ရှေ့ဆက်မည့်လမ်းကို အလင်းပြခြင်း (၄)
Vol. 73 Ch. 1152
Chapter
ရှီဇီက မိုနီကာ၏ အကာအကွယ်အောက်တွင်ရှိနေသော်လည်း အဖွဲ့သားများကို အမှောင်စွမ်းအင်မှ ကာကွယ်ရန် သူမ၏ စွမ်းအားကို ဆက်လက်ထုတ်သုံးနေဆဲပင်၊၊
“မ... မပြီးသေးဘူး”
ရှီဇီကက တုန်ရီနေသောအသံဖြင့် ပြောလိုက်သည်။
“သူ့ရဲ့ အရှိန်အဝါက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနေတုန်းပဲ။ ကျွန်မ ခံစားနေရတယ်... သူ ဒေါသထွက်နေပြီ”
“ဘာ” မိုနီကာ၏ မျက်ဝန်းများ အေးစက်သွားပြီး သူမ၏ အကြည့်က ခက်ထန်သွားသည်။
ဧရာမ မီးလုံးကြီးရှိခဲ့သည့် နေရာတွင် နီရဲနေသော ဇီဝစွမ်းအင်ဒိုင်းက တစ်ချက်တစ်ချက်ပြန်လည်တောက်ပလာသည်။ မိုနီကာက သူမ၏ မျက်လုံးများကို မှေးလိုက်ရင်း “မဖြစ်နိုင်တာ။ ဘယ်လိုလုပ် ဒီလောက်မြန်မြန်ပြန်ကောင်းလာရတာလဲ”
ချီလီလည်း အလားတူပင် ဇဝေဇဝါဖြစ်သွားပြီး ရေရွတ်လိုက်သည်။
“ဟုတ်တယ်၊၊ ဒီလောက် ပြင်းထန်တဲ့ စွမ်းအားနဲ့တောင် သူ့ရဲ့ စွမ်းအင်ဒိုင်းကို မဖျက်ဆီးနိုင်ဘူးလား”
“မဟုတ်ဘူး… ဟိုမှာကြည့်”
နန်ကျင်းက သူမ၏ လက်ကို မြှောက်ကာ ညွှန်ပြလိုက်သည်။ ထိုအချိန်တွင် ကောင်းကင်ရှိအလင်းများမှာ လျော့ပါးသွားပြီး အမည်းရောင်ကျွန်းပြားကြီး၏ ပုံသဏ္ဌာန်က တဖြည်းဖြည်းပြန်လည်ထင်ရှားလာသည်။ ၎င်းသည် အခုအချိန်တွင် ဧရာမ ကျွန်းကြီးတစ်ခုနှင့် တူနေပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ဝက်ခန့်မှာ မီးတောင်ဝကဲ့သို့ လောင်ကျွမ်းနေသည့် နီရဲသော အစက်အပြောက်များ ထွက်ပေါ်နေကာ အသားတုံးကြီးတစ်ခုကို အတင်းအကျပ် ဖဲ့ထုတ်လိုက်ရသကဲ့သို့ ဧရာမကွက်လပ်ဖြစ်နေသော အပေါက်ကြီးတစ်ခုဖြစ်ပေါ်နေသည်။
“သတင်းပို့ပါတယ်… ပစ်မှတ်ကို မချေမှုန်းနိုင်သေးပါဘူး”
ပင်လင်ဖိနှိမ်သင်္ဘောပေါ်တွင် ဝူရှန်းကွမ်သည် သတင်းအချက်အလက်အရာရှိ၏ အစီရင်ခံစာကို နားထောင်ရင်း မော်နီတာဆီသို့ လေးနက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။
“နျူကလီးယားကို စုပ်ယူပြီး စွမ်းအင်ခုခံမှုစနစ်က အမြန်ပြန်အားကောင်းလာတာလား”
“တပ်မှူး...”
“ဖျက်ဆီးနိုင်စွမ်းက တစ်ဝက်တောင်မရှိဘူး။ ဒီအရာက နျူကလီးယားစွမ်းအင်ကို စုပ်ယူလိုက်တာပဲဖြစ်ရမယ်။ အခု စွမ်းအင်ဒိုင်းက ထပ်ပြီးကျယ်ပြန့်လာတုန်းပဲ”
ဝူရှန်းကွမ်က ချက်ချင်းပင် စဉ်းစားကာ အမိန့်ပေးလိုက်သည်။
“အမြန်လေး… ဒုတိယအကြိမ် အုပ်စုလိုက်ပစ်ခတ်ဖို့ ပြင်ဆင်ကြ”
ကောင်းကင်အမိုးခုံးရထားပေါ်တွင် ချန်ဆီရွှမ်သည် ဖြူဖျော့ဖျော့မျက်နှာဖြင့် ထိုမြင်ကွင်းကို ကြည့်နေသည်။ သူတို့အနေဖြင့် အစီအစဉ်စတင်ကတည်းက နျူကလီးယားစုပ်ယူမှုပြဿနာကို ကြိုတင်တွေးဆထားခဲ့သည်။ ဤသည်မှာ ဖီးနစ်၏ အများသဘောတူချက်ဖြစ်သော်လည်း တိမ်တိုက်ထဲက မိစ္ဆာကောင်က အချိန်အတော်ကြာနှောင့်ယှက်နေပြီး ပုန်းအောင်းရာတွင် ကျွမ်းကျင်သဖြင့် ပင်မတပ်ဖွဲ့များကို အကြီးအကျယ်ဒုက္ခပေးနေခဲ့သည်။ ထို့ကြောင့် သူတို့သည် အဆိပ်ကို အဆိပ်ဖြင့်တိုက်သည့် နည်းလမ်းကို သုံးကာ ပြင်းထန်သောနည်းလမ်းဖြင့် ၎င်းကို လျင်မြန်စွာ ချေမှုန်းရန် ဆွေးနွေးခဲ့ကြသည်။ အခြားသော သန္ဓေပြောင်းသတ္တဝါများက နျူကလီးယားစွမ်းအင်ကို စုပ်ယူလျှင်ပင် ဒုတိယမြောက် S-Class တစ်ကောင်ပေါ်မလာသရွေ့ အောင်မြင်သည်ဟု သတ်မှတ်နိုင်ပေသည်။
သို့သော် သူတို့ မမျှော်လင့်ထားသည်မှာ ထိုမိစ္ဆာကောင်သည် နျူကလီးယားပေါက်ကွဲမှု၏ ဒဏ်ကို ထိပ်တိုက်တောင့်ခံနိုင်ခဲ့ပြီး နျူကလီးယားစွမ်းအင်ကို ချောမွေ့စွာ စုပ်ယူကာ ၎င်း၏ စွမ်းအင်ဒိုင်းကို ချဲ့ထွင်လိုက်ခြင်းပင် ဖြစ်သည်။ ၎င်းက နျူကလီးယားပေါက်ကွဲမှု စွမ်းအားအများစုကို ကာကွယ်လိုက်ပြီး အသက်ရှင်ကျန်ရစ်ခဲ့သည်။
“မသေသေးဘူး… ဘာလုပ်ကြမလဲ”
ရှားရှားက သူမ၏ ခေါင်းကို လှည့်ကာ မေးလိုက်သည်။ လူတိုင်း ဇဝေဇဝါဖြစ်နေစဉ်မှာပင် ပြင်းထန်သော လျှပ်စစ်သံလိုက်လှိုင်းများကြားမှ အသံတစ်ခုက တဖြည်းဖြည်းပြတ်သားစွာ ထွက်ပေါ်လာသည်။
“အားလုံးပဲ… အရှေ့ကို ထိုးဖောက်ကြ…. ဒီမိစ္ဆာကောင်က နောက်ဆုံးအနေနဲ့ အသေအလဲရုန်းကန်တော့မှာသေချာတယ်”
အုန်း၊၊
ကောင်းကင်အမြင့်တွင် နျူကလီးယားဗုံးကြောင့် ရှင်းလင်းသွားသော ကောင်းကင်မှာ ပြင်းထန်သောအပူချိန်များ ထွက်ပေါ်နေဆဲဖြစ်သည်။ ထိုစဉ် ကြက်သွေးရောင်တိမ်တိုက်များကြားမှ ဥက္ကာခဲတစ်ခုက ရုတ်တရက် ဆင်းသက်လာသည်။ လုရှင်းချန်သည် နီရဲသောကြယ်ပျံတစ်စင်းအဖြစ် ပြောင်းလဲကာ အောက်သို့ ထိုးဆင်းလာပြီး ကောင်းကင်ပြင်အနှံ့ မီးတောက်များကို ဖြန့်ကျက်ကာ နျူကလီးယားပေါက်ကွဲမှု မီးလုံးကြီးကို စုပ်ယူလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အမှောင်စွမ်းအင်နှင့် တိုက်ရိုက်ဓါတ်ရောင်ခြည်များကြောင့် သူ၏ မျက်ဝန်းများ နီရဲကာ သွေးထွက်မတတ်ဖြစ်နေသော်လည်း သူက လုံးဝဂရုမစိုက်ပေ၊၊ သူ၏ မျက်ဝန်းထဲတွင် ပြင်းထန်သော တိုက်ပွဲဝင်စိတ်များသာရှိနေသည်။ သူက လက်နှစ်ဖက်ကို မြှောက်လိုက်ရာ သူ၏ နောက်ဘက်ရှိ မီးလျှံစက်ဝိုင်းကြီး စူးရှသောအသံဖြင့် လည်ပတ်သွားပြီး လွှမ်းမိုးနေသော မီးတောက်များသည် မီတာတစ်ထောင်ရှည်လျားသည့် မီးလျှံဓားကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“နတ်ဘုရားကြယ်လောင်ကျွမ်းခြင်းဓား”
သူက မီးဥက္ကခဲကြီးကဲ့သို့ တိုးဝင်သွားပြီး ဧရာမကောင်းကင်မီးလျှံဓားကြီးက ဇီဝစွမ်းအင်ဒိုင်းပေါ်သို့ တိုက်ရိုက်ကျဆင်းသွားရာ မိစ္ဆာကောင်၏ ခန္ဓာကိုယ်ကို အချင်းမီတာတစ်ရာကျော်ရှိသော ဧရာမအပေါက်ကြီးတစ်ခုအဖြစ် ထိုးဖောက်သွားပြီး အမည်းရောင်ကျွန်းပြားကြီး၏ အလယ်ဗဟိုဆီသို့ ဆက်လက်ထိုးစိုက်သွားသည်။
ထိုအချိန်တွင် အန္တရာယ်ကို ခံစားမိသွားသော တိမ်တိုက်ထဲက အမည်းရောင်ကျွန်းပြားကြီးသည် လုရှင်းချန်ဆီသို့ အစိတ်အပိုင်းပေါင်းရာချီကို ဝှေ့ယမ်းထုတ်လွှတ်လိုက်သည်။ လူတိုင်း၏ မျက်လုံးထဲတွင် လုရှင်းချန်တစ်ယောက်တည်း ဧရာမမီးလျှံဓားကြီးကို ကိုင်စွဲကာ ကောင်းကင်မှ ဆင်းသက်လာပြီး ဖုန်မှုန့်စက်ကလေးတစ်ခုကဲ့သို့ အစိတ်အပိုင်းများကို ရင်ဆိုင်နေသည်ကို မြင်တွေ့လိုက်ရသည်။
“မိစ္ဆာကောင် သေဖို့ပြင်ထားတော့… ငါကြောက်တဲ့အရာက မမွေးသေးဘူးကွ ”
သို့သော် နောက်တစ်စက္ကန့်တွင် လုရှင်းချန်က ရေတွက်၍မရနိုင်သော အစိတ်အပိုင်းများကို ရင်ဆိုင်နေစဉ်မှာပင် ကောင်းကင်ယံအထက်မှ စူးရှသောအလင်းတန်းတစ်ခုက ကမ္ဘာမြေပြင်ကို လင်းထိန်သွားစေသည်။ အာကာသထဲတွင် အချင်းမီတာငါးရာကျော်ရှိသော ပလာစမာစီးကြောင်းတစ်ခုစုစည်းသွားပြီး ဘုရားသခင်၏ ပြစ်ဒဏ်ခတ်ခြင်းလှံအဖြစ် ပြောင်းလဲကာ လုရှင်းချန်၏ ကြယ်လောင်ကျွမ်းခြင်းဓားကို ပစ်မှတ်ထားကာ အမှုန်စီးကြောင်းက တိမ်တိုက်အလွှာကို ချေမှုန်းကာ အောက်သို့ ထိုးဖောက်ဆင်းသက်လာသည်။
ထိုသိပ်သည်းသော စီးကြောင်းကြီး ထိမှန်သွားသည့် တစ်ခဏတွင် အချိန်များပင် ရပ်တန့်သွားသလိုဖြစ်သွားသည်။
အမည်းရောင်ကျွန်းပြားကြီး၏ ဇီဝစွမ်းအင်ဒိုင်းက ချက်ချင်းအရည်ပျော်သွားပြီး ကျွန်းကြီးတစ်ခုစာမျှရှိသော ခန္ဓာကိုယ်ကြီးက အလယ်ဗဟိုမှ တိုက်ရိုက်ထိုးဖောက်ခံလိုက်ရသည်။ ကျောက်တုံးနီလျှိုမြောင်ကြီး၏ အထက် ကောင်းကင်ပြင်မှာ နေမင်းကြီးပေါ်ထွက်လာသကဲ့သို့ လင်းထိန်သွားပြီး အောက်ဘက်ရှိ ကောင်းကင်အမိုးခုံးရထား၊ မိုးကြိုးတပ်ဖွဲ့နှင့် လူသားအားလုံးမှာ ဖြူဖွေးတောက်ပသော အလင်းတန်းများ၏ ဝါးမျိုခြင်းကို ခံလိုက်ရကာ ဖုံးလွှမ်းနေသော သွေးနီရောင်အလွှာများမှာ ချက်ချင်းဆုတ်ဖြဲခံလိုက်ရပြီး အရိပ်များကလည်း အဆုံးမရှိဆန့်တန်းသွားခဲ့သည်၊၊
ထို့နောက်တွင် အသံတိတ်ပျက်စီးခြင်းရောက်ရှိလာပြီး အမည်းရောင်ကျွန်းပြားကြီး၏ အလယ်ဗဟိုမှာ တိုက်ရိုက်လောင်ကျွမ်းပြာကျသွားကာ ကျွန်းကြီး၏ အလွှာများမှာ အငွေ့ပျံသွားခဲ့သည်။ လေထဲတွင် ဧရာမအလင်းတန်းကြီးကြောင့် အလယ်က အပေါက်ဖောက်ခံလိုက်ရသည့် ဒိုးနတ်မုန့်တစ်ခုကဲ့သို့ဖြစ်သွားသည်။
လုရှင်းချန်သည် ပြင်းထန်သော စွမ်းအင်စီးကြောင်းကြောင့် လွင့်စင်သွားပြီး သူ၏ ညာလက်ရှိ အနန္တလက်စွပ်က ရူးသွပ်စွာ တုန်ခါလာကာ သူ၏ စွမ်းအားဝတ်စုံကို အငွေ့ပျံစေနိုင်သည့် အပြင်းထန်ဆုံးအပူချိန်များကို တားဆီးပေးလိုက်သည်။ သူ၏ ရှေ့မှောက်တွင် နက်ပြာရောင်မီးလျှံလှိုင်းများ အဆက်မပြတ် လောင်ကျွမ်းနေသည်။
သို့သော် လုရှင်းချန်က ဤအသေးစိတ်အချက်ကို သတိမထားမိချေ။ ဤအချိန်တွင် ဘုရားသခင်၏ ပြစ်ဒဏ်ခတ်ခြင်းကို မြင်တွေ့လိုက်ရသဖြင့် သူ၏ မျက်နှာအမူအရာက အလွန်အမင်းအံ့သြဝမ်းသာမှုများဖြင့် ပြည့်နှက်သွားပြီး တုန်ရီနေသော နှုတ်ခမ်းများဖြင့် ရေရွတ်လိုက်သည်။
“ဘုရားသခင်ရဲ့ မီးလျှံကောင်းကင်ပြစ်ဒဏ်လား… ဟားဟားဟား…. ငါ အောင်မြင်ပြီကွ”
ကောင်းကင်အမိုးခုံးရထားပေါ်တွင် ချီလီနှင့် အခြားသူများသည် တောင်တန်းကြီးများကဲ့သို့ ဧရာမ မိစ္ဆာကောင်ကြီး၏အပိုင်းအစများ တိမ်တိုက်ထဲမှ ကျဆင်းလာသည်ကို ကြည့်ရင်း အလွန်ထိတ်လန့်တုန်လှုပ်သွားကြသည်။
“ဒါက ဘာကြီးလဲ” ချီလီက မျက်မှောင်ကြုတ်ရင်း ထိုမြင်ကွင်းကို ကြည့်ကာ ရေရွတ်လိုက်သည်။
မိုနီကာကလည်း တည်ကြည်သော မျက်နှာအမူအရာဖြင့် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ အံ့သြတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။
“တောင်ဘက်ကောင်းကင်ဂိတ်ပဲ”
ပင်မကွပ်ကဲခန်းတွင် ချန်ဆီရွှမ်က လင်းထိန်နေသော အလင်းတန်းများရှေ့သို့ လျင်မြန်စွာ လျှောက်လှမ်းသွားပြီး သူမ၏ မျက်ဝန်းများထဲတွင် မယုံကြည်နိုင်မှုများဖြင့် တောက်ပနေသည်။
“ဒါက ဘာကြီးလဲ ငါတို့ရဲ့ စွမ်းအားရှင်လား”
ပေါက်ကွဲမှုလှိုင်းကြောင့် ပြန်လည်ကောင်းမွန်လာသော ဆက်သွယ်ရေးလိုင်းထဲမှ မိုးကြိုးတပ်ဖွဲ့ တပ်မှူးဝူရှန်းကွမ်၏ ထိတ်လန့်တုန်လှုပ်နေသော မေးခွန်းကထွက်ပေါ်လာသည်။ ဤအချိန်တွင် ပင်လယ်ဖိနှိမ်သင်္ဘောပေါ်၌ ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး သင်္ဘောကြီး၏ ဆက်သွယ်ရေးလိုင်းတစ်ခုလုံးတွင် တုန်လှုပ်နေသည့် စကားသံများဖြင့် ပြည့်နှက်နေသည်။
“မဟုတ်ဘူး… ဒါက စွမ်းအားမဟုတ်ဘူး တစ်ယောက်ယောက်က ကျွန်မတို့အတွက် ရှေ့ဆက်မယ့်လမ်းကို အလင်းပြပေးလိုက်တာ” ချန်ဆီရွှမ်က ပြန်ဖြေလိုက်သည်။
“ဘယ်သူလဲ… ဘယ်သူလဲ စစ်ကူတပ်ဖွဲ့တွေလား”
ချန်ဆီရွှမ်၏ မျက်ဝန်းများထဲတွင် အလင်းများတောက်ပလာပြီး ပြတင်းပေါက်ကို ထိတွေ့ကာ ကောင်းကင်ရှိ တိမ်တိုက်များကို ဖြတ်သန်းနေသော အလင်းတန်းကို ကြည့်ရင်း သူမ၏ နှုတ်ခမ်းများက အနည်းငယ် ကွေးညွတ်ကာ ပြုံးလိုက်သည်။
“တကယ်လို့ လူတစ်ယောက်က စစ်တပ်တစ်ခုလုံးစာ အစွမ်းထက်တယ်ဆိုရင်…”
“သူပဲ ဖြစ်ရမယ်”