← Chapters

ရှေ့ဆက်မည့်လမ်းကို အလင်းပြခြင်း (၁)

Vol. 73 Ch. 1149

ရှေ့ဆက်မည့်လမ်းကို အလင်းပြခြင်း (၁)

Vol. 73 Ch. 1149

“ဟေး ဟေး… ကမ္ဘာ့ပတ်လမ်းကာကွယ်ရေးလက်နက်ကို အဲဒီလိုမျိုးသုံးလိုက်တာ နည်းနည်းဖြုန်းတီးရာမရောက်ဘူးလား။ ထိန်းသိမ်းပြုပြင်ပေးမယ့် အင်ဂျင်နီယာလည်း မရှိပဲနဲ့။ တကယ်လို့ ချို့ယွင်းမှုတစ်ခုခုဖြစ်သွားရင် အားကိုးရတဲ့ လက်နက်ကောင်းတစ်ခုဆုံးရှုံးရလိမ့်မယ်။ ဒါ့အပြင်... ရထားယာဉ်တန်းက အဲဒီဘက်ကို ဦးတည်နေတာဆိုတော့ မတော်တဆထိသွားရင် ဘယ်လိုလုပ်မလဲ”

ခုတ်မောင်းနေသော ရထားပေါ်တွင် ကီကီသည် လင်းရှန်၏ အစီစဉ်ကို ကြားလိုက်ရသဖြင့် ချက်ချင်းပင် ဝင်ပြောလိုက်သည်။

လင်းရှန်သည် ထိုစကားကို ကြားသော်လည်း တည်ငြိမ်နေဆဲပင်။ သူက ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။

“အရင်က ငါတို့အားလုံး အထင်မှားခဲ့ကြတယ်။ ဒါကို မဟာဗျူဟာမြောက်ခြိမ်းခြောက်နိုင်တဲ့လက်နက်တစ်ခုအနေနဲ့ပဲ ထင်ထားခဲ့ကြတယ်။ ဒါပေမဲ့ အခု မျှော်စင်လူသားတွေရဲ့ လှုပ်ရှားမှုတွေ အပြည့်ဝစတင်နေပြီး ကမ္ဘာတစ်ခုလုံးက ကပ်ဘေးနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ဒီလက်နက်ကို ဒီအတိုင်းချန်ထားတာက အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုပဲ။ လူသားတွေ လုံးဝမပျက်သုဉ်းသေးသရွေ့တော့ ဒီလက်နက်ကို သုံးသင့်သလောက်သုံးရမယ်၊၊ အထူးသဖြင့် S-Class တွေအတွက်ပေါ့။ တစ်ကောင်သတ်နိုင်ရင် မရှုံးဘူး… နှစ်ကောင်သတ်နိုင်ရင်တော့ အမြတ်ထွက်ပြီ”

“အင်း... အဲဒီလိုပြောတော့လည်း ရှင်ပြောတာအဓိပ္ပာယ်ရှိသားပဲ”

“ပြီးတော့ ဒါက ငါ့ရဲ့တစ်ခုတည်းသော ရည်ရွယ်ချက်မဟုတ်သေးဘူး”

လင်းရှန်က ခဏမျှ စဉ်းစားကာ ဆက်ပြောသည်။

“မျှော်စင်လူသားတွေရဲ့ ယဉ်ကျေးမှုဂိမ်းထဲမှာ အဲဒီအိန်ဂျယ်တွေဟာ တစ်ကောင်နဲ့တစ်ကောင်ပြန်လည်ဝါးမျိုရင်း ပြီးပြည့်စုံတဲ့ သက်ရှိပုံစံတွေဖြစ်အောင် ဆင့်ကဲပြောင်းလဲဖို့ အချက်အလက်တွေနဲ့ စွမ်းရည်တွေကို ရယူကြတယ်။ အခုကြည့်ရတာ ငါတို့သတ်လိုက်တဲ့ သန္ဓေပြောင်းသတ္တဝါတွေဆီက ထွက်လာတဲ့ ထူးဆန်းတဲ့မြူခိုးတွေက ကမ္ဘာမြေထဲကို ပျော်ဝင်သွားပြီး အဲဒီအဆင့်မြင့် S-Class တွေရဲ့ ဝါးမျိုခြင်းကို ခံရပုံပဲ။ အဲဒီနောက် S-Class တွေက တွင်းနက်ထဲက မိစ္ဆာတွေရဲ့ ဝါးမျိုခြင်းကို ခံရပြီး နောက်ဆုံးမှာတော့ ကမ္ဘာ့အဆင့်သတ္တဝါတွေ ဖြစ်လာကြတယ်...”

“တစ်ဆင့်ပြီးတစ်ဆင့်ကြည့်ရတာ မြွေဂိမ်းဆော့နေရသလိုပဲ မဟုတ်ဘူးလား”

ကီကီက ထိုစကားကို ကြားသောအခါ မျက်ခုံးပင့်လိုက်သည်။

“အို... ကျွန်မ သဘောပေါက်ပြီ။ ပင်လယ်ကျောက်ဆောင်ကျွန်းပေါ်က သမုဒ္ဒရာနတ်ဘုရားကြီး... ဒါဆို ရှင့်ရဲ့ ရည်ရွယ်ချက်က ဝါးမျိုပေါင်းစပ်မှုကနေထွက်ပေါ်လာတဲ့ ဒီကမ္ဘာ့အဆင့်သတ္တဝါတွေကို နှောင့်ယှက်ဖျက်ဆီးဖို့ပေါ့”

လင်းရှန်က ခေါင်းညိတ်ပြလိုက်သည်။ အမှတ် ၀၄ သမုဒ္ဒရာနတ်ဘုရားကြီး လှည့်လည်သွားလာနေခြင်း၊ အမှတ် ၀၂ လွင့်မျောဧရာမအလောင်းကောင် ရွေ့လျားနေခြင်း၊ အမှတ် ၀၅ ကစဥ့်ကလျားမွန်းစတား ကော်လိုရာဒိုချောက်နက်ကြီးတွင် ပေါ်လာခြင်း၊ အမှတ် ၀၃ ကောင်းကင်မြွေက အာရှ-ပစိဖိတ်ဒေသကို ဝါးမျိုနေခြင်းနှင့် ဆိုက်ဘေးရီးယားတွင် အိပ်ပျော်နေသော ကမ္ဘာမြေအပေါ်ယံလွှာ ကပ်ပါးသတ္တဝါကြီး အမှတ် ၀၁။

ထိုမွန်းစတားများထဲက တစ်ကောင်ချင်းစီတွင် ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်သည့် စွမ်းအင်များရှိကြသည်။ လူသားများရှေ့သို့ တစ်ကောင်မျှပေါ်လာရုံမျှဖြင့် ကမ္ဘာကြီးကို စိတ်ပျက်အားငယ်စေရန် လုံလောက်ပေသည်။ အကယ်၍ ထိုသတ္တဝါများသာ အိန်ဂျယ်ဟုခေါ်သည့် အရာများအဖြစ်ပေါင်းစပ်သွားမည်ဆိုရင် မည်မျှကြောက်မက်ဖွယ်ကောင်းလာမလဲဆိုသည်ကို လင်းရှန် မတွေးရဲတော့ချေ။

“ဒါတွေက ပေါင်းစပ်မှုကို တကယ်နှောင့်ယှက်နိုင်မလားဆိုတဲ့ ခန့်မှန်းချက်တွေပါပဲ” လင်းရှန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒါပေမဲ့ အနည်းဆုံးတော့ ဒီမွန်းစတားတွေကို အများကြီးထိခိုက်အောင် လုပ်နိုင်လိမ့်မယ်။ သူတို့က အပြာရောင်ဂြိုလ်ရဲ့ ၉၀ရာခိုင်နှုန်းကို သိမ်းပိုက်ထားပြီးပြီ။ ငါတို့သာ ပြန်မတိုက်ရင် ဘယ်လိုမှ အခွင့်အရေးရှိမှာမဟုတ်ဘူး”

“ဒါ့အပြင် တောင်ဘက်ကောင်းကင်ဂိတ်က ထုတ်လွှတ်လိုက်တဲ့ စွမ်းအားက မတော်တဆထိခိုက်မှုတွေဖြစ်စေနိုင်ပေမဲ့ တကယ်လို့ အဲဒီဒေသမှာ အခိုင်အမာခုခံနေတဲ့ တပ်ဖွဲ့တွေ ရှိနေသေးရင် ဒါက အချက်ပြတစ်ခုလည်းဖြစ်သွားနိုင်တယ်”

“ရှင်က အဲဒီဒေသက အသက်ရှင်ကျန်ရစ်သူတွေကို ဖီးနစ်က သူတို့ကို စွန့်ပစ်မသွားဘူးဆိုတာ အသိပေးပြီး မျှော်လင့်ချက်ပေးချင်တာလား”

ကီကီ၏ မျက်ဝန်းများ တောက်ပလာကာ အံ့သြတုန်လှုပ်စွာဖြင့် ပြောလိုက်သည်။

“ဝါး... ရှင်က ဒါကို တော်တော်လေး အသေးစိတ်စဉ်းစားထားတာပဲ”

လင်းရှန်က ကီကီ့ကို လှည့်ကြည့်လိုက်သည်။

“ဖီးနစ်က လက်ရှိမှာ အမှောင်စွမ်းအင်ကို နျူကလီးယား အပူစွမ်းအင်သက်ရောက်မှုအဖြစ် ပြောင်းလဲဖို့ အောင်မြင်လုနီးပါးဖြစ်နေပြီ။ တကယ်လို့ အောင်မြင်သွားရင် တန်ချိန် သန်း ၉၀လောက်ရှိတဲ့ Republic’Furyကို မျှော်စင်လူသားတွေ ခံနိုင်ရည် ရှိ၊ မရှိ ငါ သိချင်နေမိတယ်”

“အမှောင်စွမ်းအင်ရဲ့ တူညီတဲ့ကြိမ်နှုန်းကို ရှာဖွေတွေ့ရှိတာက ကျွန်မတို့ရဲ့ အသာစီးရမှုကို ပြောင်းလဲပစ်ဖို့ သော့ချက်ဖြစ်လာနိုင်တယ်လို့ ပြောခဲ့သားပဲ။ ဖီးနစ်က ဖယ်ဒရေးရှင်းရဲ့ နျူကလီးယားလက်နက်တိုက်အတော်များများကို ရထားသင့်တယ်မဟုတ်ဘူးလား”

“ဒါကိုတော့ ငါလည်းမသိဘူး”

လင်းရှန်က ခေါင်းခါပြလိုက်သည်။

“အခုအချိန်မှာ ဒါတွေကို စိတ်ပူနေတာ အဓိပ္ပာယ်မရှိတော့ဘူး...”

ထိုစဉ် ဂရေ့စ်၏ အသံ ထွက်ပေါ်လာသည်။

[ဂြိုဟ်ပတ်လမ်းကြောင်း ချိန်ညှိမှု ပြီးပါပြီ။ ဒုတိယအကြိမ် ပစ်ခတ်မှုကို အတည်ပြုပါတယ်]

လင်းရှန်၏ မျက်ဝန်းများ စူးရှသွားသည်။ “ပစ်လိုက်တော့”

…

မြောက်အမေရိက၊ ကျောက်တုံးနီလျှိုမြောင်ကြီး၊၊

ဝေဟင်တိုက်ပွဲမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ မိုးကြိုးဝေဟင်တပ်ဖွဲ့၏ လွင့်မျောတိုက်ပွဲဝတ်စုံများမှ ထွက်ပေါ်လာသော ပစ်ခတ်မှုလိုင်းများသည် နီရဲနေသော ကောင်းကင်ကို ပြာချလုမတတ်ဖြစ်နေသည်။ ကီလိုမီတာ အတော်များများမြင့်မားသော ဧရာမကြက်သွေးရောင်တိမ်တိုက်ကြီးများထဲမှ မရေနိုင်သော အစိတ်အပိုင်းများစွာသည် ကမ္ဘာမြေပြင်ကို ဖိသိပ်ရန် အောက်သို့ တွဲလောင်းကျနေသည်။ လျှပ်စီးတိုက်လေယာဉ် ဒါဇင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော ဝေဟင်တိုက်ခိုက်ရေးတပ်ခွဲအများအပြားသည် ထိုတွဲလောင်းကျနေသော အစိတ်အပိုင်းများအောက်တွင် အသည်းအသန်လှုပ်ရှားနေကြသည်။

“မြွေပွေးတပ်ခွဲ... ထိုးဖောက်တိုက်ခိုက်။ တစ်လှည့်စီ အကာအကွယ်ပေး”

တပ်ခွဲမှူး ချန်ဖုန်း၏ အသံက ဆက်သွယ်ရေးလိုင်းထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ တိမ်တိုက်များ၏ အပေါ်ဘက်တွင် ငွေရောင်လွန်းပျံယာဉ်များကဲ့သို့ တိုက်လေယာဉ် ၁၂စင်းသည် သွေးနီရောင်ကောင်းကင်ပြင်ကို ထိုးခွဲလိုက်ပြီး တိုက်လေယာဉ်၏ ဝမ်းဗိုက်အောက်ရှိ ဒုံးကျည်ပစ်စင်များပွင့်သွားကာ အုပ်စုလိုက်ထွက်ပေါ်လာသော ဒုံးကျည်များသည် တိမ်တိုက်များမှ တွဲလောင်းကျနေသော အစိတ်အပိုင်းများကို အငြိုးတကြီးလိုက်လံတိုက်ခိုက်နေကြသည်။

အုန်း အုန်း အုန်း၊၊

ဒုံးကျည်များသည် ထိုအစိတ်အပိုင်းအချို့ကို တိကျစွာထိမှန်သွားပြီး ၎င်းတို့ထဲမှ နှစ်ခုကို တိုက်ရိုက်ပြတ်တောက်သွားစေသည်။ ပြတ်တောက်သွားသော အစိတ်အပိုင်းများသည် ဧရာမသံကြိုးပြတ်ကြီးများကဲ့သို့ တိမ်တိုက်များဆီသို့ လေထဲတွင် ဝှေ့ယမ်းကာ ကျဆင်းသွားသည်။

“ပစ်ခတ်မှုကွန်ရက်ကို ဖြန့်လိုက်”

ချန်ဖုန်း၏ တိုက်လေယာဉ်သည် ထိုအစိတ်အပိုင်းများကြားရှိ ကွက်လပ်ထဲသို့ တိုးဝင်သွားပြီး ပစ်ခတ်မှုထိန်းချုပ်ရေး ရေဒါကို ထပ်မံပစ်မှတ်ချိန်ကာ ဒုံးကျည်နှစ်စင်းကို ဆက်တိုက်ပစ်ခတ်လိုက်ပြန်သည်။ ပေါက်ကွဲသံများနှင့်အတူ ပျက်စီးသွားသော အပိုင်းအစများသည် မိုးရွာသွန်းသကဲ့သို့ ကျဆင်းလာပြီး ကြက်သွေးရောင်တိမ်တိုက်ကြီးအတွင်းရှိ ကြွက်သားမျှင်များကို ပေါ်ထွက်လာစေသည်။

“ကပ္ပတိန်... လင်းနို့ပုံစံ ဂြိုဟ်သားမိစ္ဆာအုပ်စုကြီးက ငါတို့ရဲ့ ခုနစ်နာရီအရပ်ကနေ ဦးတည်လာနေတယ်”

“နှစ်ဖက်ခွဲလိုက်… အရင်ဆုံးမောင်းပြီး အကွာအဝေးတစ်ခုယူထားလိုက်”

ဝူး...

အသံထက်မြန်သော ပေါက်ကွဲသံနှင့်အတူ တိုက်လေယာဉ်များသည် ကောင်းကင်ပြင်တွင် လျင်မြန်စွာ မောင်းနှင်သွားကြသည်။ တိမ်တိုက်ကြီးသည် မိုးကုတ်စက်ဝိုင်းတွင် ရုတ်တရက် ပြိုကျပျက်စီးသွားပြီး လင်းနို့ပုံသဏ္ဌာန်ရှိသော ပျံသန်းနိုင်သည့် မိစ္ဆာသောင်းချီသည် ကတ္တရာစေးရေတံခွန်ကြီးတစ်ခုကဲ့သို့ အောက်သို့ ပြိုဆင်းလာကာ တိမ်တိုက်ထဲရှိ သတ္တဝါများကို ပြင်းထန်စွာ လှုံ့ဆော်ပေးလိုက်သလိုဖြစ်သွားသည်။ လေထုထဲရှိ အစိတ်အပိုင်းများသည် ရူးသွပ်စွာ ဝှေ့ယမ်းလာပြီး တိုက်လေယာဉ်သုံးစင်းကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်သည်။

တီ တီ တီ တီ၊၊

“နံပါတ် ၂၊ ၅ နဲ့ ၆ တိုက်လေယာဉ်တွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားပါပြီ”

“နံပါတ် ၇ တိုက်လေယာဉ် မောင်းနှင်နိုင်စွမ်း ဆုံးရှုံးသွားပါပြီ”

“အဲဒီအစိတ်အပိုင်းတွေရှိတဲ့ ဝေဟင်ပြင်ကနေ ဆုတ်ခွာကြမယ်”

ချန်ဖုန်းသည် တိုက်လေယာဉ် ကွန်ပျူတာပေါ်ရှိ အချက်ပြမီးများ တစ်ခုပြီးတစ်ခုမှိန်ကျသွားသည်ကို ကြည့်ရင်း ချက်ချင်းပင် အံကြိတ်ကာ အော်ဟစ်လိုက်သည်။ သူက ထိန်းချုပ်မောင်းတံကို အားကုန်ဆွဲတင်လိုက်ရာ တိုက်လေယာဉ်သည် စောင်းလျက် အနေအထားဖြင့် ဝှေ့ယမ်းနေသော အစိတ်အပိုင်းများကို ရှောင်ကွင်းသွားပြီးနောက် ပြောလိုက်သည်။

“တိမ်တိုက်ထဲကို ဝင်လို့မရဘူး… ဒုံးကျည်တွေ အကုန်ပစ်… အနီးဆုံးအစိတ်အပိုင်းကိုပဲ ပစ်မှတ်အဖြစ် ဦးစားပေး”

All Chapters