စစ်အုပ်စု (၂)
Vol. 73 Ch. 1154
“ဘာဖြစ်တာလဲ” လီယောင်က ချက်ချင်း အော်ဟစ်မေးမြန်းလိုက်သည်။
“ကျွန်တော် မသိဘူး။ ကျောက်တုံးနီချောက်ကမ်းပါးဘက်၊ ငွေကြယ်ရဲ့ ရှေ့တန်းဘက်ကနေလာတာ ထင်တယ်” စောင့်ကြည့်ရေးအဖွဲ့ဝင်တစ်ဦးက ပြန်ဖြေသည်။
“မြန်မြန်ကြည့်လိုက်။ သတ္တဝါဆိုးတွေ ဆုတ်ခွာနေကြပြီ”
ပြင်းထန်လှသော အမြောက်သံများမှာ ရုတ်တရက်ကျဲပါးသွားသည်။ ထိုအချိန်တွင် ရထားတွဲအတွင်းရှိ လူတိုင်းသည် အခြေအနေကို ကြည့်ရှုရန် ပြတင်းပေါက်များဆီသို့ တိုးဝှေ့သွားကြရာ လော့ရွှီတုံလည်း မယုံကြည်နိုင်လောက်အောင်ဖြစ်နေကည ၎င်းတို့နောက်မှ လိုက်လံကြည့်ရှုလိုက်သည်။
“တကယ်ပဲ... သွေးနီရောင်ဒီရေလှိုင်းကြီး ဆုတ်ခွာသွားပြီ”
ဝုန်း။
ရထားတွဲအပြင်ဘက် ကျယ်ပြောလှသော ကြယ်နက်လွင်ပြင်ထက်တွင် သံမဏိအစောင့်တပ်ရင်း၏ အမြောက်တပ်ဖွဲ့သည် ပစ်ခတ်နေဆဲပင်၊၊ ဧရာမမွန်းစတားဒီရေလှိုင်းကြီးသည် လျင်မြန်စွာ ဆုတ်ခွာသွားပြီး သွေးနီရောင်ကမ္ဘာကြီး၏ အမှောင်ထုထဲသို့ ပြန်လည်ဝင်ရောက်သွားကြသည်။ ၎င်းတို့ ချန်ထားရစ်ခဲ့သည့် သတ္တဝါဆိုးအလောင်းပုံကြီးကိုမူ သံမဏိအစောင့်တပ်ရင်း၏ သံချပ်ကာတပ်ဖွဲ့ကြီးက တိုက်ရိုက်ကြိတ်ခြေမွှေနှောက်သွားလေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လော့ရွှီတုံ၏ မျက်လုံးများ ချက်ချင်းပြူးကျယ်သွားပြီး နှလုံးသားထဲတွင် လေးလံစွာဖိစီးနေသော ကျောက်တုံးကြီးသည်လည်း နောက်ဆုံးတွင် ပြုတ်ကျသွားတော့သည်။ သူသည် ရုတ်တရက် ရှေ့ဆုံးကနေ ဦးဆောင်ကာ အကျယ်ကြီးအော်ဟစ်လိုက်လေသည်။
“စတားဖလိ့သံမဏိအစောင့်တပ်ရင်းက ဘယ်တော့မှ အရှုံးမပေးခဲ့ဘူး။ ငါတို့ အားလုံး စည်းစည်းလုံးလုံးနဲ့ ကြိုးစားရင် ဒီသွေးနီရောင်ကမ္ဘာကြီးကို ကျိန်းသေဖြတ်ကျော်နိုင်မှာပါ။ သူတို့ ရှေ့က S-Class ကောင်ကို အပြတ်ရှင်းလိုက်ပြီ ဖြစ်ရမယ်။ ငါတို့ အသက်ရှင်ပြီဟေ့… ငါတို့ နိုင်ပြီ”
“ငါတို့ နိုင်ပြီ”
ရင်ဘတ်ထဲတွင် စိတ်လှုပ်ရှားမှုများ လှိုင်းထန်နေဆဲဖြစ်သော အခြားအဖွဲ့ဝင်များသည်လည်း သူ၏စကားကြောင့် စိတ်ဓာတ်များနိုးကြားလာကြသည်။ လူတိုင်းသည် ဝမ်းသာအားရဖြစ်ကာ အလွန်စိတ်လှုပ်ရှားတက်ကြွနေကြတော့သည်။
မကြာမီမှာပင် ရှေ့တန်းမှ တိုက်ပွဲသတင်းများ ပြန်လည်ရောက်ရှိလာပြီး ယာဉ်တန်းအတွင်း၌လည်း အနန္တနှင့် အခြားတိုက်ခိုက်ရေးအဖွဲ့များ၏ ရဲရင့်ပုံများကို ချီးမွမ်းပြောဆိုသံများ ဆူညံသွားတော့သည်။
“ဖီးနစ်ရဲ့ စစ်ကူတွေ ရောက်လာပြီ။ တောင်ဘက်ကောင်းကင်ဂိတ်က အမြောက်တစ်ချက်ပစ်ပြီး အဲ့ဒီရေဘဝဲ S-Class မွန်းစတားကို အပြတ်ရှင်းလိုက်တာတဲ့”
“အရမ်းကောင်းတယ်… ဖီးနစ်က ငါတို့ကို ဘယ်တော့မှ ပစ်မထားဘူးလို့ ငါပြောသားပဲ”
“ဟားဟားဟား… လူသားတွေရဲ့ နောက်ဆုံးပေါ်လက်နက်ဆန်းကြီး ရောက်လာပြီဟေ့”
လူစုလူဝေး၏ စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်ကို ကြည့်ရင်း လော့ရွှီတုံ သက်ပြင်းအရှည်ကြီးချလိုက်ကာ ရင်ထဲတွင် အတိုင်းထက်အလွန်စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။
“ကဲ... အားလုံးပဲ ပင်ပန်းသွားကြပြီ။ ဒီည ညကင်းစောင့်တဲ့ အလုပ်ကို ငါပဲ တာဝန်ယူလိုက်မယ်”
သူသည် မျက်နှာတွင် ပြတ်သားသောအရိပ်အယောင်များဖြင့် ရုတ်တရက်ရှေ့သို့ တက်လာသည်။
အချို့က အံ့သြသွားကြပြီး တစ်ယောက်ကမူ အခြေအနေကို ပြေလည်အောင် ဝိုင်းပြောပေးသည်။
“တော်ပါတော့ လူအိုကြီးလော့ရာ။ လီယောင်ရဲ့ စိတ်အခြေအနေက ဒီလိုပဲဟာကို။ စိတ်ဆိုးဒေါသထွက်လို့ ပြောလိုက်တဲ့ စကားတွေပါ”
“ဒီအမြောက်တွေက ကိုင်တွယ်ရခက်တယ်။ ငါတို့ပဲ လုပ်ပါ့မယ်”
လော့ရွှီတုံက စိတ်လှုပ်ရှားနေပြီး အဖွဲ့ထဲတွင် မိမိ၏ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်ယူရန် ပြတ်သားနေသဖြင့် လေသံမာမာဖြင့် ပြောလိုက်သည်။
“မင်းတို့ ဘာတွေပြောနေတာလဲ။ ငါကိုယ်တိုင်လည်း အလောင်းတောင် သွေးပင်လယ်တွေကို ဖြတ်ကျော်လာခဲ့တာပဲ။ သေနတ်မျိုးစုံ၊ အမြောက်မျိုးစုံကို ကိုင်တွယ်ခဲ့ဖူးတယ်။ ဒါပဲ ဆုံးဖြတ်လိုက်ပြီ။ အားလုံးပဲ နားနားနေနေနဲ့ အားပြန်ဖြည့်ကြ။ ငါတို့ အသက်ရှင်လျက်နဲ့ ပြန်ထွက်သွားရမယ်”
ပြောပြီးသည်နှင့် သူသည် ယန္တရားဝတ်စုံကို ပြန်လည်ချိန်ညှိကာ စက်သေနတ်မျှော်စင်ပေါ်သို့ တက်သွားတော့သည်။ ပေါင်းစည်းယာဉ်တန်းကြီး အကြီးအကျယ်စတင်ရွှေ့ပြောင်းကတည်းက မွန်းစတားဒီရေလှိုင်းကြီးသည် တစ်ခါမျှ မရပ်ခဲ့ကြောင်း သူ ကောင်းစွာသိထားသည်။ သို့သော် ထူးဆန်းသည်မှာ ထိုသတ္တဝါဆိုးများသည် နေ့ဘက်တွင်သာ လာရောက်တိုက်ခိုက်လေ့ရှိပြီး နာရီအနည်းငယ်ကြာ ယာဉ်တန်းကို စီးနင်းပြီးနောက် ပြန်လည်ဆုတ်ခွာသွားတတ်ကြကာ အဓိကအားဖြင့် ညဘက်တွင် အကြီးအကျယ်လာရောက်တိုက်ခိုက်ခြင်းမျိုး ဘယ်တော့မှမရှိပေ။
ပေါ်လာလျှင်ပင် သွေးနီရောင်ဖုတ်ကောင်များ၊ စွမ်းအင်ဝါးမျိုပိုးကောင်များ သို့မဟုတ် တစ္ဆေများလို အမဲလိုက်သတ္တဝါချို့သာ ဖြစ်သည်။ သို့သော် ထိုပြဿနာများသည် သံမဏိအစောင့်တပ်ရင်းနှင့် အပြင်ဘက်ရှိ ယာဉ်တန်းများသာ စိုးရိမ်ရမည့်အရာဖြစ်သည်။ နှိုင်းယှဉ်ရလျှင် ရထားတွဲအတွင်းပိုင်းသည် ညဘက်တွင် ပိုမိုဘေးကင်းပေသည်။
လော့ရွှီတုံ စိတ်ဆုံးဖြတ်ပြီးနောက် ရထားအမိုးပေါ်သို့ မြင့်တက်သွားသော စက်သေနတ်မျှော်စင်ပေါ်တွင် ထိုင်ကာ အပြင်ဘက်ရှိ တိတ်ဆိတ်နေသော စစ်တလင်းပြင်ကျယ်ကြီးကို စိုက်ကြည့်နေမိသည်။ အေးစက်သောလေပြင်းများတိုက်ခတ်လာချိန်တွင် သူ တစ်ချက်တုန်သွားကာ အနည်းငယ်တော့ စိတ်လှုပ်ရှားမိသည်မှာ အမှန်ပင်ဖြစ်သည်။
ထိုအချိန်တွင် ရထားတွဲအမိုးပေါ်ရှိ ထူးဆန်းစွာ လှုပ်ရှားနေသော သတ္တဝါဆိုးအသားစတစ်ခုကို သူ ရုတ်တရက် သတိပြုမိလိုက်သည်။
လော့ရွှီတုန်းသည် သူမျက်စိမှားသည်ဟု ထင်မှတ်သဖြင့် အာရုံစိုက်၍ သေချာကြည့်လိုက်ရာ အသားစအောက်မှ လင်းနေသောအရာတစ်ခု ရုတ်တရက ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ လော့ရွှီတုံ တစ်စုံတရက်မျှ တုံ့ပြန်ရန် အချိန်မရခင်မှာပင် သွေးနီရောင်ပိုးကောင်သည် ကျည်ဆန်တစ်တောင့်ကဲ့သို့ ပျံထွက်လာပြီး သူ၏ ဟောင်းလောင်းပွင့်နေသော ပါးစပ်အတွင်းသို့ တိုက်ရိုက်တိုးဝင်သွားကာ ခေါင်းနောက်စေ့သို့ ထိုးဖောက်ထွက်သွားတော့သည်။
သွေးမြူမှုန်များ….
…
ကျောက်တုံးနီချောက်ကမ်းပါးတွင် မီးတောက်မီးလျှံများဖုံးလွှမ်းနေသော တိမ်တိုက်များအောက်ရှိ မီးလောင်ပြင်မြေရိုင်းကြီးသည် ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်များထုတ်လွှတ်နေဆဲဖြစ်သည်။ သွေးနီရောင်လေဆင်နှာမောင်းသည် တအုန်းအုန်းမြည်ကာ တိုက်ခတ်နေပြီး ဧရာမစွမ်းအင်လက်နက်ကြီးများကြောင့်ဖြစ်ပေါ်လာသော ချိုင့်ခွက်ကြီးများနှင့် နျူကလီးယားပေါက်ကွဲမှုဒဏ်ရာဒဏ်ချက်များသည် ကောင်းကင်ယံကို ဘုရားသခင်ကိုယ်တိုင် အတိအကျပိုင်းဖြတ်ထားသကဲ့သို့ ထူးဆန်းသော မြင်ကွင်းတစ်ခုအဖြစ် ဖန်တီးထားသည်။ ကမ္ဘာပျက်ကပ်အဆင့်လက်နက်များကြောင့် ဖြစ်ပေါ်လာသော ဤအံ့မခန်းမြင်ကွင်းကို မော့ကြည့်နေကြသော အသက်ရှင်ကျန်ရစ်သူများသည် မိမိတို့ကိုယ်မိမိ ထူးဆန်းသောကမ္ဘာကြီးထဲသို့ ရောက်ရှိနေသကဲ့သို့ ခံစားနေရတော့သည်။
စစ်သင်္ဘောများ မြေပြင်သို့ ဆင်းသက်နေပြီး ယာဉ်တန်းကြီးသည်လည်း ရှေ့သို့ ဆက်လက်ချီတက်နေကာ တပ်ရင်း ၂၂မှ စစ်သည်များသည် အရပ်မျက်နှာအသီးသီးမှ ခံစစ်လိုင်းများကို ပိတ်ဆို့နေကြသည်။
ကမ္ဘာကြီးတစ်ခုလုံး သွေးနီရောင်များလွှမ်းမိုးနေသော်လည်း ယခုအချိန်တွင် ဆက်သွယ်ရေးလှိုင်းလိုင်းများပေါ်၌ စိတ်အားထက်သန်သော အသံပေါင်းများစွာ လွင့်ပျံနေသည်။
စိတ်လှုပ်ရှားမှုများ၊ ဝမ်းမြောက်ပျော်ရွှင်မှုများနှင့် ဘေးအန္တရာယ်ဆိုးကြီးမှ ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်ခဲ့ခြင်းကြောင့် ရူးသွပ်မတတ်ဖြစ်နေကြသော်လည်း တစ်ချိန်တည်းမှာပင် အချို့ကမူ မနက်ဖြန်အတွက် စိုးရိမ်ပူပန်ခြင်း၊ ဆုတ်ခွာရန်အစီအစဉ်များချမှတ်ခြင်းနှင့် သေဆုံးသွားသူများအတွက် ဝမ်းနည်းပူဆွေးခြင်းတို့ကိုရင်ဆိုင်ရင်း တည်ငြိမ်အောင် အစွမ်းကုန်ကြိုးစားနေကြသည်။
သဲနုန်းများနှင့် ကျောက်ခဲများ လွင့်ပျံနေသော တိုက်ပွဲမြေပြင်အပျက်စီးများကြားတွင် ချပ်ဝတ်တန်ဆာအပြည့်အစုံ ဝတ်ဆင်ထားသော ရထားယာဉ်တန်းအဖွဲ့ဝင်တစ်စုသည် တိုက်ပွဲပြင်ကို ရှာဖွေနေကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အသက်ရှင်ကျန်ရစ်သူများနှင့် အသုံးဝင်မည့် ပစ္စည်းများကို ရှာဖွေရန်သာ ဖြစ်သည်။
ဝုန်း။
လူတစ်စုသည် တန်ချိန်ပေါင်းများစွာ လေးလံပြီး ငါးမီတာ ခြောက်မီတာခန့် ရှည်လျားသော ခြေထောက်အရွယ်အစားရှိ ဧရာမလက်တံကြီးတစ်ခုကို ဖယ်ရှားလိုက်ပြီးနောက် သဲကျင်းထဲမှ သံမဏိအစောင့်တပ်ရင်း စစ်သားတစ်ဦးကို ဆွဲထုတ်လိုက်ကြသည်။
“သေသွားပြီ”
ရှေ့ဆုံးမှ လူငယ်တစ်ဦးသည် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သေဆုံးသွားသော စစ်သား၏ ရုပ်အလောင်းပေါ်ရှိ ဖုန်မှုန့်များနှင့် အသားစများကို ဖယ်ရှားလိုက်ကာ ရင်ဘတ်ပေါ်ရှိ ယန္တရားဝတ်စုံဗဟိုချက်၏ ခလုတ်တစ်ခုကို နှိပ်လိုက်ရာ ကလောက်ဟူသည့် အသံနှင့်အတူ ရင်ဘတ်စွမ်းအင်အရင်းအမြစ်၏ တြိဂံပုံစံအပေါက်မှ လုံခြုံအေပေါက်ပွင့်သွားပြီး မီးခိုးမည်းများ မှုတ်ထုတ်လိုက်သည်။ ထို့နောက် လက်ဝါးအရွယ်အစားရှိ ကြယ်ပွင့်အသေးစားစွမ်းအင်အမြုတေသည် အပြင်သို့ ကန်ထွက်လာပြီး အဓိကစွမ်းအင်သိုလှောင်နေရာအတွင်း၌မူ စူးရှသောအနံ့များထွက်ပေါ်နေသည့် မီးခိုးရောင်ဓာတ်ပြုပစ္စည်းများအဖြစ် အရည်ပျော်သွားခဲ့ပြီ ဖြစ်သည်။
ထိုလူငယ်သည် မတ်တပ်ရပ်လိုက်ပြီး သူ့နောက်မှ အဖွဲ့ဝင်များကို ပြောလိုက်သည်။
“စွမ်းအင်ဝါးမျိုပိုးကောင်ပဲ။ တအားမြန်တယ်၊၊ အမြုတေရဲ့ လျှပ်သိုတစ်ခုမှတောင် ရှာမရတော့ဘူး”