုက်သည်။ ခေါင်းတွင် ထူးခြားသော သရဖူနှင့် ခရမ်းရောင်ပဝါကို ဆင်မြန်းထားပြီး ဆံပင်ရှည်များကို နောက်တွင် စုစည်းထားသည်။ အပြာရောင် ပိုးထည် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရွှေရောင် ပန်းထိုးထားသော ပန်းခက် ပန်းနွယ်များမှာ ရိုးရှင်းသော်လည်း တင့်တယ်လှသည်။ ခြေထောက်တွင်မူ တိမ်စိုင်များကဲ့သို့သော ဖြူစင်သည့် ဖိနပ်ကို စီးထားသည်။

ဂိုဏ်းချုပ်ချင်ယွင်ဇီက နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်ပေးလိုက်ပြီး သူမအား ရှေ့သို့ လှမ်းတက်ခွင့် ပေးလိုက်သည်။

သူမသည် ခန်းမအပြင်ဘက်တွင် စုဝေးနေသော လူအုပ်ကြီးကို ငုံ့ကြည့်လိုက်သည်။

ထိုလူအုပ်ထဲတွင်မူ သူမနှင့် ယှဉ်ပြိုင်ခဲ့သော တန်ရန်ဇီ၊ တုချန်ဖုန်း၊ ရှန်းကွမ်းယန်တို့ ရှိကြသလို အစကတည်းက သူမဘက်မှ ရပ်တည်ခဲ့သော ဖူလီ၊ ချီလင်ယွမ်၊ ထန်ရှောင် တို့လည်း ရှိကြသည်။ ထို့ပြင် ရင်းနှီးပြီးသား သို့မဟုတ် မသိသေးသော ဂိုဏ်းတူညီငယ် ညီမငယ်များစွာလည်း ရှိနေခဲ့သည်။

လူတိုင်း၏ မျက်နှာအမူအရာများကို သူမ အားလုံး မြင်နေရသည်။

‘ဒီလူတွေက ငါ့ အနာဂတ် အဖွဲ့ဝင်တွေပဲ’

ဤအဖွဲ့ဝင်များကို မည်သို့ အပြည့်အဝ ထိန်းချုပ်ရမည်မှာ သူမ၏ အရည်အချင်းပေါ်တွင် မူတည်သည်။ သို့သော် အနည်းဆုံးတော့ သူမတွင် တရားဝင် အခွင့်အာဏာ ရှိနေပြီ ဖြစ်သည်။

အဝေးတွင် ထောင်မျိုးနွယ်စု ကျင့်ကြံသူများလည်း ပျော်ရွှင်စွာ ကြည့်ရှုနေကြသည်။

လူအုပ်ကြားထဲတွင် လော့ချန်၏ ပုံရိပ်မှာ ထင်ရှားနေသည်။

‘အကုန်လုံး ရောက်နေကြတာပဲ’

ထောင်ဝမ်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွားပြီး မျက်နှာထက်ဝယ် အပြုံးတစ်ခု ရှိနေသည်။ သူမ ဖြည်းညင်းစွာ လက်မြှောက်လိုက်ပြီး အခမ်းအနား ပြီးဆုံးကြောင်း အချက်ပြလိုက်သည်။ ထိုစဉ် တိတ်ဆိတ်နေခဲ့သော တောင်တန်းကြီးတစ်ခုလုံးသည် မိုးခြိမ်းသံကဲ့သို့သော လက်ခုပ်သံများနှင့် အော်ဟစ်အားပေးသံများဖြင့် ဟိန်းထွက်သွားခဲ့ရတော့သည်။

"ဂိုဏ်းတူမောင်လေးက ဂိုဏ်းမျိုးဆက်ကို အရိုအသေပေးပါတယ်"

"ဂိုဏ်းတူညီမလေးက ဂိုဏ်းမျိုးဆက်ကို အရိုအသေပေးပါတယ်"

အသံများဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး မိုးခြိမ်းသံလှိုင်းကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားခဲ့သည်။

လူအုပ်ကြားတွင် လော့ချန်လည်း ဝေးရာမှ ဦးညွှတ်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"လော့ချန်ကလည်း ဂိုဏ်းမျိုးဆက်ထောင်ကို အရိုအသေပေးပါတယ်"

....

တိမ်တိုက်များကြား ကျောက်စရစ် တောက်တက်လမ်းလေးတစ်ခု ရှိနေခဲ့သည်။

တောင်စောင်းတစ်လျှောက် မြူခိုးများ ရစ်ဆိုင်းနေခဲ့သော်လည်း ပုံရိပ်နှစ်ခု လျှောက်လှမ်းလာသည့်အခါတွင်မူ မြူခိုးများသည် သဘာဝကျစွာပင် ဘေးသို့ ခွဲထွက်သွားခဲ့ကြသည်။ နူးညံ့သော လေပြေတစ်ခုက သူတို့နှစ်ဦး၏ ဝတ်ရုံစများကို ဖြတ်သန်းတိုက်ခတ်သွားခဲ့သည်။

လော့ချန်၏ မျက်နှာထက်တွင် ဇဝေဇဝါဖြစ်ဟန် အနည်းငယ် ရှိနေခဲ့သည်။ ထောင်ဝမ် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ဂိုဏ်းမျိုးဆက် ဖြစ်လာခဲ့သည်မှာ သုံးရက် ရှိပြီဖြစ်သည်။ ဤသုံးရက်အတွင်း အဆင့်မြင့် နဂါးပျံဆေးလုံး အကြောင်းကို သူမ ရှောင်ဖယ်ကာ စောင့်ဆိုင်းရန်သာ ပြောခဲ့သည်။

သူ သုံးရက်တိုင်တိုင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ရသည်။

ယနေ့မှသာ ထောင်ဝမ် သူ့အား ချင်ယွင်တောင်သို့ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

"မိတ်ဆွေလော့.... မင်း ဒီတောင်ကို ဘယ်လိုမြင်သလဲ"

"တောင်က မြေမျက်နှာသွင်ပြင်အနေအထားအရ ကောင်းသလို ရှုခင်းကလည်း လှပတယ်၊ ချီစွမ်းအင်လည်း အရမ်း ကြွယ်ဝတယ်၊ စစ်မှန်တဲ့ နတ်ဘုံ နယ်မြေပါပဲ"

လော့ချန် ပြန်ဖြေလိုက်သည်။ သူ ချီးမွမ်းခြင်း မဟုတ်ဘဲ အမှန်အတိုင်း ပြောခြင်းဖြစ်သည်။

ချင်ယွင်တောင်သည် အမှန်တကယ်ပင် ရှားပါးသော ကျင့်ကြံရာ နေရာကောင်း ဖြစ်သည်။ အတွင်းတွင် တတိယအဆင့် ဝိညာဉ်ကြောများ ကိန်းအောင်းနေပြီး ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ နှစ်ရှည်လများ စီမံခန့်ခွဲမှုကြောင့် ကျင့်ကြံရာ ပတ်ဝန်းကျင်သည် ထျန်းလန်တောင် ထက်ပင် သာလွန်သည်။

ထောင်ဝမ် ပြုံးလိုက်သည်။

"ချင်ယွင်တောင်က ကျင့်ကြံရာ နေရာကောင်း ဖြစ်နိုင်ပေမဲ့ နတ်ဘုံ နယ်မြေလို့တော့ မခေါ်နိုင်ပါဘူး၊ ကျယ်ပြောလှတဲ့ ဒီအရှေ့ပိုင်းလွင်ပြင်မှာ တစ်ချိန်က ဆေးဖော်သူတော်စင် တစ်ဦး ထွက်ပေါ်ခဲ့တဲ့ မင်ယွမ်ဂိုဏ်း တစ်ခုတည်းကသာ နတ်ဘုံ နယ်မြေ ဖြစ်နိုင်ပြီး ကျန်တဲ့ ဂိုဏ်းတွေကတော့ သာမန်ပါပဲ"

လော့ချန် မျက်ခုံးပင့်လိုက်သည်။

"ဒါက ဘာကို ဆိုလိုတာလဲဗျာ"

ထို့နောက် ထောင်ဝမ်၏ ရှင်းပြချက်မှတစ်ဆင့် လော့ချန်သည် သူမ အဘယ်ကြောင့် ထိုသို့ ပြောရသည်ကို နားလည်သွားသည်။ ကျင့်ကြံသူများတွင် အဆင့်များ ခွဲခြားသကဲ့သို့ မိစ္ဆာသားရဲများတွင်လည်း အဆင့်များ ရှိပြီး၊ ဆေးလုံးနှင့် မှော်ပစ္စည်းများတွင်လည်း အဆင့်များ ရှိသည်။ သဘာဝကျကျပင် ထုံးတမ်းစဉ်လာများကို အလေးထားသော ဂိုဏ်းများတွင်လည်း သက်ဆိုင်ရာ အဆင့်အတန်း သတ်မှတ်ချက်များ ရှိသည်။

သာမန် ကျင့်ကြံသူ အဖွဲ့အစည်းတွင် အခြေတည်ကျင့်ကြံသူ မရှိပါက အဆင့်သတ်မှတ်ချက်မရှိသည့်အဖွဲ့အစည်းသာ ဖြစ်သည်။ အကယ်၍ အခြေတည် ကျင့်ကြံသူ တစ်ဦး၊ နှစ်ဦး ရှိပါက တတိယတန်းစား အဖွဲ့အစည်း ဖြစ်နိုင်သည်။ ဖိုရှန်းဂိုဏ်း၊ တာကျန်းဂိုဏ်းတို့မှာ ထိုအမျိုးအစားထဲတွင် ပါဝင်သည်။ အကယ်၍ အခြေတည် ကျင့်ကြံသူ ထိုထက်ပို၍ ရှိပါက လော့ထျန်းအဖွဲ့ကဲ့သို့ ဒုတိယတန်းစား ဖြစ်နိုင်သည်။ ဂိုဏ်းကြီးများ၏ အာရုံစိုက်မှုကို ခံရရန်မှာမူ ရွှေအမြုတေကျင့်ကြံသူအား မွေးထုတ်နိုင်ရမည် သို့မဟုတ် ပြင်ပမှ ရွှေအမြုတေ အရှင်သခင်ကို ငှားရမ်းထားရမည်။ ထိုအခါမှသာ ပထမတန်းစားဟု ခေါ်ဆိုနိုင်သည်။

ဤအဆင့် (၃) ခု အထက်တွင်မူ ဂိုဏ်းကြီးများ ရှိသည်။ ထိုအဆင့်သို့ ရောက်ရှိရန်အတွက် ရွှေအမြုတေဂိုဏ်းကြီးတိုင်းတွင် အနည်းဆုံး ရွှေအမြုတေ အရှင်သခင် သုံးဦး ရှိရမည်။ အကယ်၍ ဝိညာဉ်သန္ဓေတည် ကျင့်ကြံသူ ပေါ်ပေါက်လာပါက ထိုဂိုဏ်းကြီးသည် ထိပ်သီးဂိုဏ်းအဖြစ်သို့ တက်လှမ်းနိုင်သည်။

ထိပ်သီးဂိုဏ်း အထက်တွင် ထောင်ဝမ် ပြောသော နတ်ဘုံ နယ်မြေရှိသည်။ နတ်ဘုံ နယ်မြေသည် မသေမျိုးများ ဂါရဝပြုကြသည့်နေရာ၊ ဒေသပေါင်းစုံမှ အုပ်ချုပ်သူများ ရိုသေစွာ ဦးညွတ်ကြသည့်နေရာဖြစ်ပြီး ထိုနေရာ၏ သခင်ထံမှ စကားတစ်ခွန်းသည် မည်သူမျှ မငြင်းဆန်ရဲသော နတ်မင်းကြီး၏ အမိန့်တော် ဖြစ်သည်။ ထိုကဲ့သို့သော လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းမှာ ခိုင်မာလှသော အခြေခံအုတ်မြစ်များမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ အခြားမဟုတ်ဘဲ နတ်ဘုံ နယ်မြေတွင် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူကြီး တစ်ဦးစီ ရှိနေခြင်းကြောင့် ဖြစ်သည်။

အချို့လူများက ကျင့်ကြံရေး ဂိုဏ်းများကို ဤသို့ အဆင့်ခွဲခြားခြင်းမှာ အလွန် လောကီဆန်သည်ဟု ထင်နိုင်သည်။ နတ်ဘုရားဆန်သော စွမ်းအင်ရှိသည့် ကျင့်ကြံသူများ၏ ပုံစံနှင့် မကိုက်ညီဟု ထင်နိုင်သည်။ ကျင့်ကြံသူများဆိုသည်မှာ တိမ်တိုက်များကြားတွင် လွင့်မျောရင်း၊ နှင်းရည်ကို သောက်သုံးကာ နေရောင်ခြည်ကို စားသုံးကြရမည် မဟုတ်ပါလော။ သို့သော် လက်တွေ့တွင် ဤလောကီ အဆင့်ခွဲခြားမှုများ အောက်တွင် သက်ဆိုင်ရာ အခွင့်အရေးနှင့် တာဝန်များ ရှိသည်။ ဂိုဏ်းကြီးများသာလျှင် တောင်ကို ခွဲ၍ ဂိုဏ်းတည်နိုင်ပြီး၊ တာအိုကို ဆက်ခံကာ၊ အခြားသူများ၏ ချုပ်ကိုင်မှု မခံရဘဲ နေနိုင်သည်။ ထိပ်သီးဂိုဏ်းများသာလျှင် ဒေသတစ်ခုကို တစ်ဦးတည်း အုပ်ချုပ်နိုင်ပြီး၊ ဝိညာဉ်သန္ဓေတည်ကျင့်ကြံသူများကို ထောက်ပံ့ပေးနိုင်သည်။ နတ်ဘုံ နယ်မြေများသာလျှင် လူသားတို့၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်ပြီး၊ အချိန်မရွေး တိုက်ပွဲများကို ဖော်ဆောင်ကာ လူသား ကျင့်ကြံသူများအတွက် ပိုမိုများပြားသော ကျင့်ကြံရာ အရင်းအမြစ်များကို ရှာဖွေပေးနိုင်သည်။

ဤအဆင့် (၃) ခု အောက်တွင် ရှိနေသမျှ ကာလပတ်လုံး၊ အဆင့်ရှိသည်ဟု ဆိုသော်လည်း အခြားသူများ၏ ချုပ်ကိုင်မှုအောက်တွင်သာ ရှိနေရပေမည်။

ယခင် ဒန်ရှားတောင်ပေါ်တွင် လော့ချန် စီမာဟွေ့နန် အတွက် အခြေတည်အခမ်းအနားကို ကျင်းပပေးစဉ်က ထန်ထိုက်ကျင်းက အခမ်းအနားအပြင်အဆင်မှာ ထုံးတမ်းစဉ်လာများကို သွေဖယ်နေသည်ဟု မှတ်ချက်ပေးခဲ့သည်။ ထိုအချိန်က လော့ချန် အရေးမစိုက်ခဲ့ပေ။ ယခု ပြန်တွေးကြည့်မှ အချို့နေရာများတွင် ထုံးတမ်းစဉ်လာများကို သွေဖယ်သွားခဲ့ကြောင်း သိလိုက်ရသည်။ ထိုကဲ့သို့ ထုံးတမ်းစဉ်လာများကို စည်းမဲ့ကမ်းမဲ့ မျက်ကွယ်ပြု၍ မရပေ။ မဟုတ်ပါက စည်းကမ်းဖောက်ဖျက်ခြင်း ဖြစ်သည်။ အကယ်၍သာ ဂိုဏ်းကြီးတစ်ခုခုက ပြဿနာရှာလိုပါက ထိုကိစ္စကို ချဲ့ကားပြီး လော့ထျန်းအဖွဲ့အား အကြီးအကျယ် အရှက်ရအောင် လုပ်နိုင်သည်။

"ဆေးလုံးစိမ်းချိုင့်ဝှမ်းက အစွမ်းထက်တယ်ဆိုပေမဲ့ အရှေ့ပိုင်းလွင်ပြင်မှာတော့ သဲတစ်ပွင့်လောက်ပဲ ရှိပါတယ်၊ ဒီသေးငယ်တဲ့ ကျောက်စိမ်းအိုးနယ်မြေမှာတောင် ခေါင်းပေါ်မှာ တောင်ကြီး နှစ်လုံး ရှိနေပါသေးတယ်၊ ငါ ဂိုဏ်းမျိုးဆက် ဖြစ်လာတာက ကံကောင်းလို့ပါ၊ ဒါပေမဲ့ ကျယ်ပြန့်တဲ့ ကျင့်ကြံရေး လောကမှာတော့ ဘာမှ မဟုတ်ပါဘူး"

ထောင်ဝမ် သက်ပြင်းချရင်း ဆိုသည်။

လော့ချန်က "အစ်မထောင် ကိုယ့်ကိုယ်ကိုယ် အထင်သေးလွန်းနေပြီ" ဟု ပြောချင်သည်။ သို့သော် စကားလုံးများက လည်ချောင်းဝအထိ ရောက်လာပြီးမှ ပြောမထွက်တော့ပေ။ လွန်ခဲ့သော သုံးရက်ခန့်ကပင် သူမ၏ အဆင့်အတန်းသို့ ရောက်ရှိရန် သူ အိပ်မက်မက်ခဲ့ရသည်။ ယခုမှသာ သူ၏ အမြင်မှာ မည်မျှအထိ ကျဉ်းမြောင်းနေခဲ့ကြောင်း သဘောပေါက်လိုက်ရတော့သည်။

ရွှေအမြုတေ အထက်တွင် ဝိညာဉ်သန္ဓေတည် ရှိသေးသည်။ ဂိုဏ်းကြီးများ၊ ထိပ်သီးဂိုဏ်းများ အလွန်တွင် အရှေ့ပိုင်းလွင်ပြင်ကြီးကို အုပ်ချုပ်နေသည့် နတ်ဘုံ နယ်မြေများလည်း ရှိသည်။

"ငါ့ စကားတွေ လွန်သွားပြီ"

ထောင်ဝမ် ရုတ်တရက် ရယ်မောလိုက်ပြီး ခြေလှမ်းရပ်လိုက်သည်။ သူမ ရှေ့သို့ တိုးလာပြီး ဝတ်ရုံကို ဝှေ့ယမ်းလိုက်သည်။

"ရောက်ပါပြီ၊ မိတ်ဆွေလော့.... ငါ့ရဲ့ စံအိမ်တော်ကနေ ကြိုဆိုပါတယ်"

လော့ချန် အံ့အားသင့်သွားပြီး ရှေ့ကို ကြည့်လိုက်သည်။ လွင့်မျောနေသော မြူခိုးများ ဆုတ်ခွာသွားခဲ့ပြီး ရွှေရောင် တောက်ပနေသော စံအိမ်တော်တစ်ခု ထွက်ပေါ်လာသည်။

ထောင်ဝမ်၏ ဖိတ်ခေါ်မှုဖြင့် လော့ချန် ထိုစံအိမ်ထဲသို့ ဝင်ရောက်လိုက်သည်။

အိမ်ထဲသို့ ဝင်လိုက်သည်နှင့် လော့ချန်၏ မျက်နှာထား ပြောင်းလဲသွားသည်။

"ဒီ ချီစွမ်းအင် သိပ်သည်းဆက...."

"မဆိုးဘူး မလား"

ထောင်ဝမ်က နူးညံ့လှသော အပြုံးတစ်ချက်ဖြင့် ပြန်လည်ဖြေကြားခဲ့ပြီး သူမ၏ လေသံတွင် ဂုဏ်ယူမှုနှင့် နွေးထွေးမှုများ ပါဝင်နေခဲ့သည်။

"ရွှေအမြုတေ ဂိုဏ်းမျိုးဆက်၊ ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ ဂိုဏ်းမျိုးဆက်အနေနဲ့ ဂိုဏ်းက စီစဉ်ပေးတဲ့ နေထိုင်ရာက အကောင်းဆုံး ကျင့်ကြံရာ ပတ်ဝန်းကျင်ပဲပေါ့၊ အဆင့်ကန့်သတ်ချက်ကြောင့် တတိယအဆင့် ဝိညာဉ်ကြောကို တိုက်ရိုက် မသုံးနိုင်ပေမဲ့ ငါတို့ ဂိုဏ်းရဲ့ ရွှေအမြုတေ အကြီးအကဲတွေရဲ့ စီစဉ်ပေးမှုကြောင့် ဒီနေရာမှာ ချီစွမ်းအင်က တတိယအဆင့်သိပ်သည်းဆကို အမြဲ ထိန်းထားနိုင်ပြီး ကျင့်ကြံဖို့ လုံလောက်ပါတယ်၊ တကယ်လို့ အခြေတည် ကျင့်ကြံသူက ဒီနေရာမှာ ကြာရှည်စွာ ကျင့်ကြံမယ်ဆိုရင် ပုံမှန် အဆင့်မြင့် နေထိုင်ရာဂူထက် ခုနစ်ဆ၊ ရှစ်ဆ ပိုမြန်ပါတယ်"

‘ခုနစ်ဆ၊ ရှစ်ဆ’

လော့ချန် အံ့အားသင့်သွားသည်။ သူ၏ အေးဆေးတည်ငြိမ်မှုဖြင့်ပင် မျက်လုံးထဲတွင် တောင့်တမှု အရိပ်အယောင်များ ပေါ်လာသည်။

ထောင်ဝမ်သည် သူ့၏ မျက်နှာထား အပြောင်းအလဲကို အမြဲ စောင့်ကြည့်နေသည်။

ယခုအချိန်တွင် သူမ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားသည်။

"မိတ်ဆွေက ငါ့ကို ကူညီပေးဖို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းကို လာခဲ့ရတာ၊ ဒီခြောက်လအတွင်း အပြင်မထွက်ဘဲ ကျင့်ကြံခြင်းပဲ လုပ်နေခဲ့ရတာ၊ ငါတို့ဂိုဏ်းရဲ့ ရှုခင်းတွေကို မကြည့်ဖူးသေးဘူး၊ တကယ်လို့ ဒါကို တခြားသူတွေ သိသွားရင် ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ ဂိုဏ်းမျိုးဆက်အနေနဲ့ ငါက ဧည့်သည်ကို ကောင်းကောင်း မပြုစုတတ်ဘူးလို့ ထင်ကြလိမ့်မယ်၊ ဒီနေရာမှာ ခဏလောက် အနားယူပါလား၊ ငါ့ရဲ့ ဧည့်ဝတ်ပြုမှုအဖြစ် သဘောထားပေးပါ"

လော့ချန် တံတွေး မြိုချလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဒါက မသင့်တော်ဘူး.... မဟုတ်လား"

"ဘာလို့ မသင့်တော်ရမှာလဲ"

ထောင်ဝမ်က ကျယ်ပြောသော အခန်းကြီးနှင့် အခန်းငယ်နှစ်ခန်းကို လက်ညှိုးထိုးပြလိုက်သည်။ "တကယ်လို့ မိတ်ဆွေရဲ့ အကူအညီ မရှိရင် ဒီနေရာက ငါ့အပိုင်ဖြစ်လာမှာ မဟုတ်ပါဘူး၊ အစ်ကိုကြီးရဲ့ အရည်အချင်းက ငါ...."

တန်ရန်ဇီ အကြောင်း ပြောသောအခါ ထောင်ဝမ်၏ လေသံ ပြောင်းလဲသွားသည်။

"ပြောရရင် ငါ ဂိုဏ်းမျိုးဆက် ဖြစ်လာပြီးနောက်မှာ သတင်းအချို့ သိလာရတယ်…. အစ်ကိုကြီးက ဒီဆယ်စုနှစ်တွေအတွင်းမှာ အမှားတွေ အများကြီး လုပ်ထားတာပဲ"

လော့ချန် သိချင်သွားသည်။

"ဗျာ.... သူ့လို တည်ငြိမ်လှတဲ့ သူက အမှားတွေ အများကြီး လုပ်ထားတာလား"

ထောင်ဝမ် သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ခေါင်းညိတ်သည်။

"တကယ်ပါ၊ တချို့အရာတွေကို ပြောဖို့ အဆင်မပြေပေမဲ့ တောင်ငါးလုံး အရှင်သခင်က သူ့ရဲ့ ဂိုဏ်းမျိုးဆက် အဆင့်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ရတဲ့ အဓိက အကြောင်းရင်းတစ်ခုက.... ငါတို့ဂိုဏ်းရဲ့ အဓိက လျှို့ဝှက်နည်းကို သူ့ရဲ့ ညီအရင်းဆီ ပေးခဲ့လို့ပါ၊ သူ့ညီအရင်း အသတ်ခံခဲ့ရတဲ့အတွက် အဲ့ဒီ အဓိက လျှို့ဝှက်နည်းလည်း အပြင်ကို ပေါက်ကြားသွားတယ်၊ အပိုင်းအစလေး တစ်ခုလောက်သာ ဖြစ်ပြီး အဲ့လောက် အရေးမကြီးပေမဲ့ အဲ့ဒါက ဂိုဏ်းမျိုးဆက် တစ်ယောက် လုပ်သင့်တဲ့ အရာ မဟုတ်ဘူး"

လော့ချန်၏ သိလိုစိတ်များ အပြည့်အဝ နိုးကြားလာသည်။ မည်သို့သော လျှို့ဝှက်နည်းလမ်းက တန်ရန်ဇီအား ပြိုလဲစေသည့် အဓိက အကြောင်းရင်း ဖြစ်မည်နည်း။

"အသေးစိတ် ပြောဖို့ ခက်ပေမဲ့ ဒါက ဂိုဏ်းမျိုးဆက် တစ်ယောက်တည်းသာ သုံးနိုင်တဲ့ ရွှေအမြုတေ ဖွဲ့စည်းနည်းရဲ့ အကြိုနည်းလမ်းပါ၊ ဂိုဏ်းထဲက အရာတွေကို ပြီးအောင် လုပ်ပြီးရင် ငါ အပြင်ထွက်ပြီး အဲ့ဒီနည်းလမ်းကို ပြန်ရှာဖို့ စိတ်ကူးထားတယ်"

‘ရွှေအမြုတေဖွဲ့စည်းနည်းရဲ့ အကြိုနည်းလမ်း’

လော့ချန် ခေါင်းခါလိုက်သည်။

"ဒါဆိုရင် ရှာရတာ ခက်လိမ့်မယ် မဟုတ်လားဗျ.... နည်းလမ်းဆိုတာက တခြားသူတွေ မြင်ရင် သင်ယူနိုင်၊ သုံးနိုင်တာပဲ၊ ဘယ်လိုလုပ် ပြန်ရှာမလဲ"

ထောင်ဝမ် လက်ကို ဝှေ့ယမ်းလိုက်သည်။

"မခက်ပါဘူး၊ တကယ်လို့ ဂိုဏ်းကြီးတစ်ခုခုရဲ့ လက်ထဲမှာ ရှိနေရင် ညှိနှိုင်းတာ ဒါမှမဟုတ် လဲလှယ်တာမျိုး လုပ်လိုက်ရုံပါပဲ၊ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါက အကြိုနည်းလမ်း တစ်ခုပဲလေ၊ တကယ်လို့ တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ယောက်ယောက်ရဲ့ လက်ထဲမှာ ရှိနေရင် ပိုတောင် လွယ်သေးတယ်၊ သတ်ပစ်လိုက်ရုံပဲ"

သူမ ပြောပုံက တည်ငြိမ်လှသည်။ သို့သော် တည်ငြိမ်မှုနောက်ကွယ်တွင် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦး၏ အသက်ကို အရေးမစိုက်သော သဘောထား ရှိနေသည်။

ထိုစကားကြောင့် လော့ချန်အနေဖြင့် ကြီးကြီးမားမား လှုတ်ခတ်ခြင်းမျိုး မရှိပေ။ တစ်ခုတည်းသော အကြောင်းပြချက်မှာ သူ့အား တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးဟု မည်သူမျှ မသတ်မှတ်ကြတော့သောကြောင့် ဖြစ်နိုင်သည်။ သူသည် မည်သည့်ဂိုဏ်းဝင်မျှ မဟုတ်သော်လည်း အနည်းဆုံးတော့ ရေခဲခံတပ်၏ လူဖြစ်ပြီး၊ ကရုဏာမဲ့နတ်သမီး၏ အမည်ခံ အနွယ်အဆက် ဖြစ်သည်။

‘ဒီလိုမျိုး စိတ်က.... ဂိုဏ်းကြီးတွေက တပည့်တွေရဲ့ သာမန်အပြုအမူပဲ ဖြစ်လိမ့်မယ်’

လော့ချန် ဤသို့ တွေးတောမိသည်။ ဤအကြောင်းအရာကြောင့် သူမ၏ အစောပိုင်းက ဖိတ်ခေါ်မှုမှာ ရုတ်တရက်ဆန်သည်ဟု မခံစားရတော့ပေ။

"မိတ်ဆွေ စဉ်းစားပြီးပြီလား"

လော့ချန် ပေါ့ပေါ့ပါးပါး ပြုံးလိုက်ရင်း

"အစ်မထောင် ဒီလောက်တောင် အားတက်သရော ဖိတ်ခေါ်နေမှတော့ ကျွန်တော် ဘယ်လို ငြင်းနိုင်ပါ့မလဲ၊ ပြီးတော့ ဒီလို ကျင့်ကြံရာ ပတ်ဝန်းကျင်မျိုးကို ကျွန်တော် အရမ်း တောင့်တနေတာလေ၊ အဲ့တော့ အိမ်ရှင်ရဲ့ သဘောအတိုင်းပဲ လိုက်နာပါ့မယ်"

ထောင်ဝမ်လည်း ကျေနပ်စွာ ပြုံးလိုက်သည်။ သူမ လော့ချန်အကြောင်း ကောင်းကောင်း သိလာခဲ့ပြီဖြစ်သည်။ အသေးအဖွဲ ကူညီမှုများကို လော့ချန် လက်မခံသော်လည်း ကျင့်ကြံခြင်းနှင့် ပတ်သက်လာလျှင်မူ ငြင်းနိုင်မည့်သူ မဟုတ်ပေ။

ဤတတိယအဆင့် ကျင့်ကြံခြင်းနေရာသည် လော့ချန် မငြင်းဆန်နိုင်သော အရာတစ်ခု ဖြစ်သည်။ ဤအရာဖြင့် သူမလည်း ဂိုဏ်းမှ အကြီးအကဲများ သူမအား ပေးအပ်ထားခဲ့သော “လော့ချန်ကို လောလောဆယ် ဆေးလုံးစိမ်းချိုင့်ဝှမ်းမှာ ယာယီထိန်းထားပါ” ဟူသော တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့ပြီဖြစ်သည်။

....

ဂိုဏ်းမျိုးဆက် စံအိမ်တော်တွင် ဖြစ်သည်။

လော့ချန် တစ်ဦးတည်း အခန်းငယ်လေးတွင် ရှိနေခဲ့သည်။ သူ အခန်းတွင်း လမ်းလျှောက်နေရင်း အလွန်ပင် ပျော်ရွှင်နေသည်။ ဤကဲ့သို့ ချီစွမ်းအင်များ ပြည့်နှက်နေသော ကျင့်ကြံရာ ပတ်ဝန်းကျင်သည် တစ်ကိုယ်တော်ကျင့်ကြံသူအဖြစ် စတင်ခဲ့စဉ်ကတည်းက သူ အိပ်မက် မက်ခဲ့သော နေရာမျိုး ဖြစ်သည်။ အသက်ရှူလိုက်တိုင်း အသက်ဓာတ်များ တိုးပွားလာသကဲ့သို့ ခံစားရပြီး မြေကြီးပေါ်တွင် ထိုင်၍ စိတ်နှစ်ကာ ကျင့်ကြံချင်စိတ် ပေါက်လာသည်။

"အစ်မထောင်ဆီက ဒီလောက် အကျိုးအမြတ်တွေ ရထားတာ၊ နောင်ဆိုရင် ထောင်မျိုးနွယ်စုနဲ့ မဖြစ်မနေ ပက်သက်ရတော့မှာပဲ"

လော့ချန် ရေရွတ်လိုက်သည်။ သို့သော် ကြီးမားသော ဖိအားကို မခံစားရပေ။ ယခု ထောင်မျိုးနွယ်စုသည် တဖြည်းဖြည်း ထွန်းကားလာတော့မည် ဖြစ်သည်။ ထောင်ဝမ် ရွှေအမြုတေအဆင့် တက်လှမ်းပြီးပါက လွန်ခဲ့သော နှစ် ၂၀၀ ကျော်က စီရင်စုသခင်နန်ရှန်း လက်ထက်ကဲ့သို့ ပြန်ဖြစ်လာရန် မခက်ခဲပေ။ ဤအခြေအနေတွင် သူကဲ့သို့ အခြေတည် ကျင့်ကြံသူတစ်ဦးအနေဖြင့် ကြီးကြီးမားမား အားစိုက်စရာ လိုလိမ့်မည် မဟုတ်ပေ။

ထောင်ဝမ် သူ့အား ဤကဲ့သို့ ပြုမူဆက်ဆံခြင်းမှာ ပေါင်းသင်းရန် ကြိုးစားခြင်းသာမက တခြား အကြောင်းအရင်းများလည်း ရှိလိမ့်မည်။ ဥပမာအားဖြင့်၊ ဒုတိယပွဲစဉ်တွင် သူမအတွက် တိုက်ခိုက်ပေးခဲ့ခြင်းအတွက် ပြန်ပေးဆပ်ခြင်း၊ ထို့အပြင် သူနှင့် ကရုဏာမဲ့နတ်သမီး၏ နီးကပ်သော ဆက်ဆံရေးကြောင့် ဖြစ်နိုင်သည်။ သူမ သူ့အား ချဉ်းကပ်ခြင်းမှာ ကျေးဇူးတုံ့ပြန်ခြင်း တစ်မျိုး ဖြစ်သည်။

ယခင် တိုက်ပွဲတွင် ထောင်ဝမ် နောက်ဆုံးအချိန်၌ သုံးခဲ့သော ရေခဲအနှစ်မှာ အလွယ်တကူ ရနိုင်သော ပစ္စည်း မဟုတ်ပေ။ ၎င်းမှာ ရေခဲခံတပ်၏ ရွှေအမြုတေအရှင်သခင်သာ ပိုင်ဆိုင်နိုင်သော တတိယအဆင့် ရတနာဖြစ်သည်။ အကယ်၍သာ ကရုဏာမဲ့နတ်သမီး မပေးခဲ့ပါက ဂိုဏ်းကြီးတစ်ခု၏ တပည့်ရင်း ဖြစ်လင့်ကစား ၎င်း၏ အပိုင်းအစအနည်းငယ်ကိုမျှ ရရှိရန် လွယ်ကူမည် မဟုတ်ပေ။

"အခု ဒီ အကျိုးအမြတ်ကို ရထားပြီဆိုတော့ လက်ခံလိုက်ရုံပဲ၊ ဒါပေမဲ့ ပျင်းရိလို့ မရဘူး၊ ဒီ အကျိုးအမြတ်တွေကို အကုန်လုံး အပြည့်အဝ စုပ်ယူနိုင်အောင် လုပ်ရမယ်"

လော့ချန် အသက်ကို ပြင်းပြင်း ရှူလိုက်သည်။ ထို့နောက် နောက်ထပ် မနှောင့်နှေးတော့ဘဲ ချက်ချင်းပင် ကျင့်ကြံရာ အခန်းသို့ ဝင်လိုက်သည်။

နတ်ဘုရားမီးလျှံအမွှေးတိုင် တစ်တိုင်ကို သူ ထွန်းညှိလိုက်သည်။

ထို့နောက် ချက်ချင်းပင် တင်ပျဉ်ခွေ ထိုင်လိုက်ကာ ထာဝရနုပျိုစိမ်းလန်းကျင့်စဉ်အား ကျွမ်းကျင်စွာ လည်ပတ်လိုက်သည်။ အပြင်ဘက်မှ လွတ်လပ်စွာ ရှိနေသော ချီစွမ်းအင်များသည် လှိုင်းလုံးကြီးများကဲ့သို့ သူ့ခန္ဓာကိုယ်ထဲ တရစပ် ဝင်ရောက်လာသည်။

ထပ်တလဲလဲ ကျင့်ကြံခြင်း စည်းချက်များမှတစ်ဆင့် ထိုအရာများကို သန့်စင်သော ချီစွမ်းအင်များအဖြစ် ပြောင်းလဲကာ ကျယ်ပြောလှသော ချီပင်လယ်ထဲသို့ ပို့လိုက်တော့သည်။

All Chapters