ရှေ့ဆက်မည့်လမ်းကို အလင်းပြခြင်း (၂)
Vol. 73 Ch. 1150
လျင်မြန်စွာ မောင်းနှင်နေစဉ်အတွင်း အခြားတိုက်လေယာဉ်တစ်စင်းသည် ပျံသန်းနေသော မိစ္ဆာအုပ်စု၏ အရှိန်ပြင်းထန်စွာ တိုက်မိခြင်းကို ခံလိုက်ရသည်။ သိပ်သည်းလွန်းသော ထိုအုပ်စုကြီးကြောင့် တိုက်လေယာဉ်သည် လေထဲတွင်ပင် ပေါက်ကွဲချိန်မရဘဲ အပိုင်းပိုင်းပြတ်တောက်သွားရသည်။
“ထိုးဖောက်ကြ”
“သတိထား…. ရှေ့မှာ နောက်ထပ်တစ်ခု ရှိသေးတယ်”
ဆက်သွယ်ရေးလိုင်းထဲတွင် အနောက်မှ ပိုင်းလော့၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။
“ကပ္ပတိန်... မင်းလေယာဥ်တောင်ပံ မီးလောင်နေပြီ”
ချန်ဖုန်းက ကွန်ပြူတာကို ကြည့်လိုက်ရာ သတိပေးချက်မီးများအားလုံး လင်းထိန်နေသည်။ သူ၏ မျက်နှာအမူအရာက ခက်ထန်နေပြီး ရုတ်တရက်ပင် အလိုအလျောက်မီးငြှိမ်းသတ်သည့် စနစ်ကို ပိတ်ပစ်လိုက်ကာ နောက်ဆုံးကျန်ရှိနေသော ဒုံးကျည်ခလုတ်နှစ်ခုကို ဖွင့်လိုက်ပြီး အပေါ်ဘက်ရှိ အစိတ်အပိုင်းတစ်ခုကို ပစ်မှတ်ချိန်လိုက်သည်။
“နံပါတ် ၃... ကွပ်ကဲမှုကို လွှဲယူလိုက်တော့… အရှိန်လျှော့ထား… ငါ မင်းတို့အတွက် လမ်းရှင်းပေးမယ်”
“နေဦး... ကပ္ပတိန်”
ဝူး၊၊
အုန်း၊၊
နံပါတ် ၁ တိုက်လေယာဉ်သည် ရုတ်တရက် အရှိန်မြှင့်ကာ အပေါ်သို့ ထိုးတက်သွားပြီး အပေါ်ဘက်ရှိ တွဲလောင်းကျနေသော ဧရာမခြေထောက်ကြီးဆီသို့ ဒုံးကျည်နှစ်စင်း တိုက်ရိုက်ပစ်ခတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် မီးလောင်ကျွမ်းနေသော လေယာဉ်ကိုယ်ထည်သည် အစိတ်အပိုင်းသုံးခုကို ဝင်တိုက်ချေမှုန်းပြီး လေယာဉ်အုပ်စုအတွက် လမ်းကြောင်းတစ်ခုဖွင့်ပေးလိုက်သည်။
“မလုပ်နဲ့…”
နောက်ဘက်မှ ဝိုင်းရံပိတ်ဆို့မှုကို ဖောက်ထွက်လာသော နံပါတ် ၃ တိုက်လေယာဉ်သည် နံပါတ် ၁ တိုက်လေယာဉ်က ကောင်းကင်မှ ပြုတ်ကျလာသော ဥက္ကခဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို ကြည့်ရင်း ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး ကျန်ရှိသော တိုက်လေယာဉ်အုပ်စုကို ပြတ်သားစွာ ဦးဆောင်ကာ ဖောက်ထွက်လိုက်သည်။
ဝုန်းဝုန်း၊၊
တိမ်တိုက်များထဲမှ ကြောက်မက်ဖွယ်ကောင်းသော အမှောင်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး မြေပြင်နှင့် ဝေဟင်ပြင်တွင် သွေးနီရောင်လေဆင်နှာမောင်းတစ်ခုစတင်တိုက်ခတ်လာသည်။ ဟိန်းဟောက်နေသော ပြင်းထန်သည့် နီရဲသော မုန်တိုင်းသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ထိုအချိန်တွင်ပင် ပင်လယ်ဖိနှိမ်သင်္ဘော၏ ပင်မကွပ်ကဲခန်းအတွင်း သတိပေးချက်များ ဆက်တိုက်မြည်လာသည်။
“ဘာဖြစ်တာလဲ”
“အဲဒီမိစ္ဆာက စွမ်းအားတစ်ခုခုကို သုံးပြီး လေဆင်နှာမောင်းကို စတင်လိုက်တာပဲ”
အဖွဲ့သားတစ်ဦးက အစီရင်ခံလိုက်သည်။
“သတင်းပို့ပါတယ်… အရာဝတ္ထုအချို့ အောက်ကို ကျလာနေပါတယ်”
“မဟုတ်ဘူး… ဒါက အောက်ကို အပစ်ချခံရတာပဲ”
ဝူရှန်းကွမ်၏ မျက်နှာအနည်းငယ်တည်သွားပြီး သတင်းအချက်အလက်အရာရှိ ပြသထားသော ရေဒါစခရင်ကို မော့ကြည့်လိုက်ရာ လင်းထိန်နေသော အစက်အပြောက်များက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းလုမတတ်ဖြစ်နေသည်ကို မြင်လိုက်ရသည်။
“အဲဒီ S-Class က တိမ်တိုက်တွေထဲကနေ မိစ္ဆာကောင်တွေကို အောက်ကို ပစ်ချနေတာလား”
မြေပြင်တွင် တာလို့၊ ရှုချင်းနှင့် အခြားသူများသည် သည်းထန်စွာ ရွာသွန်းနေသော မိစ္ဆာမိုးကို ခေါင်းမော့ကြည့်လိုက်ကြသည်။ ကောင်းကင်ပြင်တွင် ဆူနာမီအလား မိစ္ဆာလှိုင်းလုံးကြီးသည် လေယာဉ်အုပ်စုနှင့် မြေပြင်အခြေစိုက်ကာကွယ်ရေးစနစ်များဆီသို့ ဆင်းသက်လာသည်။
“ဒီကောင်က အကောင်ပေါက်တွေ အများကြီးထုတ်နိုင်တာလား။ ဒီလောက်တောင် များတာလား”
လုချန်က အံ့အားသင့်ကာ ဆွံ့အသွားသည်။ မိစ္ဆာလှိုင်းလုံးကြီး ကောင်းကင်မှ ကျဆင်းလာသည်နှင့်အမျှ အသက်ရှူကျပ်မတတ် ဖိအားများက တိုက်ရိုက်သက်ရောက်လာသည်။
ထိုစဉ် မြေပြင်မှ ပြင်းထန်သော လေပြင်းတစ်ချက် ရုတ်တရက်တိုက်ခတ်လာပြီး သွေးနီရောင်နှင့်အတူ လိပ်တက်လာသောသဲများနှင့် ဖုန်မှုန့်များသည် ဧရာမတိုင်လုံးကြီးတစ်ခုအဖြစ် ကောင်းကင်သို့ ဝှေ့ယမ်းတက်သွားသည်။
“ဒါက ဘာကြီးလဲ”
ဆုတ်ခွာရန် ပြင်ဆင်နေသော ရှုချင်းနှင့် အနန္တအဖွဲ့သားများ နောက်သို့ လှည့်ကြည့်လိုက်ရာ ကျောက်တုံးနီလျှိုမြောင်ကြီး၏အထက် လေထဲတွင် ရူးသွပ်စွာ ကခုန်နေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
“တောင့်ခံထား”
လိပ်တက်နေသော ဧရာမတိမ်တိုက်ကြီး၏ နောက်ကွယ်တွင် ကျန်းယွမ်သည် အရေးမပါသော ဖုန်မှုန့်ကလေးတစ်ခုကဲ့သို့ ပေါ်လာသော်လည်း ထိုတိမ်တိုက်ကြီးသည် သူ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေပြီး ကောင်းကင်သို့ ပြင်းထန်စွာ တိုက်ခတ်သွားသည်။
ဘန်း ဘန်း အုန်း၊၊
တစ်ချိန်တည်းမှာပင် မုန်တိုင်းဒဏ်သင့်နေသော လွင်ပြင်ကျယ်ကြီးပေါ်တွင် ဘုံမဟာမိတ်ယာဉ်တန်း၏ ပစ်ခတ်မှုသံများ ဟိန်းထွက်နေပြီး မိစ္ဆာလှိုင်းလုံးကြီးကို သွေးချောင်းစီးလမ်းကြောင်းတစ်ခုအဖြစ် ဖြတ်ကျော်နေသည်။
“နောက်ဆုံးတော့ ရောက်လာပြီပဲ”
လဲ့ကျန်းက ကားထဲတွင် ထိုင်ရင်း ပြတင်းပေါက်ဘက်သို့ စောင်းကာ ကောင်းကင်ကို ကြည့်ပြီး ညည်းညူလိုက်သည်။
“ဖာ့ခ်… အချိန်ကိုက်ပဲ”
“ဟင်… မဟုတ်သေးဘူးလေ ဘော့စ်၊၊ ဘာကအချိန်ကိုက်တာလဲ”
ထိတ်လန့်နေသော အဖွဲ့သားက အော်ပြောသည်။
“သေဖို့” လဲ့ကျန်းက အော်ဟစ်လိုက်သည်။
“ကျည်ဆန်တွေ ချွေတာမနေနဲ့ တောင့်ခံထား”
ကောင်းကင်ယံအမြင့်တွင် ကောင်းကင်အမိုးခုံးရထား၏ ကုန်းပတ်ပေါ်၌ မိုးပျံမိစ္ဆာကောင်များ ဖုံးလွှမ်းနေသည်။ ၁၁၃၀ မှာ ကျည်ဆန်ကုန်သွားပြီဖြစ်ပြီး လျှပ်စစ်သံလိုက်အမြောက်များက ကောင်းကင်သို့ ဆက်တိုက်ပစ်ခတ်နေသည်။ ကုန်းပတ်ပေါ်တွင် နန်ကျင်း၊ ချီလီ၊ မိုနီကာနှင့် ရူဂျီတို့က သူတို့၏ စွမ်းအားအားလုံးကို ထုတ်သုံးနေကြသည်။ နန်ကျင်းသည် မိစ္ဆာအုပ်စု၏ ဝိုင်းရံခြင်းကို ခံထားရသော်လည်း နောက်တစ်စက္ကန့်တွင် ခရမ်းရောင်အလင်းတန်းများပေါက်ကွဲထွက်လာပြီး အမြောက်ကြီးကဲ့သို့ ပြင်းထန်သော အသံလှိုင်းလက်သီးချက်ကြောင့် ထူးဆန်းသည့် သတ္တဝါအချို့မှာ သွေးမြူအဖြစ် ပြောင်းလဲသွားသည်။ သူမ၏ ခန္ဓာကိုယ်က လျင်မြန်စွာ ကြီးထွားလာပြီး ဧရာမ အမှောင်စွမ်းအင်လှိုင်းများ ပဲ့တင်ထပ်ကာ သူမ၏ နာနိုမီတာတိုက်ပွဲဝတ်စုံကလည်း ကြီးထွားလာသော ခန္ဓာကိုယ်အလိုက် လျင်မြန်စွာ ပြောင်းလဲပေးနေသည်။
“အကောင်တွေက အများကြီးပဲ၊၊ အကုန်သတ်လို့ မနိုင်တော့ဘူး၊၊ တိမ်တိုက်ထဲက S-Class ကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုခုရှာရမယ်”
ဝှစ်… ရွှေရောင်အလင်းတန်းတစ်ခုဖြတ်သန်းသွားပြီး ချီလီက သင်္ဘောမျှော်စင်တွင် ပေါ်လာကာ ကျယ်လောင်စွာ ပြောလိုက်သည်။
“ဒီမိစ္ဆာက ပင်လယ်ကျောက်ဆောင်ကျွန်းမှာ ငါတို့ကြုံခဲ့ရတဲ့ အသိုက်လိုပဲ။ ဒီလောက် အကောင်လေးတွေ အများကြီးထုတ်ပေးနိုင်တာကတော့ မလွယ်ကူတဲ့ကိစ္စပဲ”
“စကားများမနေနဲ့”
မိုနီကာသည် ကောင်းကင်တံတား၏ အလယ်တွင် ရပ်နေပြီး သူမ၏ အသံလှိုင်းဓားကို အရပ်မျက်နှာအနှံ့ ဆက်တိုက်ပစ်ခတ်နေသည်။ သူမ တိုက်ခိုက်နေသည်မှာ ငါးနာရီကျော်ရှိပြီဖြစ်၍ မျက်နှာက ဖြူလျော်စပြုလာလေပြီ၊၊ ရှီဇီ၏ အထောက်အပံ့သာ မရှိလျှင် သူတို့အားလုံး မတ်တပ်ရပ်နိုင်ကြတော့မည် မဟုတ်ချေ။
“ရှီဇီ... ငါတို့ ဒီမှာကြာကြာမတောင့်ခံနိုင်တော့ဘူး၊ အခန်းထဲကို ဆုတ်ခွာဖို့ ပြင်ဆင်တော့”
မိုနီကာက သူမ၏ နောက်ရှိ ရှီဇီကို ပြောလိုက်သည်။
ရှီဇီက ခေါင်းညိတ်ပြလိုက်သော်လည်း သူမ၏ လက်ထဲမှ အစိမ်းရောင်လှိုင်းလုံးများမှာ အားပျော့သွားခြင်းမရှိချေ။ သူမ၏ စွမ်းအားဝတ်စုံအတွင်းတွင် မျက်နှာတစ်ခုလုံးချွေးရွှဲနေသော်လည်း အံကြိတ်ကာ အောင့်ခံထားသည်။
ဘန်း ဘန်း၊၊
ထိုစဉ် သင်္ဘော၏ ဘေးဘက်အပြင်တွင် နက်မှောင်သော သတ္တုစီးကြောင်းအချို့က ပြောင်းပြန်စီးဆင်းလာသည်။ ရူဂျီက သင်္ဘောဦးတွင် လေထဲ၌ ရပ်နေပြီး လွှမ်းမိုးနေသော မိစ္ဆာအုပ်စုကြီးကို တိုက်ရိုက်ရင်ဆိုင်လိုက်သည်။ သူက လေထဲတွင် သတ္တုစီးကြောင်းများကို ပေါင်းစပ်ကာ အချင်းမီတာတစ်ရာကျော်ရှိသော ဧရာမသတ္တုကြိတ်စက် ၈ခုကို ဖန်တီးလိုက်ပြီး လေထဲတွင် ဧရာမလွှဝိုင်းကြီးများကဲ့သို့ လည်ပတ်စေသည်။ ကြိတ်စက်များ၏ လွှသွားအစွန်းများက မိစ္ဆာအုပ်စုကို ဖြတ်တောက်လိုက်ရာ အမည်းရောင်သွေးများသည် ရေတံခွန်ကဲ့သို့ ကျဆင်းလာပြီး အကြီးဆုံးမိစ္ဆာအုပ်စုကြီးကို အတင်းအကျပ်ပိတ်ဆို့လိုက်သည်။
“ငါတို့ အကန့်အသတ်ကို ရောက်တော့မယ်၊၊ လေယာဉ်အုပ်စုထဲက တိုက်လေယာဉ် တော်တော်များများပျက်ကျကုန်ပြီ”
ပင်မကွပ်ကဲခန်းတွင် ရှားရှားသည် လျင်မြန်စွာ မောင်းနှင်နေပြီး မျက်နှာတစ်ခုလုံးဖြူလျော်နေသည်။
“သေစမ်း… ဂြိုလ်ပတ်လမ်းကြောင်းတုန်ခါကြယ်အမြောက်က အပူလွန်ကဲနေပြီ၊၊ အအေးခံဖို့ လိုအပ်တယ်”
“နောက်ထပ်နည်းနည်းလောက် ထပ်စောင့်ပါဦး...”
ချန်ဆီရွှမ်က သူမ၏ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ အောက်ဘက်ရှိ လိပ်တက်နေသော တိမ်တိုက်များသည် အပေါ်သို့ တက်လာခဲ့ပြီဖြစ်ပြီး ပြင်းထန်သော မုန်တိုင်းများသည် ကောင်းကင်တစ်ခုလုံးကို ညမှောင်ကျနေသကဲ့သို့ လုံးဝဖုံးလွှမ်းသွားသည်။ မိုနီကာနှင့် အခြားသူများသည် သူတို့အပေါ်သို့ ကျဆင်းလာသော မိစ္ဆာစီးကြောင်းကြီးကိုသာ မြင်တွေ့နိုင်ပြီး အသက်ရှူရန်ပင် အခွင့်အရေးမရှိကြချေ။
လွှမ်းမိုးနေသော မိစ္ဆာလှိုင်းလုံးကြီးက လေယာဉ်အုပ်စုကို ဝါးမျိုလုဆဲဆဲအချိန်တွင်ပင် ဖြူဖွေးတောက်ပသော မီးတိုင်ကြီးတစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်။
“နတ်ဘုရားကောင်းကင်လောင်ကျွမ်းခြင်းမီးတောက်”