ရှေ့ဆက်မည့်လမ်းကို အလင်းပြခြင်း (၃)
Vol. 73 Ch. 1151
မည်းမှောင်နေသော ကောင်းကင်ကြီးသည် ထိုဖြူဖွေးတောက်ပသော မီးတိုင်ကြီးကြောင့် မီးစွဲလောင်သွားပြီး မီတာသောင်းချီရှိသော တိမ်တိုက်များပေါ်တွင် မီးတောက်ကြီးများ လောင်ကျွမ်းကာ ကောင်းကင်ပြင်တစ်ခုလုံးကို လင်းထိန်သွားစေသည်။ အပူလှိုင်းများသည် ကျန်းယွမ်၏ လေဆင်နှာမောင်းနှင့် ထိတွေ့မိသောအခါ မုန်တိုင်းက မီးနဂါးလေဆင်နှာမောင်းအဖြစ် ကောင်းကင်သို့ ပျံတက်သွားပြီး နက်မှောင်သော ဒီရေကဲ့သို့ မိစ္ဆာအုပ်စုကို ဖရိုဖရဲဖြစ်သွားစေရာ မရေတွက်နိုင်သော ထူးဆန်းသည့်သတ္တဝါများသည် မီးလောင်ကျွမ်းလျက် ကြယ်အပိုင်းစများကဲ့သို့ ကျဆင်းလာသည်။
“ဂျစ် ဂျစ်... တောင်းပန်ပါတယ်… မီးနတ်ဘုရား နည်းနည်းနောက်ကျသွားတယ်”
လုရှင်းချန်သည် မီးတောက်များကြားမှ ဖြတ်သန်းလာပြီး ဆက်သွယ်ရေးကိရိယာထဲတွင် သူ၏ အသံက တစ်ပြိုင်နက်တည်းထွက်ပေါ်လာရာ ချန်ဆီရွှမ်၏ မျက်နှာအမူအရာက ချက်ချင်းပင် တောက်ပသွားသည်။ ထိုအချိန်တွင် ရှားရှားက ရုတ်တရက် အော်ဟစ်လိုက်သည်။
“အစ်မချန်... မြန်မြန်ကြည့်ဦး”
သူတို့နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း မတ်တပ်ရပ်လိုက်ကြပြီး ကုန်းပတ်ပေါ်ရှိ မိုနီကာနှင့် အခြားလေးဦးအပါအဝင် အားလုံးက S-Class မွန်းစတားရှိရာ အရပ်မျက်နှာဆီသို့ လှည့်ကြည့်လိုက်ကြသည်။
ကောင်းကင်ယံတွင် မီးတောက်ကြီးများ လောင်ကျွမ်းနေစဉ် အပူလှိုင်းများနှင့် ကျန်းယွမ်၏ လေဆင်နှာမောင်းကြောင့် ကြက်သွေးရောင်တိမ်တိုက်ကြီးအတော်များများလွင့်စင်သွားခဲ့သည်။ ထိုအခါမှသာ တိမ်တိုက်ထဲတွင် ပုန်းအောင်းနေပြီး မရေတွက်နိုင်သောခြေထောက်များ အောက်သို့တွဲလောင်းကျနေသည့် မိစ္ဆာကောင်ကြီး၏ ကြောက်မက်ဖွယ်ပုံသဏ္ဌာန်မှာ လူတိုင်း၏ မြင်ကွင်းထဲသို့ ဖြည်းညည်းစွာ ပေါ်ထွက်လာတော့သည်။
တိမ်တိုက်အလွှာအတွင်းမှ ဧရာမအမည်းရောင်ကျွန်းကြီးတစ်ခုသည် လူတိုင်း၏ မြင်ကွင်းထဲသို့ ဖြည်းဖြည်းချင်းပေါ်လာသည်။ ပင်လယ်ဖိနှိမ်သင်္ဘော၏ ကွပ်ကဲခန်းအတွင်းရှိ င်တပ်မှူးများသည် ပင်မမော်နီတာကြီးကို ကြည့်ရင်း တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်လိုက်ကြသည်။ မော်နီတာပေါ်တွင် မြင်တွေ့နေရသည်မှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး တိမ်တိုက်ထဲမှ အနည်းငယ်ထွက်ပေါ်လာသော အမည်းရောင်အရာဝတ္ထုကြီး ဖြစ်သည်။ ၎င်းသည် လေထဲရှိ အလွန်ကြီးမားသော လင်ဗန်းပြားကြီးနှင့်တူပြီး ၎င်း၏အချင်းမှာ ကီလိုမီတာအတော်များများရှိကာ လေထဲတွင် ပျံဝဲနေသော UFO ကျွန်းကြီးတစ်ခုနှင့် တူလှသည်။
ထိုကျွန်းကြီးတစ်ခုလုံးမှာ ကတ္တရာစေးကဲ့သို့ နက်မှောင်နေပြီး ၎င်း၏အောက်တွင် ပုတီးသီထားသော လိုက်ကာများကဲ့သို့ ကောက်ကွေးနေသည့် ခြေထောက်ပေါင်းများစွာမှာ အောက်သို့ တွဲလောင်းကျနေသည်။ ခြေထောက်တစ်ချောင်းချင်းစီမှာ မီတာတစ်ထောင်ကျော် ရှည်လျားပြီး မိုးကုတ်စက်ဝိုင်းဆီသို့ ဦးတည်ဝှေ့ယမ်းနေကြသည်။
မြေပြင်ပေါ်ရှိ ဘုံမဟာမိတ်နှင့် အနန္တမဟာမိတ်အဖွဲ့မှ လူတိုင်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ထိတ်လန့်တုန်လှုပ်စွာဖြင့် အသက်ရှူမှားမတတ်ဖြစ်သွားကြသည်။ လေထုထဲရှိ ထူးဆန်းသော မိစ္ဆာကောင်ကြီးဆီမှ ထွက်ပေါ်လာသည့် ခြောက်ခြားဖွယ်ရာ ဖိအားကြောင့် စကားလုံးဖြင့် ဖော်ပြ၍မရနိုင်သော အကြောက်တရားများကို ခံစားလိုက်ရပြီး လူတို့၏ စိတ်အာရုံများကို လျင်မြန်စွာ ပျက်ပြားသွားစေသည်။
မာရှောင်ထန်း ကောင်းကင်ကို ပါးစပ်အဟောင်းသား ငေးကြည့်ရင်း လွှတ်ခနဲ ပြောလိုက်သည်။
“ဒါ... ဒါကြီးက ဧရာမ စုတ်တံကြီးနဲ့ တူလိုက်တာ”
ရှုချင်းက ခပ်အေးအေးပင် ဝင်ပြောလိုက်သည်။ “ဒီအရာက အပြာရောင်ဂြိုလ်ရဲ့ ပုံမှန်မွန်းစတားမိစ္ဆာတွေနဲ့ မတူတော့ဘူး။ စုပေါင်းပေါင်းစပ်ထားတဲ့ အရာတစ်ခုနဲ့ ပိုတူတယ်”
ပင်လယ်ဖိနှိမ်ခြင်းသင်္ဘောပေါ်တွင် ဝူရှန်းကွမ်သည်လည်း မော်နီတာပေါ်ရှိ ကြောက်မက်ဖွယ်ပုံရိပ်ကို ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
“ပင်မအမြောက်တွေ အကုန်လုံးပစ်မှတ်ချိန်… X3 ဒေါင်ဖန်းဒုံးကျည်နဲ့ ကန့်သတ်ချက်တွေကို ချိန်ညှိပြီး ပစ်ခတ်ဖို့ ပြင်ဆင်ကြ”
တီ တီ တီ၊၊
ပင်လယ်ဖိနှိမ်သင်္ဘော၏ ဒုံးကျည်ပစ်စင်များ ဖြည်းဖြည်းချင်းပွင့်လာပြီး ဧရာမ စစ်စိမ်းရောင် ဒုံးကျည်ကြီးတစ်ခုက ၎င်း၏ အရှိန်အဝါကို စတင်ပြသလာတော့သည်။
ကောင်းကင်အမိုးခုံးရထား၊၊ ကွပ်ကဲခန်း။
“အစ်မချန်... ညီမတို့ ဘယ်နေရာကို ပစ်မှတ်ထားရမလဲ” ရှားရှား ခဏမျှ ကြောင်အသွားသည်။
ချန်ဆီရွှမ်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူတို့၏ မူလအစီအစဉ်မှာ ဤလေထုထဲရှိ သတ္တဝါ၏ အစစ်အမှန်ပုံသဏ္ဌာန်ကို အရင်ဆုံးပေါ်လာအောင်လုပ်ပြီးနောက် အာကာသအခြေစိုက်လက်နက်များကို ကောင်းကင်အမိုးခုံးရထား၏ ကြယ်အမြောက်နှင့် ပေါင်းစပ်ကာ မွန်းစတား၏ ခေါင်းကို တိုက်ရိုက်ချေမှုန်းရန်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် မိုးကြိုးတပ်ဖွဲ့ကလည်း အုပ်စုလိုက် ပစ်ခတ်ရန်ဖြစ်သည်။ သို့သော် အခု ဤကျွန်းကြီးကဲ့သို့ မိစ္ဆာကောင်ကြီးဖြစ်နေသည်… သူ့ခေါင်းက ဘယ်နားမှာလဲ။
ကောင်းကင်တွင် ကျန်းယွမ်၏ မျက်ဝန်းများအနည်းငယ်စူးရှသွားသည်။ ဆက်သွယ်ရေးလိုင်းထဲတွင် သူက ပြောလိုက်သည်။
“လေပြန်တိုက်လာပြီ။ သူက အန္တရာယ်ကို သေချာပေါက်ခံစားနေပြီပဲ။ ဒါက အကောင်းဆုံးအခွင့်အရေးပဲ။ အခုပဲ လှုပ်ရှားတော့… ကပ္ပတိန်ချန်”
“ပစ်ကြ”
အကောင်းဆုံးအချိန်ကို လွတ်သွားမည်ကို စိုးရိမ်သဖြင့် ချန်ဆီရွှမ်သည် ပြတ်သားစွာ ရွေးချယ်လိုက်ရတော့သည်။
တစ်ခဏအတွင်းမှာပင် ကျန်းယွမ်က လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လိပ်တက်နေသော တိမ်တိုက်များက အပေါ်သို့ ထိုးတက်သွားပြီး အခွင့်အရေးကို အရယူလိုက်သည်။ ကောင်းကင်အမိုးခုံးရထားပေါ်ရှိ ကြယ်အမြောက်နှင့် ပင်လယ်ဖိနှိမ်သင်္ဘောမှ ထွက်ပေါ်လာသော လျှပ်စစ်အမှုန်တန်းအမြောက်တို့က မီးလျှံစီးကြောင်းတစ်ခုအဖြစ် ပေါင်းစပ်သွားပြီး ကြက်သွေးရောင် တိမ်တိုက်မြူခိုးများကို ဖြတ်သန်းကာ ထူးဆန်းသော အမည်းရောင်အချပ်ပြားသဏ္ဌာန်ကြီးကို တိုက်ရိုက်ထိမှန်သွားသည်။ မျှော်လင့်ထားသည့်အတိုင်း ထိမှန်သွားသည့် စက္ကန့်ပိုင်းအတွင်းမှာပင် ထိုအမည်းရောင်ကျွန်းပြားကြီး၏ အပြင်ဘက်တွင် ကြည်လင်သည့်အနီရောင် ဧရာမစွမ်းအင်ဒိုင်းတစ်ခု ချက်ချင်းပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်အမိုးခုံးတိုက်သင်္ဘောမှ အဖြူရောင်ဒုံးကျည်တစ်စင်းက ဝေဟင်သို့ ဟိန်းဟောက်ကာ ပျံတက်သွားပြီး အမည်းရောင်ကျွန်းပြားကြီး၏ ရှေ့မှောက် ဝေဟင်အမြင့်ကို ဖြတ်သန်းသွားသည်။ Vector လျှပ်လှိုင်းက ရုတ်တရက် ဒေါင်လိုက်လမ်းကြောင်းပြောင်းလဲလိုက်ရာ ဒုံးကျည်၏ အောက်ခြေမှ ကြာပွင့်ဖတ်ကဲ့သို့ စွမ်းအင်စုစည်းမှုစနစ် ၆ခုပွင့်ထွက်လာသည်။ အလယ်ဗဟိုရှိ အူတိုင်က စတင်လည်ပတ်ပြီး စူးရှသော အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ သန့်စင်သောစွမ်းအင်စီးကြောင်းက ပင်မအမြောက်အလင်းတန်း လောင်ကျွမ်းနေသည့် နေရာသို့ စုစည်းသွားပြီး ဓားတစ်စင်းကဲ့သို့ ထိုအမည်းရောင်ကျွန်းပြားကြီး၏ အလယ်ဗဟိုကို ဖြတ်သန်းကာ ဇီဝစွမ်းအင်ဒိုင်းကို ထိုးဖောက်သွားတော့သည်။
“ထိုးဖောက်နိုင်တဲ့နေရာကို ရှာတွေ့ပြီ။ ပစ်ကြ”
ပင်လယ်ဖိနှိမ်သင်္ဘောပေါ်တွင် ဝူရှန်းကွမ်က ပြတ်သားစွာ အမိန့်ပေးလိုက်ရာ တစ်ခဏအတွင်းမှာပင် တပ်ဖွဲ့တစ်ခုလုံးက ပစ်ခတ်လိုက်ကြသည်။ ဒေါင်လိုက်ပစ်ခတ်မှုစနစ် အခန်းတံခါးများအားလုံး ဟိန်းဟောက်ကာ ပွင့်သွားပြီး Cruise ဒုံးကျည်ရာပေါင်းများစွာ၏ အမြီးပိုင်းမှ တစ်ပြိုင်နက်တည်း မီးပွင့်လာကာ ဧရာမဒုံးကျည်ကြီးက ကောင်းကင်သို့ အရှိန်ပြင်းပြင်း ပျံတက်သွားသည်။
မကြာမီမှာပင် ဒုံးကျည်များ၊ အလင်းတန်းများ၊ ပလာစမာအမြောက်များနှင့် အလင်းရောင်များက ကောင်းကင်ပြင်ကို လင်းထိန်သွားစေပြီး ထိုထူးဆန်းသော အမည်းရောင်ကျွန်းပြားကြီးဆီသို့ သိပ်သည်းစွာ စုပြုံတိုက်ခိုက်လိုက်ကြသည်။
အုန်းးး
ပြင်းထန်သော ပေါက်ကွဲမှုများက အမည်းရောင်ကျွန်းပြားကြီး၏ မျက်နှာပြင်အနှံ့ပေါက်ကွဲထွက်လာသည်။ ထိုအချိန်တွင် လူတိုင်းက ၎င်း၏အောက်ရှိ ရေတွက်၍မရနိုင်သော တွဲလောင်းကျနေသည့် ခြေထောက်များ ရူးသွပ်စွာ ဝှေ့ယမ်းနေသည်ကို မြင်လိုက်ရပြီး အနီရောင်ဇီဝစွမ်းအင်ဒိုင်းမှာလည်း ဆက်တိုက်တုန်ခါနေသည်။ ထိုစဉ်မှာပင် X3 ဒေါင်ဖန်းဒုံးကျည်က အရှိန်မြှင့်ကာ ရောက်ရှိလာခဲ့သည်။
နောက်တစ်စက္ကန့်တွင် အကြွင်းမဲ့လုံးဝန်းသော အဖြူရောင်မီးတောက်ကြီးတစ်ခု ကောင်းကင်တွင် လင်းထိန်သွားပြီး အမြောက်သံများက ရုတ်တရက်ပျောက်ကွယ်သွားသလိုပင်၊၊ အစပိုင်းတွင် စူးရှသောအလင်းတန်းက ကမ္ဘာမြေပြင်ကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားစေပြီးနောက် နဂါးတစ်ကောင် ဟိန်းဟောက်လိုက်သကဲ့သို့ အသံကြီးထွက်ပေါ်လာခဲ့သည်။
ဘုန်းးး
ပေါက်ကွဲမှုလှိုင်းက ဘေးပတ်ပတ်လည်သို့ ရိုက်ခတ်သွားပြီး ကီလိုမီတာရာချီကျယ်ဝန်းသော တိမ်တိုက်များကို ဖရိုဖရဲဖြစ်သွားစေကာ သွေးနီရောင်မြူများကို အလွှာလိုက်လွင့်စင်သွားစေသည်။
နက်မှောင်သော မိစ္ဆာလှိုင်းလုံးကြီးက မီးရှူးမီးပန်းများကဲ့သို့ အပြင်ဘက်သို့ လွင့်စင်သွားပြီး ၎င်းတို့၏ ဇီဝစွမ်းအင်ဒိုင်းမှာလည်း တစ်ခဏအတွင်း အက်ကွဲပျောက်ကွယ်သွားကာ ထိုနေရာတွင်ပင် အငွေ့ပျံသွားကြသည်။
လူတိုင်းက စူးရှလွန်းသော အလင်းတန်းကြောင့် သူတို့၏ မျက်လုံးများကို ကာလိုက်ကြပြီး မိနစ်ဝက်ခန့်ကြာပြီးနောက်တွင်မှ ကမ္ဘာကြီးက နားအူသံများကြားမှ တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာသည်။
ကောင်းကင်အမိုးခုံးရထား၏ ကုန်းပတ်ပေါ်တွင် အပူဒဏ်ခံပြားများ ဖြည်းဖြည်းချင်းပြန်လည်ဆင်းသက်သွားပြီး ၎င်းတို့၏ နောက်ကွယ်တွင် ချီလီက သူ၏ လက်များကို ချလိုက်ကာ ကောင်းကင်ရှိ ဧရာမ မီးလုံးကြီးကို ကြည့်ရင်း နှုတ်ခမ်းသပ်ကာ ပြောလိုက်သည်။
“အလတ်စား နျူကလီးယားလက်နက်ဖြစ်ပေမဲ့ အနီးကပ်ကြည့်ရတာတော့ တကယ်ကို အံ့ဖွယ်အတွေ့အကြုံပဲ”
“အာ့တာကြီးက ပြီးသွားပြီလား”
နန်ကျင်းက ချက်ချင်းပင် ရှီဇီဘက်သို့ လှည့်မေးလိုက်သည်။