အနန္တယာဥ်တန်း (၁)
Vol. 73 Ch. 1147
“ဖာ့ခ်”
လဲ့ကျန်းက ဒေါသတကြီးဆဲရေးလိုက်ပြီး ဆက်သွယ်ရေးကိရိယာကို ဆုပ်ကိုင်လိုက်သည်။
“ဘီးတွေ ပျက်စီးမှာကိုမကြောက်နဲ့… ယာဉ်တန်းအားလုံးကို စုစည်းလိုက်… အကြီးစားသံချပ်ကာကားတွေက အပြင်ဘက်လိုင်းကို ဖွဲ့စည်း… စွမ်းအားရှင်အဖွဲ့ အမဲလိုက်သတ္တဝါကို တွေ့တာနဲ့ နောင်တရသွားအောင် လုပ်ပစ်လိုက်… ဝမ်ဖုန်း၊ လျူကျွင့်၊ ဝမ်ရွှမ်း... သလင်းကျောက်ဆင့်ကဲပြောင်းလဲထားသူတွေအကုန် သတိထားကြ… စစ်ကူတွေ လာနေပြီ”
“ကပ္ပတိန်…. အဲဒီအမဲလိုက်သတ္တဝါတွေက စူပါအထူးအဆင့်ဖြစ်နိုင်တယ်။ အကောင်တွေအများကြီး တစ်ပြိုင်ထဲထွက်လာရင် ခုခံဖို့ ခက်လိမ့်မယ်… ပြီးတော့ အဲဒီကောင်တွေက ချောင်းမြောင်းတိုက်ခိုက်တဲ့နေရာမှာ ပိုကျွမ်းတယ်”
ဒရိုင်ဘာက ပျာပျာသလဲပြောလိုက်သည်။
“ငါသိတယ်”
လဲ့ကျန်း၏ နောက်ကြည့်မှန်ထဲတွင် ကြီးမားသော မုန်တိုင်းတစ်ခုပေါ်လာပြီး လေဖိအားက ရုတ်တရက်ကျဆင်းသွားကာ လေပြင်းများ တိုက်ခတ်၍ သွေးနီရောင်မြူခိုးများကို မွှေနှောက်ကာ တောရိုင်းမြေပြင်တွင် ကြီးမားသော လေဆင်နှာမောင်းအချို့ကို လျင်မြန်စွာ ဖြစ်ပေါ်စေသည်။ ၎င်းသည် ကမ္ဘာပျက်ကပ် မြင်ကွင်းနှင့် ဆင်တူလှသည်။
“ဘုရားရေ… ကပ္ပတိန် ကြည့်ဦး”
“မကြောက်နဲ့”
လဲ့ကျန်းက ထိုမြင်ကွင်းကို ကြည့်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။
“လေဆင်နှာမောင်းပဲ… ကျန်းယွမ် နောက်ဆုံးတော့ ရောက်လာပြီ”
ဝုန်းဝုန်း၊၊
ဘုံမဟာမိတ်ယာဉ်တန်း၏ နောက်တွင် မော်တော်ယာဉ်များသည် ညွှန်ကြားချက်များအတိုင်း တိုက်ပွဲဝင်ဗျူဟာပုံစံနေရာယူနေကြသည်။ ခံစစ်မော်တော်ယာဉ်များပေါ်ရှိ လူရာပေါင်းများစွာသည် အမဲလိုက်သတ္တဝါပေါ်လာပါက တုံ့ပြန်ရန် အပြည့်အဝပြင်ဆင်ထားကြ၏။ ရုတ်တရက် ၎င်းတို့သည် မိမိတို့ပတ်ဝန်းကျင်ရှိ သွေးနီရောင်မြူများမှာ လေပြင်းမုန်တိုင်းတစ်ခုကြောင့် လွင့်စင်သွားသည်ကို သတိပြုမိလိုက်ကြသည်။ စစ်မြေပြင်တစ်ခုလုံးတွင် လေပြင်းများတိုက်ခတ်နေခဲ့သည်။ သွေးနီရောင်မြူများဆုတ်ခွာသွားသည်နှင့်အမျှ စစ်မြေပြင်၏ မြင်ကွင်းသည် ပိုမိုရှင်းလင်းလာပြီး အကြီးစားနှင့် အသေးစားယာဉ်တန်းအချို့သည် မိမိတို့၏နေရာကို ရှာဖွေတွေ့ရှိကာ လမ်းကြောင်းချင်းပူးပေါင်းလာကြတော့သည်။
ဟယ်လင်ချူးက ကားတံခါးကို ဖွင့်ကာ အပြင်သို့ ခုန်ဆင်းလိုက်သည်။ သူမ၏ခြေလှမ်းက မြေပြင်ကို နင်းချလိုက်ရာ ကောင်းကင်သို့ တည့်တည့်ဦးတည်သွားသော ထက်ရှသည့် ဓားတစ်လက်ကဲ့သို့ တုန်ခါလှိုင်းတစ်ခုဖြစ်ပေါ်သွားသည်။ သူမ၏ဘေးနားရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည်လည်း စွမ်းအားဝတ်စုံများကိုအသုံးပြုကာ လေထုထဲသို့ လိုက်ပါလာကြ၏။ သူမ၏အကြည့်သည် စစ်မြေပြင်ကို ဖြတ်သန်းကြည့်ရှုလိုက်ပြီး ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် အမိန့်များဆက်တိုက်ပေးလိုက်သည်။
အချိန်ခဏအတွင်းမှာပင် သူမ၏ယာဉ်တန်းထံမှ တောက်ပနေသော ဒရုန်းအသေးစားရာပေါင်းများစွာသည် လျင်မြန်စွာ ပျံသန်းသွားကြပြီး ကျယ်ပြန့်သော ဧရိယာတစ်ခုလုံးကို လူစုခွဲကာ ဖုံးလွှမ်းသွားကြသည်။
“သွေးနီရောင်ကို ထိုးဖောက်ကြ… ဆက်သွယ်ရေးကို မြှင့်တင်ပြီး မဟာမိတ်အားလုံးကို အကြောင်းကြား”
“သိပါပြီ”
သူမ၏ အဖွဲ့နှစ်ဦးသည် ချက်ချင်းပင် လှုပ်ရှားလိုက်ကြသည်။ လေထဲတွင် ဟယ်လင်ချူးသည် စွမ်းအင်များကို လျင်မြန်စွာစုစည်းနေပြီး သူမ၏အရှိန်သည် စွမ်းအားဝတ်စုံဖြင့် ပျံသန်းခြင်းထက်ပင် ပိုမိုမြန်ဆန်နေခဲ့သည်။
သူမသည် အလောင်းကောင်အင်းဆက်များ ထူထပ်စွာပါရှိနေသော အကြီးမားဆုံးလေဆင်နှာမောင်းဆီသို့ တည့်တည့်ပြေးဝင်သွားသည်။ လေဆင်နှာမောင်း၏ ဗဟိုချက်တွင် တိုက်ခိုက်ရေးစွမ်းအားဝတ်စုံကို ဝတ်ဆင်ထားသော ကျန်းယွမ်သည် ပြင်းထန်သော သွေးနီရောင်လေပြင်းကို ဆန့်ကျင်၍ ရပ်နေခဲ့သည်။ ဟယ်လင်ချူးက လေတံတိုင်းကို ဖောက်ထွက်သွားပြီးနောက်မှသာ ကျန်းယွမ်၏ အချက်ပြနှင့် ချိတ်ဆက်မိသွားတော့သည်။
“ကောင်းကင်အမိုးခုံးရထားက ငါတို့အားလုံးကို ၁၆:၄၅ နာရီမှာ မြေနီချောက်ကမ်းပါးရဲ့ မြောက်ဘက်တောင်စောင်းကို ရောက်နေစေချင်တယ်။ သွေးနီရောင် ဒီရေလှိုင်းတွေ မရပ်တန့်သေးရင် ရှေ့တန်းစစ်မျက်နှာတွေကို အဲဒီအနီးအနားမှာပဲ စုစည်းလိုက်”
“နားလည်ပြီ”
မြင့်မားသော ကောင်းကင်ယံတွင် ကျန်းယွမ်သည် အောက်ဘက်ရှိ အဆုံးမရှိသော မွန်းစတားဒီရေလှိုင်းကြီးကို တည်ငြိမ်စွာ ကြည့်ရင်း ပြတ်သားသောအသံဖြင့် ပြောလိုက်သည်။
“ဗိုလ်ချုပ်လီရှန်းရဲ့ သံမဏိအစောင့်တပ်ရင်း ၁၃က မကြာခင် အနီရောင်တောင်လမ်းကြောင်း ဧရိယာထဲကို ဆုတ်ခွာရလိမ့်မယ်။ ငါတို့ ဒီနေရာမှာ အခိုင်မာနေပြီး သူတို့အတွက် ကြားခံနယ်မြေတစ်ခုရအောင်လုပ်ပေးရမယ်။ မဟုတ်ရင် ဒီသတ္တဝါတွေ ချောက်ကမ်းပါးပေါ်ကနေ ဆင်းလာရင် ငါတို့ရဲ့ အလယ်ပိုင်းနဲ့ မြောက်ဘက်တောင်ပံက ခြိမ်းခြောက်ခံရလိမ့်မယ်”
“ကောင်းပြီ” ဟယ်လင်ချူးက ခေါင်းညိတ်လိုက်သည်။
“ဟုန်ယွမ်၊ စွန်းဖုန်းနဲ့ လျန်ဟောင်တို့ရဲ့ ယာဉ်တန်းတွေက ဘေးဘက်ကနေ ပံ့ပိုးပေးဖို့ တင့်ကားတပ်ရင်းနဲ့အတူ သွားနှင့်ကြပြီ။ ကြယ်နက်လွင်ပြင်ရဲ့ မြေမျက်နှာသွင်ပြင်က ကောင်းမွန်တော့ သူတို့ မိနစ် ၄၀ အတွင်း သေချာပေါက်ရောက်လာနိုင်တယ်”
“ဒါဆို ဗိုလ်ချုပ်ဇန်ရဲ့ တပ်ရင်း ၂၂ အပြင် ဒီနေရာမှာ ကျန်ခဲ့တာ ဘုံမဟာမိတ်အဖွဲ့နဲ့ ငါတို့ရဲ့ အနန္တမဟာမိတ်အဖွဲ့ပဲ ရှိတော့တာပေါ့... ငါတို့ ခုခံနိုင်မှာပါ”
“မိုးကြိုးယာဉ်တန်းရဲ့ အဓိကတပ်ဖွဲ့လည်းပါသေးတယ်” ဟယ်လင်ချူးက ထပ်လောင်းပြောလိုက်သည်။
ကျန်းယွမ်က ဆက်၍ပြောသည်။
“ဟိုဘက်က ယူတိုးပီးယာမှာ ပစ်အားပိုကောင်းတယ်။ ဇန်က ကူညီဖို့ လူအချို့ကို စေလွှတ်ချင်ပေမဲ့ မလိုပါဘူး။ ဥက္ကဋ္ဌကျန်းက ရထားလမ်းဖောက်လုပ်မှုကို ကူညီဖို့ မြေမျက်နှာပြင်မရွေးသုံး ရထားတစ်သုတ်ကို ခွဲထုတ်ခိုင်းထားပေမဲ့ ဟိုဘက်မှာ ပြဿနာရှိနိုင်တာကြောင့် သူတို့က သတင်းတွေကို စိစစ်နေကြတယ်...”
ဝှမ်း၊၊
ကျန်းယွမ် စကားပြောနေစဉ်မှာပင် ပြင်းထန်သော အမှောင်စွမ်းအင်လှုပ်ခတ်မှုတစ်ခုထွက်ပေါ်လာသည်။ နောက်တစ်စက္ကန့်တွင် ထူးဆန်းဆိုးဝါးလှသော ဖြူဖျော့ဖျော့မျက်နှာတစ်ခုသည် ကျန်းယွမ်၏နောက်ကွယ်တွင် ပေါ်လာတော့သည်။ အမဲလိုက်သတ္တဝါသည် ၎င်း၏ မိစ္ဆာလက်သည်းများကို မြှောက်ကာ ကျန်းယွမ်၏ လေဆင်နှာမောင်းကို လုံးဝလျစ်လျူရှုလျက် မြင့်မားသောကောင်းကင်သို့ မီတာရာပေါင်းများစွာ တည်နေရာကူးပြောင်းလာခဲ့သည်။
ကျန်းယွမ်သည် သူ၏ ဆံပင်များထောင်ထလာသလိုခံစားလိုက်ရပြီး ကျောဘက်တွင် လင်းထိန်သွားသည်။ သို့သော် သူ နောက်သို့ မလှည့်နိုင်မီမှာပင် သူ့နောက်ကွယ်၌ ပြင်းထန်သော ထိခိုက်ပေါက်ကွဲမှုတစ်ခု ရုတ်တရက်ဖြစ်ပွားသွားသည်။ ပြင်းထန်သော လေစီးကြောင်းများက သူ့ကို ရှေ့သို့ တွန်းပို့လိုက်ပြီး နောက်သို့လှည့်ကြည့်လိုက်ရာ ဟယ်လင်ချူးက သူ့နောက်သို့ ချက်ချင်းရောက်ရှိလာပြီး လက်သည်းကြီး၏ သေစေနိုင်သော တိုက်ခိုက်မှုကို ဟန့်တားရန် စွမ်းအင်စုစည်းခြင်းစွမ်းရည်ကို အသုံးပြုထားသည်ကို မြင်လိုက်ရသည်။ သို့သော်လည်း အမဲလိုက်သတ္တဝါ၏ ပေါက်ကွဲမှုစွမ်းအားက ပြင်းထန်လွန်းလှသည်။ ဟယ်လင်ချူးက ၎င်း၏တစ်စိတ်တစ်ပိုင်းကိုသာ တားဆီးနိုင်ခဲ့ပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံး လက်သည်းဖြင့် အကုတ်ခံလိုက်ရသည်။ သူမ၏ စွမ်းအားဝတ်စုံ ရှေ့ဘက်ပိုင်းသည် ပေါက်ကွဲထွက်သွားပြီး ကျန်းယွမ်ကို ဖြတ်ကျော်ကာ သွေးမြူခိုးများ လွင့်စင်သွားတော့သည်။
ကျန်းယွမ်သည် တုံ့ပြန်လိုက်ပြီး ပြင်းထန်သော လေစီးကြောင်းဖြင့် ဟယ်လင်ချူးကို ချက်ချင်း ဖမ်းထိန်းလိုက်သည်။ ထို့နောက် သူက လက်နှစ်ဖက်လုံးကို ဝှေ့ယမ်းကာ လေဆင်နှာမောင်း၏ အချင်းကို ဆယ်ဆခန့် ချက်ချင်း ချဲ့ထွင်လိုက်တော့သည်။ ဤအချိန်တွင် သွေးနီရောင်မြူအားလုံးသည် လုံးဝအရည်ပျော်သွားပြီး ပြင်းထန်သော လေပြင်းသည် ပျံသန်းနေသော အမဲလိုက်သတ္တဝါပေါ်ရှိ သွေးနီရောင်မြူများကိုပင် လွင့်စင်သွားစေသည်။ ထိုသတ္တဝါသည် မြူများထဲတွင် ပုန်းကွယ်ရန် ၎င်း၏ပုံစံကို မူလက တွန့်လိမ်နေခဲ့သော်လည်း ယခုအခါ ဆွဲငင်အားကြောင့် အောက်သို့ ပြုတ်ကျလာခဲ့သည်။
ကျန်းယွမ်သည် ဤအခွင့်အရေးကို လက်လွတ်မခံလိုသဖြင့် လေထုထဲမှ တစ်ချက်၊ မြေပြင်မှ တစ်ချက် လေပြင်းနှစ်ချက်ဖြင့် ပြန်လည်တုံ့ပြန်လိုက်ပြီး အမဲလိုက်သတ္တဝါကို အသားကြိတ်စက်ကဲ့သို့ ညှပ်ကာ လေထုထဲတွင် ထိန်းချုပ်ထားလိုက်သည်။ မြန်နှုန်းမြင့်ထက်ရှသည့် လေစီးကြောင်းသည် မာကျောသော သဲနှင့် ကျောက်ခဲများကို လေဓားသွားများကဲ့သို့ သယ်ဆောင်သွားပြီး အမဲလိုက်သတ္တဝါ၏ ဇီဝစွမ်းအင်ဒိုင်းနှင့် အသွေးသားများကို လျင်မြန်စွာ အရည်ပျော်ပျက်စီးသွားစေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ၎င်းသည် အောက်သို့ ပြုတ်ကျနေသော သွေးမြူများအဖြစ် ကြိတ်ခြေခြင်းခံလိုက်ရတော့သည်။
ကျန်းယွမ်၏အကြည့်သည် ဖြတ်သန်းကြည့်ရှုလိုက်ပြီး သွေးမြူများကို အသာယာခါထုတ်ပစ်လိုက်သည်။ သူ၏ လေစွမ်းအားသည် မီး သို့မဟုတ် မိုးကြိုးဒြပ်စင်စွမ်းရည်များကဲ့သို့ စွမ်းအားမကြီးမားနိုင်သော်လည်း ဤသွေးနီရောင်မြူများကို ကိုင်တွယ်ရာတွင်မူ ကယ်တင်ရှင်တစ်ပါးကဲ့သို့သော အစွမ်းထက်နေခဲ့သည်။ သူသည် စစ်မြေပြင်သန့်ရှင်းရေးသမားတစ်ဦးနှင့် တူလှပြီး ကျယ်ပြန့်သောဧရိယာများတွင် မွန်းစတားဒီရေလှိုင်း၏ ဖိအားအမြောက်အမြားကို ဖြိုခွဲပစ်နိုင်သည်။ ဤစွမ်းရည်ကြောင့် ကျန်းယွမ်သည် ကီလိုမီတာရာပေါင်းများစွာ ကျယ်သော ဤစစ်မြေပြင်များကို ဖြတ်သန်းသွားလာရပြီး သဘာဝလက်နက်အဆင့်အကာကွယ်အဖြစ် ဆောင်ရွက်ပေးခဲ့ရသည်။
“ဘယ်လိုလဲ”
“အဆင်ပြေပါသေးတယ်”
ဟယ်လင်ချူးသည် သူမ၏ ရင်ဘတ်စွမ်းအားဝတ်စုံမှ မီးပွားများပွင့်နေသော ပျက်စီးနေသည့်အပိုင်းအစတစ်ခုကို ဆွဲခွာလိုက်သည်။ သူမ၏ သွေးထွက်နေသော ရင်ဘတ်သည် သွေးတိတ်သွားပြီး လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်ကို မြင်သာလှသည်။ သို့သော်လည်း ပြင်းထန်သော အမှောင်စွမ်းအင်ကျူးကျော်မှုကြောင့် သူမ၏မျက်နှာသည် ဖြူဖျော့နေခဲ့သည်။ သူမ၏ စိတ်ဝိညာဉ်သည် ရူးသွပ်ဖွယ်ရာတိုက်စားမှုနှင့် နာကျင်မှုကို ခံစားနေရသော်လည်း သူမက အသက်ပြင်းပြင်းရှူလိုက်ပြီး ကျန်းယွမ်ကို ပြောလိုက်သည်။
“ငါ ချက်ချင်း သွားကူညီတော့မယ်။ ဟိုဘက်က နဂါးတောင် ၁ မှာ ကပ္ပတိန်ရှီ စောင့်ကြပ်နေတာဆိုတော့ ပြဿနာမရှိလောက်ပါဘူး”
“ကောင်းပြီ”
ဟယ်လင်ချူး ထွက်ခွာသွားပြီးနောက် ကျန်းယွမ်သည် လေဆင်နှာမောင်း လေလှိုင်းတစ်ခုကို မြှင့်တင်ကာ ပေါင်းစည်းယာဉ်တန်း၏ ရှေ့တန်းစစ်မြေပြင်ဆီသို့ လျင်မြန်စွာဦးတည်သွားလိုက်သည်။
သွေးနီရောင်မိုးကောင်းကင်အောက်တွင် ပေါင်းစည်းယာဉ်တန်းသည် ဒဏ်ရာရထားသော သံမဏိနဂါးတစ်ကောင်ကဲ့သို့ လောင်ကျွမ်းနေသော မြေပြင်ပေါ်တွင် ဖြည်းညှင်းစွာ ရွေ့လျားနေပြီး ဤနေရာ၏ ရှေ့ဘက် ၁၀ ကီလိုမီတာခန့်အကွာရှိ ကျယ်ပြန့်သော ဧရိယာတွင် ကောင်းကင်နှင့် မြေပြင်နှစ်ခုလုံးသည် ပြင်းထန်သောစစ်တလင်းအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
ဤသည်မှာ ရထား၏ ရှေ့ဆုံးပိုင်းဖြစ်သော်လည်း ဤနေရာတွင် မည်သည့်ရထားလမ်းမှ မရှိသေးချေ။
ဘွန်း ဒက် ဒက် ဝုန်း
သံမဏိအစောင့်တပ်ရင်း ၂၂ ၏ ဝိုင်းရံကာကွယ်မှုအောက်ရှိ နောက်တန်းဧရိယာတွင် ဘူဒိုဇာ ၁၀စီး၊ မြေမျက်နှာပြင်မရွေးသုံး ရထားလမ်းခင်းစက် ၆စီးနှင့် ဆောက်လုပ်ရေးဒရုန်းထောင်ပေါင်းများစွာ ပါဝင်သော ဆောက်လုပ်ရေးတပ်ရင်းတစ်ခုသည် ဤလွင်ပြင်ထက်တွင် အလုပ်ရှုပ်နေကြသည်။ ရထားလမ်းခင်းစက်သည် အလွိုင်းသံမဏိရထားလမ်းများကို လောင်ကျွမ်းနေသော မြေပြင်ပေါ်သို့ ရိုက်ထည့်နေပြီး ဗိုင်အိုလာ၏ ထိန်းချုပ်မှုအောက်ရှိ ဒရုန်းများသည် ငွေရောင်ပျားအုပ်ကြီးတစ်ခုကဲ့သို့ ပျံဝဲကာ ဂဟေဆော်နေကြ၏။ စစ်မြေပြင်အသီးသီးမှ သတ္တုအစိတ်အပိုင်းများကို ဖြုတ်ထုတ်၊ ပြန်လည်ထုတ်လုပ်ပြီးနောက် လမ်းပိုင်းများအဖြစ် တပ်ဆင်ကာ ခင်းကျင်းနေခြင်း ဖြစ်သည်။
သို့သော် ထိုမျှ ထုတ်လုပ်မှုစွမ်းအားရှိလင့်ကစား ရှေ့သို့တိုးတက်မှုနှုန်းမှာ အလွန်ပင် နှေးကွေးနေသည်။ ပြင်းထန်သော တိုက်ပွဲအခြေအနေများအပြင် ပစ္စည်းကိရိယာရှားပါးမှုမှာ အဓိကအကြောင်းရင်းဖြစ်သည်။ ကြိုတင်ထုတ်လုပ်ထားသော ရထားလမ်းများမရှိသဖြင့် ဒရုန်းများ၏ ဖြုတ်ထုတ်တပ်ဆင်မှုမှာ အလွန်နှေးကွေးသည်။ ထို့အပြင် သတ္တုဘောင်အမျိုးမျိုးဖြင့် တပ်ဆင်ထားသော ရထားလမ်းများသည် ဤမျှ ကြီးမားလှသည့် ရထားအုပ်စုကြီး၏ အလေးချိန်ကို မခံနိုင်ချေ။ ထို့ကြောင့် လမ်းခင်းရန်အတွက် အခြားနေရာများမှ ရထားလမ်းများကို အဆက်မပြတ် သယ်ယူဖြုတ်ထုတ်နေရသည်။ ယခု ရထားတပ်ဖွဲ့သည် ချောက်ကမ်းပါးကြီးကို ရှောင်ကွင်းရန်သာမက ပိုမိုနီးကပ်သော အရှေ့ဘက်လမ်းကြောင်းရထားလမ်းနှင့် ချိတ်ဆက်နိုင်ရန်အတွက် ဤလမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။